ကြင်နာတတ်တဲ့ ဒုတိယဇာတ်လိုက် ပြန်လည်မွေးဖွားလာပြီးနောက်
အပိုင်း(၇)
နောက်ရက်တွေမှာ ကျွန်မ ဖေသုကို ရှောင်နေခဲ့ပြီး ကံကောင်းစွာဖြင့် သူကလည်း ကျွန်မကို အနှောင့်အယှက်မပေးဘဲ တိတ်တဆိတ် နားလည်မှုရှိခဲ့တယ်။
ဒါပေမဲ့ တော်ဝင်သမားတော်တွေဆီက ဆေးရည်တွေ ပြောင်းလဲသွားတာ ကျွန်မ သတိထားမိတယ်။
ကျွန်မ အရင်တုန်းက သံသယမဝင်ခဲ့ပေမယ့် သေချာစွာနဲ့ပဲ ကျွန်မက ရှီးယွင်ကို အဲ့ဒီဆေးရည်တွေကို စစ်ဆေးကြည့်ခိုင်းလိုက်တဲ့အခါ လက်ရှိဆေးစာတွေက အမျိုးသမီးတစ်ယောက်ရဲ့ ကျန်းမာရေးနဲ့သားဖွားမှုအတွက် အထောက်အကူဖြစ်ပြီး အမှန်တကယ်အကျိုးရှိတာ ဖြစ်နေခဲ့တယ်။
အရင်တုန်းက ဆေးစာတွေက ဘာတွေလဲဆိုတာကိုတော့ ကျွန်မ သိဖို့နည်းလမ်း မရှိတော့သလို ဆက်ပြီးတော့လည်း မစုံစမ်းချင်တော့ဘူး။ဒီကိစ္စတွေကို ကျွန်မ မစိုးရိမ်တော့ဘူး။
အမှန်တော့ ကျွန်မ ဖေသုကို ကျေးဇူးတင်သင့်တယ်။ဒီနှစ်တွေထဲမှာ ကလေးမရှိခဲ့တာက ကျွန်မ နောက်ဆုံး ထွက်သွားတဲ့အချိန်ကျရင် နှောင်ကြိုးတစ်ခု လျော့တာပေါ့။
(T/N-ဒီနေရာမှာ ပြောချင်တာက အရင်တုန်းက ဖေသုက ကိုယ်ဝန်မရနိုင်တဲ့ဆေးတွေ တိုက်တာကွာ၊မင်းသမီးကလည်း ချစ်နေတာဆိုတော့ အဲ့ဒါကို သံသယမဝင်ခဲ့ဘူး၊အခုကျမှ ဖေသုက အမှန်အတိုင်းသိသွားပြီး ဆေးကိုဆက်မတိုက်တော့ဘဲ ပြောင်းလိုက်တာ။)
ရှောင်အိမ်တော်မှာ ဖေသုက ကျွန်မရဲ့လည်ပင်းကို ဓားနဲ့ထောက်ခဲ့တယ်ဆိုတာ ကျွန်မအစ်ကို သိသွားတဲ့နေ့မတိုင်ခင်အထိပဲ။
နန်းတွင်းသူတစ်ယောက်က ကျွန်မကိုလာပြီး သတင်းပို့တဲ့အချိန် ကျွန်မက ရှီးယွင်အတွက် ဘယ်လိုခန်းဝင်ပစ္စည်းမျိုးတွေ ပြင်ဆင်ပေးရမလဲဆိုပြီး စဉ်းစားနေခဲ့တာ။
"တော်ဝင်ယောက်ဖတော်က ဧကရာဇ်ကို ထိုးနှက်တယ်" ဆိုတဲ့ စကားလုံးတွေကို ကြားရတော့ ကျွန်မ တော်ဝင်စာကြည့်ခန်းကို အလောတကြီး သွားတော့တယ်။
မူလကျန်းလော့ယွီရဲ့အစ်ကို ကျန်းဟွိုက်ကျီးက ကြီးမားတဲ့ အာဏာကို စွဲကိုင်ထားပြီး ဖေသုရဲ့ နန်းတက်မှုမှာ အကြီးမားဆုံး အထောက်အပံ့ဖြစ်တယ်။
ဝတ္ထုထဲမှာ ကျန်းဟွိုက်ကျီးက ကျန်းလော့ယွီကို တုန်နေအောင်ချစ်ပြီးတော့ အဲ့ဒါကြောင့်ပဲ သူမက ရှောင်ယန်ကိုတောင် လက်ထပ်ဖို့ ဖိအားပေးတဲ့အထိ မြို့တော်ထဲမှာ မောက်မောက်မာမာ ပြုမူနေနိုင်ခဲ့တာ ဖြစ်တယ်။
ကျန်းလော့ယွီက နောက်ဆုံးမှာတော့ ဖေသုဆီကနေ အသတ်ခံခဲ့ရပေမယ့် အဲ့ဒါက ကျန်းဟွိုက်ကျီးရဲ့ ကျရှုံးမှုနောက်မှာဖြစ်ပြီး ရုံးတော်ထဲတွင် ဖေသုအတွက် အတိုက်အခံ မရှိတော့ပေ။
ဒီဘဝမှာတော့ ကျွန်မက ဖေသုကို လက်ထပ်ခဲ့ပြီး ကျန်းဟွိုက်ကျီးကလည်း သူ့ကို စိတ်နှလုံးအကြွင်းမဲ့ ကူညီထောက်ပံ့ပေးခဲ့တယ်။
ကျွန်မ တော်ဝင်စာကြည့်ခန်းကို ရောက်တဲ့အချိန် ဖေသုနဲ့ကျွန်မရဲ့အစ်ကိုက တိုက်ခိုက်နေကြပြီဖြစ်ပြီး ဖေသုရဲ့ပါးစပ်က ဒဏ်ရာရထား၏။
ကျွန်မရဲ့ လည်ပင်းပေါ်က အမာရွတ်ကို မြင်လိုက်ရခြင်းက ကျန်းဟွိုက်ကျီးရဲ့ဒေါသကို လောင်စာထည့်ပေးလိုက်သလိုပဲ။
"လော့ယွီက နာကျင်တာကို အကြောက်ဆုံးပဲ။မင်းသိရဲ့လား....မင်းကြောင့် ဆောင်းတွင်းရောက်တိုင်း သူ(မ)ဒူးတွေ စိုထိုင်းပြီး နာကျင်ရတယ်ဆိုတာကို?သူ(မ) ပြန်ကောင်းလာဖို့အတွက် ငါ တစ်လောကလုံးက နာမည်ကြီး သမားတော်တွေကို ဖိတ်ခေါ်ပြီး နှစ်တွေအကြာကြီး ကုပေးခဲ့ရတာ။အဲ့ဒါကို မင်းက အခု သူ(မ)ကို ထပ်ပြီးတော့ နောက်တစ်ကြိမ် ဒဏ်ရာရစေတာလား?"
"သခင်ကျန်း မင်း အထင်မှားနေတာ ဖြစ်လိမ့်မယ်။ ငါ ဒီကိစ္စကို လုံးဝ မမှတ်မိဘူး"
ဖေသုက ဂရုမစိုက်ဟန်ဖြင့် ပြန်တုံ့ပြန်လိုက်တယ်။
"အဲ့နေ့တုန်းက ငါ ဧကရီကို အထင်လွဲသွားခဲ့တာ။အဲ့ဒါက မတော်တဆဒဏ်ရာတစ်ခုသာသာပဲ"
အထိုးခံထားရသော်လည်း ဖေသုက တည်ငြိမ်နေဆဲပင်။
ကျွန်မရဲ့အစ်ကိုက သရော်လိုက်ပြီး
"မင်း တကယ်မသိဘူးပေါ့လေ?ကျန့်အန်းရဲ့ နှစ်ဆယ့်ငါးနှစ် နိုဝင်ဘာလ(၅)ရက်နေ့မှာ နန်းချခံရတဲ့ အိမ်ရှေ့စံမင်းသားက မင်းကို နှင်းတောင်တွေထဲမှာ ပိတ်မိအောင်လုပ်ပြီးတော့ အရင်မင်းဆက်ရဲ့ အကြွင်းအကျန်တွေကို စွပ်စွဲဖို့ ကြံစည်ခဲ့တယ်........."
"တော်လောက်ပြီ!.....အစ်ကိုတော် ထပ်မပြောပါနဲ့တော့"
ကျွန်မက သူ့ကို ဝင်ဖြတ်ပြောလိုက်ပြီး သူ့စကားတွေကို တားဖို့ကြိုးစားလိုက်တယ်။