no

Font
Theme

အပိုင်း ၉

....

နောက်ဆုံးတွင် ဆောယောင်းတစ်ယောက် သွားချင်းကြိတ်ကာ စတီယာရင်ဘီးကို ထပ်မံပြီး လှည့်လိုက်သည်။ "ကျွီ" ဟူသော အသံဖြင့် နောက်ဘီးများ ချော်ထွက်သွားပြီး ပြင်းထန်သော ဆူညံသံက နားစည်ကို ခြစ်သွား၏။

ဆောယောင်းက လမ်းမအလယ်မျဉ်းကိုကျော်ကာ တောင်ဘက်သို့ ပြန်လှည့်ပြီး မြေပြင်တွင် တပ်ဆင်ထားသော သံချွန်ပြားများကို တမင်တကာ နင်းဖြတ်လိုက်သည်။ "ဖောင်း၊ ဖောင်း" ဟူ၍ တာယာများပေါက်ထွက်သွားသော အသံတို့က မျက်ရည်ကျလောက်အောင် ဝမ်းသာစရာ ကောင်းလှ၏။

ထိုအခါမှသာ မှိန်ဖျော့ဖျော့ အလင်းရောင်များ အလျင်အမြန် နီးကပ်လာတော့သည်။ မျက်လုံးပင် ဖွင့်မရလောက်အောင် ပြင်းထန်စူးရှသော မီးလုံးများဖြင့် ရင်ဆိုင်လိုက်ရသောအခါ တင်းမာနေသော ခန္ဓာကိုယ်မှအားများ လျော့ကျသွားသည်။

ဂျစ်ကားထဲမှ လျင်မြန်စွာ ဆင်းလာသော စစ်သားများက သေနတ်များကို ချိန်ရင်း SUV ကားကို ဝိုင်းရံကြလေ၏။

"ဒူးထောက်၊ ဒူးထောက်။"

"ဂယောင်းဂီ ၃၇၁၄ ကားပိုင်ရှင်ကို အခုအချိန်ကစပြီး အရေးပေါ် ဖမ်းဆီးလိုက်ပါပြီ။"

နောက်ဆုံးတွင် ချွေးများဖြင့်ရွှဲစိုနေသော လက်ဖဝါးများ စတီယာရင်ဘီးမှ လွတ်ကျသွားတော့သည်။ တာယာများ ပေါက်ထွက်သွားသဖြင့် ကားသည်လည်း ဆက်မသွားနိုင်တော့ဘဲ၊ ဆောယောင်းတစ်ယောက် အသာလေး တံခါးလော့ခ်ကို ဖွင့်လိုက်၏။ ထိုအခါ ကြမ်းတမ်းသော လက်တစ်စုံက သူ့အား အတင်းအကျပ် ဆွဲထုတ်ခဲ့လေသည်။

ဆောယောင်း ဒါကိုပဲ စောင့်နေသည့်အလား အဖမ်းခံပြီး ကားဘောနက်ပေါ်တွင် အသာအယာ မှောက်လိုက်၏။ လက်များလိမ်ယှက်သွားသော်လည်း ဤစကားတစ်ခွန်းကိုတော့ မပြောဘဲမနေနိုင်ခဲ့။

"ဘာလို့ ဒီလောက် နောက်ကျနေရတာလဲ..."

~~~~~

အနောက်တိုင်းဝတ်စုံကို အပြည့်ဝတ်ဆင်ထားသော အမျိုးသားနှစ်ဦး စစ်ဆေးရေးခန်းထဲသို့ ဝင်လာသည်။

အမြင်အာရုံ ပြန်လည်ကောင်းမွန်လာပြီးသည့်နောက်၌ ဆောယောင်းတွင် လူများကို မြင်သည့်အခါတိုင်း ဂင်ဟျွန်းကို ဦးစွာပြေးသတိရတတ်သည့် အကျင့်တစ်ခု ဖြစ်ပေါ်လာ၏။

အရပ်အမောင်း၊ ကိုယ်လုံးကိုယ်ထည်၊ အသားအရေ၊ မျက်လုံးပုံစံ၊ နှုတ်ခမ်းပုံစံ စသည်တို့ကို စိတ်မှန်းဖြင့် နှိုင်းယှဉ်ကြည့်တတ်လေ့ရှိသည်။ ယင်းမှာ မျှော်လင့်ချက်ဖြစ်သလို၊ သံသယလည်းဖြစ်ပေသည်။

ထိုစဉ် ဝင်လာသူနှစ်ဦးစလုံးမှာ တူညီစွာပင် ခက်ထန်သော နှုတ်ခမ်းများကိုပိုင်ဆိုင်ထားကြသူများဖြစ်ပြီး မျက်မှန်တပ်ထားကြ၏။ ဆောယောင်းက ပြင်းထန်လေးနက်သော စစ်ဆေးမေးမြန်းမှုများ ဆက်တိုက်ရှိခဲ့သော်လည်း မယိမ်းမယိုင်သော အနေအထားဖြင့် သူတို့ကို အေးစက်စွာ အထက်အောက် စုန်ဆန်ချည် အကဲခတ်ခဲ့သည်။

စစ်သားများက သူ့ကို ဖမ်းဆီးပြီးနောက် ရဲတပ်ဖွဲ့ထံ လွှဲပြောင်းပေးခဲ့ကာ၊ နိုင်ငံတော်လုံခြုံရေးဥပဒေ ချိုးဖောက်မှုဖြင့် စစ်ဆေးမေးမြန်းခံနေရစဉ် အချိန်အကြာကြီးခြားပြီးမှ ဝင်လာကြသူများပင်။

အမျိုးသားထောက်လှမ်းရေးအရာရှိပဲ။

အလိုလိုသိလိုက်တာကြောင့် ခါးကို ချက်ချင်း မတ်လိုက်မိသည်။

"အမျိုးသားထောက်လှမ်းရေးရဲ့ ကွန်မြူနစ်ဆန့်ကျင် စုံစမ်းစစ်ဆေးရေးဌာနကနေ လာခဲ့တာပါ။"

လေးလံထုံကျဉ်နေသော ခေါင်းလည်း နောက်ဆုံးတွင် ကြည်လင်လာသလို ခံစားလိုက်ရသည်။

"ကြားပြီးလောက်မှာပဲဆိုပေမဲ့ ဟန်ဆောယောင်းက နိုင်ငံတော်လုံခြုံရေး ဥပဒေချိုးဖောက်မှု၊ စစ်ဘက်ဆိုင်ရာ အဆောက်အအုံတွေကို ဖျက်ဆီးမှုတို့နဲ့ တိုင်ချက်အဖွင့်ခံထားရပါတယ်။ ပေါင်းစည်းရေးတံတားကို ဝင်တိုက်ခဲ့ပြီးတော့ တောင်ဘက်နယ်နိမိတ်ကို ခွင့်ပြုချက်မရှိဘဲ ဖြတ်ကျော်ပြီး မြောက်ပိုင်းတပ်ဖွဲ့နားအထိ ရောက်သွားခဲ့တယ်လို့ ပြောပါတယ်။ စစ်ဘက်ဆိုင်ရာ အဆောက်အအုံတွေကိုလည်း ဝင်တိုက်ခဲ့ပါသေးတယ်တဲ့။ အဲ့ဒါ အမှန်ပဲလားဗျ။"

"ဟုတ်ပါတယ်။"

"နားလည်ပါပြီ။ ဒီအထိကတော့ ဝန်ခံထားတဲ့ အပိုင်းပါပဲ။"

မာရေကျောရေရှိသော အရာရှိဆန်ဆန်လေသံဖြင့် စစ်ဆေးရေးမှတ်တမ်းအထူကြီးကို အသာလေး ဖတ်သွားသည်။

"စုံစမ်းစစ်ဆေးရေး ပြီးဆုံးတဲ့အထိ အနီးအနားမှာရှိတဲ့ အဆောက်အအုံအားလုံးကို ပိတ်ထားမှာပါ။ အရင်က စစ်သားတွေ စေလွှတ်ခဲ့ရတာ၊ ရှာဖွေရေးလုပ်ခဲ့ရတာတွေနဲ့ အလုပ်တွေရှုပ်ခဲ့ရတာလေ။ ဒီနေရာက တော်တော်လေး နာမည်ကြီးတဲ့ ခရီးသွားနေရာတစ်ခုဗျ။ ဒါပေမဲ့ ဟန်ဆောယောင်းတစ်ယောက်တည်းကြောင့် အဖွဲ့လိုက် ခရီးသွားတွေရဲ့ အစီအစဥ်တွေ အကုန်ရပ်နားထားလိုက်ရပါပြီ။"

"အတော်ပဲဖြစ်သွားတာပေါ့။"

"ခင်ဗျာ။"

"ဒဏ်ရာနဲ့ လဲကျသွားတဲ့ စစ်သားတစ်ယောက်ရှိတယ်လေ။ ဆေးရုံမှာ သက်သောင့်သက်သာလေး နေလို့ရသွားတာက ပိုမကောင်းဘူးလားရှင့်။"

"..."

ကျုံ့နေသော မျက်ခုံးများက ဒီဘက်သို့ စိုက်ကြည့်လာသည်။

အားနာမှု သို့မဟုတ် ရှက်ရွံ့မှုကို ခံစားရမည့် အခြေအနေတွင် ဘာမှမပြောဘဲ ရပ်ရုံသာနေခြင်း။ ယင်းကား ဆောယောင်း ငယ်စဉ်ကတည်းက ကြုံတွေ့ခဲ့ရသော နာတာရှည် ပြဿနာတစ်ခုပင်။

ယခုလည်း ထိုစဉ်ကနှင့် သိပ်မကွာခြားပေ။ အားနာစိတ်မဖြစ်မိသည့်အပြင် ပို၍ပင် တနုံ့နုံ့နှင့်နှမြောတသစိတ်ဖြစ်နေမိသည်။

"ဟန်ဆောယောင်းခင်ဗျ၊ စကားတစ်ခွန်းချင်းစီကို သတိထားပြီးပြောတာ ကောင်းပါလိမ့်မယ်။ နိုင်ငံတော်လုံခြုံရေး ဥပဒေက ကြိုးပမ်းအားထုတ်မှုနဲ့တင် ပြစ်ဒဏ်ချမှတ်နိုင်တယ်လို့ ပြဋ္ဌာန်းထားတာပါ။ ဟန်ဆောယောင်းရဲ့ ထွက်ဆိုချက်တိုင်းက စွဲချက်တင်မတင်ဆိုတဲ့အပေါ်မှာ တော်တော်လေး သက်ရောက်မှုအကြီးကြီးရှိနေတယ်ဗျ။"

"..."

"မြောက်ကိုရီးယားကို ထွက်ပြေးဖို့ ကြိုးစားခဲ့တဲ့ ရည်ရွယ်ချက်က ဘာများပါလဲ။"

ဆောယောင်းက လုံးဝ လှုပ်ရှားမှုမရှိပေ။ အမျိုးသားထောက်လှမ်းရေးအရာရှိက မျက်မှန်ကို အနည်းငယ် ပင့်တင်ပြီး နှာတံကို ဖိနှိပ်လိုက်သည်။

"မေးခွန်းပြောင်းကြည့်ရအောင်။ ဂင်ဟျွန်းဆိုတာက ဘယ်သူလဲဗျ။"

ဆောယောင်း၏ နှုတ်ခမ်းထောင့်စွန်းများက စောင့်ဆိုင်းနေသည့်အလား တွန့်သွားတော့သည်။

"ရဲတွေစစ်ဆေးမေးမြန်းတော့ ဂင်ဟျွန်းဆိုတဲ့ အဖြေကိုပဲ ကြက်တူရွေးနှုတ်တိုက်ရွတ်သလိုရွတ်ပြီး ပါးစပ်ပိတ်နေခဲ့တယ်ဆို။"

"ကျွန်မရဲ့အမျိုးသားပါ။"

"မဟုတ်သေးပါဘူး။ ဟန်ဆောယောင်းရဲ့ ကိုယ်ရေးအချက်အလက် စာရွက်စာတမ်းအရတော့ အပျိုလူလွတ်ပါပဲ။"

"တကယ်က အိမ်ထောင်သည်အဖြစ် နှစ်နှစ်နေခဲ့ပါတယ်။"

"..."

တည်ငြိမ်နေသော အရာရှိနှစ်ဦးက အဓိပ္ပာယ်ပါပါဖြင့် မျက်လုံးချင်း အချက်ပြလိုက်ကြသည်။ ဆောယောင်းက နှုတ်ခမ်းအတွင်းသားကို ကြိတ်ဝါးကာ စပ်ဖျဥ်းဖျဥ်းဖြစ်နေသောရင်ကို တည်ငြိမ်အောင်လုပ်လိုက်၏။ သူ့အတွက်တော့ အရာရာဖြစ်ခဲ့သော အချိန်ကာလများက ယခုကဲ့သို့အစအနမကျန်အောင် ပျက်စီးသွားနိုင်တာပါလားဟူသော အချက်က မယုံနိုင်စရာကောင်းလောက်အောင် ရယ်စရာကောင်းလှသည်။

"မကြာသေးခင်က ဟန်ဆောယောင်း ပျောက်သွားပြီလို့ ပြောခဲ့တဲ့လူကလည်း ဂင်ဟျွန်းပဲ မဟုတ်လား။ မှန်တယ်မဟုတ်လားဗျ။"

"ဟုတ်ပါတယ်။"

"မြောက်ကိုရီးယားကို ထွက်ပြေးဖို့ ကြိုးစားခဲ့တာ အဲ့ဒီလူကြောင့်ပဲလား။"

ဝမ်းသာစရာ မေးခွန်းပင်။ ယခုတော့ ပါးစပ်ပိတ်ထားစရာ မလိုတော့ပြီ။ ဆောယောင်းတစ်ယောက် စိတ်ထဲတွင် ဆက်တိုက် မှတ်ထားခဲ့သော စကားများကို လျင်မြန်စွာ ထုတ်ပြောလိုက်၏။ လှည့်ဖြားမှုက ယခု စတင်တော့ပေမည်။

"ကိုရီးယား ဒီမိုကရက်တစ် ပြည်သူ့သမ္မတနိုင်ငံ၊ ကာကွယ်ရေးကော်မတီရဲ့ ဥက္ကဋ္ဌ၊ ကိုရီးယားပြည်သူ့တပ်မတော်ရဲ့ အမြင့်ဆုံး စစ်သေနာပတိချုပ်၊ ပြည်သူတို့ရဲ့ ကြီးကျယ်ခမ်းနားတဲ့ ငြိမ်းချမ်းရေး ဖန်ဆင်းရှင်။"

"..."

ချက်ချင်းပင် လေထုက အေးခဲသွားပြီး၊ အေးစက်သော အကြည့်များက ချက်ချင်းဆိုသလို ဒိုင်းခနဲကျရောက်လာတော့သည်။

ဆောယောင်းက မတ်မတ်ဆန့်ဆန့်ရှိသော ကိုယ်နေဟန်ထားကို နှိမ့်ချကာ အရာရှိများနှင့် ပိုမိုနက်ရှိုင်းစွာ၊ ဇွတ်အတင်း မျက်လုံးချင်းဆုံအောင်ကြည့်လိုက်၏။ ထို့နောက် တဂျစ်ဂျစ်အသံများထွက်အောင် စားပွဲပေါ်ကို လက်သည်းများဖြင့် ခြစ်ခဲ့သည်။

"ကျွန်မလည်း တော်တော့်ကို ခက်ခက်ခဲခဲ မှတ်သားခဲ့ရတာပါ။ အစကတော့ သူလျှိုအကြောင်း တိုင်ကြားမလို့ပါပဲ။ ဒါပေမဲ့ ခင်ပွန်းရဲ့ တကယ့်နာမည်နဲ့ မျက်နှာကို မသိလို့လေ။ ကျွန်မ သူလျှိုတစ်ယောက်နဲ့ အိမ်ထောင်ပြုမိခဲ့တာ ထင်ပါတယ်။"

"..."

"အဲ့ဒါကြောင့် ဆရာကြီးတို့က ကိုယ်တိုင် ရှာပေးမလားရှင့်။"

ဆောယောင်းက ဖြားယောင်းသွေးဆောင်ဟန်ဖြင့် နှုတ်ခမ်းထောင့်စွန်းများကို ရှည်ရှည်ဆွဲဆန့်လိုက်သည်။ ထို့နောက် မျက်တောင်မခတ်၊ အသက်ပင် မရှူဘဲ၊ သူတို့၏ တုံ့ပြန်မှုကို တိရစ္ဆာန်တစ်ကောင်လို အကဲခတ်နေမိ၏။ ပျင်းတိပျင်းတွဲ အမူအရာလိုမဟုတ်ဘဲ အေးစက်စူးရှသော မျက်လုံးများကိုမူ ဖုံးကွယ်ထားခြင်းမရှိပေ။ တချက်ချက် မြည်နေသော နာရီသံကိုနားထောင်ရင်း သူက တစ်ဖန်ထပ်ပြောလိုက်သည်။

"မြောက်ကိုရီးယားကို ထွက်ပြေးတယ်ဆိုတာက ပျောက်နေတဲ့ ဂင်ဟျွန်း မှန်ပါတယ်။ ဒီအတိုင်း လွှတ်ထားလို့ မဖြစ်ဘူးလေ။ နိုင်ငံအတွက် ဘာတွေအန္တရာယ်ဖြစ်မလဲ မသိနိုင်ဘူးမဟုတ်လား။ နိုင်ငံတော်ကနေပဲ ဦးဆောင်ပြီး ဖမ်းရမှာပေါ့ရှင့်။"

ထိုအခိုက်အတန့်တွင် တစ်နေရာမှ ဖုန်းမြည်သံ ထွက်ပေါ်လာ၏။ တိတ်ဆိတ်စွာ နားထောင်နေသော အမျိုးသားက အနောက်တိုင်းအင်္ကျီ အတွင်းအိတ်ကပ်ကိုစမ်းပြီးနောက် "ဟုတ်ကဲ့၊ ဒုတိယ ညွှန်ကြားရေးမှူး" ဟု ပြောကာ ဖုန်းကို ကိုင်လိုက်သည်။ ဆောယောင်းက သူ့ထံမှ အကြည့်တစ်ချက်ပင်မခွာခဲ့။

ဒုတိယ ညွှန်ကြားရေးမှူး၊ ဒုတိယ ညွှန်ကြားရေးမှူး... ဒုတိယ ညွှန်ကြားရေးမှူးဆိုတာ အမျိုးသားထောက်လှမ်းရေး ညွှန်ကြားရေးမှူးချုပ်ရဲ့ အောက်တစ်ဆင့်က ရာထူးပဲ။

တင်းမာနေသော မျက်နှာဖြင့် "ဟုတ်ကဲ့၊ ဟုတ်ကဲ့" ဟု ဆက်တိုက် ပြန်ဖြေနေရင်း ထိုလူ၏ မျက်ခုံးများက ဆောယောင်းကို စူးစိုက်ကြည့်နေသလိုပင်။

ဖုန်းပြောပြီးသည့်နောက် ထိုလူက သက်ပြင်းအရှည်ကြီးချရင်း မျက်ခုံးကို ပွတ်လိုက်သည်။ ထို့နောက် အဖော်ဖြစ်သူ အရာရှိ၏ ပခုံးကို ပုတ်ကာ တံခါးဖွင့်ရန်ပြင်လိုက်၏။

နှစ်ယောက်စလုံး တစ်ပြိုင်နက်တည်း ထရပ်လိုက်ကြလေသည်။ ဆောယောင်းတစ်ယောက် ဘာတွေဖြစ်နေမှန်း လုံးဝ နားမလည်နိုင်တော့ပေ။

"စုံစမ်းစစ်ဆေးမှုက ဒီလောက်ဆို လုံလောက်ပြီ ထင်ပါတယ်။"

"..."

ဆောယောင်း၏ မျက်နှာ ရုတ်တရက် ပျက်ယွင်းသွားတော့၏။ ရုတ်တရက် ဘာဖြစ်တာလဲ...။ ထိန်းချုပ်ခွင့်က သူ့ဆီ ရောက်လာပြီဆိုတာ သေချာနေပြီကို။

သေချာပေါက် ထိုသို့သောအနေအထားပင်။ ယခုကဲ့သို့ သဘာဝမကျသော အနှောင့်အယှက်က ဆောယောင်း၏ သံသယကို ပိုမိုပြင်းထန်စေခဲ့သည်။

ဆောယောင်းက အလိုလိုသိစိတ်ဖြင့် နံရံတစ်ခုလုံး အပြည့်တပ်ထားသောမှန်ကို စိုက်ကြည့်လိုက်၏။

"မြောက်ကိုရီးယားကို ထွက်ပြေးဖို့ ကြိုးပမ်းမှုက စိတ်ပိုင်းဆိုင်ရာ မူမမှန်မှုကြောင့်လို့ပဲ မှတ်ယူကြပါလိမ့်မယ်။ ဒါပေမဲ့ စစ်ဘက်ဆိုင်ရာ အဆောက်အအုံတွေ ဖျက်ဆီးမှုအတွက်တော့ ဝမ် ၁၀ သန်းလောက် ဒဏ်ငွေဆောင်ရလိမ့်မယ်ဗျ။ ဟန်ဆောယောင်းလည်း စစ်ဆေးမှုခံယူရတာ ပင်ပန်းရောပေါ့။ အခု ပြန်သွားလို့ရပါပြီ။"

"... ဂင်ဟျွန်းကို သိလားရှင့်။"

"ခင်ဗျာ။"

"မသိချင်ယောင်ဆောင်ပြီး ဖုံးကွယ်နေသလိုမျိုး လုပ်နေလို့လေ။"

"..."

"သူလျှိုဖမ်းတဲ့ဌာနက ဒီလိုမျိုး လူမျက်နှာကိုပဲ ကြည့်ပြီး ပြန်သွားလို့ရရောလား။"

အမျိုးသားက လျှာကို ခပ်တိုတို ထုတ်လိုက်မိသည်။ သို့သော် ဆောယောင်း၏ အကြည့်က မှန်၏တစ်ဖက်ခြမ်းတွင်သာ စူးစိုက်နေ၏။

"အဲ့ဒီမှန် မကွဲခင် ဒီကိုလာခဲ့။"

"..."

"တူတူပုန်းတမ်း ကစားရင်လည်း အတူတူ ကစားမှပေါ့၊ ကျွန်မနဲ့ အတူကစားရအောင်။"

"ဟန်ဆောယောင်းခင်ဗျ၊ စတာနောက်တာကို ဒီလောက်နဲ့ ရပ်ကြတာပေါ့။"

ထိုအခိုက်အတန့်တွင် ဖြူဖျော့သွားသော ဆောယောင်းက စားပွဲပေါ်ရှိ ဖိုင်ကို နံရံဘက်သို့ ပစ်ပေါက်လိုက်သည်။ မှန်ကို ထိမှန်ပြီး ပြုတ်ကျသွားသော ဖိုင်တွဲမှ စာရွက်များ ဝဲလွင့်ပြီးကျလာ၏။

"နောက်​နေတာက ရှင်တို့တွေလေ...။ ဂင်ဟျွန်းဆိုတဲ့လူက ဘာမို့လို့ အဲ့ဒီလောက်အထိ အသေးအဖွဲ စစ်ဆေးမှုလေး တစ်ခါလောက်တောင် မလုပ်ရတာလဲ။"

"..."

"ဘာလို့ ဖုံးကွယ်ထားရတာလဲ။"

အေးစက်စွာ ထွက်ပေါ်လာသော အသံက စစ်ဆေးရေးအခန်းထဲတွင် ပဲ့တင်ထပ်သွားတော့သည်။ စိတ်တည်ငြိမ်မှုကို မဆုံးရှုံးအောင် ကြိုးစားခဲ့သော်လည်း မတတ်နိုင်ဘဲ အသက်ရှူသံက ပြင်းလာ၏။ ထိုအခါ ကျန်ရှိနေသော အရာရှိက သတိထားနေဟန်ဖြင့် နောက်သို့ဆုတ်သွားသည်။

"ဆေးကို မှန်မှန် သောက်နေရဲ့လားဗျ။"

"ဘာ။"

"ဆေးကို ကောင်းကောင်းသောက်ရင်တော့ နေ့စဉ်ဘဝမှာ အနှောင့်အယှက်ရှိမှာ မဟုတ်ပါဘူး။"

ဒါကရော ဘယ်လိုအဓိပ္ပာယ်မရှိတဲ့ စကားတွေလဲ၊ ဆောယောင်းက ရွဲ့သလိုရယ်ရင်း ခေါင်းကိုလှည့်လိုက်သည်။

"ဆေးဖြတ်ထားတာ တော်တော်ကြာပြီဆို။ အဲ့ဒီအချိန်ကစပြီး ခင်ပွန်းပျောက်သွားတယ်ဆိုတဲ့ ထင်ယောင်ထင်မှား စိတ်ကူးယဉ်မှုတွေလည်း စတင်ခဲ့တာ ဖြစ်ပါလိမ့်မယ်။"

"... ဆေး။ ဘာဆေးလဲ။"

ဆောယောင်းက ထိုလူ၏ စကားများကို လိုက်မမီနိုင်ဘဲ သွားများကို တင်းတင်းကြိတ်ထားလိုက်၏။

"နေမကောင်းဖြစ်နေတာလည်းမဟုတ်တာကို ဘာဆေးလဲလို့။"

"ကျွန်တော်တို့က တာဝန်ခံဆရာဝန်ရဲ့ ဆေးဘက်ဆိုင်ရာ ထင်မြင်ချက်ကိုပါ စစ်ဆေးပြီးမှ လာခဲ့တာပါ။"

"... ဘာရယ်။"

ထို၏ အကြည့်က ကြမ်းပြင်ပေါ်တွင် ပြန့်ကျဲနေသော စာရွက်များထံသို့ စူးစိုက်ကျရောက်သွားလေသည်။ မနှစ်မြို့စရာ ခံစားချက်က ပိုးကောင်တစ်ကောင်အလား ကျောရိုးတစ်လျှောက် တက်လာ၏။

ဆောယောင်းလည်း ကြမ်းပြင်ပေါ်တွင် လေးဘက်ထောက်ကာ ပြန့်ကျဲနေသော စာရွက်များကို တစ်ရွက်ချင်းစီ စစ်ဆေးကြည့်ရှုလိုက်သည်။

ထို့နောက်...

"စိတ်နှလုံး အေးချမ်းရိပ်မြုံ ဆေးခန်း။"

ဆရာဝန်၏ ထင်မြင်ချက်ပါရှိသော စာရွက်များကို တွေ့လိုက်ရတော့သည်။ အေးစက်နေသော မျက်လုံးများက စာသားများကို လျင်မြန်စွာ အပေါ်ယံဖတ်ကြည့်သွား၏။

စိတ်ကျန်းမာရေး ဆေးဝါးညွှန်းစာနှင့် စိတ်ကစဉ့်ကလျားရောဂါဆိုင်ရာ ထင်မြင်ချက်တို့မှာ ရက်စွဲများသာ ကွာခြားပြီး ကူးချထားသကဲ့သို့ တစ်ထပ်တည်းတူနေသည်။ ပြီးခဲ့သည့်နှစ်၊ လွန်ခဲ့သောနှစ်နှစ်၊ လွန်ခဲ့သော သုံးနှစ်...။

ဟင့်အင်း။ ဤသို့ဖြစ်စရာ အကြောင်းမရှိ။

စိတ်နှလုံး အေးချမ်းရိပ်မြုံ ဆေးခန်းကား ဆောယောင်း ငယ်စဉ်ကတည်းက သွားနေကျ ဆေးခန်းဖြစ်သည်။ သဘောကောင်းပြီး နူးညံ့သိမ်မွေ့သည် ဆရာဝန် ရှိခဲ့သည့်နေရာ၊ ပြဿနာများစွာ ဖြစ်ပွားစေခဲ့သော သူ့အား ပြုပြင်ပြောင်းလဲပေးလိုက်သလို မှန်ကန်စွာ ပဲ့ပြင်လမ်းပြပေးခဲ့သော ဆေးခန်းပင်။

ဆောယောင်း မင်္ဂလာဖိတ်စာပေးခဲ့သည့် တစ်ဦးတည်းသော ကျေးဇူးရှင် ဆရာဝန်။ ထိုပုဂ္ဂိုလ်၏ ဆေးခန်းက စိတ်နှလုံး အေးချမ်းရိပ်မြုံဆေးခန်း ဖြစ်နေပါသတဲ့။

"..."

တစ်ခုခုတော့ မှားနေပေပြီ။ သေချာပေါက် ဤသို့ပဲဖြစ်ရမည်။ စာရွက်ကို ဆုပ်ကိုင်ထားသောလက်များ တဆတ်ဆတ် တုန်ယင်လာတော့သည်။

~~~~~

Miel's Translations

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment