အပိုင်း ၁၆
"…"
မကြာမီတွင် ဓာတ်လှေကား အတူမစီးနိုင်ခဲ့သော ဝန်ထမ်းများ၏စကားကို ဆောယောင်း ကြားလိုက်ရသည်။
"အာ၊ အာဖရိကမှာ အကြာကြီးနေခဲ့တယ်ဆို။ အခု အဲ့ဒီနေရာတွေကလည်း အမေရိကန်၊ တရုတ်နဲ့ ရုရှားတွေကြောင့် ရှုပ်ထွေးနေတာ။ အဲ့ဒီမှာ အာဖရိက ပုံမှန်တပ်နဲ့ ရဲတွေကို လေ့ကျင့်ပေးရတဲ့အလုပ် အဓိကလုပ်ခဲ့တယ်ဆိုပဲ။"
"အသက်က ၃၁ နှစ်ပဲ ရှိသေးတယ်ဆို။ ဒါပေမဲ့ အတွေ့အကြုံတွေက ဘယ်လိုတွေတောင်လဲ… အရင်က ပုဂ္ဂလိက စစ်ဘက်ဆိုင်ရာကုမ္ပဏီမှာ ဝင်လုပ်ခဲ့ပြီး အစိုးရစစ်တပ်ရော၊ သူပုန်တွေရော အကုန် ရိုက်နှက် ခေါ်လာတာပဲတဲ့။"
"အသက် ၁၉ နှစ်ကတည်းက စစ်တပ်ထဲ ဝင်ခဲ့တာဆိုပဲ… ပြီးတော့ အဲ့ဒီနောက်ပိုင်း အထူးတပ်ဖွဲ့မှာ ဆက်လုပ်ခဲ့တာတဲ့…"
ယင်းအရည်မရအဖတ်မရ စကားများကို နားထောင်မိရာမှ ဆောယောင်းလည်း ထိုလူက လွန်ခဲ့သော တစ်ပတ်နှစ်ပတ်အတွင်း ဝန်ထမ်းများ၏ ပါးစပ်ဖျားတွင် မနားတမ်းပြောနေခဲ့ကြသည့် အထူးလုံခြုံရေးတပ်ဖွဲ့၏ အဖွဲ့မှူးဖြစ်ကြောင်း သိလိုက်ရသည်။
'အာ…'
ထူးဆန်းစွာနှင့် အရာအားလုံးကို နားလည်သဘောပေါက်သွားသည့် အခိုက်အတန့်တွင်။
"ထပ်တွေ့ပြန်ပြီ။"
ပြီးတော့ ဤကမ္ဘာတွင် နားမလည်နိုင်စရာ အရာများလည်း ရှိနေပြန်သေး၏။
ရှဲ....
ပူနွေးသည့် ရေနွေးငွေ့များ ထွက်နေသော မီးပူကို ကိုင်ထားစဉ် ရုတ်တရက် အဝါရောင်ရေစက်များက ခြောက်သွေ့နေသော လက်ဖမိုးပေါ်သို့ တစက်စက်ကျလာသည်။
ယခုဆိုလျှင် တစ်ပတ်ပြည့်သွားခဲ့ပြီ။ ဤအလုပ်ကိုလုပ်ရသည်မှာ ဘယ်နှကြိမ်မြောက်မှန်းပင် မသိတော့။ ယနေ့လည်း ထိုလူက စားကြွင်းစားကျန်များ ပေကျံနေသည့် လေ့ကျင့်ရေးဝတ်စုံကို ယူလာပြန်၏။
'စားကြွင်းစားကျန်လူ' က ဆောယောင်းကို မတွေ့ တွေ့အောင်ရှာခဲ့ရာမှ ရှာတွေ့သွားသည့်နောက်တွင် ကလေးဆန်ဆန် အနိုင်ကျင့်နှောင့်ယှက်မှုများ စတင်ခဲ့တော့သည်။
စားဖိုဆောင်ဝန်ထမ်းများကြားတွင် အသက်အငယ်ဆုံးဖြစ်ရုံသာမက စကားနည်းအေးဆေးပြီး ဖြောင့်မတ်သည့် ကိုယ်နေဟန်ထားရှိသူဖြစ်၍ ဆောယောင်းက မြင်သာထင်ရှား၏။
သူက ဆောယောင်းကို ရှာတွေ့သည်နှင့် စူးစူးရဲရဲအကြည့်ဖြင့် စိန်းစိန်းဝါးဝါး စိုက်ကြည့်လေသည်။ အစကတော့ အသံကုန်ဟစ် သောင်းကျန်းခဲ့သော်လည်း တစ်ချိန်အရောက်တွင် အသေးအဖွဲလေးများမှအစ အနိုင်ကျင့်နှောင့်ယှက်ခဲ့၏။
လျှော်ထားသောအဝတ်များ ရောက်လာပြီဆိုလျှင် အဝတ်ကို နေရာမှားပြီးပုံထားသည်၊ နာမည်တံဆိပ်က ပြောင်းပြန်လန်နေသည်၊ အဝတ်အစားက အဆင်မပြေသဖြင့် လေ့ကျင့်ရေး အချိန်ဇယားတွင် ကမောက်ကမဖြစ်ရသည် အစရှိသဖြင့် စောဒကတက်လေ့ရှိသည်။ ဤသို့ဖြင့် အဖွဲ့ဝင်များ၏ မကျေနပ်မှုများကလည်း ချက်ချင်းဆိုသလို မြင့်တက်လာတော့၏။
ထိုသို့သော စိတ်တိုစရာ စောဒကတက်မှုများကို ဆောယောင်း မတုံ့ပြန်ဘဲနေခဲ့သည်က 'ဒီအဆင့်မှာ ထွက်သွားလိုက်ရင် ကောင်းမယ်' ဟူသော သူ၏ ရည်ရွယ်ချက်ကို ခံစားမိနေသောကြောင့်ပင်။
'ဒါပေမဲ့ တတ်နိုင်သမျှ ကြာကြာလေး တောင့်ခံထားမှဖြစ်မှာ။'
ဓားစားခံကို ပြန်ပေးဆွဲမည့်အစီအစဉ် အဆင်သင့်ဖြစ်သည်အထိ။
ထို့ကြောင့် ထိုလူနှင့်နောက်လိုက်များက ဟိုဟာလုပ်ပေး၊ ဒီဟာလုပ်ပေး အမျိုးမျိုးခိုင်းသည့်အခါတွင်လည်း ဘာမှအတွန့်မတက်ဘဲ အားလုံးကို လက်ခံခဲ့၏။
ယနေ့လည်း ဆောယောင်းက မျက်နှာထား ပြောင်းလဲသွားခြင်းမရှိဘဲ ပုပ်အဲ့အဲ့ အနံ့ထွက်နေသော လေ့ကျင့်ရေးဝတ်စုံကို လက်ခံလိုက်သည်။ ထိုအခါ မအီမလည်ရှုံ့မဲ့သွားရသည်က ထိုလူ၏မျက်နှာဖြစ်သွား၏။
"မင်းကလည်း အကြောတင်းလေးပဲ။ သိလား။"
"လေ့ကျင့်ရေးဝတ်စုံကို ပြန်လျှော်ပြီး ညနေ ၄ နာရီမှာ လာပို့ပေးပါ့မယ်။"
"အဲ့ဒါကလွဲရင် တခြားပြောစရာမရှိတော့ဘူးလား။"
"…"
"ငါ့နာမည်ကို သိလား။"
"လေ့ကျင့်ရေးဝတ်စုံမှာ ပါပါတယ်ရှင့်။ ကျွန်မလည်း ကိုရီးယားစာ ဖတ်တတ်ပါတယ်။"
"စောက်ရမ်း စိတ်တိုဖို့ကောင်းတာပဲ။"
ဆောယောင်းက ကလေးဆန်လှသည့်လူကို အသာလေး ကြည့်နေမိသည်။
"ဘာလို့ အဲ့ဒီလို လာကြည့်နေတာလဲ။ မင်းမျက်လုံးတွေက… တကယ် စောက်ရမ်းပဲ…."
"အဲ့ဒီတုန်းက ခါးထိသွားတဲ့ အဒေါ်ကြီးက ခါးဒဏ်ရာကြောင့် ဆေးရုံတက်လိုက်ရတယ်လို့ ကြားပါတယ်။"
"အဲ့ဒီတော့။"
"ပြောစရာရှိတာ အဲ့ဒါအကုန်ပဲဆိုရင် ကျွန်မလည်း ပြောစရာမရှိတော့ပါဘူး။"
"…"
"ပြောစရာရှိတာ ပြောပြီးပြီဆိုရင် ဖယ်ပေးပါ။ အနှောင့်အယှက်ဖြစ်ရပါတယ်။"
"နဂိုကတည်းက အဲ့ဒီလောက်အထိ အကြောတင်းတာလား။"
ပြောင်ပြောင်တင်းတင်း စိုက်ကြည့်နေသော အကြည့်က ချောမွေ့သည့် မျက်ခုံးစပ်ကြားနှင့် နှာတံပေါ်သို့ ဖြတ်သန်းသွားသည်။
ကလေးဆန်ဆန် ပုံစံမျိုးနှင့်သာ လုပ်ခဲ့မည်ဆိုလျှင် ဤမျှလောက်သော အနှောင့်အယှက်ပေးမှုကိုတော့ ခွင့်လွှတ်ပေးမိပေမည်။ သို့သော် သွယ်သွယ်လျလျ ခန္ဓာကိုယ်ကို အထက်အောက် စုန်ချည်ဆန်ချည် ကြည့်နေသော အကြည့်များထဲတွင် မသန့်ရှင်းသည့် စိတ်ဝင်စားမှုများကို မြင်နေရ၏။
ယှဉ်ပြိုင်လျှင် အနိုင်လိုချင်သောစိတ်တစ်ဝက်၊ တစ်ဖက်သား၏ နာကျင်မှုကို အရသာခံလိုစိတ်တစ်ဝက် ပါဝင်နေလေရာ ဆောယောင်းလည်း နောက်ဆုံးတွင် ကိုင်ထားသည့် မီးပူကို ချလိုက်တော့သည်။ ထို့နောက် အံ့ပင်မအံ့ဩသည့် အသံဖြင့် မေးလိုက်၏။ အမျိုးသမီးများတွင် ရှားပါးလှသော ခပ်နိမ့်နိမ့်အသံပင်။
"ကျွန်မနဲ့ အိပ်ချင်နေတာလား။"
"…"
"ကျွန်မက အထင်မှားနေတာဆိုရင်တော့ ကောင်းမယ်ဆိုပေမဲ့ အဲ့ဒီလို လုပ်ချင်နေတဲ့ပုံမို့လို့ပါ။"
"…နေပါဦး၊ လူက… ဘယ်လိုလုပ်ပြီး အဲ့ဒီလောက် တဲ့တိုးကြီး...ယဉ်ကျေးမှုတွေဘာတွေ မသင်ခဲ့ဖူးဘူးလား။"
"တစ်ခါလောက် အိပ်ကြည့်ချင်လို့ အဲ့ဒီလိုတွေလုပ်နေတာမဟုတ်ဘူးလားရှင့်။"
ထိုလူက လည်ဇလုပ် အထက်အောက်လှုပ်ရှားသွားအောင် တံတွေးမျိုချခဲ့သည်။ ထို့နောက် အရှက်မရှိ မျက်နှာပြောင်စွာ နှုတ်ခမ်းကို လျှာဖြင့်သပ်လိုက်၏။
"ဟုတ်တယ်ဆိုရင်ရော။"
"အားတော့နာပေမဲ့ ကျွန်မက တွေ့ကရာလူနဲ့ မအိပ်တတ်ဘူးရှင့်။"
"ဒါဆို ဘယ်သူနဲ့ အိပ်တာလဲ။"
"အရပ်က ၁၈၈ စင်တီမီတာ အထက်၊ ကိုယ်အလေးချိန် ၈၀ ကီလိုဂရမ် အောက်၊ သစ်တောလိုကိုယ်သင်းနံ့၊ ပြီးတော့…"
ဆောယောင်းက Gothic-font နှင့် သတင်းစာကို ဖတ်နေသကဲ့သို့ ခံစားချက်မရှိဘဲ တစ်လုံးချင်း ရွတ်ပြခဲ့သည်။
"အပေါ်ဘက်ကို ကွေးနေတဲ့ လိင်တံနဲ့မှ ပတ်သက်ပါတယ်။"
"…"
"တစ်စက်လေးတောင် အားမနာပေမဲ့၊ အဲ့ဒီအခြေအနေမျိုးမှမဟုတ်ရင် လုံးဝ စိတ်မထတတ်လို့ပါ။"
ဆောယောင်းက ဖျတ်ခနဲ ထိုလူ၏ ခန္ဓာကိုယ်အောက်ပိုင်းကို ကြည့်လိုက်ပြီးမှ ပြန်စိုက်ကြည့်ခဲ့သည်။ လုံးဝရှုံးနိမ့်သွားရသည့် ထိုလူလည်း သူ့အရှေ့တွင် မျက်နှာတွေနီလာတော့၏။
"အပေါ်ဘက်ကို၊ ဘာဖြစ်တယ်။"
"အပေါ်ကို ကွေးနေရမှာပါ။"
"…အိပ်မက်ထဲမှာ စိတ်ကူးထဲကလူတွေ ဘာတွေနဲ့များ တွေ့ခဲ့တာလား။ အဲ့ဒီလို ကြောင်တောင်တောင် အခြေအနေမျိုးကို ဘာလို့ သတ်မှတ်ထားရတာလဲ။"
"ကျွန်မရဲ့ အမျိုးသားက အဲ့ဒီလိုပုံစံဖြစ်နေလို့ပါ။"
"အ..အမျိုး..."
သူက အထစ်ထစ်အငေါ့ငေါ့ဖြစ်နေရာမှ ပါးစပ်ကို စေ့စေ့ပြန်ပိတ်လိုက်ကာ လုံးဝ လိပ်ပြာလွင့်သွားသူလို မလှုပ်မယှက် ရပ်နေ၏။
"အမျိုးသားရှိတယ်ပေါ့လေ။"
"ဟုတ်ပါတယ်။"
"ချီးပဲ၊ အဲ့ဒါကို အခုမှ ဘာလို့ ပြောရတာလဲ။"
"…"
"ဟာကွာ။"
သူက သူ့ဆံပင်သူ ကြမ်းကြမ်းတမ်းတမ်းထိုးဖွက ဒေါသတွေထွက်နေ၏။
ဆောယောင်းက မီးပူကို ပြန်ကိုင်ကာ လေ့ကျင့်ရေးဝတ်စုံများကို ကော့နေအောင်တိုက်လိုက်သည်။ ပြောင်ပြောင်တင်းတင်းရှိလှသည့် အခိုက်အတန့်ဆိုသော်လည်း ခဏနေတော့ ဒေါသထွက်သွားသည့်လူက မီးပူတိုက်သည့်ဘုတ်ပြားကို ထုခဲ့သည်။
"ဟေ့၊ ငါ့ဆွဲကြိုး ပျောက်သွားတယ်။"
သူက မျက်နှာကိုသပ်ရင်း မျက်နှာထားကို ဖုံးကွယ်ထား၏။ ရှက်သွားတာလား၊ မျက်နှာပူသွားတာလား မသိသော်လည်း မပြေပျောက်နိုင်သော ဒေါသအရှိန်က သူ့အသားပေါ်တွင် ကွက်တိကွက်ကြား ပေါ်နေသည်။
"ရေချိုးခန်းထဲမှာ အထောက်အထားနံပါတ်ပါတဲ့ဆွဲကြိုးကို ချွတ်ထားခဲ့မိလားမသိဘူး။ အဲ့ဒါ သွားရှာပေး။"
ယင်းမှာ Blast ကုမ္ပဏီမှ အဖွဲ့ဝင်များကို ပေးထားသည့် တပ်သားအမှတ်စဉ်နံပါတ်ပါသော လည်ဆွဲပင်။ မဲ့ပြုံးပြုံးနေသော နှုတ်ခမ်းတွင် ဆောယောင်းကို ဘယ်နည်းနှင့်ဖြစ်ဖြစ် အနိုင်ကျင့်လိုသောရည်ရွယ်ချက်က အတိုင်းသားပေါ်လွင်နေသည်။
"ဟုတ်ကဲ့။"
ဆောယောင်း အလုပ်ကိုလက်စသတ်ပြီး လှည့်ထွက်လိုက်တော့ သူက လက်မောင်းကို ဖမ်းဆွဲခဲ့သည်။
"ဒါနဲ့ မင်းမှာ တကယ်ပဲ ယောက်ျားရှိတာလား။"
တကယ်အရူးပဲ…
ဒုတိယဌာနမှူးက အဖွဲ့ဝင်များကို ရူးနေသည်ဟု ပြောခဲ့သည့်အကြောင်းရင်းကို အခုမှ ပိုပြီးသိလာသလိုပင်။
'ထမင်းစားရင်း ချော်လဲကြ၊ တစ်ခါတလေ လမ်းပျောက်ကြ၊ ဆေးထိုးရင်တောင် ဇောချွေးပြန်ကြတာ' ဟု ပြောခဲ့သည်မဟုတ်ပါလား။ ဆောယောင်းတစ်ယောက် အဲ့ဒီအစား ထိုဆေးထိုးအပ်ကို သူ့လည်ပင်းမှာသာ ထိုးထည့်ပေးလိုက်ချင်သည်။
"…"
ဆောယောင်းက ပြန်မဖြေဘဲ ထိုလူ ကိုင်ထားသည့်လက်မောင်းကို ဖြည်းဖြည်းချင်း ဖယ်လိုက်၏။ ပေါ့ပေါ့တန်တန် စိတ်ဝင်စားမှုက ရယ်စရာကောင်းပြီး အခြားသူ၏ အထိအတွေ့မှလာသော ကိုယ်ငွေ့ကို ယခုအထိ မသက်မသာဖြစ်ရဆဲပင်။ သို့သော် ထိုခံစားချက်များအားလုံးထက် ပါးစပ်မှ ထုတ်ပြောနိုင်ခြင်းမရှိသည့်အဖြေမှန်က ပို၍ဝမ်းနည်းစရာကောင်းလှပေသည်။
~~~~
ရေချိုးခန်းများက အဖွဲ့တစ်ဖွဲ့ချင်းစီ၏ လော့ခ်ကာအခန်းထဲတွင် တွဲလျက်ပါရှိ၏။
ဆောယောင်းက ရထားလမ်းကဲ့သို့ ရှည်လျားသည့် အဝတ်တန်းနားတွင်ရပ်ကာ အနီးဆုံးနေရာသို့ အရင်ဝင်လိုက်သည်။
ရေတစ်စက်မှမကျဘဲ တိတ်ဆိတ်နေသည့် ရေချိုးခန်း။ သို့သော် စိုစွတ်နေသော ရေငွေ့က ယူနီဖောင်းပေါ်သို့ ကပ်ငြိလာ၏။
ဆောယောင်းက အမှတ်စဉ်နံပါတ်ပါသော လည်ဆွဲကိုရှာရန် အခန်းတိုင်းကို လိုက်ကြည့်ခဲ့သော်လည်း ဘာတစ်ခုမှရှာမတွေ့ခဲ့။
ရှင်းလင်းနေသည့် လော့ခ်ကာအခန်းများနှင့် ရေချိုးခန်းထဲတွင် မည်မျှကြာအောင် ဝင်လိုက်ထွက်လိုက် လုပ်ခဲ့မိသည်မသိ။ နောက်ဆုံးတော့ အဆုံးတွင်ရှိနေသည့် ရေချိုးခန်းဆီသို့ ဦးတည်လိုက်သည်။
မမောနိုင်မပန်းနိုင် တစ်ခန်းပြီးတစ်ခန်း လိုက်စစ်ဆေးနေစဉ် ဆောယောင်းတစ်ယောက် နောက်ဆုံးတော့ ဆပ်ပြာတင်သည့်စင်ပေါ်တွင် လည်ဆွဲကို တွေ့လိုက်ရ၏။
"ဟား..."
လည်ချောင်းထဲမှ သက်ပြင်းတစ်ချက် ထွက်လာသည်။ မြန်မြန်ပြန်သွားမှဖြစ်မည်။ ထိုသို့လှည့်ထွက်ရန် ကြိုးစားနေစဉ်မှာပင်…
"…"
ရှဲ....
ဘယ်ကမှန်းမသိ ရုတ်တရက် ရေတွေကျလာ၏။ နောက်ဆုံးတွင် မကြားသင့်သောအသံကြောင့် ဆောယောင်း၏ ကျောရိုးတစ်လျှောက် တောင့်တင်းသွားတော့သည်။
'ဆောယောင်း… ဝင်လာပြီလား။'
ပခုံးများကို တောင့်ထားပြီး မလှုပ်မယှက်ငြိမ်နေမိစဉ် အချိန်က အဓိပ္ပာယ်မဲ့စွာ ကုန်ဆုံးသွားသည်။ ထို့နောက် ရုတ်တရက် သတိပြန်ဝင်လာကာ ရေရှိရာနေရာကို လှည့်လိုက်၏။ သို့သော် ကံဆိုးစွာပင် ထိုဦးတည်ရာနေရာတွင်…
"…."
ဆောယောင်းတစ်ယောက် ရေချိုးနေသည့်လူနှင့် မျက်လုံးချင်းဆုံမိသွား၏။
'သေစမ်း...တခြားတစ်ဖက်ကို သွားလိုက်ရမှာ။'
အပေါ်မှ စီးကျလာသော ရေများကို မော့ကြည့်လိုက်မိသည်။ ကျလာသည့်ရေများကို အတိုင်းသားခံယူနေသည့်လူက စိုရွှဲနေသော ဆံပင်ကို ဖြည်းဖြည်းချင်း သပ်တင်လိုက်၏။
ရုတ်တရက် ဝတ်လစ်စားလစ်ဖြစ်နေသောလူနှင့် မျက်နှာချင်းဆိုင်လိုက်ရတော့ ခေါင်းထဲတွင် ဘာမှမရှိအောင် ဗလာကျင်းသွားခဲ့သည်။
"…"
မျက်လုံးများက မီးခိုးရောင်ရှိ၏။
အံ့သြမှင်တက်လွန်း၍ အလိုလို ပါးစပ်အဟောင်းသားဖြစ်သွားရတော့သည်။ ဆောယောင်းလည်း mask တပ်ထားတာ တော်ပါသေးရဲ့ဟု တွေးလိုက်မိ၏။
ယဉ်ကျေးမှုမရှိမှန်းသိသော်လည်း အကြည့်ကတော့ မတတ်သာဘဲ သူ့ထံရောက်သွားသည်။ လှပစွာ သပ်တင်ထားသော အနက်ရောင် ဆံပင်အောက်တွင် ဖြူဝင်းသောနဖူးနှင့် မြင့်မားသော နှာတံတို့ရှိနေကာ ဘာကြောင့်မှန်းမသိ မျက်ခုံးတွင် ချွေးတစ်စက်စို့လာသလို ခံစားလိုက်ရ၏။
ထိုလူက လက်တစ်ဖက်ဖြင့် မျက်နှာကိုသပ်လိုက်ရင်း ဆောယောင်းကို ပြန်ကြည့်နေသည်။
"သတ္တိရှိအောင် ကျင့်နေတာလား။"
သူက ညစ်ကျယ်ကျယ် ပြုံးလိုက်၏။ ရေစိုနေသောကြောင့်ပဲဖြစ်မလား၊ သူ့မျက်နှာက စိုစွတ်ပြီး နွေးထွေးနေသလိုပင်။
ပခုံးကျယ်ကျယ်နှင့် ချောမွေ့သေသပ်သော ညှပ်ရိုးများကိုမြင်တော့ လက်ချောင်းများက ရုတ်တရက် ဆတ်ခနဲလှုပ်ရှားသွားရ၏။ ထိုခံစားချက်ကို သိနေသလိုပင်။ ထူးဆန်းသည့်အတွေး ဝင်လာသည်။
ဤနေရာတွင် အလုပ်လုပ်ကတည်းက တောင့်တင်းကြံ့ခိုင်သည့် ယောက်ျားများကို မြင်တွေ့ခဲ့ရသော်လည်း အံ့သြဖို့ကောင်းလှစွာ တောင့်တင်းသည့် ပခုံးမျိုးကရှား၏။ ပခုံးကြွက်သားများ တအားထွက်နေသူ၊ ပခုံးဝိုင်းသူ၊ ပုံပန်းမကျစွာ လျှောကျနေသူတို့သာများသည်။
လည်ပင်းအောက်မှစကာ ပခုံးအဆုံးအထိ သေသပ်သောပုံစံမျိုးက ဤနေရာတွင် ရှားပါးလှ၏။
'ငါ့ယောက်ျားကလည်း အဲ့ဒီပုံစံအတိုင်းပဲ… အဲ့ဒီလို ပခုံးလှလှလေးတွေရှိတာကို။'
သို့သော် မျက်စိရှေ့တွင် ရှိနေသည့်လူက သူ့ခင်ပွန်းနှင့် ရုပ်ရော အသံပါ လုံးဝမတူချေ။
'နည်းနည်းလောက်… သွေးသားတော်စပ်တာများလား။'
လှပသော သူ၏မျက်လုံးများနှင့် မျက်လုံးအပြုံး၊ ပြီးတော့ ရှင်းလင်းသေသပ်သော မျက်ခုံးများက သာမန်နှင့် သိပ်မကွာပေ။ သူစိမ်းတစ်ယောက်၏ မျက်နှာတွင် ဂင်ဟျွန်း၏ တစ်စိတ်တစ်ပိုင်းကို လိုက်ရှာမိသည်က ယခုတော့ မသိစိတ်၏ အလိုအလျောက် တုံ့ပြန်မှုဖြစ်လာခဲ့ပေပြီ။
"ခဏနေ ဟိုကောင်တွေ ဝင်လာတော့မှာမို့လို့ မြန်မြန်ထွက်သွားလိုက်ပါတော့။"
သူက ဆောယောင်း၏ ယူနီဖောင်းကိုကြည့်ပြီး တံခါးအပြင်ဘက်သို့ ခေါင်းဆတ်ပြခဲ့သည်။ ဤသို့သော ရှက်စရာအခြေအနေမျိုးတွင်ပင် ထိုလူက လုံးဝဂရုမစိုက်သည့် မျက်နှာနှင့် ကြည့်နေ၏။ ဖြစ်ချင်ဖြစ် အပြုံးရေးရေးလေးပင် ပေါ်နေသေးသည်။
"ဟူး…"
ဆောယောင်းလည်း အောင့်ထားမိသည့်အသက်ကို ရှူထုတ်ကာ မြန်မြန်လေး ဦးညွှတ်အရိုအသေပေးလိုက်၏။
"..."
ထို့နောက် ထိုလူ၏ ခန္ဓာကိုယ်အောက်ပိုင်းကို ကြည့်မိသွားသည်က တကယ် မတော်တဆမှုတစ်ခုပင်။
~~~~
Miel's Translations