အပိုင်း ၈
"…ရှင်။"
"မြောက်ပိုင်းကို ပြေးတဲ့အခါလေ။"
ဆောယောင်းက အင်မတန်ခြောက်ကပ်စွာ ပြောလာသည်။
"ခဏ… ခဏလေး…။ အခု တောင်ပိုင်းကိုပြေးမယ်လို့ ပြောလိုက်တာလားဟင်။"
"ဟင့်အင်း၊ မြောက်ပိုင်းကိုပါ။"
"…"
"အောက်ကို မဟုတ်ဘူး။ အပေါ်ကို တက်မယ်လို့ ပြောတာပါ ချန်နာရှင့်။"
စကားမပြောနိုင်တော့သည့် ချန်နာလည်း မှင်တက်သောအမူအရာဖြင့် မိုးပေါ်သို့ လက်ညှိုးထိုးလိုက်မိသည်။ ရှည်လျားသော မျက်လုံးများက ဒီထက်ပို၍ မကျယ်နိုင်တော့လောက်အောင် ပြူးသွားတော့၏။
"အပေါ်၊ အပေါ်ဆိုတာ၊ ဟိုဘက် အပေါ်ကိုလား။"
"ဟုတ်ပါတယ်။"
"…ဒီ၊ ဒီအစ်မ ရူးသွားပြီလား။ လုံးဝရူးသွားပြီပဲ။"
စားပွဲကို ဒုန်းခနဲ ရိုက်ပြီး ထရပ်လိုက်သည့် ချန်နာတစ်ယောက် ပတ်ဝန်းကျင်မှ စူးစိုက်ကြည့်နေသည့် အကြည့်များကို ဂရုမစိုက်နိုင်တော့ပေ။ သူ၏ ကြည်လင်သော မျက်ဝန်းများက ဂနာမငြိမ်စွာ ဘယ်ညာလှုပ်ရှားနေသည်။
"အဲ့လိုလုပ်ရင် သေနတ်မှန်ပြီး သေလိမ့်မယ်လို့။"
"အတိအကျပြောရရင် မြောက်ပိုင်းကို ထွက်ပြေးမှာ မဟုတ်ပါဘူး၊ အဲ့ဒီလို ဟန်ဆောင်မှာပါ။"
"ဒီအစ်မကတော့လေ၊ အဲ့ဒါ အတူတူပဲပေါ့။ ငါးစာချရာက ဗိုက်ပေါက်ချင်လို့လား။"
ယခုမှ သတိထားပြီး ရင်းနှီးဖို့ကြိုးစားနေဆဲအဆင့်တွင် ဤကဲ့သို့ တရင်းတနှီးစကားမျိုး ပြောဆိုမိတာ လွန်များသွားပြီလားဟု တွေးလိုက်မိသော်လည်း အရေးမပါတော့။
ဆောယောင်းက မျက်နှာတွေနီရဲလာသည်အထိ ရှူးရှူးရှားရှားဖြစ်နေသည့် ချန်နာကိုကြည့်ကာ ခံစားချက်ကောင်းစွာ လက်ဖက်ရည်ကို သောက်လိုက်သည်။ အသက်နှစ်ဆယ်အရွယ်ဟုဆိုသော်လည်း တကယ်ပင် အားမာန်အပြည့်ရှိနေ၏။ ထိုသို့သော တက်ကြွမှုက ထူးဆန်းသော်လည်း အသစ်အဆန်းပင်။
"အဲ့ဒီတုန်းက ချန်နာက ပြောခဲ့တယ်မဟုတ်လား။ အမျိုးသားထောက်လှမ်းရေးအဖွဲ့ရဲ့ ထမင်းက အရသာရှိတယ်ဆိုပြီးတော့။"
"ကျိန်းသေပေါက် ကျွန်မအတွက်တော့ ပျော်စရာဆိုပေမဲ့၊ အစ်မကတော့ ထောင်ထမင်းကို သွေးမျက်ရည်ရောပြီး စားရတော့မယ်ထင်တယ်။"
"ဒါပေမဲ့ ကျွန်မလို ဘာအဆက်သွယ်၊ ဘာအရည်အချင်းမှမရှိတဲ့ မိန်းမတစ်ယောက်က ပျောက်သွားတဲ့ Black အေးဂျင့်ကို ဘယ်လိုများ ရှာရမှာလဲ။"
တုန်ယင်စွာ တိမ်ဝင်သွားသော အသံတွင် ထူးဆန်းသည့် လွှမ်းမိုးမှုတစ်မျိုး ပါဝင်နေလေသည်။
"အဲ့ဒီလိုဆိုတော့ ပြောင်းပြန်အနေနဲ့ အဖမ်းခံရမှာပေါ့။"
ဆောယောင်းက ပြတင်းပေါက်အပြင်ဘက်သို့ ကြည့်ရင်း လက်ကလေးများကို ဟိုပွတ်ဒီပွတ်လုပ်နေသည်။ ခင်ပွန်းသည် ထားရစ်ခဲ့သော ချစ်ခြင်း၏ ခြေရာများမှာ အစအနမကျန်အောင် ပျောက်ကွယ်သွားခဲ့ပေပြီ။ သို့သော်လည်း နာကျင်နေဆဲဖြစ်သော ဝေဒနာကို ပြန်လည်အမှတ်ရရင်း အသားကို ဖြည်းဖြည်းချင်း ပွတ်သပ်နေမိ၏။
သာမန်ဓားပြမှု၊ သို့မဟုတ် ကိုယ်ထိလက်ရောက်မှုလောက်ဖြင့် ထိုဝန်ထမ်းများကို တွေ့ဆုံနိုင်မည် မဟုတ်ပေ။ ထို့ကြောင့် ရာဇဝတ်မှုအသေးစားလေးများကို ကျူးလွန်၍မဖြစ်။ အမျိုးသားထောက်လှမ်းရေးအဖွဲ့နှင့် ထိပ်တိုက်တွေ့ရန် နိုင်ငံတကာ ရာဇဝတ်မှုအဆင့်အထိ မြှင့်ရပေမည်။
သို့သော် ဆောယောင်းကား အိပ်မက်မှ နိုးထလာခါစ အိမ်ရှင်မတစ်ဦးသာဖြစ်ပြီး ထူးထူးခြားခြား သင်ယူတတ်မြောက်ထားသည့် အရည်အချင်းကောင်းများလည်း မရှိပေ။ ခင်ပွန်းသည်ကလည်း အင်မတန်ကို အလှမ်းဝေးနေလေသည်။
ထို့ကြောင့် မျှော်လင့်နိုင်သည့်အရာမှာ ကိုယ်တိုင်ထိပ်တိုက်တွေ့ကြည့်ခြင်းပင်ဖြစ်၏။
"အဲ့ဒီတော့ မြောက်ပိုင်းကို သွားမယ်ပေါ့။"
"ဟုတ်တယ်၊ လောလောဆယ်တော့ နိုင်ငံတော်လုံခြုံရေးဥပဒေကို ချိုးဖောက်ကြည့်မယ်။"
ကိုယ်ချည်းဗလာဖြင့် မည်မျှပင်ဖြစ်စေ လုပ်နိုင်သည့်အရာပင်။ သူတို့က မြောက်ကိုရီးယားသို့ ထွက်ပြေးရန် ကြိုးစားသော ဆောယောင်းကို သံသယဝင်ကြ၊ စစ်ဆေးကြ၊ စုံစမ်းကြပေမည်။
ထိုသို့လုပ်ရင်း မသင်္ကာဖွယ် ဂင်ဟျွန်းကို ရှာတွေ့လျှင် မည်သို့ဖြစ်မည်နည်း။ ဂင်ဟျွန်းကိုလည်း သံသယဝင်လာကြမည် မဟုတ်ပါလား။
"အား..."
ချန်နာက ခေါင်းကိုဆုပ်ကိုင်ထားရင်း မျက်နှာပျက်နေ၏။
"ဒီလို ပူးပေါင်းကြံစည်မှုသာ ပေါ်သွားရင် ကျွန်မတို့ ခဲအိုက ကျွန်မဆံပင်တွေကို အကုန်ဆွဲနုတ်တော့မှာပဲ။"
ခဲအိုဆိုသူမှာ မနေ့က တွေ့ခဲ့သော ဂျောင်ဖီလ်ဂယူပဲဟု ချန်နာက တိုးတိုးလေး ဖြည့်ပြောခဲ့သည်။
ဆောယောင်းက ပြဿနာအိုးဝန်ထမ်းကို ကိုင်တွယ်ရာတွင် ထူးဆန်းစွာ အကျွမ်းတဝင် အသားကျနေသော ထိုလူကို ပြန်တွေးရင်း ခေါင်းညိတ်လိုက်၏။ မိသားစုဝင်တွေ ဖြစ်နေတာကိုး။
သဘာဝကျကျ ပေါ်လာသော စကားလုံးကြောင့် ရင်ထဲတွင် အောင့်သွားသော်လည်း ခဏနေတော့ ဘာမှမဖြစ်သလို မျက်နှာအမူအရာကို ထိန်းချုပ်လိုက်သည်။
"အစ်မရယ်၊ အဖမ်းခံရပြီးနောက်ပိုင်း ဘာဖြစ်မလဲဆိုတာရော မစဉ်းစားတော့ဘူးလား။ တကယ်ပဲ တောက်ပနေတဲ့ ဘဝကို ဖျက်ဆီးပစ်တော့မလို့လား။ အဲ့ဒီမှာ ဘယ်လိုလုပ်ပြီး လက်စားချေတာတွေ၊ ရိုမန့်တစ်ဆန်တာတွေ ရှိမှာလဲလို့။"
"ကျွန်မဘဝက ထင်သလောက် တန်ဖိုးမရှိလို့ပါ။"
"..."
"အဲ့ဒါဆိုရင်ပဲ လုံလောက်ပါပြီ။ ခဏလေးပဲဖြစ်ဖြစ်... ပြန်တွေ့နိုင်မယ်ဆိုရင်။"
"အဲ့ဒီအခါကျရင်ရော။"
ဆောယောင်း လက်ဖက်ရည်ခွက်ကို အသာအယာပွတ်သပ်နေသည်။ ကော်ဖီဆိုင်အတွင်းတွင် ခံစားချက်ကောင်းဖွယ် ပေါ့ပ်သီချင်းသံနှင့် ဧည့်သည်များ၏အသံတို့ ရောနှောကာ ဆူညံနေ၏။ သို့သော် အတွေးများဖြင့် နစ်မြုပ်နေသော ဆောယောင်းတစ်ယောက်သာ တစ်မူထူးခြားသော အငွေ့အသက်ကို ဖန်တီးနေလေသည်။
ဆွဲဆောင်မှုရှိစွာ ဝဲဖြာကျနေသော ဆံပင်များ၊ သံကြိုးကဲ့သို့ ဖြောင့်တန်းသော လည်တိုင်၊ အပိုအလိုမရှိ သေသပ်ကျော့ရှင်းသော ကိုယ်ဟန်၊ ပုံမှန်အားဖြင့် အေးစက်တည်ငြိမ်သော အငွေ့အသက်တို့က လူအများ၏အကြည့်ကို ဖမ်းစားထား၏။
ထို့နောက်တွင် ကလေးငယ်ကို ပွေ့ချီထားသော ဇနီးမောင်နှံထံသို့ ဆောယောင်း၏ အကြည့်က သဘာဝကျကျ ရောက်ရှိသွားလေသည်။ ဆောယောင်းတစ်ယောက် ထိုပျော်ရွှင်စရာ၊ ချစ်စရာကောင်းသော မြင်ကွင်းကို မျက်တောင်မခတ်စတမ်း ငေးမောကြည့်မိသွား၏။
မြောက်ပိုင်းကို ထွက်ပြေးမယ်ဟူသော စကားများကို ရင်ဖွင့်နေလျက်က သူအလိုချင်ဆုံးအရာကိုတော့ သူကိုယ်တိုင်ပင် သတိပြုမိပုံမပေါ်ပေ။
"မပြောတတ်ပါဘူး… သတ်ပစ်ရမလား၊ ပိုချစ်ရမလား။ ဘယ်လိုလုပ်ရမလဲဆိုတာ။"
ဖန်ခွက်ကိုဆုပ်ကိုင်ရန်ပြင်လိုက်သည့် ချန်နာ၏ လက်ချောင်းများ တစ်ခဏမျှ တွန့်သွား၏။
"ခွင့်ပြုရင်တော့ အကုန်လုပ်ကြည့်တာ ကောင်းမယ်ထင်တယ်။"
"…"
"တွေ့ချင်လည်း တွေ့ချင်တယ်၊ သတ်လည်း သတ်ပစ်ချင်တယ်… မဟုတ်တောင် နေ့တိုင်း စိတ်ဆင်းရဲနေရတာ။"
ကလေးငိုသံကြောင့် အကြည့်များ ပြန်လည်လွင့်ပြယ်သွားသော ဆောယောင်းက ပြတင်းပေါက်အပြင်ဘက်သို့ ခေါင်းလှည့်လိုက်သည်။
နေ့တိုင်းတင်ပဲလား။ ဆောယောင်းမှာ အချိန်တိုင်း အပ်ဖြင့် အထိုးခံရ၊ ရေအေးဖြင့် အပက်ခံရ၊ တုတ်ဖြင့် အရိုက်ခံရသကဲ့သို့သော နာကျင်မှုကို ခံစားနေခဲ့ရ၏။ သူမရှိတော့သည့် နေ့ရက်တိုင်းက ထိုကဲ့သို့ပင်။
ဂင်ဟျွန်းက သူ၏ မျက်လုံးများကိုသာ ယူဆောင်သွားခဲ့သည်မဟုတ်။ အတူတကွ တည်ဆောက်ခဲ့သော အချိန်များကိုပါ လုံးဝခိုးယူသွားခဲ့ခြင်းပင်။ ထိုအချက်ကြောင့် ဒေါသများဖြင့် နာကြည်းကာ အိပ်မပျော်နိုင်အောင် ဖြစ်ရပေသည်။
"...တံတားအောက်က မဟုတ်ဘဲ..."
ချန်နာတစ်ယောက် စိတ်မထိန်းနိုင်ဘဲ စကားစခဲ့သည်။ မျက်လုံးများ ကောင်းလာပြီဟု သိရသော်လည်း လက်ရှိ ဆောယောင်းမှာ မျက်မမြင်တစ်ယောက်လို လေဟာနယ်ကိုသာ စမ်းတဝါးဝါးလုပ်နေသဖြင့် ထိုပုံစံကိုကြည့်ပြီး အကြောင်းမဲ့ ဒေါသကထွက်လာ၏။
"ဘယ်လိုပဲဖြစ်ဖြစ် အဖမ်းခံရမှာပဲဆိုတော့ ဒုက္ခမခံဘဲ ကားနဲ့သာ သွားလိုက်ပါ။"
~~~~~
ဂယောင်းဂီဒို၊ ပါဂျူတွင်ရှိသော ပေါင်းစည်းရေးတံတားကား အင်(မ်)ဂျင်းမြစ်ကို ဖြတ်ကျော်ကာတည်ဆောက်ထားသည့် နယ်စပ်ဒေသတစ်ခုပင်။
မြောက်ကိုရီးယားနှင့် နယ်နိမိတ်ထိစပ်နေကာ တောင်ကိုရီးယား-မြောက်ကိုရီးယား အဝင်အထွက် စစ်ဆေးရေးဂိတ်သို့ ဝင်ရောက်ရာ တံခါးပေါက်ဖြစ်သောကြောင့် တင်းတင်းကျပ်ကျပ် ထိန်းချုပ်စစ်ဆေးမှုများ ပြုလုပ်ထား၏။
စုံစမ်းစစ်ဆေးမှုများနှင့် စူးစမ်းရှာဖွေမှုများအားလုံး လုပ်ပြီးခဲ့ပေပြီ။
"ဟူး..."
ဆောယောင်းက ခင်ပွန်းဖြစ်သူ၏ ကားပေါ်သို့ တက်ကာ စတီယာရင်ကို ကိုင်လိုက်သည်။
ရည်ရွယ်ချက်က မြောက်ကိုရီးယားသို့ တကယ်တမ်း ထွက်ပြေးခြင်းမဟုတ်ဘဲ ဟန်ဆောင်ခြင်းသာ။ မြောက်ကိုရီးယားသို့ ထွက်ပြေးရန် ကြိုးစားသူအဖြစ် ဟန်ဆောင်ကာ အဖမ်းခံရန်။ ထို့နောက်တွင် အမျိုးသားထောက်လှမ်းရေးအဖွဲ့ဝင်များ၏ စစ်ဆေးမေးမြန်းမှုကို ခံယူရန်ပင်။
ဤယာဉ်မောင်းထိုင်ခုံတွင်ထိုင်လိုက်စဉ် ပထမတော့ စိတ်ရှုပ်ထွေးမှင်တက်နေမိသည်။ ဂင်ဟျွန်း၏ ခန္ဓာကိုယ်နှင့် ကိုက်ညီအောင် ချိန်ညှိထားသော ထိုင်ခုံက အလွန်ပင် သံယောဇဉ်မပြတ်နိုင်စရာဖြစ်နေပြီး နာကျင်စေခဲ့၏။
တစ်လျှောက်လုံး မမြင်ခဲ့ရသူက ရုတ်တရက် ထင်ရှားစွာပေါ်လာသလို ခံစားရသဖြင့် အချိန်ကုန်မှန်းမသိဘဲ ငူငူငိုင်ငိုင် ထိုင်နေမိခဲ့သည်။
တစ္ဆေလို ပျောက်ကွယ်သွားရုံသာမကဘဲ ဤကဲ့သို့ ခြေရာလက်ရာများ ထားခဲ့သေးသည်ကိုး။ ဆောယောင်းတစ်ယောက် ထိုစဉ်က ခံစားခဲ့ရသော စိတ်လှုပ်ရှားမှုများကို ပျောက်ကွယ်စေလိုသည့်အလား လီဗာကို ပြင်းပြင်းနင်းလိုက်သည်။
ထိုအတိုင်း ပေါင်းစည်းရေးပန်းခြံနှင့် အင်(မ်)ဂျင်းအပန်းဖြေစခန်းကို ဖြတ်ကျော်ကာ ဘာမှမတွေးဘဲ လမ်းမပေါ်သို့ မောင်းနှင်လိုက်၏။
မကြာမီ နှစ်ထပ်သုံးထပ်စီ တန်းစီထားသော အဝါရောင် အတားအဆီးများနှင့် ခွင့်ပြုချက်မရှိသော ယာဉ်များအတွက် "U-Turn ပြုလုပ်ရန်" ဟူသော ကြီးမားသည့် သတိပေးစာသားများ မျက်စိထဲသို့ ဝင်လာလေသည်။
ယင်းကား ပေါင်းစည်းရေးတံတား၏ တောင်ဘက်စစ်ဆေးရေးဂိတ်ပင်။
အရပ်သားများအား ဝင်ထွက်ခွင့် ကန့်သတ်ထားသော ဧရိယာ။
ဤနေရာမှစ၍ ဝင်ခွင့်လက်မှတ် ရှိရပေမည်။
ဆောယောင်းကတော့ လက်မှတ်မပါသလို အရှိန်ကိုလည်း မလျှော့ပေ။ ယာဉ်စစ်ဆေးရေးက ခဏရပ်ရန် လက်ပြသော်လည်း ဆောယောင်းက လီဗာမှ ခြေကို တစ်စက္ကန့်မျှမခွာဘဲ စစ်ဆေးခြင်းကို လျစ်လျူရှုကာ တည့်တည့်သာ မောင်းနှင်သွား၏။
"အော... အော..."
ထိတ်လန့်နေသော ယာဉ်စစ်ဆေးရေး၏ အသံကို ခပ်သဲ့သဲ့ ကြားနေရသည်။
ဒုန်း.....
အတားအဆီးကို ကြမ်းတမ်းစွာ ဝင်တိုက်လိုက်ရာ ခန္ဓာကိုယ်က စတီယာရင်နှင့်ဆောင့်မိပြီး ရင်ထဲတွင် လှိုက်ခနဲဖြစ်သွား၏။ သို့သော်လည်း ဆောယောင်းက ဂီယာချက်ချင်းပြောင်းကာ လီဗာကို ပြန်နင်းလိုက်သည်။
'ငါ့ကို မြန်မြန် ဖမ်းစမ်းပါ။'
'ပြီးရင် ငါ့ကို ယောက်ျားဆီ ခေါ်သွားပေး။'
ဆောယောင်း၏ မေးစေ့သေးသေးလေး တင်းမာသွားသည်။ အတားအဆီးများက ပုံမှန်အကွာအဝေးအတိုင်းခြားပြီး ပုံစံမပျက် တန်းစီနေဆဲပင်။ ဆောယောင်းက ကားကိုယ်ထည်ကို တရကြမ်းဆောင့်ပြီး လိုက်လာသော စစ်သားများကို ခါထုတ်ကာ နောက်ထပ် အတားအဆီးတစ်ခုကို ထပ်မံ၍ဝင်တိုက်ခဲ့သည်။
ဖောင်း...
ခေါင်းမှီနှင့် ဆောင့်သွားသော နောက်စေ့က ထုံကျဉ်နေ၏။ ဒီတစ်ခါတော့ လျှာကိုပါ ကိုက်မိသွားသည့်ပုံပင်။ စက်ဆုပ်ဖွယ်ကောင်းသော သွေးအရသာကို ခံစားရသည်။
"အစ်..."
ဆူညံသံများကြား၍ စစ်ဆေးရေးဂိတ်မှ စစ်သားများ ဝုန်းခနဲ ပြေးထွက်လာကြ၏။ ဆောယောင်းက သူ အဖမ်းခံရတော့မည်ဟုတွေးကာ အတားအဆီးများကို ပို၍ကြမ်းတမ်းစွာ ဝင်တိုက်လေသည်။
ခပ်တောင့်တောင့် SUV ၏ ဘမ်ပါမှာ မကြာမီပင် ကျိုးပဲ့သွားသော်လည်း ဆောယောင်း၏ ခေါင်းထဲတွင်တော့ 'ပေါင်းစည်းရေးတံတားသို့ မောင်းနှင်လာသော အသက် ၂၀ ကျော်အရွယ် ဟန်မျိုးရိုး၊ နိုင်ငံတော်လုံခြုံရေးဥပဒေ ချိုးဖောက်မှုဖြင့် ဖမ်းဆီးခံရ' ဟူသော အတွေးသာ အပြည့်အသိပ် ရှိနေတော့၏။
ရပြီ၊ ဒီလောက်ဆို လုံလောက်ပြီ။
တည့်တည့်မောင်းလိုက်၊ နောက်ပြန်ဆုတ်လိုက် အကြိမ်ကြိမ်ပြုလုပ်ရင်း အတားအဆီးများကို ဒုန်းခနဲ၊ ဒုန်းခနဲ ဝင်တိုက်လေလေ၊ လမ်းပေါ်တွင် ခြစ်ရာအမှတ်အသားများ ပိုမိုထင်ရှားစွာ ကျန်ခဲ့လေလေပင်။ ကံအားလျော်စွာ တစ်ဖက်ခြမ်းက လမ်းသွယ်တွင် လွတ်နေသော ကွက်လပ်တစ်ခု ပေါ်လာသောကြောင့် ဆောယောင်းတစ်ယောက် မျက်လုံးများ လင်းလက်သွားကာ စတီယာရင်ကို လှည့်လိုက်သည်။
'မြန်မြန်လာဖမ်းပါတော့။'
နှလုံးခုန်နှုန်း မြန်လာကာ အာခေါင်များ ခြောက်လာသည်။ ဆောယောင်း အောက်နှုတ်ခမ်းကို ကိုက်ကာ ဘေးမှန်ကို လှမ်းကြည့်လိုက်သည့်အခိုက်အတန့်တွင်။
"..."
တင်းမာနေသော မျက်နှာက ရုတ်တရက် ပြေလျော့ကာ ကြောင်သွား၏။
ဟင်...
အနောက်မှလိုက်လာသော စစ်သားတစ်ဦးက မြေပြင်ပေါ်တွင် လဲကျပြီး တဆတ်ဆတ်တုန်နေသည်။ ဘာကြောင့်မှန်းမသိရ။ ထိန်းချုပ်မရသော ခန္ဓာကိုယ်က ကြမ်းတမ်းစွာ လှုပ်ရှားနေကာ ဆောယောင်းနောက်ကို လိုက်လာသော သူ၏ ရဲဘော်ရဲဘက်များမှာလည်း လဲကျနေသူ၏ လက်၊ ခြေထောက်နှင့် ခေါင်းကို ချုပ်ကိုင်ထားရသဖြင့် စိတ်နှင့်ကိုယ်မကပ်နိုင်ဖြစ်နေကြသည်။
သူတို့က အလံတိုင်ထူကာ ရေဒီယိုဖြင့် ဆက်သွယ်နေကြသော်လည်း ယင်းက ဆောယောင်းကို ဖမ်းဆီးခိုင်းခြင်းလား၊ ဆေးတပ်သားများကိုခေါ်နေခြင်းလား မသိရပေ။
ဆောယောင်း သတိလက်လွတ်ဖြစ်နေစဉ် ကားမောင်းလာခဲ့သည့် အကွာအဝေးမှာ ၂ ကီလိုမီတာကျော်သွားခဲ့ပေပြီ။ ပေါင်းစည်းရေးတံတား၏ အရှေ့နှင့်အနောက်တွင် သူ့ကို ရပ်တန့်စေမည့်အရာ ဘာမှမရှိတော့ပေ။
နဂိုအခြေအနေအတိုင်းသာဆိုလျှင် ရုန်းရင်းဆန်ခတ် လိုက်လံဖမ်းဆီးမှုအပြီး မကြာမီတွင် အဖမ်းခံရသင့်သော်လည်း လိုက်လာရမည့် ကားများက အလွန်ပင် နောက်ကျကျန်နေ၏။
သူတစ်ယောက်တည်းသာ ဖြောင့်ဖြူးသော လမ်းမပေါ်တွင် ကိုယ်တိုင်တောင်မသိဘဲ ပြောင်းပြန်မောင်းနှင်နေမိသည်။
"ချီးပဲ၊ ဘာလို့လဲ..."
ဒီအတိုင်း ဆက်သွားရင်...ငါ မြောက်ကိုရီးယား ရောက်သွားတော့မှာပဲ...
ဒီလိုနဲ့ တကယ်ပဲ နယ်စပ်ကို ဖြတ်မိတော့မယ်...
တကယ်ပင် နယ်စပ်ကို ဖြတ်မိတော့မည့်အနေအထား ဖြစ်နေပေပြီ။ ကိုယ့်တပ်ကမဟုတ်ဘဲ မြောက်ကိုရီးယားတပ်တွင် မှားပြီးအဖမ်းခံရတော့မည့်ပုံပင်။ ကုပ်ပိုးမှ စူးခနဲ ခံစားလိုက်ရသော အန္တရာယ်အငွေ့အသက်ကြောင့် ကြက်သီးမွေးညင်းများထလာတော့၏။
~~~~~
Miel's Translations