အပိုင်း ၄
ပြစ်ဒဏ်မချမှတ်မီ ပြန်ခေါ်လာချင်သည်။ မမုန်းခင် မေးကြည့်ချင်သည်။ ရှင့်ကို ပြန်ရှာချင်သည်။ ကျွန်မဘဝတွင် တစ်ခုတည်းသော ကျွန်မပိုင်သည့်အရာကို ပြန်ရယူချင်သည်။ သို့သော်…
“ညီမတော်။”
သူစိမ်းတစ်ယောက်၏ ခေါ်သံကို ကြားလိုက်ရသည်။ ထိုအခါမှပင် ဆောယောင်းလည်း သူ့ကိုယ်သူ မယ်တော်မေရီ၏ ရုပ်တုရှေ့တွင် ရပ်နေမိကြောင်း သတိထားမိသွားတော့သည်။
“…”
…ထူးဆန်းလိုက်တာ။
ဆောယောင်းက လျင်မြန်စွာ မျက်လုံးဖွင့်လိုက်ပိတ်လိုက်လုပ်နေရင်း တစ်ချက်လေး တွေဝေသွားမိသည်။ ဝိုးတဝါးပုံရိပ်လောက်သာ မြင်ရမှာဖြစ်သည့် ရုပ်တုကို ရှင်းလင်းပြတ်သားစွာ မြင်နေရသလိုပင်။
ထပ်ပြီးအနားတိုးသွားလျှင် ပို၍ပင် ရှင်းလင်းပြတ်သားစွာမြင်ရတော့မလို ခံစားနေရသော်လည်း…
ရောဂါလက္ခဏာ စတင်လာပြီးသည့်နောက်တွင် ပထမဆုံးခံစားရသည့် ခံစားချက်ပင်။ ‘မြင်ရတော့မလိုပဲ’ တဲ့လား။ အဓိပ္ပာယ်မရှိပေ။
သို့သော် ထူးဆန်းသည့် ခံစားချက်ကြောင့် မျက်လုံးကိုပွတ်ကာ အရှေ့တိုးသွားလိုက်သည့် အခိုက်အတန့်တွင်….
“ညီမတော်၊ နှာခေါင်းသွေးတွေ….”
ဘုန်းတော်ကြီးနို၏ မျက်နှာက ဖြူဆုတ်သွားတော့သည်။
“အာ…”
ကြောင်တောင်တောင်ဖြစ်နေသည့် ဆောယောင်းတစ်ယောက် မယ်တော်မေရီရုပ်တုကြားတွင် ညှပ်နေသည့် လက်ကမ်းစာစောင်ကိုဆွဲယူကာ နှာခေါင်းကို သုတ်လိုက်သည်။
“မျက်နှာက တော်တော်လေး မကောင်းဘူးနော်။ ဘုရားသခင်၊ တကယ်ကို မကောင်းတာပါလား…”
“ဘာမှမဖြစ်ပါဘူး။ ကျေးဇူးတင်ပါတယ်ရှင့်။”
ဆောယောင်းက အလောတကြီး တစ်ဖက်လှည့်လိုက်သည်။ ထို့နောက် တဒေါက်ဒေါက်နှင့် လမ်းလျှောက်တုတ်ကိုထောက်ရင်း ဘုန်းတော်ကြီးနိုအား တစ်ဖန်ပြန်လှည့်ကြည့်ခဲ့သည်။
“ဘုန်းတော်ကြီးက တကယ်ပဲ မမြင်ရတဲ့အရာတွေကို ယုံကြည်လားရှင့်။”
ဆိုင်းမဆင့်ဗုံမဆင့် တဲ့တိုးမေးလိုက်သည့် မေးခွန်းဖြစ်သော်လည်း ဘုန်းတော်ကြီးနိုက ကြောင်တောင်တောင်ဖြစ်မသွားခဲ့။ နှုတ်ခမ်းလေးများ တဆတ်ဆတ်တုန်ယင်နေသည့် ဆောယောင်းက အင်မတန်ဖြူဖျော့ အားနည်းစွာရှိနေသောကြောင့်ဖြစ်သည်။ သို့သော် ကိုယ့်ကိုယ်ကိုယ် မြဲမြဲမြံမြံ မားမားမတ်မတ်ထိန်းထားပုံက ထူးထူးဆန်းဆန်း ဆွဲဆောင်မှုရှိလှပေသည်။
“ဒီလိုစကားမျိုးပြောရတာ အားနာပေမဲ့ အလှည့်စားခံနေရလောက်မလား မသိပါဘူး။ နောက်မှ ကျွန်မလိုမျိုး အရူးလုပ်မခံဘဲ မြန်မြန်လေး မျက်လုံးဖွင့်လိုက်ပါ။”
“ညီမတော်၊ ဆက်ဆက်မြင်တွေ့ရမှ သိနိုင်မဲ့ကိစ္စ မဟုတ်ပါဘူး။”
“အဲ့ဒါက ထင်ယောင်ထင်မှားဖြစ်နေတာလည်း ဖြစ်နိုင်ပါတယ်။”
“တစ်စုံတစ်ရာကို ယုံကြည်ဖို့အတွက် မဖြစ်မနေ အကြောင်းရင်းရှိဖို့ လိုအပ်လို့လား။”
ဟောဟဲဆိုက်ကာ အသက်ရှူနေရသည့် ဆောယောင်းက မျက်နှာပေါ်သို့ လျှောကျလာသောဆံပင်ကို စိတ်မရှည်စွာ သပ်တင်လိုက်သည်။ ဘယ်တုန်းက ဝင်လာမှန်းမသိရသည့် ပြင်းပြင်းထန်ထန် စွဲကပ်တွယ်ငြိနေသော ပူပန်မှုနှင့် မယုံကြည်မှုတို့က ရုတ်တရက် ထိန်းချုပ်မရအောင် ပေါက်ကွဲပါတော့သည်။ ပါးစပ်ကို တားနိုင်ခြင်းမရှိတော့။
“ကျွန်မလည်း မသိတော့ပါဘူး။ မသိလို့ ဒီလိုဖြစ်နေတာပေါ့…”
ဆောယောင်းက လမ်းလျှောက်တုတ်ကို ကိုင်ထားလျက်နှင့် အော့အန်တော့မလို ခါးကိုကိုင်းလိုက်သည်။ ချောင်းခြောက်က အာခေါင်ကိုခြစ်ပြီးထွက်လာရာ ခြောက်ကပ်နေသည့် လည်ချောင်းက မီးတောက်သလို နာလာတော့သည်။
“အဲ့ဒီလူကို မျက်နှာတောင်မသိဘဲ ကိုယ့်စိတ်တိုင်းကျ အရင်စပြီး ချစ်ခဲ့မိပါတယ်…ကျွန်မ ကိုင်ဖူးသမျှလက်တွေထဲမှာ အနွေးထွေးဆုံး၊ အကြီးဆုံးဖြစ်နေလို့ သူကတော့ ကျွန်မကို ကယ်တင်လိမ့်မယ်လို့ ထင်ခဲ့မိတာပါ။ သဘောမကျဘဲ မနေနိုင်ခဲ့ပါဘူး။ ကျိန်းသေပေါက် အဲ့ဒီလိုဖြစ်မှာပေါ့…ကြမ်းကြမ်းတမ်းတမ်း လူနာတွေရဲ့လက်တွေကိုပဲ ကိုင်ဖူးခဲ့ပြီး အဲ့ဒီလိုအရာကို ပထမဆုံးအကြိမ် ကိုင်ဖူးတာမို့လို့…”
“…”
“ကျွန်မရဲ့ ကမ္ဘာမှာ ဒီလိုလူမျိုး မရှိခဲ့တာကို…”
ဆောယောင်းတစ်ယောက် ဤတစ်ကြိမ်တွင်တော့ နှာခေါင်းမဟုတ်ဘဲ မျက်လုံးကိုသုတ်လိုက်သည်။ မျက်လုံးအတွင်းဘက်မှ ပူတက်လာ၏။ တစ်ချိန်တည်းတွင် ဘယ်မှာမှ ပြောမထွက်ခဲ့သည့် စကားများ သူ့အလိုလို ပွင့်အန်ထွက်ကျလာပါတော့သည်။
“ကောင်းကောင်းအိပ်ပျော်ရဲ့လား၊ အစာကို ကြေကြေညက်ညက် ဝါးစားရဲ့လားဆိုပြီးတော့ အရွယ်ရောက်နေပြီးသားမိန်းမအပေါ် သိချင်တာက အဲ့ဒီလိုအရာလေးတွေအပြင် မရှိဘူးထင်ပါရဲ့။ ကျွန်မက နည်းနည်းလေးပဲ ပင်ပန်းတဲ့ပုံပေါ်နေရင်လည်း ဘာလုပ်လို့လုပ်ရမှန်းမသိ ဖြစ်သွားပြီးတော့လေ။”
“…”
“ကျွန်မအတွက် အဲ့ဒီလူက ဆန်းကြယ်တဲ့ အံ့ဖွယ်ရာလေးဖြစ်ခဲ့တာကို။”
သို့သော် ဘဝက မျက်စိတစ်မှိတ်လေးအတွင်းတွင် ပျက်စီးပြိုလဲသွားနိုင်သည်ဟူသောအချက်ကို အကြာကြီးမေ့ထားကာ နေခဲ့မိသည်။
“အဲ့ဒီလူက ပျောက်သွားပါတယ်…အငွေ့ပျံသွားသလို ပျောက်သွားတာပါ…”
ဆောယောင်းက ကိုယ့်ကိုယ်ကိုယ်လှောင်သလို ရယ်လိုက်သည်။ အချိန်အခါမရွေး စူးခနဲတက်လာတတ်သော ရင်ဘတ်အောင့်မှုကိုလည်း ယခုတော့ ရင်းနှီးအသားကျနေပေပြီ။
ရှင့်ကို ရှာချင်ပေမဲ့။ လုံးဝ ဒီအတိုင်း လက်လျှော့ပြီး အဆုံးသတ်နိုင်စရာ အကြောင်းမရှိဘူးဆိုပေမဲ့။
“…ဘာကြောင့်မှန်းမသိ ကျွန်မဆီကို အဲ့ဒီလိုအရာက တအားလွယ်လွယ်လေးရောက်လာတာ။”
သွေးရောင်ပျောက်သွားသည့်မျက်နှာက ယခင်အတိုင်း လက်တွေ့ကို လက်မခံနိုင်သည့်အလား အကြောင်သားရှိနေဆဲ။ လမ်းလျှောက်တုတ်လေးကိုသာ အားပြုနေသည့် ဆောယောင်းတစ်ယောက် လမ်းပျောက်နေတော့သည်။
“ဒါပေမဲ့လည်း ညီမတော်ရဲ့။ ဒီကနေ့ရဲ့ တိုက်ဆိုင်မှုကလည်း ဘုရားသခင်ရဲ့ အလိုတော်ပဲဖြစ်မလား မသိဘူးနော်။”
အသာလေး နားထောင်နေခဲ့သည့် ဘုန်းတော်ကြီးနိုက ဆောယောင်း၏ လက်ထဲမှ လက်ကမ်းစာစောင်ကို ညင်သာစွာယူကာ သတိထားပြီး ဖြန့်ပြခဲ့သည်။
“မက်ဿရူးကျမ်း အခန်း ၇၊ အပိုဒ် ၇။ ဆက်တိုက်ဆုတောင်းပါ။ သို့ဆိုလျှင် ပြည့်ပါလိမ့်မည်။ ဆက်တိုက် ရှာဖွေပါ။ သို့ဆိုလျှင် တွေ့ပါလိမ့်မည်။ ဆက်တိုက် တံခါးခေါက်ပါ။ သို့ဆိုလျှင် ပွင့်ပါလိမ့်မည်။”
ဆောယောင်းက ဘုန်းတော်ကြီး၏ တည်ကြည်လေးနက်သော စကားများကို နားထောင်ရင်း ကြောင်တောင်တောင်နှင့် လက်ကမ်းစာစောင်ကို ယူလိုက်မိသည်။
ထင်ယောင်ထင်မှားဖြစ်နေခြင်းမဟုတ်။
ယခင်အတိုင်း မှုန်ဝါးဝါးဖြစ်နေသေးသော်လည်း အမြင်လွှာထဲမှ မြူခိုးက တစ်ချက်ကလေး ပျောက်သွားသလို ထင်ရ၏။ အံ့ဩမှင်တက်သွားသည့် ဆောယောင်းတစ်ယောက် မျက်လုံးကို အဖွင့်အပိတ် လုပ်မိသည်။
[ဘာမဆို ရှာပေးသည်။ ငွေ/လူ/ပစ္စည်း ★☆သင့်တင့်သည့်နှုန်းထား☆★ပြီးပြည့်စုံသည့် လျှို့ဝှက်သိုသိပ်မှု★☆
※တရားမဝင် ထောက်လှမ်းရေးအေဂျင်စီမဟုတ်ပါ။
NIS အေးဂျင့်ဟောင်းမှ ဦးစီးဆောင်ရွက်သည့် အေဂျင်စီ။
010-XXX-XXXX]
****
အမျိုးမျိုးသော ကိရိယာများကို သုံးပြီးသွား၍ နောက်ဆုံးတွင်မှ စက်ဝိုင်းသဏ္ဌာန် penlight က ဆောယောင်း၏ မျက်လုံးထဲသို့ လင်းခနဲဝင်လာသည်။
မျက်စိအထူးကုက လက်ရှိအခြေအနေကို ထူးဆန်းသည်ဟုတွေးသည့်အလား ဦးခေါင်းကို ထပ်ပြန်တလဲလဲ ငဲ့စောင်းနေသည်။ 'ကျစ်၊ ဟား' ဟူ၍ အားမလိုအားမရ ဦးခေါင်းကိုဆုပ်ကိုင်ကာ ညည်းပင်ညည်းတွားလိုက်သေး၏။
"လူနာ၊ ပြီးခဲ့တဲ့ရက်ပိုင်းလောက်ကတည်းက အရာဝတ္ထုပစ္စည်းတွေကို မြင်ရတယ်လို့ ပြောခဲ့တယ်နော်။"
"ဟုတ်ကဲ့။"
"မဖြစ်နိုင်တာကို..."
ဤအခြေအနေကို နားမလည်နိုင်သည်မှာ ဆောယောင်းလည်း အလားတူပင်။ ပထမဆုံး မျက်ကြည်လွှာအလုပ်မလုပ်ခြင်းဟု ရောဂါလက္ခဏာတွေ့ရစဉ်က မျိုးရိုးလိုက်ခြင်းဖြစ်လျှင်ဖြစ်၊ မဟုတ်လည်း ဒီအတိုင်း ဒီလိုကိစ္စမျိုးက ဖြစ်လေ့ဖြစ်ထရှိသည်ဟု ပြောခဲ့သည်။ ရောဂါဟူသည်မှာ ကြိုတင်သတိပေးကာ လာတတ်သည့်အရာမဟုတ်သောကြောင့် ခံပြင်းသော်လည်း လက်ခံနိုင်ခဲ့၏။
ငါ့မှာလည်း ဒီလိုကိစ္စမျိုး 'ဒီအတိုင်း' ဖြစ်လာတာပါလားဟူ၍။
'ဒါပေမဲ့ ဒါက ဘာလဲ။'
"ဒါကို...အရင်ဆုံး သုတေသနအသိုင်းအဝိုင်းဆီ တင်ပြတာကစပြီး လုပ်ရမယ်ထင်ပါတယ်။"
"အဲ့ဒီလောက်အထိတောင်လားရှင့်။"
"ဟုတ်ကဲ့။ မျက်စိအထူးကုလုပ်လာတဲ့ သက်တမ်းတစ်လျှောက်လုံး ကျွန်မလည်း ဒီလိုအဖြစ်မျိုးကို ပထမဆုံး ကြုံဖူးတာမို့လို့ပါ။"
တစ်ပတ်နှစ်ပတ်လောက်သာ ရှိသေးသည်ဆိုသော်လည်း တိမ်ဖုံးသလိုသာရှိခဲ့သည့် အမြင်လွှာက တဖြည်းဖြည်း အခြေအနေတိုးတက်လာနေသည်။
တကယ်ပဲ စိတ်ထင်နေရုံမဟုတ်။ ယခုတောင်မှ ဆရာဝန်၏ မျက်နှာအသွင်အပြင်ကို ခပ်ရေးရေး ပုံဖော်ကြည့်ရ၍နေသည်။
ပါဝါမျက်မှန်တပ်လိုက်လျှင် ပို၍ပင် ကောင်းကောင်းမြင်နိုင်တော့မလို ခံစားရ၏။ ဆောယောင်း၏ သွေးခုန်နှုန်းလည်း မြန်လာတော့သည်။
တစ်ချိန်က လောကကြီး အသူတစ်ရာချောက်နက်ထဲသို့ ကျသွားသလို ထင်ခဲ့ရသော်လည်း ယခုမူ ကျွမ်းထိုးမှောက်ခုံဖြစ်သွားပြန်ပေပြီ။
ခင်ပွန်းဖြစ်သူ ပျောက်သွားကာ အမြင်လွှာထဲမှ မြူထုက ရှင်းလင်းသွားသည်......တိုက်ဆိုင်မှုကလည်း တအားကို တိုက်ဆိုင်နေလွန်း၏။
အမှန်တကယ် ဘုရားသခင်ရှိ၍ အနာပေးလိုက် ဆေးပေးလိုက် လုပ်နေခြင်းပေပဲလား။ ထို့နောက် ပေးထားသည့် အနာနှင့်ဆေးကို ပြန်ယူသွားခဲ့တာများလား။
ဆောယောင်းတစ်ယောက် ကိုယ့်မေးခွန်းကိုယ်တောင်မသိဘဲ ပါးစပ်ဖွင့်လိုက်မိသည်။
"ကျွန်မမျက်လုံးတွေက၊ ဧကန္တ ရောဂါမဟုတ်တာရော ဖြစ်နိုင်လား။"
"အဲ့ဒါက ဘာစကားလဲရှင့်။"
ကိုယ်တိုင်လည်းမသိပေ။ ဒီအတိုင်း ရှင်းပြ၍မရသည့် ယုတ္တိသဘောအရ ခင်ပွန်းဖြစ်သူ၏ ပျောက်ဆုံးမှုနှင့် ဤမူမမှန်မှုက ဆက်စပ်နေသလိုပင်။
'သူ့ရဲ့ပျောက်ဆုံးမှုနဲ့ ဒီမျက်လုံးတွေက ဘာများဆိုင်လို့လဲ။'
သို့သော် မျက်ကြည်လွှာအလုပ်မလုပ်မှုက ဆိုင်းမဆင့်ဗုံမဆင့် ရောက်လာကာ ဆိုင်းမဆင့်ဗုံမဆင့် ပြန်ပျောက်သွားခဲ့သည်။
ယင်းကား ကွက်တိ ဂင်ဟျွန်းအတိုင်းပင်။ ဒုက္ခအရောက်ဆုံးအချိန်တွင် သူပေါ်လာကာ ယခု အောက်ဆုံးအထိရောက်နေချိန်၌ အမြင်အာရုံက တစ်ဖန်ပြန်ရောက်လာသောကြောင့်ဖြစ်သည်။ ယခုတလော ဤကဲ့သို့ ယုတ္တိမရှိသည့် အတွေးများသာ ခေါင်းထဲပြည့်နေ၏။ ဤသို့ဆိုလျှင် စုံထောက်ကြီး၏ ဆေးရုံဖြစ်ဖြစ် သွားပါလားဟူသော မာထန်ထန်စကားက အကျိုးအကြောင်းသင့်သည့် လမ်းညွှန်အကြံပေးမှု ဖြစ်နေမလားတောင်မသိပေ။
"ပထမဆုံး စစ်ဆေးမှုခံယူတုန်းက ပြန်ကောင်းလာမှာမဟုတ်ဘူးလို့ ပြောခဲ့တာလေ။"
"အဲ့ဒါ အမှန်ပါပဲ။ ဒီရောဂါက ကုမရဖို့အရမ်းနီးစပ်ပါတယ်။ လူနာရဲ့ chart ကို ကြည့်လိုက်တော့ ရောဂါအခြေအနေဆိုးလာတာကလည်း ရုတ်တရက်ဆန်ပြီး မြန်နေတာကို။ အခု ပြန်ကောင်းလာတယ်ဆိုတော့။"
ဆရာဝန်က မေးစေ့ကိုသပ်ရင်း သတိထားပြီး ဆက်ပြောခဲ့သည်။
"ပထမဆုံး စစ်ဆေးမှုခံယူခဲ့တာက လွန်ခဲ့တဲ့ ၂နှစ်ကနော်။"
"ဟုတ်ကဲ့။"
"ယာယီသဘောမျိုးဖြစ်နေသလောက်ပဲ။"
ဆရာဝန်၏ မယုံသင်္ကာလေသံကိုနားထောင်ရင်း ဆောယောင်းက စမ်းသပ်ခန်းပတ်ပတ်လည်ကို လှည့်ပတ်ကြည့်ရှုလိုက်သည်။
"ပညာရှင်အသိုင်းအဝိုင်းမှာ သုတေသနလုပ်ဖို့ လိုအပ်သွားပြီဆိုပေမဲ့.....တကယ်လို့ အမြင်အာရုံကြောနဲ့ မျက်ကြည်လွှာက အလုပ်လုပ်တာရပ်သွားရာက အခု အကြောသေမှုတစ်ခုခု ကောင်းသွားလို့ ပုံမှန်အတိုင်းပြန်ဖြစ်လာတာဆိုရင် သီအိုရီအရ လုံးဝ ရှင်းပြလို့မရတဲ့အရာတော့မဟုတ်ပါဘူး။"
"..."
"ဒါပေမဲ့ ဒီလိုကိစ္စမျိုးက ဆရာဝန်ဖြစ်တဲ့ကျွန်မလည်း မမြင်ဖူး မကြားဖူးတဲ့ case ပါ။ အမြင်အာရုံကြော ယာယီအကြောသေဖို့ဆိုတာက အင်မတန် ခက်ခဲတဲ့ကိစ္စရှင့်။ အမြင်အာရုံကွယ်တာကမှ ဖြစ်ဖို့ပိုလွယ်ပါသေးတယ်။ ဒီလိုဖြစ်ဖို့ဆိုတာ တစ်ယောက်ယောက်က အာရုံကြောကို မကြာမကြာ ခြယ်လှယ်နေတယ်ဆိုတဲ့ သဘောပဲကို။"
ဆရာဝန်က အသာလေး ပခုံးတွန့်လိုက်သည်။
"မကောင်းတဲ့ကိစ္စပဲပေါ့နော်၊ ဘယ်လောက်ပဲ သီအိုရီဆိုပါစေလေ။"
ဟုတ်...ပါရဲ့။
ဆောယောင်းက လမ်းလျှောက်တုတ်ကို အသာလေး တင်းတင်းဆုပ်ကိုင်လိုက်သည်။
တစ်ပတ်တစ်ကြိမ် မျက်စဉ်းထည့်ပေးရသည့်ကိစ္စက ခင်ပွန်းဖြစ်သူ တာဝန်ယူဆောင်ရွက်သည့်အလုပ်ပင်။ သူသာဘေးမှာရှိနေလျှင် ခံပြင်းသည်ဟုရော၊ အထီးကျန်သည်ဟုပါ မခံစားရပေ။ မျက်စဉ်းဆေးများ မျက်ဖြူသားအနှံ့ပျံ့သွားအောင် မျက်လုံးလေးဖွင့်လိုက်ပိတ်လိုက်လုပ်နေလျှင် မကြာခင် ထိုအပေါ်သို့ အနမ်းတစ်ပွင့် ကျရောက်လာပေမည်။
"ဒီအတိုင်းအတာအထိ ပြန်ကောင်းလာတယ်ဆိုရင် အရင်ကအမြင်အာရုံအထိ ပြဿနာတစ်စုံတစ်ရာမရှိ ပြန်ရနိုင်မယ်ထင်ပါတယ်။ တစ်ခါလောက် စောင့်ကြည့်ကြရအောင်။"
ဆရာဝန်က စိတ်လှုပ်ရှားခြင်းကြီးစွာ သန္နိဋ္ဌာန်ချရင်း လက်သီးဆုပ်လိုက်၏။
မျက်လုံးထောင့်စွန်းကို တစ်ချက်ထိကြည့်ပြီးသည့်နောက်တွင် ဆောယောင်းက မေးခဲ့သည်။
"ဒါနဲ့ ကျွန်မကို ကြည့်ပေးနေကျဆရာဝန် ပြောင်းသွားတာလားရှင့်။"
"အာ၊ အဲ့ဒါက..."
အခုမှ သတိရသည့်အလား ဆရာဝန်က မျက်မှန်ကိုပြင်ကာ ဝမ်းသာအားရရှင်းပြတော့သည်။
"ရှင်းပြတာနောက်ကျသွားလို့ တောင်းပန်ပါတယ်။ ကျွန်မက ဆရာဘတ်ရဲ့နေရာကို အစားဝင်လိုက်တာပါ။ ဆရာဘတ်က အခွင့်ရေးကောင်းရလို့ ဒီစာသင်နှစ်ကစပြီး ဂျွန် ဟော့ပ်ကင်း(စ်) တက္ကသိုလ်မှာ ပါမောက္ခအဖြစ် ခန့်အပ်ခံလိုက်ရလို့လေ။"
"..."
ခင်ပွန်းဖြစ်သူက တစ်ယောက်တည်းပျောက်သွားခြင်းမဟုတ်။ ထူးဆန်းလှစွာပင် သူနှင့်အတူ လူအများကြီး ပျောက်သွားကြသည်။
ဤသည်ကရော နောက်ထပ် ယုတ္တိမရှိသည့်အတွေးပေပဲလား။
ဆောယောင်း ယခု အဖြေကို သိချင်မိသည်။ ခန့်မှန်းချက်များ၊ ယူဆချက်များမဟုတ်ဘဲ ခိုင်မာတိကျသည့်အဖြေ။ တစ်စစီပြန့်ကျဲနေသော အပိုင်းအစအားလုံးကို ချိတ်ဆက်ပေးနိုင်မည့် သဲလွန်စကို ရလို၏။
သိုသော် ဤလျှို့ဝှက်ဆန်းကြယ်မှုအားလုံးကို ရှင်းပြပေးနိုင်မည့်အရာက ရဲရော၊ ဘုန်းတော်ကြီးရော၊ ဆရာဝန်ရောမဟုတ်ဟု တွေးမိစပြုလာပေပြီ။
~~~~~
"နာမည်ကအတု၊ ကုမ္ပဏီရော၊ ကားလိုင်စင်နံပါတ်ရော အတုပါ။ အဲ့ဒါကြောင့် အမြဲတမ်းနေထိုင်မှု မှတ်ပုံတင်နံပါတ်ကလည်း အသုံးမဝင်ပါဘူး။ ဘာပဲဖြစ်ဖြစ် အတုပဲနေမှာပါ။ ဗီလာထဲမှာရော၊ လမ်းကြားထဲမှာပါ စီစီတီဗွီ မရှိပါဘူး။ ဗီလာမှာ အကောင်းအတိုင်း အတူတူနေကြတဲ့ အိမ်နီးချင်းတွေကလည်း ရုတ်တရက် ပျောက်သွားကြတယ်ဆိုတော့ မျက်မြင်သက်သေလည်းမရှိဘူးပေါ့။ အဲ့ဒီလိုဆိုရင်တောင် ကျွန်မအမျိုးသားကို ရှာလို့ရနိုင်မလားရှင့်။"
အချက်အလက်များကိုသာ ရွတ်ပြနေသည့်အသံက ခြောက်ကပ်နေ၏။
ပုဂ္ဂလိကထောက်လှမ်းရေးစင်တာ ဝန်ထမ်းလေးက တစ်ချက်ကြောင်သွားရာမှ မသိမသာဟနေသည့် ပါးစပ်ကို လျင်မြန်စွာ အပြုံးအဖြစ် ပြောင်းလိုက်သည်။ ဆောယောင်း၏ လေသံက ယုံကြည်မှုမရှိဘဲ မျှော်လင့်ချက် လုံးဝကင်းမဲ့နေသော်လည်း သူ့မျက်နှာထားမှ မျှော်လင့်တကြီးဖြစ်နေမှုက စိတ်ဝင်စားမှုကို မြင့်တက်လာစေသည်။ မျက်ရစ်မရှိသော စူးရှရှမျက်လုံးများက ယှဉ်ပြိုင်လိုသည့် စိတ်လှုပ်ရှားမှုနှင့် တောက်ပသွားတော့၏။
"ခက်ခဲနိုင်ပေမဲ့....ကျိန်းသေပေါက် စိတ်ဝင်စားစရာဖြစ်မှာပါ။ ဝမ် သိန်း၄၀ကနေ စမယ်ဆိုရင် အဆင်ပြေမလား။"
ဆောယောင်းက တုံ့ပြန်မှုမရှိဘဲ ခေါင်းသာညိတ်လိုက်သည်။
~~~~~
Miel's Translations