ကြင်နာတတ်တဲ့ ဒုတိယဇာတ်လိုက် ပြန်လည်မွေးဖွားလာပြီးနောက်
အပိုင်း(၉)
ကျွန်မရဲ့အစ်ကိုကို တော်ဝင်စာကြည့်ခန်းကနေ ဆွဲခေါ်လာတဲ့အချိန် သူက ဒေါသပေါက်ကွဲနေတုန်းပင်။
ဝတ္ထုထဲမှာလည်း ကျန်းဟွိုက်ကျီးက ဒီပုံစံအတိုင်း အတူတူဖြစ်တယ်.....ကျန်းလော့ယွီနဲ့ ပတ်သက်တဲ့ကိစ္စတွေဆိုရင် သူက အမြဲတမ်း စိတ်လှုပ်ရှားတတ်တယ်။
ကျွန်မ ဒီနေရာကို ရောက်လာခဲ့တဲ့ လွန်ခဲ့တဲ့ နှစ်ပါင်းနှစ်ဆယ်ကတည်းက သူက ကျွန်မကို အလိုလိုက်တယ်၊ကာကွယ်ပေးခဲ့တယ်၊ကျွန်မကို ဘဝရဲ့မုန်တိုင်းအများစုကနေ ဒိုင်းကာသဖွယ် ကာကွယ်ပေးထားခဲ့တယ်။
ကျွန်မရဲ့စိတ်ထဲမှာ သူက ကျွန်မရဲ့ အစ်ကိုရင်းတစ်ယောက်လိုပဲ။ကျွန်မ သူ့ကို ဘာမှမဖြစ်စေချင်ဘူး။
"ဖေသုက ဒီနှစ်တွေတစ်လျှောက်လုံး မသိခဲ့ဘူးလား?"
သူက ကျွန်မကို မေးလာတယ်။
"ညီမပြောပြီးသားလေ။အဲ့ဒါဖြစ်ရတာက ညီမ ဆော့တာများသွားလို့......."
"ဘယ်လိုနှင်းမျိုးကို ကစားဖို့အတွက် အဝေးကြီးသွားရတာလဲ? အစ်ကိုက အမှန်တရားကိုမသိဘူးလို့ ထင်နေတာလား?"
ကျန်းဟွိုက်ကျီးရဲ့မေးခွန်းထုတ်မှုက ကျွန်မကို ဆွံ့အသွားစေတယ်။
"ညီမက သူ့ကိုပြောပြဖို့ မလိုအပ်ဘူးလို့ပဲ ခံစားခဲ့ရလို့ပါ"
ဖေသုက ကျွန်မကိုချစ်တယ်လို့ ထင်နေခဲ့တဲ့အချိန်တုန်းက ကျွန်မက ဒီကိစ္စကို ထုတ်ပြောပြီး သူ သံသယဝင်အောင် မလုပ်ချင်ခဲ့ဘူး။ သူက ကျွန်မကို မချစ်ခဲ့ဘူးဆိုတာ သိသွားတဲ့အချိန် ဒီကိစ္စတွေကို ပြောပြလိုက်တာက ကိုယ့်ဘာသာကိုယ် အရှက်ရစေတာပဲ ရှိလိမ့်မယ်။
ကျန်းဟွိုက်ကျီးက သက်ပြင်းချလိုက်ပြီး
"အဲ့ဒါဆိုရင် ညီမလေးလည်ပင်းပေါ်က ဒဏ်ရာက ဘယ်လိုရလာတာလဲ?"
"ဧကရာဇ်က ညီမကို အခြားလူတစ်ယောက်နဲ့ အမှတ်မှားပြီးတော့ မတော်တဆ ထိခိုက်စေခဲ့တာပါ။အစ်ကိုတော် ဒါနဲ့ပတ်သက်ပြီး စိတ်ပူဖို့ မလိုဘူးနော်"
ဝတ္ထု၏ဇာတ်ကြောင်းအရ ဖေသုက ဒီအချိန်မှာ ရုံးတော်ထဲက ကျန်းဟွိုက်ကျီးရဲ့အာဏာကို စတင်ပြီးတော့ ဖြိုဖျက်နေပြီ ဖြစ်တယ်။
ကျွန်မက သူတို့နှစ်ယောက်ကြားက ဟန်ချက်ညီမှုကို ထိန်းသိမ်းဖို့ အမြဲကြိုးစားနေခဲ့ပေမယ့် ဒီနေ့ ကျွန်မအစ်ကိုရဲ့လုပ်ရပ်တွေက ဒီဟန်ချက်ညီမှုကို ပျက်စီးစေမှာ စိုးရိမ်မိတယ်။
"တကယ်လား?" ကျန်းဟွိုက်ကျီးက ကျွန်မပြောတာကို မယုံပေ။
"တကယ်ပြောတာ"
ကျန်းဟွိုက်ကျီးက နောက်တစ်ကြိမ် သက်ပြင်းချလိုက်ပြီး သူ့ခေါင်းကို ရမ်းလိုက်သည်။
"အကယ်၍ ညီမလေး မပျော်ရွှင်ရဘူးဆိုရင် အစ်ကို့ကိုသာ ပြောလိုက်.........."
သူ့စကားမဆုံးခင်မှာပဲ ကျွန်မက မျက်ဝန်းထဲက မျက်ရည်တွေဖြင့် သူ့ကို ဖက်လိုက်တယ်။
"ကောင်းပါပြီ။အစ်ကိုတော် ကျေးဇူးပြုပြီးတော့ နောက်ကျရင် စိတ်လက်မာန်ပါမလုပ်မိဖို့ သတိရနော်။ဘာပဲဖြစ်ဖြစ် အစ်ကိုက အမတ်တစ်ယောက်၊သူက ဧကရာဇ်လေ။အကယ်၍ သူက အစ်ကို့ကို အပြစ်ပေးတယ်ဆိုရင် ယောင်းမရယ်၊ညီမရဲ့ တူတွေ၊တူမတွေ ဘာဖြစ်သွားကြမလဲ?"
"ပြီးတော့ ဧကရာဇ်က အပြင်ပန်းမှာတော့ နူးညံ့ညင်သာပြီး ထိန်းချုပ်ရလွယ်ကူတဲ့ပုံဆိုပေမယ့် သူက တကယ်တော့ အရမ်းသံသယများပြီးတော့ ထိန်းချုပ်ခံရတာကို မကြိုက်ဘူး။ရုံးတော်က အုပ်စုတစ်စုတည်းက အရမ်းအာဏာကြီးလာမှာကို အမြဲတမ်း သတိထားနေခဲ့တာ။အခု ရှောင်ယန်မှာက ထူးချွန်တဲ့ စစ်ပွဲရလဒ်တွေရှိနေပြီ အစ်ကို ရှောင်မိသားစုကို သူတို့အပေါ် ဘယ်လောက်ပဲ အထင်သေးပါစေ သူတို့နဲ့ ရန်သူတွေလုပ်လို့ မဖြစ်ဘူး"
ကျန်းဟွိုက်ကျီးက ရယ်မောလိုက်ပြီး
"ဒီနေ့ နင်က ဘာလို့ ငါ့ထက် စကားတွေရှည်နေရတာလဲ?ငါတို့မောင်နှမတွေက နောက်ဘယ်တော့မှ ပြန်မတွေ့ရတော့မယ့်အတိုင်းပဲ"
"ဘာပဲဖြစ်ဖြစ် ညီမက အခု ဧကရီလေ။နန်းတော်ကနေ မကြာခဏ ထွက်သွားဖို့ဆိုတာက မသင့်တော်ဘူး။ဒါကြောင့် ညီမတို့ တစ်ယောက်နဲ့တစ်ယောက် တွေ့ရတာ ပိုနည်းလာမယ်။ညီမက အစ်ကို့ကို ကိစ္စလေး နည်းနည်းပါးပါးလောက် သတိပေးချင်ယုံပဲကို ဘာလဲ အစ်ကိုတော်က ညီမကို စိတ်ရှုပ်နေတာလား?"
ကျွန်မက စိတ်ဆိုးချင်ဟန်ဆောင်ပြီးတော့ သူ့ကို မေးလိုက်တယ်။
"ကျွန်တော်မျိုးက ဧကရီရဲ့စကားတွေကို စိတ်အနှောင့်အယှက်ဖြစ်စရာလို့ ဘယ်လိုလုပ် ယူဆရဲမှာလဲ"
သူက ကျွန်မကို စနောက်ခဲ့တယ်။