အပိုင်း (၀၁၀)
အခန်းမှာ ကြောက်ခမန်းလိလိ တိတ်ဆိတ်နေပြီး သူ့အနောက်တွင် နေခြည်အလင်းတန်းမှိန်မှိန်နှစ်ခုက ဖြာထွက်နေကာ ဖိနှိပ်မှုကို ပိုမို ခံစားရစေသည်။
မင်ကျူးမှာ အိပ်ရာနိုးလာကတည်းက အနည်းငယ် ခေါင်းကိုက်နေခဲ့ခြင်းဖြစ်သည်။ သူ(မ)သည် ခုတင်ပေါ်မှ ဖြည်းဖြည်းချင်း ထထိုင်လိုက်ပြီး ဆံနွယ်ရှည်ရှည်များက သူတို့လွတ်လပ်သလို ပြန့်ကျဲ့ကျနေပြီး မျက်နှာလေးမှာ အနည်းငယ် ဖြူဖျော့နေသယောင်ပေ။ သူ(မ)စိတ်ထဲတွင်မူ အကြောင်းတစ်ခုခုကြောင့် တထင့်ထင့် ဖြစ်နေ၏။
သူ(မ)သည် တံတွေးမျိုချလိုက်ပြီး စကားဆိုလိုက်သည့်အချိန် လည်ချောင်းက အနည်းငယ် နာနေသည်ကို သိလိုက်ရသည်။
“အရှင့်သား ဘာများ ဖြစ်လို့ပါလဲ”
ကျောက်ရှီ၏လက်ချောင်းများက စားပွဲစွန်းပေါ် တင်ထားပြီး သူ့လက်ထိပ်ဖျားအောက်တွင် စာရွက်ဝါဝါတချို့ ရှိနေပုံပင်။ သူ၏မျက်နှာက အလွန်တည်ငြိမ်နေ၏။
“ကိုယ် စိတ်ဝင်စားဖို့ကောင်းတဲ့အရာတစ်ခုကို တွေ့ထားတယ်”
မင်ကျူးသည် မတ်တပ်ထရပ်ကာ ဖိနပ်များကို ဝတ်ဆင်လိုက်ပြီး သူ့ဘေးသို့ နှေးကွေးစွာ လျှောက်သွားလိုက်သည်။ တစ်ချက်ကြည့်ရုံဖြင့် သူ့လက်အောက်မှ စာရွက်များကို သူ(မ) တွေ့လိုက်နိုင်၏။ သူ(မ)၏မျက်အိမ်များသည် ရုတ်ခြည်း ကျုံ့ဝင်သွားပြီး မနေနိုင်အောင် ထိုစာများကို သွားဆွဲလုလိုက်လုနီးနီး။ နှလုံးသားမှာ တဖြည်းဖြည်း နစ်ဝင်သွားရရင်း လက်များကို ကျစ်ကျစ် ဆုပ်ထားလိုက်မိသည်။
ကျောက်ရှီသည် မင်ကျူးကို မျက်လုံးများဝင့်ကာ မော့ကြည့်လာပြီး အမူအရာမဲ့နေသော မျက်နှာဖြင့် စာရွက်များကို ကောက်ယူကာ သူ(မ)ထံ ကမ်းပေးရင်း မေးလာ၏။
“စာဖတ်လို့တတ်တယ်မလား”
မင်ကျူးသည် ပါးစပ်ကို တွင်တွင်ပိတ်ထား၏။
ကျောက်ရှီက တည်ငြိမ်စွာဖြင့် : “ကိုယ့်ကို ဖတ်ပြစမ်းပါအုံး”
မင်ကျူးမှာ သူ ကမ်းပေးလာသည့် စာများကို ယူပင်မယူဝံ့၊ မည်သူကမျှ စာပါအကြောင်းအရာများကို သူ(မ)ထက်ပို၍ မသိနိုင်ချေ။ ၎င်းတို့မှာ အချစ်ကို ပထမဆုံးခံစားဖူးသည့် မိန်းမငယ်လေးတစ်ယောက်၏ အချစ်၌ပျော်ဝင်နေသော ချိုမြိန်သည့် ချစ်ရေးချစ်ရာ စာသ၀ဏ်လွှာများဖြစ်ပြီး ချိုမြိန်လွန်းသည်မှာ လူကို သွားများ ပိုးစားစေနိုင်လောက်အောင်ပင်။
သူ(မ)ကိုယ်၌လည်း ကျောက်ရှီသည် သူ(မ) အခြားအမျိုးသားများနှင့် ပတ်ပတ်သက်သက်ရှိလှသည်ကို လွန်စွာ သဘောမတွေ့ကြောင်း ကောင်းကောင်းကြီး သတိထားမိပေသည်။ တစ်ခါတစ်ရံ အနှီအမျိုးသားကြည့်လာလေ့ရှိသည့် အကြည့်များက သူ(မ)ကို အသက်ရှူရပင် ခက်ခဲစေ၏။
သူ့ပုံစံက ညင်သာသိမ်မွေ့ဟန်ရှိသော်လည်း တကယ်တမ်းတွင် တိတ်တိတ်ဆိတ်ဆိတ်နှင့် ပါးနပ်စွာဖြင့် သူ(မ)၏အရာရာကို လွှမ်းမိုးခြယ်လှယ်နေသူဖြစ်သည်။
သူ(မ)အနေနှင့် သူ့စကားကိုသာ မဖြစ်မနေ နားထောင်ရမည်၊ ကိစ္စတိုင်း အရာရာတိုင်းတွင် သူ့ဆန္ဒသူ့သဘောအတိုင်း နာခံလျှင်သာ အကောင်းဆုံးပင်။
ကျောက်ရှီသည် မတ်တပ်ထရပ်လာပြီး စာရွက်များကို စားပွဲပေါ် ဆောင့်ရိုက်ချလိုက်ရာ ထွက်လာသည့် ဖြန်းခနဲအသံက မိုးခြိမ်းသံလို လေးလံနေ၏။ သူသည် သူ(မ)အား မနာကျင်စေဘဲ မေးကို ဖျစ်ညှစ်လိုက်ပြီး မျက်ဝန်းနက်နက်များဖြင့် သူ(မ)ကို စေ့စေ့ကြည့်ရင်း : “လာလေ၊ ကိုယ့်ကို တစ်ခေါက်လောက် ဖတ်ပြစမ်းပါအုံး”
အချိန်တစ်ခုစာအထိ တိတ်ဆိတ်မှုသာ ကြီးစိုးနေ၏။ တံခါးအပြင်တွင် ရပ်နေသော အစောင့်သည် အသံတိုးတိုးဖြင့် သတိပေးလာ၏။
“အရှင်မင်းသား၊ မနက်ခင်းရုံးတော်ကို ဝင်ရမဲ့အချိန် ရောက်နေပါပြီ”
ကျောက်ရှီ၏မျက်နှာသည် ခက်ထန်နေပြီး အသံတို့ကား အေးစက်နေ၏။
“ထွက်သွား”
တံခါးနားတွင် ရပ်နေသည့် အစေခံများမှာလည်း လန့်ဖြန့်သွားရတော့သည်။ သူတို့သည် ပြေပြေပြစ်ပြစ်ရှိလှသော အိမ်ရှေ့စံထံမှ ‘ထွက်သွား’ ဟူသည့် ဤသို့သော ကြမ်းတမ်းသည့်စကားလုံးမျိုးကို တစ်ခါမှ မကြားဖူးခဲ့ချေ။
ထိုအစောင့်တွင် တစ်ဖန်ထပ်ပြောရဲသည့် သတ္တိရှိနေသေး၏။
“အရှင်မင်းသား၊ အခုထွက်မသွားရင် နောက်ကျသွားပါလိမ့်မယ်ဘုရား”
ကျောက်ရှီ၏အသံသည် မူလကထက် ဒီဂရီအနည်းငယ် ပိုအေးစက်လာ၏။
“မင်းကို ထွက်သွားဖို့ ပြောတယ်မလား နားမလည်ဘူးလား”
အစောင့်မှာ လန့်ဖြန့်သွားပြီး ဘာမှထပ်မဆိုရဲတော့ချေ။
မင်ကျူးသည် လှုပ်လှုပ်ရှားရှားပြုရန်ပင် အလွန် ကြောက်ရွံ့နေမိပြီး သူ သူ(မ)မေးကို ညှစ်ကိုင်ထားသည်ကြောင့်လည်း အနည်းငယ် နာကျင်လာ၏။ သူ(မ)၏မျက်ဝန်းများက လှိုင်းတွန့်များဖြင့် အရည်လဲ့ကာ နှာခေါင်းထိပ်မှာ နီရဲလာ၏။ သူ(မ)က အင်္ကျီစကို ဆုပ်ကိုင်ပြီး အသက်ပြင်းပြင်းရှူသွင်းလို့ မျက်လုံးများကို မှိတ်ကာ မေးလိုက်သည်။
“အရှင့်သားက တကယ်ပဲ ကျွန်တော်မျိုးမ ဖတ်ပြတာကို နားထောင်ချင်တာလား”
ကျောက်ရှီက အေးစက်စွာ ရယ်လေ၏။
မင်ကျူးသည် အလွန်မတရားခံရသလို ခံစားမိတော့သည်။ သူသည် သူ(မ)ပစ္စည်းများကို ခွင့်ပြုချက်မရှိ လျှောက်ကိုင်ပြီး အခုကျမှ သူ(မ)ကို ဒေါသထွက်နေရသတဲ့လေ၊ ဘာအတွက်လဲ။ သူ(မ)သည် အလွန်ခက်ခက်ခဲခဲ ရုန်းကန်မနေတော့ဘဲ : “ကျေးဇူးပြုပြီး ကျွန်တော်မျိုးမကို အရင် လွှတ်ပေးပါ၊ ကျွန်တော်မျိုးမ အရှင့်သားအတွက် ဖတ်ပြပေးပါ့မယ်”
သူ(မ) စာလုံးတစ်လုံးချင်းစီတိုင်၊ စာကြောင်းတစ်ကြောင်းစီတိုင်းကို ဖတ်ပြပေးအုံးမည်။
ကျောက်ရှီသည် သူ့လက်များကို ပြေလျော့ပေးလိုက်သည်။ မင်ကျူးသည် ချောင်းနှစ်ကြိမ်ဆိုးကာ စားပွဲပေါ်မှ စာများကို ကောက်ယူလိုက်သည်။ အချို့မှာ သူ(မ) ဝေ့ချီယွီထံ ရေးပေးသော စာများဖြစ်ပြီး အချို့မှာ ဝေ့ချီယွီမှ သူ(မ)ဆီ ရေးပေးသော စာများဖြစ်သည်။
သူ(မ)သည် စာကောင်းကောင်းမသင်ခဲ့ရပြီး ကဗျာစာပေရေးသားရာတွင် အလွန်မကျွမ်းကျင်သည့်အတွက် သူ(မ)ရေးသည့် အချစ်စာလေးများမှာ သာမန်ရိုးကျပြီး ရဲရဲတင်းတင်းရှိလှသည်။ ထိုအချိန်များက သူ(မ)သည် သူနှင့်အတူ ပျော်ရွှင်ချိုမြိန်သည့် ဘဝလေးတစ်ခုကို အချိန်တွေအကြာကြီးအထိ အတူရှိနိုင်ရန် မျှော်လင့်မိသည့် ဆန္ဒလေးမှတစ်ပါး အခြားမရှိခဲ့ချေ။
ထိုအချိန်များက သူ(မ)သည် ခင်ပွန်းကောင်းတစ်ယောက်ကို လက်ထပ်နိုင်ရန် နှလုံးသားအခြေမှနေ၍ တောင်းဆုပြုခဲ့သည်။ ထိုသူကား ဩဇာကြီးသော မိသားစုကောင်းမှ ဖြစ်စရာမလိုသလို ကြွယ်ဝချမ်းသာနေစရာလည်း မလိုအပ်ချေ။ သူ(မ)အပေါ် လေးနက်စစ်မှန်သရွေ့၊ သူ(မ)ကို သဘောကျမြတ်နိုးပြီး ကြင်နာပေးသရွေ့ သူ(မ)အတွက် လုံလောက်ပြီပင်။ ထို့ကြောင့် သူ(မ)ရေးခဲ့သည့် စာလွှာများမှာ သူ(မ)၏နှလုံးသားနှင့်ရင်းပြီး ခံစားရေးသားထားသော စကားလုံးများသာဖြစ်သည်။
မင်ကျူးသည်လည်း ဤစာများကို မဖတ်ဖြစ်သည်မှာ အတော်ပင် ကြာသွားခဲ့ပြီဖြစ်၍ အသိများပြန်မဝင်လာခင် တစ်ခဏအကြာ တွေဝေမှင်သက်နေမိသည်။ ထို့နောက်တွင် သူ(မ)သည် အသံတိုးတိုးဖြင့် စတင်ဖတ်ပြလိုက်သည်။
“အဆုံးမရှိသော ချစ်ခြင်းမေတ္တာများဖြင့် ချစ်လှစွာသော ဝေ့လန်ထံသို့”
“မနေ့က ကျွန်မ ရှင်ရဲ့ပြန်စာကို ရတဲ့အတွက် အရမ်းဝမ်းသာမိပါတယ်၊ ရှင်နဲ့တစ်နေ့မတွေ့ရတာကား သုံးနှစ်သုံးမိုး မတွေ့ရသလိုပါပဲ၊ ကျွန်မ ရှင်နဲ့ အမြန်ဆုံး ပြန်တွေ့နိုင်ပြီး ဘယ်သောအခါမှ မခွဲခွာနိုင်တော့ဖို့ မျှော်လင့်လျက်ဖြင့်”
သူ(မ) တစ်ခွန်းဆိုလာတိုင်း ကျောက်ရှီ၏မျက်နှာက သိသိသာသာ အေးစက်လာ၏။
စာလွှာများကို တစ်ဖန် ပြန်ဖတ်မိချိန် မင်ကျူး၏မျက်လုံးများသည် နီရဲလာပြီး နှလုံးသားမှာ ဝမ်းနည်းလာမိသည်။ သူ(မ)သည် နောက်စာတစ်စောင်ကို ထပ်ယူဖတ်လိုက်သည်။
“ဝေ့လန်၊ ကျွန်မ ရှင့်ကို မတွေ့ရတာ လဝက်ရှိသွားပြီ ရှင် အဆင်ပြေရဲ့လား၊ *ကျုမူက ကျွန်မကို ရှင်နဲ့ လက်ဆက်ပေးဖို့ သဘောတူလိုက်ပြီ၊ အခုဆို ကျွန်မလည်း ရှင်နဲ့အတူ နေ့ရက်တိုင်းကို ဖြတ်သန်းနိုင်ဖို့ မျှော်လင့်စောင့်စားနေမိပါရဲ့”
[*ဖခင်ဘက်မှ တော်စပ်သောအဖွားဖြစ်သူ]
နောက်ဆုံးတွင် သည်းမခံနိုင်တော့သည့်အလား ကျောက်ရှီသည် သူ(မ)လက်ကောက်ဝတ်ကို ဖမ်းဆုပ်လာ၏။
“မဖတ်နဲ့တော့”
မင်ကျူးသည် စာလွှာများဖတ်ပြီးသည့်နောက်တွင် ကျောက်ရှီ၏ဒေါသက မပြေလျော့သွားသည့်အပြင် ပို၍ကြီးထွားလာကြောင်း ခံစားမိလိုက်သည်။
သူ၏မျက်နှာထက်တွင် မည်သည့်အပိုအမူအရာမှ မရှိနေချေ။ သူ၏ရှည်လျားသော ပုံရိပ်က ဘေးပတ်ပတ်လည် လေးလေးလံလံဖိအားများဖြင့် သူ(မ)အပေါ် ရိပ်မိုးလာ၏။
ကျောက်ရှီသည် စကားတစ်ခွန်းမဆိုဘဲ စားပွဲပေါ်မှ ဟောင်းနွမ်းနေပြီးဖြစ်သော စာလွှာများကို ယူပြီး မီးလင်းဖိုထဲ ပစ်ထည့်လိုက်သည်။
စာသဝဏ်လွှာများမှာ မီးတောက်နှင့် ထိသည်နှင့် ပြာအဖြစ် ပြောင်းလဲပြီး လေထုထဲ ပျံ့လွင့်လာတော့သည်။
မင်ကျူးသည် ၎င်းတို့ကို ပြန်လုယူရန် ကြိုးစားလိုက်သော်လည်း နောက်ကျလွန်းသွားခဲ့ပြီဖြစ်သည်။
ကျောက်ရှီသည် ရှေ့သို့ အပြေးအလွှား ပြေးဝင်သွားသည့် သူ(မ)ကို တွေ့ချိန် သူ(မ)လက်မောင်းကို တင်းကျပ်စွာ ဖမ်းဆုပ်ပြီး သူ့ရင်ခွင်ထဲသို့ ကြမ်းကြမ်းတမ်းတမ်း ဆွဲသွင်းလိုက်သည်။ သူသည် သူ(မ)ကို ခေါင်းငုံ့ကြည့်လာပြီး သူ(မ)နှုတ်ခမ်းကို ခပ်ကြမ်းကြမ်း ကိုက်ချလိုက်သည်။ နှုတ်ခမ်းပေါက်ပြီး သွေးအရသာကို ခံစားမိကာမှ သူ့စိတ်အခြေအနေက နေလို့ကောင်းသွားတော့ပြီး အသံက အလွန်အမင်း အေးစက်နေခဲ့သည်။
“မခွဲရက်ဘူးပေါ့”
မင်ကျူး၏မျက်နှာသည် ဒေါသကြောင့် နီမြန်းနေပြီဖြစ်သည်။ အနည်းငယ် နီရဲလာသည့် မျက်ဝန်းထောင့်များကလည်း ရေကြည်လဲ့လဲ့များဖြင့် သနားချင့်စဖွယ် ကောင်းနေ၏။
ကျောက်ရှီသည် သူ(မ)ငိုတော့မည်ကို မြင်လျှင် အထဲတွင် လောင်ကျွမ်းနေပြီးဖြစ်သော ဒေါသမီးကို ပြန်ဖိနှိပ်ထားလိုက်သည်။ ထိုအခိုက်တွင် သူသည်လည်း သူ အမြဲ ဂုဏ်ယူလာခဲ့ရသည့် ဆင်ခြင်တုံတရားနှင့် တည်ငြိမ်မှုကို ဆုံးရှုံးသွားခဲ့ရသည်။
“မင်းက အဲ့ဒီအမျိုးကောင်းသားရဲ့မိန်းမဖြစ်ချင်နေတုန်းပဲလား”
