ကြင်နာတတ်တဲ့ ဒုတိယဇာတ်လိုက် ပြန်လည်မွေးဖွားလာပြီးနောက်
အပိုင်း(၃)
ကျွန်မ ချက်ချင်းနိုးသွားပြီး ရုတ်ကနဲထကာ ဖေသုကို စိုက်ကြည့်နေလိုက်တယ်။
ဖေသုက ကျွန်မရဲ့အတွေးတွေကို တစ်ချက်ကြည့်ရုံနဲ့မြင်သွားပြီး သူ့လက်ကိုမြှောက်ကာ သေးငယ်တဲ့ အဖြူရောင် ကြွေပုလင်းတစ်ဘူးကို ဖော်ပြလာခဲ့တယ်။
သူက သက်ပြင်းချလိုက်ပြီး
"ဒါက အနောက်တိုင်းဒေသတွေက ဆက်သလာတဲ့ လိမ်းဆေးတစ်မျိုးပဲ။ဒါကို လိမ်းလိုက်ရင် ဒဏ်ရာတွေ ပျောက်တဲ့အခါကျ အမာရွတ် မကျန်ခဲ့တော့ဘူး"
"မလိုအပ်ပါဘူး။နန်းတော်အမှုထမ်းတွေက ဒီကိစ္စတွေကို ကိုင်တွယ်နိုင်ပါတယ်။ပြီးတော့ ကျွန်မဘာသာ ဆေးလိမ်းနိုင်တယ်"
"ဒါပေမဲ့ မင်း မလိမ်းဘူးလေ။ မင်း တော်ဝင်သမားတော်ကို မောင်းထုတ်ပြီး ညစာလည်းမစားဘူးဆိုတာ ကိုယ် ရှီးယွင်ဆီကနေ ကြားတယ်"
မှိန်ဖျော့ဖျော့ ဖယောင်းတိုင်မီးအလင်းရောင်အောက်တွင် ကျွန်မ ဖေသုရဲ့လက်ချောင်းထိပ်ပေါ်က လိမ်းဆေးအလွှာပါးပါးလေးကိုသာ ခပ်ဖျော့ဖျော့ မြင်နိုင်တယ်။
"ကျွန်မ ရှောင်အိမ်တော်မှာ ဆေးလိမ်းခဲ့ပြီးသားပါ။ပြီးတော့ ကျွန်မ အပိုထပ်မလိမ်းချင်ဘူး။ဒါ့အပြင် အမာရွတ်ရှိခြင်းမရှိခြင်းက ကျွန်မအတွက် အရေးမပါဘူး"
မိန်းမတစ်ယောက်က သူမကို ချစ်ခင်နှစ်သက်သူအတွက် ကိုယ့်ကိုကိုယ် အမြတ်တနိုး တန်ဖိုးထားပေမယ့် ကျွန်မက အဲ့လို ချစ်ခင်မြတ်နိုးမှုမျိုးကို မလိုအပ်တော့ဘူး။
ဖေသုက အကူအညီမဲ့စွာဖြင့် သူ့လက်ကို ပြန်ရုတ်သွားပြီး
"မင်း ဆေးမလိမ်းချင်ဘူးဆိုရင်တောင် အနည်းဆုံးတော့ တစ်ခုခုစားသင့်တယ်လေ ဟုတ်တယ်မလား?"
သူက လိုက်ကာစကိုမ၍ ဖယောင်းတိုင်မီးတွေကို ပိုမိုတောက်ပအောင် ထွန်းညှိလိုက်ပြီး ရင်းနှီးနေတဲ့ ပင်လုံးကြိုင်အနံ့ကို ကျွန်မ အနံ့ရတယ်။
အဲ့ဒါဟာ မြို့တော်မှာရှိတဲ့ နာမည်အကြီးဆုံး ယီဖျင်လော်က ပင်လုံးကြိုင်ကိတ်နှင့်ပင်လုံးကြိုင်ဝိုင် ဖြစ်တယ်။ဖေသုနဲ့ကျွန်မ ရန်ဖြစ်တဲ့အချိန်တိုင်း သူက ဒါတွေကို သုံးပြီးတော့ ကျွန်မကို ချော့တယ်။
ဘာကြောင့်လဲဆိုတော့ ကျွန်မ သူ့ကို ချစ်မိသွားတဲ့နေရာက ယီဖျင်လော်လို့သိထားတာကြောင့်ပဲ။
ကျွန်မရဲ့ ကူးပြောင်းလာမှုက မတော်တဆ မဟုတ်ဘူး:အဲ့ဒါက မစ်ရှင်နဲ့ ရောက်လာခဲ့တာ။
ဒီခွေးသွေးဝတ္ထုထဲမှာ စုန့်ယန်ယွိက စိတ်ရောကိုယ်ပါ နှိပ်စက်ခံရပြီး တမင်သက်သက် ခံစားချက်ကိုနှိုးဆွပြီး ဇာတ်နာထားတဲ့ ဇာတ်ကြောင်းကို စာဖတ်သူများက ငြင်းဆန်ခဲ့ကြ၏။ကျွန်မက သူမရဲ့ ဝမ်းနည်းဖွယ်ရာ အချစ်ဇာတ်လမ်းကို ချိုမြိန်ရင်ခုန်စရာကောင်းတဲ့ အချစ်ဇာတ်လမ်းအဖြစ် ပြောင်းလဲပေးဖို့ ရောက်ရှိလာခဲ့တာ ဖြစ်တယ်။
စုန့်ယန်ယွိက ယီဖျင်လော်မှာ ဆေးခတ်ထားတဲ့ လက်ဖက်ရည်ကို မတော်တဆ သောက်မိခဲ့ပြီး သူမရဲ့ ဖြူစင်မှုဟာ ပျက်ယွင်းလုနီးပါး ဖြစ်ခဲ့ရတယ်။
သူမရဲ့ဖြူစင်မှုကို ထိန်းသိမ်းထားနိုင်ခဲ့ပေမယ့် သူမနဲ့ ရှောင်ယန်ကြားမှာ နားလည်မှုလွဲခြင်းတွေ၊အထင်လွဲမှားခြင်းတွေ ဖြစ်ပွားပြီး ရှောင်ယန်က နယ်စပ်ကို ထွက်သွားကာ သူမကို မြို့တော်မှာ တစ်ယောက်တည်း ကောလဟာလတွေကို သည်းခံစေခဲ့တယ်။
အဲ့ဒီအချိန်တုန်းက ဖေသုကလည်း စုန့်ယန်ယွိကို တိတ်တဆိတ် ကူညီနေတယ်ဆိုတာကို ကျွန်မ မသိခဲ့ဘူး။
ဒါကြောင့် ကျွန်မက စုန့်ယန်ယွိနဲ့ စကားပြောချင်ယောင်ဆောင်ပြီး သူမရဲ့ ခွက်နဲ့ တိတ်တိတ်လေး ခွက်ချင်းလဲခဲ့တယ်။
အဲ့ဒီအချိန်မှာ ဖေသုက အခန်းထဲက တဏှာရူးကို မောင်းထုတ်ပြီးပြီဖြစ်ပြီး အသိစိတ်ကင်းမဲ့နေတဲ့ စုန့်ယန်ယွိကို ကယ်တင်ဖို့ စောင့်နေခဲ့တယ်။
ကံဆိုးစွာနဲ့ပဲ ကျွန်မ စုန့်ယန်ယွိကို အစားထိုးပြီး အခန်းထဲ ဝင်တဲ့အချိန်မှာပဲ အကြံအစည်က ပေါ်ပေါက်သွားခဲ့ပြီး နောက်ကွယ်ကလူက ကျွန်မကို ပါးစပ်ပိတ်တဲ့အနေနဲ့ သတ်ဖို့ ဆုံးဖြတ်ခဲ့တယ်။
ကျွန်မ လှည့်ပြီးတော့ ဓားသွားကို ရင်ဆိုင်တဲ့အချိန်မှာပဲ သန်မာတဲ့လက်တစ်ဖက်က ကျွန်မရဲ့ခါးကို ဆွဲဖက်ပြီး ကျွန်မကို ဝှေ့ရမ်းပစ်လိုက်တယ်။
ကျွန်မရဲ့အင်္ကျီတွေ စုတ်ပြဲသွားပြီး ပူနွေးတဲ့သွေးတွေက မျက်နှာပေါ် လာစင်ခဲ့တယ်။
မမျှော်လင့်ထားစွာနဲ့ ကျွန်မတို့ မျက်လုံးချင်းဆုံတဲ့အချိန်မှာ ကျွန်မ ဖေသုရဲ့မျက်လုံးများကို တွေ့လိုက်ရတယ်။
ကျွန်မက ကွဲအက်သွားတဲ့ သူ့အသားကိုကြည့်ပြီး မတတ်နိုင်ဘဲ အော်ငိုမိသွားခဲ့တယ်။
ကျွန်မ နှလုံးခုန်မြန်သွားခဲ့ပြီး
"အရှင့်သားက ဘာလို့ ဒီရောက်နေတာလဲ"
ဖြစ်နိုင်တာက ကျွန်မက အဲ့ဒီအချိန်တုန်းက အရမ်း စိုးရိမ်ထိတ်လန့်နေခဲ့လို့ ဖြစ်နိုင်တယ်။ဖေသုရဲ့ မျက်ဝန်းထဲက တူညီတဲ့ အံ့အားသင့်မှုကို သတိမထားမိခဲ့ဘူး။
"ဒါပေါ့ ကိုယ်က မင်းကို ရှာဖို့အတွက် ဒီရောက်လာတာလေ"
သူ စကားပြောလို့ မပြီးခင်မှာပဲ ဖေသုက ကျွန်မကို အဝေးတွန်းထုတ်ပြီး တစ်ယောက်တည်း တိုက်ခိုက်တော့တယ်။
ဒီအရင်က ကျွန်မ ဖေသုကို မိသားစုပွဲအခမ်းအနားတွေမှာပဲဖြစ်စေ ဒါမှမဟုတ် နန်းတော်အပြင်ဘက်က အမဲလိုက်ခရီးတွေမှာပဲဖြစ်စေအကြိမ်ပေါင်းများစွာ တွေ့ဖူးတယ်။
အကြိမ်တိုင်းမှာ သူက "သခင်မလေးကျန်း တိုက်ဆိုင်လိုက်တာ" ဟု ပြောလေ့ရှိပြီး အဲ့ဒီနောက် ကျွန်မနားမှာပဲနေကာ ပွဲအခမ်းအနားပြီးဆုံးတဲ့အချိန်ထိ ကျွန်မနဲ့ စကားပြောနေလေ့ရှိတယ်။
အဲ့ဒီနေ့တုန်းက ယီဖျင်လော်မှာ မရေတွက်နိုင်တဲ့ အမှတ်တရတွေ တရဟောတိုးခဲ့တယ်။
ကျွန်မရှေ့ကလူက ကျွန်မအတွက် တိုက်ခိုက်ရင်း ဒဏ်ရာရခဲ့တယ်။ဖြစ်နိုင်တာကတော့ နှစ်တွေအကြာကြီး ကူးပြောင်းလာခဲ့ပြီးတဲ့နောက် ကျွန်မက အထီးကျန်မှုကို ငြီးငွေ့လာခဲ့တာ ဖြစ်ကောင်းဖြစ်နိုင်တယ် ဒါမှမဟုတ် အန္တရာယ်က ကျွန်မကို ကြောက်ရွံ့မှုနဲ့ သဘောကျမှုကြားထဲ စိတ်ရှုပ်ထွေးစေခဲ့တာ ဖြစ်နိုင်တယ်။
ဒါပေမဲ့ ကျွန်မ ဖေသုကို ချစ်မိသွားခဲ့တယ်။အဲ့ဒီတွေ့ဆုံမှုတွေက သူ့ဘက်က တမင်တကာလုပ်တာလို့ မှားယွင်းစွာ ယုံကြည်ခဲ့ပြီး အဲ့ဒီနေ့တုန်းက သူ ယီဖျင်လော်ကို ရောက်လာခဲ့တာ ကျွန်မကို အထူးတလည် လာရှာတာလို့ ယုံကြည်ခဲ့တယ်။သူက ကျွန်မကို အဲ့ဒီဓားသွားဆီကနေ အမှန်တကယ် ကာကွယ်ပေးချင်ခဲ့တာလို့ ယုံကြည်ခဲ့မိတယ်။
ဒါပေမဲ့ အဆုံးမှာတော့ အဲ့ဒါက ကျွန်မရဲ့ စိတ်ကူးယဉ်မှုတစ်ခုသာသာ ဖြစ်နေခဲ့တယ်။သူ့ကို ကျွန်မ ချစ်မိခဲ့တဲ့အချိန်ဟာ ဘာမှမဟုတ်ဘဲ လိမ်ညာမှုတစ်ခုပင်။
သူ့အသက်ကို စွန့်ပြီးတော့ ကယ်ချင်ခဲ့တဲ့လူက ဘယ်တုန်းကမှ ကျွန်မ မဟုတ်ခဲ့ဘူး။
"အမှန်တော့ ကျွန်မ ပင်လုံးကြိုင် မကြိုက်ဘူး။အဲ့ဒီနေ့တုန်းက ယီဖျင်လော်မှာ ကျွန်မ ပင်လုံးကြိုင်ကိတ် စားဖို့အတွက် အဲ့ဒီနေရာကို သွားခဲ့တာ မဟုတ်ဘူး"
ကျွန်မက သူ့ကို တည်ငြိမ်စွာ ပြန်ပြောလိုက်ပြီး ကျွန်မရဲ့အတွေးများ လွင့်ပါးသွားတယ်။
ပင်လုံးကြိုင်ကိတ်မုန့် သွားစားတယ်လို့ ကြေညာခဲ့ခြင်းက မူလဇာတ်ကောင်ရဲ့ ပင်လုံးကြိုင်ကိတ် ကြိုက်နှစ်သက်မှုကို ဖုံးအုပ်ပြီး ဖေသုကို အရူးလုပ်ရန်အတွက် လိမ်ညာမှုတစ်ခုပင်။
ကျွန်မက ဖေသုကို ချစ်မိသွားခဲ့လို့ ပင်လုံးကြိုင်ကို ကြိုက်လာခဲ့တာ ဖြစ်တယ်။
အဲ့ဒီနေ့တုန်းက ကျွန်မတို့နှစ်ယောက်လုံး လိမ်ညာခဲ့ကြတယ်လို့ မထင်ထားခဲ့ဘူး။