ကြင်နာတတ်တဲ့ ဒုတိယဇာတ်လိုက် ပြန်လည်မွေးဖွားလာပြီးနောက်
အပိုင်း(၁၁)
အထက်ကနေ မစ်ရှင်အကြောင်းကြားစာ ရောက်လာဖို့ နောက်ကျနေတဲ့အချိန်မှာ ဖေသုက အမျိုးမျိုးသော ကြင်နာမှုတွေကို စတင်ပြသလာခဲ့သည်။
ကျွန်မတို့ ညစာအတူစားပြီး နောက်တစ်နေ့မနက်မှာ ဖေသုက လူလွှတ်ပြီးတော့ သူ့ဒိုင်ယာရီကို ကျွန်မဆီ ပို့လာခဲ့တယ်။
ကျွန်မ အစောပိုင်းတုန်းက ရှာတွေ့ခဲ့သလိုပဲ ထိုထဲမှာ သူနဲ့စုန့်ယန်ယွိရဲ့ မွေးနေ့တွေကို အပြည့်ရေးထားတဲ့ တောက်ပတဲ့အနီရောင်စက္ကူလွှာပါးတစ်ခု ရှိနေတယ်။
ဒိုင်ယာရီက သစ်သားသေတ္တာတစ်ခုထဲမှာ ထည့်ထားပြီး ဒါကိုယူလာတဲ့ နန်းတွင်းအစေခံက ဖေသုက ဒိုင်ယာရီနဲ့စက္ကူလွှာပါး နှစ်ခုလုံးကို ကျွန်မ ဆန္ဒရှိသလို ကိုင်တွယ်စေချင်တယ်လို့ ပြောခဲ့တယ်။
ဖေသုက ကျွန်မရဲ့ ဖုန့်ရှီးနန်းတော်ကို အရင်ကထက်ပိုပြီးတော့ မကြာခဏ ရောက်လာတယ်။
သူက အများကြီးမလုပ်ဘဲ ဒီအတိုင်း ကျွန်မနဲ့ရှိနေရတာကို သဘောကျတာ ဖြစ်တယ်။
သူက တော်ဝင်စာကြည့်ခန်းထဲမှာ အစီရင်ခံစာတွေကို မကြည့်ရှုတော့ဘဲ အဲ့ဒီအစား သူတို့အားလုံးကို ဒီနေရာဆီ ရွှေ့လာခဲ့ပြီး ကျွန်မတို့က ထမင်းသုံးနပ်လုံး ဒီမှာ အတူတူစားကြတယ်။
သူက တော်ဝင်စားဖိုဆောင်ရဲ့ ချက်ပြုတ်မှုက ကျွန်မနဲ့ မယှဉ်နိုင်ဘူးလို့ ငြီးငြူနေဆဲဖြစ်ပေမယ့် ကျွန်မကို အတင်းမချက်ခိုင်းဖို့တော့ စဉ်းစားပေးခဲ့ပြီး ကျွန်မ လုပ်ချင်တာ လုပ်လို့ရတယ်လို့ ပြောတယ်။
မောင်းမဆောင်ရဲ့ကိစ္စတွေကို ကျွန်မ ပစ်ထားရင်တောင် သူက မကျေနပ်မှု အနည်းငယ်တောင် မပြခဲ့ဘူး။
ရှီးယွင်ရဲ့ ပြောကြားချက်အရ သူက ဒီနေရာမှာ ကျွန်မနဲ့ အစီရင်ခံစာတွေကို ကြည့်ရှုနေတဲ့အချိန် အဲ့ဒီကိစ္စများကိုလည်း ကျွန်မကိုယ်စား ဆောင်ရွက်ပေးခဲ့တယ်။
အောက်တိုဘာလ ငါးရက်နေ့က မူလ ကျန်းလော့ယွီရဲ့ မွေးနေ့ဖြစ်တယ်။အရင်နှစ်တွေတုန်းက ဖေသုက ကြီးကျယ်ခမ်းနားတဲ့ ပွဲအခမ်းအနား ကျင်းပပေးခဲ့ပေမယ့် ဒီနှစ်မှာတော့ မလုပ်ခဲ့ဘူး။
ကျွန်မက ကျန်းလော့ယွီအစစ်မဟုတ်ဘူးဆိုတာ သူ သိနေတဲ့အတွက်ကြောင့် ဘယ်သူ့ကိုမှ အဲ့ဒါကို ပြောခွင့်မပြုခဲ့ဘူး။
ကျွန်မတို့ရဲ့ နေ့စဉ်စကားဝိုင်းမှာ သူက ကျွန်မရဲ့မွေးနေ့၊ကျွန်မရဲ့နာမည်နဲ့ ကျွန်မနဲ့ပတ်သက်တဲ့အရာအားလုံးကို သိအောင်လုပ်ဖို့ ကြိုးစားတယ်။
သူ နံရံကိုတိုက်မိတဲ့အကြိမ်တိုင်း အကူအညီမဲ့စွာ သက်ပြင်းချပြီးတော့
"ဧကရီ ငါ ကိုယ်တော်က သိချင်ယုံပါပဲ"
ဖေသုက ဒီရက်တွေမှာ အရမ်းလိုက်လျောပေးနေတယ်။ကျွန်မက ရှီးယွင် နန်းတော်ကနေ တစ်နှစ်စောပြီး ထွက်သွားခွင့်ပြုဖို့ တောင်းဆိုတဲ့အချိန် သူက သဘောတူလက်ခံခဲ့တယ်။
ကျွန်မက ကျွန်မရဲ့အစ်ကိုကို ကျွန်မတို့ရဲ့ ဘိုးဘွားအိမ်ကို ပြန်နိုင်ပြီး အနာဂတ်မှာ ငြိမ်းချမ်းစွာ နေထိုင်နိုင်ဖို့ ဆန္ဒရှိတယ်လို့ ပြောတဲ့အခါ သူက သဘောတူခဲ့တယ်။အဲ့ဒီနေ့မှာပဲ သူက ကျွန်မအစ်ကိုတော်ကို တော်ဝင်လွတ်ငြိမ်းချမ်းသာခွင့် တံဆိပ်ပြား ချီးမြှင့်ခဲ့တယ်။
ဒါပေမဲ့ သူက အရာအားလုံးကို သဘောတူတာမျိုး မဟုတ်ပေ။ဉပမာ ကျွန်မကို နန်းတော်ကနေ ထွက်သွားခွင့်မပြုတာမျိုးဖြစ်တယ်။
အရင်တုန်းက ဖေသုက ကျွန်မကို လွတ်လွတ်လပ်လပ် သွားလာခွင့်ပြုထားခဲ့ပေမယ့် ကျွန်မ ကွာရှင်းဖို့ ပြောခဲ့တဲ့နေ့ကနေစပြီးတော့ နန်းတော်ဂိတ်တံခါးတွေက ကျွန်မအတွက် မဖွင့်ပေးတော့ဘူး။
ဖုန့်ရှီးနန်းတော်အပြင်ဘက်က အစောင့်တွေက ပိုများလာခဲ့ပြီး သူတို့ရဲ့အလှည့်ကျ တာဝန်ချိန်တွေက ပိုတိုလာခဲ့တယ်။
သူက ကျွန်မကို ဒီနေရာပဲ သော့ခတ်ထားပြီးတော့ ကျွန်မရဲ့တစ်ဘဝလုံးကို နန်းတော်ဂိတ်တံခါးတွေနဲ့ ပိတ်လှောင်ထားဖို့ ကြိုးစားနေတာ။
ဒါပေမဲ့ ကျွန်မသာ ထွက်သွားချင်ရင် ဒါက တစ်ခုတည်းသော နည်းလမ်းမဟုတ်ဘူးဆိုတာ ဖေသု မေ့သွားတဲ့ပုံပဲ။
အောက်တိုဘာလမှာ ရှောင်ယန်က ရန်သူအင်အားစုတွေရဲ့ လုပ်ကြံမှုကိုခံရမယ်ဆိုတာ ဖေသု သိထားတယ်။ဒါကြောင့် သူက ရှောင်ယန်ဆီကို လျှို့ဝှက်စာတစ်စောင်ပို့ပြီး ဗျူဟာပြောင်းလဲခိုင်းလိုက်တယ်။
ပလိပ်ရောဂါနဲ့ပတ်သက်ပြီးတော့ သူက ယဲ့မြို့တွင် အရာရှိများအစားထိုးကာ ပလိပ်ရောဂါကို အညွှန့်တုံးစေခဲ့၏။
ဒါပေမဲ့ ဖေသု ဘယ်လောက်ပဲ ဇာတ်ကြောင်းကို ဖျက်ဆီးပါစေ ၎င်းက စာအုပ်တစ်အုပ်ဖြစ်နေဆဲပင်။နောက်ဆုံးဇာတ်သိမ်းမရောက်ခင် ဇာတ်လိုက်တွေက အမြဲတမ်း အခြား 'စမ်းသပ်မှု'များကို သည်းခံရမှာ ဖြစ်သည်။
အဲ့ဒီနေ့တုန်းက သူဟာ ညီလာခံက ကိစ္စများဖြင့် ထမရအောင် အလုပ်ရှုပ်နေတယ်လို့ပြောပြီး ဖုန့်ရှီးနန်းတော်ကို ညနေစာစားဖို့ ရောက်မလာတာကို ကျွန်မ သတိထားမိတယ်။
ကျွန်မရဲ့ ရှားရှားပါးပါး လွတ်လပ်ချိန်ကို အခွင့်ကောင်းယူပြီး ကျွန်မက အမျိုးသမီးအရာရှိများဌာနကို သွားခဲ့တယ်။
နန်းတော်ကိစ္စတွေကို အကြောင်းပြပြီး ညမှောင်တဲ့အချိန်ထိ ဖေသုကို ရှောင်ဖို့ ကျွန်မ အဲ့ဒီမှာ နေလို့ရတယ်။
ဒါပေမဲ့ ဒီနေ့ ကျွန်မ အမျိုးသမီးအရာရှိများဌာနကို သွားခဲ့တာက အထက်ကနေ အသိပေးချက် ရောက်လာခဲ့လို့ပဲ။
ဒီနေ့ စုန့်ယန်ယွိ ပြန်ပေးဆွဲခံရမှာ ဖြစ်ပြီးတော့ နောက်ကွယ်ကလူက ကျွန်မကို ပြန်ပေးဆွဲဖို့လည်း တစ်ယောက်ယောက် စေလွှတ်လိမ့်မယ်။
ကျွန်မက စုန့်ယန်ယွိကို ကယ်နိုင်တဲ့ အခွင့်အရေး ရဖို့အတွက် သူမနဲ့ အတူတူရှိနေတာ သေချာဖို့ လိုအပ်တယ်။
မျှော်လင့်ထားသလိုပဲ ကျွန်မ အမျိုးသမီးအရာရှိများဌာနကို ရောက်တဲ့အချိန် ကျွန်မကို လက်ဖက်ရည် ဆက်သလာတဲ့ အစေခံက ကျွန်မ အရင်တုန်းက လုံးဝ မမြင်ဖူးတဲ့သူ ဖြစ်နေတယ်။
ကျွန်မ လက်ဖက်ရည်ကိုသောက်တဲ့ပုံစံ ဟန်ဆောင်တဲ့အချိန်မှာပဲ အမျိုးသမီးအရာရှိကွေ့(ရှန့်ကုန်းကွေ့) ရောက်လာတယ်။
"ဘယ်သူက နင့်ကို ဧကရီကို ကြိုခွင့်မတောင်းဘဲ လက်ဖက်ရည်ဆက်သဖို့ ပြောလဲ?ဧကရီက လုံကျင်း မကြိုက်ဘူး! ပါးနပ်ထက်မြက်တဲ့ပုံစံ ကြိုးစားမနေနဲ့!"
ရှန့်ကုန်းကွေ့က ပြင်းထန်စွာ ဆူပူလိုက်ပြီး ထိုမရင်းနှီးတဲ့အစေခံကို အလောတကြီး ဒူးထောက်သွားစေခဲ့သည်။
"မြန်မြန် ထွက်သွားတော့!"
ရှန့်ကုန်းကွေ့က သူမကို စိုက်ကြည့်လိုက်ပြီး အစေခံက အလျင်စလို ထွက်သွားသည်။
ကျွန်မ သူမကို တားချင်ပေမယ့် ရန်သူကို သတိပေးမိသွားမှာ ကြောက်ရွံ့မိတယ်။
ကျွန်မက ရှန့်ကုန်းကွေ့ ဖြေရှင်းပြီးတဲ့အထိပဲ စောင့်နိုင်ခဲ့တယ်။
"ဧကရီအရှင်မ "
ရှန့်ကုန်းကွေ့က ကျွန်မကို ပြုံးပြပြီးတော့
"လက်ဖက်ရည်လေး နည်းနည်းလောက် သောက်လိုက်ပါဦး"
ကျွန်မက အပြင်ဘက်က အစေခံဆီ စိတ်ရောက်နေတာကြောင့် စိတ်ငြိမ်စေဖို့အတွက် တစ်ခွက်ပြီးတစ်ခွက် သောက်ခဲ့တယ်။
ကျွန်မ မူးဝေလာတဲ့အထိပဲ...........
ကျွန်မ ရုတ်တရက် မော့ကြည့်လိုက်ပြီး ရှန့်ကုန်းကွေ့က ကျွန်မကို ပြုံးပြနေတာ မြင်ရကာ အဲ့ဒါက သာမန်အပြုံးမျိုး မဟုတ်ဘဲ အမဲလိုက်သမားက သူ့သားကောင်ကို ကြည့်ကာ ပြုံးနေတဲ့အပြုံးမျိုးပင်။
အဲ့တော့ သူမ ဖြစ်နေခဲ့တာပဲ!စောနတုန်းက မရင်းနှီးတဲ့အစေခံက ရှန့်ကုန်းကွေ့ပြင်ထားတဲ့ လက်ဖက်ရည်ကို ကျွန်မသောက်အောင် စိတ်အနှောင့်အယှက် ပေးဖို့ပဲ။
ဒါပေမဲ့ စာအုပ်ထဲမှာက ရှန့်ကုန်းကွေ့ကို လုံးဝ မဖော်ပြထားခဲ့ဘူး.......
"ဘာလို့လဲ.........."
ကျွန်မရဲ့ မေးခွန်းကို အဆုံးမသတ်နိုင်ခင်မှာပဲ ကျွန်မရဲ့ မျက်လုံးတွေ အလိုလို မှိတ်ကျသွားတယ်။