no

Font
Theme

ဒိုရစ်သည် သားဖြစ်သူမသေဆုံးကြောင်း သာမက စွမ်းအင်များလည်း ပျောက်ကွယ်မသွားကြောင်းကိုပါ သိလိုက်ရသည်။  ထိုကိစ္စသည် အံ့ဖွယ်ရာ ဖြစ်ရပ်ကြီးဖြစ်သည်။ သူမသည် ဝမ်းသာမှုကြောင့် မျက်ရည်များကိုပင် ထပ်မံ၍ မထိန်းနိုင်တော့ပေ။


ရိန်းက နှစ်သိမ့်ပြောဆိုလေသည်။ "ရေမွန် မနက်ဖြန်ပြန်လာပါလိမ့်မယ်။ သူ့ကိုသွားခေါ်ဖို့ လူတွေစီစဉ်ပေးလိုက်မယ်။"

ဒိုရစ်သည် မျက်ရည်များကိုသုတ်ပြီး မျက်နှာတွင် အပြုံးတစ်ခုဖြင့် မေးလိုက်သည်။ "ဗီဒီယိုထဲမှာ ပေါ်လာတဲ့ မျိုးစိတ်ခွဲက ရေမွန်နဲ့အတူ လိုက်လာမှာလား။"


ရိန်းက ပြန်ဖြေလေသည်။  "ဖြစ်နိုင်တယ်။"

ဒိုရစ်က ပြုံးပြီးပြောလိုက်၏။  "ကျွန်မတို့သားက အဲ့လောက် အမြင်မဆိုးဘူးဆိုတာ ကျွန်မသိတယ်။ ဘယ်လိုလုပ်ပြီး ဆိုင်ရယ်လို့ခေါ်တဲ့ အမျိုးသမီးကို သဘောကျသွားရမှာလဲ။ အဲ့ဒီအမျိုးသမီးရဲ့ အကျင့်စရိုက်က ဆိုးရွားလွန်းအားကြီးတယ်"။


ရိန်း၏ မျက်ခုံးများ တွန့်ချိုးသွားရပြီး ပြောလိုက်သည်။ "အဲလောက် မရိုးရှင်းဘူး။ ဒီကိစ္စနောက်ကွယ်မှာ တစ်ယောက်ယောက်က ညွှန်ကြားနေတယ်ဆိုတာ သေချာတယ်။ ဆိုင်ရယ် ရုတ်တရက် ပေါ်ပေါက်လာတာကို ငါသံသယဝင်မိတယ်။ အစက သူမကို ဗဟိုကြယ်ပေါ် ပြန်ခေါ်လာပြီး ယုံကြည်ရတဲ့ ဗျူရိုက ဆရာဝန်တစ်ယောက်နဲ့ စစ်ဆေးခိုင်းဖို့ စီစဉ်ထားတာ။ အခု ရေမွန်က သူနဲ့မပတ်သတ်ဘူးလို့ ပြောလာပြီဆို‌တော့ ဆိုင်ရယ်ကို သွားခေါ်တဲ့သူတွေကို အပြာရောင်ဂြိုလ်ကို ကနေ ပြန်လာဖို့ အိမ်တော်ထိန်းကို ပြောလိုက်"


"မျိုးနွယ်စုခေါင်းဆောင်ဟောင်း ဘိုးဘေးအိုကြီး လုပ်တာဖြစ်နိုင်လား။ သူက အပြုသဘောဆောင်တဲ့စကားတွေ ပြောပြီး အေးအေးဆေးဆေးပြန်သွားပေမယ့်လို့ ဒီကိစ္စနဲ့ သူဘာမှမပတ်သက်ဘူးဆိုတာကို ငါမယုံဘူး။" ဟု ဒိုရစ်က ပြောလိုက်သည်။


ရိန်းက အေးစက်စွာပြောလိုက်၏။ "ဒီတစ်ခါ ရေမွန်ပြန်လာရင် မျိုးနွယ်စုက ခွဲထွက်ပြီး အိမ်ထောင်စု သီးသန့် ထူထောင်ရမယ့်အချိန်ရောက်ပြီ။"


ဒိုရစ်၏ မျက်လုံးများ တောက်ပသွားပြီးမေးလိုက်သည်။ "မင်း တကယ်စဉ်းစားပြီးပြီလား။ မျိုးနွယ်စုကနေ တကယ်ခွဲထွက်တော့မှာလား။"

လွန်ခဲ့သည့် နှစ်နှစ်ဆယ်ကတည်းက ရိန်း၏ စွမ်းအင်များ ပျောက်ကွယ်သွားပြီး အသုံးမဝင်တော့သည့် အချိန်မှစ၍ ရေမွန်၏ ဦးလေးနှင့် ရေမွန်တို့သည် မျိုးနွယ်စု၏ခေါင်းဆောင်အဖြစ် ရာထူးတိုးမြှင့်ခြင်းခံခဲ့ရသည်။ ထိုအချိန်က ရေမွန့်အပေါ် မျိုးနွယ်စုခေါင်းဆောင်အိုကြီး၏ မျက်ကွယ်ပြုထားသော သဘောထားကို ဒိုရစ် အလွန် မကျေနပ်ခဲ့ပေ။


ရိန်း မတော်တဆမှု ဖြစ်ပွားပြီးနောက် ရေမွန်သည်လည်း အရွယ်ရောက်သူတစ်ဦးအနေဖြင့် စစ်တပ်သို့ ဝင်ရောက်ခဲ့ရသည်။ စစ်တပ်ထဲတွင် သူ့ကို ကြည့်ရှုစောင့်ရှောက်ပေးမည့် ဖခင်လဲမရှိခဲ့ဘဲ ရေမွန်သည် သူ၏ စွမ်းရည်ဖြင့်သာ ရာထူး အဆင့်ဆင့် တက်အောင် စွမ်းဆောင်လာခဲ့သည်။


ရိန်းသည် သူသာ မျိုးနွယ်စုမှ ထပ်မံ ခွဲထွက်သွားပါက ရေမွန် စစ်တပ်ထဲတွင် နောက်ခံမျိူးနွယ်မရှိဘဲ တစ်ဦးတည်း ဖြစ်နေကာ အနာဂတ်တွင် အခက်အခဲများနှင့် ပိုမို ရင်ဆိုင်ရမည် ကို စိုးရိမ်နေခဲ့သည်။


အကြိမ်ကြိမ် စဉ်းစားပြီးသည့်နောက်တွင် ရိန်းသည် သားဖြစ်သူကို မျိုးနွယ်စုဝင်များက ရက်စက်စွာ စွပ်စွဲပြောဆိုမှုများကို သည်းခံခဲ့သည်။


ယခုအခါ ရေမွန်သည် ထိပ်တန်းအရာရှိကြီးတစ်ဦး ဖြစ်နေပြီဖြစ်ပြီး စစ်တပ်ထဲတွင် ခိုင်မာသောနေရာတစ်ခု ရရှိထားပြီ ဖြစ်သည်။ ယခုတစ်ကြိမ်တွင်လည်း အသက်ဘေးအန္တရာယ်မှ လွတ်မြောက်လာနိုင်ခဲ့သည်။ မျိုးနွယ်စုထဲရှိ သွေးစုပ်ဖုတ်ကောင်ကဲ့သို့ အချင်းချင်း ဂုတ်သွေးဆုပ်နေသောသူများနှင့် သူ့မိသားစုက ဆက်လက် ပတ်သက်စရာ အကြောင်းမရှိတော့ပေ။


ရိန်းက တိုးတိုးလေးပြောလိုက်သည်။ "ဒီနှစ်တွေမှာ မင်းနဲ့ ရေမွန်တို့ အရမ်းနစ်နာခဲ့ရတယ်။"  

ဒိုရစ်သည် ထပ်မံ၍ မျက်ရည်ကျလာပြန်သည်။


ရိန်းသည် သက်ပြင်းချပြီး မြွေအိုတစ်ကောင် အဖြစ်သို့ ပြောင်းလဲသွားကာ ဖြည်းညှင်းစွာ တွားသွားပြီး ဒိုရစ်ကို သူ၏ကိုယ်ခန္ဓာဖြင့် ချည်နှောင်ကာ ကျောကို အမြီးဖျားလေးဖြင့် ပုတ်ပေးလိုက်သည်။


