no

Font
Theme

အပိုင်း ၇

"နေပါဦး၊ ဘယ်လိုစကားက ဒီလောက်တောင် ညစ်ညစ်ပတ်ပတ်..."

မမြင်ရသော်လည်း အီဝူရှင်း၏ နှုတ်ခမ်းရဲရဲများက အလျားလိုက် ဆန့်တန်းသွားသည့်ပုံပင်။

-ခဏလောက် မျက်လုံးလေးမှိတ်ပြီး စဉ်းစားကြည့်ရအောင်။ ငါသာ တခြားပြည်ပထောက်လှမ်းရေးအဖွဲ့ရဲ့ ပစ်မှတ်ဖြစ်ခဲ့မယ်ဆိုရင် ချက်ချင်း ကိုရီးယားကိုပြန်လာပြီး မင်းနဲ့ ဒုညွှန်မှူးကို အရင်သတ်မယ်။

"ဗျာ။"

နာဝန်ချန်းလည်း တော်တော်လေးလန့်သွားပြီး တင်ပါးပါ တုန်သွားတော့သည်။

-ရုံးမှာ ငါ့မျက်နှာကို သိတဲ့သူက မင်းတို့နှစ်ယောက်အပြင် ရှိသေးလို့လား။ Blacklist အသွင်းခံထားရတာ မဟုတ်ရင်တောင်မှ ငါ့ရဲ့အချက်အလက်တွေကို သိတဲ့သူ နည်းလေကောင်းလေပဲ။ အထူးသဖြင့် ဒီလိုအချိန်မျိုးမှာပေါ့။ အားလုံးကို တစ်ခါတည်းရှင်းပစ်ဖို့ ပိုလွယ်သွားတယ်လေ။ ကျိန်းသေပေါက် ရာထူးကြီးစဉ်ငယ်လိုက် အစီအစဉ်နဲ့ သွားမှာ။

'အဲ့ဒါက...အဲ့ဒီလိုအချိန်မှာ သုံးရမဲ့စကား မဟုတ်ဘူးမလား။'

ဝန်ချန်း တံတွေးမျိုချလိုက်မိသည်။

-အဲ့ဒါကြောင့် တစ်နေ့ကို ဆယ်မိနစ်လောက် လမ်းလျှောက်သင့်တာပေါ့။ ဘယ်လိုလုပ်ပြီးတော့များ အသက်၅၀ကျော် ဒုညွှန်မှူးထက် ပိုပြီးသန်မာဖျတ်လတ်တဲ့ အသက်၂၀ကျော်အရွယ်ကို သတ်ဖို့က ပိုလွယ်နေရတာပါလိမ့်။

"အီး..."

-တမင် သွယ်ဝိုက်ပြီး ပြောလိုက်တာဆိုပေမဲ့ ဆိုလိုရင်းကို ကောင်းကောင်းသဘောပေါက်ရဲ့လားဆိုတာ အတည်ပြုကြည့်ကြမလား။ ငါက အထက်လူကြီးတို့၊ လုပ်ဖော်ကိုင်ဖက်တို့ အဲ့ဒီလိုအရာတွေကို အယုံအကြည်မရှိဘူး။ အဲ့ဒါတောင် ငါနဲ့ ဆက်ပြီး အလုပ်တွဲလုပ်ချင်သေးတာလား။ ဒါတွေထည့်တွေးပြီးမှ ကမ်းလှမ်းချက်ပြန်လုပ်စမ်းပါ။

"အော....အဖွဲ့မှူး...ဒါဆို အကြာကြီးနဲ့ အေးချမ်းတဲ့ခရီးဖြစ်ပါစေ။"

-အေး။

ရယ်သံစွက်နေသည့် တိုးညှင်းညှင်းအသံကို ပထမဆုံးကြားရခြင်းပင်။

-ငါ မင်းကို လာမရှာရအောင် အသာလေးနေပြီး ငါ့ကိုလည်း မရှာနဲ့။

ပေါ့ပေါ့ပါးပါး ပြောင်ချော်ချော်ထွက်လာသည့် စကားများနှင့်ဆန့်ကျင်စွာ ဝန်ချန်းတစ်ယောက် ကျောရိုးတစ်လျှောက် စိမ့်တက်သွားသလို ခံစားလိုက်ရသည်။

သူကား အန္တရာယ်မရှိသလို ချိုချိုသာသာလေးပြုံးကာ မိန်းမတစ်ယောက်ကို အဝတ်အစားချွတ်အောင်ဖြားယောင်းပြီးနောက် ထိုအတိုင်း သစ္စာဖောက်၏ နှလုံးထဲသို့ ဆေးထိုးအပ်စိုက်နိုင်သူလည်းဖြစ်ပေသည်။

Black အေးဂျင့် ဟူသည်မှာ စကားအရသာလှသော်လည်း တကယ်တမ်းတော့ အစိုးရလိုင်စင်ရ လူသတ်သမားများပင်။

"အာ၊ နောက်တစ်ခုရှိပါသေးတယ်..."

-အကုန်ပြီးပြတ်နေပြီကို လျှာကြောက ဘာလို့ ဒီလောက်ရှည်ရတာလဲ။

'ကြည့်ပါလား။ ခဏတွင်းချင်း ဆတ်ဆတ်ထိမခံ ရှူးရှူးရှားရှား ဖြစ်သွားတော့တာပဲ။'

ဤသို့သောအခါမျိုး၌ အနက်ရောင်မျက်ကပ်မှန်များ၏အနောက်တွင် ဖုံးကွယ်ထားသော မီးခိုးရောင်ဖျော့ဖျော့ မျက်ဆန်များက ဓားသွားနှင့် တူနေလောက်ပေမည်။

'အဲ့ဒီမျက်လုံးတွေကို မျက်မြင်ကိုယ်တွေ့ မမြင်ဖူးပေမဲ့ ပြောပါတယ်။ နေပါဦး၊ အဲ့ဒါကို မြင်ဖူးတဲ့သူဆိုတာ ရှိရောရှိပါ့မလား။'

ဝန်ချန်းက အဓိပ္ပာယ်မရှိသည့် အတွေးတို့ကို ရှင်းထုတ်ပစ်ရင်း မြန်မြန်လေး စကားဆက်လိုက်သည်။

"ဇီးကွက်က အဖွဲ့မှူးကို တကယ်ချစ်ခဲ့တဲ့ပုံပါပဲ။"

-....

စောစောလေးကတင် ဆတ်ဆတ်ထိမခံဖြစ်နေသောလူက အသံတစ်ချက်မထွက်အောင် တိတ်ကျသွားတော့၏။ 'ဇီးကွက်' ဟူသည်ကား ဟန်ဆောယောင်း၏ အမည်ဝှက်ပင်။

"တကယ်တော့ ပြီးခဲ့တဲ့လတုန်းက ဒီက ရဲစခန်းမှာ လုံးဝ ပွက်လောရိုက်သွားတာပါ။ ဇီးကွက်က သွေးတွေပေရေပြီးတော့ ရောက်ချလာပြီး ခင်ပွန်းရဲ့သွေးတွေလို့ ပြောခဲ့တာလေ။ ပြီးတော့ လူပျောက်တိုင်ချက်ဖွင့်ပါလေရော။ ကျိန်းသေပေါက် အဲ့ဒီညက တာဝန်ကျ ရဲတွေလည်း ပျာယာခတ်ကုန်တာပေါ့။ အဲ့ဒါကြောင့်ပဲ ရှာဖွေရေးက ထင်ထားတာထက်ပိုပြီး မြန်သွားတာ။ နည်းနည်းလောက်ပဲဖြစ်ဖြစ် နောက်ကျသွားမယ်ဆိုရင် အစအန ကျန်ခဲ့လောက်မှာပါ။ ကံကောင်းတာပဲလား..."

-...သွေး ဟုတ်လား။

ထိုအချိန်မှာပဲ ခပ်ကြမ်းကြမ်းအသံတစ်သံက ဖြတ်ပြောခဲ့သည်။

"ဗျာ။"

-ဘာသွေးလဲ။

"စစ်ဆေးကြည့်လိုက်တော့ ဒီအတိုင်း သူ့သွေးပါပဲ။ ဒါပေမဲ့ ရဲစခန်း CCTV မှာတော့ မျက်နှာအထိပါ သွေးတွေစွန်းနေတာပါ။ အဲ့ဒါကိုမြင်တော့ ရဲတွေလည်း သူ့အကွက်မှာမိသွားတာပေါ့။"

-....

"အဖွဲ့မှူး။ နားထောင်နေရဲ့လား။"

-ဆက်ပြော။

"အာ၊ ဟုတ်ကဲ့...အဲ့ဒါကြောင့် လူပျောက်တိုင်ချက်ဖွင့်တာကို မြန်မြန်လုပ်လို့ရသွားပြီး မှတ်ပုံတင်အတုကလည်း ချက်ချင်းနီးပါး ပေါ်သွားပါတယ်။ နှစ်ရက်လောက်တော့ ကြာမှာပဲလို့ထင်ထားတာကို။ အမှန်အတိုင်းပြောရရင် ဇီးကွက်က ဘယ်လိုများ အဲ့ဒီလိုအတွေးမျိုးရတာပါလိမ့်ဆိုပြီး လုံးဝကို အံ့ဩသွားတာပါ။"

-...

"ဗီဒီယိုမှတ်တမ်းတွေလည်း အကုန်သိမ်းထားတယ်ဆိုတော့ တစ်ခါလောက် ကြည့်ကြည့်မလားဗျ။"

တိတ်ဆိတ်မှုသာ ပါလာသည်။ တိတ်ဆိတ်နေချိန် ရှည်ကြာလာသည်နှင့်အမျှ ဝန်ချန်းလည်း သူ တစ်ခုခု စကားပြောမှားသွားပြီဟု အလိုလို သဘောပေါက်လိုက်တော့သည်။

"အ...အဖွဲ့မှူး။"

သူက မရွံ့မရဲလေး ခေါ်လိုက်သော်လည်း အဖြေပြန်မလာချေ။ အံကြိတ်လိုက်သလို သွားချင်းကြိတ်သံခပ်သဲ့သဲ့သာ ထွက်လာ၏။ ဝန်ချန်း၏ လက်ဖဝါးများတွင် ချွေးစေးများပြန်လာတော့သည်။

-အချိန်ကုန်ခံပြီး ငါက အဲ့ဒီဗီဒီယိုတွေကို ကြည့်မှဖြစ်မဲ့ အကြောင်းရင်းကို ၃မိနစ်အတွင်း ပြောကြည့်စမ်းပါဦး။

လန့်စရာကောင်းအောင် အေးစက်လှသည့်အသံကြောင့် ဝန်ချန်းလည်း 'အော...အဲ့ဒါက၊ ကျွန်တော်....' ဟု အထစ်အထစ်အငေါ့ငေါ့ ပြောမိတော့သည်။ အီဝူရှင်း မထောက်ပြမီက သူလည်း ဘာကြောင့် ထိုသို့သောမေးခွန်းကို မေးမိမှန်း မသိခဲ့ချေ။

ဝန်ချန်းက စိတ်ကျဉ်းကျပ်စွာဖြင့် သူ့ကုပ်ပိုးသူ ကုတ်လိုက်သည်။ သွေးအေးသော အထက်အရာရှိနှင့် ရင်ဆိုင်ရသည်က ထင်ထားသည်ထက် အများကြီးပို၍ အကျပ်ရိုက်ရ၏။

တစ်ဖက်တွင် အီဝူရှင်းက နောက်ပြောင်သည့်အရိပ်အယောင်မပါသော တည်တည်တံ့တံ့အသံဖြင့် ၃မိနစ်ကို စတင်ရေတွက်နေလေသည်။ ပုံမှန်အားဖြင့် ပြောင်ချော်ချော်ရှိသည့် အစွန်းက ယခုတော့ သေလောက်အောင်အန္တရာယ်များသည့် အရာအဖြစ်သို့ ချွန်ထက်သွားလေပြီ။

-တကယ်ပဲ ဘယ်လိုရူးနေတဲ့ကောင်က အကုန်ပြီးပြတ်ပြီးသား ဖိုင်တွေကို ပြန်ကြည့်လို့လဲ။ တပ်ခေါက်မိန့်ချလိုက်တဲ့အချိန်ကစပြီး ဇီးကွက်ဆိုတာ စာရွက်ဖျက်စက်ထဲရောက်သွားပြီ။ သိလား မသိဘူးလား။

"တောင်းပန်ပါတယ်..."

-သိလား မသိဘူးလား။

"သိပါတယ်ခင်ဗျ...။"

-ကိုယ့်ဘာသာတစ်ဖက်သတ် ထင်ချင်ရာတွေ လိုက်မထင်နဲ့၊ အရာမထင်တဲ့ ကရုဏာမျိုးလည်းမဝင်နဲ့။

"...တောင်းပန်ပါတယ်။"

ဘာပဲဖြစ်ဖြစ် တော်တော်လေး သိသာနေသည့်ပုံပင်။ ရှက်စိတ်က မီးလိုတောက်လောင်လာသောကြောင့် ဝန်ချန်းလည်း ရှက်ရှက်နှင့် ခေါင်းကိုမဖော်စတမ်း ငုံ့ထားလိုက်မိ၏။

သို့သော် ဤသည်မှာလည်း လူသားတစ်ယောက်၏ အခြေအနေတစ်ရပ်ဖြစ်သည်။ အကြာကြီးစောင့်ကြည့်ပြီးသည့်နောက် ပစ်မှတ်အပေါ် သဘာဝကျကျ သနားစာနာမိသည့် ဖြစ်နိုင်ခြေ။ ယင်းအချက်ကို သဘောပေါက်ဖို့ လေ့ကျင့်ထားပြီးသားပင်။ ထိုသို့မဖြစ်အောင် စောင့်ထိန်းရမည်ကိုသိ၏။

'အဲ့ဒါကို ငါက အခု အဲ့ဒီထောင်ချောက်ထဲ တည့်တည့်ဝင်သွားလိုက်တာပဲ...'

နောက်ကျမှဝင်လာသည့် နားလည်သဘောပေါက်မှုက ဝန်ချန်းကို ဖြတ်ရိုက်သွားတော့သည်။ ဘာကြောင့်မှန်းမသိ ကုပ်ပိုးတွေ ပူတက်လာ၏။

-နာဝန်ချန်း၊ ငါလုပ်ခဲ့တဲ့ကိစ္စကို တကယ် လက်ထပ်ခဲ့တယ်များမှတ်နေတာလား။

သို့သော် အီဝူရှင်းက ထိုအပိုင်းတွင်တော့ တစ်မူကွဲပြားပေသည်။ သူက တစ်ရက်ပဲသိသိ၊ ဆယ်နှစ်ပဲသိသိ လူတွေအပေါ် လုံးဝ သံယောဇဉ်မတွယ်တတ်ပေ။

ကိုယ်လက်ချင်းနှီးနှောပြီး နေလာခဲ့သည့် မိန်းမအပေါ် ထိုကဲ့သို့ အေးစက်မှုအပြင် မပြခဲ့။ ဆယ်နှစ်တာ သိကျွမ်းခဲ့သော ဒုညွှန်မှူးကို သတ်မည့်အကြောင်း ဘာရယ်မဟုတ်သလို ပေါ့ပေါ့ပါးပါး ပြောနေသည်ကိုကြည့်ရင်း ဝန်ချန်းတစ်ယောက် ကြက်သီးထသွားတော့သည်။

-ဇီးကွက်က ဒီအတိုင်း ပစ်မှတ်တစ်ခုပဲ၊ ငါကလည်း ကျရာအခန်းကဏ္ဍကနေ 'ခင်ပွန်း' လုပ်ခဲ့ရုံအပြင် မပိုဘူး။ သောက်ရေးမပါတဲ့ မစ်ရှင်က အခုမှ ပြီးသွားတာကို ဘာဖြစ်လို့ စိတ်တိုစရာကောင်းအောင် အစပြန်ဖော်ရတာလဲ။ နောက်ကြောင်းပြန်လှည့်မကြည့်ဘဲ စိတ်ထဲကထုတ်ပစ်။

အီဝူရှင်းက တကယ်ပင် နားမလည်နိုင်သလို စိတ်ပျက်လက်ပျက်ပြောခဲ့သည်။

-မဟုတ်မှ သာမန်အရပ်သူအပေါ် ခံစားချက်တွေရှိသွားတာလား။ အဲ့ဒါကြောင့် ခံစားချက်တွေ ရှုပ်ထွေးပြီးတော့ အခုလိုတွေ လုပ်နေတာမဟုတ်လား၊ ဝန်ချန်း။

"ဟုတ်ပါ...မဟုတ်ပါဘူး...."

'ငါနော်၊ ဒီပါးစပ်၊ ဒီပါးစပ်...'

ဝန်ချန်းက ကိုယ့်ပါးစပ်ကိုယ် တဖတ်ဖတ်ရိုက်လိုက်သည်။

-ဒါဆို sex education မပေးဘဲ အေးဂျင့်တွေကို လေ့ကျင့်ပေးတဲ့နေရာရှိရင် ​ပြောစမ်းပါဦး။ အစ်ကိုကြီးက မင်းကို သွားအပ်ပေးမယ်။ ငါတို့ဝန်ချန်းလေးက အသိတရားရှိပြီး အဖြူထည်လေးဆိုတော့ ညစ်နွမ်းမသွားအောင်ထားရမှာမို့လို့လေ၊ မဟုတ်ဘူးလား။

သူ၏ ရွဲ့တဲ့တဲ့စကားများကြောင့် မျက်နှာတွေ ပူတက်သွားသော်လည်း ဝန်ချန်းက ခဏတွင်းချင်းပင် သတိပြန်ကပ်လိုက်သည်။

"မဟုတ်ပါဘူး၊ မရှိပါဘူး...။"

-သိတယ်ဆိုရင်လည်း ငါ့ကို ဇီးကွက်အကြောင်း နောက်ထပ် တစ်ခွန်းတောင် လာမပြောနဲ့။

ပြောင်ချော်ချော်အသံက ရုတ်တရက် တည်ငြိမ်သွားကာ နောက်ပြောင်မှုများအားလုံး အစအန ပျောက်သွားတော့သည်။

"ဟုတ်...."

ထိုအခိုက်တွင် တူခနဲ တစ်ဖက်က အရင်ဖုန်းချသွား၏။

'တော်တော်တင်းသွားတဲ့ပုံပဲ...ငါကလည်း အသစ်လေးလို သွားလုပ်မိတာကိုး...'

'မစ်ရှင်ကို တကယ်လုပ်ခဲ့ရတဲ့ အေးဂျင့်ကတောင် အားလုံးပြီးသွားတော့ သံယောဇဉ် ယတိပြတ်ဖြတ်သွားတာကို။'

ဝန်ချန်းက ကီးဘုတ်တွင် နဖူးကို တဒေါက်ဒေါက်ဆောင့်ရင်း သက်ပြင်းချခဲ့သည်။ ထို့နောက် နားထဲမှ သွေးထွက်တော့မလားမှတ်ရသည့် receiver ကို ဖြုတ်ကာ ကိုယ်ကို မှောက်ချလိုက်၏။

သူက နောက်ဆုံးအကြိမ်အဖြစ် ဇီးကွက်၏ ပြုံးနေသည့်မျက်နှာလေးကို အသံတိတ်နှုတ်ဆက်ကာ မော်နီတာကို ပိတ်ချလိုက်သည်။

ထိုသို့ဖြင့် ၂နှစ်ခွဲတာကြာခဲ့သော 'Birdbox စစ်ဆင်ရေး' သည်လည်း ဆုံးခန်းတိုင်သွားလေတော့သည်။

~~~~~

လောကကြီး ကျွမ်းထိုးမှောက်ခုံဖြစ်သွားသလို မြင်နေရ၏။

ဆောယောင်းက တင်ပါးနှင့်ပခုံးကို တစ်သားတည်းဖြစ်အောင်လုပ်ပြီး ခြေချောင်းလေးများတွင် အားထည့်လိုက်သည်။ နံရံကိုအမှီပြုကာ လက်ကိုကြမ်းပြင်တွင်ထောက်ပြီး ဇောက်ထိုးအနေအထားဖြင့် ရပ်နေလျက်က ကြမ်းပြင်ကိုသာ မခွာတမ်းစိုက်ကြည့်နေမိသည်။

ခင်ပွန်းကိုဖမ်းရန်...ဟင့်အင်း...ခင်ပွန်းထံတွင် အဖမ်းခံရန် သန္နိဋ္ဌာန်ချပြီးသည့်နောက်တွင် ဆောယောင်း မပျက်မကွက်လုပ်ခဲ့သည့် ပထမဆုံးသောအရာက ပျက်စီးနေသောခန္ဓာကိုယ်ကို ကုစားခြင်းပင်။

နေ့တိုင်း ထမင်းသုံးနပ် မပျက်မကွက် ပုံမှန်စားကာ မျက်စိကုသမှုကိုလည်း မပျက်မကွက် ပုံမှန်ခံယူခဲ့သည်။ တဖြည်းဖြည်းနှင့် ဆောယောင်း၏ မျက်လုံးများက နေ့စဉ်ဘဝအတွက် လုံလောက်အောင် ပြန်ကောင်းလာပေပြီ။

"ဟူး...ဟူး..."

လက်မောင်းများတွင် တန်းတူညီတူ ဖြန့်ကြက်သွားသည့် အလေးချိန်က မိတ်ဟောင်းဆွေဟောင်းလိုပင်။ ခန္ဓာကိုယ်ကို စိတ်တိုင်းကျသလို ထိန်းချုပ်ရသည့် ဤခံစားချက်နှင့် ဘယ်လောက်ကြာအောင် ဝေးကွာခဲ့သလဲဆိုလျှင် နောက်ဆုံးတွင် အရာအားလုံး သူ့နေရာနှင့်သူ နေသားတကျပြန်ဖြစ်သွားသလို ခံစားရသည်။

"အင့်..."

သို့သော် သာယာချမ်းမြေ့ဖွယ် အိမ်ထောင်က ဆက်တင်တစ်ခု၊ တစ်စုံတစ်ယောက်၏ တွက်ချက်ထားသည့် အကွက်ချလိမ်လည်မှုတစ်ခုအပြင် မပိုဟူသော အချက်က အတွေးထဲပေါ်လာလျှင် အမြင်လွှာက မှောင်ကျသွားရပြန်သည်။

အနေအထားပုံစံကို လှဲချလိုက်သော ဆောယောင်းက ထိုအတိုင်းပင် ကြမ်းပြင်ပေါ်တွင် ကိုယ်ကို ခွေခွေလေး ကွေးထားလိုက်သည်။ သူ့အတွက် မည်သို့သောအရာထက်မဆို ပို၍စစ်မှန်ပြီး တစ်ခုတည်းသော ကမ္ဘာကြီးဖြစ်ခဲ့သော်လည်း...

"ဂင် ဟျွန်း....ဂင် ဟျွန်း..."

တင်းတင်းစေ့ထားသည့် သွားကြားမှ ညည်းသံလိုအသံက တုန်ယင်စွာထွက်လာ၏။

သို့သော် ယခုကဲ့သို့ နာကျင်မှုက ထုနှက်လာတိုင်းတွင် အံကြိတ်ကာ ပြန်ထပြီး မင်္ဂလာဓာတ်ပုံအရှေ့တွင် ရပ်မိသည်။

လက်ထပ်ရန်ပြင်ဆင်ပြီး ဂုဏ်ယူစွာဆင်နွှဲကာ ကြီးမားလှသည့်မှန်ဘောင်ကြီးနှင့် ချိတ်ဆွဲထားခဲ့သော ဓာတ်ပုံက....

ဘာမှမရှိသော မှန်ဘောင်အလွတ်သက်သက်ဖြစ်နေသောကြောင့်ပင်။

အမြင်အာရုံ ပြန်ရလာပြီးနောက် သတိထားမိခဲ့သည့် လှည့်စားမှု၏ ပထမဆုံးသော လက်ဆုပ်လက်ကိုင်ပြစရာသက်သေကား ဤဓာတ်ပုံဘောင်ပင်ဖြစ်ပေသည်။ ဒီအတိုင်း ဟန်ပြသက်သက်အဖြစ်သာရှိနေသည့် ရယ်ပင်မရယ်ရသော ဆက်တင်အပြင်အဆင်ပစ္စည်းတစ်ခု။

ထိုအဖြစ်ကိုတောင်မသိဘဲ ပထမဆုံး ဓာတ်ပုံဘောင်ကို ချိတ်ဆွဲတုန်းက အပျော်လွန်နေခဲ့သော သူ့ကိုကြည့်ပြီး ဂင်ဟျွန်းတစ်ယောက် ဘယ်လိုမျက်နှာထားမျိုး လုပ်နေခဲ့လောက်မလဲ။

'တကယ်....ရယ်တောင်မရယ်ရဘူးပဲ။'

"ဂင်ဟျွန်း၊ ဒီခွေးကောင်။"

ဘယ်လောက်ပဲ ဖုန်းကိုပွတ်ဆွဲပါစေ ဘာမှမရှိသော gallery က အလကားပင်။

'မျက်လုံးမမြင်ရရင်တောင် တစ်ခါတလေလေးတော့ ဖုန်းနဲ့ ဓာတ်ပုံနည်းနည်းပါးပါး ရိုက်ထားလိုက်ရမှာကို...'

ယောက်ျားရဲ့မျက်နှာကိုတောင်မသိတဲ့ မိန်းမတဲ့လား။

မျက်နှာတောင်မသိဘဲနဲ့ ရှာဦးမယ်တဲ့လား။

ဆောယောင်းက မွန်းကျပ်ဖွယ်ရာ မျှော်လင့်ချက်မဲ့မှုအောက်တွင် ပိနေသလိုခံစားရသော်လည်း ဒီတင် လက်လျှော့လိုက်ချင်တာမျိုး မဖြစ်မိပေ။

ထိုသို့ဖြင့် ရှေ့လျှောက် လုပ်မည့်အလုပ်အတွက် အစီအစဉ်ဆွဲလေတော့သည်။

~~~~~

"ရာဇဝတ်မှုကို...ဆွေးနွေးတိုင်ပင်ချင်တယ်ဆိုတာက တကယ်ပဲ ဘာစကား..."

စူးရှသော ချန်နာ၏ မျက်လုံးများက တိုင်ဖွန်းနှင့်တွေ့လိုက်ရသည့်အလား ဟိုဟိုဒီဒီ လှုပ်ရှားသွားတော့သည်။ ကောင်းကင်က အပြာရောင်ရှိပြီး ရာသီဥတုက ထူးထူးခြားခြား သာယာသည့် တစ်ခုသောနေ့၏ နေ့လယ်ခင်းတွင်ဖြစ်သည်။

"ဒီဘက်နယ်ပယ်မှာ အဆက်အသွယ်မရှိလို့ပါ။"

ရွေးချယ်စရာမရှိသော ဆောယောင်းတစ်ယောက် အောက်ခြေသိမ်းဝန်ထမ်းဖြစ်ခဲ့ဖူးသော ချန်နာထံ ဆက်သွယ်မိ၏။

စစချင်း ဖုန်းဝင်လာစဉ် ကြောင်အမ်းအမ်းဖြစ်နေသော ချန်နာက နောက်ပိုင်းတွင် ဟိိုဟိုဒီဒီ သာကြောင်းမာကြောင်းမေးပြီး 'မဟုတ်တောင် ဧည့်သည်က တောက်လျှောက် မျက်စိထဲပေါ်ပေါ်လာတာပါ' ဟုဆိုကာ ရှောရှောရှူရှူပင် တွေ့ရန်သဘောတူခဲ့သည်။ ထို့နောက်တွင်....

"ပါဂျူ ပေါင်းစည်းရေးတံတား ​တောင်ဘက်ဂိတ်နဲ့ အင်(မ်)ဂျင်းမြစ်နားတစ်ဝိုက်ကို စနည်းနာကြည့်ပြီးပါပြီ။ ခေါက်ဆွဲခြောက်၊ ပြောင်းဖူးနဲ့ မိုးကာလောက်ပဲယူသွားရင်ရော ဖြစ်လားဆိုတာလေး အကြံပေးချက်လိုချင်လို့ ဆက်သွယ်လိုက်တာပါ။ သိရသလောက်တော့ ငါးဖမ်းလှေခိုးတာကလည်း ကောင်းတယ်လို့ ပြောကြတယ်။ တခြားနေရာဆိုရင်တော့ အင်ချွန်း ဂန်းဟွာဘက်ကို တွေးထားပါတယ်။"

~~~~~

Miel's Translations

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment