အပိုင်း ၁၅
နှစ်ယောက်သားလုံးထွေးပြီး ထိုးကြိတ်ကြတော့ အရေပြားများ ပေါက်ပြဲကာ အရိုးများအထိပါ ထိုးနှက်ခံရသံတွေ ကြောက်ခမန်းလိလိ ထွက်ပေါ်လာတော့သည်။
"အ…"
ထိုစဉ် လင်ပန်းများကိုထပ်ပြီး သယ်ယူလာသည့် အဒေါ်ကြီးတစ်ယောက်က သူတို့၏ တံတောင်ဆစ်နှင့် ထိမိကာ လဲကျသွား၏။
လင်ပန်းတချို့က ကွဲတော့မလိုအသံနှင့် ကြမ်းပြင်ပေါ်သို့လိမ့်သွားကာ တချို့ကတော့ ဂလုံဂလွမ်အသံမြည်ရင်း အဒေါ်ကြီး၏ ကိုယ်ပေါ်တွင် ပြန့်ကျဲသွားသည်။
သို့သော် ဆူညံသံများကြားတွင်ပင် အသိစိတ်လွတ်နေကြပြီဖြစ်သည့် အဖွဲ့ဝင်နှစ်ယောက်ကတော့ တရစပ် ထိုးကြိတ်နေကြဆဲပင်။
အဒေါ်ကြီးခမျာ ခါးကိုကိုင်ထားရင်း ခဏလောက် မထနိုင်ဖြစ်နေ၏။ ဆောယောင်းလည်း ရာဘာလက်အိတ်ကို အမြန်ချွတ်ပြီး ထိုဘက်သို့သွားရန် ပြင်လိုက်စဉ်တွင်။
ခွပ်....
လေးလံသောအရာတစ်ခုက သူ့ခေါင်းကိုထိမှန်ကာ ပခုံးမှတစ်ဆင့် ကြမ်းပြင်ပေါ်သို့ ကျသွားခဲ့သည်။
"…"
ရုတ်တရက် ပျံဝင်လာသည့် လင်ပန်းနှင့် ထိမိတော့ ရယ်တောင်မရယ်နိုင်ခဲ့။ နီရဲရဲစေးကပ်ကပ် ဝက်ချိုချဉ်ဆော့စ်က မျက်နှာပေါ်မှ တတောက်တောက်စီးကျလာကာ ဂင်ချီနှင့် ဟင်းရွက်သုပ်များကလည်း ခေါင်းပေါ်မှ လိမ့်ကျလာသည်။ လင်ပန်းနှင့် ရိုက်မိသွားသည့်နဖူးက တဆစ်ဆစ်နာနေ၏။
ဤကဲ့သို့သော ဆူညံသံများကြားထဲမှာပင် အထိုးအကြိတ်မရပ်သေးသည့် လူများကတော့ ပရိဘောဂများကိုပါ ရိုက်ချိုးတော့မတတ် ကြမ်းပြင်ပေါ်တွင် လူးလှိမ့်နေကြပြန်သည်။ ဒေါသကို လုံးဝမထိန်းနိုင်သည့် သူတို့ပုံစံများက ပုံမှန်မဟုတ်သည့်ပုံပင်။
'ဒါကြောင့် လူနာတွေဆိုပြီး ပြောခဲ့တာကိုး။ တက်စ္စတိုစထရုန်း လွန်ကဲနေတဲ့ လူနာတွေ။'
ယခုမှပင် ဆောယောင်းတစ်ယောက် အင်တာဗျူးဖြေတုန်းက အရာရှိ၏စကားကို ခေါင်းညိတ်လက်ခံပြီး လဲနေသူ အဒေါ်ကြီးကို တွဲကူလိုက်သည်။
"ဒီနေ့တော့ ကြမ်းပြင်ကို ကျွန်မပဲ သန့်ရှင်းပေးပါ့မယ်။"
"ဟင်။"
ထို့နောက် နေရာရွှေ့ပြီး စားကြွင်းစားကျန်အမှိုက်ပုံးကို မလိုက်၏။ ပုံမှန်မဟုတ်သည့် ဆောယောင်း၏ပုံစံကြောင့် ဖြူဖျော့သွားသော အဒေါ်ကြီးက 'ဝင်မပါနဲ့…' ဟု ပြောရန်ပြင်နေစဉ်မှာပင်။
ဆောယောင်းက လုံးထွေးသတ်ပုတ်နေကြသည့် အဖွဲ့ဝင်များအပေါ် စားကြွင်းစားကျန်များကို လောင်းချလိုက်လေသည်။
"နေ့လယ်စာစားချိန် ပြီးပါပြီရှင့်။"
ဆူညံသံအားလုံး ပျောက်ကွယ်သွားကာ တိတ်ဆိတ်မှုက လွှမ်းခြုံသွားတော့၏။
~~~~
ဆောယောင်းတစ်ယောက် သန့်ရှင်းရေးပင် သေချာမလုပ်နိုင်ဘဲ စားကြွင်းစားကျန်များကိုသာ ခါချကာ ဓာတ်လှေကားပေါ် တက်ခဲ့သည်။
ပေပွနေသော အဖြူရောင်အင်္ကျီနှင့် စားကြွင်းစားကျန်အနံ့များကြောင့်ပဲလားမသိ၊ လူတို့၏အကြည့်များက သူ့ထံတွင် အတန်ကြာအောင်ရှိနေ၏။ အထူးသဖြင့် ဓာတ်လှေကားထဲတွင် အတူစီးလာကြသူများက နှာခေါင်းရှုံ့ကာ ခေါင်းလွှဲသွားကြသည်။
"ဟုတ်လားဗျ၊ အဖွဲ့ဝင်တွေနဲ့ ရန်ဖြစ်ခဲ့တယ်ဆို…"
ဆောယောင်းတစ်ယောက် အခေါ်ခံရပြီးသည့်နောက်တွင် အကြာကြီးနေမှ အင်တာဗျူးဖြေခဲ့စဉ်က အရာရှိနှင့် မျက်နှာချင်းဆိုင်တွေ့လိုက်ရသည်။ သူ့မျက်လုံးများတွင် ပင်ပန်းနွမ်းနယ်ရိပ်စွက်နေဆဲဖြစ်ကာ သမ်းဝေရင်းကနေ တစ်စုံတစ်ရာကို ဗလုံးဗထွေး ရေရွတ်ခဲ့၏။
ထိုလူက စစ်ထောက်ပို့ဌာန၏ ဒုတိယဌာနမှူးဖြစ်ကြောင်း သူ့ကိုယ်သူ မိတ်ဆက်ခဲ့သည်။ ဆောယောင်းက မကျေနပ်သည့်မျက်နှာကို ဖုံးဖိကာ ခေါင်းငုံ့ထားလိုက်သည်။
'အင်တာဗျူး နောက်ဆုံးမှာ ဘာတွေပြောခဲ့မိတာပါလိမ့်။'
မမှတ်မိတော့။
ထမင်းစားဆောင်တွင်ဖြစ်ခဲ့သော ပြဿနာက ခဏတွင်းချင်း သတင်းပျံ့သွား၏။ ထိုးကြိတ်နေကြသည့် အဖွဲ့ဝင်နှစ်ယောက်ပေါ်သို့ စားကြွင်းစားကျန်များ လောင်းချခဲ့သော အမျိုးသမီးငယ်အကြောင်း တီးတိုးပြောဆိုနေကြသည်။ ယင်းမရေမရာ ကောလာဟလက အထူးလုံခြုံရေးတပ်ဖွဲ့တွင် လူလျှော့လိုက်သည့် အကြောင်းအရာထက်ပင်ပို၍ လူပြောများသောစကားဖြစ်လာ၏။
"ဟန်ဆောယောင်းက ကြောက်စိတ်မရှိသလို၊ ယဉ်ကျေးမှုလည်း မရှိမှန်း ဟိုနေ့ကတည်းက သိခဲ့ပေမဲ့…"
"…"
"ထမင်းပဲ ကောင်းကောင်းချက်ပေးမှပေါ့ဗျ။ ဘယ်သူက အဲ့ဒီထဲ ဝင်ပါခိုင်းလို့လဲ။"
ဆောယောင်းတစ်ယောက် ခေါင်းသာ ပိုငုံ့ထားလိုက်သည်။ ဤသည်မှာ တောင်းပန်သည့်သဘောမဟုတ်ဘဲ ဤသို့သောအချိန်မျိုးတွင် မျက်လုံးချင်းမဆုံမှသာ ကိစ္စက ပို၍မြန်မြန်ပြီးဆုံးသွားမည်ဖြစ်ကြောင်း အတွေ့အကြုံပေါင်းများစွာမှတစ်ဆင့် သိထားခဲ့သောကြာင့်ဖြစ်၏။
လူတိုင်းက ထိုကဲ့သို့ချည်းပင်။ တုန်လှုပ်မသွားသော၊ အရာရာကို ခံစားချက်မရှိသော ဆောယောင်း၏ မျက်လုံးများကိုမြင်လျှင် လူတွေက ပို၍ရမ်းကားလာကာ ဒေါသထွက်တတ်ကြ၏။
ဆောယောင်းလည်း စားကြွင်းစားကျန်များ လောင်းချခဲ့စဉ်က ပေပွသွားသည့် ဖိနပ်ဖျားကို ငုံ့ကြည့်နေလိုက်သည်။
"ဒါပေါ့လေ… တကယ်တော့ ရန်ဖြစ်တဲ့ကောင်တွေဘက်က မှားတာပေါ့။ အဖွဲ့ဝင်တွေက ကုလားထိုင်တွေပါ ရိုက်ချိုးကြ၊ လင်ပန်းတွေကိုပါ တက်နင်းကြတယ်ဆို။ ဆောယောင်းရဲ့စိတ်ကို နားလည်ပါတယ်။ ဒါပေမဲ့…"
"..."
"ရန်ဖြစ်ကြတဲ့ အဖွဲ့ဝင်တွေထဲမှာ အထူးတလည် ဒေါသကြီးတဲ့လူတစ်ယောက် ရှိတယ်ဗျ။ နဂိုစိတ်က အဲ့ဒီလိုဖြစ်နေရတဲ့အထဲ ဆောယောင်းကို တော်တော်လေး မကျေမချမ်းဖြစ်နေတာလေ။ အဲ့ဒါကြောင့် ကျွန်တော်တို့ရဲ့ အနေအထားကလည်း နည်းနည်းခက်ခဲနေတယ်ဗျ။ ဟန်ဆောယောင်းကို ခေါ်လာခဲ့ဆိုပြီး သောင်းကျန်းနေတဲ့ သူ့မျက်နှာက အစွန်းအထင်းတွေနဲ့ လုံးဝရစရာမရှိဖြစ်နေတာကို။"
'အာ၊ ဒါဆို…'
ဆောယောင်း၏ မျက်လုံးများတွင် အလင်းရောင်တစ်မျိုး ဖြတ်ပြေးသွားတော့သည်။
ပါးစပ်ရော လက်သီးပါ အင်မတန် ရိုင်းစိုင်းကြမ်းတမ်းပြီး ဘဝင်မြင့်သူတစ်ယောက်ရှိ၏။ စားကြွင်းစားကျန်များ အလောင်းခံလိုက်ရသည့် အဖွဲ့ဝင်နှစ်ယောက်က ရုတ်တရက် မလှုပ်မယှက်ဖြစ်သွားကြသော်လည်း သူတို့ထဲမှ တစ်ယောက်ကတော့ အသိပြန်ဝင်လာကာ အမဲလိုက်ခံရသည့်ပုံစံမျိုးနှင့် ဆောယောင်း၏ ကော်လံစကို ဆွဲကိုင်ခဲ့သည်။
စားကြွင်းစားကျန်များ ဝင်သွား၍ စပ်သွားတာကြောင့်ပဲလားမသိ၊ မှိတ်လိုက်ဖွင့်လိုက်ဖြစ်နေသည့် သူ့မျက်လုံးများက ဗလာဖြစ်နေ၏။ ထိုစဉ် ဖြတ်သွားကြသော အဖွဲ့ဝင်များ ရောက်လာကာ နှစ်ယောက်ကို ဝိုင်းခွဲကြ၍သာ တော်တော့သည်။ နောက်ဆုံးအထိ ဆောယောင်းအား စိန်းစိန်းဝါးဝါး စိုက်ကြည့်သွားသည့် ထိုအကြည့်ကို မမေ့နိုင်ခဲ့။
"ဟန်ဆောယောင်းက လွန်သွားပါတယ်။"
"…"
"အဲ့ဒီလိုအခြေအနေမျိုးမှာ ဟန်ဆောယောင်းလို ဘယ်သူမှ ပြုမူကြမှာမဟုတ်ပါဘူး။ အဖွဲ့ဝင်တွေ အများကြီးရှိနေတာပဲ။ Blast အေဂျင်စီက တိုက်ခိုက်ရေးသမားတွေကို အခြေခံပြီး လည်ပတ်နေတဲ့ ကုမ္ပဏီပါ။ ကျွန်တော်တို့က အဲ့ဒီလူတွေကို ထောက်ပံ့ပေးပြီး ကူညီပံ့ပိုးပေးရမဲ့ လူတွေလေ။ ဘာကသင့်တော်တယ်၊ မသင့်တော်ဘူးဆိုတာကို မပိုင်းခြားတတ်ဘူးလားဗျ။"
'အာ…'
ထိုအခါမှ ဆောယောင်းက ငုံ့ထားခဲ့သည့် ခေါင်းကို မော့လိုက်သည်။
"အဒေါ်ကြီးရဲ့ခါးကို တစ်ချက်လောက် စစ်ဆေးကြည့်သင့်တယ်လို့ ထင်ပါတယ်။"
"…ဒီလိုအခြေအနေမှာ အဲ့ဒီလိုစကားမျိုး ထွက်လာရလားဗျ။"
"အဖွဲ့ဝင်တွေက ဒဏ်ရာရပြီး နှုတ်ခမ်းကွဲတာလောက်ပဲဖြစ်တာပါ။ အဒေါ်ကြီးရဲ့ခါးကတော့ ပြန်သက်သာဖို့ နှေးပါလိမ့်မယ်။"
"အခု ဘာကအရေးကြီးမှန်း တစ်စက်လေးတောင်မသိဘူးပဲ…"
ဒေါသအတိလွှမ်းနေသော မျက်လုံးများက ကျုံ့နေသည်။ ဒုတိယ ဌာနမှူးက သူ၏ ဖရိုဖရဲဆံပင်ကို ပို၍ရှုပ်ပွအောင် ထပ်ဖွလိုက်၏။
ဤနေရာတွင် စံပြဖြစ်ပြီး ပုံမှန်တပ်မှ အနားယူထားကြသော စစ်သားများအပြင် ပြဿနာရှာ၍ အထုတ်ခံရလိုက်ရသူများလည်း အများကြီးရှိပေသည်။
သင်ယူတတ်မြောက်ထားသမျှက ကိုယ်လက်လှုပ်ရှားမှုအလုပ်များသာ ဖြစ်ကြသူများကို စုစည်းထား၍ပဲဖြစ်မလား၊ ရန်ပွဲအမျိုးမျိုးက မရပ်မနားတမ်းရှိတတ်၏။
သူတို့က သန္ဓေအရ ကြီးစဉ်ငယ်လိုက် ရာထူးအနိမ့်အမြင့်နှင့် အထက်လူကြီး၏အမိန့်ကိုသာ လိုက်နာကြရာ ယင်းကြောင့် တစ်ကြိမ်ဒေါသထွက်လိုက်သည်နှင့် ကိစ္စများက ရှုပ်ထွေးသွားတော့သည်။
"နောက်ဆက်တွဲတွေကို ရှင်းခိုင်းဖို့ အလုပ်ခန့်ထားတာပါ။"
ဒုတိယ ဌာနမှူးက ခါးသီးစွာ ညည်းတွားရင်း သက်ပြင်းချလိုက်သည်။
"အကယ်၍များဆိုပြီး အဲ့ဒီအဖွဲ့ဝင်နဲ့ သီးသန့် အဆက်အသွယ်လုပ်တာတို့၊ တွေ့တာတို့ မလုပ်ပါနဲ့။ Mask သေချာတပ်ပြီး သွားလာပါ…"
"…"
"သတင်းအချက်အလက်အဖွဲ့ အဖွဲ့မှူးရဲ့မျက်နှာကိုထောက်ထားပြီး ကျွန်တော် တစ်ခါတော့ သည်းခံပေးလိုက်မယ်။ အဲ့ဒီလိုသာမဟုတ်ရင် ပေါ်လာတဲ့အကျိုးဆက်ကို ဒီအတိုင်း ရှင်းပစ်လိုက်ပြီ။"
"အဒေါ်ကြီးရဲ့ ခါးက..."
"ထွက်သွားပါတော့။"
သူက နားထောင်ရန်မလိုတော့သည့်ပုံစံဖြင့် လက်ကာပြခဲ့သည်။
ဆောယောင်းတစ်ယောက် သူ ဘာကြောင့် ဤမျှအထိ ဒေါသထွက်နေမှန်း နားမလည်နိုင်ခဲ့။ ဆောယောင်းလည်း ခေါင်းငုံ့ကာ မဖြေရှင်းနိုင်သည့်မေးခွန်းကို ရင်ဝယ်ပိုက်ပြီး နောက်လှည့်လိုက်သည်။ ထိုအချိန်တွင် စိတ်တိုနေသည့်အသံ ပြန်ထွက်လာ၏။
"ဟိုမျက်နှာသုတ်ပဝါဖြစ်ဖြစ် ယူသွားလိုက်ပါ…"
"ရှင်။"
"အဲ့ဒီပုံစံကို တစ်ခုခုလုပ်ဦးလို့။"
ဒုတိယ ဌာနမှူးက စက္ကူခွက်ကို ကျစ်နေအောင် လုံးချေပြီး အမှိုက်ပုံးထဲ ပစ်ထည့်လိုက်သော်လည်း အနားသတ်နှင့်ထိကာ ပြန်ကန်ထွက်လာသည်။ 'ငါကွာ…' ဟူ၍ ကျိန်ဆဲသံ တိုးတိုးလေး ထွက်လာ၏။
ဆောယောင်းလည်း ရုံးခန်းမှ မထွက်ခင် ကုလားထိုင်ပေါ်တွင် အလွယ်တကူတင်ထားသော မျက်နှာသုတ်ပဝါတစ်ထည်ကို ကောက်ယူလိုက်သည်။ တော်သေး၍ အနံ့ဆိုးများ ထွက်မနေသည့် မျက်နှာသုတ်ပဝါအသစ်ဖြစ်နေ၏။
ဆောယောင်းက မျက်နှာသုတ်ပဝါကို ခေါင်းပေါ်တင်ကာ ဓာတ်လှေကားရှေ့တွင် ရပ်နေလိုက်သည်။
'အောက်ရောက်ရင်တော့ ခေါင်းကို အရင်သုတ်ပြီး အဝတ်အစားအရင်လဲလိုက်မယ်။ ပြီးမှ ကျန်နေတဲ့အဝတ်တွေ လျှော်တာကို…'
လုပ်ရမည့် အလုပ်များကို စိတ်ထဲမှာ တည်တည်ငြိမ်ငြိမ် ပြန်စဉ်းစားလိုက်၏။
ဒင်....
ဓာတ်လှေကား ပွင့်သွားသည်။
ခေါင်းကိုအုပ်ထားသည့် မျက်နှာသုတ်ပဝါက ရှည်လျားစွာ ကျနေသဖြင့် လူတို့၏ခြေထောက်များကိုသာ မြင်ရ၏။
ဓာတ်လှေကားထဲတွင် ပြည့်နေသည်က အနက်ရောင် စစ်ဖိနပ်များနှင့် ချို့ယွင်းချက်မရှိသေသပ်သည့် အမျိုးသားစီး ရှူးဖိနပ်ပင်။
'တက်လို့မဖြစ်ဘူးပဲ။'
ယခုပုံစံနှင့် ထိုလူအုပ်ကြီးကြားထဲသို့တိုးပြီး ဝင်စီးရန် စိတ်ကူးပင်မရှိခဲ့။
ဆောယောင်း နောက်ဆုတ်လိုက်ချိန်မှာပင်။
"တက်လေ။"
နိမ့်ပြီး ဖြည်းညင်းသည့်အသံက နားထဲဝင်လာသည်။ ဆောယောင်းက တုံ့ဆိုင်းသွားရာမှ ပြန်မဖြေဘဲ တစ်လှမ်းပြန်ဆုတ်လိုက်၏။
"တကယ် မတက်ဘူးလား။"
ထပ်ကြားရရုံဖြင့်ပင် ထူးထူးဆန်းဆန်း ကြက်သီးမွေးညင်းထအောင် ခိုင်မာပြတ်သားသည့်အသံပင်။
တံခါးပိတ်လုပိတ်ခင်တွင် သူက အေးရာအေးကြောင်း တံခါးဖွင့်သည့်ခလုတ်ကို နှိပ်လိုက်သည်။ မျက်နှာသုတ်ပဝါနှင့် ကွယ်နေသည့် မြင်ကွင်းတွင် အသားမာတက်နေသည့်လက်တစ်ဖက်နှင့် ဈေးကြီးပုံရသည့် နာရီတစ်လုံးကို မြင်လိုက်ရ၏။
ထိုအချိန်တွင် ထိုလူက သူ့ကို စူးစူးရဲရဲ စိုက်ကြည့်နေသည်ဟူ၍ အဓိပ္ပာယ်မရှိသော အတွေးတစ်ခု ဝင်လာသည်။ မသွေမဖည်အကြည့်ကြောင့် မေးစေ့၊ လည်ပင်းနှင့် တံတောင်ဆစ်တို့တွင် မရိုးမရွဖြစ်လာသလိုပင်။
ဆောယောင်းက သူ့အားတွယ်ကပ်နေသည့်အကြည့်ကို ဖယ်ထုတ်သလို ခေါင်းခါလိုက်သည်။ ထိုအခါမှပင် ထိုလူက စောစောကအတိုင်း ခလုတ်ပေါ်မှလက်ကို ပေါ့ပေါ့ပါးပါး ချလိုက်၏။
"…"
"…"
'ဘာလို့ မြန်မြန်မပိတ်တာလဲ…'
ခလုတ်ပေါ်မှ လက်ကိုသာ ဖယ်လိုက်သော်လည်း သူက တံခါးပိတ်သည့်ခလုတ်ကို အားစိုက်ပြီး မနှိပ်ခဲ့။ အလကားနေရင်း အာခြောက်လာသည့် ဆောယောင်းတစ်ယောက် ဓာတ်လှေကားကြမ်းပြင်ကိုသာ ငုံ့ကြည့်နေလိုက်သည်။
မလှုပ်မယှက် ရပ်နေသည့်လူက သူ့ဖိနပ်ကို ကြမ်းပြင်ထဲ နစ်ဝင်အောင် ဖိနင်းလိုက်သည့်အချိန်တွင်။ ခေါင်းပေါ်မှ စိတ်ပျက်လက်ပျက် သက်ပြင်းချသံကို ကြားလိုက်ရသလိုလိုပင်။
နောက်ဆုံး ဓာတ်လှေကားတံခါး ပိတ်ခါနီးမှသာ ဆောယောင်းတစ်ယောက် သူ့မြင်ကွင်းကို ကာထားသည့် မျက်နှာသုတ်ပုဝါကို အနည်းငယ် ဖယ်လိုက်၏။
အထဲတွင် အနက်ရောင် စစ်ဝတ်စုံဝတ်ထားကြသည့် အဖွဲ့ဝင်များနှင့် အနောက်တိုင်းဝတ်စုံကို အပြည့်ဝတ်ထားသော အမျိုးသားတစ်ယောက် အချင်းချင်း စကားပြောနေကြသည်။ ဘေးတစောင်းမျက်နှာကိုသာ မြင်လိုက်ရသော်လည်း တင့်တယ်လှသည့် ထိုမေးရိုးက ချက်ချင်းပင် ခံ့ညားချောမောသည့်လူတစ်ယောက်ပါလားဟု တွေးမိစေခဲ့၏။
'တစ်ခုခုက တစ်မူထူးနေတဲ့ရုပ်ရည်နဲ့လူပဲ…'
ဆောယောင်းက အထွေအထူးမဟုတ်သလိုတွေးရင်း တစ်ဖက်လှည့်လိုက်သည်။
'ဒီအတိုင်း အရေးပေါ်လှေကားကနေပဲ သွားလိုက်တာပေါ့။'
ပျင်းတိပျင်းတွဲ ခြေလှမ်းများ ဆက်လှမ်းသွား၏။
ထိုစဉ် နောက်စေ့တွင် ထူးထူးဆန်းဆန်း ဆစ်ခနဲဖြစ်သွားသလို ခံစားလာရသဖြင့် အနောက်လှည့်ကြည့်လိုက်တော့ ဘေးကလူနှင့်စကားပြောနေသည့် ထိုအမျိုးသားနှင့် မျက်လုံးချင်းဆုံမိသွားတော့သည်။
'နေပါဦး၊ အထင်မှားတာပဲလား။ မဟုတ်တာလား။'
"…"
သို့သော် ယင်းကို အတည်မပြုနိုင်ခင်မှာပင် ဓာတ်လှေကားတံခါးက တင်းတင်းကျပ်ကျပ် ပိတ်သွားတော့၏။ ဆောယောင်းက အနည်းငယ် နားမလည်နိုင်သလို ခံစားချက်နှင့် အရေးပေါ်လှေကားတံခါး၏ လက်ကိုင်ကို ကိုင်ထားရင်း ရပ်နေမိသည်။
ခဏလေး တွေ့လိုက်ရသော်လည်း ထိုးဖောက်မြင်နိုင်လောက်အောင် စူးရှသည့် အကြည့်။ အေးရာအေးကြောင်း အသံနှင့် လုံးဝဆန့်ကျင်စွာ ထိုအကြည့်ကြောင့် ကုပ်ပိုးတွင် တစ်ချက်ကလေးကြက်သီးထသွားသလိုပင်။
~~~~
Miel's Translations