no

Font
Theme

အပိုင်း ၅ 


တစ်ချိန်က ရဲစခန်းသို့ နေ့စဉ်နေ့တိုင်း သွားခဲ့သော ခြေလှမ်းများလည်း တုံ့ခနဲရပ်သွားပေပြီ။ ယခုကား တခြားနည်းလမ်း ရှာဖွေရမည့်အချိန်ပင်။ 


"ဘုရားသခင်၏ အလိုတော်ဖြစ်မည်" ဟုပြောရင်း စေတနာနှင့် ဤနေရာကို ညွှန်းပေးခဲ့သည့် ဘုန်းတော်ကြီး၏ အကြံပြုချက်အတိုင်း ကြော်ငြာစာရွက်ကို ဓာတ်ပုံရိုက်ကာ အသံဖြင့်စာဖတ်ပေးသည့် app ကို သုံးပြီး ဖတ်ခဲ့သည်။ နောက်ဆုံးရောက်လာခဲ့သည့်နေရာကား ဤနေရာပင်။ 


"ဒါဆို အိမ်နီးချင်းတွေအကြောင်းကနေ စပြောကြမလား...ရှင့်။ မှတ်မိသလောက် အကုန်လုံးလေ။"

 

ဆောယောင်း မျက်မှောင်ကြုတ်လိုက်သည်။ ကျိန်းသေပေါက် ချဉ်းကပ်နည်းအသစ်ပင်။ 


"အဲ့ဒီကောင်နဲ့၊ အဲလေ...အဲ့ဒီတော့က အလုပ်ရှင်ရဲ့ အမျိုးသားနဲ့ အဲ့ဒီအိမ်နီးချင်းတွေက ဧကန္တ တစ်ကျိတ်တည်း တစ်ဉာဏ်တည်းဖြစ်လိမ့်မယ်လို့ မထင်မိဘူးလား...ရှင့်။"


အသက်နှစ်ဆယ်ကျော်ခါစ ဖြစ်လောက်မလား။ ဝန်ထမ်းအမျိုးသမီးလေးက ချောင်းဟန့်ကာ စကားအဆုံးသတ်ကို အကျင့်ပါနေသကဲ့သို့ ပြင်ပြောလေ့ရှိပြီး ကွတ်ကီးနှင့် ဆေးလိပ်နံ့က လေထုထဲတွင် ရောယှက်နေသည်။ 


ဒီကလေးမက ဆံပင်ကုပ်ဝဲလေးနဲ့များလား။


ဆောယောင်းက မျက်လုံးကို ကျုံ့လိုက်သည်။ ကျိန်းသေပေါက် ဤအခိုက်အတန့်တွင်လည်း အမြင်အာရုံက ဖြည်းဖြည်းချင်းစီ ကြည်လင်ရှင်းလင်းလာ၏။


"ကျိန်းသေပေါက် အမိန့်ရပြီး စနစ်တကျ လှုပ်ရှားကြတဲ့ပုံစံပါ။ အဆင့်ဆင့်လိမ်လည်မှုဖြစ်ဖြစ်၊ လျှို့ဝှက်အဖွဲ့အစည်းရဲ့ လှုပ်ရှားမှုဖြစ်ဖြစ်၊ ဘာဖြစ်ဖြစ်၊ အလုပ်ရှင်ကို တကယ်ပဲ တစ်ပြားမှမကျန်အောင် ကုပ်သွေးစုပ်ဖို့ပဲဖြစ်ဖြစ်၊ ဒီကိစ္စတွေအားလုံးကို အမိန့်ပေးစေခိုင်းနေတဲ့လူ ရှိမှာကို။ အဲ့ဒါက တကယ်ပဲ ဘယ်က ဘယ်သူလဲ..."


ကီးဘုတ်သံ တတောက်တောက်ထွက်လာသည်။ အိမ်နီးချင်းများနှင့်ပတ်သက်၍ ဆောယောင်း မှတ်မိသမျှက နာမည်တချို့၊ ကျောင်းများနှင့် အလုပ်လုပ်သည့်ကုမ္ပဏီလောက်သာ။ သူက စိတ်ထဲပေါ်လာသမျှကို ကြုံရာကျပန်း ပြောပြလိုက်သည်။


အမြင်နှင့်ပတ်သက်သည့် သတင်းအချက်အလက်ကို အားကိုး၍မရသောကြောင့် ဆောယောင်းက ခြေသံများ၊ ရနံ့များ၊ အသံများနှင့် အာလာပသလာပ စကားများကဲ့သို့ အသေးစိတ်အချက်အလက်များကို မှတ်သားရာတွင် ပို၍စေ့စေ့စပ်စပ်ရှိလာရ၏။


ဆောယောင်းက မှတ်ဉာဏ်များကို အကုန်စုစည်းကာ အရေးမပါဘူးဟုထင်ရသည့် သတင်းအချက်အလက်များကို ဝန်ထမ်းလေးဆီ ပေးလိုက်သည်။ 


"ဒါဆို အိမ်နီးချင်းတွေကနေစပြီး တူးဆွကြည့်ပါမယ်..."


တစ်ပတ်တိတိ ကြာပြီးသည့်နောက်တွင် ဆောယောင်းဆီ ဖုန်းဝင်လာသည်။


-တကယ်ပဲ ဘယ်လို မကောင်းတဲ့ကောင်နဲ့ နေနေခဲ့တာလဲ။ 


လုံးဝ စိတ်လွတ်နေသည့်အသံပင်။ 'ဟဲ့၊ နင့်ရဲ့ ဝဲနေတဲ့လေသံ...' ဟူ၍ ဖုန်းစကားပြောခွက်ကိုကျော်ကာ ကြမ်းကြမ်းတမ်းတမ်း ဟိန်းထွက်လာသည့် အသံကို ကြားလိုက်ရသည်။


~~~~~


"အလုပ်ရှင်..."


ယခင်အတိုင်း သက်တောင့်သက်သာမရှိသည့် ဆိုဖာပင်။ 


တစ်ပတ်ကြာမှ တွေ့ရသည့် ဝန်ထမ်းမိန်းကလေးထံမှ ယခင်အတိုင်း ချိုမြိန်သော ကွတ်ကီးနှင့် စီးကရက်အနံ့ကို ရောပြီးရနေ၏။ 


ထိုမိန်းကလေး၏ဘေးတွင် သက်လတ်ပိုင်းအရွယ်ယောက်ျားက လေးနက်သည့်မျက်နှာထားနှင့် လက်ပိုက်ထားလျက် ဆောယောင်းကို ကြည့်နေသည်။ 


ဝန်ထမ်းကလေးမလေး၏ ရွံ့တွန့်တွန့်ဖြစ်နေသည့် မျက်နှာထားရော၊ တောင့်တောင့်ဖိုင့်ဖိုင့်ခန္ဓာကိုယ်နှင့် ထိပ်ပြောင်နေသည့် ဆံပင်ကြောင့်ပါ သူ့အသက်ကို ခန့်မှန်းကြည့်၍ရ၏။


ကျိန်းသေပေါက် ယခင်ကထက်ပို၍ ကောင်းကောင်းမြင်နိုင်ပေပြီ။ ယခင်ကမူ အရာအားလုံးက မြူတွေစုဝေးပြီး အရာဝတ္ထုဖြစ်နေသကဲ့သို့ မှုန်ဝါးနေခဲ့သည်။ သို့သော် ယခုတော့ ဆောယောင်း၏အမြင်အာရုံက သန့်ရှင်းရေးမလုပ်ရသေးသော မှန်ပြတင်းမှ ကြည့်နေရသလိုအဆင့်အထိ တိုးတက်လာခဲ့ပြီ။


"မင်္ဂလာပါ၊ ဟန်ဆောယောင်းခင်ဗျ။"


အမျိုးသားက လက်ပိုက်ထားသည်ကိုဖြေပြီး နှုတ်ဆက်ခဲ့သည်။ 


"Blast ရဲ့ သတင်းအချက်အလက်စိစစ်ရေးအဖွဲ့ အဖွဲ့မှူး ဂျောင်ဖီလ်ဂယူပါခင်ဗျ။"


'Blast ပေါ့လေ။ ဒီလို ထောက်လှမ်းရေးစင်တာ အသေးစားလေးမှာ အဲ့ဒီလိုနာမည်မျိုး ရှိတယ်လား။'


ဆောယောင်း မျက်မှောင်ကြုတ်လိုက်တော့ အမျိုးသားက ဆောယောင်း၏တုံ့ပြန်မှုကို နားလည်သည့်အလား ဝန်ထမ်းမိန်းကလေးကို နဖူးတောက်လိုက်သည်။


"သာမန်ပြည်သူတွေတော့ အကျွမ်းတဝင်ရှိလောက်ပါ့မလားမသိပေမဲ့ ကျွန်တော်တို့ရဲ့ ကုမ္ပဏီ Blast က ပုဂ္ဂလိက စစ်ဘက်ရေးရာကုမ္ပဏီပါ။ အစိုးရရဲ့ စီမံကွပ်ကဲမှုနဲ့အညီ လည်ပတ်ဆောင်ရွက်ပြီး ပြည်ပက ပဋိပက္ခဖြစ်တဲ့နေရာတွေကို စစ်ဘက်ဆိုင်ရာဝန်ဆောင်မှုတွေ ပေးပါတယ်ဗျ။"


အသက်နှစ်ဆယ်ကတည်းက ပြုစုစောင့်ရှောက်သူလုပ်ခဲ့သည့် ဆောယောင်းအဖို့တော့ ဤအရာအားလုံးက အလှမ်းဝေးကွာသော ကမ္ဘာတစ်ခုလိုပင်။ 


"ဒီထောက်လှမ်းရေးစင်တာလေးက တကယ်တော့ ကျွန်တော်တို့အဖွဲ့ လည်ပတ်နေတဲ့ လုပ်ငန်းအသေးစားလေးပေါ့။ ပုံမှန်အားဖြင့် ဝန်ထမ်းတွေကို လေ့ကျင့်ရေးပေးတဲ့အခါဖြစ်ဖြစ်၊ အထူးသဖြင့် စည်းကမ်းပေးတဲ့အခါတွေမှာ ဒီဘက်ကိုလွှတ်တာ များတယ်ခင်ဗျ။"


အံကြိတ်လိုက်သည့် အမျိုးသားက ဝန်ထမ်းမလေး ဟောချန်နာကို စိုက်ကြည့်လိုက်သည်။


"မိတ်ဆက်တာက ဒီလောက်ဆိုလုံလောက်ရောပေါ့၊ ဟန်ဆောယောင်းခင်ဗျ။"


"ဟုတ်ကဲ့။"


"တောင်းပန်ပေမဲ့ အလုပ်အပ်တာကို ကျွန်တော်တို့ဘက်က လက်ခံနိုင်မယ်မထင်ဘူးဗျ။"


ယဉ်ကျေးသော်လည်း ပြတ်သားသည့် ငြင်းဆန်မှုနှင့် ရင်ဆိုင်လိုက်ရသည်တွင် ဆောယောင်းလည်း တစ်ချက်နှုတ်ဆိတ်သွား၏။ တစ်ဖက်တွင် ဤအလုပ်အပ်မှုကို လက်ခံထားသော ချန်နာက ပို၍မချင့်မရဲဖြစ်တော့သည်။ 'ဒီဦးလေးကြီးကတော့' ဟု စူးစူးရှရှ အသံကျယ်ကျယ်နှင့်ပြောကာ အတိုက်အခံလုပ်သလို ဝှစ်ခနဲ ခေါင်းကိုလှည့်သွားသည်။ တဟူးဟူးနှင့် အသက်ရှူနေသည့် သူက တဟုန်းဟုန်းတောက်လောင်နေသော မျက်လုံးများဖြင့် ဆောယောင်းကို စိန်းစိန်ဝါးဝါးစိုက်ကြည့်နေ၏။


"အိမ်နီးချင်းတွေရဲ့နာမည်အများစုက အတုတွေပါ...။ ကျောင်းတို့၊ ကုမ္ပဏီတို့ကလည်း အကုန် အလိမ်အညာတွေပဲ။ ဒါပေမဲ့ အကုန်လုံးက အတုမဟုတ်ပါဘူးဆို။ ကျွန်မက အိမ်နီးချင်းတွေရဲ့ နောက်ကြောင်းကို ဒီလောက်အထိ နက်နက်နဲနဲ လိုက်တူးလိမ့်မယ်မှန်း အဲ့ဒီ မကောင်းတဲ့ကောင်လည်း သိလောက်မှာမဟုတ်ဘူး။"


"ဟဲ့၊ ဟဲ့၊ ဟောချန်နာ၊ စကားဝဲနေတာလေးလည်း တစ်ချက်ထိန်းစမ်းပါဦး။"


ဂျောင်ဖီလ်ဂယူက ကျောကုန်းကို တစ်ချက်ချလိုက်ချိန်တွင်တောင်မှ ဝန်ထမ်းမိန်းကလေး၏ ဟုန်းဟုန်းတောက် ခိုင်မာပြတ်သားမှုက နည်းနည်းလေးပင် ယိမ်းယိုင်သွားခြင်းမရှိခဲ့။ 


"အဲ့ဒီ ခွေးမွေးပြီးနေတဲ့ ဆံပင်တိုတိုနဲ့ လူလွတ်ရှိတယ်မဟုတ်လား။ တခြားလူတွေက အကုန်အတုဆိုပေမဲ့ အဲ့ဒီခွေးရဲ့နာမည်က အစစ်ပါဆို..."


ထင်မှတ်မထားသည့် သဲလွန်စကြောင့် ဆောယောင်းတစ်ယောက် မျက်ခုံးကိုပင့်လိုက်သည်။ 


"တိရစ္ဆာန်ဆေးရုံမှာ စာရင်းသွင်းထားတဲ့ ခွေးနာမည်ကို ရှာကြည့်လိုက်တော့ ကျွန်မတို့ တောင်ဂျိုဆွန်းအစ်မရဲ့ အိမ်ကနေ တစ်နာရီခွဲလောက်ဝေးတဲ့နေရာမှာ နေတာတဲ့။ ဒီကနေစပြီး အနံ့ကထွက်နေပြီလေ။ ဆေးမှတ်တမ်းမှာရှိတဲ့ အုပ်ထိန်းသူနာမည်က မတူဘူးဖြစ်နေတယ်။ ၆၇နှစ်အရွယ် ဂင်ယွန်းမီတဲ့။"


"..."


"အဲ့ဒါနဲ့ ဂင်ယွန်းမီရဲ့ အကြွေးဝယ်ကတ်ပြေစာတွေကို ငါးနှစ်စာလောက် ရှာကြည့်လိုက်တာ၊ ရား...ကျွန်မတို့ တော်တော်နုခဲ့တာပဲ။"


ရွဲ့တဲ့တဲ့ပြောနေသည့် ဟောချန်နာက စကားကိုရပ်ပြီး အသက်ပြင်းပြင်းရှူသွင်းလိုက်သည်။

 

"ဒီလိုမျိုး ထွက်လာတယ်လို့။"


တစ်ချိန်တည်းမှာပင် ချန်နာက ဘေးတွင်ရှိနေသော အမျိုးသားကို တံတောင်နှင့်တွတ်လိုက်သည်။ 


ဟောချန်နာ မြောက်ကိုရီးယားလေသံဖြင့် စကားစပြောကတည်းက ထိပ်ပြောင်နေသော ကိုယ့်ခေါင်းကိုယ် စိတ်ကျဉ်းကျပ်သလို တဖတ်ဖတ်ရိုက်နေခဲ့သည့် အမျိုးသားလည်း မကျေမနပ် သက်ပြင်းချကာ tablet တစ်လုံး ကမ်းပေးလာခဲ့သည်။ 


သို့သော် ဆောယောင်းက မည့်သို့သော တုံ့ပြန်မှုကိုမျှမပြခဲ့။ ကိုယ့်အမှားကိုယ် သဘောပေါက်သွားသည့် ချန်နာလည်း ပြေစာအသေးစိတ်ကို အသံထွက်ပြီး ဖတ်ပြတော့သည်။ 


"National Intelligence Service (NIS) အဆင့် ၉ မေးခွန်းဟောင်းများ၊ အမျိုးသားထောက်လှမ်းရေး NIAT (အခြေခံ၊ အသုံးချ၊ အဆင့်မြင့်)၊ အမျိုးသားထောက်လှမ်းရေးအရာရှိဝင်ခွင့် ရေးဖြေစာမေးပွဲ ပြင်ဆင်မှု။"


"..."


~~~~~


ဆောယောင်း ထိုအတိုင်း မလှုပ်မယှက်နှင့် ကြောင်တောင်တောင်ဖြစ်သွားတော့၏။ လုံးဝထင်မှတ်မထားသော စကားပင်။ မျက်နှာကို လက်ဖြင့်သပ်နေသော ဂျောင်ဖီလ်ဂယူက စိတ်မောသလို စကားဆက်ပြောခဲ့သည်။  


"ဂင်ယွန်းမီမှာ သားတစ်ယောက်ရှိပါတယ်။ ပုံနှိပ်တိုက်ဝန်ထမ်းလို့ ပြောထားပေမဲ့ ပုံမှန်ဆိုရင် ကွင်းဆင်းလှုပ်ရှားရတဲ့ အရာရှိတွေက အဲ့ဒီလို အသွင်ယူ ရုပ်ဖျက်ပြီး လှုပ်ရှားကြတာပါ။"  


"..."  


"ပြောရရင် တကယ်တော့ အဲ့ဒီသားဖြစ်သူက အမျိုးသားထောက်လှမ်းရေးစာမေးပွဲအောင်ပြီးတော့ လက်တွေ့ကွင်းဆင်းလှုပ်ရှားနေတဲ့ အဆင့်နိမ့်အရာရှိအဖြစ် ဟန်ဆောယောင်းရဲ့ ပတ်ဝန်းကျင်မှာ လှည့်လည်နေထိုင်ခဲ့တာဆိုရင်၊ ဒါက အဖွဲ့အစည်းနဲ့ အဆင့်ဆင့်လိမ်လည်မှုမဟုတ်တော့ဘဲ..."  


ခြောက်သွေ့နေသော ဆောယောင်း၏ နှုတ်ခမ်းလေးများ တုန်ယင်သွားတော့သည်။  


"အမျိုးသားထောက်လှမ်းရေးအရာရှိ ဖြစ်နိုင်ပါတယ်။ အခုအတိုင်းဆိုရင်တော့ အဲ့ဒီဖြစ်နိုင်ခြေကို သံသယဝင်မိရုံအပြင်မရှိပါဘူး။"  


"ဒါဆို ကျွန်မအမျိုးသားက..."  


ဆောယောင်း၏လက်များ မသိမသာ တုန်ယင်လာသည်။ ယခုအချိန်တွင် အံ့အားသင့်မှုက ဒီထက်ပိုပြီးအရေးကြီးသည့်အရာမဟုတ်တော့။  


ရှည်လျားသော တံခါးပေါက်၏အဆုံး၌ နောက်ဆုံးတော့ အလင်းရောင်တစ်ခုကို မြင်လိုက်ရသလိုပင်။ ရက်သတ္တပတ်ပေါင်းများစွာ 'ရှာတွေ့မှာမဟုတ်ဘူး၊ ပြန်ပါတော့၊ အလိမ်ခံလိုက်ရပါပြီ' စသည့် မရေမရာစကားများကိုသာ ကြားခဲ့ရပြီးသည့်နောက်တွင် နောက်ဆုံးတော့ လက်တွေ့ကျသော တစ်စုံတစ်ရာကို ဆုပ်ကိုင်မိလိုက်သလိုခံစားရသည်။  


ဆောယောင်းတစ်ယောက် အင်္ကျီအနားစကို တင်းတင်းဆုပ်ကိုင်ထားလိုက်သည်။ သေချာသော တစ်ဆင့်တိုးတက်မှုပင်။ ဂင်ဟျွန်းအစစ်ဆီသို့ နည်းနည်းချင်းစီ နီးစပ်လာပေပြီ။ ယခု သူဘယ်သူမှန်းသာ သိရမည်ဆိုလျှင်...


"ဒါနဲ့ ဟန်ဆောယောင်းက တကယ်ပဲ ဘာလုပ်တဲ့လူလဲဗျ။ "


ဂျောင်ဖီလ်ဂယူက ရုတ်တရက် အေးစက်သွားသောအသံဖြင့် မေးလာသည်။ ရန်လိုစိတ် အနည်းငယ်ယှက်နေသော အသံကြောင့် ဆောယောင်း၏ အမူအရာကင်းမဲ့သောမျက်နှာက ပို၍တင်းမာလာ၏။  


"မိန်းမတစ်ယောက်ကို အရူးလိုဖြစ်အောင်လုပ်ပြီး ရုတ်တရက် ပျောက်ကွယ်သွားလိုက်တယ်ဆိုတာ။ ဗီလာတစ်လုံးလုံးကို ဝယ်ပြီးတော့ အဲ့ဒီပတ်ဝန်းကျင်က ၂၀၀မီတာအတွင်းကိုပါ ထိန်းချုပ်လိုက်ပြီး မျက်မြင်သက်သေတစ်ယောက်တောင် မကျန်အောင် ဖျောက်ဖျက်လိုက်တာ။ ဒီလောက်အတိုင်းအတာဆိုရင် သာမန်ထောက်လှမ်းရေးအရာရှိတို့၊ ဟိုလိုဒီလို သာမန်စီမံကိန်းတစ်ခုလောက်တော့ မဟုတ်ပါဘူး။"  


"..."


"သမီးရည်းစားအဖြစ် ၆လ တွဲပြီး အိမ်ထောင်သည်အဖြစ် ၂နှစ်နေခဲ့တာကို။ ဒါက လုံးဝကို သာမန်မဟုတ်ပါဘူး။ ဟန်ဆောယောင်းက အတိအကျ ဇာတ်ကွက်ဆင်ထားတဲ့ ဆက်တင်ထဲမှာ နေခဲ့ရတာနဲ့မခြားဘူးပေါ့။ ထိန်းချုပ်မှုနည်းလမ်းက ယုတ္တိမရှိဘူးဗျ။ အစိုးရအဖွဲ့အစည်းတစ်ခုခုက ရည်ရွယ်ချက်နဲ့ ဇာတ်ကွက်ထွင်ထားတာမျိုးဆိုရင်တော့ မပြောတတ်ဘူး..."  


"..."


"အခုတော့ နည်းနည်း သဘောပေါက်လာပြီလားဗျ။"


ဂျောင်ဖီလ်ဂယူက အာခြောက်လာ၍ပဲလားမသိ စားပွဲပေါ်မှ ရေခွက်ကို ဂလုခနဲအသံမြည်အောင် သောက်ချလိုက်သည်။  


သို့သော် ဆောယောင်းကတော့ တကယ်ပင် ဘာကိုမှနားမလည်နိုင်ခဲ့ချေ။ သူက တစ်သက်လုံး မိဘမဲ့ဂေဟာတွင် ကြီးပြင်းခဲ့ရကာ ငယ်ရွယ်နုနယ်စဉ်ကတည်းက လူ့ဘောင်လောကထဲ ပစ်ချခံလိုက်ရသဖြင့် သူများထက်ပိုပြီး စောစောစီးစီး ကိုယ့်ဝမ်းကိုယ်ကျောင်းကာ အမှီအခိုကင်းကင်း ရပ်တည်ခဲ့ရရုံသာ။  


ကျောင်းသားဘဝတွင် တစ်ခုတည်းသော ထူးချွန်သည့်အရာဖြစ်သည့် ကျွမ်းဘားအသင်းမှ ထုတ်ပယ်ခံခဲ့ရပြီး၊ တက္ကသိုလ်ဝင်ခွင့်လည်း ကျရှုံးခဲ့ရကာ ယခုတော့ အိမ်ထောင်ရေးပါ ပျက်စီးခဲ့ရလေပြီ။ ဒီအတိုင်း ရှင်သန်နေထိုင်သွားရမည်ဖြစ်၍ ရှင်သန်ခဲ့ခြင်းဖြစ်ပြီး၊ ပျင်းစရာကောင်းသော နေ့ရက်များကိုသာ ထပ်ပြန်တလဲလဲ ဖြတ်သန်းလာခဲ့ရ၏။   


ဤသို့သောဘဝတွင် ထူးခြားမှု ဘယ်မှာရှိမည်နည်း.... ငယ်စဉ်က သူငယ်ချင်းများနှင့် မကြာခဏ ရန်ဖြစ်တတ်သော်လည်း ယင်းကား စရိုက်နှင့်ဆိုင်သောပြဿနာတစ်ခုသာ။


ဆောယောင်းကမှ မေးချင်မိသည်။ 


'ယောက်ျားမရှိဘဲ တစ်ရက်တောင်မနေနိုင်အောင် လုပ်ထားခဲ့ပြီးမှ ဒီလိုမျိုး ကျွန်မရဲ့ကမ္ဘာကို ချိုးဖျက်ပြီး ပျောက်သွားလိုက်ရင်ဖြစ်ရောလား။' ဟူ၍၊ 'အဲ့ဒီလောက်အထိ လုပ်ရလောက်အောင် ကြီးမားတဲ့ အကြောင်းပြချက် တကယ်ပဲ ကျွန်မမှာရှိနေတာလား' ဟူ၍....


"မိန်းကလေးကို black အေးဂျင့်တစ်ယောက်က စောင့်ကြည့်ခဲ့တာပါ။"


"......black အေးဂျင့် ဟုတ်လား။"


နှလုံးက ချောက်ထဲကျသလို အောက်သို့နင့်ခနဲကျသွားသည်။ နိမိတ်မကောင်းသော အာရုံရမှုကြောင့် လက်ဖျားများ အေးစက်သွားတော့၏။


"ဟား....... အမျိုးသားထောက်လှမ်းရေးမှာ လုပ်သက်အကြာကြီး တာဝန်ထမ်းခဲ့ဖူးတဲ့သူအနေနဲ့ အလိုလိုရတဲ့အာရုံနဲ့ပဲ ဆုံးဖြတ်ရတာမျိုးတွေ အများကြီးရှိတယ်ဗျ။ ပြီးတော့ ဒီလိုကိစ္စမျိုးက.....ကျွန်တော်လည်း ကျွန်တော့်ရဲ့လုပ်သက်တစ်လျှောက်လုံးမှာ တစ်ကြိမ်တည်း ခံစားဖူးတဲ့ သံသယစိတ်ပါ။"


"..."


"အဲ့ဒါကြောင့် ဒီကိစ္စကို လက်ခံပြီးဆောင်ရွက်မပေးနိုင်ပါဘူး။ ပွင့်ပွင့်လင်းလင်းပြောရရင် လက်လှမ်းမမီတဲ့ကိစ္စဗျ။"


ဂျောင်ဖီလ်ဂယူက လေးလံစွာ သက်ပြင်းချလိုက်သည်။


"ဘယ်လိုမှ ရှာလို့တွေ့မှာမဟုတ်ပါဘူး။"


"..."


သေဒဏ်အပေးခံလိုက်ရသလိုပင်။ 'ဘယ်လိုမှ ရှာလို့တွေ့မှာမဟုတ်ပါဘူး'...ယင်းအခိုင်အမာပြောဆိုချက်ကြောင့် အံတင်းတင်းကြိတ်လိုက်မိသည်။  


စိတ်ထဲတွင် ဖန်ခွက်ကို ကောက်ကိုင်ကာပစ်ပေါက်လိုစိတ်က ပြင်းပြနေသော်လည်း လက်ချောင်းတစ်ချောင်းတောင် မလှုပ်နိုင်အောင် အားပြတ်နေ၏။  


ဒူးခေါင်းများ ပျော့ခွေသွားကာ မျက်ခွံများကလည်း ထိန်းချုပ်မှုမှလွတ်ထွက်ပြီး တလှပ်လှပ်တုန်နေတော့သည်။  


"အမျိုးသားထောက်လှမ်းရေး အကြီးအကဲတွေကလွဲရင် black အေးဂျင့်တွေရဲ့ ကိုယ်ရေးအချက်အလက်ကို ဘယ်သူမှ မသိကြပါဘူး။ အဲ့ဒီလူတွေက ပြည်ပထွက်သွားရင် ပြောကြတဲ့အတိုင်း သူလျှိုဖြစ်သွားတာပါပဲ။ ကိုယ်ရေးအချက်အလက် ပေါက်ကြားသွားရင်တောင် အစိုးရက အသိအမှတ်မပြုဘူးဗျ။ ဒီတော့ ပြည်ပမှာ အဖမ်းခံရရင်တောင် ထောင်ကျလည်း အဲ့ဒီအတိုင်း ထောင်ကျသလိုနေ၊ အဆိုးဆုံး သေဒဏ်ကျရင်တောင် ခံရတာပါ။" 


"..."


"ဘယ်လိုမှ ရှာလို့တွေ့မှာမဟုတ်ပါဘူး။"


တိတ်ဆိတ်မှုက ဖိစီးသက်ရောက်လာကာ နားပိတ်သွားသလိုခံစားလိုက်ရသည်။ အချိန်ပါ နှေးကွေးသွားသလို ခံစားရချိန်တွင် မိမိကိုယ်မိမိ ဘယ်လောက်ကြာအောင် မလှုပ်မယှက်ကြောင်နေမိမှန်း မသိတော့ပေ။  


ဒီအတိုင်း တစ်ဖက်သတ်ပြောနေသော အမျိုးသား၏ စကားများကို နားထောင်ရုံသာနားထောင်နေရသလိုပင်။ စကားများက ခေါင်းထဲဝင်လိုက်ထွက်လိုက်ဖြစ်နေကာ တရိပ်ရိပ်မူးလာသည်။  


"ဂင်ယွန်းမီရဲ့သားကို ခြေရာခံကြည့်ခဲ့ပေမဲ့ ခြေရာအစအနက ပြတ်သွားခဲ့ပါပြီ... ဟန်ဆောယောင်းကို စောင့်ကြည့်နေခဲ့တဲ့ကာလကလည်း ကြာပြီဆိုတော့ ဆုရပြီး ရာထူးတွေဘာတွေပဲ တိုးသွားသလား..."


ဆက်ပြောနေသော စကားများကြောင့် ရင်ထဲတွင် တဒိန်းဒိန်းဖြစ်လာတော့သည်။ ထိုပါးစပ်ကို ပိတ်ဆို့ပစ်၊ ဖိချေပစ်လိုသည့် ဆန္ဒများ တဖွားဖွား ပေါ်ပေါက်လာ၏။  


"ဒီအတိုင်း ခွေးကိုက်ခံလိုက်ရတယ်လို့ပဲမှတ်ပြီး မေ့ပစ်လိုက်ပါဗျာ။ လက်လျှော့လိုက်တာက မိန်းကလေးအတွက် အကောင်းဆုံးပဲဖြစ်မှာပါ။"


~~~~~


Miel's Translations

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment