ကြင်နာတတ်တဲ့ ဒုတိယဇာတ်လိုက် ပြန်လည်မွေးဖွားလာပြီးနောက်
အပိုင်း(၁၀)
ကျွန်မရဲ့အစ်ကိုကို လိုက်ပို့ပြီးတဲ့နောက် ဖေသုက သတင်းပို့သူကိုလွှတ်၍ သူ ဒီနေ့ည ကျွန်မနဲ့ညစာစားမယ့်အကြောင်း ပြောခိုင်းလိုက်သည်။
ထိုညနေခင်းမှာ ဖေသုရောက်လာတဲ့အချိန် သူနဲ့အတူ အမွှေးအိတ်တစ်ခု ပါလာခဲ့တယ်။
အရင်က ကျွန်မကို စုန့်ယန်ယွိက ဒီအမွှေးအိတ်ပေးဖူးတာကြောင့် ကျွန်မ မှတ်မိနေခဲ့တယ်။
"အရှင်မင်းကြီးက ယန်ယွိရဲ့အမွှေးအိတ်ကို ဘာလို့ ယူလာရတာလဲ?"
"ဒါက အဲ့ဒီအချိန်တုန်းက ငါ့ကို တောင်အောက် ခေါ်သွားပေးခဲ့တဲ့လူ ကျန်နေခဲ့တာ"
ဖေသုက အမွှေးအိတ်ကို ကျွန်မရှေ့ ပစ်ချလိုက်တယ်။
"မင်း ဘာလို့ ငါ့ကို လိမ်ခဲ့တာလဲ?"
အတိတ်က မှတ်ဉာဏ်ပုံရိပ်များက ကျွန်မစိတ်ထဲ တိုးဝင်လာတယ်။
တောင်ပေါ်ကနေ ဆင်းလာပြီးတဲ့နောက် စစ်သည်တွေ ဦးဆောင်လာတဲ့ စုန့်ယန်ယွိကို တိုက်တိုက်ဆိုင်ဆိုင် ကြုံလိုက်ရတော့ ကျွန်မ ဖေသုကို လမ်းဘေးမှာ ချထားခဲ့လိုက်တယ်။
သူ့ကို ကယ်ခဲ့တဲ့လူကို သူ လူမှားသွားခဲ့တာ မထူးဆန်းတော့ပါဘူး။
"ကျွန်မ ရှင်းပြပြီးပြီပဲ။ကျွန်မ နှင်းတွေထဲ ကစားခဲ့တဲ့အကြောင်းကို ကျွန်မအစ်ကိုကို လိမ်ထားခဲ့တာ"
ဖေသုက ဘာလို့ ဒီအပေါ်မှာ အစွဲအလမ်းကြီးနေသေးတာလဲဆိုတာ သူမ နားမလည်နိုင်ဘူး။
"ကျွန်မရဲ့အစ်ကိုက အရှင်မင်းကြီးကို လှည့်စားဖို့ မရည်ရွယ်ခဲ့ပါဘူး။ကျွန်မ ပြောခဲ့သလိုပဲ အကယ်၍ အပြစ်ဒဏ် လိုအပ်တယ်ဆိုရင် ကျွန်မကို အပြစ်ပေးလိုက်ပါ"
ဖေသုက အရမ်းဒေါသဖြစ်စွာနဲ့ ကျွန်မလက်ကို တင်းကြပ်စွာ ဆောင့်ဆွဲယူလိုက်တယ်။
"မင်းက ငါ့ကို တကယ်ပဲ ငတုံးလို့ ထင်နေတာလား?ငါ ယန်ယွိကို မေးပြီးသွားပြီ။အဲ့ဒီနှစ်တုန်းက မင်းတို့နှစ်ယောက် အမွှေးအိတ်ချင်း လဲခဲ့ကြတယ်"
ကျွန်မ ကြောင်သွားတယ်။အဲ့ဒီနှစ်တုန်းက ကျွန်မနဲ့စုန့်ယန်ယွိ အမွှေးအိတ်ချင်း လဲခဲ့ကြတာ အမှန်ပဲ။
ဝတ္ထုထဲမှာ ရှောင်ယန်နဲ့ လက်မထပ်ခင်တုန်းက စုန့်ယန်ယွိက အမျိုးသမီးစစ်သူကြီးတစ်ဦး ဖြစ်တယ်။
အဲ့ဒီနှစ်တုန်းက သူမက တာဝန်ထမ်းဆောင်နေရင်း အဆိပ်ပြင်းမြွေတစ်ကောင် ကိုက်တာခံခဲ့ရပြီး ကျွန်မက သူနဲ့လဲခဲ့တဲ့ အမွှေးအိတ်ထဲမှာ မြွေဆိပ်ဖြေဆေး ထည့်ထားခဲ့တာ ဖြစ်၏။
"အရှင်မင်းကြီးက ကျွန်မ ဘယ်သူလဲဆိုတာနဲ့ နောက်ခံကို သိထားပြီးသားပဲလေ။အဲ့နှစ်တုန်းက ကျွန်မ ယန်ယွိကို ကယ်ဖို့အတွက် တောင်ပေါ်သွားခဲ့တာ။အရှင်နဲ့ဆုံခဲ့ရတာက မတော်တဆပဲ"
ဖေသုက ဘာလို့ ကျွန်မကို မေးနေရတာလဲဆိုတာ နားမလည်နိုင်ဘူး။
"မင်း ငါ့ကို ဒီကိစ္စနဲ့ပတ်သက်ပြီး အရင်တုန်းက တစ်ခါမှ မပြောခဲ့ဘူး။အခုတောင်မှ မင်းက မဝန်ခံခဲ့ဘူး ဘာလို့လဲ?"
ကျွန်မရဲ့လက်ကောက်ဝတ်ပေါ်က ဖိအားက တိုးလာခဲ့ပြီး ကျွန်မ ဖေသုရဲ့ စွဲလမ်းနေတဲ့အကြည့်ကို မော့ကြည့်လိုက်တယ်။
ကျွန်မ သရော်လိုက်ပြီး
"ဘာကြောင့်လဲဆိုတော့ အခု အဲ့ဒါက မလိုအပ်တဲ့အပြင် အဓိပ္ပာယ်မရှိဘူးလို့ ကျွန်မ ခံစားရလို့ပဲ။ဒါကို ဝန်ခံလိုက်တာက အရှင်မင်းကြီးရဲ့စိတ်ကို ပြောင်းလဲသွားစေမှာမလို့လား?ကျွန်မရဲ့နေရာကို ကျွန်မသိတာကြောင့် ကျွန်မကိုယ်ကျွန်မ ထပ်တလဲလဲ အရှက်ကွဲမခံနိုင်ဘူး"
သူ့လက်ချောင်းတွေကို ကျွန်မရဲ့လက်ကောက်ဝတ်ကနေ ဖယ်ထုတ်ဖို့ ကြိုးစားပေမယ့် ၎င်းက အချည်းနှီးပင်။
"ငါပြောချင်တာ အဲ့ဒါမဟုတ်ဘူး"
ဖေသုက အကူအညီမဲ့စွာဖြင့် ပြောလိုက်သည်။
"ငါက ဒီအတိုင်း မေးချင်ယုံပဲ......."
သူက ရပ်သွားပြီးတော့ ကျွန်မ ဘာလို့ အဲ့ဒီအကြောင်း မပြောချင်ရတာလဲဆိုတာ သဘောပေါက်သွားတာ ဖြစ်ကောင်းဖြစ်နိုင်တယ်။
"ထားလိုက်တော့ ငါ အခု နားလည်ပြီ"
ဖေသုက ကျွန်မရဲ့လက်ကို လွှတ်ပေးလိုက်ပြီး ထိုင်ကာ စတင်၍ စားတော့၏။
ကျွန်မရဲ့ နီရဲနေတဲ့ လက်ကောက်ဝတ်ကို ပွတ်လိုက်ပြီး တိတ်တိတ်လေး အဝေးကြည့်လိုက်တယ်။
"ဒီနေ့ညစာက တော်ဝင်စားဖိုဆောင်က ပြင်ထားတာလား?"
ဖေသုက တစ်ကိုက်စားပြီးတဲ့နောက် တိတ်ဆိတ်မှုကို ချိုးဖောက်ဖို့ ကြိုးစားတဲ့အတိုင်း မေးလိုက်၏။
"ဟုတ်ပါတယ် အရှင်မင်းကြီး။အခုတစ်လော မောင်းမဆောင်ထဲက ကိစ္စတွေက ကျွန်မကို ဆက်တိုက် အလုပ်များစေတာကြောင့် မကြာသေးခင်က အစားအသောက်တွေကို တော်ဝင်စားဖိုဆောင်ကပဲ ပြင်ပေးနေခဲ့တာပါ"
"မင်းချက်တာနဲ့ယှဉ်ရင် အဲ့ဒါက တော်တော်လေး လိုနေသေးတယ်"
ဖေသုက ပြောလိုက်ပေမယ့် သူ စိတ်ရင်းအမှန်နဲ့ ရိုးရိုးသားသား ပြောတာလား ဒါမှမဟုတ် ကျွန်မကို မြှောက်ပင့်ဖို့ ကြိုးစားနေတာလားဆိုတာ ကျွန်မ မပြောနိုင်ဘူး။
"ကျွန်မရဲ့ ချက်ပြုတ်တဲ့အရည်အချင်းတွေကလည်း တော်ဝင်စားဖိုဆောင်ကနေပဲ သင်ထားတာပါ။အရသာချင်း ဘာမှမကွာပါဘူး"
"ဧကရီ မင်း ငါကိုယ်တော်ရဲ့ရှေ့မှာ မင်းကိုယ်မင်း ချန်ချဲ့*လို့ မပြောတော့တာ အတော်ကြာနေပြီနော်"
(မိဖုရားတွေက ဧကရာဇ် ဒါမှမဟုတ် ကိုယ့်ထက်ရာထူးကြီးတဲ့သူတွေနဲ့ စကားပြောရင် သုံးရတဲ့ အသုံးအနှုန်းပါ)
ဖေသုက သူ့တူချောင်းတွေကို အောက်ချလိုက်ပြီး ကျွန်မကို ကြည့်လာခဲ့တယ်။
သူ အဲ့ဒါကို ထုတ်မပြောခင်အချိန်ထိ ကျွန်မရဲ့အပြုအမူကို ကျွန်မ သတိမထားမိခဲ့ဘူး။
"အရှင်မင်းကြီးက ကျွန်မကို အပြစ်တင်ဖို့ ရောက်လာတာလား?အရှင် ကျွန်မကို အပြစ်ပေးချင်တယ်ဆိုရင် ဘာဆင်ခြေပေးပေး ရပါတယ်။ဒါတွေ မလိုအပ်ပါဘူး"
"ငါ မင်းကို အပြစ်ပေးဖို့ ဘယ်တုန်းကမှ မရည်ရွယ်ခဲ့ဘူး။ငါက ကိစ္စတွေကို အရင်တုန်းကအတိုင်း ဖြစ်စေချင်ယုံပဲ။ဧကရီ အဲ့ဒီနေ့တုန်းက ငါကိုယ်တော်က ဘာလို့ မင်းရဲ့နာမည်အစစ်ကို လုံးဝ မမေးရတာလဲဆိုပြီး မင်း ငါ့ကို မေးခဲ့တယ်။ အဲ့ဒီကိစ္စတွေက လုံးဝအရေးမကြီးဘူးလို့ ငါ ထင်ခဲ့မိလို့ပဲ။ဒါပေမဲ့ ဒီနေ့ဖြစ်ရပ်တွေကြောင့် ငါ မင်းအကြောင်းကို အကုန်သိချင်လာတယ်"
"မင်းရဲ့နာမည်အစစ်၊မွေးနေ့၊ကြိုက်တဲ့အရာတွေ ပြီးတော့ မင်း ဒီကို ရောက်မလာခင် နေခဲ့တဲ့နေရာ အဲ့ဒါတွေကို ငါ သိချင်တယ်"
သူ့အသံက လေးနက်တည်ကြည်ပေမယ့် ကျွန်မရင်ထဲမှာ ဘာခံစားချက်မှ မရှိတော့ဘူး။
သူ့ရဲ့ပြောင်းလဲမှုက ကျွန်မ သူ့အသက်ကို ကယ်တင်ခဲ့တဲ့လုပ်ရပ်ကို သိသွားလို့လား ..........ဒါမှမဟုတ် ကျွန်မကို နားလည်မှုလွဲခဲ့တာအတွက် နောင်တရလို့လား?
အဲ့ဒါက အရေးမကြီးတော့ပေ။ဘာကြောင့်လဲဆိုတော့ အထက်လူကြီးတွေရဲ့ ညွှန်ကြားချက်အရ ကျွန်မရဲ့တာဝန်မှာ အခန်းတစ်ခန်းပဲ ကျန်တော့တယ်။စာအုပ်ထဲမှာ ဖော်ပြထားတဲ့အချိန်ကာလ ပြီးဆုံးသွားတာနဲ့ ကျွန်မက ဘေးကင်းစွာ ထွက်သွားနိုင်ပြီ။
"အရှင်မင်းကြီးက ဧကရီတစ်ပါးပဲ လိုအပ်တာ။ဒီခန္ဓာကိုယ်က ကျန်းလော့ယွီဟာ ဖြစ်နေသရွေ့ အဲ့ဒါက လုံလောက်နေပြီလေ မဟုတ်ဘူးလား?"
ကျွန်မက ပြုံးပြီးတော့ မေးလိုက်တယ်။
"ဧကရီ ငါ မင်းကို အရင်က နာကျင်စေခဲ့တယ်ဆိုတာ ငါ သိတယ်။အဲ့ဒါကြောင့် အခု ငါက ပြန်ပြီးပြေလည်အောင် လုပ်ချင်ယုံပဲ။ငါတို့တစ်သက်လုံး ဒီလိုပဲ နေသွားရတော့မှာလား?"
"အရှင်မင်းကြီးက ကျွန်မကို ပျင်းစရာကောင်းတယ်လို့ထင်ရင် ကျွန်မ အထက်တန်းလွှာမိသားစုက မိန်းကလေးအချို့ကို ရွေးပေးနိုင်ပါတယ်........."
"တော်လောက်ပြီ!"
ဖေသုက ကျွန်မကို စကားဖြတ်ပြောလိုက်ပြီး
"ငါ ဘာကိုပြောချင်တာလဲဆိုတာ မင်း သိတယ်"
ဖေသုက မတ်တပ်ရပ်လိုက်ပြီး
"မင်း စိတ်ဆိုးနေတုန်းဆိုတာ ငါ သိတယ်။မနက်ဖြန်ကျမှ ငါ မင်းကို တွေ့ဖို့ ထပ်လာခဲ့မယ်"
ဖေသု ထွက်သွားပြီးတဲ့နောက် ရှီးယွင်က အလောတကြီး အထဲဝင်လာခဲ့၏။
"အရှင်မ ... ဧကရာဇ်နဲ့ စကားများခဲ့တာလား?သူ ထွက်သွားတဲ့အချိန် မျက်နှာမကောင်းဘူး"
"အဲ့ဒါကို စိတ်ပူမနေနဲ့ ဆက်စားရအောင်"
ကျွန်မက ပြောလိုက်ပြီး ကျွန်မရဲ့ပန်းကန်လုံးထဲကို အစားအသောက်တွေ ထည့်လိုက်တယ်။
ကျွန်မ တောင်ပေါ်မှာ ဖေသုကို ကယ်ခဲ့တဲ့အကြောင်း ကျွန်မရဲ့အစ်ကို ထုတ်ပြောခဲ့တဲ့အချိန်တုန်းက ကျွန်မ အဲ့ဒါကို ဖုံးကွယ်ဖို့ လိမ်ညာခဲ့ပေမယ့် ဖေသုက ကျွန်မကို မယုံခဲ့ဘူး။
သူက သံသယဝင်လာခဲ့ပြီးတော့ သူ့ကို ကယ်ခဲ့တဲ့လူက စုန့်ယန်ယွိ မဟုတ်ဘဲ ကျွန်မ ဖြစ်နေနိုင်တယ်လို့ သင်္ကာမကင်း ဖြစ်လာခဲ့တယ်။
ဒါပေမဲ့ ကျွန်မကို တိုက်ရိုက်မေးမယ့်အစား သူက အတည်ပြုဖို့အတွက် စုန့်ယန်ယွိဆီ သွားခဲ့တယ်။
ဖေသုက သူ့စိတ်ထဲမှာ ကိစ္စများစွာအတွက် အဖြေတွေ ရှိနေခဲ့ပေမယ့် ကျွန်မနဲ့ပတ်သက်တဲ့အဖြေတွေကို သူ မယုံကြည်ချင်ခဲ့ဘူး။
အရင်တုန်းက ကျွန်မနဲ့ဖေသုကြားမှာ အကြွင်းမဲ့ ယုံကြည်မှုရှိတယ်လို့ ထင်ခဲ့ပေမယ့် ကျွန်မတို့ရဲ့ လျှို့ဝှက်ချက်တွေ တဖြည်းဖြည်း ပေါ်ပေါက်လာပြီးတဲ့နောက် ကျွန်မတို့ဟာ ဘယ်တုန်းကမှ တစ်ယောက်နဲ့တစ်ယောက် အပြည့်အဝယုံကြည်မှု မရှိခဲ့ကြဘူးဆိုတာ သဘောပေါက်သွားတယ်။
ကျွန်မက ကျွန်မရဲ့ကျန်တဲ့နေ့ရက်တွေကို အမြဲသံသယတွေနဲ့ ကိုယ့်ကိုကိုယ် ခွင့်လွှတ်ခြင်းအောက်မှာ မနေသွားချင်ဘူး။ဒါကြောင့် ကျွန်မတို့ရဲ့ဆက်ဆံရေးက ဒီနေရာမှာပဲ အဆုံးသတ်သွားပြီ။