no

Font
Theme

အပိုင်း ၁၀

[အသက်၂၀ ကျော်အရွယ် အမျိုးသမီးတစ်ဦး ဂယောင်းဂီဒို၊ ပါဂျူနယ်စပ်မှ မြောက်ကိုရီးယားသို့ ထွက်ပြေးရန် ကြိုးစားစဉ် ဖမ်းဆီးခံခဲ့ရပါတယ်။ ရဲတပ်ဖွဲ့ရဲ့ ပြောကြားချက်အရ အသက် ၂၀ ကျော်အရွယ် ဟန်မျိုးရိုးမှာ ပြီးခဲ့တဲ့ ၁၂ ရက်နေ့ ညသန်းခေါင်က ပေါင်းစည်းရေးတံတားရဲ့ မြောက်ဘက်ကို ဖြတ်ကျော်ဖို့ ကြိုးစားစဉ် စစ်ဆေးရေးဂိတ်ရဲ့ အတားအဆီးတွေကို ဝင်တိုက်ပြီးတော့ အရပ်သားဝင်ထွက်ခွင့် ကန့်သတ်နယ်မြေကို ဖြတ်ကျော်ပြီး ၃ ကီလိုမီတာခန့် မောင်းနှင်သွားပြီးတဲ့နောက် ဖမ်းဆီးခြင်းခံရကာ ရဲတပ်ဖွဲ့ထံ အပ်နှံခံခဲ့ရခြင်းဖြစ်တယ်လို့ သိရပါတယ်။]

ပိတ်စသံ တရှပ်ရှပ်မြည်နေသော အဖြူရောင်ဝတ်စုံကို ဝတ်ထားသည့် အမျိုးသားက ဆေးခန်းအတွက် ပြင်ဆင်ရင်း မနက်ခင်းသတင်းကို နားထောင်နေသည်။ သူက နှုတ်ခမ်းလှုပ်ရုံ သီချင်းညည်းရင်း ဖြူစပြုနေပြီဖြစ်သော ဆံပင်များကို သပ်ရပ်စွာ ဘီးဖြင့်ဖြီးတင်လိုက်၏။ မနက်ခင်း လုပ်ရိုးလုပ်စဉ်အတိုင်း ကော်ဖီဘူးထဲ ရေထည့်၊ ရေနွေးအိုးကို အပူပေးပြီးနောက် နောက်ဆုံးအနေဖြင့် ချိန်းဆိုမှုအချိန်ဇယားကို စစ်ဆေးခဲ့သည်။

ဤကဲ့သို့ ပြည့်ကျပ်နေသော အချိန်ဇယားကို စစ်ဆေးတိုင်း ပထမဆုံးဝင်လာသည့်အတွေးကို မစဉ်းစားဘဲမနေနိုင်ပေ။ ကျေးလက်ဒေသရှိ ခပ်နွမ်းနွမ်းအဆောက်အအုံလေးမှ စတင်ခဲ့သော ဆေးခန်းမှာ တဖြည်းဖြည်းနှင့် ဆေးဘက်ဆိုင်ရာအကြံပေးငါးဦးရှိသော ဆေးရုံကြီးအဖြစ် ကြီးထွားလာ၏။ ဤဂုဏ်ယူဖွယ်အောင်မြင်မှုကြောင့် သူက ယနေ့တွင်လည်း အားအင်အပြည့်ဖြင့် လန်းဆန်းတက်ကြွနေတော့သည်။

ကြည့်ရအောင်၊ ကြည့်ရအောင်။ ဒီနေ့ရဲ့ ပထမဆုံးချိန်းထားတဲ့လူနာက....

ထိုအခိုက်အတန့်တွင် ကြိုတင်အသိပေးခြင်းမရှိဘဲ တံခါးက ဒုန်းခနဲ ပွင့်သွားလေသည်။ 'ဒီလိုမျိုး ဝင်လာလို့ မရပါဘူးရှင်...' ဟု ဧည့်ကြိုကောင်တာမှ သူနာပြုများ ဝိုင်းအုံလာကြသော်လည်း ဖိတ်ခေါ်မထားသော ဧည့်သည်မှာ အနီရောင် ဖဲကြိုးတပ် လက်ဆောင်ဘူးကြီးတစ်ခုကို ကိုင်ဆောင်ကာ ခြေလှမ်းကျဲများဖြင့် ဝင်လာ၏။

“ဆရာ၊ ဆောယောင်း ရောက်ပါပြီ။”

“...”

ဆရာဝန်၏ မျက်လုံးများ ပြူးကျယ်သွားပြီး အရေးအကြောင်းများ ပေါ်လာတော့သည်။

“ဆက်သွယ်တာလည်းမရှိဘဲ ဘယ်လိုလုပ်...”

“ဆရာ မရှိလောက်ဘူးလားမသိဘူးလို့ ထင်ထားခဲ့တာကို။”

ဆောယောင်းက အမှန်တကယ် ဝမ်းသာဟန်ဖြင့် ရယ်မောခဲ့သည်။ လှပစွာ ကွေးညွတ်သွားသော မျက်လုံးများက တောက်ပနေသော်လည်း တစ်နေရာရာတွင် မူမမှန်မှုတစ်ခုရှိနေ၏။ သူ့ကို ဆယ်နှစ်သမီးအရွယ်ကတည်းက မြင်ဖူးခဲ့သော ဆရာဝန်လည်း ယင်းမူမမှန်မှုကို ချက်ချင်း သတိထားမိလိုက်သည်။

“ဒီရက်ပိုင်း ကျွန်မပတ်ဝန်းကျင်ကလူတွေ ရုတ်တရက် ပျောက်ပျောက်သွားတတ်လို့ပါ။”

“ဆော၊ ဆောယောင်းရေ...”

ဆောယောင်းက ခေါင်းမာစွာဖြင့် ဆိုဖာပေါ်တွင် ထိုင်ချလိုက်သည်။ ဆရာဝန်လည်း တုန်ယင်နေသောလက်များကို အလျင်အမြန် ဖုံးကွယ်လိုက်ပြီး ချက်ချင်းပင် ဣန္ဒြေမပျက်သောမျက်နှာဖြင့် ဆောယောင်းရှေ့တွင် မျက်နှာချင်းဆိုင် ထိုင်လိုက်၏။ ဟန်ဆောယောင်းဆိုသော ကလေးမ၏ စိတ်နေသဘောထားကို သူ့ထက်ပိုသိသူမရှိ။ ထို့ကြောင့် အကြောက်အကန် ငြင်းဆန်ပြီး အလကား စိတ်တိုအောင်လုပ်ခြင်းထက်၊ အရင်ဆုံး သူ့စကားကို သေချာနားထောင်ပေးခြင်းက...

“လက်ဖက်ရည် ဖျော်ပေးရမလားဟင်။”

“ဟင်။”

“ဆရာ့အတွက် လက်ဆောင်လေး ယူလာခဲ့တာလေ။”

တောက်ပစွာ ထုပ်ပိုးထားသော ဘူးတစ်ဘူးပင်။ ဆောယောင်းက ကြီးမားသော အနီရောင်ဖဲကြိုးကိုဖြေကာ ဘူးကိုဖွင့်လိုက်သည်။ Famous tea, fruit tea, classic wind tea နှင့် green tea တို့ကို set လိုက် အမျိုးအစားစုံလင်စွာ ထုပ်ပိုးထားသည့် လက်ဖက်ရည်ဘူး။

ဆောယောင်းက ကုသဆောင်တစ်ဖက်တွင် ထားရှိသည့် island home bar table ဆီသို့ သွားကာ လက်ဖက်ရည်ခွက်ကို ရွေးလိုက်သည်။ လွတ်လွတ်လပ်လပ် သွားလာနေသည်မှာ ကိုယ့်အိမ်ကိုယ့်ရာအတိုင်းပင်။ ဆရာဝန်လည်း ရင်ဘတ်ထဲတွင် တင်းကျပ်နေသလို ခံစားရသဖြင့် လည်စည်းကို အနည်းငယ် လျှော့လိုက်၏။

“ကောင်မလေး၊ နင့် မျက်လုံး... မျက်လုံးတွေရော ဘယ်လိုဖြစ်သွားပြီလဲ။”

“သက်သာလာပါပြီ။”

ဆောယောင်းတစ်ယောက် ပွက်ပွက်ဆူနေသောရေကို စိုက်ကြည့်နေရာမှ အကြည့်မခွာနိုင်ခဲ့ပေ။

“တော်သေးလို့ ကုမရတာမျိုးမဟုတ်ဘူးတဲ့။ ရယ်စရာကောင်းတယ်မဟုတ်လားဟင်။”

သူက တိုပြတ်ပြတ် ရယ်မောလိုက်သည်။ သက်သာလာတာက တော်သေးသော်လည်း ဘာကြောင့် ရယ်စရာကောင်းသည်ကိုမူ နားမလည်နိုင်ခဲ့ပေ။ သို့သော် ဆရာဝန်က နှုတ်ခမ်းထောင့်စွန်းများကို အနေတော်ပင့်ကာ သဘောတူလက်ခံကြောင်းပြသလိုက်သည်။ အမြဲတမ်း အရေးကြီးသည်က ရင်းနှီးမှုတည်ဆောက်ခြင်းဖြစ်ပြီး၊ စာနာနားလည်ပေးသည့် ပတ်ဝန်းကျင်ကို ဖန်တီးပေးခြင်းကလည်း အရေးကြီးပေ၏။

“...ဘာ။”

ဆောယောင်းက ပခုံးသာတွန့်ပြခဲ့သည်။ သူက လက်ဖက်ရည် set ထဲမှ တစ်ခုကို ရွေးချယ်ကာ ထုပ်ပိုးထားသည့် စက္ကူကို ဖွင့်ပြီး လက်ဖက်ရည်ခွက်ထဲသို့ သေချာထည့်လိုက်၏။ ထိုအပေါ်သို့ ရေနွေးပူ လောင်းချလိုက်သောအခါ နီညိုရောင်အဖြစ် လှပစွာရောသွားလေတော့သည်။

“သင်ထားတဲ့အတိုင်း ကောင်းကောင်းမွန်မွန် ပြုမူခဲ့တာပါ။”

“…”

“ခွေးလေးလို နာခံပြီး၊ ချစ်ဖို့ကောင်းအောင်လည်း လုပ်ပြီး၊ လှလှလေး နေခဲ့တာလေ။”

ဆောယောင်းက ကျန်နေသော လက်ဖက်ရည်ထုပ်များကို သပ်ရပ်စွာ စုစည်းရင်း ဆက်ပြောခဲ့သည်။

“ဆရာလည်း သိပါတယ်။ ကျွန်မ အကောင်းဆုံးဖြစ်အောင် တကယ်ကို အများကြီး ကြိုးစားခဲ့တာပါ။ အဲ့ဒါကြောင့် သေခါနီးလူတွေကိုလည်း စောင့်ရှောက်ပေး၊ ချစ်ပေးခဲ့တာပဲမဟုတ်လား။ အကျိုးအမြတ် ဘာတစ်ခုမှမရှိတဲ့ အလုပ်မျိုး ဖြစ်ခဲ့တာတောင်မှလေ။”

“…”

“ဒါပေမဲ့လည်း ဒီလိုပုံစံ ဖြစ်လာတာပါပဲ။”

ဆောယောင်းက ကျက်သရေရှိတင့်တယ်သော ခြေလှမ်းများဖြင့် ချဉ်းကပ်လာကာ လက်ဖက်ရည်ခွက်ကို ချပေးခဲ့သည်။ ဆရာဝန်လည်း တဖြည်းဖြည်း အာခြောက်လာတော့၏။ သူက စားပွဲအောက်မှ ချွေးစေးတို့စိုနေသော လက်နှစ်ဖက်ကို ဆုပ်ကိုင်လိုက်သည်။

“တကယ်ပဲ ဘာကပြဿနာများလဲ။”

မသာမယာဖြစ်နေသော မျက်နှာထားက သနားစရာကောင်းသော်လည်း ဆရာဝန်ကမူ ယင်းမှာ ဟန်ဆောင်နေခြင်းဖြစ်မည်ဟု တွေးလိုက်သည်။ ဆရာဝန်က သူ့မျက်နှာထားသူ ဖုံးဖိထိန်းချုပ်ရန်အတွက် လက်ဖက်ရည်နွေးနွေးကို အလျင်အမြန် သောက်ချလိုက်၏။ အရသာခံနေရန်ပင် အချိန်မရှိခဲ့။

“ဘာလို့ လူတွေက မွေးပြီးတော့ စွန့်ပစ်၊ လူဖြစ်လာတော့ ထွက်ပြေး၊ ချစ်ခဲ့ပြီးတော့ သစ္စာဖောက်ရတာလဲ။”

“…”

“ဆရာကရော ဘာလို့ အဲ့လိုလုပ်ခဲ့တာလဲ။”

လက်ဖက်ရည်ခွက်ကို ချလိုက်သည့်လက်က အမှားလုပ်မိသွားသည်။ ခေါင်းမော့ကြည့်လိုက်တော့ ဆောယောင်းက သူ့အား အေးစက်စွာ စိုက်ကြည့်နေသည်ကို တွေ့လိုက်ရ၏။ ထိုသို့ကြည့်နေရာမှ မလိုက်ဖက်စွာပင် မျက်လုံးများကို မှေးစင်းကာ ရယ်လေတော့သည်။

“အရင်ကဆိုရင် မာဖီးယားတွေက သစ္စာဖောက်တွေကို ရှင်းပစ်ဖို့ လက်ဖက်ရည်ထဲ အဆိပ်ခတ်ပြီး တိုက်ကြတာတဲ့။”

“...”

တစ်ကိုယ်လုံးမှ သွေးများ စီးဆင်းသွားကုန်သလို ခံစားလိုက်ရသည်။ ဆရာဝန်၏ လက်က လည်ပင်းနားတစ်ဝိုက်တွင် စိုးရိမ်တကြီး ဝဲလည်နေတော့၏။

ယခင်ကရော၊ ယခုပါ ကြီးမားလှပသော ဆောယောင်း၏ မျက်လုံးရွဲများက အရောင်တင်မထားသည့် ပုလဲလုံးများလို မှုန်မှိုင်းမှိုင်းနှင့် ခံစားချက်မရှိပေ။ သို့သော် အစမှ အဆုံးအထိ ထိုအကြည့်တစ်ခုတည်းကသာ စူးရှနေပေသည်။ ထိုအချက်မှာ ငယ်စဉ်ကတည်းက ပြောင်းလဲမသွားခဲ့။ လိုချင်သောအရာတစ်ခု ရှိလာလျှင် မည်သည့်နည်းလမ်းဖြင့်မဆို ရယူတတ်သည့် ဇွဲ။ ဆရာဝန်၏ နှုတ်ခမ်းများ တုန်ယင်လာတော့သည်။

“ကောင်မလေး၊ ကောင်မလေး...”

“ဆရာက ကျွန်မကို စိတ်ဂယောင်ချောက်ချားရောဂါသည်ဖြစ်အောင် လုပ်ထားခဲ့တာကိုး။ အဲ့ဒီလိုသာမဟုတ်ရင် ကျွန်မ ထောင်နန်းစံရမှာ ကျိန်းသေပါတယ်။”

“ကြောက်နေတာလားရှင့်။”

“ငါ၊ ငါက…”

ထိုခဏ၌၊ နတ်ဆိုးလို ဆရာဝန်က ဆောယောင်းကို ရုတ်တရက် တွန်းဖယ်ကာ ထရပ်လိုက်သည်။ အဆိပ်က မည်မျှပင် နည်းသည်ဖြစ်စေ အတွင်းအင်္ဂါများကို ပျော်သွားစေနိုင်၏။ သူက နာကျင်မှုကိုခံစားရင်း ကုသဆောင်မှ ရရာနည်းဖြင့် ထွက်ပြေးရန် ကြိုးစားခဲ့သည်။

သို့သော် ပျော့ခွေနေသော ခြေထောက်များက ခြေလှမ်းအနည်းငယ်မျှပင် မလှမ်းနိုင်ဘဲ ဒုန်းခနဲ လဲကျသွားတော့သည်။

“ဆရာ၊ ကျွန်မကို ကျောမပေးပါနဲ့။” 

ဆောယောင်းက သူ့ကျောရိုး၏တစ်နေရာကို ဒူးဖြင့်ဖိချရင်း ပြောခဲ့သည်။

“ဘယ်သူက ခိုင်းခဲ့တာပါလဲ။"

“အဲ့ဒါက ငါ၊ ငါလည်း မသိဘူး… အားးးး…”

ဆောယောင်းက ဒူးတွင် အားထပ်ထည့်လိုက်ရာ ဆရာဝန်လည်း အော်ဟစ်လေတော့သည်။ သူက ဟနေသော ပါးစပ်ထဲသို့ သူ၏ လက်မောင်းကို ထိုးထည့်လိုက်ပြီး၊ တီဗီအသံကိုပါ အဆုံးအထိ ချဲ့လိုက်၏။

“အူးးးး…”

“ကျွန်မ သိရမှဖြစ်မယ်။ အမျိုးသားနဲ့ ပတ်သက်နေတယ် ထင်လို့ပါ။ တောင်းပန်ပါတယ် ဆရာ။ ဒါပေမဲ့ ကျွန်မက အမျိုးသားနဲ့ပတ်သက်လာရင် ဘာမှမမြင်တတ်တော့လို့ပါ။”

“အူးးးး…”

နောက်ဆုံး လက်မောင်းကို ဖယ်လိုက်တော့ ဆရာဝန်လည်း တံတွေးများစီးကျလာကာ မောဟိုက်စွာ အသက်ရှူလိုက်ရ၏။

“ငါလည်း… ကောင်းကောင်း၊ ကောင်းကောင်းမသိဘူး။ ဒီအတိုင်း… အကူအညီတောင်းတာကို လက်ခံခဲ့ရုံပဲ…”

“ဘယ်လို အကူအညီမျိုးလဲရှင့်။”

“ဟန်ဆောယောင်းရဲ့… ဆေးမှတ်တမ်းကို ကြည့်ချင်တယ်တဲ့။”

ဆေးမှတ်တမ်းတဲ့လား။ ဆောယောင်းက ဘာခံစားချက်မျှမရှိသောမျက်နှာဖြင့် ခေါင်းကို ငဲ့စောင်းလိုက်သည်။

“ဒါဆို ဆေးမှတ်တမ်းကိုလည်း ကိုယ့်သဘောနဲ့ကိုယ် ပြင်ဆင်ခဲ့တာပေါ့။”

“…အဲ့၊ အဲ့ဒါက မင်းအပေါ် လုံးဝ ထိခိုက်စေမှာမဟုတ်ဘူးဆိုပြီး…”

ဆရာဝန်က လက်လျှော့လိုက်သည့်အလား သူ့ကိုယ်သူ လူးလွန့်ရုန်းထွက်လိုက်သည်။ သူ့အား ဒူးဖြင့်ဖိထားသည့် ဆောယောင်းလည်း စိတ်မောသလို ဆိုဖာကိုမှီကာ ထိုင်ချလိုက်၏။ ထို့နောက် စားပွဲပေါ်ရှိ လက်ဖက်ရည်ကို ဘာမှမဖြစ်သလို တဂွတ်ဂွတ်မြည်အောင် မော့သောက်လေသည်။

ဆရာဝန်လည်း သူ့ပုံစံကို မှင်တက်စွာ စိုက်ကြည့်နေမိ၏။ တောင့်တင်းနေသော မျက်လုံးအိမ်များပင် တုန်ယင်လာရသည်။

“မင်း... မင်း...”

“အဲ့ဒီတော့ တိတိကျကျ ဘယ်သူများလဲ။ ဘယ်ကလာတဲ့ကောင်တွေလဲ။”

ဆောယောင်းက လက်ဖက်ရည်စိုနေသော နှုတ်ခမ်းများကို လက်ဖမိုးဖြင့် သုတ်လိုက်သည်။ ထိုအခါမှ ဆရာဝန်လည်း ဤအရိုင်းအစိုင်းလူနာ၏ လက်ချက်ဖြင့် သူ အလှည့်စားခံလိုက်ရပြီဖြစ်ကြောင်း သဘောပေါက်သွားတော့၏။ 

မဟုတ်လျှင် လွန်ခဲ့သော နှစ်ပေါင်းများစွာကတည်းက စုပုံလာခဲ့သည့် မသိနားမလည်မှုနှင့် ကြောက်ရွံ့မှုတို့ တစ်ပြိုင်နက်တည်း ပေါက်ကွဲသွားခြင်း ဖြစ်နိုင်ပေသည်။ သူက လည်ပင်းကို ပွတ်သပ်ရင်း တုန်ယင်နေသောအသံဖြင့် ပြောလိုက်၏။

“...ငါ့ကို စိတ်ပျက်အားလျော့အောင် လုပ်ချင်တာလားတော့ မသိပေမဲ့ နိုင်ငံတော်အဖွဲ့အစည်းတစ်ခုကလို့တော့ ပြောခဲ့တာပဲ။ လုပ်ငန်းကတ်တော့ မရှိပေမဲ့ နောက်ပိုင်းကျတော့ ပုံနှိပ်တိုက်က လုပ်ငန်းကတ်တစ်ခု ရခဲ့တယ်။”

ပုံနှိပ်တိုက်ဖြစ်ဖြစ်၊ ထုတ်ဝေရေးလုပ်ငန်းဖြစ်ဖြစ်... ဆောယောင်းက နံနက်ခင်း ငှက်ကလေးလို မောဟိုက်စွာ အသက်ရှူရင်း တီးတိုးရေရွတ်လိုက်သည်။ ဘယ်နေရာမှ ထိခိုက်မိခြင်း မရှိပါဘဲ ရင်ဘတ်က အောင့်တက်လာသလို နာကျင်နေသည်။ ဟင့်အင်း၊ တကယ်တမ်းက ဂင်ဟျွန်းကို နောက်ဆုံးအထိ ယုံကြည်ချင်ခဲ့သောကြောင့်ပင်။

ဟန်နမ် စုံစမ်းရေးစင်တာကို ဘယ်လိုများ ယုံနိုင်မှာလဲ။ အဲ့ဒီလူတွေက ဘာမို့လို့လဲ...

မသိစိတ်တွင် ထိုသို့သော မိုက်မဲသည့်စွဲလမ်းမှုကို မွေးမြူခဲ့မိတာလည်း ဖြစ်နိုင်၏။

သို့သော်လည်း အမျိုးသားထောက်လှမ်းရေးအဖွဲ့၏ သံသယဖြစ်ဖွယ်တုံ့ပြန်မှုနှင့် ဆရာဝန်၏ သက်သေထွက်ဆိုချက်ကို ကြားပြီးသည့်နောက်တွင် အမှန်တရားကို ရှောင်လွှဲရန် အကြောင်းပြချက်မရှိတော့။ တိတ်တိတ်လေး ငြင်းဆန်နေခဲ့သော လက်တွေ့က တဖြည်းဖြည်းနှင့် အောက်ခြေအထိ ပေါ်လွင်လာနေပေပြီ။

သူတို့ယက်ထားသော ပင့်ကူအိမ်က ဤမျှပင် ရှင်းလင်းနေပါလျက်နှင့် သူတစ်ဦးတည်းသာ မသိခဲ့ခြင်းပင်။ ရှင်းလင်းလှသော်လည်း အမှန်တကယ် မသိခဲ့ပေ။

ဆောယောင်းက လက်နှစ်ဖက်ကို မြှောက်ကာ မျက်လုံးများကို အုပ်လိုက်သည်။ ရှုံးနိမ့်သွားသလိုခံစားချက်က ဝင်ရောက်လာ၏။

ဂင်ဟျွန်း၊ ရှင် ကျွန်မကို လှည့်စားခဲ့တာ တကယ်ပဲ ဟုတ်နေတာပေါ့... ပြီးတော့ ကျွန်မကို စွန့်ပစ်ခဲ့တာ။ ပျောက်သွားတာ မဟုတ်ဘူး၊ လုံးဝ ထွက်သွားတာပဲ။

“...ဆရာက ကျွန်မဆီလာပြီး နည်းမှန်လမ်းမှန်အကြောင်း သင်ပေးခဲ့တယ်မဟုတ်လား။”

“ဟုတ်၊ ဟုတ်တယ်လေ...”

“အဲ့ဒီလိုဆိုရင် ဒီနေ့က ကျွန်မတို့ရဲ့ နောက်ဆုံးအကြိမ်ဆွေးနွေးမှု ဖြစ်ပါလိမ့်မယ်။”

နွမ်းနယ်မှုက ပခုံးပေါ်သို့ ဖိစီးနေသည်။ မြောက်ကိုရီးယားသို့ ထွက်ပြေးရန် ကြိုးစားရာက တစ်ရက်တာအပြည့် ဖမ်းဆီးခံခဲ့ရသည်မှာ ရက်ပိုင်းမျှသာရှိသေး၏။ ယခု တစ်ယောက်တည်းသမားဖြစ်နေသော ဆောယောင်းက အလုပ်အကိုင်အသစ် ပြန်ရှာဖွေရန် ပြင်ဆင်ရမည်ဖြစ်ပြီး ခင်ပွန်းကိုလည်း ရှာဖွေရပေမည်။

“မျက်နှာဖုံးလိုအရာမျိုးကို၊ အခုကစပြီး လွှင့်ပစ်လိုက်တော့မှာပါ။”

“...”

သဘောကောင်းကြင်နာစွာ နေထိုင်ချင်ခဲ့ပြီး အချစ်ခံချင်ခဲ့သော်လည်း ဘာတစ်ခုမှ အစစ်အမှန် မဟုတ်ခဲ့။ သူ့ဘဝတွင် အပျော်ဆုံးအချိန်ဟု ယုံကြည်ခဲ့သော အိမ်ထောင်သည်ဘဝကလည်း တစ်စုံတစ်ယောက်၏ လှည့်စားမှုသက်သက်သာ ဖြစ်ခဲ့ရသည်ဆိုပါလျှင်....

အချစ်တို့၊ ယုံကြည်မှုတို့ဆိုသည်မှာ အားလုံးရယ်စရာကောင်းပြီး စက်ဆုပ်ဖွယ်စကားလုံးတွေသာဖြစ်သည်။ ဤလောကတွင် အလိမ်အညာ တစ်စက်ကလေးတောင် မရောသည့်အရာဟူ၍ အကျည်းတန်သော သူ၏ သရုပ်မှန်တစ်ခုတည်းသာ ရှိသောကြောင့်ပင်။

“ကောင်းကောင်းနေရစ်ခဲ့ပါ၊ ဆရာ။”

~~~~~

Miel's Translations

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment