no

Font
Theme

အပိုင်း ၁၁

နှစ်ရက်တိတိ ထမင်းမစားခဲ့။

ဂင်ဟျွန်း ဝတ်ခဲ့သော အဝတ်အစားများ၊ သူဖတ်ခဲ့သော စာအုပ်များ၊ တစ်စုံစီသာရှိခဲ့သော ဖန်ခွက်နှင့် ပန်းကန်များ၊ အတူတူ သုံးခဲ့သော မျက်နှာသုတ်ပဝါ...

သူထားခဲ့သော ခြေရာသဲလွန်စများက ဤမျှအထိ တိကျပြတ်သားကာ ရိုးရှင်းလှ၏။

ဆရာနှင့်တွေ့ပြီးနောက် လုံးဝအားပြတ်သွားသော ဆောယောင်းတစ်ယောက် ဂင်ဟျွန်း၏ရနံ့ကြားတွင် မလှုပ်မယှက် အချိန်ကုန်စေခဲ့သည်။

ငါ့ဘဝထဲကို ဒရောသောပါး ဖောက်ဝင်လာပြီးတော့ ငါတည်ဆောက်ခဲ့တဲ့ အရာအားလုံးကို ဖျက်ဆီးပစ်ပြီး ပျောက်ကွယ်သွားလိုက်တဲ့ ယောက်ျား...

ဂင်ဟျွန်းက တကယ်ပင် အရည်အချင်းရှိထက်မြက်သော လျှို့ဝှက်အေးဂျင့်တစ်ဦး ဖြစ်နိုင်လောက်သည်ဟု တွေးမိသောအခါ ခြောက်ကပ်ကပ်ရယ်သံ ထွက်လာ၏။

ဂင်ဟျွန်းကဲ့သို့ ပျော့ညံ့ပြီး ရိုးအေးသည့် လူတ​စ်ယောက်က ဘယ်လိုများ ဤသို့သောအရာကို လုပ်နိုင်ပါမည်နည်း။ ငါးကိုမဆိုထားနှင့် ကြက်ကိုတောင်မှ ခုတ်ရခက်သည်ဟု ညည်းတွားတတ်သောလူပင်။

ဆောယောင်းက အကျင့်ပါနေသည့်အတိုင်း မျက်လုံးနှစ်ဖက်ကို မှိတ်လိုက်သည်။

ရင်းနှီးသောအမှောင်ထု ရောက်ရှိလာချိန်တွင် တစ်စုံတစ်ယောက်က ဆောယောင်းဟု သူ့နာမည်ကို ခေါ်ခဲ့၏။ အမြင်အာရုံချို့တဲ့သူ ဇနီးသည်ကို ထောက်ထားကရုဏာသက်သည့်အလား အသေးအဖွဲကိစ္စလေးများကိုတောင် အစအဆုံး ပြောပြပေးခဲ့သူပင်။

ဆောယောင်း၊ ကိုယ် အခု အဝတ်လဲနေတယ်နော်။ ဆောယောင်း၊ ကိုယ် အခု ဖုန်းကြည့်နေတယ်နော်။ ဆောယောင်း၊ ကိုယ် အခု ရေခဲသေတ္တာတံခါး ဖွင့်လိုက်ပြီနော်။

ဆောယောင်း၊ ကိုယ် အခု...

ဒီအတိုင်း မင်းကိုပဲ ကြည့်နေတယ်။

မှိတ်ထားသော မျက်လုံးများက ပေါက်ထွက်လုမတတ် နာကျင်လာတော့သည်။

~~~~~

ချလွင်...

ကော်ဖီဆိုင်တံခါးပွင့်ပြီး ပိတ်သွားသောအသံကြောင့် ဆောယောင်းတစ်ယောက် နက်ရှိုင်းသော အတွေးနယ်မှ နိုးထလာသည်။

မိုးပြာရောင်တောက်ပနေသော ဆောင်းဦးနေ့လယ်ခင်းတစ်ခုပင်။ မျက်နှာချင်းဆိုင်တွင် ထိုင်နေသော ချန်နာ၏ မျက်လုံးများက လေပြင်းအတိုက်ခံရသည့်အလား ဟိုဟိုဒီဒီ ဂနာမငြိမ်လှုပ်ရှားနေ၏။

ပါးစပ်အဟောင်းသားဖြင့် ဖုန်းကိုသာကြည့်နေသော သူက သတင်းဗီဒီယို ပြီးသွားသည်နှင့် နားကြပ်ကို ဆွဲဖြုတ်ပစ်လိုက်သည်။ 'လုပ်ရဲလိုက်တာ' ဟူသော အကြည့်က အဆစ်ပါလာ၏။

"ခန္ဓာကိုယ်တော့ အထိအခိုက်မရှိဘူးမဟုတ်လား။"

"အဲ့ဒီဘက်ကတော့ ဘဏ်အကောင့်ပေါက်သွားပါပြီ။"

"ရှင်။"

"ဒဏ်ငွေ ဝမ်ဆယ်သန်း ပေးလိုက်ရတယ်လေ။"

"အင်..."

ချန်နာလည်း ယခုတော့ ပေါက်သွားသော ဘဏ်အကောင့်ကို စိုးရိမ်သည့်အလား မျက်နှာမဲ့သွားတော့၏။

ဆောယောင်းက ယခင်တစ်ခါထိုင်ခဲ့သော ကော်ဖီဆိုင်၌ ထိုစဉ်က ထိုင်ခဲ့သောနေရာကို ယူထားခဲ့သည်။ ထို့နောက် ပြောစရာစကားကို ထုတ်ပြောရန် ပါးစပ်ဟလိုက်သည်တွင် ချန်နာက တစ်ပြိုင်နက်တည်း အလိုအလျောက် ခေါင်းခါပြလေ၏။ ပခုံးများကို အတတ်နိုင်ဆုံးတောင့်ထားပြီး သတိအနေအထားအပြည့်ရှိသည့် အရိပ်အယောင်မှာ ထင်ရှားလှပေသည်။

"မဟုတ်မှ ဒီနေ့ ကျွန်မကို ခေါ်လိုက်တာက...ထပ်ပြီး...."

"ဒီဘက်နယ်ပယ်မှာ အဆက်အသွယ် လုံးဝမရှိလို့ပါ။"

"ဟား၊ ထင်သားပဲ..."

ချန်နာက ထိုသို့ညည်းတွားရင်း မှာထားသော သောက်စရာကို အမြန်ဆုံး ကုန်အောင်သောက်လိုက်သည်။

"လူတစ်ယောက်ကို တစ်ချက်လောက် ပြန်ပေးဆွဲချင်လို့ပါ။"

"...ရှင်။"

"ပြန်ပေးဆွဲပြီးတော့ ရက်ပိုင်းလောက်လေး ဓားစာခံအဖြစ် ခေါ်ထားချင်တာကို..."

"ခ...ခဏလေး...နေပါဦး။ လူကို ပြန်ပေးဆွဲမယ်လို့ ပြောလိုက်တာလားဟင်။"

"ချန်နာရှင့်၊ ပါးစပ်က ကော်ဖီတွေ စီးကျနေပါပြီ။"

ဆောယောင်းက ဘာမှမဖြစ်သလို မျက်နှာထားဖြင့် တစ်ရှူးကို ကမ်းပေးလိုက်သည်။

လူတစ်ယောက်ကို ပြန်ပေးဆွဲရန် ဆုံးဖြတ်လိုက်မိသည်က စစ်ကြောရေးအခန်းထဲတွင် ဖြစ်၏။

ဒုတိယညွှန်ကြားရေးမှူးဆိုသူထံမှ ဖုန်းဝင်လာပြီးနောက် နိုင်ငံတော်လုံခြုံရေးဥပဒေချိုးဖောက်မှုမှ ဝေးကွာသွားရသည့်အခိုက်အတန့်၌...

'အဲ့ဒီအထက်ပိုင်းက လူကြီးကို ငါ့လက်ထဲမှာ သုံးရက်လောက်ပဲ ရှိစေချင်လိုက်တာ။'

ထိုတွန်းအားတစ်ခုတည်းသာ ပြင်းပြစွာ ဆူပွက်ခဲ့သည်။

"ဓားစာခံဖြစ်လာရင် နိုင်ငံတော်ကနေ ညှိနှိုင်းရေးကျွမ်းကျင်သူကို စေလွှတ်တယ်ဆိုတာ သိလားရှင့်။ ဓားစာခံရဲ့ လူမှုရေးအဆင့်အတန်း ရာထူးက မြင့်လေလေ၊ ဒီဘက်က ပိုပြီးအာဏာကြီးလေပဲ။"

"အဲ့ဒီလိုကနေ ပစ်သတ်ခံရနိုင်ခြေလည်း ပိုမြင့်လာမယ်မဟုတ်ဘူးလား။"

ချန်နာက လည်ပင်းများနီရဲသွားအောင် အော်ပြောခဲ့သော်လည်း ဆောယောင်းကတော့ နည်းနည်းလေးတောင် ကြောက်ပုံမရပေ။

"အရိပ်မရှိတဲ့ သရဲကို ဖမ်းဖို့ဆိုရင် ကျွန်မဘက်ကလည်း အသက်ကိုတော့ လောင်းကြေးထပ်ရမှာပေါ့။"

'ပြီးတော့ ညှိနှိုင်းမှုအတွက် သတ်မှတ်ချက်အခြေအနေက ဂင်ဟျွန်းဆိုရင် ကောင်းမှာလေ။'

ဆောယောင်းက ခင်ပွန်းဖြစ်သူ အလွယ်တကူသုံးပြီး စွန့်ပစ်သွားခဲ့သော ဂင်ဟျွန်းဆိုသည့် နာမည်ကို အမျိုးသားထောက်လှမ်းရေးဌာန၏ ထောင့်တိုင်း၊ နေရာတိုင်းသို့ ပျံ့နှံ့စေလိုသည်။ ထိုသို့ မီးထိုးပေးလိုက်မည်ဆိုလျှင် တစ်ယောက်ယောက်ကတော့ ထွက်လာမည်သာ။

"...ဒီ...ဒီ ပြောမကောင်းဆိုမကောင်းလူကတော့ တကယ်ပဲ ဘယ်အထိသွားချင်လို့ ဒီလိုတွေလုပ်နေရတာလဲ။"

"အဆုံးအထိပဲ သွားရမှာပေါ့၊ ထွက်ပြေးသွားတဲ့ ခင်ပွန်းကို ဖမ်းမိတဲ့အထိလေ။"

ချန်နာက တစ်ရှူးဖြင့် ပါးစပ်ကို ကြမ်းတမ်းစွာသုတ်ရင်း ရှူးရှူးရှားရှားဖြစ်နေသော်လည်း ရာဇဝတ်မှုကျူးလွန်မည့်အကြောင်း ကြိုတင်ပြောပြနေသော ဆောယောင်းကတော့ ဘာမှမဖြစ်သလို မှင်သေသေပင်။

အနည်းငယ်မျှပင် တုံ့ဆိုင်းနေခြင်းမရှိသည့်အသံမျိုး။ ထိုအကြံကိုသာ အကြိမ်ပေါင်း ရာချီ၊ ထောင်ချီ စဉ်းစားပြီး အသက်ရှင်နေသူတစ်ယောက်လိုမျိုး။

"စကားကို တည်တည်တံ့တံ့ပြောမှပေါ့၊ ဖမ်းတာ မဟုတ်ဘဲ အဖမ်းခံမှာလို့ ပြောခဲ့တာမဟုတ်လား။"

"အတူတူပါပဲ။ အဖမ်းခံရတာနဲ့ ကျွန်မလည်း အဲ့ဒီလူကို ခဲထားပြီး အလွတ်ပေးတော့မှာမဟုတ်လို့။"

"..."

'ပြီးတော့ အရင်ဆုံး တွေ့ပြီးမှ တစ်ခုခု ပြောလို့ရမှာပေါ့' ဟု ဆောယောင်းက ထပ်ပြောရင်း ခပ်ရေးရေး ပြုံးခဲ့သည်။

နဂိုက သွေးအေးပြီး တုံဏှိဘာဝေနိုင်သည့် မျက်နှာပေါ်တွင် ရုတ်တရက် ဝင်းလက်တောက်ပနေသော ခံစားချက်များ ပေါ်လာကာ ပါးရိုးများပင် အနည်းငယ် လှုပ်လျားသွား၏။

မကျေနပ်မှုနှင့် မုန်းတီးမှုများ အပြည့်ပါဝင်နေသော်လည်း မျက်နှာသေထက်တော့ အများကြီး ပိုကြည့်ကောင်းပေသည်။ နောက်ဆုံးတော့ အသက်ဝင်နေသော လူတစ်ဦးလိုပင်။

"ဒါဆိုရင် အတိအကျ ဘာကိုလိုချင်တာပါလဲ။"

"အမျိုးသားထောက်လှမ်းရေးရဲ့ ဒုတိယညွှန်ကြားရေးမှူးဆိုတဲ့လူအကြောင်း သိချင်ပါတယ်။"

"ဟား..."

ချန်နာတစ်ယောက် ယခုပဲဖြစ်ဖြစ် ပေါက်ကွဲတော့မလိုဖြစ်နေသော မျက်နှာဖြင့် ကိုယ့်ကုပ်ပိုးကိုယ် ဆုပ်ကိုင်လိုက်မိသည်။

"အရာရှိတွေရဲ့ သားသမီးတွေတောင်မှ သူတို့မိဘတွေ ဘာလုပ်တယ်ဆိုတာကို တိတိကျကျ မသိကြတဲ့အချိန်မှာ..."

သူက ဟူး... ဟု တစ်ချက်သက်ပြင်းချကာ စကားဆက်ခဲ့သည်။

"ဒီထက် ရာထူးပိုမြင့်တဲ့အရာရှိရဲ့ ကိုယ်ရေးအချက်အလက်တွေ စုံစမ်းရမှာကို...အဲ့ဒီလိုလူတွေရဲ့ ပတ်ဝန်းကျင်မှာလည်း ကိုယ်ရံတော်တွေချည်းပဲရှိတာ၊ လိပ်စာတွေကလည်း အကုန် အတုတွေချည်းပဲ။ ဒါပေမဲ့ သမားရိုးကျနည်းလမ်းနဲ့ လိုက်ကြည့်လို့ သူတို့ရှိတဲ့နေရာကို သိခဲ့ရင်တောင်မှ... အဲ့ဒီနောက်မှာ..."

ချန်နာက စားပွဲပေါ်သို့ လက်နှစ်ဖက်ကို ရိုက်ချကာ မေးလိုက်သည်။

"အစ်မက တစ်ယောက်တည်း ကိုယ်ရံတော်တွေကို အကုန်ရှင်းပြီး ပြန်ပေးဆွဲနိုင်မှာ သေချာလို့လား။"

"..."

"သေနတ်တွေ၊ ဓားတွေကိုရှောင်ပြီး ဘယ်သူမှမသိအောင် ဓားစာခံကိုဖမ်းနိုင်မှာ သေချာရဲ့လား။"

ဆောယောင်းတစ်ယောက် စဉ်းစားခန်းဝင်နေသလို နှုတ်ဆိတ်သွားသောအခါ ချန်နာက ထိုအခြေအနေကို အခွင့်ကောင်းယူကာ စကားလမ်းကြောင်းကို အမြန်လွှဲလိုက်သည်။

"မသေချာဘူးဆိုရင်တော့ အရည်အချင်းတစ်ခုခုရှိအောင်ပဲ သင်လိုက်ပါလား။"

ချန်နာက အန္တရာယ်ရှိသည့် အတွေးများကိုသာ တွေးနေသော ဤအစ်မကို လုံခြုံဘေးကင်းသောလမ်းပေါ်သို့ ရောက်စေလိုသည်။

သာမန်အတိုင်း ရိုးရိုးသားသား ငွေရှာပြီး ချစ်သူအသစ်နှင့် တွေ့ဆုံစေလိုသည်။ အခုမှ ငယ်ရွယ်ဆဲ၊ လှပဆဲရှိနေသေးတာကြောင့် တောင်ကိုရီးယားနိုင်ငံကဲ့သို့ လွတ်လပ်သော ချစ်ခြင်းမေတ္တာပုံစံဖြင့် ခန့်ညားသောယောက်ျားများနှင့်တွဲပြီး၊ ထိုသို့ဖြင့်...

အနှောင်အဖွဲ့ကင်းကင်းနှင့် လွတ်လပ်စွာ နေထိုင်စေလိုသည်မှာ မြောက်ကိုရီးယားမှ အတူတူမထွက်ပြေးနိုင်ခဲ့သော သူ၏ ဒုတိယအစ်မအတွက် ဖြစ်စေချင်ခဲ့သည့်ဆန္ဒပင်။

ခွဲခွာလိုက်ရသော မိသားစုအပေါ် လွမ်းဆွတ်မှုက မထိန်းနိုင်အောင်ဖြစ်လာခဲ့လျှင်တောင် ထိုစိတ်ဖြင့် ကိုယ့်ခြေထောက်ကိုယ် မချည်နှောင်စေလိုပေ။

ထို့ကြောင့် ထိုရေခဲပွင့်အလား အေးစက်ချွန်မြသော ဆောယောင်းကို လုံးဝ လျစ်လျူရှုမထားနိုင်ခြင်းဖြစ်၏။

"မူဝါဒအရဆိုရင် ဒီလိုစကားမျိုး ပြောသင့်တာတော့မဟုတ်ပေမဲ့...သဘောတရားကို နားလည်မှ လူတွေအနား ပိုပြီးချဉ်းကပ်နိုင်မှာ မဟုတ်ဘူးလား။"

"ဘာကို..."

"စိတ်ကူးရှိရင်တော့ အစီအစဉ်တကျသာ သင်လိုက်ပါတော့။ ပြစ်မှုတစ်ခုခု ကျူးလွန်တော့မယ်ဆိုရင်တောင် လူက အခြေခံတော့ ရှိရမယ်မဟုတ်ဘူးလား။ အရည်အချင်းတစ်ခုခုကိုသာ သင်ယူလိုက်ပါ။ ကျွမ်းကျင်ပညာရှင်အားလုံး အဲ့ဒီမှာရှိပါတယ်။"

"အဲ့ဒီမှာဆိုတာက။"

"ကျွန်မတို့ ကုမ္ပဏီမှာပါ။"

ဆောယောင်း၏ မျက်ခုံးများ အနည်းငယ် ကျုံ့သွားခဲ့သည်။ ကုမ္ပဏီပေါ့လေ၊ ချန်နာ အလုပ်လုပ်သည့် ကုမ္ပဏီတဲ့လား။ ထိုသို့တွေးလိုက်သောအခါ ထောက်လှမ်းရေးစင်တာမှ ကြားခဲ့ရသော ကုမ္ပဏီအမည်ကို သတိရသွား၏။ Blast...Blast ကုမ္ပဏီဟု ပြောခဲ့သည်မဟုတ်လား။

"ဓားစာခံတွေကို ကယ်တဲ့သူဆိုရင် ဓားစာခံဖမ်းတာလည်း ကျွမ်းကျင်မှာပဲ မဟုတ်ဘူးလား။"

"...”

စကားဆုံးသောအခါ ချန်နာက မျက်လုံးကိုလှိမ့်ပြီး အကြည့်လွှဲသွားသည်။

ပြန်တွေးကြည့်လေ၊ လုံးဝဆီလျော်လေပင်။ ပြန်ပေးဆွဲပြီး ဓားစာခံလုပ်ခြင်းမှာ အကူအညီပေးမည့်သူနှင့် ကျွမ်းကျင်မှုပါ လိုအပ်သည့်အရာဖြစ်၏။ ထို့အပြင် ရိုးရိုးသာမန်လူကိုမဟုတ်ဘဲ အမျိုးသားထောက်လှမ်းရေးမှပုဂ္ဂိုလ်ကို ဓားစာခံဖမ်းမည်ဆိုလျှင် သူ့အနေဖြင့် လုံလောက်သော အင်အားနှင့် အရည်အချင်းရှိရပေမည်။ သဘာဝကျကျ ချဥ်းကပ်ရမည်ဖြစ်သော်လည်း အရည်အချင်းရှိ ကျင်လည်သော အင်အားရှိရမည်။

"အဲ့ဒါကြောင့် တခြားအတွေးတွေ မတွေးဘဲ အခုကစပြီးတော့ လေ့ကျင့်ရေးတွေကိုပဲ ရွေးပြီးလေ့လာလိုက်ပါတော့။"

ထို့အပြင် အမျိုးသားထောက်လှမ်းရေးဌာန၏ ဒုတိယညွှန်ကြားရေးမှူးက ကိုယ်ရံတော်များခေါ်၍ သွားလာသတဲ့လား။

Blast ကုမ္ပဏီ... ဆောယောင်း၏ မျက်လုံးများ တောက်ပလာတော့သည်။

တစ်ယောက်နှင့်တစ်ယောက် အမြင်ချင်းလွဲနေသော အခြေအနေပင်။

~~~~~

ချလွင်...

ကော်ဖီဆိုင်တံခါး ပွင့်ပြီးပိတ်သွားချိန်တွင် ဆောယောင်းက မတ်နေပြီးသား ခါးကို ပို၍ပင် မတ်အောင်ထိုင်လိုက်သည်။

ကြမ်းတမ်းသောရုပ်ရည်မျိုးရှိသည့် မျက်နှာဖြင့် ပတ်ဝန်းကျင်ကို ဝေ့ဝဲကြည့်နေသော အမျိုးသားက ပြတင်းပေါက်ဘေးတွင်ထိုင်နေသော သူ့ကို မြင်သည်နှင့်တစ်ပြိုင်နက် မျက်နှာတည်သွားလေသည်။

"ဟန်ဆောယောင်းခင်ဗျ။"

သူ့ဆီသို့ ခပ်သွက်သွက် ခြေလှမ်းလာတိုင်း မျက်ခုံးများကြားတွင် ထိုးထွင်းဝင်ရောက်နေသော အရေးအကြောင်းများက ပို၍နီးကပ်သွားကြ၏။

"ချန်နာနဲ့ ပတ်သက်ပြီး ပြောစရာရှိတယ်ဆိုတာက ဘာပါလဲ။"

ဂျောင်ဖီလ်ဂယူက ထိုင်ခုံတွင် မထိုင်ရသေးခင်မှာပင် လိုရင်းကို တန်းပြောခဲ့သည်။ ဆောယောင်းနှင့်အတူ အနည်းငယ်မျှပင် အချိန်မဖြုန်းချင်သည့် မျက်နှာအမူအရာက အလွန်ထင်ရှားလှ၏။

သို့သော် ထိုသို့ဖြစ်လေလေ၊ ဆောယောင်းက ပို၍စိတ်အေးသွားလေပင်။ ဆောယောင်း ဖြည်းဖြည်းချင်း လှည့်ကြည့်လိုက်စဉ်တွင် ထိုလူက တွေဝေတွန့်ဆုတ်လျက် ထိုင်ခုံကို ဆွဲထုတ်ခဲ့သည်။

သူ့စိတ်ထဲတွင် ဒေါသများ ဆူပွက်နေပေလိမ့်မည်။ ဆောယောင်းက ငြင်သာစွာ ပြုံးလိုက်၏။

ဂျောင်ဖီလ်ဂယူကို ခြိမ်းခြောက်၍ ချိန်းဆိုခဲ့သည်မှာ ညတုန်းကပင်။

"ချန်နာနဲ့က မိသားစုဆိုပြီး ကြားထားပါတယ်။ ခဲအိုနဲ့ ခယ်မပေါ့နော်။"

"..."

ဂျောင်ဖီလ်ဂယူက မျက်နှာကို တင်းသွားအောင် မဲ့လိုက်သည်။ သူ၏ မိသားစုဆွေမျိုးရေးအကြောင်း ဆောယောင်း သိနေသည်ကို စိတ်မသက်မသာဖြစ်နေသည့်ပုံပင်။

"ဒါကြောင့် ဂျောင်ဖီလ်ဂယူကိုလည်း အကျပ်ကိုင်ရအောင် ဆက်သွယ်လိုက်တာပါ။"

"ဘာကို..."

သို့သော်လည်း ဆောယောင်းက ဖုန်းခလုတ်ကိုနှိပ်လိုက်သဖြင့် သူ့စကားက မဆုံးလိုက်ပေ။

[တံတားအောက်မှာ မဟုတ်ဘဲ ဘာပဲဖြစ်ဖြစ် အဖမ်းခံရမှာပဲဆိုတော့... ဒုက္ခခံမနေဘဲ ကားနဲ့သာသွားလိုက်ပါ] ဟူသော ဘယ်သူကြားကြား ဟောချန်နာမှန်း သိသာနေသည့်အသံ ထွက်လာချိန်တွင် ဆောယောင်းက မျက်နှာသေဖြင့် ပြောခဲ့သည်။

"ကျွန်မ နောက်တစ်ခေါက် မြောက်ကိုရီးယားကို ထွက်ပြေးတဲ့အခါ ချန်နာအကြောင်းလေး နည်းနည်းပါးပါး ပြောပြလိုက်ရင် ကောင်းမလားလို့ပါ။"

"..."

ဒေါသထွက်နေသော ဂျောင်ဖီလ်ဂယူတစ်ယောက် ရုတ်တရက် မျက်တောင်တဖျတ်ဖျတ်ခတ်မိသွားတော့သည်။

"ကျွန်မ မြောက်ကိုရီးယားကို ထွက်ပြေးဖို့လုပ်ရင်း အဖမ်းခံလိုက်ရတယ်လေ။ ဒါပေမဲ့ အဲ့ဒီနည်းလမ်းကို သင်ပေးခဲ့တာက ချန်နာပါ။"

"..."

"နဂိုကတည်းက မြောက်ကိုရီးယားကို ထွက်ပြေးတယ်ဆိုတာ အနည်းဆုံး နှစ်ခါသုံးခါလောက် ထပ်ကြိုးစားပြီး အဖမ်းခံရမှ သတိထားရမဲ့ပုဂ္ဂိုလ်ဖြစ်လာတယ်တဲ့လေ။ ကျွန်မလည်း လူပဲဆိုတော့ အမျိုးသားထောက်လှမ်းရေးက တောက်လျှောက်မေးရင် ကြောက်တာပေါ့။"

"ဒါက အခု..."

"ပထမဆုံးအကြိမ်ကတော့ ဘယ်လိုပဲဖြစ်ဖြစ် ကျော်လွှားနိုင်ခဲ့ပေမဲ့ နောက်တစ်ကြိမ်ဆိုရင်တော့ အာမခံနိုင်မယ်မထင်ပါဘူး။"

~~~~~

Miel's Translations

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment