အပိုင်း ၆
ဤသည်ကား ခင်ပွန်းဖြစ်သူ ပျောက်ဆုံးသွားပြီးနောက်ပိုင်းတွင် ကြားခဲ့ရသောစကားများအနက် အဆိုးဝါးဆုံးစကားပင်။ 'ရူးနေရင်လည်း ဆေးရုံပဲသွားပါလား' ဟူသည့် စကားကမှ ပို၍ကြင်နာထောက်ထားမှုရှိသေးသယောင် ထင်မှတ်ရ၏။
"ဧကန္တများ တစ်ကိုယ်တော် ဆန္ဒပြမယ်ဆိုတဲ့အတွေးမျိုး ရှိနေသေးတယ်ဆိုရင် အိမ်မက်တောင် မမက်လိုက်ပါနဲ့။ အရင်က အမျိုးသားထောက်လှမ်းရေးဌာနရှေ့မှာ ဆန္ဒပြခဲ့သူတွေ တစ်ယောက်နှစ်ယောက်မကဘူးဆိုတာ သိလားဗျ။ ဒါပေမဲ့ အဲ့ဒီလူတွေ ဘယ်လိုဖြစ်သွားသလဲဆိုတာကို သတင်းစာထဲမှာရော ဖတ်ဖူးရဲ့လား။"
"..."
"အဲ့ဒီလိုပါပဲ။ သူတို့လုပ်တဲ့အလုပ်က အဲ့ဒီလိုမျိုးပါ။ ကျွန်တော်တို့ကတော့ ဒီကိစ္စကို လက်ရှောင်လိုက်ပါတော့မယ်။ မဟုတ်တောင် အစိုးရဆီက ခွင့်ပြုချက်ရလို့ လုပ်ငန်းလေး လုပ်ကိုင်နေရတာကို အလကားသက်သက် ဝင်ရှုပ်ပြီး မျက်နှာပျက်စရာတွေ မဖြစ်ချင်ပါဘူး။ ဒါပေမဲ့လည်း ဒီလောက်လုပ်ပေးရင် ကုန်ကျခဲ့တဲ့ငွေနဲ့ တန်တယ်လို့ဆိုရမှာပါ။"
ဂျောင်ဖီလ်ဂယူက ပြောလိုသည်များကို အကုန်ပြောပြီးသည့်နောက် ဆိုဖာပေါ်တွင် ကိုယ်ကို အပြည့်အဝ မြှုပ်ချလိုက်သည်။ အချိန်တိုလေးအတွင်းဖြစ်သော်လည်း ဘာကြောင့်မှန်းမသိ လက်ဖဝါးများက စိုစွတ်လာ၏။
သူက လှုပ်ရှားမှုမရှိဘဲ ကျောက်ရုပ်လိုဖြစ်နေသော ဆောယောင်းကို ကရုဏာသက်စွာကြည့်ရင်း ဒေါသနှင့် ရှူးရှူးရှားရှားဖြစ်နေသော ချန်နာ၏ နားကို ဆွဲလိမ်လိုက်သည်။ ထို့နောက် ထိုင်ရာမှထကာ နောက်ဆုံးစကားတစ်ခွန်း ထပ်မံပြောလိုက်၏။
"Black အေးဂျင့်တွေကို သာမန်လူတွေက ဘယ်လိုများ ရှာတွေ့နိုင်မှာလဲ။ သူတို့အကျွမ်းဆုံးအလုပ်က မျက်နှာဖုံးတပ်တာ၊ နာမည်ကိုဖုံးကွယ်တာ၊ အမြီး(သဲလွန်စ ခြေရာအစအန) ချန်မထားတာပဲလေ။ ပြီးတော့ ဂင်ယွန်းမီရဲ့သားက ခင်ပွန်းဖြစ်သူရဲ့အမြီးလည်း မဟုတ်ပါဘူး။ အဲ့ဒါမျိုးက ဒီအတိုင်း ပုတ်သင်ညို ဖြတ်နင်းသွားတဲ့ မြက်ပင်တစ်ပင်၊ တကယ် အဲ့ဒီလောက်သာသာပါပဲ။"
တောင့်ခံထားရန်ခက်ခဲသော ခံစားချက်များကို ရင်ထဲတွင် အတင်းဖျစ်ညှစ် ချုပ်တည်းထားရသော ဆောယောင်းလည်း ထိုစကားကို ကြားလိုက်ရသည်တွင် တစ်ချက်ကလေး အရာရာကို လက်လျှော့လိုက်မိသည်။
ဦးနှောက်က လက်ရှိကိုနားလည်ပြီး လက်ခံဖို့ ကြိုးစားနေသော်လည်း သူ့ကို တစ်ကြိမ်တစ်ခါပဲဖြစ်ဖြစ် ထပ်မြင်ချင်သေးသည့် အပြင်းအထန် စွဲလမ်းမှုက စိတ်ထဲတွင် စွဲမြဲစွာ ကပ်တွယ်နေဆဲပင်။
နာကျင်မှုကြောင့် စုတ်ပြတ်ကွဲကြေသွားသည့် နှလုံးသားက မှောင်မိုက်သော ယင်းအချိန်များ၏ ယဲ့ယဲ့ကလေး ဖာထေးချုပ်တွဲထားမှုကြောင့် ပုံမပျက်ထိန်းပြီးရှိနေရုံသာ။
"တစ်ခုလောက် မေးချင်ပါတယ်။"
ထိုအချိန်တွင် ဆောယောင်းက လမ်းလျှောက်တုတ်ကိုကိုင်လိုက်ပြီး ထွက်သွားရန်ပြင်နေသည့် ဂျောင်ဖီလ်ဂယူ၏ ခြေလှမ်းကို ဟန့်တားလိုက်သည်။ အချိန်အတော်ကြာ ကျောက်ရုပ်လို မလှုပ်မယှက်ရှိနေခဲ့သည့် ဆောယောင်းက မျက်လုံးများကိုပင့်ကာ သူ့ကို အတိအကျ စိုက်ကြည့်လိုက်၏။
"ကြော်ငြာစာရွက်မှာပါတဲ့ အမျိုးသားထောက်လှမ်းရေးအရာရှိဟောင်းဆိုတာက ဂျောင်ဖီလ်ဂယူ ကိုယ်တိုင်လားရှင့်။"
"ဟုတ်ကဲ့၊ ဟုတ်တာတော့ဟုတ်ပေမဲ့..."
ဆောယောင်းက အေးဆေးတည်ငြိမ်စွာ ခေါင်းညိတ်လိုက်သည်။ ဤမျှလောက်ဆိုလျှင် အင်မတန်ကြီးမားသော ရလဒ်ပင်။ ဆက်တိုက်ရိုက်ခတ်လာသည့်ဒဏ်ကြောင့် ခေါင်းကိုက်လာစဉ်အတွင်းမှာတောင် ဂင်ဟျွန်း၏ ကိုယ်ရေးကိုယ်တာအချက်အလက်ကို အရိပ်အမြွက် ခန့်မှန်းမိသည်က ကောင်းပေသည်။
သို့သော် သူ့ကို ရှာမတွေ့နိုင်ဘူးဆိုလျှင်....
တကယ်ပဲ ထိုသို့ဖြစ်ခဲ့မည်ဆိုလျှင်....
စဉ်းစားချိန် သိပ်မကြာလိုက်ပေ။ သာမန်နည်းလမ်းများနှင့်သာဆိုလျှင် သူ့ဆံပင်တစ်ချောင်းပင် အစအနရနိုင်မည်မဟုတ်။
"လုံးဝ အမြီးချန်မထားတဲ့သူလို့ ပြောခဲ့တာဆိုတော့ ပြောင်းပြန်လုပ်ကြည့်မယ်ဆိုရင်ရော။"
"ဘာကို....."
"ကျွန်မက အမြီးနှံ့ပြကြည့်မယ်ဆိုရင်ရောရှင့်။"
".....ခင်ဗျာ။"
ကြောင်သွားသည့် ဂျောင်ဖီလ်ဂယူဘက်ကို ဦးတည်ကာ ဆောယောင်းက မေးခွန်းကို နည်းနည်းပြောင်းလိုက်သည်။
"ကျွန်မက အမျိုးသားထောက်လှမ်းရေးမှာ အဖမ်းခံရမယ်ဆိုရင်ရော။"
ရိုးရှင်းသည့် ပုစ္ဆာပင်။ သူ့ကို လုံးဝ ရှာတွေ့နိုင်မှာမဟုတ်ဘူးဆိုလျှင် ပြောင်းပြန်အနေဖြင့် သူက ကိုယ့်ကို လာရှာအောင်လုပ်ရပေမည်။ အမြီးကို လုံးဝမရှာတွေ့နိုင်ဘူးဆိုတော့ ထိုတောကို မီးရှို့လိုက်မည်ဆိုလျှင် ရပြီမဟုတ်ပါလား။
"မကောင်းတာတွေ အများကြီးလုပ်ရင်... လက်ရှိ အမှုထမ်းအေးဂျင့်တွေနဲ့ တွေ့နိုင်လောက်မလား။"
သူက လက်လှမ်းမမီနိုင်သော ထိပ်ဆုံးအဆင့်တွင် ရှိနေမည်ဆိုလျှင် အောက်ခြေမှစ၍ တစ်ဆင့်ပြီးတစ်ဆင့် ဖမ်းဆီးစစ်ဆေးခြင်းကို ခံယူသွားရုံသာ။
ဤနည်းဖြင့် ရိုက်နှက် စစ်ဆေး မေးမြန်း၊ တစ်ဖန်ထပ်ပြီး ရိုက်နှက်၊ ထပ်မေးမြန်းရင်း တစ်နေ့တွင် သူ့ဆီကို ရောက်မည်ပင်...
ဆောယောင်းက ဤသို့သောနည်းနှင့်ပဲဖြစ်ဖြစ် ဂင်ဟျွန်းကို ဆက်ဆက်တွေ့ချင်မိသည်။
လူသုံးဦးကြားတွင် နက်ရှိုင်းသည့် တိတ်ဆိတ်မှုက နေရာယူသွားတော့၏။ ဆောယောင်း၏ မျက်နှာက ဘာမှမမှုသလို ခပ်တည်တည်ဆိုသော်လည်း Blast ကုမ္ပဏီမှ အရာရှိနှစ်ဦးကတော့ ကိုယ့်နားကိုယ်မယုံနိုင်သလို မျက်နှာထားမျိုးဖြစ်နေကြသည်။
ဂျောင်ဖီလ်ဂယူ ဘာပြောရမှန်းမသိဘဲ နှုတ်ခမ်းပဲ လှုပ်နေစဉ်တွင် ချန်နာက နှာခေါင်းရှုံ့ပြီး "အမျိုးသားထောက်လှမ်းရေးက ကျွေးတဲ့ထမင်းက ပျားရည်လိုချိုတာတော့ ဟုတ်ပါတယ်..." ဟု အော်ပြောမိတော့ ခြေသလုံး အကန်ခံလိုက်ရသည်။
"ဒီမှာ ဟန်ဆောယောင်း ခင်ဗျ၊ ထူးဆန်းတဲ့အတွေးတွေ မတွေးပါနဲ့ဗျာ။"
ဆောယောင်းက တုံ့ပြန်မပြောဘဲ တစ်ဖက်လှည့်ကာ လမ်းလျှောက်ရန်ပြင်လိုက်၏။ ကိုင်ထားသည့် လမ်းလျှောက်တုတ်ကို အမှိုက်ပုံးထဲသို့ ပစ်ထည့်လိုက်ပြီးသည့်နောက်တွင် ခြေလှမ်းတစ်လှမ်းစီ လှမ်းလိုက်တိုင်း ထူးဆန်းသော ယုံကြည်မှုတစ်မျိုး ဝင်လာတော့သည်။
'ကျွန်မ မျက်လုံးတွေကလည်း ရှင့်လက်ချက်ပဲမဟုတ်လား ဂင်ဟျွန်း။'
'ရှင်တို့တွေ ကျွန်မကို မျက်လုံးကန်းအောင် လုပ်သွားကြတာ။'
ပျောက်ဆုံးသွားခဲ့သည့် အလင်းရောင် မျက်ဝန်းထဲသို့ ပြန်ရောက်လာသည်နှင့်အမျှ ရင်ထဲမှ နှလုံးသားကလည်း အေးစက်လာတော့၏။
ဆောယောင်းက အကျယ်ကြီး အော်ရယ်လိုက်သည်။ စူးရှသောရယ်သံက လူသူကင်းမဲ့သည့် စင်္ကြလျှောက်လမ်း၏ နံရံကို တစ်ချက်၊ နှစ်ချက် ရိုက်ခတ်ကာ ပဲ့တင်သံထွက်လာလေသည်။ မဲ့ရွဲ့နေသည့် အပြုံးက ယခင်အတိုင်းလျော့မသွားခဲ့ချေ။
'ဂင်ဟျွန်း၊ ကျွန်မတို့ ဆက်ဆက်ပြန်တွေ့ကြမယ်။'
'ရှင်ကအရင် ကျွန်မကိုဖမ်းဖို့ လာရမှာမို့လို့။'
~~~~~
ဟောင်းနွမ်းနေသော လှေကားထစ်များကို တစ်ထစ်ချင်း ဆင်းလာသည်နှင့်အမျှ အမျိုးသား၏ လမ်းလျှောက်ဟန်က ပြောင်းလဲသွားလေသည်။
စိတ်ဓာတ်ဖြောင့်မတ်ပြီး စေတနာထားတတ်ပုံရသော၊ အလတ်စား စီးပွားရေးလုပ်ငန်းတစ်ခုတွင် အလုပ်လုပ်ကိုင်နေပြီး ယုံကြည်စိတ်ချရသည့်အသွင်ရှိသော ရုံးဝန်ထမ်းက လည်ပင်းကို ဘယ်ညာလှည့်ကာ နက်ခ်တိုင်ကို ဖြေလျှော့လိုက်သည်။
တည်ငြိမ်ဖြောင့်မတ်သော ခြေလှမ်းများက တဖြည်းဖြည်းနှေးကွေးပြီး ယိုင်တိယိုင်တိုင်ဖြစ်လာသည်နှင့်အမျှ အကြင်နာရိပ်အပြည့်ရှိနေခဲ့သောမျက်လုံးများက ခြောက်ကပ်ကပ် မျက်လုံးများအဖြစ်သို့ ပြောင်းလဲသွားတော့၏။
သူက သေသပ်စွာတပ်ထားသောရှပ်အင်္ကျီကြယ်သီးများကို တစ်ခုပြီးတစ်ခုဖြုတ်ကာ လည်ပင်းရိုးမှစ၍ ဆီလီကွန်သားရေပြားကိုဆွဲခွာလိုက်သည်။
ထိုအခါ လေးထောင့်ကျသောမေးရိုး၊ ရှားရှားပါးပါး ရှည်လျားသော မျက်ဝန်းအိမ်၊ ပါးလွှာသောမျက်ခုံးမွေးနှင့် သာမန်ဆန်သည့်နှာတံတို့ပျောက်ကွယ်သွားပြီး အမျိုးသား၏ တကယ့်မျက်နှာစစ်စစ် ပေါ်လာတော့သည်။
အသင့်အတင့်နေလောင်ထားကာ ကြမ်းတမ်းခဲ့သော အသားအရေက နိုင်ငံခြားသားများလားဟု ထင်မှတ်ရလောက်အောင် ဖြူဝင်းပြီးချောမွတ်နေ၏။ ထောင့်ချိုးညီညီ တက်သွားသည့် ထင်ရှားသောမျက်ခုံးမွေးနှင့် နဖူးမှ နှာသီးဖျားအထိ တစ်လျှောက်တည်းဆင်းသွားသော နှာတံမြင့်မြင့်။
အထူးသဖြင့် အရိုင်းဆန်သော သွယ်သွယ်ချွန်ချွန်မေးရိုးနှင့် အပေါ်သို့လန်နေသည့်နှာခေါင်း၊ ပြီးတော့ လျှို့ဝှက်ဆန်းကျယ်စွာ နက်ရှိုင်းသည့် မျက်ဝန်းအိမ်တို့က အရှေ့တိုင်းသား အာရှလူမျိုးတစ်ဦးဟုဆိုရန်အတွက် အင်မတန် ထင်ရှားပေါ်လွင်လှပေသည်။ တကယ်ကို လုံးဝ တစ်မူကွဲပြားသော မျိုးရိုးဗီဇပင်။
ဒီအတိုင်း ကြည့်ကောင်းရုံ လူချောတစ်ယောက်မဟုတ်ဘဲ၊ မျက်နှာအစိတ်အပိုင်းတစ်ခုချင်းစီက ရှင်းလင်းထင်ရှားစွာ တောက်ပပေါ်လွင်နေပြီး အံ့ဩစရာကောင်းလောက်အောင် လှပပေ၏။
ထို့နောက် သူက လည်ပင်းမှာ ကပ်ထားသော ဟိုက်ဒရိုဂျယ်လ် ဖလင် အဝိုင်းကိုလည်း ခွာချလိုက်သည်။
"အီး... ဒါက ဘယ်လိုပဲကြည့်ကြည့် မသတီစရာကြီး။ မြွေအရေခွံချွတ်တာလည်း မဟုတ်တာကို ကိုယ်တိုင်မြင်ရတာတောင် မယုံနိုင်ဘူး။ အရင် CIA အေးဂျင့်ရဲ့ အထူးမိတ်ကပ်ဖော်စပ်နည်းတွေကို YouTube မှာတင်ပြီးဘာလုပ်ရမှာလဲ။"
အမျိုးသားထောက်လှမ်းရေးအေဂျင်စီ၏ လက်တွေ့ကွင်းဆင်းအကူအဖွဲ့မှ ဟက်ကာက တစ်လအတွင်း စုဆောင်းထားသော CCTV မှတ်တမ်းများကိုကြည့်ရင်း မျက်နှာကိုမဲ့လိုက်သည်။
ထိုအချိန်တွင် လှေကားမှ ဆင်းလာသော အမျိုးသားက CCTV ကင်မရာမှန်ဘီလူးကို ဖျတ်ခနဲကြည့်လာ၏။ ပါးလွှာသော မျက်ရစ်နှစ်ထပ်နှင့် စူးစူးရှရှ မျက်ဝန်းများက ရုတ်တရက် စိတ်တိုင်းမကျသလို ကွေးညွတ်သွားတော့သည်။
မျက်နှာတွင် အရေပြားအတုများ ကပ်ထားရင်းနှင့်တောင်မှ အေးဆေးတည်ငြိမ်လှပေသည်။ သူက ဆီလီကွန်ဖြင့်လုပ်ထားသော မျက်နှာဖုံးကို လက်ညှိုးနှင့်လှည့်ကာ ပီဇာမုန့်နယ်သလို လှမ်းပစ်လိုက်၊ ပြန်ဖမ်းလိုက် ကစားနေ၏။
ရူးတော့မယ်....အသည်းအသန် ပူပန်ပေးနေမိသည်က ဟောဒီ ထင်ရာစိုင်းတတ်သည့်လူကို နောက်ကွယ်မှ ကူညီပံ့ပိုးပေးနေရသော သနားစရာ ကွင်းဆင်းအကူအဖွဲ့၊ ယင်းအဖွဲ့အနက်မှ ဟက်ကာဖြစ်သူ သူတစ်ယောက်တည်းသာရှိပေသည်။
ထိုအထဲမှ စိတ်အေးစရာကို ပြောရမည်ဆိုလျှင် ဤမစ်ရှင် ယခု ဆုံးခန်းတိုင်သွားပြီဟူသောအချက်ပင်။
"အီး..."
ဘယ်လိုများ ဤသို့သော ရင်တမမ၊ ဖင်တကြွကြွဖြစ်ရသည့် မစ်ရှင်ကို ၂နှစ်တောင် သည်းခံခဲ့တာပါလိမ့်။ ဟင့်အင်း... ပစ်မှတ်ကိုချဉ်းကပ်ပြီး ချစ်သူအဖြစ် စတွဲခဲ့သည့်အချိန်ကိုပါ ထည့်တွက်လျှင် ၂နှစ်ခွဲကြာ၏။
ယင်းဖန်သားပြင်ထဲတွင် တွေ့နေရသည့်လူက အမြဲတမ်း ဆီလီကွန်မျက်နှာဖုံးကိုတပ်၊ အသံလှိုင်းပြောင်းပေးသည့် ချပ်စ်ပြားကိုသုံးကာ ဘာမှမဖြစ်သလို 'ဂင်ဟျွန်း' အဖြစ် သရုပ်ဆောင်ခဲ့သည်။
စိတ်ရင်းအပြည့်ပါပြီး အနည်းငယ်ဖြူစင်သလိုပုံစံလေးဖြင့် ပစ်မှတ်ကိုချဉ်းကပ်သည့် သူ့ကို တွေ့ရတိုင်းမှာ ယင်းက သရုပ်ဆောင်မှုလား၊ မဟုတ်လျှင် တကယ်ပဲ ရှက်ကိုးရှက်ကန်းဖြစ်နေတာလား ခွဲခြားပြောနိုင်ခြင်းမရှိသောကြောင့် တကယ် ရင်တမမဖြစ်ခဲ့ရသည့် နေ့ရက်များပင်။
သို့သော် တပ်ခေါက်ရန် အမိန့်ကျလာသည်နှင့် သူက အရှိန်အဝါတစ်ခုလုံးကို ပြောင်းလဲပစ်လိုက်သည်။ ဂင်ဟျွန်းဟူသော ကိုယ်ခွဲကို အေးစက်စွာ ခွာချခဲ့၏။ အခုလေးတင်တွေ့ခဲ့ရသည့် CCTV ဖန်သားပြင်ထဲမှ ပုံစံကဲ့သို့ပင်။
သူ၏ လင်းလက်တောက်ပသည့် နောက်ကြောင်းမှတ်တမ်းကို အားလုံးသိထားလျက်ကပင် အခုလေးတင် အလုပ်ဝင်လာသော အသစ်လေးလို အံ့ဩမှင်တက်မိသည်ကိုတော့ ဘယ်လိုမှမတတ်နိုင်ပေ။
အေးဂျင့်က နားထဲတွင်တပ်ထားသော receiver ကို နှိပ်ပြီး စကားစလိုက်သည်။
"ဒီတော့ အဖွဲ့မှူး၊ နောက်ကြောင်းရှင်းရှင်း ထွက်ပြေးနိုင်ခဲ့ရဲ့လား။"
ထိုအခါ 'ရှီး'ခနဲ ရယ်သံက နားကြပ်ထဲမှ စူးခနဲထွက်လာသည်။
-အင်း၊ အနောက်တောင်လှည့်မကြည့်ဘဲ ပြေးလာတာ။ မိသွားမလားကြောက်လို့ တုန်တောင်တုန်တယ်။
တုံ့ဆိုင်းခြင်းမရှိဘဲ နူးညံ့သောအသံက အဓိပ္ပာယ်မရှိသည့် အကျယ်ချဲ့စကားများကို ပြောခဲ့သည်။
မျက်နှာပေါင်းတစ်ရာနှင့် ရုပ်ဖျက်ခိုးဝင်ရာတွင် အတော်ဆုံး အထူးအေးဂျင့်။
Codename : Masker (маска)
ပြည်ပ ထောက်လှမ်းဌာန၏ တရားဝင်မဟုတ်သော အဖွဲ့ ၁မှ အရာရှိ။
ဉာဏ်များပြီး ပရိယာယ်ကြွယ်သော ပင်ကိုစရိုက်ကြောင့် တစ်ခါလေးတောင် အမြီးမိဖူးခြင်းမရှိသည့် ဆရာများထဲမှ ဆရာတစ်ဆူ။
ဒုညွှန်မှူး ၁ ၏ တိုက်ရိုက်ညွှန်ကြားမှုအောက်တွင်သာ လှုပ်ရှားသော Black အေးဂျင့် အီဝူရှင်း။
ဘယ်လောက်အထိ ပါရမီရှင်သရုပ်ဆောင်နှင့်တူသလဲဆိုတော့ ကာကွယ်ရေး သိပ္ပံနှင့်သုတေသနဌာန၏ ပံ့ပိုးမှုသာရှိမည်ဆိုလျှင် အဘိုးကြီးရော၊ နိုင်ငံခြားသားရော၊ ဆေးသမားရော၊ နောက်ဆုံး လိင်ပါပြောင်းပြီး မိန်းမအထိတောင် ဖြစ်နိုင်သည်ဟု ပြောကြသည်။
၂နှစ်ခွဲလုံး အီဝူရှင်းကို ရသမျှနည်းနှင့် ကူညီပေးကာ စောင့်ကြည့်လာပြီးသည့်နောက် ယခုတော့ ဟက်ကာလေးလည်း ထိုစကားကို သံသယအလျဉ်းမရှိ ယုံကြည်သွားလေပြီ။
သူက သစ္စာရှိသည့်ခင်ပွန်းအဖြစ် သရုပ်ဆောင်ခဲ့ပြီး အသည်းတယားယားဖြစ်ရလောက်အောင် ပီပြင်လှသောကြောင့်ပင်။
"ဒါနဲ့ နှုတ်ထွက်စာတင်ခဲ့တယ်ဆိုတာ တကယ်ပဲလားဗျ။ ဒုညွှန်မှူးတော့ ဆံပင်တွေပါဆွဲဆုပ်ပြီး ဒေါသထွက်နေတော့မှာပဲ။"
-မင်းက အဲ့ဒါကိုသိပြီး ဘာလုပ်မလို့လဲ။
"ကျွန်တော်က အဖွဲ့မှူးနောက်မလိုက်ဘူးဆိုရင် ဘယ်သူ့နောက်လိုက်ရမှာလဲ။"
ရုတ်တရက် ခါးသီးသောစိတ်ပျက်မှုက တရစ်ရစ်တက်လာတော့သည်။
ဂုဏ်ထူးဆောင်စစ်ပြန်ကြီး၏ မြေးဖြစ်သော လူငယ်လေးက အီဝူရှင်း၏ ပြီးမြောက်အောင်မြင်မှုများကြောင့် ရင်ထဲတွင် ရဲစိတ်ရဲမာန်များတက်ကြွကာ 'မယိမ်းမယိုင် သစ္စာစောင့်သိပါ့မယ်' ဟူ၍ပင် ကျိန်ဆိုခဲ့ဖူးသည်။
အီဝူရှင်းက ပြည်ပကနေ မြောက်ကိုရီးယားနှင့် နိုင်ငံခြားက သတင်းအချက်အလက်တွေကို ဘယ်လိုနှိုက်ထုတ်ခဲ့သလဲ၊ နိုင်ငံတော်လျှို့ဝှက်ချက်တွေနှင့်အတူ ထွက်ပြေးသွားကြသော သစ္စာဖောက်များကို ဘယ်လိုလုပ်ကြံခဲ့သလဲ။
'ဟုတ်တယ်၊ ငါက အင်တာနက်မှာ comment တွေ ခြယ်လှယ်တာလောက်ကို လုပ်ချင်တာမဟုတ်ဘူး။ သမိုင်းမှာ မှတ်ကျောက်တင်ခဲ့ချင်တာ...'
-ဝန်ချန်း၊ ဒီလိုကနေ နောက်ကျရင် ငါ့ကို ချီးပါလိုက်ကုန်းပေးတော့မှာပဲ။ ဟုတ်လား။
~~~~~
Miel's Translations