no

Font
Theme

Ch-3:အစ်ကိုကြီး။

“အဆောင်အလွတ်တွေ အများကြီးရှိတယ်။ ငါနေတဲ့အခန်းမှာ ကုတင်အပိုရှိတယ်။"ပိုင်လော်က ယင်ထောင်ကိုဆွဲ၍ နွေးနွေးထွေးထွေးပြောသည်။ “ဒီလောက် ဒုက္ခတွေ အများကြီး ကြုံနေစရာ မလိုဘူး။ check-in လျှောက်လွှာကို ငါဖြည့်ပေးမယ်။ငါနဲ့လိုက်နေပါ”

“ကောင်းသားပဲ”သူတို့ စကားအနည်းငယ်သာ ဖလှယ်ခဲ့ကြသော်လည်း ယင်ထောင်သည် သူမ အရှေ့ရှိ မိန်းကလေးသည် အလွန်ပင်ကိုယ်ရည်ကိုယ်သွေးကောင်းသည်ဟု ခံစားမိသည်။မူလယင်ထောင်က မှုခင်းဆရာဝန်အဖြစ်မှ နှုတ်ထွက်ခဲ့သောကြောင့် ဝတ္ထုတွင် ပိုင်လော်၏ဖော်ပြချက်များစွာမရှိခဲ့ပေ။သို့သော် သူမ၏ ဟန်ဆောင်ညီမလေးနှင့် နှိုင်းယှဉ်ပါက ထိုမိန်းကလေးက သူမနှင့်ပေါင်းသင်းဖို့ပို၍လွယ်ကူသည်ကို သူမပြောနိုင်သည်။

ပိုင်လော်၏စိတ်အားထက်သန်သော လမ်းညွှန်မှုအောက်တွင် ယင်ထောင် သည် ရဲစခန်း၏ ပတ်ဝန်းကျင်နှင့် လျင်မြန်စွာ ရင်းနှီးလာခဲ့သည်။ သူမသည် အလွန်လိုက်လျောညီထွေရှိပြီး ဤအလုပ်အတွက် မူလယင်ထောင် ထက် သိသိသာသာ ပိုသင့်လျော်သည်။

“ရှောင်ထောင်၊နင့်အိမ်ပြန်ခရီးကနေပြန်လာတာကို ငါဘာကြောင့်များ နင့်ကို တခြားလူတစ်ယောက်လိုခံစားမိတာလဲ?နင်က စကားတပြောပြော ပြောတက်တဲ့ဟာကို” ပိုင်လော် သည် ယင်ထောင်၏ခရီးဆောင်အိတ်များကိုမြင်သောအခါ သိပ်မပြောတော့။ယင်ထောင်က အရင်ကထက်များစွာအဆင်ပြေသည်ဟု ခံစားရတယ်။

“အိုး အဲလိုလား?ငါ့အလုပ်ကိုအလေးအနက်ထားဖို့ ဆုံးဖြတ်ထားလို့နေမယ်”ယင်ထောင်က ဗီရိုထဲသို့ အဝတ်အစားများကို ချိတ်ဆွဲရင်း ကို့ရို့ကားယားအပြုံးဖြင့်ပြောလာသည်။

သူမက မူလယင်‌ထောင်နှင့်အတော်လေးကွာခြားပုံပေါ်နေသည်။ သူမကို အချိန်အကြာကြီး မသိခဲ့သော လုပ်ဖော်ကိုင်ဖက်များပင်လျှင် နားလည်နိုင်သည်။ ကံကောင်းထောက်မစွာ၊ သူမက ယင်အိမ်တွင်မနေလို့၊မဟုတ်ရင် ယင်နင်းနှင့်ကျောင်းယွဲ့တို့က သူမရဲ့ ပုံမှန်မဟုတ်တာကို သတိပြုမိလိမ့်မယ်။

“တကယ်လား?အလုပ်သင်ကာလပြီးရင် တခြားဌာနမှာ အလုပ်လုပ်ဖို့ အခွင့်အရေးရှာချင်ခဲ့တယ်လို့ နင်ပဲပြောခဲ့တာလေ”ပိုင်လော် သည် အနည်းငယ်အံ့ဩသွားသည်။ယင်ထောင်က ယခင်က မှုခင်းဆရာဝန်တစ်ဦး၏ အလုပ်ကို ပြတ်ပြတ်သားသား ရှုတ်ချခဲ့သည်။

“မဟုတ်တော့ဘူး၊ငါ့အတွေးကို ရှင်းပြီးပြီ၊မှုခင်းဆေးပညာက ငါ့အတွက် အသင့်တော်ဆုံးအလုပ်ပဲ!” ယင်ထောင်၏လေသံက လေးနက်၏။သူမအနေဖြင့် တခြားအရာကိုတော့မသိ၊ မှုခင်းဆရာဝန်တစ်ဦး၏အလုပ်တွင် သူမ ယုံကြည်မှုအချို့ရှိနေဆဲဖြစ်သည်။

“ကောင်းတယ်၊ဒါဆို နင်နဲ့လက်တွဲလုပ်ဖို့တကယ်ကို စောင့်မျှော်နေတယ်နော်!” ပိုင်လော် မှာတကယ်ကိုပျော်ရွှင်နေ၏။ ယခင်က သူမနှင့် ထိတွေ့ဖူးသော မှုခင်းဆရာဝန်များသည် သူမနှင့် အသက်ကွာဟချက်ကြီးသည်။ယင်ထောင် ကဲ့သို့သော ငယ်ရွယ်ပြီး လှပသော မှုခင်းဆရာဝန်ကို တွေ့ရခဲသည်။

အထုပ်ပိုးဖြည်ခြင်း ပြီးခါးနီးတွင် ယင်ထောင်၏မျက်ဝန်းထောင့်များသည် အမိုက်စားမိုနိုတိုရောင် ၀တ်စုံများကို ကြည့်ရင်း တုန်လှုပ်သွားသည်။သူမသည် ယခင်က ယင်အိမ်တွင် ခရီးဆောင်အိတ်များကို ထုပ်ပိုးထားစဉ်တွင် မူလယင်ထောင်၏အကြိုက်သည် ချိုမြိန်သည်။မူလယင်ထောင် သည် သူမနှင့်တူသောကလေးမျက်နှာရှိသော်လည်း ယင်နင်း၏ အပျိုစင်စိတ်နေစိတ်ထားကို အတုယူလိုသောကြောင့် အရွယ်ရောက်ပြီး မိန်းမလိုရှည်လျားသော ၀တ်စုံများကို အမြဲဝတ်တက်သည်။သူမက မိဘများ၏အဝတ်အစားများကိုခိုးယူ၍ ဝတ်ထားတက်သော ငါးလိုလို ငှက်လိုလိုနှင့်တူလှသည်။

“ပိုင်လော်၊အနီးအနားမှာ ကုန်တိုက်ရှိလား?” ယင်ထောင် ဒီအဝတ်အစားတွေကို တကယ်မဝတ်ချင်တော့ပါ။

“အင်း၊ရှိတယ်၊အတူသွားစို့၊ငါလည်း အဝတ်အစားတချို့ဝယ်ချင်လို့” ထို့နောက် ပိုင်လော်က ယင်ထောင်ကို အိပ်ဆောင်ထဲကဆွဲထုတ်သွားသည်။

ပိုင်လော်၏လက်ကိုဆုပ်ကိုင်ထားရင်း ယင်ထောင်၏နှလုံးသားထဲ နွေးထွေးမှုပြည့်လို့နေသည်။ဤအကျွမ်းတဝင်မရှိသောကမ္ဘာသည် သူမစိတ်ကူးထားသလောက် မဆိုးလှပါ။ဝတ္ထုထဲက ဇာတ်လိုက်တွေနှင့်ဝေးဝေးနေသရွေ့ မူလကမ္ဘာကို မပြန်နိုင်ရင်တောင် ကောင်းကောင်းနေနိုင်တုန်းပဲလို့ ယင်ထောင် ခံစားမိတယ်။

သို့ပေမဲ့စံနမူနာနှင့် လက်တွေ့ဘဝအကြား ကြီးမားသော ကွာဟချက်ရှိနေဆဲဖြစ်သည်။ပိုင်လော်နှင့်အတူ လမ်းမပေါ်ကို လျှောက်လာရင်းနဲ့ ယင်ထောင် သည် သူ့နာမည်ကို တစ်ယောက်ယောက် ခေါ်နေတာကို ကြားလိုက်ရတယ်။

“ယင်ထောင်!”

ယင်ထောင် လှည့်ကြည့်သည်။အသက် ၂၀ကျော်ဟုထင်ရသည့် အမျိုးသားတစ်ယောက် ငွေမှင်ရောင်ပြိုင်ကားတစ်စီးပေါ်ကနေ ဆင်းလာပြီး သူမနဲ့ပိုင်လော် ဆီကိုလျှောက်လာသည်။

ယင်ထောင် သူမအရှေ့ကလူကို မှတ်မိသည်။ သူသည် အဖြူရောင်ရှပ်အင်္ကျီနှင့် အနက်ရောင်ဘောင်းဘီတိုကို စမတ်ကျကျဝတ်ဆင်ထားပြီး အရပ် ၁.၈ မီတာခန့်ရှိသည်။ သူ၏အသွင်အပြင်သည် သူမနှင့် အနည်းငယ်ဆင်တူသော်လည်း သူသည် ပို၍ရင့်ကျက်ပြီး အေးစက်သည်။

ဤလူသည် မူလယင်ထောင်၏အစ်ကို ယင်ဟောင်ဖြစ်သည်။ သူသည် ရင့်ကျက်တည်ငြိမ်ပြီး သူ၏အပြုအမူများတွင် တည်ငြိမ်သော်လည်း လူများကို အနည်းငယ် ဂရုဏာသက်သည်။ယင်ဟောင်နှင့်ယင်ထောင်တို့၏ အသွင်အပြင်သည် ပို၍ဆင်တူသော်လည်း စိတ်သဘောထားကြီးပြီး ခံနိုင်ရည်ရှိသော ယင်ထောင် နှင့် နှိုင်းယှဉ်ပါက ယင်ဟောင် သည် နူးညံ့သိမ်မွေ့ပြီး အသိဉာဏ်ရှိသော ညီမလေးယင်နင်းကို ပိုသဘောကျသည်။

“အစ်ကိုကြီး။”ယင်ထောင်က အနှေးနှင့်အမြန် ရင်ဆိုင်ရမည်ကို သိသောကြောင့် ယင်ဟောင်ကို တည်တည်ငြိမ်ငြိမ် နှုတ်ဆက်လိုက်သည်။

“အာ၊သူငယ်ချင်းနဲ့ဈေးဝယ်ထွက်လာတာလား?” ယင်ဟောင်က ယင်ထောင်ကို သိပ်သဘောမကျပေမယ့် သူ့ညီမနှစ်ယောက်ကို သမာသမတ်ကျစွာ ဆက်ဆံဖို့ အတတ်နိုင်ဆုံး ကြိုးစားနေသေးသည်။

“အာ..သူမက စုံထောက်ပိုင်လော်ပါ၊သူမက ညီမအလုပ်သင်ကာလမှာ ညီမရဲ့ပါတနာလေ”ယင်ထောင်က ဈာန်ဝင်စားနေသောပိုင်လော်ကိုကြည့်ရင်း ကူရာမဲ့စွာပြုံးမိသည်။အမှန်တော့ အစ်ကိုကြီးသည် ရုပ်ရည်ပိုင်းထူးချွန်သူဟု သေချာပေါက် မှတ်ယူရပေမည်။

"မင်္ဂလာပါ အရာရှိပိုင်၊ကိုယ့်ညီမက ပုံမှန်ဆိုနည်းနည်းဆိုးတယ်၊သူမကို ဂရုစိုက်ပေးလို့ ကျေးဇူးတင်ပါတယ်။”ယင်ဟောင်က ပိုင်လော်ကို ယဉ်ကျေးသိမ်မွေ့စွာ နှုတ်ဆက်ပြီး ပိုက်ဆံအိတ်ထဲက ကတ်တစ်ကတ်ကို ထုတ်လိုက်တယ်။ သူက ကဒ်ကို ယင်ထောင်၏လက်ထဲ ထည့်ပေး၍ ပြောလာသည်။ "မင်းသူငယ်ချင်းနဲ့ ကြိုက်တဲ့ တစ်ခုခုဝယ်ပြီး အဖေ့အတွက် လက်ဆောင်တစ်ခု ရွေးပေး။ လာမဲ့တနင်္ဂနွေက အဖေ့မွေးနေ့၊အိမ်ပြန်လာဖို့မမေ့နဲ့”

ယင်ထောင် သည် ယင်ဟောင်ပေးသောကဒ်ကိုယူ၍ အနည်းငယ်ဆုံးရူံးသလိုခံစားရသည်။လာမည့မည့်တနင်္ဂနွေသည် ဇာတ်လိုက်များထွက်ပေါ်လာဖို့အတွက် မြင်ကွင်းတစ်ခုဖြစ်ပြီး သူမ တကယ်ကိုစိတ်အနှောက်အယှက်မဖြစ်မခံချင်သလို မသွားချင်ပါပေ။

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment