ကြင်နာတတ်တဲ့ ဒုတိယဇာတ်လိုက် ပြန်လည်မွေးဖွားလာပြီးနောက်
အပိုင်း(၂)
ဖေသုက ဘာစကားမှ ဆက်မပြောတော့ပေ။ဘာကြောင့်လဲဆိုတော့ လူတစ်ယောက်က ဘယ်လောက်ပဲ ဒီလိမ်ညာမှုကို ဖုံးကွယ်ဖို့ ကြိုးစားပါစေ ပြစ်ချက်တွေက အမြဲတမ်း ရှိနေမှာပင်။
ရှောင်အိမ်တော်ထဲက လူတိုင်း ဖေသုက ကျွန်မကို ဓားနဲ့ဒဏ်ရာရစေခဲ့တာကို မြင်ကြပြီး မနက်ဖြန်ဆိုရင် သေချာပေါက် ကောလဟာလများ ပြန့်နေမှာ ဖြစ်သည်။
ဧကရာဇ်နဲ့ဧကရီရဲ့ကြားထဲက ချစ်မြတ်နိုးမှုက ကောလဟာလတွေထဲကအတိုင်း ဖျက်ဆီး၍ မရတာ မဟုတ်ဘဲ ဆန့်ကျင်ဘက်အနေဖြင့် ၎င်းက ပြိုကွဲလုနီးပါး ဖြစ်နေသည်။
ပြီးတော့ အဲ့ဒါကလည်း တကယ့်အမှန်တရားပင်။
ရထားလုံးထဲတွင် ကျွန်မတို့က လမ်းတစ်လျှောက်လုံး တိတ်နေခဲ့ကြတယ်။
ဖေသုက ကျွန်မရဲ့ ဒဏ်ရာကို စစ်ဆေးဖို့ အကြိမ်ပေါင်းများစွာ ကြိုးစားခဲ့ပေမယ့် ကျွန်မက အကြိမ်တိုင်း သူ့ကို ဖယ်ချခဲ့တယ်။
ရှောင်အိမ်တော်နဲ့ နန်းတော်တံခါးဝရဲ့ အကွာအဝေးက သိပ်မဝေးပေမယ့် ဒီနေ့မှာတော့ အရမ်းရှည်ကြာလွန်းတယ်လို့ ခံစားနေရတယ်။
နန်းတော်ဂိတ်ကို ရောက်တဲ့အချိန်မှာ ကျွန်မ ရထားလုံးထဲကနေ ထွက်သွားလိုက်တယ်။
"ကျွန်မ ဒဏ်ရာရထားတာကြောင့် ဒီနေ့ ညနေစာ မပြင်ပေးနိုင်ဘူး"
မငိုမိအောင် နှုတ်ခမ်းကိုက်ထားပေမယ့် ကျွန်မ လှည့်ထွက်လာတဲ့အချိန် လေပြင်းရဲ့ တိုက်ခိုက်မှုကြောင့် မျက်ရည်တွေ စီးကျလာခဲ့တယ်။
အမှန်တော့ ကျွန်မ ညနေစာကို အတော်များများ ပြင်ဆင်ထားပြီးသားပါ။သူက ကျွန်မ ကိုယ်တိုင်လုပ်ထားတာကို စားချင်တယ်လို့ ပြောခဲ့တဲ့အတွက်ကြောင့် ကျွန်မ ပြင်ဆင်ထားခဲ့တာ။
ကျွန်မက ချက်ပြုတ်တဲ့နေရာမှာ လုံးဝ မတော်ဘူး။အရင်တုန်းကလည်း မတော်ခဲ့သလို ကူးပြောင်းလာပြီးတဲ့နောက်မှာလည်း မတော်ခဲ့ဘူး။
ကျွန်မက ချက်ပြုတ်တဲ့နေရာမှာ မတော်သလို ကျင့်ဝတ်ထုံးတမ်း၊ နန်းတော်စည်းမျဉ်းတွေ ဒါမှမဟုတ် နန်းတော်ရဲ့ကိစ္စအထွေထွေကို စီမံခန့်ခွဲတဲ့နေရာမှာလည်း မတော်ပါဘူး။
ကျွန်မ ဒါတွေအားလုံးကို လုပ်ရတဲ့ တစ်ခုတည်းသော အကြောင်းပြချက်က ဖေသုက အရင်ဧကရာဇ်ဆီမှာ ကျွန်မကို လက်ထပ်ဖို့အတွက် အသနားခံခဲ့တာကြောင့်ပဲ။ ပြီးတော့ တော်ဝင်လက်ထပ်ပွဲအမိန့် မထုတ်ပြန်ခင်ညမှာ သူက ကျန်းအိမ်တော်ရဲ့ နံရံကို ကျော်တက်လာခဲ့ပြီး ကျွန်မတို့ရဲ့ မွေးနေ့မွေးရက်တွေ ရေးထားပြီး "မင်္ဂလာ" ဆိုတဲ့ စာလုံး ရေးသားထားတဲ့ အနီရောင်စာရွက်ကို ကျွန်မဆီ ပေးခဲ့တာကြောင့်ပဲ။
ဒါက ဝတ္ထုထဲမှာ သူ စုန့်ယန်ယွိအတွက် လုပ်ပေးခဲ့တာ ဖြစ်ပေမယ့် အဲ့ဒီညတုန်းက သူက လရောင်အောက်မှာ ရပ်နေပြီး သူ့အကြည့်တွေက ကျွန်မပေါ် ကျရောက်နေခဲ့ကာ၏
"မင်း ကိုယ့်ကို လက်ထပ်မှာလား" ဆိုပြီး ပြောခဲ့တယ်။
အဲ့ဒီညတုန်းက ကျွန်မက ဖေသုရဲ့ မျက်ဝန်းတွေထဲမှာ တစ်ရှိန်ထိုးတက်နေတဲ့ အချစ်တွေကို မြင်ရတယ်လို့ ထင်ခဲ့ပေမယ့် ဒိုင်ယာရီထဲမှာ သူနဲ့အခြားလူတစ်ယောက်ရဲ့ မွေးသက္ကရာဇ်တွေရေးထားတဲ့ အနီရောင်စာရွက်တွေ ပြည့်နှက်နေတာကို မြင်လိုက်ရတဲ့အထိပါပဲ။
အဲ့ဒီအခါမှသာ ထိုညတုန်းက ကျွန်မ မြင်ခဲ့တာက ကျွန်မရဲ့ ကိုယ်ပိုင်ထင်ယောင်ထင်မှားဖြစ်မှုဆိုတာကို သဘောပေါက်သွားတယ်။
ကျွန်မရဲ့နောက်က ဖေသု ဘာပြောလိုက်လဲဆိုတာ ကျွန်မ မကြားနိုင်ခဲ့ဘူး။ ကျွန်မရဲ့ အိပ်ဆောင်ကိုသာ မြန်မြန် ပြန်ချင်ပြီး ဒီနေရာကနေ လွတ်မြောက်ချင်တယ်။
ဧကရီက လည်ပင်းမှာ ဒဏ်ရာရလာခဲ့တယ်။ လမ်းတစ်လျှောက်တွင် ကျွန်မကို အရိုအသေပြုကြတဲ့ နန်းတွင်းသူတိုင်းက ဘေးတိုက် ကြည့်နေခဲ့ကြတယ်။
အကြည့်တစ်ခုချင်းဆီတိုင်းက ကျွန်မကို ထောင်နဲ့ချီတဲ့ ဓားတွေနဲ့ လှီးဖြတ်နေသလိုပဲ။
ကျွန်မ အိပ်ရာစောစောဝင်ခဲ့ပြီး မောင်းမဆောင်က ကိစ္စတွေအားလုံးကို ဒီအတိုင်း ထားပစ်ခဲ့လိုက်တယ်။
ကျွန်မ အိပ်မက်ရှည်ကြီးတစ်ခုကို မက်ခဲ့ပြီး အိပ်မက်ထဲမှာ ကျွန်မက ဇာတ်လိုက်မင်းသား ရှောင်ယန်ကို ငယ်ငယ်လေးကတည်းက ချစ်နေခဲ့တဲ့ မူလဇာတ်ကောင် ဖြစ်နေခဲ့တယ်။
ဒါပေမဲ့ ရှောင်ယန်က စုန့်ယန်ယွိ တစ်ယောက်တည်းကိုပဲ ချစ်မြတ်နိုးပြီး မူလဇာတ်ကောင်ကို တစ်ချက်တောင် လှည့်မကြည့်ခဲ့ဘူး။
အဲ့ဒါကြောင့် မူလဇာတ်ကောင်က စုန့်ယန်ယွိကို တတ်နိုင်သမျှ နည်းလမ်းပေါင်းစုံနဲ့ ပြဿနာရှာခဲ့ပြီး သူမကို အကြိမ်ပေါင်းများစွာ သေလုနီးပါး ဖြစ်စေခဲ့တယ်။
သူတို့နှစ်ယောက် လက်ထပ်ပြီးတဲ့နောက်မှာတောင် မူလဇာတ်ကောင်က အလျှော့မပေးဘဲ ရှောင်ယန်ရဲ့ ကိုယ်လုပ်တော်ဖြစ်ဖို့ ကြံစည်ခဲ့ပြီး သူတို့နှစ်ဦးကြားမှာ သဘောထားကွဲလွဲမှုများ ဖြစ်ပေါ်အောင် ထပ်ခါတလဲလဲ ကြံစည်ခဲ့တယ်။
ခွေးသွေးဝတ္ထုတွေထဲက ရက်စက်တဲ့ အမျိုးသမီးဇာတ်ပို့တွေ အားလုံးလိုပဲ မူလဇာတ်ကောင်ရဲ့ ကြံစည်မှုတွေက ဇာတ်လိုက်တွေဆီမှာ တဖြည်းဖြည်း ပေါ်ပေါက်သွားခဲ့တယ်။ဒါပေမဲ့ စုန့်ယန်ယွိက ကြင်နာတတ်တဲ့ စိတ်ထားရှိပြီး သူမကို ရှောင်အိမ်တော်ကနေ နှင်ထုတ်ယုံသာ လုပ်ခဲ့တယ်။
ဒါပေမဲ့ စုန့်ယန်ယွိကို ချစ်ပြီး သူမနဲ့ အတူတူ ရှိခွင့်မရတဲ့ ဖေသုကတော့ ကျွန်မကို မလွှတ်ပေးခဲ့ဘူး။အိပ်မက်ထဲမှာ သူက ပုံမှန်အတိုင်း ပြောနေပေမယ့် သူ့မျက်လုံးတွေကတော့ အေးစက်မှုတွေနဲ့ ပြည့်နှက်နေတယ်။
ဖေသုက ဓားကို ကျွမ်းကျင်တယ်။သူက ပထမဆုံး။ကျွန်မရဲ့ အရွတ်တွေကို ဖြတ်ထုတ်ခဲ့ပြီး လည်ပင်းကို မလှီးဖြတ်ခင်အချိန်ထိ သုံးရက်လောက် ဝေဒနာ ခံစားနေခဲ့ရတယ်။
ဓားရှည်က ကျွန်မဆီကို တည့်တည့်လာခဲ့ပြီး ၎င်းရဲ့ တောက်ပမှုက မျက်လုံးကို ကွယ်သွားစေရာ ကျန်တာတွေအားလုံးက ပူနွေးတဲ့ ကြက်သွေးရောင်များပင်။
အိပ်မက်ထဲတွင် ဖေသုက ကျွန်မ မှတ်မိတဲ့ ဖေသု မဟုတ်ဘဲ သူ့လုပ်ရပ်တွေက ရက်စက်ကာ ပြုံးနေတဲ့ ကောက်ရိတ်သမားတစ်ဦးလို ဖြစ်တယ်။
ကျွန်မ အိပ်မက်ဆိုးကနေ လန့်နိုးလာခဲ့ပြီး လက်တွေ့ဘဝနဲ့ အိပ်မက်ဆိုးထဲက မြင်ကွင်းတွေက ရောယှက်နေပြီး ကျွန်မကို အသက်ရှူရ ခက်ခဲစေတယ်။
ကျွန်မရဲ့ လည်ပင်းပေါ်က ဒဏ်ရာမှာ အေးစက်မှုကို ခံစားရပြီး မော့ကြည့်လိုက်တော့ ဖေသုရဲ့ မျက်လုံးတွေကို ကျွန်မ အမှောင်ထဲမှာ မြင်လိုက်ရတယ်.....