အပိုင်း ၃
"ဖုန်းနံပါတ်နဲ့ လိပ်စာက။"
ရဲအရာရှိ၏ စကားများမှာ သိသိသာသာ တိုတောင်းလာသည်။ သူ့အကြည့်က ဆောယောင်း၏ မျက်နှာတွင် စူးစူးစိုက်စိုက် ကပ်ငြိလျက်။ ဘာပါ...လိမ့်။
"အဲ့ဒါကြောင့် ရှင်းရှင်းလင်းလင်းပြောတာ ကောင်းပါလိမ့်မယ်၊ ဟန်ဆောယောင်းခင်ဗျ။"
"..."
"အဲ့ဒီသွေးက၊ ဘယ်သူ့သွေးလဲဗျ။"
ဆောယောင်းတစ်ယောက် သူ့ကိုယ်သူ မည်သို့သော အထင်လွဲမှုနှင့် ကြုံနေရမှန်း သိသလိုလိုရှိသည်။ သွေးဘယ်လောက်များသလဲဆိုသည်မှာ မသေချာသော်လည်း မျက်နှာကို လက်နှင့်ပွတ်ထားမိသည့်အတွက် လုံးဝ ရစရာမရှိဖြစ်နေပေလိမ့်မည်။
သို့သော် ဆောယောင်းက အသားအလှီးခံထားရသည့်နေရာကို တမင်ဖုံးကွယ်ထားခဲ့သည်။ ဆောက်တည်ရာမရမှုနှင့် ပျက်ယွင်းနေခဲ့သည့် သူ့မျက်နှာက ဖျော့တော့ပြီး ခံစားချက်ကင်းမဲ့သည့် မျက်နှာထားအဖြစ်သို့ တဖြည်းဖြည်း ပြောင်းလဲလာ၏။
ရုတ်တရက်ကျရောက်လာသော တိတ်ဆိတ်မှုထဲတွင် တစ်နေရာရာမှ နာရီလက်တံမြည်သံ တချက်ချက်ကိုသာ ကြားနေရသည်။ ဂယောက်ဂယက်ဖြစ်နေသည့် မျက်လုံးများက ခဏနေတော့ ရဲအရာရှိ၏ မေးရိုးအနားသို့ ကျရောက်သွားတော့သည်။
"ဒါက အကယ်၍...အမျိုးသားရဲ့သွေး ဖြစ်နေမယ်ဆိုရင် ပိုပြီးတော့ မြန်မြန်လေး ရှာပေးမှာလား။"
~~~~~
ရှာဖွေရေးကို မြန်မြန်ပင် ဆောင်ရွက်ခဲ့ကြသည်။
ထိုအချိန်အတွင်းတွင် ဆောယောင်းတစ်ယောက် ဘဝတွင် အရှည်ကြာဆုံးဟု ထင်မှတ်ရသည့် အချိန်ကို သည်းခံခဲ့ရသည်။ တစ်နေ့တာအတွင်း သူ့နှုတ်ခမ်းများ ဖြူဖျော့အက်ကွဲကုန်ကာ၊ လည်ချောင်းထဲမှ ချဉ်စုပ်စုပ်အရည်များသာ ပျို့ပျို့တက်လာ၏။
ခင်ပွန်းသည် ပျောက်သွားချေပြီ။
ငြင်းမရသည့် ယင်းအမှန်တရားက ဆောယောင်း၏စိတ်ကို လေးလံစွာ ရိုက်ခတ်လေတော့သည်။
ရဲသားများက ဗီလာအိုကြီးကိုဝိုင်းပြီး ဆောယောင်း၏ အိမ်ထဲသို့ အလုံးအရင်းဝင်ခဲ့ကြသည်။ သူတို့က ခင်ပွန်းဖြစ်သူနှင့် ပတ်သက်သမျှ ကိုယ်ရေးအချက်အလက်များအားလုံးကို စုဆောင်း၊ တွေ့သမျှ CCTV မှတ်တမ်းတိုင်းကိုယူကာ၊ တစ်အိမ်တက်ဆင်း မေးမြန်းခဲ့ကြ၏။
သို့သော် အလိမ်အညာက လုံးဝ ထင်မှတ်မထားသည့်နေရာမှ ပေါ်လာခဲ့သည်။ ဆောယောင်းမဟုတ်ဘဲ ဂင်ဟျွန်းနှင့်ပတ်သက်၍။
"ခရက်ဒစ်ကတ် သုံးထားတဲ့မှတ်တမ်း မရှိပါဘူး။ ကုမ္ပဏီက လုပ်ငန်း မှတ်ပုံတင်ထားတာမျိုးမရှိဘဲ ကားလိုင်စင်နံပါတ်ကလည်း ကိုက်ညီမှုမရှိဘူးဗျ။ ပြီးတော့..."