အတန်ကြာပြီးနောက်တွင် ဒိုရစ်၏စိတ်သည် ပြန်လည်ငြိမ်းချမ်းလာပြီး ရိန်း၏ အေးစက်သော အကြေးခွံကို ထိကိုင်ကာ ပြောလိုက်သည်။ "ရေမွန်မှာ အဖော်ရှိလာတဲ့အခါ ငါမင်းကို နဂါးငွေ့တန်းတစ်ဝှမ်းလံုးဆီကို ခရီးထွက်ဖို့ခေါ်သွားမယ်။"


ရိန်းတွင် စွမ်းအင်များ မပျောက်ကွယ်မီက သူတို့နှစ်ဦးသည် အလုပ်များနေသောကြောင့် အပြင်ထွက် မလည်ဖြစ်ခဲ့ကြပေ။


နောက်ပိုင်းတွင် အသုံးမဝင်တော့သည့် ရိန်းက မျိုးနွယ်စု၏ စွန့်ပစ်ခြင်း ခံခဲ့ရသည်။ ရေမွန်က အရွယ်ရောက်ကာစ ဖြစ်သောကြောင့် ဒိုရစ်သည် အိမ်တွင်နေထိုင်ပြီး မိသားစု စီးပွားရေးကို စီမံခန့်ခွဲ၍ ရေမွန်ကို ကူညီပေးခဲ့ရသည်။


ယခု ရေမွန်တွင် မျိုးစိတ်ခွဲ အဖော်တစ်ဦး ရှိလာပြီဖြစ်သောကြောင့် မိသားစု စီးပွားရေးအားလုံးကို ရေမွန်၏ အဖော်ထံ လွှဲပြောင်းပေးပြီး ရိန်းနှင့်အတူ အပြင်ထွက်လည်နိုင်ပြီဖြစ်သည်။


ရိန်းသည် နောက်ထပ်နှစ် အနည်းငယ်အထိသာ  အသက်ရှင်နိုင်တော့သောကြောင့် ဒိုရစ်သည် ကျန်ရှိသောအချိန်များကို သူနှင့်အတူ ဖြတ်သန်းလိုသည်။

သားရဲတစ်ကောင်သည် သားရဲပုံစံဖြင့် ရှိနေစဉ်တွင် စကားမပြောနိုင်သောကြောင့် ရိန်းသည် ဒိုရစ်ကို တင်းကျပ်စွာ ပွေ့ဖက်ထားလိုက်သည်။

လူတစ်ယောက်နှင့် မြွေတစ်ကောင်သည် အတန်ကြာ ပွေ့ဖက်နေပြီးနောက် ဒိုရစ်၏စိတ်သည် ပိုမိုကြည်လင်လာသည်။


သူမသည် အိမ်တော်ထိန်းကို ခေါ်ပြီး အပြာရောင်ဂြိုလ်သို့ ဆိုင်ရယ်ကို သွားရောက်ခေါ်ဆောင်လာရန် လွှတ်လိုက်သော သူများကို အိမ်တော်သို့ ပြန်လာရန် မှာကြားလိုက်ပြီး ကြယ်တာရာကွန်ယက်ကို ဖွင့်လိုက်သည်။


ကြယ်တာရာကွန်ယက်ပေါ်တွင် ရိန်းနှင့် ဒိုရစ်တို့ကို စွပ်စွဲပြောဆိုသည့် မှတ်ချက်များသည် ဆက်လက်ပျံ့နှံ့နေဆဲဖြစ်သည်။


ဆိုင်ရယ် ၏ မျက်ရည်များဖြင့် သူမနှင့် ရိန်းတို့ကို စွပ်စွဲပြောဆိုနေသည့် ဗီဒီယိုကို မြင်လိုက်ရသောအခါ ဒိုရစ်သည် ဒေါသထွက်မည့်အစား ရယ်ချင်စိတ်များပင် ပေါ်လာရသည်။


"ကျွန်မတို့ အခုပဲ သတင်းတစ်ခု တင်ပြီး ရှင်းလင်းသင့်လား"  


ရိန်းသည် လူပုံစံသို့ ပြန်လည်ပြောင်းလဲသွားပြီး ဆိုဖာပေါ်တွင် ဝင်ထိုင်ကာ ဒိုရစ် အင်တာနက်ကြည့်နေသည်ကို ကြည့်နေလိုက်သည်။


"အချက်အလက်တွေကိုပဲ ရှင်းပြလိုက်ပါ။ ရေမွန် အသက်ရှင်လျက် ရှိနေသေးတယ်ဆိုတဲ့ သတင်းကိုတော့ မပြောနဲ့ဦး" ဟု  ရိန်းက ပြောလိုက်သည်။


ဗဟိုကြယ်ပေါ်တွင် ရေမွန် အသက်ရှင်လျက်ရှိနေသေးသည်ကို သိသူမှာ သူတို့ဇနီးမောင်နှံနှင့် မျိုးနွယ်စု ဘိုးဘေးအိုကြီး၊ ရေမွန့်ဒုတိယဦးလေး နှင့် ဝမ်းကွဲတို့သာ ဖြစ်သည်။


ရေမွန်ကို သတ်ခဲ့သူ၏နောက်ကွယ်မှ လူသည် ရေမွန် အသက်ရှင်လျက် ရှိနေသေးသည်ကို သိသွားပါက သူပြန်လာမည့်လမ်းတွင် ချုံခို တိုက်ခိုက်ခံရနိုင်သည်။


ဒိုရစ်သည် သူမ၏ ကိုယ်ပိုင် ပလက်ဖောင်းကိုဖွင့်ကာ ရှင်းလင်းချက် စာတစ်စောင်ကို အောက်ပါအတိုင်း ပေးပို့လိုက်သည်။

[ကျွန်မသား ရေမွန်ရဲ့စေ့စပ်ထားသူလို့ ဆိုပြီး ရေမွန်နဲ့ကလေး ယူထားကြောင်းပြောလာတဲ့ ဆိုင်ရယ် အမည်ရှိတဲ့ အမျိုးသမီးတစ်ဦး ရှိကြောင်း ကျွန်မကြားသိရပါတယ်။ ကျွန်မနဲ့ရိန်း ဒီအကြောင်းကြားတော့ အရမ်းအံ့ဩမှင်သက်သွားခဲ့ရပါတယ်၊ ဘာလို့လဲဆိုတော့ ရေမွန်က ယောက်ျားချင်း သဘောကျတဲ့သူဖြစ်ပြီး သူက သားရဲမျိုးစိတ်တွေကိုပဲ သဘောကျတာ။ ဒါဆို သူက ဘယ်လိုလုပ်ပြီး အမျိုးသမီးတစ်ယောက်ကို အဖော်အဖြစ် ရှာမှာလဲ။ သူမရဲ့နိမ့်ကျတဲ့ဇစ်မြစ်ကြောင့် ကျွန်မနဲ့ရိန်းက သူ့ကို မကြိုက်ဘူးဆိုတဲ့ ပြောဆိုချက်တွေကတော့ ပိုလို့တောင် ရယ်ရေသးတယ်။ ကျွန်မတို့ သူ့အကြောင်း တစ်ခါမှ မကြားဖူးပါဘူး။]


စာနှင့်အတူ သူမသည် ရိန်းကို မြွေပုံစံဖြင့် ဖက်ထားသည့် ဓာတ်ပုံတစ်ပုံကို ပူးတွဲတင်ထားသည်။


ဒိုရစ်၏ကိုယ်ပိုင်အကောင့်သည် နာမည်ကြီးအကောင့်မဟုတ်ဘဲ သူမ၏ပရိသတ်များမှာ ရာချီ၍သာ ရှိသော်လည်း "ဗိုလ်ချုပ်ကြီးရေမွန် ကျဆုံးခြင်း" နှင့် "ရေမွန်ချစ်သူ၏ မျက်ရည်များ" စသည့် ဖြစ်ရပ်များကြောင့် ဒိုရစ်၏အကောင့်သည် ပြီးခဲ့သောရက်အနည်းငယ်အတွင်း လူပြောများလာခဲ့သည်။ အင်တာနက်အသုံးပြုသူ အများအပြားသည်လည်း သူမ၏အကောင့်သို့ ဝင်ရောက်လာကြပြီး ယခုအခါ သူမ၏ပရိသတ်များမှာ သန်းပေါင်းများစွာ ရှိနေပြီဖြစ်သည်။


၎င်းတို့အများစုမှာ ဒိုရစ်နှင့်ရိန်းကို ဆဲဆိုရာတွင် အဆင်ပြေစေရန်အတွက်သာ သူမ၏အကောင့်ကို Follow လုပ်ထားကြခြင်းဖြစ်သည်။


ဒိုရစ်က ထိုသို့ စာတင်လိုက်သည်နှင့် အောက်တွင် မှတ်ချက်ပေါင်း မြောက်မြားစွာ ချက်ချင်းပေါ်လာသည်။

"ဒိုရစ်၊ မင်းက အင်တာနက်အသုံးပြုသူတွေကို မျက်ကန်းလုပ်ထားတာလား။ မင်း ဆိုင်ရယ်ကို မသိဘူးဆိုရင် ဘာလို့ သူ့ကို ဖမ်းပြီး သူ့ရဲ့ကလေးကို လုယူဖို့ လူတွေလွှတ်လိုက်တာလဲ။"


"မင်းပြောတဲ့ ဗိုလ်ချုပ်ကြီးရေမွန်က သားရဲမျိုးစိတ်တွေကို သဘောကျတယ်ဆိုတာ ငါတို့ တစ်ခါမှ မကြားဖူးပါဘူး၊ ဒါပေမယ့် ဗိုလ်ချုပ်ကြီးရေမွန်က နိုလန်မြို့စားရဲ့သမီး ဟယ်လာနဲ့ ဖောက်ပြန်တယ်ဆိုတာတော့ ငါတို့ ကြားဖူးပါတယ်။"


"ဗိုလ်ချုပ်ကြီးရေမွန် ကျဆုံးသွားတာ မကြာသေးဘူး၊ မင်းက သူ့အကြောင်းတွေ ပြောနေတုန်းပဲ။ မရှက်ဖူးဘူးလား။"


"ဒိုရစ်က ဆယ်ဖီရိုက်ပြီး အချစ်တွေ ပြနေတုန်းပဲ။ မင်းရဲ့သားက ဆုံးသွားပြီး မင်းယောက်ျားလည်း မကြာခင် သေတော့မှာ။ မင်း ဘယ်လိုလုပ်ပြီး အဲလောက်ပျော်နေနိုင်တာလဲ အဟက်။"


၎င်းတို့ထဲမှ အချို့သောမှတ်ချက်များသည် ကြားနေများဖြစ်ပြီး အခြေအနေကို စောင့်ကြည့်‌နေကြသည်။


"ဗိုလ်ချုပ်ကြီးရေမွန်က အစွမ်းအစရှိတာကြောင့် သူချစ်ရသူတစ်ယောက်ကို မတရားမလုပ်ခံရအောင် ကာကွယ်နိုင်ခဲ့မှာပါ။ ဆိုင်ရယ်ဆိုတဲ့ အမျိုးသမီး ပေါ်လာတဲ့အချိန်ကလည်း သံသယဖြစ်စရာ ကောင်းနေတယ်‌လေ။”


"ဒိုရစ်ပြောတာ မှန်တယ်လို့ထင်တယ်။ ဗွီဒီယိုထဲမှာ ဆိုင်ရယ်က 'ကျွန်မ အိမ်ငှား နေရပြီး အနိမ့်ဆုံးအဆင့်ရှိတဲ့စက်ရုပ်ကိုပဲ သုံးရတယ်' လို့ ပြောတာလေ၊  စဉ်းစားကြည့်စမ်းပါ၊ ဗိုလ်ချုပ်ကြီးရဲ့ ဘီလီယံပေါင်းများစွာသော ပိုင်ဆိုင်မှုတွေနဲ့ဆိုရင် သူ့ချစ်သူကိုတော့ အငှားအိမ်မှာ နေခိုင်းမှာမဟုတ်ဘူး မဟုတ်လား။ ဆိုင်ရယ်က သူဟာ ဗိုလ်ချုပ်ကြီးရေမွန်ရဲ့ ချစ်သူလို့ ပြောတာ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။ ဆိုင်ရယ်က အတုအယောင်ပဲ ဖြစ်ရမယ်။"

"အပေါ်က ပြောတဲ့သူ၊ ဘယ်သူ့ကို အတုအယောင်လို့ ပြောတာလဲ။ မစ္စစ်ဆိုင်ရယ်က အရမ်းလှတယ်လေ။ မဟုတ်ဘူးလား။ မစ္စစ်ဆိုင်ရယ်ရဲ့ ရုပ်ရည်ကို ဘယ်သူက မကြိုက်မှာလဲ။ ဗိုလ်ချုပ်ကြီးရေမွန်လည်း ပုံမှန် Orc တစ်ယောက်ပဲလေ ဘာလို့မကြိုက်ရမှာလဲ။"


"အပေါ်က ပြောတဲ့သူကို ပြန်ပြောရရင်၊ မစ္စစ်ဆိုင်ရယ်က လှပါတယ်။ ဒါပေမယ့် သားရဲမျိုးစိတ်တွေအတွက်ကတော့ အလှအပစံနှုန်းက ကွဲပြားခြားနားတယ်။ သူတို့က သူမရဲ့အလှကို လှတယ်လို့ မမြင်ကြဘူး။"


"ဗိုလ်ချုပ်ကြီးရေမွန်ရဲ့ လိင်စိတ်တိမ်းညွှတ်မှုက ဘယ်လိုလဲဆိုတာ ဘယ်သူမှ မသိပါဘူး။ ဘာပဲဖြစ်ဖြစ် ဗိုလ်ချုပ်ကြီးရေမွန်က အခု သေသွားပြီ။ သူကိုယ်တိုင်ထွက် ရှင်းပြနိုင်တော့မှာ မဟုတ်တော့ဘူး။ ဒါကြောင့် အဓိပ္ပါယ်မရှိတဲ့ အကြောင်းအရာတွေ မပြောကြပါနဲ့တော့။"


မှတ်ချက်များသည် ချက်ချင်းဆိုသလို များပြားလာကာ ရှုပ်ထွေးသွားတော့သည်။


ဒိုရစ်သည် အင်တာနက်စာမျက်နှာကို ပိတ်လိုက်သည်။ အင်တာနက်ပေါ်ရှိ ထိုသို့ ဆိုးရွားသောမှတ်ချက်များကို သူမ စိတ်ထဲလုံးဝမထားပဲ စိတ်လဲမဆိုး‌ပါပေ။


ရေမွန် အသက်ရှင်လျက်ရှိသေးကြောင်း သတင်းထုတ်ပြန်လိုက်သည်နှင့် ကြယ်တာရာကွန်ယက်ပေါ်ရှိ ထိုသို့သော မှတ်ချက်များမှာ မကြာမီ ပျောက်ကွယ်သွားလိမ့်မည်။

....


ထုံးကျောက်ဂြိုဟ်

ရေမွန်သည် အုပ်ချုပ်သူဘရုစ်ကို ပြန်လွှတ်လိုက်ပြီးနောက် နရှီဇါဝါသည် ရေမွန်ထံသို့ ချက်ချင်းလျှောက်လာပြီး ပြောလိုက်သည်။ "မာရှယ်၊ ကျွန်တော် ခင်ဗျားနဲ့ နှစ်ယောက်တည်း ပြောစရာရှိပါတယ်။”

ရေမွန်သည် နရှီဇါဝါ နောက်သို့ လှမ်းကြည့် လိုက်သော်လည်း ကျင်းဝူကို မတွေ့ရပေ။ ကျင်းဝူသည် သူ့ကို စိတ်ဆိုးနေသေးကာ အပြင်မထွက်လာသေးဘူးဟု သူထင်မိသည်။


နရှီဇါဝါက အဝတ်ကို ဘယ်လိုအမျိုးအစား ဝယ်လာ‌ကြောင်းနှင့်၊ ကျင်းဝူ ထိုအဝတ်အစားများကို ဝတ်ဆင်လိုက်လျှင် ဘယ်လိုပုံစံမျိုး ဖြစ်နေမည်လဲဆိုသည်ကို ရေမွန်  သိချင်နေခဲ့သည်။


ရေမွန်သည် စိတ်ကိုတည်ငြိမ်အောင်ထားလိုက်ပြီး နရှီဇါဝါကို ခေါင်းညိတ်ပြကာ ဧည့်ခန်းဆောင်သို့ အရင်လျှောက်သွားလိုက်သည်။


နရှီဇါဝါ၏မျက်နှာတွင် တည်ငြိမ်သောအမူအရာကို တွေ့လိုက်ရသောအခါ ကော်ရေးသည် မျက်လုံးတစ်ဖက်ကို မှိတ်ပြီး မျက်စပစ်ကာ လှမ်းမေးလိုက်သည်။ နရှီဇါဝါသည် သူ့ကို လျစ်လျူရှုလိုက်ပြီး မာရှယ်နောက်သို့သာ လိုက်သွားလိုက်သည်။


"မာရှယ်ရေမွန်၊ ကျွန်တော် အရေးကြီးကိစ္စမေးစရာရှိပါတယ်၊ အမှန်အတိုင်း ဖြေပေးပါ။"  နရှီဇါဝါက ပြောလိုက်သည်။


နရှီဇါဝါ ဤမျှ တည်ငြိမ်နေသည်ကို တွေ့လိုက်ရသောအခါ ရေမွန်သည် နရှီဇါဝါက ကျင်းဝူ၏နောက်ကြောင်းဇစ်မြစ်ကို မေးလာတော့မည်ဟု ချက်ချင်းတွေးလိုက်မိသည်။


ကျင်းဝူ၏ မူလဇစ်မြစ်မှာ ရိုးရှင်းသောအရာမဟုတ်သော်လည်း ယခုအချိန်တွင် သူနှင့်ကျင်းဝူတို့မှလွဲ၍ မည်သူမျှ မသိကြပေ။ သူသည် တတိယလူတစ်ယောက်ကိုလည်း ပေးသိမည် မဟုတ်ပေ။


ထို့ကြောင့် ရေမွန်သည် ခေါင်းထဲတွင် အခြားသူများ လက်ခံနိုင်လောက်သော ဘဝနောက်ကြောင်း တစ်ခုကို ကျင်းဝူအတွက်  အလျင်အမြန် ဖန်တီးလိုက်ပြီး  နရှီဇါဝါကို ပြောလိုက်သည်။ "ကောင်းပြီလေ၊ ပြောပါ။"


နရှီဇါဝါက တည်ငြိမ်စွာဖြင့် မေးလိုက်သည်။ "ဗိုလ်ချုပ်ကြီး ကျောင်းတက်တုန်းက ဇီဝကမ္မအကြောင်း မသင်ခဲ့ဖူးဘူးလား။"  

ရေမွန် : "???”

"သားရဲမျိုးစိတ်တစ်ခုက ကိုယ်ဝန်ဆောင်နေတဲ့အခါ အားသိပ်မသုံးသင့်ဘူးလေ။"

ရေမွန် : "??"

နရှီဇါဝါက  ပြောလိုက်သည်။ "ကျင်းဝူက အခု ကိုယ်ဝန်ပျက်ကျသွားပြီဆိုတာ သိလား။"

ရေမွန် : "..."

ကိုယ်ဝန်ပျက်ကျသွားတယ်။

နရှီဇါဝါပြောသည်ကို ရေမွန် နောက်ဆုံးတွင် နားလည်သွားခဲ့သည်။


သူတို့က သူ့(ရေမွန်)ကို ကျင်းဝူနှင့်အတူ အိပ်ခန်းထဲတွင် အိပ်ယာပေါ်ကလေ့ကျင့်ခန်းများ လုပ်ခဲ့ကြသည်ဟု  ထင်နေကြခြင်းဖြစ်သည်။ ကျင်းဝူကလည်း ထိုသို့ထင်နေကြခြင်းကို အခွင့်ကောင်းယူ၍ ကိုယ်ဝန်ပျက်ကျသွားသလို ဟန်ဆောင်ခဲ့လေသည်။

ရေမွန်သည် သူ့နဖူးပေါ်မှ ချွေးစက်များ စီးကျလာသည်ကို ခံစားလိုက်ရသည်။

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment