ကြင်နာတတ်တဲ့ ဒုတိယဇာတ်လိုက် ပြန်လည်မွေးဖွားလာပြီးနောက်
အပိုင်း(၆)
အဆုံးတွင် ဖေသုက ကျွန်မဘယ်သူလဲဆိုတာ ဂရုမစိုက်ခဲ့ပေ။ကျွန်မက ကျန်းလော့ယွီ မဟုတ်ဘဲ စုန့်ယန်ယွိအတွက် ခြိမ်းခြောက်မှုတစ်ခု မဟုတ်ဘူးဆိုတာ သိသွားတော့ သူက အရည်အချင်းရှိတဲ့ ဧကရီတစ်ပါးကိုသာ လိုအပ်ခဲ့ပြီး ဘာမှမပိုတော့ပေ။
ကျွန်မရဲ့ ထုတ်ဖော်မှုက သူ့မျက်နှာဖုံးကို ကွာကျသွားစေပြီး သူက တိတ်ဆိတ်နေခဲ့တယ်။
"ကျွန်မ အရှင်မင်းကြီးရဲ့ စကားတွေကို နားလည်ပါတယ်။ဒါဆိုရင် ဆိုလိုတဲ့ အဓိပ္ပာယ်က ကျွန်မက ဧကရီတစ်ပါးရဲ့ တာဝန်တွေကို ထမ်းဆောင်နေသရွေ့ မောင်းမဆောင်ကို ဆက်ပြီးတော့ ထိန်းချုပ်ခွင့်ရှိမယ်လို့ ဆိုလိုတာလား"
ကျွန်မက တိတ်ဆိတ်မှုကို ချိုးဖျက်လိုက်ပြီး ဖေသုရဲ့မျက်ဝန်းထဲတွင် အံ့သြမှုများ ဖြတ်သန်းသွားတယ်။
သူက ကျွန်မ ဒီလောက်မြန်မြန် လိုက်လျောညီထွေ ရှိလိမ့်မယ်လို့ သေချာပေါက် မထင်ထားခဲ့ဘူး။
"ဒါပေါ့" ဖေသုက အမြန်ပြန်ဖြေလိုက်တယ်။
"နောက်ကျနေပြီ။ကျွန်မလည်း ပင်ပန်းနေပြီဆိုတော့ အရှင့်ကို လိုက်မပို့တော့ဘူး"
ကျွန်မက စကားမဆုံးခင်မှာပဲ သူ့ကို ထိထိရောက်ရောက် ဖယ်ထုတ်လိုက်တာက ကျွန်မရဲ့ အရင်စကားထက်ပိုပြီးတော့ ဖေသုကို အံ့အားသင့်သွားစေတဲ့ပုံပဲ။
"ကောင်းပြီ"
ဖေသုက အနည်းငယ် ကသိကအောက်ဖြစ်စွာဖြင့် ခေါင်းညိတ်ကာ မထွက်သွားခင် ဆေးပုလင်းကို ကျွန်မလက်ထဲ ထည့်ထားခဲ့တယ်။
"ဆေးလိမ်းဖို့ သတိရ"
တံခါးပိတ်သွားတာနဲ့ နောက်ဆုံးမှာတော့ ကျွန်မ စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်တယ်။
ကျွန်မရဲ့ သရုပ်မှန်ကို ဖေသုဆီ ဖော်ထုတ်ခြင်းကို ပုံစံအမျိုးမျိုးဖြင့် စိတ်ကူးကြည့်ထားခဲ့ပေမယ့် ဒီလိုမျိုးတော့ လုံးဝ မဟုတ်ခဲ့ပေ။
ဒါမှမဟုတ် ကျွန်မက သူ ကျွန်မကို မချစ်ဘူးဆိုတဲ့အကြောင်းကို တစ်ခါမှ မစဉ်းစားခဲ့မိလို့ ဖြစ်နိုင်တယ်။
ဖေသုရဲ့သဘောထားကနေ ကွာရှင်းဖို့က မဖြစ်နိုင်ဘူးဆိုတာ ရှင်းနေ၏။
ကျွန်မ ကျန်းလော့ယွီရဲ့ခန္ဓာကိုယ်ထဲမှာ နေ,နေသရွေ့ ကျွန်မက ဧကရီ ဖြစ်နေဦးမှာပဲ။
ဒါပေမဲ့ ဧကရီ မဖြစ်ဖို့ နည်းလမ်းပေါင်းများစွာ ရှိတယ်။နန်းတော်ကနေ ထွက်သွားတာ ဒါမှမဟုတ် ရုပ်ဖျက်ပြီးနေတာက ကျွန်မအတွက် လွယ်လွယ်လေးပဲ။
ဘာပဲဖြစ်ဖြစ် ကျွန်မက ဒီနှစ်တွေမှာ ဘာမှမလုပ်ဘဲ ဖြတ်သန်းလာခဲ့တာ မဟုတ်ပေ။
ခက်ခဲတဲ့အပိုင်းကတော့ ကျွန်မအနားကလူတွေ ပါဝင်ငြိစွန်းခြင်းမရှိအောင် သေချာလုပ်ရတာပဲ။
"အရှင်မ ကျွန်တော်မျိုးမ ကြားတာကတော့ ဒါက ဧကရာဇ်ရဲ့ အမိန့်ကြောင့် ယီဖျင်လော်ကနေ အထူးသီးသန့် ယူလာခဲ့တာတဲ့။အရှင်မလည်း သိတာပဲ နန်းတော်ဂိတ်တံခါးတွေက သော့ခတ်လိုက်တာနဲ့ နေထွက်တဲ့အထိ မဖွင့်တော့ဘူးလေ"
ရှီးယွင်က အနားရောက်လာခဲ့ပြီး ဖေသုက ကျွန်မအတွက် စည်းမျဉ်းတွေ ချိုးဖောက်ခဲ့တဲ့အကြောင်း သွယ်ဝိုက်တဲ့နည်းနဲ့ ပြောဆိုနေတယ်။
"ဒါပေမဲ့ ငါ တကယ်စားချင်စိတ် မရှိဘူး"
ကျွန်မက ခေါင်းရမ်းလိုက်ပြီး
"ဒါတွေအားလုံး လွှင့်ပစ်လိုက်။ပင်လုံးကြိုင်အနံ့က ငါ့ကို ခေါင်းကိုက်စေတယ်"
"နားလည်ပါပြီ" ရှီးယွင်က တွန့်ဆုတ်စွာဖြင့် ပြန်ဖြေလိုက်သည်။
"ရှီးယွင်" ကျွန်မ သူမကို ပြန်ခေါ်လိုက်တယ်
"နင် ဒီနှစ် အသက်ဘယ်နှနှစ်ရှိပြီလဲ?"
"ကျွန်တော်မျိုးမ နှစ်ဆယ့်လေးနှစ်ရှိပါပြီ အရှင်မ"
ရှီးယွင်က အနည်းငယ် အံ့ဩစွာဖြင့် ပြန်ဖြေလာခဲ့တယ်။
အဲ့ဒီနောက် ရှီးယွင်ဟာ မူလကိုယ် ကျန်းလော့ယွီရဲ့ ငယ်စဉ်ကတည်းက အဖော်ဖြစ်ခဲ့တယ်ဆိုတာ ကျွန်မ မှတ်မိသွားတယ်။သခင်မကျန်းက သူမဟာ အသက်ပိုကြီးပြီးတော့ ကျန်းလော့ယွီကို ကောင်းကောင်းစောင့်ရှောက်နိုင်တာကြောင့် သူမကို ဝယ်ယူခဲ့တာဖြစ်တယ်။
ရှီးယွင်က တည်ငြိမ်ပြီး ဂရုတစိုက်ရှိတယ်၊သူမက ကျွန်မရဲ့နောက်ကို လိုက်ပြီးတော့ ကျန်းမိသားစုကနေ မင်းသားအိမ်တော် အဲ့ဒီနောက် နန်းတော်အထိ လိုက်ပါလာခဲ့တယ်။
မျက်စိတစ်မှိတ်အတွင်းမှာပဲ သူမက နန်းတော်ကနေ ထွက်သွားရတော့မယ့် အရွယ်နီးလာပြီ။
"နင်က နောက်နှစ်ဆို နှစ်ဆယ့်ငါးနှစ် ဖြစ်တော့မှာပဲ။နန်းတော်ကနေ စောစောထွက်သွားဖို့ စဉ်းစားထားလား?"
ကျွန်မ သူမကို မေးလိုက်တယ်။
ရှီးယွင်ရဲ့အမူအရာက ပြင်းပြင်းထန်ထန် ပြောင်းလဲသွားပြီး သူမက ကျွန်မရှေ့မှာ ဒူးထောက်ကာ
"အရှင်မ ကျွန်တော်မျိုးမကို ဖယ်ထုတ်နေတာလား"
"အဲ့ဒါက တစ်နှစ်ပဲကျန်တော့တာလို့ တွေးမိလို့ပါ။နန်းတော်ကနေ စောစောထွက်သွားရတာကလည်း ပိုကောင်းတာပဲလေ"
ကျွန်မက ပြုံးပြီးတော့ သူမကို ထဖို့ ကူညီပေးလိုက်တယ်။
"နင်က ငါနဲ့အတူတူ အကြာကြီး ရှိနေခဲ့တာ။ဒါက နင့်အတွက် အပြင်လောကကို မြင်ဖို့ အချိန်ပဲ"
"ဒါပေမဲ့ ကျွန်တော်မျိုးမက အရှင်မရဲ့ဘေးနားမှာပဲ တစ်သက်လုံး နေသွားချင်ပါတယ်"
ရှီးယွင်က မျက်ရည်တွေရစ်ဝဲပြီးတော့ ပြောလာခဲ့တယ်။
"နင့်ကို ငါ့နားမှာ တစ်သက်လုံး ထားထားပြီး ငါက အဲ့လိုမျိုး တစ်ကိုယ်ကောင်းဆန်လို့ ဘယ်ဖြစ်ပါ့မလဲ"
ကျွန်မက ခေါင်းရမ်းလိုက်ပြီး ညင်သာစွာ ပြုံးလိုက်တယ်။