Chapter 1 - ဇာတ်လိုက်ရှို့နှင့်အတူ ကျောင်းပြောင်းကျောင်းသား ဖြစ်လာခြင်း
"ငါက ဒီတိုင်း အမြှောက်စာဇာတ်ကောင်လေးတစ်ယောက်သာသာပဲလို့ ပြောချင်တာလား ..."
ထန်ထန်က သူ့ကိုယ်သူ "စနစ်" ဟု တွင်တွင်ပြောသည့် ပြောင်လက်လက် စက်လုံးပုံကို ပျင်းတိပျင်းရွဲ စိုက်ကြည့်ရင်း ပြောလိုက်သည်။
စနစ်၏အရှေ့တွင် ရှိနေသည့် ထိုပုဂ္ဂိုလ်သည် မသိမသာ ရှည်စပြုနေသည့် အနက်ရောင်ဆံနွယ်နှင့် ဖြူဆွတ်ဆွတ်အသားအရေကို ပိုင်ဆိုင်ထားကာ အကြည့်တို့မှာလည်း ရေပြင်သဖွယ် ကြည်ရွှင်လင်းလက်နေခဲ့သည်။
မျက်နှာသွင်ပြင်အစိတ်အပိုင်းတစ်ခုချင်းစီကအစ တင့်တယ်ကြော့ရှင်းနေကာ ဗလာဖြစ်နေသည့် အခန်းလွတ်ထဲ ထိုင်နေရသည့်တိုင် ရှက်ရွံ့စိုးရိမ်ခြင်းတို့ အလျဉ်းမရှိ၊ ပကတိ တည်ငြိမ်နေပေသည်။
စနစ်က သူ့ကို လှည့်ပတ်ရင်း စိတ်တိုင်းတကျ ပြောလိုက်သည်။
"ဟုတ်တယ်။ ဒီဝတ္ထုက အနုပညာလောကရဲ့ နောက်ခံမရှိတဲ့ လူသစ်လေး ယွီယန်တစ်ယောက် ထိပ်ဆုံးအထိ ဘယ်လိုမျိုး တစ်ဆင့်ချင်း တက်သွားလဲဆိုတဲ့ အကြောင်းရေးထားတာ။ ဒါပေမဲ့ ဘယ်နေရာက မှားသွားလဲ မသိဘူး၊ ဝတ္ထုထဲမှာ ဆုရတဲ့ သရုပ်ဆောင်က သူ့အတွက် ဆေးခတ်ထားတဲ့ဝိုင်ကို မတော်တဆ သောက်မိရမှာ၊ အဲ့ဒီလူက ထန်ထန်၊ မင်းလေ။ ဒါပေမဲ့ မသောက်ဖြစ်ခဲ့ဘူး... တကယ်ဆို ဆေးခတ်ထားတဲ့ဝိုင်ကို မတော်တဆ သောက်မိပြီး sadist* ဒါရိုက်တာရဲ့ လိင်ပိုင်းဆိုင်ရာ စော်ကားတာကို ခံရ၊ အဲ့ဒီကနေစပြီး သရုပ်ဆောင်လမ်းကြောင်းတစ်ခုလုံး ပျက်စီးသွားရမှာကို ..."
(T/N - *sex လုပ်နေစဉ် သူတစ်ပါးကို ညှဉ်းပန်းနှိပ်စက်ပြီးမှ သာယာမှုရတတ်သူ)
ထန်ထန်က ထိုအကြောင်း တွေးလိုက်အခါ ပြီးခဲ့သည့် ရက်အနည်းငယ်က ကျင်းပသည့် ညစာစားပွဲ၌ သူသောက်ရမည့် ဝိုင်ခွက်အား လဲထားသူတစ်ဦး အမှန်တကယ်ပင် ရှိခဲ့ကြောင်း အမှတ်ရသွားသည်။ ဝိုင်ခွက်လဲထားကြောင်း သတိပြုမိသည့်အတွက် သူက တစ်ဖက်လူမသိခင် ပြန်လဲထားလိုက်၏။ စနစ်၏ ပြောစကားအရ ထိုလူမှာ ဇာတ်လိုက်ရှို့ ဖြစ်ဟန်ပင်။
စနစ်၏စက်ရုပ်သံက ဆက်လက်ထွက်ပေါ်လာသည်။
"ယွီယန်က ဇာတ်လိုက်ဖြစ်တဲ့ဝတ္ထုမှာ ဒါရိုက်တာက မင်းကို အရမ်းစိတ်ဝင်စားတယ်လို့ ရေးမထားဘူး။ ဒါရိုက်တာက ယွီယန်ကို သူ့ရဲ့ နောက်ရိုက်မဲ့ရုပ်ရှင်မှာ ဇာတ်လိုက်အဖြစ် ပါဝင်ဖို့ အဖိုးအခအနေနဲ့ မင်းရဲ့ဝိုင်ခွက်ကို တမင်လဲပေးဖို့ တောင်းဆိုထားတာ။ အဲ့ဒီရုပ်ရှင်ကပဲ ဇာတ်လိုက်ရှို့ကို နာမည်ကြီးသွားစေမှာ။ ဒါပေမဲ့ အကြောင်းကြောင်းတွေကြောင့် မင်းက ဇာတ်ကြောင်းကနေ တမင်တကာ လွဲဖယ်သွားတော့ ယွီယန်ကို သူ့ရှူးသူ ပတ်သွားစေခဲ့တယ်လေ။ အဲ့ဒါကြောင့်ပဲ သူ့ဂုဏ်သတင်း ပျက်စီးပြီးနောက်ပိုင်း ယွီယန်က မင်းကို ငရဲအထိ ဆွဲချသွားဖို့ ရွေးချယ်ခဲ့တာပေါ့ ..."
ထန်ထန်က မျက်လုံးများ ပိတ်ကျလာသည်အထိ သဘောတကျ ရယ်လိုက်သည်။ ရယ်သံမှာ သာယာလွန်းလှကာ ကြားရသူတိုင်း၏ နားဖျားကိုပင် ယားကျိကျိ ဖြစ်သွားစေတော့၏။
သူက ဒူးကို လက်ထိပ်ဖြင့် တောက်ရင်း ပျင်းတိပျင်းရွဲ ပြောလိုက်သည်။
"စောစောက မင်းပြောတာ ဘာပါလိမ့်၊ ငါ့ကို ဇာတ်လိုက်ရှို့ရဲ့ အချစ်ကလေးတွေကို လုယူစေချင်တယ်၊ ဟုတ်လား ..."
ခဏမျှ ရပ်တန့်လိုက်ပြီးနောက် မေးစေ့ကို ပွတ်သပ်ရင်း သာမန်ကာလျှံကာ ပြောလိုက်သည်။
"သေချာပေါက်ကို လုပ်နိုင်တာပေါ့ ..."
ပထမဆုံးအကြိမ် ကမ္ဘာကူးပြောင်းလာခြင်းက ယခုထက်ပို၍ ကောင်းပေလိမ့်မည်။ မူလကိုယ်၏ ချစ်စရာ အငွေ့အသက်များဖြင့် ပြည့်နှက်နေသော အိပ်ယာထက်မှ နိုးထလာသော ထန်ထန်မှာမူ နားထင်တစ်ခုလုံး တဆစ်ဆစ် ကိုက်ခဲသည့် ဝေဒနာကိုသာ ခံစားနေရ၏။ မျက်မှောင်ကြုံ့ကာ မျက်စိကို တင်းတင်းမှိတ်လျက် မူလကိုယ်၏ မှတ်ဉာဏ်များကို လက်ခံလိုက်သည်။
(အရန်ဇာတ်ကောင် အစားထိုး - ထန်ထန်)
(ထန်ထန်ရဲ့မိသားစုက အလှကုန်ကုမ္ပဏီ အသေးလေးတစ်ခု ပိုင်ဆိုင်ထားပြီး ပြီးခဲ့တဲ့လဝက်ကမှ သူတို့ရဲ့စီးပွားရေးကို ချဲ့ထွင်ဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ J မြို့ကို ပြောင်းရွှေ့လာခဲ့ကြတယ်)
(ထန်ထန်ရဲ့အဖေက သူ့ကို အသက်ကြီးမှ ရခဲ့ကြတာ။ ပြီးတော့ ထန်ထန်ကိုယ်တိုင်ကလည်း လမစေ့ဘဲ မွေးလာတဲ့ကလေး ဖြစ်တဲ့အတွက် ကျန်းမာရေးမကောင်းလို့ ငယ်ငယ်ကတည်းက ကျောင်းမတက်ခဲ့ရဘူး။ သူ့မိသားစုက အရမ်းကြီးကျယ်ခမ်းနားတဲ့ မိသားစုတစ်စုတော့ မဟုတ်ပေမဲ့ သူ့ကို တန်ဖိုးကြီး ပုလဲလုံးလေးတစ်လုံးလို ဖူးဖူးမှုတ် ချစ်ပေးကြတာ။ ဒီရက်ပိုင်း နေမကောင်းဖြစ်တဲ့အချိန်ကို ရောက်လာမှ ထန်ထန်ရဲ့အဖေက သူ့ကိုယ်သူ အသက်ကြီးလာပြီဆိုတာနဲ့ သူ့သားလေးကို ထပ်ပြီးတော့ မကာကွယ်ပေးနိုင်တော့ဘူးဆိုတာကို သဘောပေါက်သွားတယ်။ အဲဒါကြောင့်ပဲ သူ့ရဲ့ ရိုးသားနုံအတဲ့ သားလေးကို ကိုယ့်ခြေထောက်ပေါ်ကိုယ် အမှီအခိုကင်းကင်းနဲ့ ရပ်တည်နိုင်ဖို့အတွက် J မြို့ရဲ့ နာမည်အကြီးဆုံး ကိုယ်ပိုင်အထက်တန်းကျောင်းကို ပို့ဖို့ ခက်ခက်ခဲခဲ ဆုံးဖြတ်ချက် ချခဲ့ရတော့တယ်)
(ဒီနေ့ကတော့ ကျောင်းအသစ်မှာ တက်ရမဲ့ ပထမဆုံးနေ့ပါ)
ထန်ထန်က သူ ရထားသည့် မှတ်ဉာဏ်များကို အပြည့်အဝ စုပ်ယူပြီးနောက် ရေချိုးခန်းရှိရာသို့ ထွက်သွားလိုက်သည်။ ရေချိုးခန်း၏ စင်ပေါ်၌ ကျောင်းသို့ ယူသွားရန် မနေ့ညက သူ့အဖေ အကြိမ်ပေါင်း ထောင်သောင်းမက သတိပေးခဲ့သော ပါဝါမပါသည့် မျက်မှန်ကိုင်းအနက်ရောင် အထူကြီးတစ်လက် ရှိနေခဲ့သည်။
ထန်ထန်က သူ့အကြည့်တို့ကို မှန်ရှိရာသို့ ပို့လိုက်သည်။ မှန်ထဲ၌ ၁၇ နှစ်၊ ၁၈ နှစ်အရွယ် အနက်ရောင်ဆံပင်ပိုင်ရှင် လူငယ်လေးက သူ့ကို စိုက်ကြည့်နေသည်။ မျက်နှာလှလှလေးထက်၌ ငယ်ရွယ်နုပျိုမှုတို့ တစ်စွန်းတစ်စ ကျန်ရှိနေဆဲဖြစ်ကာ နူးညံ့ကာ ငွေ့ရည်ဖွဲ့နေသည့် သမင်လို မျက်လုံးဝိုင်းလေးများက နူးညံ့ရိုးသားသူဖြစ်ကြောင်း ဖော်ညွှန်းနေသည်။ သူ့ပုံစံမှာ လိမ္မာရေးခြားရှိသည့် လူချမ်းသာ ဆယ်ကျော်သက်ကလေးတစ်ဦးအလား။
မှန်ထဲရှိ သူ့ရုပ်သူ စိုက်ကြည့်ရင်း မနာလိုဖြစ်မိလာသည့်အတွက် နူးညံ့အိစက်နေသော မျက်နှာကို ဆွဲညှစ်လိုက်မိတော့သည်။
မူလကတည်းက ဤခန္ဓာကိုယ်သည် မိဘများ၏ အလိုလိုက်မှုဖြင့် ကြီးပြင်းလာရသည့်အပြင် မူလကိုယ်ထဲသို့ ကူးပြောင်းလာကာစက စနစ်၏ "ငါတို့က ဇာတ်လိုက်ရှို့ရဲ့ ယောကျာ်းတွေကို ဖြတ်ခုတ်ရမှာဆိုတော့ ရုပ်ရည်သွင်ပြင်မှာလည်း သူ့ကို ရှုံးလို့ မဖြစ်ဘူးလေ" ဟူသည့် စကားကြောင့် သူ့မျက်နှာနှင့် ခန္ဓာကိုယ်မှာ ညှစ်လိုက်လျှင် ရေထွက်လုမတတ် နူးညံ့ပျော့ပျောင်းလာတော့သည်။
မျက်နှာထက်၌ နီမြန်းယောင်ယမ်းသည့် အမာရွတ် မဆိုထားနှင့်၊ ချွေးပေါက်တစ်ပေါက်တစ်လေကိုပင် မမြင်ရ။ မနာလိုအားကျစိတ်များနှင့်အတူ ထန်ထန်သည် သူ့မျက်နှာကို ကိုင်ကြည့်ရင်းပင် ဆေးကြောရန် ပြင်ဆင်လိုက်တော့သည်။
J မြို့ ကိုယ်ပိုင်အထက်တန်းကျောင်းမှာ မြို့ထဲ၌ နာမည်အကြီးဆုံး၊ အထက်တန်းအဆန်ဆုံး ကျောင်းတစ်ကျောင်းဖြစ်သည်။ ထူးချွန်လှသည့် ဆရာများ၊ တမူထူးကဲသည့် သင်ကြားရေးပုံစံ၊ သင်ယူမှုပတ်ဝန်းကျင်နှင့် နိုင်ငံအနှံ့မှ လူချမ်းသားကလေးများ စုံဆည်းရာနေရာဖြစ်ခြင်းတို့ကြောင့် အထူးထင်ရှားလှသည်။
နောက်ဆုံးနှစ် စာသင်ခန်းထဲ၌ ..
သခင်လေး၊ သခင်မလေးများ အချင်းချင်း တီးတိုးပြောနေစဉ် ဒေါက်ဖိနပ်နှင့် ဆရာမတစ်ဦး အခန်းထဲဝင်လာကာ သင်ခန်းစာ စာရွက်များကို ခုံပေါ်တင်ရင်း အားလုံးကို တိတ်တိတ်နေရန် အချက်ပြလိုက်သည်။
"ကလေးတွေ... ဒီနေ့ တို့တွေရဲ့အတန်းကို အတန်းဖော်အသစ်နှစ်ယောက် ထပ်ရောက်လာလိမ့်မယ်။ အားလုံး အဆင်ပြေပြေ တည့်တည့်ရှုရှုနဲ့ နေကြမယ်လို့လည်း မျှော်လင့်ထားတယ်။"
ဆရာမက ညင်သာစွာပြောရင်း အပေါက်ဝရှိ ကျောင်းသားသစ်များအား အခန်းထဲ ဝင်လာရန် လက်ဟန်ပြလိုက်သည်။
အခန်းထဲရှိ တီးတိုးစကားသံများ တစ်မဟုတ်ချင်း ငြိမ်ကျသွားကာ လူတိုင်းက သိလိုစိတ်ပြင်းပြစွာဖြင့် ပြတင်းပေါက်ဘက်သို့ လှည့်ကြည့်လိုက်ကြသည်။ ကျောင်းသားသစ်နှစ်ဦးမှာ အားလုံး၏ ဆွေးနွေးစရာ အကြောင်းအရာသစ်တစ်ရပ် ဖြစ်သွားတော့၏။
ပထမဆုံး ဝင်လာသူမှာ အလွန်လှပသည့် ယောကျာ်းလေးတစ်ဦးပင်။ အနည်းငယ် မိန်းမဆန်သည့် မျက်နှာအစိတ်အပိုင်း၊ သွယ်လျလျခါးနှင့် ဖြောင့်စင်းလှသည့် ခြေတံရှည်တစ်စုံတို့ကို ပိုင်ဆိုင်ထားသည့် ထိုကောင်လေးက ဝင့်ကြွားလှသော ဒေါင်းပျိုလေးအလား မေးကို မသိမသာ မော့ချီလျက် အခန်းထဲသို့ ဝင်လာသည်။
နောက်တစ်ယောက်မှာလည်း ယောကျာ်းလေးပင်။ သို့သော် သူက ရုန်းရွဲ့နေသည့် အနက်ရောင်မျက်မှန်ကိုင်းကို တပ်ကာ ကျောင်းလွယ်အိတ်ကို ပိုက်ပြီး နေရာတွင်သာ ငြိမ်ငြိမ်လေး ရပ်နေခဲ့သည်။
"ဟေး၊ ချူလဲ့အန်းက ဘဝင်မြောက်လွန်းတယ်လို့ မထင်ဘူးလား။"
"သူက မိသားစုအသေးလေးတစ်ခုရဲ့ လောလောလတ်လတ်ကမှ အသိအမှတ်ပြုခံထားရတဲ့ တရားမဝင်သားတစ်ယောက်ပဲဟာကို။ ဘာတွေ ဘဝင်မြောက်စရာရှိလို့လဲ။"
မိန်းကလေးတစ်ဦးက သူမ၏ ဘေးရှိ ထိုင်ခုံဖော်ကို တီးတိုးပြောလိုက်သည်။
နောက်တွင်ထိုင်နေသည့် လုကျစ်ရွှမ်က မျက်တောင်တို့ကို ပင့်ကာ အတန်း၏ရှေ့ဆုံးရှိ မေးကို မော်ချီထားသော ဒေါင်းပေါက်လေးကို လှမ်းကြည့်လိုက်၏။
"ချူမိသားစုရဲ့တရားဝင်သားက ပလေးဘွိုင်းဖြစ်နေတာ ကြာလှပြီလေ။ ချူလဲ့အန်းရဲ့အမှတ်တွေကလည်း တော်တော်လေးကောင်းတော့ ကြည့်ရတာ ချူမိသားစုက သူ့ကို ငါတို့အတန်းထဲ ထည့်ပေးဖို့ အဆက်အသွယ်တွေ တော်တော်လေး သုံးလိုက်ရတဲ့ပုံပဲ။ ချူမိသားစုကိုလည်း ငါတို့ကသာ အထင်မကြီးတာ၊ တခြားသူတွေရဲ့ အတွေးက တူချင်မှ တူမှာလေ။"
ဘေးနားတွင်ထိုင်နေသည့် မိန်းကလေးက လုပ်ထားကာစ လက်သည်းအသစ်စက်စက်လေးများကို ကြည့်နေရင်း အမှုမထားလေဟန်ဖြင့် ပြောလိုက်သည်။
ထိုစကားကိုကြားပြီးနောက် လုကျစ်ရွှမ်က စိတ်ဝင်စားစ ပြုလာကာ ဘေးနားတွင် သီချင်းနားထောင်နေသည့် ကောင်လေးကို တံတောင်ဖြင့် တို့လိုက်သည်။
"အားချာ၊ ချူမိသားစုဆိုတာ မင်းအမေဘက်က ဆွေမျိုးတွေမဟုတ်လား။"
အတို့ခံလိုက်ရသူက အေးစက်စက် အငွေ့အသက်တို့ ထုတ်လွှတ်လျက် မျက်လုံးဖွင့်ကြည့်လာ၏။ သူက နားကြပ်ကို ဖြုတ်ကာ စိတ်မရှည်စွာဖြင့် ပြောလိုက်သည်။
"ဘာဆွေမျိုးလဲ။ သွေးဝေးတဲ့အမျိုးအဆင့်တောင် မရှိတာကို။ ငါတို့ကို ကပ်ဖားရပ်ဖား လုပ်ချင်ရုံသက်သက်ပဲ ..."
လုကျစ်ရွှမ်က ဗာဒံစေ့မျက်လုံးများ ကွေးညွတ်လာသည်အထိ ပြုံးလိုက်သည်။
"ဆွေမျိုးဆိုတော့ရော ဘယ်သူက ဂရုစိုက်မှာလဲ။ ဟေး ကြည့်လိုက်ဦး ..."
သူက တံတောင်ဖြင့် တို့ကာ စနောက်ဟန်အပြည့်ဖြင့် ပြောလိုက်သည်။
"ကျောင်းသားသစ်နှစ်ယောက်စလုံးက တော်တော်လေး ကြည့်ကောင်းသားနော်။ မျက်မှန်တပ်ထားတဲ့တစ်ယောက်က ဘယ်လိုလဲဆိုတာ မှန်းရခက်ပေမဲ့ ငါ့ရဲ့ နှစ်ရှည်လများ ဖြတ်သန်းလာတဲ့ အတွေ့အကြုံအရဆို သူကလည်း ရှားပါးအလှလေးတစ်ယောက်ဖြစ်ဖို့ ကျိန်းသေတယ်။"
သူက ထန်ထန်၏ ပြောင်ရှင်းနေသော အသားအရေကို စုန်ချည်ဆန်ချည် စိုက်ကြည့်ရင်း ပြောလိုက်သည်။ ဖြူဖွေးနူးညံ့သည့် လည်တိုင်သွယ်သွယ်လေးမှသည် ဖြောင့်တန်းလှသည့် ခြေတံရှည်ကြီးများအထိ .. အစိတ်အပိုင်းတိုင်းက သူ၏ ထိကပါးရိကပါး လုပ်ချင်စိတ်များကို တဖွားဖွား တိုးလာစေခဲ့သည်။
ကျောင်းဝတ်စုံမှာ ငွေရောင်သုံးလွှာအနောက်တိုင်းဝတ်စုံဖြစ်ကာ ခါးတွင် ကွတ်တိဖြစ်နေသည့် ဒီဇိုင်းကြောင့် ထန်ထန်၏ သွယ်လျသော ခါးသိမ်သိမ်လေးကို အတိုင်းသား မြင်နေရသည်။ သူက ချူလဲ့အန်းထက် အနည်းငယ် အရပ်ပိုရှည်ကာ ကျောင်းဝတ်စုံ၏ဘောင်းဘီမှာ အနည်းငယ် တိုနေသည့်အတွက် ဘောင်းဘီစ လွတ်နေသော နေရာမှတစ်ဆင့် ကျောက်စိမ်းလို ဖြူဖွေးနေသော ခြေကျင်းဝတ်လေးကိုလည်း မြင်တွေ့နေရသည်။
လုကျစ်ရွှမ်က နောက်သို့မှီကာ မျက်လုံးကို မသိမသာ မှေးကျဉ်းလျက် ပြောလိုက်သည်။
"မိုက်လိုက်တဲ့ ခန္ဓာကိုယ်။ သူ့ပုံစံလေးကလည်း ဘယ်လိုလေးဖြစ်မလဲ သိချင်စမ်းရဲ့။"
သူက ထန်ထန်ကို စုန်ချည်ဆန်ချည် စိုက်ကြည့်နေစဉ်မှာပင် ထန်ထန်ကလည်း သူတို့ကို တိတ်တခိုး အကဲခတ်နေပေသည်။
(လု၊ ကျန်းနဲ့ နီမိသားစုတွေက J မြို့ရဲ့ အဓိက အင်အားကြီးမိသားစုသုံးခု။ သုံးယောက်စလုံးက အတူတူ ကြီးပြင်းလာကြတဲ့အပြင် အကြိုက်ချင်းလည်း တူကြတယ်။ ပြီးတော့ ကျောင်းမှာ ဘယ်သူမှ လာမရှုပ်ရဲတဲ့ အာဏာရှင်အသေးစားလေးတွေဆိုလည်း မမှားဘူး)
ထန်ထန်က အတန်းနောက်ဆုံးသို့ ဖျပ်ခနဲ လှမ်းကြည့်လိုက်သည့်အခါ အတူတူ ထိုင်နေကြသည့် လုကျစ်ရွှမ်နှင့် ကျန်းချာကို တွေ့လိုက်သည်။ ကျန်းချာ၏စရိုက်မှာ အေးစက်စက်နိုင်လှကာ ပြင်ပကမ္ဘာ၏ ဆူညံသံများက သူ့အတွက် သက်ရောက်မှု မရှိလေသည့်အလား တစ်ကိုယ်တည်း သီချင်းနားထောင်နေသည်။ ကျောင်းဝတ်စုံဂျာကင်ကို ဝတ်မထားဘဲ ရှပ်အင်္ကျီအဖြူရောင်ကို လိပ်တင်ကာ ကြွက်သားများဖြင့် ပြည့်နှက်နေသော လက်မောင်းကို လှစ်ဟပြထားသည့် သူ့ပုံစံမှာ တစ်နည်းတစ်ဖုံ အန္တရာယ်အငွေ့အသက်တို့ ဖုံးလွှမ်းနေသယောင်။
သူ့ဘေးနားရှိ လုကျစ်ရွှမ်၏ စရိုက်မှာမူ လုံးဝ ကွဲပြားပေသည်။ ဘယ်ဘက်နားရွက်၌ စိန်နားကပ်တစ်ဖက် ဝတ်ထားကာ လည်စည်းကို လျော့ရိလျော့ရဲ စည်းထားသည့် သူ့ပုံစံမှာ ကျန်းချာနှင့် လားလားမှမတူ။ ကျီစယ်လိုဟန်တို့ ပြည့်နှက်နေသည့် ဗန်ဒါစေ့ပုံမျက်ဝန်းကြောင့် နှစ်လိုစွဲမက်ဖွယ် အငွေ့အသက်တို့ လျှံထွက်နေတော့သည်။
ထန်ထန်က မျက်လွှာချထားသည်။ နီရှန်းယန်က ကျောင်းမလာသည့်အတွက် သူ့အကျင့်စရိုက်ကို မခန့်မှန်းတတ်သေး။ ထို့ကြောင့် စိတ်ကိုပြင်ဆင်ကာ ကျောင်းလွယ်အိတ်ကို ပိုက်လျက် ဆရာမ သူ့အတွက် ထိုင်ခုံနေရာချထားပေးမည့်အချိန်ကိုသာ ငြိမ်ငြိမ်လေး စောင့်နေလိုက်သည်။
"ဟုတ်ပြီ။ ဒါဆို မင်းတို့နှစ်ယောက် ..."
ဆရာမက အခန်းတစ်ခုလုံးကို အကဲခတ်လိုက်ပြီးနောက် လွတ်နေသည့် ထိုင်ခုံများမှာ အတန်း၏ နောက်ဆုံးနားတွင်ဖြစ်ကြောင်း တွေ့လိုက်ရသည့်အခါ တစ်ခဏမျှ တုန့်ဆိုင်းသွား၏။
"အခုတော့ နောက်မှာပဲ ထိုင်လိုက်ကြဦး။ နောက်မှ တစ်ခါပြန်ပြီး နေရာချပေးမယ်။"
ထန်ထန်က ခေါင်းညိတ်ပြကာ သူ့ထိုင်ခုံရှိရာသို့ လျှောက်လာလိုက်သည်။ ချူလဲ့အန်းကလည်း သူ့နောက်မှ လိုက်လာ၏။
လုကျစ်ရွှမ်က သူ့ထံလျှောက်လာသော လူငယ်လေးကို လှမ်းကြည့်ပြီးနောက် စာအုပ်ကို ထုတ်နေရင်း ခြေတံရှည်ကြီးများကို သာမန်ကာလျှံကာ ဆန့်ထုတ်လိုက်သည်။
သူ တွက်ထားသည့်အတိုင်းပင်၊ သတိမမူမိသည့် ထန်ထန်က သူ့ခြေထောက်ဖြင့် ခလုတ်တိုက်ကာ အားခနဲအော်ရင်း မြေကြီးပေါ် လဲကျသွားတော့သည်။
အနက်ရောင်မျက်မှန်ကိုင်းကလည်း သူနှင့်အတူ ပြုတ်ကျသွားခဲ့သည်။
"ဟေး၊ ဘာလို့ ခြေထောက်ထိုးလိုက်တာလဲ။"
ချူလဲ့အန်းက ကြောင်အသွားကာ လုကျစ်ရွှမ်ကို မျက်မှောင်ကြုတ်၍ စိုက်ကြည့်လိုက်သည်။
ဒေါင်းပေါက်လေး၏ မျက်လုံးများမှာ ဒေါသအရောင်ကြောင့် ဖိတ်ဖိတ်တောက်နေသည့်တိုင် သွေးဆောင်ညှို့ယူနိုင်မှုတို့ကလည်း တစ်နည်းတစ်ဖုံ လျှံထွက်နေသည်။
ပွက်လောရိုက်သွားသည့် အခြေအနေကြောင့် ဘေးနားရှိ လောကကြီးနှင့် အဆက်ပြတ်နေသော ကျန်းချာပါ နိုးလာခဲ့သည်။ လုကျစ်ရွှမ်ကလည်း သူ့ကို ဤကဲ့သို့ ပွင့်ပွင့်လင်းလင်း အပြစ်ပြုရဲသူတစ်ဦး ပေါ်လာသည့်အတွက် မှင်တက်မိသွား၏။
ဤနှစ်များအတွင်း သခင်လေးလုသည်သာ အခြားသူများကို နိုင့်ထက်စီးနင်း ပြုကျင့်ခဲ့ရာ သူ့အာဏာကို မကြောက်ရွံ့ဘဲ ပွင့်ပွင့်လင်းလင်း ပြန်ပြောရဲသူတစ်ဦး ပေါ်ထွက်လာသည်မှာ ပထမဆုံးအကြိမ်ပင်။
မတော်တဆ ခြေဆန့်လိုက်မိခြင်းဖြစ်ကြောင်း ပြောမည်ပြုစဉ် သူ့ခြေထောက်နှင့် ခလုတ်တိုက်ကာ လဲသွားသူက သူ့ဘောင်းဘီစကို ဆုပ်ကိုင်ထားလျက် မတ်တပ်ထရပ်ရန် ကြိုးစားလာသည်။ မျက်နှာတစ်ခုလုံးနီးပါးကို ဖုံးအုပ်ထားသည့် အနက်ရောင်မျက်မှန်ကြီးက လျှောကျနေကာ သူ၏ နူးညံ့လှပသော မျက်နှာသေးသေးလေး ပေါ်ထွက်လာသည်။ နှစ်ဦးသား အကြည့်ချင်း ဆုံသွားပြီးနောက် ထန်ထန်ခမျာ ကြောင်အသွားရှာတော့သည်။ မျက်တောင်များ တဖျပ်ဖျပ်ခတ်လျက် လုကျစ်ရွှမ်၏ ဘောင်းဘီစအား ဆွဲထားသည့် လက်သွယ်သွယ်လေးများကို အလျင်အမြန် ဖယ်ချကာ နောက်ဆုတ်ရင်း ထစ်ထစ်ငေ့ါငေါ့ ပြောလိုက်သည်။
"တောင်း .. တောင်းပန်ပါတယ်။"
မူလက ချူလဲ့အန်းကို တစ်ခုခုပြန်ပြောရန် ပြင်နေသည့် လုကျစ်ရွှမ်ကလည်း ထန်ထန်၏ပုံစံကြောင့် ပြောမည်ပြင်ထားသည့် စကားလုံးများကို မျိုချလိုက်တော့သည်။ သူက ထန်ထန်၏ နားရွက်များ နီမြန်းကာ မျက်နှာတစ်ခုလုံး ရှက်သွေးဖြာလာသည်အထိ စူးစူးရဲရဲ စိုက်ကြည့်လိုက်၏။
ထို့နောက်တွင်မှ အကြည့်တို့ကို လွှဲဖယ်ကာ ဘာမှကြီးကြီးမားမား မဟုတ်ဟု ပြောလိုက်သည်။
ထန်ထန်၏ရုပ်ရည်မှာ အများအကြားတွင် ထင်းထွက်နေသည်အထိ ထူးကဲလှသည်။ ထို့ကြောင့်လည်း သူ့အဖေက စိုးရိမ်တကြီးဖြင့် ပုံဆိုးပန်းဆိုး မျက်မှန်အကြီးကြီးကို တပ်စေခြင်း ဖြစ်ပေသည်။
လုကျစ်ရွှမ်က ကျန်းချာနှင့် အကြည့်ချင်း ဖလှယ်လိုက်၏။ သူ့သူငယ်ချင်း၏ မျက်ဝန်းထဲမှ စိတ်ဝင်စားနေသည့် အရိပ်အယောင်တို့ကိုလည်း သေချာပေါက် မြင်တွေ့လိုက်ရသည်။
"ဘာလို့ တောင်းပန်နေတာလဲ။ သူ့ကြောင့် မင်း ချော်လဲသွားတာမှန်း အသိသာကြီးကို။"
ထန်ထန်၏မျက်နှာကို မြင်ပြီးနောက် ချူလဲ့အန်း၏ အကြည့်များထဲ၌ မနာလိုမှုတို့ သိသိသာသာ ကပ်ငြိလာသည်။ ထန်ထန်က သူ့မျက်နှာကို ဖုံးကွယ်အပြီးတွင် ချူလဲ့အန်းက သူ့အား ထရပ်ရန် ကူတွဲပေးကာ ထိုင်ခုံရှိရာသို့ ထွက်လာလိုက်ကြသည်။ သူစိမ်းတစ်ဦး၏ ကူတွဲပေးခြင်းကို ခံနေရသည့်အတွက် နေရခက်လာသော ထန်ထန်က ကျေးဇူးတင်စကားပြောကာ သူ့ထိုင်ခုံသို့ အမြန်ဝင်ထိုင်လိုက်တော့သည်။
သူ့အကြံအစည်များ နှောင့်ယှက်ခံလိုက်ရသည့်အတွက် ချူလဲ့အန်းက လုကျစ်ရွှမ်ကို အံတင်းတင်းကြိတ်ကာ စိုက်ကြည့်လိုက်သည်။ တစ်ဖက်လူကမူ အလှလေး သူ့ကို သတိပြုမိလာအောင် မည်သို့မည်ပုံ လုပ်သင့်ကြောင်း တွေးနေရသည့်အတွက် ချူလဲ့အန်းကို လုံးဝဥဿုံ လျစ်လျူရှုထားခဲ့သည်။
ချူလဲ့အန်းက လက်မလျှော့လိုသေးသည့်တိုင် သူ့ထိုင်ခုံတွင်သာ အသာ ဝင်ထိုင်လိုက်ရတော့သည်။ သူက ထန်ထန်နှင့် အတူမထိုင်ဘဲ သခင်လေးသုံးဦးနှင့် အနီးဆုံးခုံကို တမင်ရွေးချယ်ကာ ဝင်ထိုင်လိုက်သည်။
ထန်ထန်ကလည်း ဒေါသူပုန်ထနေသည့် ချူလဲ့အန်းကို ခိုးကြည့်ပြီး တိတ်တိတ်လေး မဲ့ပြုံးပြုံးလိုက်သည်။
မူရင်းဇာတ်ကြောင်းတွင် လူငယ်လေးက သူ့မျက်မှန်ကို အောက်ပြုတ်ကျမခံခဲ့။ တစ်ချိန်တည်းမှာပင် ချူလဲ့အန်းကလည်း သူ၏ သတ္တိရှိရှိ ပြန်ပြောရဲမှုကြောင့် သခင်လေးသုံးဦးသာမက ထန်ထန်ဆီကပါ ထင်မြင်ချက်ကောင်းတစ်ခု ပိုင်ဆိုင်သွားခဲ့သည်။
ထန်ထန်က သူ့ထက်ပိုပြီး ဆွဲဆောင်မှုရှိနေကြောင်း သိသွားသည့်အခါ ချူလဲ့အန်းက ပြောမပြနိုင်လောက်အောင် မနာလိုဖြစ်လာတော့သည်။ ထို့ကြောင့် ထန်ထန်အား သူ့ရုပ်ရည်နှင့်ပတ်သက်၍ စိတ်မလုံမခြုံဖြစ်အောင် ခြောက်လှန့်ကာ အရည်အသွေးနိမ့်သည့် မိတ်ကပ်များကိုပါ သုံးစေခဲ့သည်။ ထိုသို့ဖြင့် ထန်ထန်မှာ ဓာတ်မတည့်မှုကြောင့် နီမြန်းယောင်ယမ်းဒဏ်ရာများ ထွက်ပေါ်လာတော့၏။
နောက်ပိုင်းတွင် ထန်ထန်သည် ချူလဲ့အန်း၏ သူငယ်ချင်းဖြစ်သည်ဟူသော အကြောင်းပြချက်ကြောင့် သခင်လေးသုံးဦးအား သဘောကျနေသော မိန်းကလေးများသာမက ယောကျာ်းလေးများထံကပါ အနိုင်ကျင့်ခံရတော့သည်။ သူတို့က သခင်လေးသုံးဦး၏ ကာကွယ်ပေးခြင်းခံထားရသည့် ချူလဲ့အန်းကို တိုက်ရိုက်ရန်မစရဲ၊ ထို့ကြောင့် ချူလဲ့အန်း၏ သူငယ်ချင်းကောင်းဟု ယူဆရသည့် ထန်ထန်ထံသို့ မြားဦးလှည့်လာခဲ့ကြတော့သည်။
ဒါပေမဲ့ ... ဒီတစ်ကြိမ်မှာတော့ မရဘူး ...
ထန်ထန်က အတွေးတို့ကို လက်တွေ့ဘဝသို့ ပြန်ခေါ်ကာ စာအုပ်ကို ဖြည်းဖြည်းချင်းဖွင့်ရင်း စာသင်နေသည်ကို စူးစူးစိုက်စိုက် နားထောင်လိုက်သည်။
ထိုစဉ် မျက်လုံးမှိတ်ထားသည့် ကျန်းချာက သူ့နောက်နားစီမှ မွှေးပျံ့သည့် ရနံ့တစ်ခုကို ရလိုက်သည့်အတွက် မျက်လုံးကိုဖွင့်ကာ ဖုန်းမှန်မှတစ်ဆင့် သူ့နောက်ဘက်သို့ လှမ်းကြည့်လိုက်သည်။
သူနှင့် ဒေါင်လိုက်ကန့်လန့်ဖြတ်နေရာရှိ ကျောင်းသားသစ်က ငွေ့ရည်ဖွဲ့နေသော မျက်လုံးလေးဖြင့် ဘေးဘီကို ဂရုတစိုက် အကဲခတ်နေခဲ့သည်။ ထို့နောက်တွင် ခုံအောက်၌ တိတ်တိတ်လေး အခွံခွါထားပြီးဖြစ်သည့် ချောကလက်တောင့်ကို ပါးစပ်ထဲသို့ လှစ်ခနဲ ထိုးထည့်လိုက်၏။ နီရဲရဲလျှာဖျားလေးဖြင့် နှုတ်ခမ်းပေါ်တွင် ပေနေသော ချောကလက်ကို လျက်လိုက်ရာ ပန်းရောင်နှုတ်ခမ်းတစ်ခုလုံး အရည်ကြည်ဖြင့် စိုရွှဲဖူးအိသွားတော့သည်။
ထန်ထန်က မျက်လုံးကို မှေးကျဉ်းကာ ချောကလက်ကို ပါးစောင်ထဲ ငုံထားရင်း မှတ်စုစာအုပ်ဖြင့် စာလိုက်ရေးနေဟန်ဆောင်လိုက်၏။
ကျန်းချာ၏မျက်လုံးတို့ မှေးကျဉ်းသွားကာ လည်စေ့မှာလည်း မသိမသာ လှုပ်ရှားသွားတော့သည်။