ဆောယောင်းက ဝိုးတဝါးသာမြင်ရသည့် ရဲအရာရှိ၏မျက်နှာကို မျက်တောင်မခတ်စတမ်း တည့်တည့် စိုက်ကြည့်လိုက်သည်။ အဓိပ္ပာယ်မရှိသလို ထင်ရသော်လည်း သူ့ကြည့်ရတာ တွေဝေတုံ့ဆိုင်းကာ ဘာလုပ်ရမှန်းမသိ ဖြစ်နေသည့်ပုံပင်။
"ဂင်ဟျွန်းဆိုတဲ့နာမည်က နိုင်ငံသား မှတ်ပုံတင်စာရင်းထဲမှာ ပေါ်မလာပါဘူး။"
"..."
"ဧကန္တ ဟန်ဆောယောင်းက တစ်ခုခုကို အသိမှားနေတာများလား။"
လုံးဝ ကြောင်သွားတော့သည်။ လုံးဝ အဓိပ္ပာယ်မရှိသည့်အရာကို ကြားလိုက်ရသလိုပင်။ အောက်မှ ခြေထောက်များ အားပြတ်ကာ ယိုင်သွားသောကြောင့် စောင့်နေသည့် အရာရှိများက မြန်မြန်အမိဖမ်းလိုက်ရသည်။ သို့သော် အေးစက်စိုထိုင်းနေသည့်အသားကို လာထိသော သူတို့လက်များမှ ကိုယ်ငွေ့က မနှစ်မြို့စရာကောင်းသောကြောင့် တွန်းဖယ်ခဲ့မိသည်။
အသက်လည်းမရှူနိုင်ဘဲ အမြင်အာရုံကလည်း ဝေဝါးလာ၏။ ဘာကိုမှ ဟုတ်တိပတ်တိ မမြင်ရသော်လည်း မျက်နှာကြက်နှင့်ကြမ်းခင်းက ချာချာလည်နေသလိုပင်။
ဆောယောင်း အကြောင်သားရပ်နေမိစဉ်တွင် ရဲအရာရှိများက အကြည့်ချင်းဖလှယ်ကာ သူတို့အချင်းချင်း တီးတိုးပြောနေကြသည်။
လူပျောက်မှုမဟုတ်ဘူး၊ လက်ထပ်မယ်လို့ ကတိပေးပြီး ကာမလိမ်လည်ရယူမှု....ပြောနေကြသည့်စကားများကို တစ်စွန်းတစ်စ ကြားမိသော်လည်း လုံးဝ အဓိပ္ပာယ်မရှိ။
ဆောယောင်း ခြောက်ကပ်ကပ်ရယ်လိုက်သည့်အခါ သူတို့လည်း တိတ်ကျသွားတော့သည်။ သို့သော် အဆုံးအထိ မလိုချင်သော အကြံပေးမှုများကို ဆက်လုပ်ခဲ့ကြ၏။
"လက်ထပ်ဖို့ကတိပေးပြီးတော့ ကာမလိမ်လည်ရယူမှုက...တကယ်တော့ ဥပဒေ ဖျက်သိမ်းထားပါတယ်။ ဒါပေမဲ့ လိမ်လည်လှည့်ဖျားပြီး လက်ထပ်တာကို ဦးတည်သွားတဲ့ လိမ်လည်မှုဆိုရင်တော့ နစ်နာမှုအတွက် အမှုဖွင့်လို့ရပါတယ်ခင်ဗျ။"
"..."
"ဒီအတိုင်း သိထားရင် ကောင်းမယ်ထင်လို့ပါ။ ဥပဒေကိုသိထားရင် ကိုယ့်ဘက်က တစ်ပန်းသာလို့လေ။"
ဖြူဖျော့ပြီး မလှုပ်မယှက်ရှိနေသည့် အမျိုးသမီးက ရုတ်တရက် ရဲအရာရှိ၏ ဂျက်ကတ်ကို ဆွဲလိုက်သည်။
"အဲ့...အဲ့ဒီလို မဖြစ်နိုင်ပါဘူး။"
ဤနေရာတွင် ဤကဲ့သို့သော ကြောင်တောင်တောင်နည်းလမ်းနှင့် ခင်ပွန်းသည်ကို ပျောက်သွားနိုင်စရာ အကြောင်းမရှိ။ အဓိပ္ပာယ်၊ အဓိပ္ပာယ်လည်းမရှိသော ကိစ္စပင်။ အားလုံး သူ့ကို လိမ်နေတာပဲ ဖြစ်ရမည်။
ဆောယောင်းက ခြောက်ကပ်ကပ်ရယ်ကာ ရဲအရာရှိ၏ဂျက်ကတ်ကို ပို၍ပင် တင်းတင်းဆုပ်ကိုင်လိုက်သည်။
"ဒီက အိမ်နီးနားချင်းတွေနဲ့ရော တွေ့ကြည့်ပြီးပြီလားရှင့်။ နောက်ဆုံး တွေ့လိုက်တဲ့လူရှိလားဆိုတာကိုရော ရှာကြည့်ပြီးပြီလား။"
"အာ..."
လေးလေးလံလံ အသက်ရှူထုတ်လိုက်သံက ဘာကြောင့်မှန်းမသိ နိမိတ်မကောင်းသလို ခံစားလိုက်ရသည်။ ထပ်ပြီး နားမထောင်လိုသည့် ဆန္ဒပြင်းပြင်းက တရစ်ရစ် တက်လာပါတော့သည်။
"ဟန်ဆောယောင်းခင်ဗျ၊ မသိဘူးလား။"
"...ဘာကိုလဲရှင့်။"
"ဒီ ဆမ်းဟွာ ဗီလာမှာ နေတဲ့သူက ဟန်ဆောယောင်းတစ်ယောက်အပြင် မရှိပါဘူးဗျ။"
"..."
နံရိုးအတွင်းဘက်မှ တစ်ခုခုနှင့် အထိုးခံလိုက်ရသလိုပင်။ ရက်စက်သည့် နောက်ပြောင်မှုပင် ဖြစ်ရမည်။ စိတ်ကုန်စရာ နောက်ပြောင်မှုမှလွဲ၍ ဘယ်လိုမှ အမှန်မဖြစ်နိုင်။ ခြောက်ကပ်ကပ်ပင် ထပ်၍မရယ်နိုင်တော့။
၂နှစ်တာလုံး ဤနေရာတွင် နေခဲ့၏။ ဝင်လိုက်ထွက်လိုက်နှင့် တွေ့ဆုံရသည့် အိမ်နီးချင်းများမှာ ဤဗီလာတွင် နေထိုင်ကြသူများပင်။ တစ်ဦးချင်းစီကို အသေးစိတ်မသိသော်လည်း အနည်းဆုံး တစ်လွှာချင်းစီတွင် နေထိုင်ကြသော မိသားစုများကိုတော့ ရင်းနှီးပေသည်။
သက်ကြီးရွယ်အို လင်မယားနှစ်ယောက်ရှိပြီး၊ သူတို့လို ကြင်စဦး ဇနီးမောင်နှံလည်းရှိကာ၊ ကလေးငယ်လေးမွေးထားသည့် မိသားစုလည်းရှိ၏။ ခွေးမွေးထားသည့် လူပျိုကြီးနှင့် တစ်ယောက်တည်းနေသည့် တက္ကသိုလ်ကျောင်းသားလေးလည်း ရှိပြန်သည်။ သို့သော်...
"အဲ့ဒါက ဘာစကားလဲရှင့်။"
"..."
"အဲ့ဒါက ဘာစကားလဲလို့..."
"ပြောလိုက်တဲ့အတိုင်း ဒီမှာ ဘယ်သူမှမနေကြပါဘူး၊ တိုင်ကြားသူခင်ဗျ။"
"..."
"အခန်းတိုင်းက အလွတ်ချည်းပါပဲ။
ခြေချောင်းများမှ သွေးများစီးထွက်သွားသလိုပင်။ ဆောယောင်းတစ်ယောက် ဘာမှမတွေးနိုင်တော့ဘဲ အင်္ဂတေရုပ်တုအလွတ်ကြီးတစ်ခုအပြင်မပိုသလို ဖြစ်သွားတော့သည်။
ခေါင်းထဲတွင် လောင်မြိုက်နေသည့်အပူများ ပေါက်ထွက်လုမတတ် ပြည့်လျှံတက်လာသော်လည်း တစ်ချိန်တည်းမှာပင် အေးစိမ့်စိမ့်ခံစားချက်က အသားပေါ်၌ တရွရွ တွားသွားနေတော့သည်။ ဆောယောင်းတစ်ယောက် မျက်နှာသေလေးနှင့် အသက်ကို မငြိမ်မသက် ခပ်ကြမ်းကြမ်းရှူရုံအပြင် မတတ်နိုင်ခဲ့။
ဆရာ....။ ဆရာ...ကျွန်မ ဘယ်လိုလုပ်မှ....
တစ်ရက်တာလေး အတွင်းမှာတင် ဆောယောင်း၏ ကမ္ဘာက တစ်စစီ ပြိုကွဲသွားတော့သည်။
သူ့ကို ပြန်ရှာတွေ့ပါ့မလား။
~~~~~
ဂင်ဟျွန်း ပျောက်သွားခဲ့သည်မှာ တစ်လနီးပါးရှိပေတော့မည်။
ဟင့်အင်း၊ ယခု ထိုလူ၏ နာမည်အစစ်အမှန်မှာ ဘာမှန်းပင်မသိတော့။ ပထမတော့ ငါးထပ်ဆောင် ဗီလာကို မနားတမ်းတရစပ် အတက်အဆင်းလုပ်ကာ လက်များကြမ်းတမ်းလာသည်အထိ တံခါးတွေလိုက်ခေါက်ခဲ့သည်။ သို့သော် ဘယ်သူမှမရှိပါဘူးဟု ပြောခဲ့သည့်အတိုင်း ဘာတုံ့ပြန်မှုမှ မရှိခဲ့ပေ။
အဲ့ဒီလိုဖြစ်စရာ အကြောင်းမရှိဘူး...လုံးဝ အဲ့ဒီလိုဖြစ်စရာ အကြောင်းမရှိဘူးလို့...သူက ငါ့ကို လှည့်စားစရာ အကြောင်းမရှိပါဘူး...အိပ်မက်များလား။ မဟုတ်ရင် ငါပဲ ရူးသွားတာများလား။ အဖြစ်ဆိုးရအောင် မျက်လုံးကပါ ကန်းနေတော့ သရဲခြောက်ခံရတာ ထင်ပါရဲ့။
ထို့နောက်တွင် ဆောယောင်းတစ်ယောက် နေ့စဉ်နေ့တိုင်း ရဲစခန်းသို့ သွားခဲ့သည်။ ထို့သို့မှ အတင်းမလုပ်ဘူးဆိုလျှင် စိတ်ကို လွှတ်လိုက်မိတော့မလို ခံစားရသောကြောင့်ပင်။
"ဒါပေမဲ့ ကျွန်မရဲ့ ငွေးကြေးပိုင်ဆိုင်မှုကို ထိပါးသွားတာမျိုးမရှိပါဘူး၊ စုံထောက်ကြီးရဲ့။"
မှုန်ဝါးဝါးအမြင်လွှာ၏အလွန်တွင် ဝိုးတဝါးပုံရိပ်များ တရုန်းရုန်းလှုပ်ရှားနေသည်။ ဆောယောင်းနှင့် ရက်သတ္တပတ်ပေါင်းများစွာ အဆက်အဆံလုပ်ခဲ့ရာက စိတ်ကုန်လာကြပြီဖြစ်သော ရဲအရာရှိများက 'ဒီနေ့လည်း စလာပြန်ပြီ...' ဟု ပြောနေသလို မျက်နှာထားများနှင့် မျက်မှောင်ကြုတ်ကုန်ကြတော့သည်။
"ဘယ်လိုရည်ရွယ်ချက်မျိုးပဲရှိရှိ ထွက်ပြေးသွားတဲ့လူပဲ သိမှာပေါ့ဗျာ။ ကျွန်တော်က အဲ့ဒီ ဖြစ်ကြောင်းကုန်စင်အထိ ဘယ်လိုလုပ် သိမလဲဗျ။"
"အခုခေတ် ရာဇဝတ်သားတွေက သာမန်မဟုတ်ဘူးလေရှင့်။ အကယ်၍ ကျွန်မအမျိုးသားက ပစ်မှတ်ဖြစ်နေမယ်ဆိုရင်ရော...။ အဲ့ဒါကြောင့် အမျိုးသားက အစအနရှာမရအောင် ပျောက်သွားတာဆိုရင် ဘယ်လိုလုပ်မလဲ...။ ကျေးဇူးပြုပြီး ဒီမှာ အသာလေး မနေနေပါနဲ့၊ နည်းနည်းလောက်လေး ထပ်ပြီးရှာပေးပါဦးရှင်။ မဟုတ်မှ စစ်ဆေးအတည်ပြုလို့မရတဲ့ အလောင်းတွေဘာတွေ ပေါ်လာတာတို့ ဘာတို့ဆို...."
"ဟာ၊ တကယ်ပါပဲ။"
နောက်ဆုံးတွင် အတောမသတ်နိုင်သော အသနားခံတောင်းဆိုမှုများကြောင့် ဦးခေါင်းပေါက်ထွက်တော့မလိုဖြစ်နေသည့် ရုပ်ကြမ်းကြမ်းနှင့် စုံထောက်လည်း နေရာမှ ဝုန်းခနဲ ထရပ်လိုက်တော့သည်။
"တကယ်ပဲ ဒီစကားတွေချည်း ဘယ်နှကြိမ်တောင် ပြောနေရမှာလဲဗျ။ အမျိုးသား ပျောက်ပျောက်၊ မပျောက်ပျောက် ခင်ဗျားတို့ လက်ထပ်ထားပါတယ်ဆိုတဲ့ တရားဝင်သက်သေလည်းမရှိ၊ စနစ်ထဲမှာ ဘာမှတ်တမ်းမှလည်းမရှိနဲ့ တကယ်ပဲ ဘာကို သွားရှာရမှာလဲလို့။ စိတ်မကောင်းပေမဲ့ မိန်းကလေး အလိမ်ခံလိုက်ရပါပြီ။"
"..."
"ကျေးဇူးပြုပြီး နည်းနည်းလောက် စိတ်လေးထိန်းပါဦးဗျ။ မြင်ရတွေ့ရလို့ စိတ်မကောင်းဖြစ်ရတာလည်း တစ်ခါနှစ်ခါမကတော့ဘူး...။ ဒီလိုမျိုး အလုပ်လုပ်လို့မရအောင် လာနှောင့်ယှက်နေမယ်ဆိုရင် ဝတ္တရားနှောင့်ယှက်မှုနဲ့ အချုပ်ထဲထည့်ထားရပါတော့မယ်။"
အရာရှိက အော်ကြီးဟစ်ကျယ်နှင့် ခပ်တင်းတင်း သတိပေးခဲ့သည်။ မြို့နယ်စခန်းကနေ ဗဟိုရဲဌာနချုပ်အထိ တက်ပြီးတိုင်ကြားသော်လည်း တုံ့ပြန်မှုများက အကုန်နီးပါး အတူတူချည်းသာ။
ဘာကြောင့် အားလုံးက သူ့ကို မှားပြီးတိုင်ကြားတာပါလို့ ပြောနေကြမှန်း မသိတော့...ဆောယောင်းက ဒီအတိုင်း အသာလေး လက်မခံနိုင်ခဲ့ပေ။ အတူတူ အတွေးချင်းဖလှယ်ခဲ့ကြ၊ ချစ်ခဲ့ကြ၊ နေထိုင်ခဲ့ကြသောကြောင့် သူ သိသည်။ ဂင်ဟျွန်းက လုံးဝ ထိုသို့သောလူစားမျိုးမဟုတ်။ ထိုသို့ဖြစ်နိုင်စရာအကြောင်းမရှိသောလူပင်။
"စုံထောက်ကြီးရယ်၊ ကျေးဇူးပြုပြီးတော့ တစ်ခါလေးပဲထပ်ပြီး စုံစမ်းစစ်ဆေးရေးကို..."
ထိုအချိန်တွင် ဆံပင်တွေ ရှုပ်ပွနေသည့်လူက သွားချင်းကြိတ်ရင်း ပြောလာသည်။
"ဟန်ဆောယောင်းခင်ဗျ၊ ရှာကြည့်လိုက်တော့ စိတ်ကျန်းမာရေးကုထုံး ခံယူထားဖူးတဲ့မှတ်တမ်းရှိနေတာ တွေ့ရပါတယ်။"
"..."
"ဒီမှာ ဒီလိုတွေ လုပ်မနေဘဲ ဆေးရုံသွားသင့်တယ်မဟုတ်ဘူးလားခင်ဗျ။"
ဝိုးတဝါးအမြင်လွှာကနေတောင် သူ့မျက်လုံးများထဲမှ ရန်လိုစိတ်ကို မှန်းကြည့်၍ရပေသည်။ စကားတစ်ခွန်းချင်းကို ဝါးနေသကဲ့သို့ ကြိတ်ပြီးပြောနေသည့် သူ့အသံက မျက်နှာကို ဖြတ်ရိုက်လိုက်သလို စူးခနဲဆစ်ခနဲ။
"ကနဦးတိုင်ကြားချက်မှာပါတဲ့ အကြောင်းအရာကိုကြည့်လိုက်တော့ အစက ခင်ပွန်းဖြစ်သူ သွေးထွက်နေပါတယ်ဆိုပြီး တိုင်ကြားထားတယ်ဆို။ စုံစမ်းစစ်ဆေးရေး ပြန်လုပ်ပေးတဲ့လားဗျ။ အဲ့ဒီလိုဆို ခင်ဗျားပဲ အရင်ဆုံး ထိခိုက်မှာပါ။ ဟန်ဆောယောင်းကို သနားလို့ ကျွန်တော်တို့ဘက်က လွှတ်ပေးထားတာဆိုပေမဲ့ မဟုတ်မမှန် တိုင်တန်းမှုဆိုတာ ပေါ့သေးသေးမှတ်လို့ရတဲ့ကိစ္စ မဟုတ်ပါဘူး။ အဲ့ဒါကြောင့် ဒီမှာ ဆက်လုပ်မနေဘဲ ဆေးရုံကို သွားလိုက်ပါ။"
"..."
"အခု ဒီလောက်နဲ့ရပ်ပြီး လက်တွေ့ကို နည်းနည်းရင်ဆိုင်လိုက်လို့..."
ဆောယောင်းတစ်ယောက် အေးခဲနေသည့်မြေအပေါ်သို့ လွှင့်ပစ်ခံရသလို ခံစားလိုက်ရသည်။ အအေးဓာတ်က အရိုးထဲအထိ စိမ့်ဝင်လာ၏။ မိဘရော၊ မိတ်ဆွေသူငယ်ချင်းရော မရှိသည့် သူ့မှာ ဤအခိုက်အတန့်ကို အတူတူခံစားပေးမည့်လူမရှိပေ။ တစ်ယောက်တည်း သည်းခံရမည့် ပင်ပန်းဆင်းရဲမှုပင်။
"ခင်ဗျားလည်း နေဖို့စားဖို့ လုပ်ရဦးမယ်မဟုတ်ဘူးလား။ ဘယ်အချိန်အထိ ပြီးဆုံးသွားတဲ့အရာတစ်ခုအပေါ် ဖက်တွယ်ထားဦးမလို့လဲ။"
"မပြီးဆုံးသေးလို့ပေါ့ရှင့်...."
ဆောယောင်းက လုံးဝ အကြောင်သားနှင့် တီးတိုးရေရွတ်လိုက်မိသည်။
ကျွန်မဘက်က အခုအထိ ဘယ်အရာကိုမှ အဆုံးမသတ်နိုင်သေးလို့ပေါ့ရှင့်။ ဘာတစ်ခုကိုမှ နားမလည်နိုင်သေးလို့ပေါ့ရှင့်...။ ရှင်တို့ပြောနေတဲ့စကားတွေက ဘာတစ်ခုမှ နားလည်နိုင်စရာမရှိလို့ပေါ့ရှင့်...။
အင်မတန် မွန်းကျပ်လာသည့် ဆောယောင်းက ပူလောင်နေသည့် ရင်ဘတ်ကို ထုခဲ့သည်။
သူက လူလိမ်ဆိုသည့်စကားကို မကြားချင်ပေ။ ဆောယောင်း သိချင်သည့်အရာကား ခင်ပွန်းရှိနေသည့် နေရာပင်။
သူရှိနေသည့်အရပ်ကိုသာ သိချင်သည်။ အသက်ရှင်လျက်ရှိနေသလား၊ ထိခိုက်ဒဏ်ရာရထားသလား၊ တကယ်ပဲ တစ်ခုခုဖြစ်နေသလား၊ အစရှိသောအရာများ။
ဇနီးမောင်နှံဖြစ်နေသောကြောင့်၊ ဆောယောင်းက သူ၏ဇနီးဖြစ်သောကြောင့်၊ ထို့ကြောင့် စိတ်ပူမိမှာဖြစ်သည့် ထိုကဲ့သို့သောအရာများ။
သူ့ကိုသာ ရှာနိုင်မည်ဆိုလျှင် ဟိုးအရင်ကတည်းက တိုင်ကြားမိပေလိမ့်မည်။ ဟိုးအရင်ကတည်းက...
တရစ်ရစ်ဝဲတက်လာသည့် မျက်ရည်များက လမ်းကြောင်းပျောက်ကာ တုန်ယင်နေတော့သည်။ သို့သော် အစအနရှာမရအောင် ပျောက်သွားသည့် သရဲကို တိုင်ကြားရန်မှာ အစကတည်းက မဖြစ်နိုင်သည့်အရာပင်။
ကိုယ်တိုင် အရာဝတ္ထုများကို ခွဲခြား၍ရတော့မည်မဟုတ်ကြောင်း၊ လမ်းလျှောက်တုတ်မပါဘဲ ဝေးဝေးသွားနိုင်တော့မည်မဟုတ်ကြောင်းကို သိလိုက်ရတုန်းက ပူဆွေးဝမ်းနည်းနေဖို့ အချိန်မရှိခဲ့။ အမြင်အာရုံ ကွယ်လုနီးပါးဖြစ်နေပြီဟု စစ်ဆေးချက်ထွက်လာစဉ်ကလည်း ချိုမြိန်မှုတွင် နစ်မျောနေရသဖြင့် အရေးမစိုက်နိုင်ခဲ့။
ထိုနေ့က ဂင်ဟျွန်းနှင့် ပထမဆုံးအကြိမ် sex လုပ်ခဲ့သည်။
ရစ်ပတ်တိုးဝင်လာသည့်လျှာကို ပြန်လည်တွယ်ယှက်ကာ ခြေတံများကြားထဲတိုးဝင်လာသည့် ပူနွေးသောအရာကို ဖမ်းဆုပ်မျိုယူခဲ့၏။
ထပ်ပြီး အသုံးပြု၍ရတော့မည်မဟုတ်ဟုဆိုသော မျက်လုံးများက ထိုသို့ဆိုသည့်တိုင် ဂင်ဟျွန်းကိုရှာဖွေကာ လှုပ်ရှားခဲ့သည်။ အလောတကြီး အငမ်းမရ နှုတ်ခမ်းချင်းနမ်းကာ အဝတ်မဲ့အသားချင်း ဖိထပ်ထားသည့် အတောအတွင်း ဆောယောင်းတစ်ယောက် ကံမကောင်းအကြောင်းမလှမှုကိုလည်း ဖြေသိမ့်နိုင်ခဲ့၏။
ဂင်ဟျွန်းက ထိုသို့သော အင်အားမျိုးရှိသည့်လူပင်။ ဝမ်းနည်းစရာကို အမှတ်တရအဖြစ် ပြောင်းလဲပစ်နိုင်သည့်လူ။
'အဲ့ဒါကို ဘယ်လိုလုပ်ပြီး ကျွန်မက ရှင့်ကို....ဒီအတိုင်း လွယ်လွယ်လေး လက်လွှတ်နိုင်ပါ့မလဲ။'
~~~~~
Miel's Translations