အပိုင်း ၁၄
"လျှောက်လွှာကို သေချာလေး ရလိုက်ပါတယ်။ ထောက်ခံပေးတဲ့သူက သတင်းအချက်အလက်ဌာနရဲ့ အဖွဲ့မှူး ဂျောင်ဖီလ်ဂယူပဲ။"
ထိုလူက အတော်လေး အံ့ဩနေပုံဖြင့် ပြောခဲ့သည်။
"ဘာပဲဖြစ်ဖြစ် ထောက်ခံပေးထားတဲ့အတွက် ဒီနေရာက ဒီအတိုင်း လုပ်ထုံးလုပ်နည်းအရ တွေ့တာပါပဲ။"
"ဟုတ်ကဲ့။"
"အိမ်ထောင်ပြုပြီးတဲ့ နောက်ပိုင်းမှာ အိမ်ရှင်မအနေနဲ့ပဲ နေခဲ့တယ်လို့ပြောထားတယ်နော်။"
သူက ကိုင်ထားသော လျှောက်လွှာကို ခေါက်ထားမည့်ဟန်ဖြင့် မေးခဲ့သည်။
"ပန်းကန်ဆေးတာနဲ့ အဝတ်လျှော်တာကို ကောင်းကောင်းလုပ်နိုင်လားဗျ။"
"......"
ဆောယောင်းက ထိုလူကို အသာလေး ကြည့်နေမိသည်။ သို့သော် ဆောယောင်း၏ အဖြေက အရေးကြီးဟန်မတူပေ။ အင်တာဗျူးမေးသူက စကားကို ချက်ချင်းလွှဲကာ ဟက်ခနဲရယ်ပြီး တီးတိုးရေရွတ်ခဲ့သည်။
"အရွယ်ရောက်ပြီးတာနဲ့ သက်ကြီးရွယ်အို ပြုစုစောင့်ရှောက်သူ လုပ်ခဲ့တယ်... ဒါဆို လူနာကိုလည်း ကောင်းကောင်း ဂရုစိုက်နိုင်မှာပေါ့နော်။"
"လူနာလားရှင့်။"
"ဘယ်လိုပြောရမလဲ... အများကြီး ဒဏ်ရာရကြ၊ တစ်ခါတစ်လေ ပရမ်းပတာဖြစ်ကြ၊ ဆေးလည်းအများကြီးထိုးရဆိုတော့ အတူတူပဲ ဖြစ်မယ်ထင်တယ်..."
ပေါ့ပေါ့ပါးပါး ပြောနေသော ထိုလူထံမှ စိတ်အားထက်သန်မှု တစ်စုံတစ်ရာကို မခံစားရပေ။
"အိမ်ရှင်မဆိုတော့ အချက်အပြုတ်လည်း ကောင်းကောင်းတတ်မှာပေါ့နော်။"
"အဆိုးကြီးမဟုတ်ပါဘူး။"
လုပ်တတ်တာက တကယ် ထိုအရာအပြင်မရှိသဖြင့် ပေါ့ပေါ့ပါးပါး မေးလာသည်ကိုလည်း အရေးစိုက်မနေတော့။
ဂျောင်ဖီလ်ဂယူကို ခြိမ်းခြောက်ပြီး ဒီကို ရောက်လာခဲ့သော်လည်း ယခုကစပြီး အားလုံးက ဆောယောင်း၏အပိုင်းပင်။
မကောင်းတာလုပ်ရန်အတွက်လည်း အစီအစဉ်နှင့် ပြင်ဆင်မှုများ လိုအပ်ပေသည်။ ဆောယောင်းအဖို့တော့ လောလောဆယ် အသက်အောင့်ထားပြီး ခိုးကြောင်ခိုးဝှက် အကဲခတ်ရင်း၊ အခက်အခဲများကို သင်ယူရင်း ခင်ပွန်းဖြစ်သူ၏ အာရုံကိုဖမ်းစားနိုင်မည့် နည်းလမ်းကို ရှာဖွေရုံသာ။
အခွင့်အရေး၏ အချိန်အခါကတော့ သဘာဝကျကျ ရောက်လာပေလိမ့်မည်။
"အဝတ်လျှော်တာ၊ ထမင်းချက်တာ၊ ပန်းကန်ဆေးတာပဲ လုပ်ရပါမယ်။ အလုပ်ပမာဏ များသွားတာကလွဲလို့ အိမ်မှာ လုပ်နေကျအတိုင်းပါပဲ။ သိပ်တော့ ကွာမှာမဟုတ်ပါဘူး။"
"......"
"ဘယ်လိုပဲဖြစ်ဖြစ်၊ စက်တွေက အကုန်လုပ်ပေးသွားမှာပါ။ မဟုတ်တောင် လူငယ်တွေရဲ့ အကူအညီ လိုအပ်နေတာနဲ့ ရောက်လာတာ အတော်ပဲဖြစ်သွားတာပေါ့။"
ဆောယောင်း၏ မျက်ခုံးများ တွန့်သွားတော့သည်။
ကျိန်းသေပေါက် Blast အေဂျင်စီက အထူးတိုက်ခိုက်ရေးသမားများကိုသာ အလုပ်ခန့်ခြင်းမဟုတ်ပေ။ တိုက်ခိုက်ရန်မဆိုထားနှင့် သေနတ်လေးတစ်ချက်ပင် မပစ်ဖူးသူများလည်း စာရင်းအင်းနှင့် စီမံခန့်ခွဲရေးဌာနဘက်တွင် အများကြီး လုပ်ကိုင်နေကြသည်။
ထိုအထဲတွင်မှ ယာဉ်မောင်း၊ ထမင်းချက်၊ ပန်းကန်ဆေး၊ အဝတ်လျှော်သည့် မစ်ရှင်ထောက်ပံ့ရေးဆိုင်ရာ အလုပ်များကို တာဝန်ယူရသော ဌာနမှာ ဆောယောင်း ရှေ့လျှောက် အလုပ်လုပ်သွားရမည့်နေရာပင်။
ထိုလူက ဘဏ်စာအုပ်မိတ္တူကို ပေါ့ပေါ့တန်တန်ကြည့်ပြီး ဖိုင်ကိုပိတ်လိုက်သည်။
"ဒါဆို တရားဝင်တော့ တနင်္လာနေ့ကစပြီး လာပေးပါ။ ရှေ့လျှောက် ကျွန်တော်တို့ တပ်ဖွဲ့ဝင်တွေကို ကောင်းကောင်းဂရုစိုက်ပေးပါဦး။ လေ့ကျင့်ရေးဝတ်စုံတွေကို ပုံထားလိုက်ရင် အနံ့နံတတ်လို့ အချိန်မှန်မှန်နဲ့ သေချာလေး စုပေးပါ။ ထမင်းကိုလည်း ကောင်းကောင်းချက်ပေးဖို့ အပ်ပါတယ်ဗျ။"
"ဟုတ်ကဲ့။"
"ကျွန်တော်တို့ ကုမ္ပဏီမှာလည်း နောက်ဆုံးတော့ အိမ်ရှင်မငယ်ငယ်လေး ရောက်လာပြီပဲ... ပုံမှန်ဆို အသက်နှစ်ဆယ်ဝန်းကျင်တွေက ဒီလိုအလုပ်မျိုးကို လုပ်ချင်ကြတာ မဟုတ်ဘူးလေ။ အဲ့ဒါကြောင့်ပဲ အဒေါ်ကြီးတွေက အကုန် ငါးဆယ်ကျော် ခြောက်ဆယ်တွေချည်း ဖြစ်နေကြတာပေါ့။"
ထိုလူက နှုတ်ဖျားမှ တီးတိုးရေရွတ်ကာ ကျောခိုင်းလှည့်ထွက်ရန် ပြင်ခဲ့သည်။ ဆောယောင်းက ထပြန်ရန်ပြင်နေသည့် ထိုလူကို ဖြည်းဖြည်းချင်း မေးလိုက်၏။
"ဒီက ဝန်ထမ်းတွေမှာ အများစုက စစ်သားတွေဆိုတော့ လက်နက်ကိရိယာတွေလည်း အများကြီးရှိမှာပေါ့နော်။"
"...အင်း၊ အဲ့ဒီလိုပဲဆိုပါတော့။ အဲ့ဒါကို လက်နက်ကိရိယာ ထိန်းသိမ်းရေးဌာနက လုံလုံခြုံခြုံထိန်းသိမ်းထားတာလေ။ ဘာလို့လဲ။ ကြောက်လို့ မေးတာလားဗျ။"
အင်တာဗျူးမေးသူက ထိုသို့သော ဆောယောင်းကို တော်တော်လေး ချစ်ဖို့ကောင်းသည်ဟု တွေးမိသွားသည့်အလား သဘောကျကာ ရယ်လိုက်မိ၏။
"အဲ့ဒီလိုမဟုတ်ပါဘူး။ ပါးစပ်ပိတ်ထားဖို့ လိုမယ်ထင်လို့ပါ။"
"......ဗျာ။"
"မကြောက်ဘူးလားရှင့်။"
ဆောယောင်းက အေးစက်စက် မျက်နှာထားဖြင့် ထိုလူကို စိုက်ကြည့်နေလိုက်သည်။ ရည်ညွှန်းသူမပါသောစကားက မရေမရာဖြစ်နေသော်လည်း နောက်မှ ထိုလူက အေးစက်စက် အကြည့်ကနေ ဘာကို ဖတ်မိလိုက်သည်မသိ၊ သူ့မျက်နှာက ချက်ချင်းပင် နီရဲလာ၏။
ထိုသို့ဖြင့် ရာဇဝတ်သားဖြစ်ချင်နေသော ဆောယောင်းတစ်ယောက် အိမ်မှုကိစ္စလုပ်သူ အဒေါ်ကြီးအဖြစ်နှင့် ပထမဆုံး ခြေလှမ်းကို စတင်ခဲ့တော့သည်။
သွားရမည့်လမ်းက အခုအထိ အဝေးကြီးပင်။
~~~~
"ငါ ိုးပဲ။ ပင်ပန်းလိုက်တာ။ သေတော့မယ်...။"
"အသစ်ရောက်လာတဲ့ တပ်မှူးက ဘယ်သူမို့လို့ လေ့ကျင့်ရေးအချိန်ဇယားက ဒီလိုဖြစ်နေရတာလဲ။"
"ပါးစပ်ဖွင့်လိုက်ရင် အရိုင်းအစိုင်းတွေချည်း ထွက်လာတာဆိုတော့ ပါးစပ်ပိတ်ပြီး ရေပဲသွားချိုးလိုက်စမ်းပါ။"
စင်္ကြံလမ်း၏ အဆုံးမှ ဆူညံနေသော အသံများက ခဏတွင်းချင်းမှာပင် လှိုင်းလုံးတစ်လုံးအလား နီးကပ်လာခဲ့သည်။ စကားလုံးတိုင်း၏နောက်တွင် ဆဲဆိုသံများနှင့် ညည်းတွားသံများ ရောထွေးပါဝင်နေ၏။
လူသူကင်းမဲ့သော လော့ခ်ကာအခန်းက ခဏအတွင်းမှာပင် ခန္ဓာကိုယ် ကြံ့ခိုင်တောင့်တင်းသော အမျိုးသားများနှင့် ပြည့်သွားတော့သည်။
မနက်ပိုင်းအချိန်ဇယား၏ နောက်ဆုံးအဖွဲ့ဝင်များပင်။ ကိုယ်ကာယလေ့ကျင့်ခန်းများ ပြီးစီး၍ အုပ်စုလိုက် ရောက်လာကြသော Blast ကုမ္ပဏီ၏တပ်ဖွဲ့ဝင်များက ကြွက်သားအဖုဖုအထစ်ထစ်နှင့် ခန္ဓာကိုယ်အပေါ်ပိုင်းများ ဖောင်းကားလျက်ရှိကြသည်။
သူတို့ ချွတ်ပစ်လိုက်သော လေ့ကျင့်ရေးဝတ်စုံများက ဘောလုံးပစ်သလိုပုံစံဖြင့် အဝတ်လျှော်ပုံးထဲသို့ ဝင်သွားကြ၏။
တပ်ဖွဲ့ဝင်အားလုံး ရေချိုးခန်းထဲ ဝင်သွားပြီးမှ လော့ခ်ကာအခန်း လွတ်သွားပြီဖြစ်ကြောင်း အချက်ပြမီးလင်းလာသည်။ ဆောယောင်းက မီးစိမ်းသွားသောခလုတ်ကိုကြည့်ပြီး တံခါးကိုဖွင့်လိုက်၏။
တစ်မနက်ခင်းလုံး လေ့ကျင့်ထားကြသဖြင့် အဝတ်လျှော်ပုံးက ပြည့်လျှံနေသည်။ ဆောယောင်း လက်ကိုင်ကို ဆွဲလိုက်သည်နှင့် အောက်မှ ဘီးများက တကျွီကျွီအသံမြည်ကာ လှုပ်ရှားသွား၏။ ပါးလွှာသော အဖြူရောင် mask ကို တပ်ထားသော်လည်း ချဉ်စုတ်စုတ် ချွေးနံ့က ဆိုးဝါးလှပေသည်။
Blast ကုမ္ပဏီတွင် အလုပ်ဝင်ခဲ့သည်မှာ တစ်လပင်ပြည့်တော့မည်။
ဆောယောင်းက ရိုးရှင်းသော ယူနီဖောင်းနှင့် အေပရွန်ကိုဝတ်ကာ သူ့တာဝန်များကို ဆောင်ရွက်ခဲ့သည်။ အလုပ်နှင့် ရင်းနှီးအသားကျဖို့ လုံးပန်းနေရင်းကပင် အချိန်တရွေ့ရွေ့ကုန်သွား၏။
တစ်နေ့ သုံးကြိမ် ထမင်းချက်ကို ဝိုင်းကူပြီး အစားအသောက်များကို အများကြီး ပြင်ဆင်ရသည်။ ထို့နောက် တပ်ဖွဲ့ဝင်များ၏ လေ့ကျင့်ရေးဝတ်စုံများကို လျှော်ဖွပ်၊ ပြီးလျှင် အခြောက်ခံပြီးသား အဝတ်များကို နာမည်ကတ်ပြားအလိုက်ခွဲပြီး သူတို့ဆီ ပြန်ပေးရသည်က ဆောယောင်း လုပ်ဆောင်ရမည့် အလုပ်ပင်။
မစ်ရှင်ထောက်ပံ့ရေးဌာနမှ ဝန်ထမ်းများမှာ များသောအားဖြင့် အသက်ကြီးကြပြီး လူသိပ်မများပေ။ ဆယ်ဂဏန်းလောက်သာရှိသော လူနည်းစုက အရပ်ဘက်တပ်ဖွဲ့၏ အိမ်မှုကိစ္စအားလုံးကို အသေးစိတ် တာဝန်ယူရ၏။
ဒီအတိုင်းသွားလျှင် ဘယ်တော့များမှ ဒုညွှန်မှူးကို ပြန်ပေးဆွဲပြီး ခင်ပွန်းကို ရှာနိုင်မှာလဲ...
Mask ထဲမှ သက်ပြင်းချသံ ထွက်ပေါ်လာသည်။
ဆောယောင်းက တောင့်တင်းနေသောပခုံးကိုလှည့်ရင်း စားသောက်ခန်းသို့ ဆင်းလာလိုက်၏။ စားဖိုဆောင်ထဲသို့ဝင်လိုက်သည်နှင့် တစ်ကိုယ်ရေသန့်ရှင်းရေး ဦးထုပ်၊ တစ်ကိုယ်ရေသန့်ရှင်းရေး mask ကို ဝတ်ထားသော အဒေါ်ကြီးက သိနေသည့်အလား နှုတ်ဆက်လာသည်။
"ဆောယောင်း၊ အခုအထိ ထမင်းမစားရသေးဘူးမဟုတ်လား။"
"အခု စားမလို့ပါ။"
"ဒါဆို ခဏလေး စောင့်ဦး၊ ဟိုဟာကို အထဲပို့ပြီးရင် အတူတူ စားကြမယ်လေ။"
အဒေါ်ကြီးက အပြင်ဘက်တွင် ထုတ်ထားသည့် အမှိုက်ပုံးကို လက်ညှိုးထိုးပြခဲ့သည်။ ဆောယောင်းက နေရာတွင်အရင်ထိုင်ဖို့လုပ်နေရာမှ 'ကျွန်မ ရှင်းလိုက်ပါ့မယ်' ဟု ပြောပြီး စားဖိုဆောင်အပြင်ဘက်သို့ ပြန်ထွက်လာ၏။
ရာဘာလက်အိတ်ကို ရှာဝတ်လိုက်သော ဆောယောင်းတစ်ယောက် ပရမ်းပတာ ကျန်ရှိသော စားကြွင်းစားကျန်များကို ရှင်းနေစဉ်တွင်။
"ဒီတစ်ခါတော့ အထူးလုံခြုံရေးတပ်ဖွဲ့မှာ လူလျှော့လိုက်တယ်လို့ ကြားတယ်။"
ဆောယောင်းက အသံလာရာကို ဟန်မပျက် တစ်ချက်ကြည့်လိုက်သည်။
အထူးလုံခြုံရေးတပ်ဖွဲ့။ မကြာသေးမီက တပ်ဖွဲ့ဝင်များ၏ ပါးစပ်မှ မကြာခဏ ထွက်လာတတ်သော စကားပင်။
ဆောယောင်းတစ်ယောက် Blast ကုမ္ပဏီကို ဝင်ရောက်ခဲ့ပြီးသည့်နောက် ချန်နာနှင့် တိုက်တိုက်ဆိုင်ဆိုင် တွေ့ခဲ့စဉ်က ဂျောင်ဖီလ်ဂယူကို ခြိမ်းခြောက်အကျပ်ကိုင်ပြီး ဤနေရာကို ဝင်လာခဲ့ကြောင်း ပြောဖို့လုပ်ပြီးမှ မပြောဖြစ်လိုက်ပေ။
ထိုအစား 'အစ်မရဲ့ မျက်နှာနဲ့သာဆိုရင် အဲ့ဒီလို တပ်သားမျိုး တစ်ယောက်လောက်ကတော့...' ဟူ၍ အဓိပ္ပာယ်မရှိသည့် စကားကိုပြောနေသော ချန်နာကို အခု ဘယ်ဌာနမှာ အလုပ်လုပ်နေသလဲဟု မေးလိုက်မိသည်။ ထိုမေးခွန်းကြောင့် ချန်နာတစ်ယောက် တောင့်တင်းသွားပြီး အထစ်ထစ်အငေါ့ငေါ့ဖြင့် ပါးစပ်ပိတ်သွား၏။
"ဟို...ပြောနိုင်တာဆိုလို့ အသစ်ရောက်လာတဲ့ အဖွဲ့မှူးက မကောင်းတဲ့ကောင်ဆိုတာပဲ ရှိပါတယ်..." ဟု ပြောရင်း မျက်လုံးကို မလုံမလဲဝေ့ဝဲကြည့်ပြီး အမြန်ပျောက်သွားခဲ့သည်။ ထိုနောက်ပိုင်းတွင် ချန်နာကို ထပ်မတွေ့တော့ပေ။
"တကယ်ပဲ ဘယ်လိုအလုပ်မျိုးကိုလုပ်လို့ အန္တရာယ်ခံစားခွင့်ကို ဖြတ်လိုက်ရင်တောင် တစ်ယောက်ကို ဝမ် သန်းတစ်ရာစီရကြတာလဲ။"
"အဲ့ဒီလိုရဖို့ ထိုက်တန်လို့ ရတာပေါ့။"
"မဟုတ်ဘူးလေ။ ဘယ်လိုပဲဖြစ်ဖြစ် အာဖရိကကို သွားတဲ့လူတွေထက်တောင် ပိုရနေတာပဲ။ အရင်တစ်ခါ ယူကရိန်းနဲ့ မြန်မာကို သွားခဲ့တဲ့သူတွေတောင် အဲ့ဒီလောက်ရတာမဟုတ်တာကို။ တကယ်ပဲ ဘယ်နေရာမှာများ အလုပ်သွားလုပ်ကြတာလဲ...ငါ ိုး အလကားနေ သန့်ပြန့်သားနားနေလိုက်တာများ ခြေထောက်ပဲ သွားကားပေးနေကြတာလား မသိဘူး။ သူတို့ချင်းကြားမှာ ပိုက်ဆံပဲ ရိတ်စားနေပြီးတော့...။"
မကြာသေးမီက ဆောယောင်းလည်း ဟိုကဒီကနေ အများကြီး ကြားခဲ့ရသောအကြောင်းအရာများပင်။ သို့သော် အထူးလုံခြုံရေးအဖွဲ့၏ အလုပ်အကြောင်းကိုတော့ ဘယ်တော့မှ ပြောသံမကြားရ။ သီးသန့်စုဆောင်းပြီး တပ်ဖွဲ့ဝင်များကိုခန့်သည်ဆိုသောအချက်အရ အထူးအရေးပါသောအဖွဲ့ ဖြစ်ပေလိမ့်မည်။
ထိုအတွက်ကြောင့်ပဲဖြစ်မလား။ ဝန်ထမ်းများ၏ စကားကို မတော်တဆ ကြားလိုက်ရတိုင်း သိလိုစိတ်နှင့် မနာလိုအားကျစိတ်ကို တစ်ပြိုင်တည်းခံစားရ၏။
"အဲ့ဒီလောက် သိချင်ရင် မင်းကိုယ်တိုင်ပဲ ဝင်လိုက်ပါလား။"
"လာလှောင်နေတာလား။"
"မဟုတ်ပါဘူး။ အဲ့ဒီလူသစ်စုဆောင်းရေးစာရင်းထဲမှာ မင်းလည်း ပါနေမလားဆိုတာ ဘယ်သူသိနိုင်မလဲ။ မနာလိုမဖြစ်ဘဲ ထမင်းပဲ လာစားတော့။ ဘာမဟုတ်တာလေးကိုလည်း အထအနကောက်နေတာပဲ။"
ပေါ့ပေါ့ပါးပါး ပြောလိုက်သော ထိုစကားက ဘယ်ခလုတ်ကို နှိပ်မိသွားသည်မသိ။ ထမင်းစားနေသည့် လူက တောင့်တင်းသောဇွန်းကို ပစ်ချလိုက်သည်။ ထမင်းပန်းကန်ကိုထိပြီး ကြမ်းပြင်ပေါ်ကျသွားသည့် သတ္တုသံက စူးရှလှ၏။
"မနာလို....ဘာဖြစ်တယ်။"
တစ်ခဏအတွင်း လည်တိုင်အစပ်နားအထိ နီရဲသွားသောလူက တစ်ဖက်လူကို စိန်းစိန်းဝါးဝါး စိုက်ကြည့်နေသည်။
ဆောယောင်းလည်း စားကြွင်းစားကျန် အမှိုက်များကို တစ်ပုံးတည်းမှာစုနေရာက ရပ်လိုက်ပြီး သူတို့ဆီသို့ ကြည့်လိုက်မိ၏။
'ထမင်းပန်းကန်..... မြန်မြန်ပြန်ပေးရင်ကောင်းမယ်။'
အရေးမပါသောကိစ္စကြောင့် စကားများရာမှ တဖြည်းဖြည်း အသံကျယ်လာကာ နောက်ဆုံးတွင်တော့ တစ်ယောက်ကိုတစ်ယောက် လည်ပင်းညှစ်သည်အထိဖြစ်ကုန်တော့သည်။
"အထူးလုံခြုံရေးအဖွဲ့အကြောင်း ထွက်လာရင် မဟုတ်ဘူးချည်းပဲ ထိုးချနေတာကို နားထောင်ရတာ စိတ်တိုလို့လေ။ အဲ့ဒါကို ထိုင်နားထောင်နေရင် အရှုံးသမားဖြစ်သွားတော့မလိုဖြစ်နေတော့ စောက်ရမ်း စိတ်တိုလို့..."
"ငါ ိုး။ အခု ဒါက ဘယ်သူ့ကို မနာလိုတာဆိုပြီး စွပ်စွဲနေတာလဲ။"
လူကောင်ထွားထွား ယောက်ျားနှစ်ယောက် ရန်ဖြစ်ကြလေရာ ရှည်လျားသော စားပွဲလည်း တုန်ခါသွားတော့သည်။ ကျန်နေသေးသော စီမံကြီးကြပ်ရေးဝန်ထမ်းများက နေရာမှ အမြန်လစ်ပြေးကုန်ကြ၏။ ဆောယောင်းကတော့ ဆတ်ခနဲတုန်သွားကာ မျက်တောင်လေး ပုတ်ခတ်ပုတ်ခတ် လုပ်နေမိသည်။
ဖြစ်ကြပြန်ပြီ ဖြစ်ကြပြန်ပြီ။ စားဖိုဆောင်မှ ခေါင်းလေးတွေမသိမသာပြူကာ ကြည့်နေကြသော အဒေါ်ကြီးများကတော့ အံ့သြဟန်မတူပေ။
ထိုအချိန်တွင် အထပ်လိုက် ပုံထားသော ထမင်းပန်းကန်များက ဒီဘက်သို့ ရောက်လာသည်။
"ငါ ိုး။ အထူးလုံခြုံရေးတပ်ဖွဲ့အကြောင်းပါလာရင် မျက်လုံးပြူး မျက်ဆန်ပြူးဖြစ်တာက ဘယ်သူလဲ။"
"ခွေးမသား။ မင်းက ငါ့ကျေးဇူးကြောင့် ဒီမှာ အေးဆေးနေနိုင်တာကိုများ ဘာလို့ ဒီလောက်တွေ တော်ပြတတ်ပြနေတာလဲ။ တပ်ထဲကထွက်လာပြီး သွားစရာမရှိတဲ့ အိမ်ခြေရာမဲ့ကို စောင့်ရှောက်ပေးခဲ့တာ ဘယ်သူလဲ။ ငါ ိုး။ မင်း ငါ့ကျေးဇူးသာမရှိရင် အစားအသောက်ပို့ရတဲ့အလုပ်ပဲလုပ်ပြီး မွဲနေဦးမှာကို။"
"တစ်ရက်နှစ်ရက်လည်း မဟုတ်တော့ စောက်ရမ်း စိတ်ကုန်လာလို့ပေါ့။ စပျစ်သီးချဉ်တယ် လုပ်နေတာလည်း တော်ရုံပဲလုပ်။ ကြည့်ရတာ ကျက်သရေတုံးလို့။"
"မင်းတစ်ယောက်ပဲ သန့်ရှင်းသလိုနေလိုက်ရင် ပြီးရောလား။"
"ဒါဆို မင်းကရော ီးက လက်သန်းလောက်လေးနဲ့ အာကျယ်နိုင်ရင် ပြီးပြီလား။"
"ငါ ိုး။ ခွေးမသား။"
"မနာလိုရင် မနာလိုဘူးပြော။ ညစ်တိညစ်ပတ် ဝေဖန်တာပဲ လုပ်မနေနဲ့...။"
ရုတ်တရက် 'ခွပ်'ဆိုသည့် အသံနှင့်အတူ လူတစ်ယောက်၏ မျက်နှာက ခပ်ပြင်းပြင်း လည်ထွက်သွားသည်။ ခွေးကိုက်ပွဲ၏ အစကား ယခုမှပင်။
~~~~
Miel's Translations