no

Font
Theme

ကြင်နာတတ်တဲ့ ဒုတိယဇာတ်လိုက် ပြန်လည်မွေးဖွားလာပြီးနောက်

အချပ်ပို-ဖေသု၏နိဂုံး

ဖေသုက သူသာ ထီးနန်းကို ရယူနိုင်ခဲ့ရင် သူ ချစ်တဲ့လူကို လက်ထပ်နိုင်ပြီး သူ ဂရုစိုက်တဲ့သူတွေကို ကာကွယ်ပေးနိုင်လိမ့်မယ်လို့ တစ်ချိန်က တုံးအစွာ ယုံကြည်ခဲ့တယ်။

ဒါပေမဲ့ ဘဝမှာ ဒုတိယအကြိမ် အခွင့်အရေးရရင်‌တောင်မှ သူ ပြောင်းလဲဖို့ မတတ်နိုင်တဲ့ အရာတွေ အများကြီးရှိတယ်။

ဉပမာအနေနဲ့ စုန့်ယန်ယွိက ရှောင်ယန်နဲ့ လက်ထပ်သွားဆဲဖြစ်‌တာကို ကြည့်နေခဲ့ရပြီး ကျွမ်းချင်ကို မြှားနဲ့အပစ်ခံရတာကို မြင်ခဲ့ရတာမျိုးပေါ့။

သူ သူမကို ကယ်တင်ဖို့ အရမ်းနီးစပ်ခဲ့တယ်။အကယ်၍ သူသာ ခြေတစ်လှမ်း ပိုမြန်ခဲ့ရင် သူမကို သူ့လက်မောင်းတွေထဲမှာ ထွေးပွေ့ထားပြီးတော့ အဲ့ဒီမြှားဆီကနေ ကာကွယ်ပေးနိုင်ခဲ့မှာ။

ဒါပေမဲ့ ဘဝမှာ 'အကယ်၍' ဆိုတာ မရှိဘူး။

မီးရှူးမီးပန်းတွေကို သူ မြင်တဲ့အချိန် ထိုနေရာကို တတ်နိုင်သမျှ အမြန်ဆုံး အပြေးအလွှားသွားခဲ့ပေမယ့် စုန့်ယန်ယွိ တစ်ယောက်တည်းကိုပဲ တွေ့ခဲ့ရတယ်။

"အရှင်မင်းကြီး........ကျေးဇူးပြုပြီး ဧကရီကို သွားကယ်ပေးပါဦး......သူ(မ).........သူ(မ)က ကျွန်မကို ဒါပေးပြီး‌တော့ သူ(မ)ဘာသာ အရင်မင်းဆက်ရဲ့လူတွေကို အာရုံလွှဲဖို့ ထွက်သွားတယ်"

သူမရဲ့အသံက နူးညံ့ပေမယ့် စကားတစ်လုံးချင်းဆီတိုင်းက သူ့နားထဲမှာ မိုးခြိမ်းလိုက်သလိုပဲ။

သူမက စုန့်ယန်ယွိကို ကယ်တင်ဖို့ ရောက်လာတာဖြစ်တဲ့အကြောင်း သူမ ပြောဖူးတာကို သူ သတိရသွားတယ်။

ပြီးတော့ သူမက အဲ့ဒါအတိုင်း အတိအကျ လုပ်ခဲ့ပြီး သူမရဲ့အသက်ကိုတောင်မှ စွန့်လွှတ်ခဲ့တယ်။

အဲ့ဒီနေ့တုန်းက သူက သူ့ဓားကို သူမဆီ ချိန်ရွယ်ခဲ့ပြီး သူမကို အရင်ဘဝက သစ္စာဖောက်ပြီးတော့ သူရဲဘောကြောင်တဲ့ ကျန်းလော့ယွီအဖြစ် မြင်ခဲ့တယ်။

အဲ့ဒီနေ့ကနေစပြီးတော့ သူ့ကို ကြည့်တဲ့အချိန် သူမရဲ့မျက်လုံးထဲက တောက်ပတဲ့အလင်းရောင်ဟာ ပျောက်ကွယ်သွားတယ်။

အမှန်တော့ ဧကရီအစားထိုးရတာက သူ့အတွက် မခက်ခဲဘူး။ဒါပေမဲ့ အဲ့ဒီနေ့တုန်းက သူက ကွာရှင်းဖို့ကို ငြင်းဆန်ခဲ့ပြီး သူမ တောင်းဆိုတဲ့ ကိစ္စတွေကို လိုက်လျောပေးခဲ့တယ်။

သူက ဧကရာဇ်တစ်ပါးအနေနဲ့ မဟုတ်ဘဲ ဖေသုရဲ့ ကိုယ်ပိုင်စိတ်ဆန္ဒက သူမကို သူ‌ဘေးနားမှာပဲ ထားချင်ခဲ့တယ်ဆိုတာကို အစောကြီးကတည်းက သဘော‌ပေါက်ခဲ့သင့်တယ်။

ငယ်စဉ်ကတည်းက လက်ထပ်ခဲ့ကြပြီး နှစ်ပေါင်းများစွာ အတူနေထိုင်လာခဲ့ရာမှ သူ နောက်ဆုံးတော့ ချစ်မိသွားခဲ့တယ်။

ဒါပေမဲ့ သူမက သူ့ကို မချစ်တော့ဘူး။

သူမက သူ့ကို သူမရဲ့နာမည်အစစ်နဲ့မွေးနေ့တို့ကို ပြောပြဖို့ ငြင်းဆိုခဲ့တယ်။

သူမက အဲ့ဒါဟာ မလိုအပ်ဘူးလို့ ခံစားရပေမယ့် ကျန်းလော့ယွီအနေနဲ့ရော၊ဧကရီတစ်ပါးအနေနဲ့ပါ သူမရဲ့ တာဝန်တွေကို ဖြည့်ဆည်းပေးမယ်လို့ သူ့ကို ပြောခဲ့တယ်။

ဒါပေမဲ့ သူမက သူ့ကို ဘယ်တော့မှ ထပ်ပြီး မပြုံးပြတော့ဘူး။သူ့ရဲ့မေးခွန်းအားလုံးကိုလည်း ရှောင်လွှဲခဲ့တယ်။

ကျန်းဟွိုက်ကျီးက သူ့ကို နှင်းတောင်တွေပေါ်ကနေ ကယ်တင်လာခဲ့တဲ့တစ်ယောက်က သူမ ဖြစ်တဲ့အကြောင်း ပြောလာတဲ့နေ့တုန်းက သူမက ပြတ်ပြတ်သားသား ငြင်းဆိုခဲ့တယ်။

သူမက အဲ့ဒါကို တွေဝေတုံ့ဆိုင်းခြင်းမရှိ ငြင်းဆိုခဲ့တယ်။

သူ အထိတ်တလန့်ဖြစ်သွားတယ်။

အကယ်၍ သူမသာ အဲ့ဒါကို ပွင့်ပွင့်လင်းလင်း ဝန်ခံခဲ့ရင် ဖေသုက အဲ့ဒါဟာ အလိမ်အညာတစ်ခုလို့ ထင်သွားနိုင်တယ်။

ဒါပေမဲ့ သူမက အဲ့ဒီအဖြစ်အပျက်အကြောင်းပြောဖို့ လုံးဝရှောင်ဖယ်နေခဲ့တယ်။

ဖေသုက စုန့်ယန်ယွိဆီ သွားမေးခဲ့ပြီး ဘာကြောင့် သူက သူမရဲ့အမွှေးအိတ်နဲ့ အဆုံးသတ်သွားရတာလဲဆိုတာ သိချင်ခဲ့တယ်။

၎င်းက သူမတို့ဟာ အမွှေးအိတ်ချင်း လဲထားခဲ့တာ ဖြစ်နေခဲ့တယ်..........

စက်ဆုပ်စရာကောင်းတဲ့လူက.....သူ ဖြစ်နေခဲ့တယ်။

အဲ့ဒီနေ့ရဲ့ နောက်ရက်တွေမှာတော့ ဖေသုက အရာအားလုံးကို ပြန်ပြုပြင်ဖို့ ကြိုးစားခဲ့ပေမယ့် သူမကတော့ အဝေးမှာပဲ နေနေခဲ့တယ်။

သူက အချိန်ကြာလာနဲ့အမျှ သူမက သူ့ကို ဖြည်းဖြည်းချင်း ပြန်လက်ခံလာလိမ့်မယ်လို့ တုံးအစွာ ယုံကြည်ခဲ့တယ်။

သူမ သွေးသံရဲရဲနဲ့ သူ့လက်ထဲ လဲကျသွားပြီး သွေးတွေအန်ထွက်လာတာကို သူ မြင်ရတဲ့အချိန်ထိပဲ။

ကမ္ဘာပေါ်မှာ အင်အားအကြီးမားဆုံး ယောကျာ်းကတောင်မှ သေခြင်းတရားနဲ့ ရင်ဆိုင်ရတဲ့အခါ လုံးဝ အင်အားမဲ့သွားရတယ်။

သူမက သူမကိုယ်တိုင် သေလုမြောပါး ဖြစ်နေတာတောင် စုန့်ယန်ယွိ အန္တရာယ်ကင်းရဲ့လားဆိုပြီး မေးခဲ့တယ်။

"မင်းကရော ဘယ်လိုလဲ?"

ဖေသုက သူမကို မေးခဲ့ပြီး သူမရဲ့ မျက်လုံးတွေ ဖြည်းဖြည်းချင်း ပိတ်သွားတာကို ကြည့်နေခဲ့ကာ သူ ဘယ်လောက်ပဲ ခေါ်ပါစေ သူမကို သတိရလာအောင် မလုပ်နိုင်ခဲ့ပေ။

တော်ဝင်သမားတော်တွေက သူမဟာ အရမ်းအားနည်းလွန်းနေပြီး သွေးတွေအလွန်အကျွံ ဆုံးရှုံးထားတဲ့အတွက်ကြောင့် သူမကို မကယ်နိုင်တော့ဘူးလို့ ပြောခဲ့တယ်။

အကယ်၍ သူမသာ ပိုပြီးကျန်းမာခဲ့ရင် အခွင့်အရေးတစ်ခု ရှိနိုင်တယ်။

သူမရဲ့ ပျော့ညံ့တဲ့ခန္ဓာကိုယ်က သူ့ကို နှင်းတောင်ပေါ်ကနေ ကယ်တင်ခဲ့ခြင်းရဲ့ ရလဒ်ဖြစ်ပြီး သူ တော်ဝင်သမားတော်တွေကို ညွှန်ကြားထားခဲ့တဲ့ သန္ဓေတားဆေး‌ကြောင့် သူမရဲ့ ခန္ဓာကိုယ်ဟာ ထိခိုက်ခဲ့ရတယ်။

သူမကို သတ်ခဲ့တဲ့လူက ဖေသုဆိုတဲ့ သူကိုယ်တိုင်ပဲ။

စုန့်ယန်ယွိက သူမရဲ့နာမည်ဟာ ကျွမ်းချင် ဖြစ်ကြောင်း ပြောပြတယ်။

ဖေသုက သူမကို ကျွမ်းချင်ဆိုတဲ့နာမည်နဲ့ မြှုပ်နှံချင်တဲ့အချိန် ကျန်းဟွိုက်ကျီးက နန်းတော်ထဲကို ဒေါသတကြီးဝင်လာခဲ့ပြီး သူ့ကို ဓားဖြင့်ချိန်ရွယ်ကာ သူ သူမကို လုပ်ခဲ့တဲ့အတိုင်းပင်။

ကျန်းဟွိုက်ကျီးက သူ့ကို ကျိန်ဆဲခဲ့ပြီးတော့ သူမကို သူနဲ့လက်ထပ်‌ပေးမိလိုက်တဲ့အတွက် နောင်တရတယ်လို့ ပြောခဲ့တယ်။

ဒါပေမဲ့ ကျန်းဟွိုက်ကျီးက ဖေသုကို မသတ်‌ပေ။အဲ့ဒီအစား သူက တာဝန်ကနေ နှုတ်ထွက်ပြီးတော့ သူမရဲ့ခန္ဓာကိုယ်ကို ယူသွားကာ မြို့စွန်က ဘုရားကျောင်းရဲ့ ဗောဓိပင်အောက်မှာ မြှုပ်နှံပေးခဲ့တယ်။

ကျန်းဟွိုက်ကျီးက အဲ့ဒါဟာ သူမရဲ့ နောက်ဆုံးဆန္ဒဖြစ်တယ်လို့ ပြောပြီး ဖေသုက သဘောတူခဲ့တယ်။

ဒါပေမဲ့ ကျန်းဟွိုက်ကျီး မသိခဲ့တာကတော့ နှစ်ပေါင်းများစွာ ကြာပြီးတဲ့နောက် ဖေသုရဲ့ ခန္ဓာကိုယ်ဟာ တော်ဝင်သင်္ချိုင်းထဲမှာ မရှိဘဲ သူမရဲ့ဘေးနားမှာ သူ့ကိုယ်သူ မြှုပ်နှံပေးဖို့အတွက် အမိန့်ပေးထားခဲ့တယ်ဆိုတာပင်။

သူမ ဘယ်နေရာပဲ သွားပါ‌စေ သူက အလိုလို နောက်ကနေ လိုက်သွားရမှာပဲ။

ကျွမ်းချင်ရဲ့‌သေဆုံးမှုပြီးတဲ့နောက် မရေတွက်နိုင်တဲ့ညများတွင် ဖေသုက ဖုန့်ရှီးနန်းတော်ထဲမှာပဲ တစ်ညလုံး အချိန်ကုန်ဆုံးလေ့ရှိတယ်။

နေ့ဘက်မှာ သူအားတဲ့အချိန်တိုင်း သူက အဲ့နေရာကိုသွားပြီးတော့လည်း သူ့မျက်လုံးတွေကို မှိတ်ကာ ဒီနေရာထဲက သူမရဲ့ လှုပ်ရှားမှုတွေကို စိတ်ကူးယဉ်ကြည့်တယ်။

ကြင်ယာတော်အသစ် ရွေးချယ်ဖို့အတွက် ရုံးတော်က နှိုးဆော်သံတွေဟာ ကျယ်လောင်လာခဲ့ပေမယ့် ဖေသုက သူတို့ကို အာရုံမစိုက်ပေ။

ကျွမ်းချင်က အေးချမ်းပြီး တိတ်ဆိတ်တာကို သဘောကျတယ်။သူက သူမရဲ့ မြင့်မြတ်တဲ့နေရာကို ဘယ်သူမှ မနှောင့်ယှက်စေချင်ဘူး။

ဖုန့်ရှီးနန်းတော်ထဲက ဘယ်အရာကိုမှ ပေါ့ပေါ့တန်တန် လှုပ်ရှားလို့မရဘူးဆိုတာ နန်းတော်ထဲက လူတိုင်းသိတယ်။ပြီးတော့ ဧကရာဇ် အဲ့ဒီနေရာမှာ ရှိနေတဲ့အချိန်ဆိုရင် သူက တစ်ယောက်တည်း အထီးကျန်ရတာကို သဘောကျပြီး နှောင့်ယှက်ခံရတာကို မကြိုက်ပေ။

ဧကရီဟောင်း ကွယ်လွန်ပြီး ငါးနှစ်မြောက်တွင် နန်းတော်အစောင့်တွေက ဧကရာဇ်ရဲ့ ကျယ်လောင်စွာ ငိုကြွေးသံကို ကြားလိုက်ကြရတယ်။

အံ့ဩထိတ်လန့်ပြီး ‌ကြောက်ရွံ့တာကြောင့် ဘယ်သူမှ အထဲဝင်သွားပြီးတော့ မမေးမြန်းရဲပေ။

ဖေသုသာလျှင် အ‌ကြောင်းပြချက်ကို သိတယ်။ဖုန့်ရှီးနန်းတော်ထဲက စာအုပ်စင်ပေါ်က ဖုန်အထူဆုံးစာအုပ်ထဲမှာ တောက်ပတဲ့အနီရောင်စက္ကူလွှာတစ်ခု ရှိနေတာ ဖြစ်နေခဲ့တယ်။အဲ့ဒီပေါ်မှာ ရေးထားတာက ဖေသုရဲ့‌မွေးနေ့နဲ့ အခြားမရင်းနှီးတဲ့ တစ်ခုဖြစ်ကာ မှတ်ချက်ဖြင့် ⟨⟨ဖြေရှင်းဖို့ ခက်ခဲတယ်⟩⟩ ဆိုတဲ့စာကို ရေးထား၏။

ဒါပေမဲ့ မှတ်ချက်က ကြက်ခြေခတ်ခံထားရပြီး ရင်းနှီးနေတဲ့ လက်ရေးတစ်ခုက ⟨⟨မင်္ဂလာ⟩⟩ဟု အစားထိုး ရေးသားထားခဲ့တယ်။

အဲ့ဒါကို အနီးကပ်လေ့လာကြည့်မယ်ဆိုရင် အဲ့ဒီအချိန်တုန်းက ဒီစာလုံးတွေကို ရေးသားခဲ့တဲ့သူရဲ့ ဒေါသကို သိမြင်နိုင်တယ်။၊

တစ်ချိန်တုန်းက သူမက ကံကြမ္မာကို အံတုပြီး သူ့ကို လေးလေးနက်နက် ချစ်ခဲ့ပေမယ့် အခု သူမ မရှိတော့ဘူး။

သူ့ရဲ့သေခါနီးအခိုက်အတန့်မှာ ဖေသုက ဘဝမှာ နောက်ထပ်အခွင့်အ‌ရေးကို တောင်းဆိုခဲ့တယ်။အကယ်၍ သူ့မှာသာ နောက်ထပ်အခွင့်အရေးရှိခဲ့ရင် သူတို့ ပထမဆုံးတွေ့တဲ့အချိန်မှာ သူမရဲ့နာမည်ကို အရင်မေးမယ်။သူမကို မြန်မြန်လက်ထပ်ဖို့ ကြိုးစားပြီးတော့ သူမကို အရာအားလုံး ပုံပေးပြီး ချစ်ပေးမယ်။

ဒါပေမဲ့ ကောင်းကင်ဘုံက သူ့ကို နောက်ထပ်ဘဝတစ်ခု မပေးအပ်ခဲ့ပေ။အဲ့ဒီအစား သူ့ကို ဝိညာဉ်အဖြစ်နဲ့ ကျွမ်းချင်ရဲ့ကမ္ဘာကို ပို့ပေးခဲ့တယ်။

ဒါပေမဲ့ အဲ့ဒါက ကောင်းကင်ဘုံရဲ့ ကြင်နာမှုလို့ ခေါ်ဆိုရမှာထက် ရက်စက်မှုလို့ ခေါ်ဆိုတာက ပိုပြီးသင့်တော်တယ်။

ထွက်သွားပြီးတဲ့နောက် ကျွမ်းချင်က သူနဲ့ပတ်သက်တဲ့အရာတွေကို ဖတ်ရှုဖို့ ငြင်းဆိုခဲ့တာကို ဖေသု ကြည့်နေခဲ့တယ်။

သူမက စုန့်ယန်ယွိနဲ့ရှောင်ယန်အကြောင်းကို ဖတ်နေတဲ့အချိန် ရယ်လိုက်၊ငိုလိုက် ဖြစ်နေခဲ့ပေမယ့် သူ့အပိုင်းကို ရောက်တဲ့အချိန်မှာတော့ သူမက စာအုပ်ကို ပိတ်ပစ်လိုက်တယ်။

သူနဲ့ပတ်သက်တဲ့အရာအားလုံးက သူမအတွက် အရေးမပါတော့တဲ့အကြောင်း သူမက ပြောခဲ့တယ်။

စကားတစ်လုံးချင်းဆီတိုင်းက ဖေသုရဲ့ရင်ဘတ်ကို ဓားနဲ့ထိုးစိုက်‌လိုက်သလိုပဲ။ဝိညာဉ်တစ်ခုက နာကျင်မှုကို မခံစားရပေမယ့်လည်း ဖေသုဟာ သူ့အသက်ရှူခြင်းကို ယူဆောင်သွားတော့မယ့်အတိုင်း ပြင်းထန်တဲ့နာကျင်မှုကို ခံစားရတယ်။

ဒါပေမဲ့ ဘာလို့လဲဆိုပြီး သူ့မှာ မေးပိုင်ခွင့်မရှိဘူး။သူ အကြောင်းပြချက်အားလုံးကို သိတယ်။သူ့ရဲ့အပြစ်တွေက ခွင့်လွှတ်လို့မရနိုင်ဘူး ပြီးတော့ သူ့မှာ ကန့်ကွက်စရာအကြောင်းမရှိဘူး။

အဲ့ဒီနောက် ဖေသုက ကျွမ်းချင်ဟာ သူ မရှိဘဲနဲ့ ဘဝသစ်တစ်ခု စတင်တာကို ကြည့်နေခဲ့တယ်။သူမက ပျော်ပျော်ရွှင်ရွှင် နေထိုင်ပြီးတော့ သူမကို စိတ်ရင်းအမှန်နဲ့ မြတ်နိုးဂရုစိုက်တဲ့ လူတစ်ယောက်နဲ့ ဆုံခဲ့တယ်။

သူတို့က တစ်ယောက်ကိုတစ်ယောက် ယုံကြည်ကြပြီး တစ်ခါတစ်ရံ အငြင်းပွားမှုတွေကို အမြန်ပဲ ဖြေရှင်းကာ အခြားတစ်ယောက်ကို လုံးဝ မလှည့်စားကြပေ။

ကျွမ်းချင်က အရမ်းပျော်ရွှင်နေခဲ့ပေမယ့် သူမနဲ့ပျော်ရွှင်မှုကို မျှဝေတဲ့လူကတော့ သူ မဟုတ်ခဲ့ဘူး။

အဆုံးမှာတော့ သူတို့ရဲ့ဆက်ဆံရေးကို ဖြတ်တောက်ပြီး သူမကို အဝေးတွန်းထုတ်ခဲ့တဲ့လူက သူပဲ ဖြစ်‌နေတယ်။

ကျွမ်းချင်နဲ့သူမရဲ့လက်တွဲဖော်အသစ် မင်္ဂလာခန်းမထဲကို ဝင်သွားတဲ့အချိန် ဖေသုက နောက်ဆုံးမှာတော့ သူ့ရဲ့မျက်လုံးတွေ ထာဝရ မှိတ်သွားတယ်။

"ငါ ထပ်ပြီး မမြင်ချင်တော့ဘူး"

ဖေသုက ကောင်းကင်ဘုံကို ‌ပြောလိုက်ပြီး သူ့မျက်ဝန်းတွေကနေ မျက်ရည်တွေ စီးကျနေကာ

"ကျေးဇူးပြုပြီး သူ(မ) အမြဲပျော်ရွှင်‌နေအောင် သေချာလုပ်ပေးပါ"

(အချပ်ပို ပြီးဆုံးပါပြီ)

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment