အပိုင်း ၁၃
Black အေးဂျင့်များတွင် တရားဝင် ကိုယ်ရေးရာဇဝင်မှတ်တမ်းများ မရှိကြသော်လည်း တကယ်တမ်းတော့ အီဝူရှင်းက ဒုညွှန်မှူးဦးဆောင်သည့် ပြည်ပထောက်လှမ်းရေးဌာန၏ အဓိကလူဖြစ်သည်။
သူ့ကိုကူညီပေးကြသော ကွင်းဆင်းထောက်ပံ့ရေးအဖွဲ့က မစ်ရှင်အပေါ်မူတည်ပြီး အချိန်နှင့်အမျှ ပြောင်းလဲသွားတတ်သော်လည်း အီဝူရှင်းကတော့ အမြဲတမ်း ပင်တိုင်လူပင်။
သူက ပြည်ပထောက်လှမ်းရေးဌာန၏ တရားဝင်မဟုတ်သော အဖွဲ့ ၁ မှ အဖွဲ့ဝင်ဖြစ်သည်။ သူ့အဖွဲ့တွင် အီဝူရှင်းတစ်ဦးတည်းသာ ပါဝင်၏။
“ကိုယ်ပိုင်အချိန်တွေမှာတောင် မျက်နှာဖုံးမချွတ်ဘဲနေတာကို ကျွန်တော့်ရဲ့အရည်အချင်းက အရင်အတိုင်းပါပဲ။ ကျွန်တော့်လို ထူးဆန်းတဲ့ကောင်မျိုး နောက်တစ်ယောက်ရှိပါ့ဦးမလား။”
-...
ဒုညွှန်မှူး၏ နှုတ်ဆိတ်သွားမှုကြောင့် ပြုံးမိသွား၏။
“အလုပ်ကြောင့် ဖြစ်တာလို့ ထင်ခဲ့ပေမဲ့ ဆေးရုံက စိတ်ဖိစီးမှုလွန်ကဲတယ်လို့ ပြောပါတယ်။ အခုမှ မကုရင် နောက်ပိုင်းကျ ကိုယ့်မျက်နှာကိုယ်တောင် ဆွဲဖြဲမဲ့ အရူးမျိုးဖြစ်သွားမယ်တဲ့... မျက်လုံး၊ နှာခေါင်း၊ ပါးစပ်မရှိတဲ့ ကြက်ဥသရဲက ကြောက်ဖို့ကောင်းအောင် စိုက်ကြည့်နေသလိုပါပဲ။”
ရွဲ့တဲ့တဲ့ နှုတ်ခမ်းမဲ့နေသော အသံနှင့်မတူစွာ သူက အသံတိတ်ရယ်ခဲ့သည်။ သူ့ပုံစံက ဘာကိုမှမမှုဘဲ မထီတရီလုပ်နေသလိုပင်။
“ပြီးတော့ ကျွန်တော် နောက်ထပ်လည်း သူလျှိုအလုပ်တွေ လုပ်လို့မဖြစ်တော့ပါဘူး။ တက်တူးထိုးခဲ့လို့။”
-ဘာ။
Black အေးဂျင့်တစ်ဦး၏ တာဝန်မှာ ခြေရာလက်ရာမကျန်စေဘဲ နောက်ကြောင်းရှင်းမှုပင်။ 'ဒီလူတစ်ယောက်တည်းပဲ' ဟု သတ်မှတ်မခံရစေရန်အတွက် မှတ်တမ်းများကို ဗလာစာမျက်နှာအဖြစ် ထိန်းသိမ်းထားရမည်မှာ မပြောဘဲသိကြသော သဘောတူညီချက်တစ်မျိုးဖြစ်၏။
အထူးသဖြင့် သူတို့က မျက်စိဖြင့်မြင်ရသော အချက်အလက်များကို အသစ်ထပ်ထည့်ခြင်း သို့မဟုတ် ဖျက်ပစ်ခြင်းဖြင့် အတုအယောင်ဇာတ်ကောင်များကို ဖန်တီးလေ့ရှိသောကြောင့် ဆံပင်ပုံစံ၊ လက်သည်းအရှည်နှင့် ပခုံးပေါ်ရှိအမှတ်များ အမာရွတ်များအထိ တွက်ချက်ပြီး လုပ်ဆောင်ရပေသည်။
ထိုသို့သော Black အေးဂျင့်က ခန္ဓာကိုယ်တွင် တက်တူးထိုးထားသည်ဆိုတော့...
ဤသည်မှာ တားမြစ်ချက်ကို ချိုးဖောက်ခြင်းပင်။ ဒုညွှန်မှူးက သူ့လက်အောက်ငယ်သားကို နာမည်ဝှက်ဖြင့် ခေါ်လိုက်သည်။
-မြောင်ဂယူရေ၊ ဆင်ခြေပေးစမ်းပါဦး။
“ယောင်းဂယူပါ။”
-ဟေ့ကောင်ရာ၊ ကိစ္စမရှိဘူး။ ပခုံးကအမှတ်တောင် ဖုံးလို့ရတာ အဲ့ဒါက တက်တူးဖြစ်နေလို့ဆိုပြီး မဖုံးနိုင်ဘဲရှိမလား။
“ဘောမှာ ထိုးခဲ့တာဗျ။
-ပြန်ပြောစမ်း။
“ကြားရဲ့သားနဲ့ ဘာလို့ ရှက်စရာကောင်းတာကို ထပ်ပြောခိုင်းနေရတာလဲ။”
သူက ဖြည်းဖြည်းချင်းဖြေလိုက်တော့ ဒုညွှန်မှူးလည်း အံကြိတ်လိုက်မိတော့သည်။ အီဝူရှင်းက ထိုခံစားချက်ကို ရှင်းရှင်းလင်းလင်း ခံစားမိနေသဖြင့် ဝမ်းသာအားရ ထပ်ပြောလိုက်၏။
“နောက်ဆိုရင် လက်လွတ်စပယ် ထုတ်ပြီးလုပ်လို့ရတော့မှာမဟုတ်ဘူးဆိုတော့ ဘယ်လိုလုပ်မလဲ။”
-ဟူး... ပခုံးကိုတောင် ကောင်းကောင်းဖုံးနိုင်တာပဲ အဲ့ဒါက တက်တူးဖြစ်နေလို့ မဖုံးနိုင်ဘဲရှိပါ့မလား...
“ဒါပေမဲ့ ပစ်မှတ်နဲ့တော့ sex လုပ်နိုင်မှာမဟုတ်တော့ဘူးလေ။”
-…
“တစ်ယောက်ယောက်က အတင်းလာပြီး ပါးစပ်ထဲ ထည့်စုပ်တာဖြစ်ဖြစ် လုပ်မယ်ဆိုရင် ချက်ချင်းသိသွားမှာကို။”
-အီဝူရှင်း၊ ဒီ စိတ်လွတ်သွားတဲ့ကောင်ကတော့။
သည်းခံလာခဲ့သော ဒုညွှန်မှူးတစ်ယောက် နောက်ဆုံးတွင်တော့ စိုးရိမ်ခဲ့သည့်အတိုင်း ဒေါသတကြီး အော်ဟစ်လေတော့သည်။
နားစည်ကွဲမတတ် အော်ဟစ်သံကြောင့် အီဝူရှင်းလည်း မျက်ခုံးကိုသာ ကျုံ့လိုက်ကာ ကျေနပ်သောစိတ်ဖြင့် ဝိုက်ပါကို ဖွင့်လိုက်၏။ ထို့နောက် ရှင်းလင်းနေသည့် ပြတင်းမှန်ကို အသာလေးသုတ်လိုက်ကာ အကြံကြီးစွာပြုံးရင်း စိုက်ကြည့်နေခဲ့သည်။
-သရဲပဲပူးသွားတာလား။ ဘာလုပ်တယ်။ ဘာကို၊ ဘယ်နေရာမှာ လုပ်တယ်။ နင်ရူးသွားပြီလား။
“နာမည်ကသာ ဒုညွှန်မှူးဆိုပေမဲ့ ဖာခေါင်းလားဘာလားတောင် မသဲကွဲတော့ဘူး။”
-ပါးစပ်ပိတ်ထားစမ်း၊ ဟေ့ကောင်။
သူ့အထက်လူကြီးက အလုပ်တွင် တော်သော်လည်း ခေါင်းမာသည့်လူပင်။
သူက အေးဂျင့်များမှာ အကုန် တိုင်းပြည်၏ ပိုင်ဆိုင်မှုဖြစ်သဖြင့် ထိခိုက်အောင်မနေသင့်၊ ကြမ်းတမ်းသောကိစ္စများကို မလုပ်သင့်ဟု တွေးထားသော်လည်း တစ်ချိန်တည်းမှာပင် တစ်ယောက်ယောက်ကတော့ အားလုံးအတွက် သူ့ကိုယ်သူ စတေးနိုင်သည်ဟုလည်း ယူဆထားပြန်သည်။
အေးဂျင့်များမှာ ရိုးသားဖြောင့်မတ်သော စံပြနိုင်ငံသားများ၊ မျိုးချစ်စိတ်ဓာတ်ပြင်းထန်သူများဖြစ်သော်လည်း တစ်ချိန်တည်းမှာပင် သူလျှိုလုပ်ခြင်း၊ ခြိမ်းခြောက်ခြင်း၊ လုပ်ကြံသတ်ဖြတ်ခြင်း၊ ဖုန်းခိုးနားထောင်ခြင်း စသည်တို့ကို လုပ်နိုင်ရပေမည်။
ဒုညွှန်မှူးက ဤအချက်များကို သူ၏ ဘဝဆောင်ပုဒ်အဖြစ် ခံယူကာ birdbox စစ်ဆင်ရေးတွင် လိင်မှုကိစ္စကို အမြဲထည့်သွင်းခဲ့၏။ ပင်ပန်းနွမ်းလျပြီး အထီးကျန်နေသော အမျိုးသမီးတစ်ဦးကို ချဉ်းကပ်ရခြင်းက စစ်ဆင်ရေးတစ်ခုလုံး၏ အဓိကအချက်ပင်။
အီဝူရှင်းကတော့ ဤကိစ္စကို ဘာသိဘာသာ လက်ခံခဲ့သည်။ အမျိုးသမီးတစ်ယောက်ကို စိတ်ခံစားမှု ကုန်ခန်းသွားအောင် လုပ်ရသည့် ဤသို့သော စစ်ဆင်ရေးက သူ့အတွက် ပထမဆုံးအကြိမ်ဖြစ်၏။
-နင် တကယ်ပဲ နုတ်ထွက်တော့မှာလား။ အဲ့ဒါကြောင့် အခုလိုတွေ လုပ်နေတာလား။ တခြားလူလည်းမဟုတ်ဘဲ နင်က။
"ပြောနေတာ မကြားလိုက်ဘူးလားဗျ။"
-မထွက်ဘူးမဟုတ်လား။
"ကျွန်တော့်မျက်နှာကို ပြန်မပေးနိုင်ဘူးဆိုရင် တော်လိုက်ပါတော့။ သေသွားတဲ့သူတွေကိုပဲ နောက်ဘဝ လိုက်ပို့ပေးတော့မယ်။"
အီဝူရှင်း နုတ်ထွက်မည်ဟုပြောတော့ ဒုညွှန်မှူးက မယုံခဲ့။ အကြောင်းမူကား...
-နင်... အဲ့ဒီစာရွက်စာတမ်းကို မလိုအပ်တော့ဘူးလား။ အဲ့ဒါကြောင့်ပဲ ဒီအချိန်အထိ အောင့်အီးသည်းခံနေခဲ့တာလေ။ အခု အဲ့ဒါကို လက်လျှော့တော့မလို့လား။
ညစ်ကျယ်ကျယ်အသံက ရုတ်တရက် ရပ်သွားတော့သည်။ မြူးတူးရိပ်စွက်နေသော မျက်လုံးများတွင် ဒေါသကပေါ်လာ၏။
ကြမ်းတမ်းသည့် သူ၏ သန္ဓေအစစ်အမှန်က မျက်နှာတွင် အတိုင်းသားပေါ်နေလျက်။ အမြဲတမ်း ဖုံးကွယ်ထားခဲ့သော သူ၏ မျက်နှာအစစ်ပင်။
"အခုအထိ လက်မလျှော့သေးပါဘူး။"
သူက သူ့လက်သူ အသာလေး ကြည့်နေခဲ့သည်။
အီဝူရှင်း NIS Black အေးဂျင့် ဖြစ်လာရသည့် အကြောင်းရင်းမှာ အရေးကြီးသော လျှို့ဝှက်စာရွက်စာတမ်းကြောင့်ပင်။ ထိုစဉ်က ဒုတိယအဆင့် ဒါရိုက်တာဖြစ်ခဲ့သည့် ဂျူဆောဟွန်း သူ့ကို စည်းရုံးခေါ်ယူစဉ်က ထိုစာရွက်စာတမ်းကို ရအောင်ယူပေးမည်ဟု လျှို့ဝှက်ကတိပေးခဲ့၏။
သို့သော် အသက်အငယ်ဆုံး ဒုညွှန်မှူးအဖြစ် အင်မတန် လျင်မြန်စွာ ရာထူးတက်လာခဲ့သော်လည်း ထိုစာရွက်စာတမ်းကိုမူ မရနိုင်သေးပေ။ သူ NIS အကြီးအကဲ ဖြစ်လာမှသာ လုပ်နိုင်မည့်အရာပင်။
"ဒါပေမဲ့ ဆယ်နှစ်ကြာပြီးတဲ့နောက်မှာ ကျွန်တော်က ဒီလိုပဲ ဖြစ်လာတာလေ။"
-နင် အခုအထိ နောက်နေတုန်းပဲလား။
"ဇီးကွက်ဆီမှာ ကျွန်ခံခဲ့ပြီးတာတောင် မအောင်မြင်ခဲ့ဘဲနဲ့။"
သူ့အသံက အံ့ဩစရာကောင်းလောက်အောင် ရွှင်မြူးနေသော်လည်း သူ့စကားများကတော့ ပြတ်သားလှ၏။ စစ်ဆင်ရေးက အောင်မြင်ခဲ့သော်လည်း ရလဒ်က အသေးအဖွဲလေးသာ။ တစ်ခုတည်းသော သက်သေအထောက်အထားဖြစ်သည့် ဇီးကွက်က အသုံးမဝင်တော့။
"ဒီဒေါသကို ဖွင့်ထုတ်စရာနေရာမရှိလို့ ပေါက်ကွဲနေတာ၊ မှားလား..."
-ဒီတော့ ငါ့ကို ပစ်မှတ်ထားနေတာပေါ့...
ဒုညွှန်မှူးက စိတ်ကုန်မှုကို ဖုံးကွယ်မထားဘဲ ရေရွတ်ခဲ့သည်။ အီဝူရှင်းက တည်ငြိမ်ပြီး လူကောင်းပုံပေါက်သော်လည်း အတွင်းစိတ်က ကောက်ကျစ်သောမြေခွေးလို ပရိယာယ်ကြွယ်၏။ လူများကို ရွဲ့စောင်းပြောဆိုရာတွင် အလွန်တော်သူပင်။
"ဒုညွှန်မှူး ဒါမှမဟုတ်ရင် ဝန်ချန်းပဲပေါ့။ အသက်အရွယ်အရ အရင်ဆုံး သွားရမယ်။"
သူ့မျက်လုံးများ အနည်းငယ် တည်ငြိမ်သွားချိန်တွင် ကားဘောနက်ပေါ်မှ မီးခိုးများထွက်လာ၏။
ဟာ၊ ချီးပဲ...
ပြုံးနေသောမျက်နှာမှ ဆဲဆိုသံ ထွက်လာသည်။
"ဒုညွှန်မှူးရဲ့ နာရေးမှာ ကူငွေတော့ အများကြီးပေးနိုင်မှာမဟုတ်ဘူး။ အဲ့ဒီတော့..."
စက်ရပ်သွားသည့်ကားကိုရပ်ကာ နားကြပ်ချွတ်ရန် ပြင်နေစဉ်။
-သိပြီ၊ သိပြီ။ ထွက်ဟဲ့၊ နုတ်ထွက်လည်းရတယ်။
ဒုညွှန်မှူးက အသည်းအသန် အော်ပြောခဲ့သည်။
-သေသွားတဲ့လူတွေလုပ်မဲ့ စစ်ဆင်ရေး။ အဲ့ဒါကိုပဲ ပြီးသွားအောင် လက်စသတ်ပေး။ အတတ်နိုင်ဆုံး ကြိုးစားပြီး စာရွက်စာတမ်းကို ရအောင်ယူပေးမှာမို့လို့။ ငါလည်း NIS ညွှန်မှူးဖြစ်ဖို့ တစ်လှမ်းပဲ လိုတော့တာမဟုတ်လား။
"..."
-အတည်ပြောနေတာ၊ ဒီတစ်ခုပြီးရင် နုတ်ထွက်လို့ရပြီ။ မသွားခင် ကွင်းဆင်းစစ်ဆင်ရေးကကိစ္စတွေကိုပဲ အကုန်ရှင်းပေးသွား။
အီဝူရှင်းက ရေသန့်ဘူးထဲမှရေကို သောက်လိုက်သည်။
-နင့်မျက်နှာနင် ပြန်ယူပြီး သုံးလို့ရပြီလို့။
ထိုစကားကို ကြားလိုက်ရတော့ သူက ဗလာဖြစ်နေသည့် ရေသန့်ဘူးကို ဆုပ်ချေပစ်လိုက်သည်။
Black အေးဂျင့် ဖြစ်လာသည့်အခါ အရင်ဆုံး မေ့ပစ်ရသည်က နာမည်နှင့် မျက်နှာပင်။ မစ်ရှင်လုပ်နေသော အေးဂျင့်တစ်ယောက်၏ မျက်နှာက ပုံပန်းသဏ္ဌာန်ပိုမဲ့လေလေ ကောင်းလေလေဖြစ်၏။ အခြားသူများ၏ မှတ်ဉာဏ်ထဲတွင် ဝိုးတိုးဝါးတား ကျန်ရစ်နိုင်လေလေ ပို၍တော်သော အေးဂျင့်တစ်ယောက် ဖြစ်လေလေပင်။
သို့သော် အီဝူရှင်းကမူ အာရှသားများနှင့်မတူသော ကိုယ်လုံးကိုယ်ထည်နှင့် မျက်နှာပေါက်မျိုးရှိသူဖြစ်၍ စွဲမြဲမှတ်မိခံရနိုင်ခြေ အင်မတန်မြင့်ပေသည်။ ထင်ရှားသောမျက်နှာအသွင်အပြင်က အားနည်းချက်တစ်ခုဖြစ်လာသဖြင့် ဆယ်နှစ်တိုင်တိုင် သူ့မျက်နှာသူ လုံးဝ ပျောက်ကွယ်သွားအောင် ဖျောက်ဖျက်ခဲ့ရ၏။
ယခု နုတ်ထွက်မည်ဆိုတော့မှ ပြန်ပေးမည်တဲ့လား။ ဤသည်ကို ရက်စက်သည်ဟုပဲ ပြောရမလား၊ ကျေးဇူးပဲတင်ရမည်လား မသိတော့။
အီဝူရှင်းထံမှ ခြောက်ကပ်ကပ် ရယ်သံတစ်ချက် ထွက်လာသည်။ သူ၏အံသွားကို အတင်းအဓမ္မတုန်ခါအောင် လုပ်ခဲ့စဉ်ကထက် အများကြီး ပိုအားကောင်းသည့် လှိုင်းဂယက်တစ်ခုက သူ့ကို ဖုံးလွှမ်းသွားတော့၏။ ဒိုပါမင် အပြည့်ပါနေသောသွေးက ဘယ်လိုမှမတတ်သာသည့်အလား သူ့သွေးကြောများကို လျင်မြန်စွာ လွှမ်းခြုံသွားလေသည်။
"မျက်နှာဖုံးမပါဘဲ လုပ်ရမှာလား။"
-မပါဘဲနဲ့။
"အီဝူရှင်း အနေနဲ့ပေါ့။"
-ဒီအတိုင်း အီဝူရှင်း အနေနဲ့ပဲ။
နှစ်ပေါင်းအတန်ကြာမှ ပြန်ထွက်လာသည့် သူ့နာမည်က တခြားလူတစ်ယောက်၏ နာမည်လို အစိမ်းသက်သက်ဖြစ်နေ၏။ သို့သော် ဒုညွှန်မှူးကတော့ ပျော်သွားသည့်ပုံစံဖြင့် လေဟာနယ်ထဲသို့ကြည့်ကာ သဘောတူခဲ့သည်။ အီဝူရှင်းက မျက်လုံးတွေကိုကျုံ့လိုက်ကာ မသင်္ကာဖြစ်နေသလို နှာခေါင်းရှုံ့လိုက်၏။ သို့သော် ဤကမ်းလှမ်းချက်က သူ့စိတ်ကို တကယ်ပင် ဆွဲဆောင်နိုင်ခဲ့သည်။ ရေစိုနေသော သူ့နှုတ်ခမ်းများက အပြုံးအဖြစ် အသာလေး ကွေးညွတ်သွားတော့၏။
"အရင်ကတော့ ထင်းခနဲဖြစ်နေလို့ လုံးဝ မသုံးဘူးလို့ပြောပြီး..."
သူက ဦးခေါင်းကိုမော့လှန်လိုက်သည်။
-နင့်ရဲ့ ကွာတားလေ။ အခုတော့ အဲ့ဒီလို mask မျိုးကို လိုအပ်တယ်။ အီဝူရှင်းရဲ့ တကယ့်မျက်နှာဖုံး။
တစ်ဝက်လောက် မှေးထားသော သူ့မျက်လုံးများက စဉ်းလဲဉာဏ်များသောအပြုံးဖြင့် ဖျတ်ခနဲလက်သွားတော့သည်။ ဤမစ်ရှင်က နောက်ဆုံးမစ်ရှင်ဖြစ်သဖြင့် လုပ်ကြည့်၍ရမည့်ပုံပင်။
-ဧကန္တ Blast အေဂျင်စီဆိုတာကို ကြားဖူးလား။
~~~~~
[<အဖွဲ့မှူးနှင့် လေ့ကျင့်ရေး သင်တန်းဆရာ ခေါ်ယူခြင်း>
စစ်ဘက်ဆိုင်ရာ အဖွဲ့အစည်းနှင့် ကြီးကြပ်ကွပ်ကဲရေးတာဝန်များကို အောင်မြင်စွာ တာဝန်ထမ်းဆောင်ဖူးသူ ဖြစ်ရမည်။
တပ်ရင်း သို့မဟုတ် တပ်ဖွဲ့ခွဲများအတွက် လေ့ကျင့်ရေးအတွေ့အကြုံရှိသူ ဖြစ်ရမည်။ ပြည်ပစစ်တပ်များမှ ကွပ်ကဲရေးမှူးများနှင့် ယုံကြည်မှု တည်ဆောက်နိုင်သူ ဖြစ်ရမည်။
ဝန်ဆောင်မှု၊ ပူးတွဲစစ်ဆင်ရေး၊ ငြိမ်းချမ်းရေး ထိန်းသိမ်းမှု၊ အရပ်ဘက်အထောက်အကူပြု စစ်ဆင်ရေးနှင့် လေ့ကျင့်ရေးစီမံခန့်ခွဲမှုစသည့် တာဝန်များကို ထမ်းဆောင်နိုင်သူ ဖြစ်ရမည်။ အာဖရိကတွင် နေထိုင်ဖူးသူကို ဦးစားပေးမည်။]
ဆောယောင်း က Blast အေဂျင်စီ၏ ဝက်ဘ်ဆိုဒ်တွင် တင်ထားသော အလုပ်ခေါ်စာကို စိတ်မပါ့တပါ ဖတ်နေသည်။
ဂျောင်ဖီလ်ဂယူ၏ အကြံပေးမှုကြောင့် လွန်ခဲ့သောရက်ပိုင်းလောက်က အလုပ်လျှောက်လွှာတင်ခဲ့ခြင်းဖြစ်ပြီး၊ ပထမဆုံးအကြိမ် ကြားဖူးသည့် ကုမ္ပဏီဖြစ်သော်လည်း ဆောယောင်းအတွက် လိုအပ်နေသည်က ပုံမှန်လစာနှင့် အခွင့်အရေးပင်။
အကောင်ကြီးကြီး ဓားစားခံကို လိုအပ်နေသလို တစ်ချိန်တည်းမှာပင် အကူအညီပေးနိုင်မည့်သူကိုလည်း လိုအပ်နေသည်။
ဤနေရာက ပုံမှန်စစ်တပ်မှ ထွက်လာကြသော freelance စစ်သား အများအပြားရှိသည့်နေရာဖြစ်သဖြင့် အများစုက ငွေနှင့် ရှင်သန်ရေးကို အဓိကထားကြသူများ ဖြစ်ပေလိမ့်မည်။
အန္တရာယ်များသည့် အရည်အချင်းများရှိပြီး ကိုယ်ကျင့်တရားမရှိသူ၊ လူ့အဖွဲ့အစည်းအပေါ် မကျေနပ်ချက်များပြီး စိတ်ဓာတ်မကောင်းသူများကို အရင်ဆုံး သတိထားကြည့်ချင်၏။
"ဟန်ဆောယောင်းလားခင်ဗျ။"
ရုတ်တရက် တံခါးပွင့်လာပြီး သတ်လတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးက ဖိုင်တွဲနှင့် သူ့ကုပ်ပိုးသူပုတ်ရင်း ဝင်လာသည်။ ဆောယောင်းလည်း မလိုအပ်ဘဲ ကြည့်နေမိသည့်ဖုန်းကို အောက်ချလိုက်၏။
~~~~~
Miel's Translations