အပိုင်း ၁၇
'အဲ့ဒါက… ဘာကြီးလဲ။'
ဆောယောင်းတစ်ယောက် အရူးလို မျက်တောင်တဖျပ်ဖျပ်ခတ်နေမိသည်။
ရေသန့်ဘူးကဲ့သို့ ကြီးမားသည့် အရွယ်အစားက ပြဿနာမဟုတ်။ အမွေးအမှင် ရှိမနေခြင်းကလည်း ပြဿနာမဟုတ်။
အခု အဲ့ဒီမှာ တက်တူးထိုးထားတာလား…
အသားအရေက ဖြူဥကာ အရောင်ဖျော့သဖြင့် ပို၍ထင်ရှားပေါ်လွင်နေသော အနက်ရောင် တက်တူးပင်။
မြွေတစ်ကောင်က လိင်အင်္ဂါကို ရစ်ပတ်ပြီး အပေါ်သို့တက်သွားသလို ရေးထားသည့် စာသား။ နိုင်ငံခြားဘာသာစကားတစ်ခုခု ဖြစ်ပုံရပြီး ဆောယောင်းက မသိစိတ်မှ စာသားသွားသည့် ဦးတည်ရာအတိုင်း ခေါင်းကိုစောင်းကာ အာရုံစိုက်လိုက်သည်။ 'ဒီလောကမှာ တကယ်ကို ထူးဆန်းတဲ့လူတွေ အများကြီးပါလား' ဟုလည်း တွေးမိ၏။
"အဲ့ဒီလိုကြည့်နေလို့လည်း အလကားပဲ။"
"…"
ခပ်နိမ့်နိမ့်အသံကြောင့် လန့်ပြီး ခေါင်းထောင်လိုက်မိသည်။
"ဒါက ဒီအထိရောက်လာမှ ဖတ်လို့ရတာဗျ။"
ထိုလူက ရှည်လျားသော လက်ချောင်းဖြင့် သူ၏ချက်အနီးကို ထောက်ပြခဲ့သည်။
ထိုအခါမှသာ ကိုယ့်ကိုယ်ကိုယ် မည်သို့သောပုံစံနှင့် သူများ၏လိင်အင်္ဂါကို စိုက်ကြည့်နေမိမှန်း သတိထားမိသွားကာ ရှက်မိရတော့၏။ ကိုယ်နှင့်မတူသလို အမှားကြောင့် မျက်နှာတွေထူပူသွားစဉ် မျက်လုံးချင်း တစ်ဖန်ထပ်ဆုံမိပြန်သည်။
တစ်လျှောက်လုံး တည်ငြိမ်နေခဲ့သော ထိုလူ ထူးဆန်းသောမျက်နှာထားနှင့် ဆောယောင်းကို စိုက်ကြည့်လာခြင်းကလည်း ထိုအချိန်မှစ၏။
ဘာကြောင့်မှန်းမသိ၊ အံ့သြသလိုလို၊ မသင်္ကာသလိုလိုနှင့် ထူးဆန်းသောအကြည့်များက ဆောယောင်းကို တစ်လက်မ မကျန်အောင် အကဲခတ်စနည်းနာနေသည်။
မသိမသာ ပျက်ယွင်းသွားသော သူ့မျက်နှာထားက ထူးဆန်းနေ၏။ အသံတိတ် အကြည့်နှစ်စုံ လေထဲ၌ ရောထွေးသွားစဉ် ကလစ်ခနဲအသံနှင့် ရုတ်တရက် ရေပန်းက ပိတ်သွားတော့သည်။
ထို့နောက် ရုတ်ခြည်းဆိုသလို ထိုအဖြစ်အပျက် ဖြစ်သွား၏။ ရုတ်တရက် လက်တစ်ဖက်လှမ်းလာကာ ဆောယောင်း၏ mask ကို ဆွဲချသွားလေသည်။
"…"
ဘာမှမတုံ့ပြန်နိုင်ခင်မှာပင် ဆောယောင်း၏မျက်နှာ ပေါ်လာ၏။ ထိုလူ၏ မျက်လုံးများ ပြူးကျယ်သွားကာ ရုတ်တရက် မျက်နှာပျက်သွားသည်ကို အတိုင်းသားမြင်လိုက်ရသည်။
"ဇီး..."
သူက တစ်ခုခုကို ပြောရန်ပြင်လိုက်ရာမှ ရုတ်တရက် ပါးစပ်ကိုပိတ်လိုက်၏။ အရောင်ဖျော့ဖျော့ မျက်လုံးများ တုန်ယင်နေသည်ကို ဖုံးကွယ်မထားနိုင်ခဲ့။
ဆောယောင်းက ဤအခွင့်အရေးကို အသုံးချကာ ရေချိုးခန်းထဲမှ အမြန်ဆုံးထွက်သွားရန် ကြိုးစားခဲ့သော်လည်း လမ်းပိတ်ထားသည့် ထိုလူကြောင့် လှုပ်မရဖြစ်နေသည်။
"…တကယ်ပဲ ဒီမှာ ဘာလုပ်...."
ထိုလူက အောင့်ထားသည့်အသက်ကို ရှူထုတ်ကာ မျက်နှာထားကို တင်းလိုက်သည်။
"တောင်းပန်ပါတယ်ရှင့်၊ ဘယ်သူမှ မရှိဘူးထင်လို့ပါ။ ချက်ချင်း ထွက်သွားပါ့မယ်…"
ထိုစဉ် တံခါးအပြင်ဘက်မှ ဆူညံသံများ ကျယ်လောင်စွာ ထွက်ပေါ်လာသည်။
ထိုအသံကြောင့် လန့်ပင်မလန့်နိုင်သေးမီ ထိုလူက ဆောယောင်းကို ရုတ်တရက် ဆွဲလိုက်၏။ အကာအနောက်ကို ချက်ချင်းရောက်သွားသော ခန္ဓာကိုယ်က ထိုလူ၏ ခန္ဓာကိုယ်နှင့် ထိကပ်သွားတော့သည်။
"ဖယ်ပေးပါ။"
လန့်သွားသည့် ဆောယောင်းက တံတောင်ဆစ်ဖြင့် တွန်းထုတ်လိုက်သော်လည်း သူ၏ခန္ဓာကိုယ်ကတော့ လှုပ်ပင်မလှုပ်ခဲ့။
"ခဏလေး…ခဏလေး တစ်ချက် တွေးလို့ရအောင် ငြိမ်ငြိမ်လေးနေပေးပါ။"
"ဘာကို…."
ရေစိုနေသော ခန္ဓာကိုယ်ကြောင့် ဆောယောင်း၏ အဝတ်အစားများပါ ချက်ချင်း စိုကုန်တော့သည်။
"အခု ဒီမှာ ဘာလုပ်နေတာလဲ။"
မယုံသင်္ကာအကြည့်က ဆောယောင်း၏ မျက်နှာထက်၌ ဂနာမငြိမ်စွာရွေ့လျားလျက်။
ပြန်ကြည့်လိုက်တော့ အနည်းငယ် ထူးဆန်းသည့်လူလိုပင်။ ဆောယောင်းက စုတ်တစ်ချက်သပ်ရင်း အံ့သြမှင်တက်ခဲ့မိသည့် ထိုလူအပေါ် ပထမဆုံးအမြင်ကို ဖျက်လိုက်သည်။
"တစ်ယောက်က အထောက်အထားဆွဲကြိုးကို ရေချိုးခန်းမှာ ချွတ်ထားခဲ့တယ်ဆိုလို့ပါ။"
"ဟင့်အင်း၊ ငါသိချင်တာက ဒီကုမ္ပဏီမှာ ဘာလုပ်နေတာလဲလို့။"
"ထမင်းချက်ပြီး အဝတ်လျှော်ပါတယ်။"
"..."
ထိုလူက မျက်မှောင်ကြုတ်ကာ မျက်နှာကို လက်ဖြင့်သပ်လိုက်သည်။ တစ်ခုခုပြောတော့မလို ပါးစပ်ကိုလှုပ်လိုက်သော်လည်း နောက်ဆုံးတွင်တော့ ဘာစကားမှမပြောခဲ့။ တစ်စုံတစ်ရာကို အတင်းမျိုချလိုက်သကဲ့သို့ လည်စေ့က တစ်ချက်လှုပ်ရှားသွား၏။
ဆောယောင်းက သူဆွဲချထားသည့် mask ကို ပြန်တပ်ရင်း ပြောလိုက်သည်။
"အားနာပေမဲ့ မလိုအပ်တဲ့စေတနာပါ။ အဝတ်မပါတဲ့လူတွေနဲ့ ဆုံရလို့ ဘာမှမဖြစ်ပါဘူး။ ကျွန်မလုပ်တဲ့အလုပ်က အဖွဲ့ဝင်တွေရဲ့ အတွင်းခံကို လျှော်ပေးပြီး ထမင်းချက်ပေးတာပါ။"
"..."
"ကျွန်မသဘောကိုပြောရရင် ဒီအခြေအနေကို ပိုပြီး စိတ်မသက်မသာဖြစ်ရပါတယ်။ ဖယ်ပေးပါ။"
"အကျင့်ပါနေတာလား။ လူကို စိုက်ကြည့်တတ်တဲ့အကျင့်။"
"ဟုတ်ပါတယ်။"
"ဘယ်တုန်းကတည်းကလဲ။"
ထိုလူက ဇွဲကောင်းကောင်းနှင့် ဆောယောင်းကို စိုက်ကြည့်နေသည်။ ထိကပ်နေသည့် ခန္ဓာကိုယ်ကြောင့် သူ့မျက်နှာကိုပဲ စိုက်ကြည့်နေခဲ့မိသည်ကို စိတ်ကသိကအောက် ဖြစ်နေပုံပင်။
အမြင်အာရုံပြန်ရလာပြီးနောက် လူတွေကို စူးစမ်းကြည့်ရှုတဲ့သည့် အကျင့်အသစ်ဖြစ်လာသည်မှာ မှန်သော်လည်း ထိုအဖြစ်ကို ရှင်းပြနေစရာအကြောင်းမရှိပေ။
ရေနံ့နှင့်အတူ ရုတ်တရက် ရောက်ရှိလာသော အစိမ်းသက်သက် ကိုယ်နံ့။ ဆက်ပြီး မခံနိုင်တော့သည့် ဆောယောင်းလည်း သူ့ကို အကြမ်းပတမ်း တွန်းထုတ်လိုက်သည်။ သို့သော် ပခုံးသာ အနည်းငယ် ရွေ့သွား၏။ ထိုလူက သူ့ကို ပို၍ချုပ်နှောင်ထားရန် လက်ကိုမြှောက်ကာ နံရံကို ထောက်ထားလိုက်သည်။
တကယ် စိတ်တိုစရာကောင်းသည့်လူပင်။
ဆောယောင်းက သူ့ကို ကန်လိုက်သော်လည်း သူက ခြေသလုံးကို အသာလေး ရှောင်လိုက်သည်။
ဆောယောင်းလည်း ရေပန်းကို အတင်းဖွင့်လိုက်၏။ တမင် အပူဆုံးဖြစ်အောင် ဖွင့်လိုက်သောရေများက ထိုလူပေါ်သို့ အပြစ်ပေးသည့်အလား စီးကျလာသည်။
"...."
သို့သော် ဆူပွက်နေသည့်ရေနှင့် ရေချိုးနေရသော်လည်း ထိုလူက မျက်တောင်တစ်ချက်ပင် မခတ်ခဲ့။ ပခုံးများ နီရဲလာသည်ကို မြင်နေရသော်လည်း နာကျင်မှုကို မခံစားရသူတစ်ယောက်လို လှုပ်ပင်မလှုပ်ခဲ့ပေ။
အကာ၏ အနောက်ဘက်တွင် ဖိချုပ်ခံထားရသည့် ဆောယောင်းဆီကိုလည်း ရေစက်များ စတင်စဉ်လာတော့သည်။ ထိုအခါမှ တည်ငြိမ်စွာ ရေကိုပိတ်လိုက်သည့် ထိုလူက တစ်လှမ်းနှစ်လှမ်းလောက် နောက်ဆုတ်သွား၏။ ပါးစပ်ထဲဝင်သွားသည့် ရေများကို ထွေးထုတ်လိုက်သည့် အခိုက်အတန့်တွင်။
"…"
ဆောယောင်းရဲ့ မျက်လုံးများ တုန်ယင်သွားသည်။ မဟုတ်တောင် မာကျောသည့် အရာတစ်ခု သူ့ကို လာဖိနေသလို ထင်ခဲ့သည်ကို...
တက်တူးက ထိုလူပြောသည့်အတိုင်းပင်။ ချက်အောက်ပိုင်းအထိ လိင်တံက အပေါ်သို့ ကွေးတက်ကာ ထောင်မတ်လာမှသာ အနောက်ဘက်မှ စာသားများအားလုံး ပေါ်လာ၏။
'Если жизнь тебя обманет'
(ဘဝက မင်းကို လှည့်စားခဲ့လျှင်လည်း)
[TL/N : ရုရှားကဗျာဆရာ Alexander Pushkin ရဲ့'If by life you were decieved' ကဗျာက verse တစ်ပိုင်းတစ်စပါ။]
"အဲ့ဒီလောက်တောင် ဘာလို့ မျက်လုံးချင်း တည့်တည့်ဆုံပြီး ကြည့်ရတာလဲ။"
သူက လက်ငါးချောင်းကို စုလိုက်ဖြန့်လိုက်လုပ်ရင်း ဆောယောင်းပေါ်သို့ ရေစက်များစဉ်အောင်လုပ်ခဲ့သည်။ ဆောယောင်းလည်း မျက်လုံးကို တင်းတင်းမှိတ်လိုက်၏။
'ရူးနေတဲ့ နှာဘူးကောင်။'
ယခုမှ တွေ့ဖူးသည့် သူစိမ်းအရှေ့တွင် အရှက်မရှိ လိင်စိတ်ကြွနေသည်။
နှလုံးက တဒိန်းဒိန်းခုန်လာက ရင်ထဲတွင် မအီမသာဖြစ်လာတော့၏။
~~~~
ရေပင်စင်အောင်မသုတ်နိုင်ဘဲ အလျင်စလို ဝတ်ထားသည့် အဝတ်အစားများက ဟိုတစ်ကွက် ဒီတစ်ကွက် စိုနေသည်။
အီဝူရှင်းက ချက်ချင်းဆိုသလို အထူးလုံခြုံရေးအဖွဲ့ ရုံးခန်းထဲသို့ ဝင်သွားကာ တံခါးကို ပိတ်လိုက်၏။ ထို့နောက် စားပွဲအောက်တွင် ချိတ်ထားသော ကြိုးမဲ့နားကြပ်ကို ချက်ချင်းတပ်လိုက်သည်။ အေးစက်ပြီး တောင့်တင်းနေသည့် မေးရိုးက စိတ်လှုပ်ရှားစွာ တစ်ချက်တွန့်သွား၏။
—အလေးပြု… ခေါ်လိုက်ပါသလား၊ အဖွဲ့မှူး။
အမြဲတမ်း အဆင်သင့်ဖြစ်နေသည့်အသံက အားမာန်အပြည့်နှင့် ထွက်လာသည်။ အီဝူရှင်းက တုန်ယင်နေသည့် မျက်ခွံကိုမှိတ်လိုက်ရင်း မေးရိုးကို တင်းတင်းကြိတ်လိုက်၏။
'—အဖွဲ့မှူး' ဟု သူ့အား အကြိမ်ပေါင်းများစွာ ခေါ်နေသောအသံကို ကြားရသော်လည်း သူက ပြန်မဖြေဘဲ ရင်ထဲတွင် မအီမသာဖြစ်လာသည်ကို ထိန်းချုပ်လိုက်သည်။ အချိန်တော်တော်လေးကြာသွားသည့်ပုံပင်။
ထို့နောက် မျက်လုံးပြန်ဖွင့်လိုက်သည့်အခါ တုန်ယင်နေသည့် မျက်ဆန်များပင် အေးခဲသွားသည့်အလား မလှုပ်မယှက် ရပ်တန့်သွား၏။ ခံစားချက်များကို ကျင်လည်စွာ ရှင်းထုတ်လိုက်သည့် သူက ခပ်နိမ့်နိမ့်အသံဖြင့် မေးလိုက်သည်။
"ဇီးကွက်က ဘာလို့ ဒီမှာရှိနေတာလဲ။"
—…ဗျာ။
ဝန်ချန်းက ကြောင်အမ်းအမ်း ပြန်ဖြေလာသည်။ နားမလည်သလို၊ အနည်းငယ် တွေဝေတုံ့ဆိုင်းသွားသလို လေသံပင်။ အီဝူရှင်း၏ မျက်လုံးများ ကျုံ့သွားတော့သည်။
"အဲ့ဒီလို ပေါ့တိပေါ့ပျက်စိတ်နဲ့ လစာကို ဘယ်လိုရနေတာလဲ။"
သူက ပြောချင်သည့်စကားကို အတင်းထိန်းချုပ်ရင်း သူ့နောက်စေ့သူ ဖိထားလိုက်သည်။ ယခုအထိ ဆောက်တည်ရာမရဖြစ်နေဆဲ နှလုံးက ရင်ဘတ်အောက်ခြေကို တဒုတ်ဒုတ် ထုရိုက်နေ၏။
လက်ရှိတွင် အီဝူရှင်းက နောက်ဆုံးမစ်ရှင်အနေနှင့် Blast ကုမ္ပဏီတွင် အသွင်ယူလှုပ်ရှားနေသည့် အခြေအနေဖြစ်သည်။ အမျိုးသားထောက်လှမ်းရေးအေဂျင်စီ၏ အတွင်းပိုင်းအချက်အလက်များက ပုဂ္ဂလိက ကုမ္ပဏီတစ်ခုဆီသို့ ပေါက်ကြားနေကြောင်း သတင်းရထားသဖြင့် အထူးလုံခြုံရေးအဖွဲ့ခေါင်းဆောင်အနေနှင့် ဤနေရာသို့ ရောက်လာခဲ့ခြင်းပင်။
ယင်းမှာ ဆယ်ဟွာလုပ်ငန်းစု၏ လက်အောက်ခံဖြစ်သော Blast ကုမ္ပဏီဖြစ်၏။ Blast ကုမ္ပဏီကား နိုင်ငံရေးအရ အရေးကြီးသောကြောင့်ဖြစ်စေ၊ ဘတ်ဂျက်ကြောင့်ဖြစ်စေ အစိုးရက မလုပ်နိုင်သော အခန်းကဏ္ဍများတွင် အစားထိုးဖြည့်ဆည်းပေးရန် အလွန်အသုံးပြုခံရသည့် စစ်ရေးဝန်ဆောင်မှုလုပ်ငန်းဆိုသော်လည်း သူတို့က ပြည်ပတွင် တရားမဝင်လုပ်ငန်းများ လုပ်နေပြီး မတရားအမြတ်များ ရရှိနေသည်ဟူသော သတင်းအချက်အလက်များသာ မှန်ကန်နေမည်ဆိုလျှင် အခြေအနေက ပြောင်းလဲသွားပေမည်။
ထိုအချိန်မှာပင် အထူးလုံခြုံရေးအဖွဲ့ခေါင်းဆောင်နေရာက လစ်လပ်သွား၍ Blast ကုမ္ပဏီက သင့်တော်မည့်သူကို လျှို့ဝှက်စွာ ရှာဖွေနေသည်ဟု သတင်းဝင်လာ၏။ တိုက်ရေးခိုက်ရေးနှင့် နီးစပ်သည့် ဝန်ဆောင်မှုမျိုးကိုပေးရသော ကုမ္ပဏီဖြစ်သဖြင့် သူတို့က စစ်ပွဲ၊ ဗျူဟာ၊ ထောက်လှမ်းရေး၊ စစ်ရေးလေ့ကျင့်မှုများတွင် ကျွမ်းကျင်သော နိုင်ငံခြားသားများကို လိုချင်ခဲ့သည်။
ဤသို့သော လိုအပ်ချက်အားလုံးနှင့် ကိုက်ညီသူက အမျိုးသားထောက်လှမ်းရေးအေဂျင်စီတွင် အီဝူရှင်းတစ်ယောက်သာရှိ၏။ သူ၏ကိုယ်ရေးအချက်အလက်များကို ပြောင်းလဲစရာမလိုဘဲ ပြည်ပတွင် အလုပ်လုပ်ခဲ့သည့် အတွေ့အကြုံကိုသာ အနည်းငယ် ပြောင်းလဲရေးသားခဲ့သည်။ ဒုညွှန်မှူး၏ ထောက်ခံချက်ကလည်း အကြောင်းရင်းတစ်ရပ်အဖြစ် ပါဝင်၏။
ဤသို့ဖြင့် အီဝူရှင်းတစ်ယောက် အစိုးရအေဂျင်စီနှင့် Blast ကုမ္ပဏီကြားမှ အကျင့်ပျက်ချစားမှုလိုင်းကို ဖော်ထုတ်ရန်အတွက် လျှို့ဝှက်စာချုပ်များကိုသာ ကိုင်တွယ်သည့် အထူးလုံခြုံရေးအဖွဲ့ကို လျှို့ဝှက်ဝင်ရောက်ခဲ့သည်။ သို့ရာတွင်...
"ဝန်ချန်း၊ နားလေးသွားပြီလား။ ဘာလို့ ဒီမှာ ဇီးကွက် ရှိနေရတာလဲလို့။"
—ဘာ…ဘာကို…ခဏလေး… အဲ့ဒီမှာ ဇီးကွက်ရှိနေတယ်လို့ ပြောလိုက်တာလားဗျ။
"မင်းက တကယ်ပဲ ဘာလုပ်တဲ့ကောင်လဲ။"
-နေပါဦး၊ ခဏလေးပါ… ဇီး...ဇီးကွက်ပေါ့လေ။ ကျွန်တော်တို့ရဲ့ ဇီးကွက်လား။
အံ့သြသွားသည့်အသံတွင် ရုတ်တရက် ခံစားချက်များလွှမ်းမိုးနေသောအသံ ဝင်လာသည်။ အီဝူရှင်း၏ မေးရိုးက တင်းမာသွား၏။
"ကျွန်တော်တို့ရဲ့ ဇီးကွက်ပေါ့လေ။"
-ဟို...ဟို....
"အာ… ငါတို့ ဝမ်ချန်းလေးက ခွေးမသားဆိုတော့ ငှက်နဲ့ တိရစ္ဆာန်အချင်းချင်း ဆွေမျိုးပေါက်ဖော်စိတ်တွေ ဝင်နေတာထင်တယ်။ ဟုတ်တယ်မဟုတ်လား။"
သူက မျက်နှာကိုမဲ့ကာ ခပ်ထေ့ထေ့ပြုံးလိုက်သည်။ ထပ်တွေးကြည့်ပြန်တော့လည်း အံ့ဩစရာပင်။ ဘယ်လိုစိတ်မျိုးနှင့် ဇီးကွက်ကို တွေ့ခဲ့သလဲ၊ ဘယ်လိုမျိုး အတည်ပြုခဲ့ပြီး ဘယ်လိုမျိုး ပြန်လွှတ်ပေးခဲ့သလဲဆိုသည့် မှတ်ဉာဏ်များက ရှုပ်ထွေးနေ၏။
အီဝူရှင်းက တဆစ်ဆစ်ထိုးလာသည့် နားထင်ကို တင်းတင်းဖိထားလိုက်သည်။
ပြီးဆုံးသွားပြီဖြစ်သည့် မစ်ရှင်က မျက်စိရှေ့တွင် ပြန်ပေါ်လာခြင်းမျိုး ယနေ့ကလွဲလျှင် ရှိခဲ့ဖူးသလား။ သူက ထင်ယောင်ထင်မှားပဲ ဖြစ်နေလေသလားဟုတွေးကာ ရယ်လိုက်မိသည်။
သို့သော် ရှော့ခ်ရသွားသည့်အချိန်က ခဏတာသာ။ ကိစ္စများ ထင်မထားသည့်ဦးတည်ရာဆီသို့ ဦးတည်သွားသည်ဟူသော မနှစ်မြို့ဖွယ် ခံစားချက်များ ပြင်းပြင်းထန်ထန် ပေါ်လာတော့သည်။ တစ်ချိန်တည်းမှာပင် နားကြပ်ထဲမှ ကီးဘုတ်ရိုက်သံများ တတောက်တောက် ထွက်လာ၏။
-...ဟော့...ဇီးကွက်က အဲ့ဒီမှာ ဘာလို့လဲ…
"တွေ့ပြီဆိုရင်လည်း ဖတ်ပြလေ။"
သူက အသက်ကို ခပ်တိုတိုရှူပြီး ပြောလိုက်သည်။
"…ဟန်ဆောယောင်း၊ အသက် ၂၇ နှစ်၊ လွန်ခဲ့တဲ့တစ်လက Blast ကုမ္ပဏီမှာ အလုပ်ဝင်ခဲ့ပါတယ်။ ထောက်ပို့ဌာနမှာ အခုလက်ရှိ စားဖိုဆောင်၊ အဝတ်လျှော်ခန်းတို့မှာ အများဆုံးရှိနေတဲ့ပုံပါပဲ…"
ယခု ဦးရေပြားပါ နာလာသည်အထိ အပူချိန်က တရစ်ရစ်တက်လာတော့သည်။ အီဝူရှင်းတစ်ယောက် ကျစ်ကျစ်ပါအောင်ဆုပ်ထားသော လက်သီးနှင့် စားပွဲကို ထိုးတော့မလို ဖိထားလိုက်၏။
~~~~
Miel's Translations