မင်ကျူးသည် အံကို တင်းတင်းကြိတ်လျက် စကားမဆိုဘဲ သူ့ကိုသာ အရည်ကြည်များလဲ့နေသော မျက်ဝန်းများဖြင့် စိုက်ကြည့်နေလိုက်သည်။
ကျောက်ရှီသည် သူ(မ) ဤကဲ့သို့ ဒေါသတကြီးဖြစ်နေပုံကို တစ်ခါမှ မတွေ့ဖူးခဲ့ချေ။ သူ ဝေ့ချီယွီအကြောင်းကို အစဖော်လိုက်ချိန် သူ(မ)၏ ဆောက်တည်ရာမရ စိတ်လွတ်သွားသည့်ပုံက သူ့ကို ပိုလို့ ဒေါသထွက်စေ၏။
“သူ မင်းကို လက်ထပ်အုံးမယ်လို့ ထင်နေသလား”
အေးစက်စက်အပြုံးက ကျောက်ရှီ၏နှုတ်ခမ်းထက် ပေါ်ထွက်လာပြီး သူ(မ)၏ရူးရူးမိုက်မိုက်အိပ်မက်ကို လှောင်ပြောင်ရယ်နေသယောင်။
ကျောက်ရှီ၏မျက်ဝန်းများထဲမှ ဥပေက္ခာက မင်ကျူး၏ ပျောက်ဆုံးလုနီးနီးဖြစ်နေသော မိမိကိုယ်မိမိလေးစားတန်ဖိုးထားမှုကို အမှန်တကယ် ထိခိုက်စေ၏။ ဥပေက္ခာပြုသည်ဆိုခြင်းထက် ထိုအကြည့်မှာ ပြယ်ရယ်ပြုနေသယောင်၊ အထင်အမြင်သေးနေသယောင်၊ စက်ဆုပ်နေသယောင်နှင့် နိမ့်ပါးသည့် ကစားစရာသာသာအဖြစ် သတ်မှတ်ထားသည့် သူ(မ)ကို သူ ဆန္ဒရှိသလို လှောင်ပြောင်နေသည့် အကြည့်မျိုးဖြင့် ကြည့်နေခြင်းဖြစ်သည်။
တကယ်တမ်းပြောရလျှင် သူ(မ)ကို ကျောက်ရှီ အတင်းအဓမ္မခေါ်ဆောင်ပြီး သူ့ခုတင်ပေါ်တွင် ထားလိုက်ကတည်းက သူ(မ)တွင် မိမိကိုယ်မိမိတန်ဖိုးထားမှုဆိုတာ မရှိတော့ချေ။ သူ(မ)လည်း သူလိုငါလို လောကကြီးအလယ် ပျံ့နှံ့နေသည့် ကောလဟာလ၊ အတင်းအဖျင်းများကို မတွေးမိအောင် အတတ်နိုင်ဆုံးကြိုးစားသည့်တိုင် ရွှေဖြင့် လုပ်ထားခြင်းမဟုတ်သော နှလုံးသားကား အရှက်တရားကို ခံစားနေရဆဲ၊ ဝမ်းနည်းမှုကို ခံစားမိနေဆဲဖြစ်သည်။
မင်ကျူးသည် ဒေါသထွက်လွန်းသဖြင့် မျက်ရည်က အလိုလို ကျလာရတော့သည်။
ယခုတစ်ကြိမ်တွင် ကျောက်ရှီသည် သူ(မ)ငိုနေသည်ကို မြင်သည့်တိုင် စိတ်ပျော့မသွားဘဲ မည်သည့်သနားညှာတာမှုကိုမျှ မပြသတော့ချေ။ သူသည် စကားတစ်ခွန်းချင်းစီတိုင်းကို တိကျပြတ်သားစွာ ဆိုလာ၏။
“သူ လုပ်မှာမဟုတ်ဘူး”
“မင်းကိုယ်မင်း သူ့ဆီ ပြန်သွားလို့ရသေးတယ်တွေးပြီး ထင်ယောင်ထင်မှားဖြစ်မနေနဲ့”
မင်ကျူးသည် မျက်ရည်များကို သုတ်ကာ နှာသံဖြင့် ခေါင်းငုံ့ထားလျက် တီးတိုးဆိုလိုက်သည်။
“ရှင့်ကြောင့်သာမဟုတ်ရင် ကျွန်မဆန္ဒရှိတဲ့အတိုင်း သူနဲ့လက်ထပ်ပြီးတာ ကြာလောက်ပြီ”
သူ(မ)လည်း ဤသို့မလျော်ကန်သည့် အရှက်ရဖွယ် အငယ်အနှောင်းတစ်ယောက် ဖြစ်နေမှာမဟုတ်သလို၊ အောက်တန်းကျလှသည်ဟု အိမ်ရှိညီအစ်မများ၏ နှာခေါင်းရှုံ့ကဲ့ရဲ့ခြင်းကိုလည်း ခံရမည်မဟုတ်၊ လူအများ၏အမြင်တွင် အာဏာရဖို့အရေး အိမ်ရှေ့စံမင်းသားကို ဖြားယောင်မြူဆွယ်ထားသည့် စဉ်းလဲသော ကိုယ်လုပ်တော်ဖွားသမီးတစ်ယောက်အနေဖြင့်လည်း အမြင်ခံရမည်မဟုတ်ချေ။
_
မနက်ခင်းနေရောင်ခြည်တောက်ပလာသည်နှင့်အတူ ပိယင်သည် လတ်ဆတ်လန်းဆန်းသော လေများ ဝင်စေရန်အလို့ငှာ အခန်းအတွင်းရှိ တံခါးများအားလုံးကို ဖွင့်လိုက်သည်။
မမလေးမင်ကျူးသည် ခုတင်စွန်းတွင် မလှုပ်မယှက် ထိုင်နေ၏။ မျက်ရည်ကြောင်းများက သူ(မ)မျက်နှာထက်တွင် မြင်သာနေပြီး အကြည့်တို့က မီးလင်းဖိုထံတွင်သာ မခွာတမ်းရှိနေသယောင်။
ပိယင်သည် သတိတကြီးထားလျက် လျှောက်သွားပြီး မေးမြန်းလိုက်သည်။
“မမလေး အေးနေလို့လား”
မမလေးက ဘာလို့ မီးလင်းဖိုကိုပဲ စိုက်ကြည့်နေတာလဲ?
မင်ကျူးက ခေါင်းခါကာ : “မအေးပါဘူး”
သူ(မ)သည် မျက်လုံးများဝင့်ကာ : “ငါ့ကို ရေနည်းနည်းလောက် သွားခပ်လာခဲ့ပေးပါ၊ ငါ မျက်နှာသစ်ချင်လို့”
သူ(မ)မျက်နှာက စိုစွတ်နေသေးသယောင် ခံစားရသဖြင့် အနည်းငယ် နေမထိထိုင်မသာ ဖြစ်နေမိ၏။ ဤမနက်ခင်းက ကျောက်ရှီသည် သူ(မ) သူ့ကို မောင်းထုတ်ပြီးသည်နှင့် ထွက်သွားတော့သည်။ သူ(မ) ထိုစကားပြောပြီးလိုက်ချိန်က သူသည် စကားတစ်ခွန်းမဆိုလာတော့ဘဲ မျက်နှာက ရေခဲသမျှ အေးစက်သွားခဲ့သည်။ သူ အကြီးအကျယ် ပေါက်ကွဲထွက်တော့မည်ဟု သူ(မ) ထင်မှတ်ထားသော်လည်း သူသည် ဖြူဖျော့လျက် မျက်နှာနှင့် အင်္ကျီစကို ခါကာ ထွက်သွားတော့သည်။
မင်ကျူးသည်လည်း ထိုစကားများ ပြောပြောပြီးချင်းမှာပင် ချက်ချင်း နောင်တရမိတော့သည်။ သူ(မ) ကျားခေါင်းမွှေးကို သွားမနုတ်လိုက်သင့်ပေ။ သို့သော် ကံကောင်းထောက်မစွာ သူ(မ)သည် မင်အိမ်တော်တွင် ရှိနေပေလို့။ အိမ်ရှေ့စံ၏အိမ်တော်တွင်သာဆို ယနေ့မနက်တွင် ဤကိစ္စတွေက ဘယ်လိုဖြစ်သွားလိမ့်မလဲဆိုတာ မသိနိုင်ချေ။
ပိယင်သည် အခန်းထဲသို့ ရေနွေးတစ်ဇလား အလျင်အမြန် ယူလာခဲ့ပေး၏။ မင်ကျူးသည် မျက်နှာကို ရေစိုပဝါဖြင့် သုတ်လိုက်ပြီး မျက်လုံးကို အကြိမ်အနည်းငယ် ဆေးလိုက်ပြီးကာမှ နေသာထိုင်သာရှိသွားတော့သည်။
သူ(မ)တွင် အချိန်သိပ်မရပြီး ဤတိုတိုတောင်းတောင်း အချိန်ဆယ်ရက်တည်းသာ ရှိသည်။
အချိန်ကျသည်နှင့် သူ(မ)သည် အိမ်ရှေ့စံ၏အိမ်တော်သို့ ပြန်ရလိမ့်မည်ဖြစ်သည်။ ထိုနေရာသို့ ပြန်ရောက်သွားလျှင် ထွက်ပြေးလွတ်မြောက်နိုင်မည့်အခွင့်အရေး လုံးဝမရှိနိုင်တော့သည်ကို မင်ကျူးအနေနှင့် ဦးနှောက်ဖြင့်ပင် စဉ်းစားနေစရာမလိုချေ။
မင်အိမ်တော်မှ လူများသည် သူ(မ)ကို အချိန်ပြည့် မျက်စိဒေါက်ထောက်ကြည့်နေမည်မဟုတ်သလို သူ(မ)ဘယ်သွားသွား ဂရုစိုက်နေမည့်သူလည်း မရှိချေ။
မင်ကျူးသည် ပိယင်ကို ရည်ရွယ်ချက်ချက်ရှိရှိ အဝေးသို့ လွှတ်လိုက်သည်။
သူ(မ)က : “ငါ နွေဦးခေါက်ဆွဲစားချင်လို့ စားဖိုဆောင်ကို သွားပြီး သူတို့ ငါ့အတွက် ချက်ပေးနေတဲ့အချိန် သေချာကြည့်ထားပေး၊ ကြက်သွန်မြိတ်နဲ့ ကြက်သွန်ဖြူတွေ မထည့်စေနဲ့”
“ဟုတ်ကဲ့”
ပိယင် ထွက်သွားသည်နှင့် မင်ကျူးသည် အားရုန်ကို အပေါင်ဆိုင်ဆီ အမြန် သွားခိုင်းလိုက်သည်။
မနက်ခင်းကာ ထိုမျှနှင့် မပြီးသွားသေးချေ။ မင်ရူသည် သူ(မ)၏အနီးကပ်အစေခံအား မင်ကျူးထံ ပေရေနေသောအဝတ်အစားပုံကြီးကို ပို့လာခိုင်းလိုက်ပြီး သူ(မ)အား ယခင်ကလုပ်နေကျအတိုင်း လျှော်ဖွက်ရန် အမိန့်ပေးလာ၏။
မင်ကျူးသည် ဒေါသထွက်ထွက်ဖြင့် ရယ်မိသည်။ သူ(မ)က မုန့်ပျော့မလို့လား ဘယ်သူမဆို အနိုင်ကျင့်ချင်တိုင်း ကျင့်လို့ရအောင်?
သူ(မ)က : “အကြီးဆုံးအစ်မကို ပြောလိုက်ပါ၊ ကျွန်မ လျှော်မှာမဟုတ်ဘူးလို့”
အစေခံမလေးသည် သူ(မ) ထိုသို့ပြောလာမည်ကို ခန့်မှန်းမိပုံရသဖြင့် မင်ရူ၏စကားအတိုင်း ထပ်ဆင့်ဆိုလာ၏။
“သခင်မလေးမင်ရူကလည်း မင်းကောင်းဖို့အတွက် လုပ်နေတာ ကောင်းစားနေတဲ့ ဘဝကြီးကို ကျင့်သားမရနေအောင်လို့ နောင်မှာ အောက်ခြေကို ပြန်ပြုတ်ကျလာပြီး အရင်က နေ့ရက်အတိုင်း ပြန်နေရတဲ့အခါမှာ သိပ်ပြီးမတုန်လှုပ်သွားရအောင်လို့လေ”
အိမ်ရှေ့စံမင်းသားသည် မနေ့ညက တိတ်တဆိတ် ရောက်လာခဲ့သော်လည်း မနက်ခင်းပိုင်းတွင် မျက်နှာတင်းတင်းဖြင့် ပြန်ထွက်သွား၏။
သခင်မလေးမင်ကျူးသည် အရှင့်သားကို အပြစ်ပြုလိုက်ဟန်တူ၏။ သူ(မ)၏ပစားပေးခံရမှုက တဲတဲမျှအခြေအနေတွင် ရှိနေနှင့်ပြီးဖြစ်သော်လည်း လက်ရှိတွင် ပိုလို့ပင် ဆိုးရွားလာတော့သည်။
မင်ကျူးသည် ထိုစကားများကို ဥပေက္ခာပြုထားလိုက်ပြီး : “အကြီးဆုံးအစ်မရဲ့စေတနာမေတ္တာအတွက် ကျေးဇူးတင်ပါတယ်၊ ဒါပေမဲ့ အခုအချိန်မှာ အနာဂတ်ထိုက်ကျစ်ဖေးအလောင်းအလျာကို ဘယ်လိုကိုင်တွယ်ရမလဲဆိုတာ အရင်ဆုံး စဉ်းစားထားသင့်တာ အကောင်းဆုံးပဲမလား”
ရှန်းယန်မင်းသမီးသည် ရိုးသားဖြူစင်ဟန်ပေါ်သော်လည်း အကုန်လုံးကား အပေါ်ယံမျှသာဖြစ်သည်။ တကယ်တမ်းတွင် သူ(မ)၏သွေးအေးရက်စက်မှုသည် ကျောက်ရှီထက် မသာလျှင်တောင် မလျော့နေချေ။ မင်းသမီးသည် ထိုအချိန်က အရှေ့နန်ဆောင်ကိုပင် မဝင်ရသေးသည့်တိုင် အိမ်ရှေ့စံနှင့် လက်မထပ်နိုင်သည့် သူ(မ)ကိုပင် လက်သင့်မခံနိုင်ရာ နောင်တွင် မင်ရူကိုလည်း သည်းခံနိုင်မည်မထင်။
ဒါ့အပြင်…
ရှန်းယန်မင်းသမီးက ကျောက်ရှီ ချစ်မြတ်နိုးရသည့် အမျိုးသမီးဖြစ်လောက်ဟန်တူသည်ဟု မင်ကျူး ခံစားမိသည်။ မည်သို့ဆိုစေ ရှန်းယန်မင်းသမီး သူ့ကို အရှက်ရစရာမရှိ၊ ခလုတ်တံသင်းမရှိဘဲ လက်ထပ်နိုင်စေရန်အတွက် ခုတင်နွေးပစ္စည်းတစ်လက်ဖြစ်သော သူ(မ)ကို ဖယ်ရှားရန် သူကိုယ်တိုင် အမိန့်ပေးစေခိုင်းခဲ့သည်မဟုတ်ပါလား။
အစေခံမလေးသည် သူ(မ)၏ခွန်းတုံ့ပြန်စကားကြောင့် ကြက်သေသေသွားပြီး ညစ်ပတ်နေသော အဝတ်အစားပုံကြီးကို ထားခဲ့ကာ ရွံရှာစွာဖြင့် ထွက်သွားတော့သည်။
စားဖိုဆောင်မှ ပြန်ရောက်လာသော ပိယင်သည် အဝတ်အစားပုံကြီးကို တွေ့သည်နှင့် ဒေါသထွက်တော့သည်။
“သူတို့တွေ လွန်လွန်းသွာပြီ!”
အရင်က မမလေးမင်းကျူး ဘယ်လိုမျိုး နေခဲ့ရတာပါလိမ့်၊ *တည်သီးလိုမျိုး လူတွေက အနူးညံ့ဆုံးကိုပဲ အမြဲ ရွေးချယ်ချင်ကြတာ။ သူများတွေက အနိုင်လာကျင့်ကြပြီး သူ(မ)အတွက် စိတ်ပူပေးမဲ့သူတောင် မရှိခဲ့ဘူး။
[*အနူးညံ့ဆုံးတည်သီးကို ရွေးချယ်တယ်ဆိုတာက အနိုင်ကျင့်လို့ရလောက်မဲ့၊ အနိုင်ကျင့်လို့အကောင်းဆုံးသူကိုမှ ရွေးပြီး အနိုင်ကျင့်တာမျိုး]
မင်ကျူးက : “ဒေါသထွက်မနေပါနဲ့၊ သူ့အင်္ကျီတွေကို လွှင့်သာပစ်လိုက် ရနေပြီပဲ”
ပိယင်သည် ဒေါသထွက်ထွက်နှင့် အဝတ်အစားများကို သွားလွှင့်ပစ်ပြီး : “အရှင့်သားတောင်မှ မမလေးကို ဘာမှမလုပ်ခိုင်းရက်တာ သူတို့ကများ!”
မင်ကျူးသည် ကျောက်ရှီအကြောင်း ကြားသည်နှင့် နှုတ်ခမ်းထောင့်မှ အပြုံးက ဖြည်းဖြည်းချင်း ပျောက်ကွယ်သွားတော့သည်။ သူ(မ)မှာ ဆက်ပြီးတောင် မပြုံးနိုင်တော့ပေ။
မင်ကျူးသည် ခေါင်းငုံ့ကာဖြင့် ခေါက်ဆွဲကို စားနေလိုက်သည်။ စားပြီး၍ တူကို ချလိုက်စဉ်မှာပင် အားရုန်သည် အပြင်မှ ပြန်ရောက်လာ၏။ သူ(မ)သည် မျက်မှောင်ကြုတ်ထားပြီး မျက်ဝန်းများက အနည်းငယ် မခံချိမခံသာဖြစ်နေဟန်ဖြင့်။
မင်ကျူးသည် ပိယင် ထွက်သွားပြီးသည့်အခါတွင်မှ ဘာဖြစ်လာသလဲ မေးရတော့သည်။
အားရုန်က : “သူက ရတနာတွေကို လက်မခံဘူးရှင့်၊ ဆိုင်ရှင်ကပြောတယ် ကျွန်တော်မျိုးမပုံစံက အသိုင်းအဝိုင်းကြီးက သခင်ဆီကနေ ခိုးပြီး ထွက်ပြေးလာတဲ့ အစေခံနဲ့ တူတယ်တဲ့လေ၊ ကျွန်တော်မျိုးမလက်ထဲက ရတနာတွေကို ခိုးရာပါပစ္စည်းတွေလားဘာတွေလားမှန်းမသိတာမလို့ လက်မခံဘူးတဲ့”
ဆိုင်ရှင်ကဲ့သို့သော အတွေ့အကြုံရှိလှသည့်သူများက အတော်လေး ဗဟုသုတကြွယ်ကြသည်။ လူမျိုးစုံကို တွေ့ဖူးပြီး အတွေ့အကြုံမျိုးစုံကို ကြုံဖူးထားသည်ကြောင့် တစ်ချက်ကြည့်ရုံနှင့် သူ ဆက်ဆံနေရသည့်လူက ဘယ်လိုလူစားမျိုးမှန်း တန်းသိနေ၏။
အားရုန်သည် ခြေကြမ်းကြမ်းဆောင့်ကာဖြင့် : “ကျွန်တော်မျိုးမဖြင့် အဲ့ဒီလူနဲ့ ထသတ်လုနီးနီး၊ တကယ် စိတ်တိုဖို့ကောင်းလွန်းတယ်”
မင်ကျူးသည် သူ(မ)ကို စိတ်ငြိမ်ငြိမ်ထားရန်နှင့် မစိုးရိမ်ရန် ဆိုလိုက်သည်။ သို့သော် အားရုန်အနေနှင့် ဘယ်လိုလုပ်ပြီး မစိုးရိမ်ဘဲ နေနိုင်ပါ့မလဲ၊ သူ(မ)က သူ(မ)၏သခင်မလေးကို ဒီဒုက္ခပင်လယ်ကနေ အမြန်ဆုံး လွတ်မြောက်စေချင်ပြီလေ။
“မမလေး အခု ကျွန်တော်မျိုးမတို့ ဘယ်လိုလုပ်ကြမလဲ”
မင်ကျူးသည် မျက်မှောင်ကြုတ်လိုက်ပြီး တစ်ခဏ စဉ်းစားကြည့်လိုက်သည်။
“ကြည့်ရတာ ငါကိုယ်တိုင်ပဲ သွားမှဖြစ်တော့မယ်ထင်တယ်”
အားရုန်သည် အနည်းငယ် ရတက်မအေးဖြစ်နေ၏။
“ဘယ်သူမှတော့ မသိသွားလောက်ဘူးမလားဟင်”
မင်ကျူးလည်း စိတ်ထဲ သက်ပြင်းအသာချမိသည်။ သူ(မ)တွင် အခြားရွေးချယ်စရာတွေလည်း မရှိနေချေ။ သို့ရာတွင် အမျိုးသားတစ်ယောက်ကဲ့သို့ ဝတ်စားသွားလျှင်တော့ အလွယ်တကူ မှတ်မိနိုင်လိမ့်မည်လို့ မထင်ချေ။
သို့နှင့်ပဲ နောက်တစ်နေ့တွင် မင်ကျူးသည် အဝတ်ဗီရိုထဲမှ ယခင်က သူ(မ) မကြာခဏ ဝတ်လေ့ရှိသော အမျိုးသားဝတ်စုံကို ရှာလိုက်ပြီး ဆံနွယ်များကို ယောက်ျားထုံးဆံထုံးအဖြစ် မထုံးဖွဲ့မီ ပြောင်းလဲဝတ်ဆင်လိုက်သည်။ အဝေးမှလှမ်းကြည့်လျှင် သူ(မ)သည် သိမ်မွေ့လှပသည့် ပျောညံ့ညံ့ စာသင်သားတစ်ဦးနှင့် သွားဆင်၏။
အားရုန်က ပိယင်ကို အာရုံလွှဲထားခဲ့ပြီးနောက် နှစ်ယောက်သားသည် ရသည့်အချိန်လေးကို အခွင့်ကောင်းယူပြီး အနောက်တံခါးရှိ အစေခံများ သည်းကြီးမည်းကြီး လောင်းကစားလုပ်နေကြချိန် လစ်ထွက်လာလိုက်သည်။
မင်ကျူးသည် ပိုက်ဆံဖြင့် လဲလှယ်လို့ရနိုင်မည့် ရတနာအားလုံးကို သူ(မ)နှင့်အတူ ယူဆောင်လာခဲ့လိုက်ပြီး ရင်ဘက်ထဲ တင်းကျပ်စွာ ထည့်ဖက်ထားလိုက်သည်။ သူ(မ)အပေါင်ဆိုင်တံခါးဝရှေ့သို့ ရောက်ချိန်တွင် ဘေးပတ်ပတ်လည်ကို တစ်ချက်ဝေ့ကြည့်လိုက်ပြီး လူ သိပ်မများနေသည့်အချိန် ဆိုင်ထဲသို့ ခပ်သုတ်သုတ် ဝင်သွားလိုက်သည်။
ဆိုင်ရှင်က သူ(မ)မျက်နှာနှင့် အရောင်အဝါကို မြင်သည်နှင့် သူ(မ)က သာမန်လူတစ်ယောက်မဟုတ်ကြောင်း ချက်ချင်း သိလိုက်ပြီး ဖောက်သည်အသစ်ကလေးအား ကြိုဆိုရန် လက်ဖက််ရည်ကို အမြန် တည််ခင်းပေးလာတော့၏။
“သခင်မလေး ဘာများပေါင်နှံချင်လို့ပါလဲ”
မင်ကျူး : “……”
ရုပ်ဖျက်တာ မအောင်မြင်ဘူးပဲ။
သူ(မ)က လည်ချောင်းရှင်းရန် လက်ဖက်ရည်ကို သောက်လိုက်ပြီး : “အထဲဝင်ပြီး သွားပြောရအောင်”
ဆိုင်ရှင်၏မျက်လုံးများက ဝင်းဝင်းတောက်သွားပြီး : “သခင်မလေး ကြွပါ”
မင်ကျူးသည် သူ(မ)အထုပ်ကို စားပွဲပေါ်တင်လိုက်ပြီး အထဲမှ ဟင်္သာပဒါးဆံထိုးများ၊ ကျောက်စိမ်းဆံထိုးများနှင့် ကျောက်စိမ်းလက်ကောက်များကို ပြကာ မေးလိုက်သည်။
“တစ်ချက်ကြည့်ပါအုံး ဒါတွေက ဘယ်လောက်တန်မလဲလို့”
ဆိုင်ရှင်၏အကြည့်များသည် ထိုပစ္စည်းများအပေါ်မှ ခွာပင်မခွာတော့ချေ။ သူသည် ထိုပစ္စည်းပုံကြီးကို တစ်ခုချင်းစီ သေချာစစ်ဆေးကြည့်ပြီး အတန်ကြာ တိတ်ဆိတ်နေပြီးကာမှ သူသည် : “သခင်မလေး ဒီပစ္စည်းတွေအများကြီးကို ဘယ်ကရလာသလဲ”
“ရှင် စိတ်ပူနေစရာမလိုပါဘူး၊ ဒါတွေက ခိုးရာပါပစ္စည်းတွေလည်းမဟုတ်ဘူး ဓားပြတိုက်လာတာလည်းမဟုတ်ဘူး”
ဆိုင်ရှင်သည် သူ၏မုတ်ဆိတ်ကို တသပ်သပ်ဖြင့် အမူအရာက အလွန် အခက်တွေ့နေရဟန်။ သူ့အရှေ့ရှိ ပစ္စည်းပုံကြီးက တကယ့်ရတနာကြီးပင်၊ ပစ္စည်းတိုင်းသည် ရှာရခက်ပြီး အလွန်အမင်း ရှားပါးလွန်းသည့် ရတနာများဖြစ်ကြသည်။ အများစုသည် နိုင်ငံငယ်များမှ လက်ဆောင်ပဏ္ဏာအဖြစ် ဆက်သကြသော အဖိုးတန်ကျောက်မြတ်များဖြစ်သည်။ ဒီလိုပစ္စည်းမျိုးကို နန်းတော်ကလွဲပြီး ဘယ်နေရာမှာမှ မတွေ့နိုင်ဘူး!
သူ မင်ကျူးကို ကြည့်သည့်အကြည့်က ပြောင်းလဲသွားတော့သည်။ အနှီသခင်မလေးက သူမတူရုပ်ရည်အသွင်အပြင်နှင့် သာမန်ထက်လွန်ကဲသည့် အရောင်အဝါတို့ဖြင့်၊ ဖြူဖြူဥဥအသားအရည်က နုနုနယ်နယ်လေးမှန်း သိရပြီး တစ်ချက်ကြည့်လိုက်ရုံဖြင့် အလိုက်ခံ၊ ဖူးဖူးမှုတ်ခံ သခင်မငယ်လေးတစ်ဦးဖြစ်ကြောင်း ပြောနိုင်၏။
စောင့်နေစဉ်မှာပင် မင်ကျူးတစ်ယောက် စိတ်မရှည်ဖြစ်လာရပြီး : “ရှင် ဈေးဖြတ်ပေးမှာလား၊ မဖြတ်ပေးလည်း ကျုပ်သွားတော့မယ်”
“နေ နေပါအုံး နေပါအုံး! သခင်မလေးရယ်၊ အလျင်မလိုပါနဲ့”
“သွားပြီ”
“ငွေတစ်ထောင်၊ ကျုပ် အကုန်ယူမယ်ဗျာ”
ဤပစ္စည်းများနှင့်ပတ်သက်ပြီး ဗဟုသုတမကြွယ်လျှင်တောင် ထိုမျှလောက်ပဲ တန်မှာမဟုတ်မှန်း မင်ကျူး သိပေသည်။
သူ(မ)က ခေါင်းခါကာ : “တော်ပြီ”
ဆိုင်ရှင်က တစ်ထစ်လျှော့ပေးလာ၏။
“မင်းက ဘယ်လောက်လိုချင်တာလဲ”
မတန်တဆတောင်းရန် ကြံရွယ်ထားသည့် မင်ကျူးသည် ငွေငါးထောင်ကို တန်းတောင်းဆိုလိုက်သည်။ အငြင်းခံရန် အသင့်ပြင်ထားသော်လည်း တတ်တတ်စင်လွဲပြီး ဆိုင်ရှင်က တစ်ခါတည်း သဘောတူပြီး ငွေကို ချက်ချင်း ပြင်ဆင်ပြီး သူ(မ)လက်ထဲ ထည့်ပေးလာ၏။
မင်ကျူးသည် တွေဝေမှင်သက်စွာနှင့် လက်ထဲမှ ငွေစက္ကူရွက်ကို ဆုပ်ထားလိုက်သည်။
ဆိုင်ရှင်သည် သူ(မ)ကို အပြုံးဖြင့် ကြည့်ပြီး : “သခင်မလေး နောက်တစ်ခါ ပစ္စည်းကောင်းလေးတွေရှိလည်း ကျုပ်ဆီပဲ လာခဲ့နော်”
မင်ကျူးသည် အတွေးများလျက်ဖြင့် ‘အမ်း’ ဟူ၍ လည်ချောင်းသံပြုပြီး ငွေစက္ကူများကို အင်္ကျီထဲ ထည့်ဖွက်ထားလိုက်သည်။ မထွက်သွားသေးခင် သူ(မ)က မကျေမနပ်ဖြစ်စွာဖြင့် : “ကျုပ်ကို သခင်လေးလို့ခေါ်!”
“ဟုတ် ဟုတ်ကဲ့ ဟုတ်ကဲ့၊ ဂရုစိုက်ပြန်ပါ သခင်လေး”
မင်ကျူးအတွက် အပြင်သို့ ထွက်ခွင့်ရဖို့အရေး မလွယ်ကူလှချေ။ သူ(မ) ဤကဲ့သို့ လမ်းတွေပေါ် လွတ်လွတ်လပ်လပ် မလျှောက်ဖြစ်တော့တာ ဘယ်နှနှစ်တောင် ရှိသွားခဲ့ပြီလဲ? သူ(မ) မှတ်ပင်မမှတ်မိတော့ချေ။
သူ(မ)သည် ရုတ်တရက် မျက်နှာချေနှင့် နှုတ်ခမ်းဆိုးဆေးများ ရောင်းသည့် ဆိုင်သို့ သွားလည်ပတ်ချင်မိသည်။ သို့ရာတွင် သူ(မ) အဓိက လမ်းမသို့ရောက်ချိန်မှာပင် အဝေးမှနေ ဆိုင်တစ်ဆိုင်ရှေ့တွင် စောင့်ကြပ်နေသော အစောင့်များကို လှမ်းမြင်လိုက်သည်။
အထဲတွင်မူ သူ(မ)နှင့်ရင်းနှီးသည့် ပုံရိပ်တစ်ခုရှိနေ၏။
အပြာရောင်ဝတ်ရုံကို ဝတ်ဆင်ထားသည့် ကျောက်ရှီသည် သိမ်မွေ့ကြော့ရှင်းနေပြီး မျက်နှာသည် စန္ဒာပမာ တောက်ပပြီး သန့်ရှင်းနေ၏။ သူ့ဘေးတွင် နီနီရဲရဲဝတ်စုံကို ဝတ်ဆင်ထားသည့် အမျိုးသမီးတစ်ဦး ရပ်နေပြီး သူမတူအောင်လှပသော ရုပ်ရည်နှင့် မျက်နှာထက်တွင် မြင့်မြတ်သောအရောင်အဝါကို သယ်ဆောင်ထားပြီး အလွန် မော်ကြွားနေသည့်ဟန်ပန်နှင့်။
ထိုမိန်းကလေးနှင့် စကားပြောရန် ခေါင်းငုံ့လိုက်ချိန် သူ(မ)မြင်လိုက်ရသည့် ကျောက်ရှီ၏နူးညံ့သိမ်မွေ့သော အမူအရာမှာ မင်ကျူး တခါမှ မမြင်ဖူးခဲ့သော အသွင်မျိုးဖြစ်သည်။
ရုတ်ခြည်း မင်ကျူး၏ကမ္ဘာကြီးက တိတ်ဆိတ်ငြိမ်သက်သွားလေသယောင်၊ သူတို့နှစ်ဦးသား၏ပုံရိပ်က သူ(မ)မျက်ဝန်းများထဲ ရောင်ပြန်ဟပ်လာ၏။
အမျိုးသမီးလေးက တောက်ပတက်ကြွစွာ ပြုံးနေလေ၏။ ထိုမိန်းကလေးက ရှန်းယန်မင်းသမီးဖြစ်လောက်မည်ဟု မင်ကျူး ခန့်မှန်းမိသည်။
မင်ကျူးသည် ထိုအခါတွင်မှ ကျောက်ရှီသည် သူ၏အနာဂတ်ဇနီးလောင်းနှင့် အတူရှိနေသည့်အခါမျိုးတွင် လွန်စွာမှ သိမ်မွေ့ညင်သာနေလေကြောင်း သိလိုက်ရတော့သည်။