တံခါးခေါက်သံ ရုတ်တရက် ထွက်ပေါ်လာပြီးနောက် ကျင်းဝူ တံခါးကို ဖွင့်ပေးလိုက်တော့ စစ်သား တစ်ယောက် ဝင်လာသည်။
"သတင်းပို့ပါတယ်။ တပ်သားတွေအားလုံးစုံပြီး အဆင်သင့် ဖြစ်နေပါပြီ။ ကျေးဇူးပြုပြီး ညွှန်ကြားပေးပါ မာရှယ်"
စစ်သားက အော်ပြောပြီးနောက်တွင်မှ ကိုယ်ဝန်ဆောင်ခင်ပွန်းအခန်းထဲတွင် သူတို့၏ မာရှယ်၏ အရိပ်အယောင်ကို မမြင်ရကြောင်း တွေ့ရှိခဲ့သည်။
မာရှယ်၏အိမ်ထောင်ဖက်သာလျှင် ပြတင်းပေါက်နားတွင် ရပ်နေပြီး သူ၏မျက်လုံးများက တောက်ပလင်းလက်ကာ အလင်းတန်းများ ဖြာထွက်နေသကဲ့သိုပင် ဖြစ်သည်။ စစ်သား၏ မျက်နှာသည် တဖြည်းဖြည်း ထူပူလာသည်။
သူသည် မာရှယ် ကိုယ်ဝန်ဆောင်ခင်ပွန်းအခန်းထဲသို့ ဝင်သွားသည်ကို ရှင်းရှင်း လင်းလင်း မြင်လိုက်ရသည်။ ဘာလို့များ ...... မတွေ့ရတာလဲ။
ကိုယ်ဝန်ဆောင်ခင်ပွန်းအခန်းသည် သက်တောင့်သက်သာရှိပြီး ဇိမ်ခံ ပရိဘောဂများ ပါရှိသော်လည်း အခန်းသည် အရမ်းမကျယ်ဝန်းသဖြင့် ပုန်းအောင်းနိုင်စရာ နေရာလဲ မရှိပါပေ။ ထို့အပြင် မာရှယ်သည် တစ်ခြားသူများ မသိအောင် ပုန်းအောင်းကာ တွေ့ဆုံရန်လဲ မလိုအပ်ပါချေ။
ကျင်းဝူက "မာရှယ်က မရှိဘူး။ မင်း သူ့ကို တခြားနေရာမှာ သွားရှာလို့ရတယ်" ဟု ပြုံးပြီး ပြောလိုက်သည်။
"ဟုတ်ကဲ့ပါ!"
စစ်သားက အလေးပြုပြီး အခက်တွေ့စွာဖြင့် တံခါးကို ပိတ်ကာ ထွက် သွားသည်။
ရေမွန်သည် အပြင်ဘက်တွင် ဖြစ်ပျက်နေသည့် အခြေအနေကို ရှင်းရှင်းလင်းလင်း ကြားနေရသည်။
ကျင်းဝူသည် စစ်သားများ၏ ရှေ့တွင် သူ့ကို အပြင်သို့ ချက်ချင်း ထုတ်ပစ်မည်ကိုလည်း စိုးရိမ်နေမိ၏။
သူသည် ယခုအချိန်တွင် ကျင်းဝူ၏ ဝမ်းဗိုက်ထဲတွင် ရှိနေသည်ကို စဉ်းစားမိသောအခါ ရေမွန်သည် ဆိုးရွားသော ခံစားချက်များ ခံစားလာရတော့သည်။
သူသည် ပထမအကြိမ် ကျင်းဝူ၏ ဝမ်းဗိုက်ထဲတွင် ရှိနေစဉ်က မည့်သည့်နေရာကို ရောက်နေသည် မသိဘဲ ထွက်ပေါက်ကို ရှာဖွေရန် လျှောက်သွားနေခဲ့သည်။
သူလျှောက်သွားနေစဉ် ကျင်းဝူက "ကလေးလေးက သူ့ဝမ်းဗိုက်ကို ကန်လိုက်တယ်" လို့ ပြောလိုက်တာကို သူသတိရလိုက်မိသည်။
ထိုအကြောင်းကို စဉ်းစားမိသောအခါ ရေမွန်၏စိတ်အခြေအနေမှာ ပို၍ပင်ဆိုးရွား သွားလေ၏။
သူ ရွေ့လျားလိုက်ပါက သူ့လှုပ်ရှားမှုကို ကျင်းဝူ ခံစားသိရှိမည်ကို စိုးရိမ်သောကြောင့် ရွေ့လျားရန် မဝံ့ရဲဘဲရပ်နေခဲ့သည်။
သူ အဲ့အကြောင်းကို ဆက်ပြီး မစဥ်းစားနိုင်တော့ဘူး။ ပိုစဥ်းစားလေလေ သူ့ခန္ဓာ ကိုယ်က ပိုပြီး တောင့်တင်းလာလေလေပဲ။
သို့သော် ရေမွန်သည် သူ၏ အတွေးများသည် မထိန်းချုပ်နိုင်ဘဲ ထိုစဥ်က အဖြစ်အပျက်များကိုသာ စဥ်းစားမိနေဆဲ ဖြစ်သည်။
ရုတ်တရက် အားကောင်းသော စွမ်းအင်တစ်ခုက သူ၏ခန္ဓာကိုယ်ကို ညှစ်ယူလိုက်သည်။ ထိုအားသည် အလွန် သန်မာပြီး မခုခံနိုင်လောက်အောင်ပင် အားကောင်းလေသည်။ နောက်တစ်စက္ကန့်အကြာတွင် သူ၏မျက်လုံးများ ပွင့်သွားပြီး သူက အပြင်ကို ဆွဲထုတ်ခံလိုက်ရပြီး ဖြစ်သည်။
ကျင်းဝူက မျက်စောင်းလေး တစ်ချက်ဖြင့် ပြုံးကာမေးလိုက်သည်။
"ဘယ်လို ခံစားရလဲ၊ သာ့ဟေး"
ကျင်းဝူသည် ရေမွန်သူ၏အခွံထဲသို့ ဝင်ရောက်ရန် မလိုလားကြောင်း သူသိသော်လည်း တစ်ဖက်လူသည် သိချင်စိတ်ကြောင့် သူ၏ ဝမ်းဗိုက်ကို အမြဲ ချောင်းကြည့်နေသောကြောင့် ကျီစားရန် အခွင့်အရေး ကို အသုံးပြုလိုက်ခြင်းဖြစ်သည်။
ရေမွန်သည် မျက်နှာမာမာဖြင့် လှည့်ကြည့်လိုက်ပြီး ခြေထောက်ကို ဆန့်ထုတ်ကာ တံခါးပေါက်မှ ထွက်သွားသည်။
"ဟေး!"
ရေမွန်က တံခါးဝသို့ ရောက်နှင့်နေပြီ ဖြစ်၏။
ကျင်းဝူက လိုက်သွားပြီး "စိတ်ဆိုးသွားတာလား" ဟု မေးသည်။
"မဟုတ်ဘူး" ဟု ရေမွန် က မာတောင့်တောင့်ဖြင့် ပြန်ဖြေသည်။
သူ စိတ်ဆိုးနေတာ ဖြစ်မည်၊ သူ၏ မျက်နှာသည် ရဲတွတ်နေသည်။
ကျင်းဝူက သူ့လက်မောင်းကို ကိုင်ပြီးပြောလေသည်။
"ဘာလို့ စိတ်ဆိုးနေတာလဲ။ ငါက စနောက် လိုက်တာပါ"
ရေမွန်သည် သူလူအသွင်ပြောင်းလဲပြီးနောက် ပထမဆုံးတွေ့ဆုံခဲ့ရသူ ဖြစ်ပြီး ဤကမ္ဘာကြီးတွင် သူ၏ ပထမဆုံးသူငယ်ချင်း ဖြစ်သည်။
ရေမွန်သည် ခေါင်းငုံ့ကာ သူ၏လက်မောင်းပေါ်ရှိ ပါးလွှာသော အဖြူရောင် လက်ချောင်းလေးများကို ကြည့်လိုက်သည်။ ကျင်းဝူ၏ အရေပြားသည် အလွန် ပါးလွှာပြီး ချွေးပေါက်လေး များကို မမြင်ရအောင် ချောမွတ်နေသည်။ ထိုကဲ့သို့သော နူးညံ့ သိမ်မွေ့သော အရေပြားမျိုးသည် Orc အင်ပါယာတွင်ပင် အလွန်ရှားပါးသည်။
ဗဟိုကြယ်ရှိ မျိုးနွယ်စုများမှ ဂရုတစိုက် စောင့်ရှောက်ထားသော အမျိုးသမီးများပင် ထိုကဲ့သို့သော နူးညံ့သိမ်မွေ့သော အရေပြားမျိုး မရှိကြပေ။
"ခုနက စနောက် လိုက်တာပါ။ မင်း မကြိုက်ရင် နောက်တစ်ခါ ဒီလို မလုပ်တော့ဘူး" ဟု ကျင်းဝူက ရေမွန်၏ လက်မောင်းကို လှုပ်ရမ်း ကာ ပြောသည်။
ရေမွန်သည် သူ့လက်နှစ်ဖက်ဖြင့် ကျင်းဝူကို ဆုပ်ကိုင်လိုက်ပြီး ကိုယ်ကို အနည်းငယ် ကိုင်းညွှတ် လိုက်သည်။ သူ၏ မြင့်မားသော ခန္ဓာကိုယ်ကြောင့် ကျင်းဝူအပေါ် တွင် ဖိအားများစွာ သက်ရောက်သွားသည်။
ကျင်းဝူ၏ အရပ်သည် ၁.၈ မီတာခန့်ရှိပြီး ကမ္ဘာမြေပေါ်တွင် အရပ်ပုသည် မဟုတ်သော်လည်း ဤ Orc အင်ပါယာတွင် ပျမ်းမျှအရပ် ၁.၉ မီတာရှိသော Orc များနှင့် နှိုင်းယှဉ်ပါက သူသည် သေးငယ် နေသည်ဟု ထင်ရသည်။ အထူးသဖြင့် ရေမွန်၏ အရပ်နှင့်ယှဥ်လျှင် အမြင်အားဖြင့်ပင် ကျင်းဝူထက် နှစ်မီတာမက မြင့်မားသော ကွာခြားမှု ရှိသည်။
ကျင်းဝူသည် ရေမွန်၏တုံ့ပြန်မှုကို အံ့အားသင့်သွားရသည်။ သူသည် ခုနက အလွန်ဆိုးဝါး သော နောက်ပြောင်မှုတစ်ခုကို ပြုလုပ်လိုက်မိပုံရ၏။ ရေမွန် အလွန်ပင် စိတ်ဆိုးနေပြီး သူ၏မျက်လုံးများသည်လည်း မီးလောင် ကျွမ်းနေသကဲ့သို့ ရဲရဲတောက်နေသည်။
ကျင်းဝူက အလျင်အမြန်ပင် ပြောလိုက်သည်။ "တောင်းပန်ပါတယ်"
ရေမွန် သည် ရုတ်တရက် အသိပြန်ဝင်လာပြီး ခပ်မြန်မြန် အကြည့်ကို လွှဲလိုက်ပြီး ကျင်းဝူ၏ လက်ကို လွှတ်၍ နောက်သို့ ခြေနှစ်လှမ်း ဆုတ် လိုက်သည်။
အချို့လူများသည် မွေးကတည်းက အပြောင်အပြက်ပြုလုပ်ခြင်းကို မနှစ်သက်ကြပေ။ မင်းက သူတို့နှင့် အပြောင်အပြက် ပြုလုပ်ပါက သူတို့သည် မင်းကို စိတ်ဆိုးသွားလိမ့်မည် ဖြစ်၏။
လူ့အဖွဲ့အစည်းတွင် ဆယ်စုနှစ် များစွာ နေထိုင်ခဲ့သော ကျင်းဝူသည် ထိုသဘောတရားကို နားလည်ပြီး အခြားသူများကို မည်သို့မည်ပုံ လေးလေးစားစား ဆက်ဆံရမည်ကို သိသည်။
"နောက်တစ်ခါ မင်းကို စနောက်တာမျိုး မလုပ်တော့ဘူးလို့ ကတိပေးပါတယ်" ဟု သူသည် ရေမွန့်အား လေးနက်စွာ ပြောလိုက်သည်။
ရေမွန်က "ကိုယ် စိတ်မဆိုးပါဘူး" ဟုသာ တိုးတိုးလေး ပြန်ပြောရှာသည်။
ကျင်းဝူသည် ရေမွန့်မျက်နှာမှာ ရဲပြီး လည်ပင်းများ ပူထူနေကာ ဘာဖြစ်နေမှန်း မသိသော်လည်း ဘာမှ ထပ်မမေးတော့ဘဲ ပြုံးပြီး "ဒါဆို တော်သေးတာပေါ့။ စိတ်ဆိုးသွားပြီ ထင်လို့။ မင်းက ငါ့ရဲ့ တစ်ဦးတည်းသော သူငယ်ချင်းလေ"
ရေမွန်က ရှုပ်ထွေးသည့် အကြည့်များနှင့် ကျင်းဝူကို ကြည့်ပြီး တိုးတိုးလေး မေးလိုက်သည်။
"ကိုယ် မက်ချာတွေကို သွားစစ်ဆေးတော့မယ်။ မင်းရော...လိုက်မှာလား"
"သွားရအောင်လေ" ဟု ကျင်းဝူက အလျင်အမြန် ပြန်ဖြေလိုက်သည်။
ရေမွန် ခေါင်းညိတ်လိုက်ပြီး တံခါးဖွင့်လိုက်ကာ သူတို့နှစ်ယောက်သည် မက်ချာဂိုဒေါင်ဆီသို့ ဘေးချင်းယှဉ်ကာ လျှောက်သွားကြသည်။
လမ်းတစ်လျှောက်လုံး ကျင်းဝူ၏မျက်နှာသည် မျှော်လင့်ချက်ဖြင့် တောက်ပကာ ပြုံးရွှင်နေသည်။ ရေမွန် က ကျင်းဝူကို မျက်လုံးဒေါင့်မှ ငဲ့ကြည့်လိုက်ပြီး ထိုအပြုံးမျက်နှာလေးက သူ့စိတ်ကို တဖြည်းဖြည်း တည်ငြိမ်အေးဆေး သွားစေသည်။
ဂိုဒေါင်ထဲတွင် တပ်သားများ စုဝေးပြီးဖြစ်ပြီး စနစ်တကျ တန်းစီရပ်နေကာ မာရှယ်၏ ညွှန်ကြားချက်ကို စောင့်ဆိုင်း နေကြသည်။ ကျင်းဝူ ဝင်လာသည်နှင့် တစ်ဒါဇင်ခန့်ရှိသော မတ်မတ်ရပ်နေသည့် မက်ချာစက်ရုပ် ကြီးများကို တွေ့လိုက်ရသည်။ သန့်စင်သော သတ္ထုများဖြင့် ဖွဲ့စည်းထားပြီး အတော်လေးကို ကောင်းမွန် သားနားသည်။
ထိုမက်ချာအချို့သည် ထုံးကျောက်ဂြိုလ်မှ ယူဆောင်လာသော စစ်သားများကိုယ်တိုင် ပြင်ဆင်ထားသော မက်ချာများဖြစ်၏။ မက်ချာများ၏ တန်ကြေးမှာ မနည်းလှပေ။ စစ်သားတိုင်းက မက်ချာစက်ရုပ်များကို ပိုင်ဆိုင်နိုင်သည် မဟုတ်ပေ။ ကော်ရေးနှင့် အခြားစစ်သားများသာ မက်ချာများကို ပိုင်ဆိုင်နိုင်ကြသည်။
"မင်းတို့အားလုံး မင်းတို့၏မက်ချာတွေကို စစ်ဆေးပြီး စွမ်းအင်သုံးပစ္စည်းတွေကို ထပ်ပြီးစစ်ဆေးကြည့်ပါ။ စွမ်းအင် မလုံလောက်ရင် ဗိုလ်မှူးကြီး ကော်ရေးကို စွမ်းအင် ဖြည့်ပေးဖို့ တောင်းဆိုပါ" ဟု ရေမွန်က ပြောလိုက်သည်။
"ဟုတ်ကဲ့ပါ"
စစ်သားများအားလုံး သူတို့၏ မက်ချာများကို စစ်ဆေးရန် လူစုခွဲ လိုက်ကြသည်။ ကျင်းဝူ၏ အကြည့်များသည် မက်ချာပေါင်း တစ်ဒါဇင်ခန့် ကြားတွင် ဝေ့လိုက်ဝိုက်လိုက်နှင့် လှည့်ပတ်ကြည့်ရှုနေပြီး "ဘယ်ဟာက မင်းရဲ့ မက်ချာလဲ" ဟု မေးလိုက်သည်။
"ကိုယ့်ရဲ့ မက်ချာက ပြီးခဲ့တဲ့ တိုက်ပွဲမှာ ပျက်စီးသွားပြီ" ဟု ရေမွန် က ပြောသည်။
"အိုး" ကျင်းဝူ အနည်းငယ် နောင်တရသွားသည်။ သူသည် မက်ချာထဲ တွင် ဝင်ကစားချင်သေးသည်။
ကျင်းဝူ၏ မျက်နှာအမူအရာသည် မက်ချာထဲဝင်ကြည့်ချင်နေသည်မှာ အလွန်သိသာ ထင်ရှားသောကြောင့် ရေမွန် အနေဖြင့် ခန့်မှန်းရန် မခက်ခဲပေ။ "မင်း ဝင်ပြီး ကြည့်ချင်လား"
ကျင်းဝူက လက်ခါပြလိုက်သည်။ "မလိုတော့ဘူး"
ရေမွန်၏ မက်ချာဖြစ်လျှင် မက်ချာပေါ်သို့တက်ပြီး ကြည့်ရှုနိုင်သေးသည်။ အခြားသူများ၏ မက်ချာကိုတော့ စိတ်ပင်မကူးပါချေ။ သူတို့၏ ချစ်သူကို ဆက်ဆံသကဲ့သို့ သူတို့၏ မက်ချာများကို ဆက်ဆံနေသော စစ်သားများ ကို ကြည့်ပြီး သူဘယ်လိုလုပ်ပြီး အခြားသူများ၏ ချစ်သူနှင့် ကစား နိုင်ပါမည်နည်း။
"ဒါဆိုရင် နောက်ဂိုဒေါင်ကို သွားကြရအောင်" ဟု ရေမွန်က ပြောလိုက် သည်။ ဘေးနားရှိ ဂိုဒေါင်တွင် လက်နက်အချို့ရှိပြီး မည်သည့်အရာမှန်းမသိသော အရာများရှိသည့် သေတ္တာတစ်ခုလုံး ရှိနေသည်။
အထဲမှာ စစ်သားအနည်းငယ် ရှိပြီး သေတ္တာများကို ဖွင့်ကာ ထိုအထဲမှာ ထိုးဆေးများပါသည့် သေတ္တာများကို တစ်ခုချင်း ထုတ်ယူနေကြသည်။ ထိုးဆေးပုလင်းများထဲ၌ရှိသော ဆေးရည်များ သည် အနီ၊ အဝါ၊ မီးခိုးရောင်၊ အစိမ်းနှင့် အပြာရောင်များ ဖြစ်သည်။ သေတ္တာတစ်ခုစီတွင် အရောင်တစ်မျိုးစီ ပါဝင်သော ထိုးဆေးပုလင်းများကို ထည့် ထားသည်။
"အဲဒါ ဘာလဲ" ဟု ကျင်းဝူ မေးသည်။
"ဒါက စွမ်းအင်တွေပဲ"
ကျင်းဝူသည် စွမ်းအင်ဒြပ်စင်များ အကြောင်းကိုသိပြီး သူတို့၏ နတ်ဆိုး ကျင့်ကြံမှုသည် လေထုထဲမှ မိမိ၏ကိုယ်စားပြုစွမ်းအင် (သို့) ကိုယ်စားပြုစွမ်းအင်ကို အထောက်အပံ့ပေးသောစွမ်းအင်ဒြပ်စင်များ (ဥပမာ၊ သစ်သားစွမ်းအင်ဆို ရင် ရေစွမ်းအင်ကိုလဲ စုပ်ယူလို့ရတယ်။ မီးစွမ်းအင်သမားက ရေစွမ်းအင်ကို စုပ်ယူလို့မရဘူး)ကို စုပ်ယူရသည်။ ဒါပေမယ့် ဒီကမ္ဘာရဲ့ စွမ်းအင်က တကယ်ကြီးကို အရည်ပုံစံလား။
ရေမွန်သည် ကျင်းဝူနှင့်အတူ လမ်းလျှောက်သွားသည်။ စစ်သားသည် အပြာရောင်အရည်ပါသော ဆေးထိုးအပ်တစ်ချောင်းကို သေတ္တာထဲမှ ထုတ်ယူပြီး တိုင်းတာသည့်ကိရိယာကို ရှေ့သို့ တွန်းပို့လိုက်သည်။
"သူတို့ ဘာလုပ်နေကြတာလဲ"
"စွမ်းအင်အရည်ရဲ့ သန့်စင်မှုကို စစ်ဆေးနေတာ"
စွမ်းအင်ဒြပ်စင်တွေရဲ့ သန့်စင်မှုကကော?!
ကျင်းဝူသည် တိုင်းတာသည့်ကိရိယာ၏ ဖန်သားမျက်နှာပြင်ကို ကြည့်လိုက်သည်။ တိုင်းတာသည့်ကိရိယာမှ အသံတစ်ခု ထွက်လာကာ စာလုံးတစ်ကြောင်း ပေါ်ထွက်လာသည်။ ရေမွန်သည် ဤကမ္ဘာတွင် သုံးသော စာလုံးအချို့ကို ကျင်းဝူအားသင်ကြားပေးခဲ့ပြီး သူသည် ဤ စာလုံးကို ကောင်းစွာ သိနားလည်သည်။
—စစ်ဆေးမှုရလဒ်- နံပါတ် ၃ စွမ်းအင်အရည်၊ သန့်စင်မှု ၇၈%
ရေမွန် သည် ဤအခွင့်အရေးကိုယူပြီး ဒီကမ္ဘာ၏ အသိဥာဏ်ဗဟုသုတများကို ကျင်းဝူနှင့် မျှဝေလိုသောကြောင့် "စွမ်းအင်အရည်ကို စွမ်းအင်ကျောက်မှ ထုတ် ယူတယ်။ လက်ရှိ နည်းပညာ ကန့်သတ်ချက်တွေကြောင့် လက်ရှိ ထုတ်ယူနိုင်တဲ့ စွမ်းအင်၏ သန့်စင်မှုသည် အမြင့်ဆုံး ၈၅ ရာခိုင် နှုန်းသာ ရှိတယ်။
စစ်တပ်အတွက် အသုံးပြုသော စွမ်းအင်၏ သန့်စင် မှုသည် ပျမ်းမျှ ၇၀ ရာခိုင်နှုန်းထက် ပိုမိုများပြားရမယ်။" ဟု သူ့ကို ပြောပြခဲ့သည်။
ကျင်းဝူက ခေါင်းညိတ်သည်။ ဤကမ္ဘာ၏ စွမ်းအားကို စွမ်းအင်ကျောက်မှ ထုတ်ယူနေကြောင်း သိရှိသွားသည်၊ ထို့ကြောင့် စွမ်းအင်ကျောက်သည် ဝိညာဉ်ကျောက်နှင့် ဆင်တူသင့်သည်။
နတ်ဆိုးကျင့်ကြံသော ကမ္ဘာတွင် အဆင့်မြင့် ဝိညာဉ်ကျောက်များတွင် ပါရှိသော ဝိညာဉ် စွမ်းအင်သည် အလွန်ပင်ပေါများသည်။
သူတို့သည် ယေဘုယျ အားဖြင့် ဝိညာဉ်ကျောက်မှ ဝိညာဉ်စွမ်းအားကို တိုက်ရိုက်သာ စုပ်ယူ ကြသည်။ ဝိညာဉ်ကျောက်မှ ဝိညာဉ်စွမ်းအင်ကို ပြန်လည်သန့်စင်ပြီး ထုတ်ယူရန် မည်သည့်နတ်ဆိုးမှ မတွေးမိကြပေ။ ဟုတ်တယ်လေ ။
ဝိညာဉ်စွမ်းအားကို သန့်စင်ခြင်းက အဓိပ္ပါယ် စိုးစဉ်း မျှမရှိပါပေ။ ထိုသို့ သန့်စင်မည့်အစား ဝိညာဉ်စွမ်းအင်ကို တိုက်ရိုက် စုပ်ယူခြင်းက ပိုကောင်းသည်။
ကျင်းဝူသည် အပြာရောင် ဆေးထိုးအပ် တစ်ချောင်းကို ကောက်ယူလိုက်သည်။ ဤဆေးထိုးအပ်သည် အလွန် သေးငယ်ပြီး အရည်အနည်းငယ်သာ ပါရှိသည်။ အများဆုံးပါမှ ငါး မီလီလီတာ လောက်သာ ဖြစ်မည်။
ဒီလောက်သေးငယ်တဲ့ တစ်ခုထဲမှာ စွမ်းအင် ဘယ်လောက် ပါဝင်နိုင်မှန်း ကျင်းဝူ မသိပေ။ ထို့အပြင် သန့် စင်မှုလည်း မရှိပေ။ ကျင်းဝူသည် အပြာရောင်အရည်ကို သေချာစွာ ကြည့်လိုက်တော့ အရည်ထဲတွင် အနက်ရောင် အညစ်အကြေး အချို့ ပါရှိသည်ကို တွေ့ရှိရသည်။ ထို အညစ်အကြေးများသည် အလွန်သေးငယ်ပြီး အနက်ရောင် မြူခိုး နှင့် တူသည်။
သူက အဲဒီအမည်းရောင်အငွေ့တွေကို လက်ညှိုးထိုးပြပြီး ရေမွန်ကို ပြောလိုက်တယ် "အဲဒီအထဲက အမည်းရောင်လေးတွေက မသန့်စင် တာတွေလား"
"ဟမ်" ရေမွန်က စွမ်းအင်အပ်ချောင်း ကို ကြည့်ပြီး အနည်းငယ် အံ့သြသွားသည်။
ကျင်းဝူက "ဒီအပြာရောင်အရည်တွေထဲမှာ အနက်ရောင်အမှုန်လေး တွေ ပါနေလို့။ အဲဒါတွေက မသန့်စင်တာတွေ မဟုတ်ဘူးလား" ဟု ဆိုသည်။
အပြာရောင်အရည်?
ရေမွန်သည် သူ့ကို အံ့သြသော အကြည့်နဲ့ ကြည့်ပြီး "စွမ်းအင် အရည်တွေက အရောင်မရှိဘူး။ ဖောက်ထွင်းမြင်ရတဲ့ အကြည်ရောင်လေ" ဟု ပြောလိုက်သည်။