အပိုင်း (၀၈၃¹)
စုန့်ဟွိုင်ချင်းတစ်ယောက် အတော်ကြာသည်အထိ အသံမထွက်လာခဲ့ပေ။ သူ၏စူးစူးနင့်နင့်အကြည့်များက မင်ကျူး၏ပုံရိပ်ပေါ် ကျရောက်နေခဲ့ပြီးနောက်တွင် ဘာမှ အရေးမပါနေသကဲ့သို့ အကြည့်လွှဲလိုက်သည်။
နှစ်အနည်းငယ် ကြာသွားပြီးသည့်
တိုင်အောင် သူ(မ)သည် နည်းနည်းလေးမှ မပြောင်းလဲသွားခဲ့၊ သွယ်လျကြော့ရှင်းနေသည့်ကိုယ်ဟန်နေထားနှင့် ကြည်ပြာရေထဲမှ ကြာပန်းပမာ ဖြူစင်သန့်ရှင်းနေသည့် အပြုံးများကား ရှုမိသူ၏စိတ်ဝိဉာဉ်ကို ညှို့ယူဖမ်းစားနိုင်စွမ်း ရှိနေဆဲ။
စုန့်ဟွိုင်ချင်း နေလာခဲ့သည်မှာလည်း နှစ်ပေါင်းမနည်းလှတော့၊ အမျိုးသမီးများစွာကို မြင်ဖူးတွေ့ဖူးသည့်အပြင် သူ့အနောက်ဆောင်တွင်လည်း တော်တော်များများကို ဖြည့်ထားသဖြင့် အလှတရားကြောင့် မျက်ကန်းတစ္ဆေဖြစ်မည့် ယောက်ျားထဲတွင် သူ ပါမည်တော့မဟုတ်ပေ။
သို့သော် ထိုနေ့က ယန်ကျိုးမြို့တွင် မိစ္ဆာတစ်ကောင်ကောင် ပူးကပ်သွားသကဲ့သို့ သူ(မ)ကို ခြိမ်းခြောက်ခဲ့မိသည့်အပေါ် သူ့ကို အပြစ်တင်၍တော့ မရပေ။
ပြုံးလိုက်သည့်အခါတွင် သူ(မ)၏ပုံစံကား အပြစ်ကင်းစင်ပြီး လှလည်းလှပနေ၏၊ မျက်ဝန်းများ၏အနားစွန်းတွင် ကြာပန်းတစ်ပွင့်ပေလား၊ နှင်းဆီပန်းတစ်ပွင့်ပေလား..ထိုကဲ့သို့ အကွေ့အဝိုက်လေး ရှိနေသကဲ့သို့၊ သူ(မ)၏အလှတရားက ရင်ကို လှုပ်ခတ်နိုင်စွမ်းရှိသည်မှာ အမှန်တရားသာ။
သူ(မ)ကို မြင်လိုက်ရသည့် ပုရိသအပေါင်းမှာ သူ(မ)အား သူတို့ကိုယ်တိုင်အတွက်သာ အပိုင်သိမ်းယူပြီး သူတို့၏အနောက်ဆောင်တွင် ဝှက်ထားချင်မိသည့်ဆန္ဒတို့ ဖြစ်ပေါ်လာ၏။
စုန့်ဟွိုင်ချင်းမှာ မင်ကျူး သူ(မ)ကို သူ ခြိမ်းခြောက်သည့်အကြောင်း ကျောက်ရှီကို ပြောပြခဲ့သလား မသိသော်လည်း သူ(မ) ပြောမည်မဟုတ်သည်မှာ သေချာသလောက်ရှိသည်။
အနည်းငယ်သော နောင်တရစိတ်က စုန့်ဟွိုင်ချင်း၏နှလုံးသားထဲ တဒင်္ဂဖြစ်တည်လာပြီး အဓိပ္ပါယ်ဖွင့်ဆို၍မရသော၊ ဖော်ပြရခက်ခဲသော ဝမ်းနည်းစိတ်က ဖြတ်ပြေးသွား၏။
တကယ် နှမြောဖို့ကောင်း၏။
သူ(မ)သာ ကိုယ်လုပ်တော်အဖြစ် ရှိနေသေးလျှင် ကိစ္စများက စီစဉ်ရပိုလွယ်ကူမှာပေ။
စုန့်ဟွိုင်ချင်းသည် အသိပြန်ဝင်လာပြီးနောက် ကျောက်ရှီကို လှည့်ကြည့်ကာ အသံခပ်နိမ့်နိမ့်ဖြင့် မေးလိုက်သည်။
“အရှင့်သားက ဘယ်လိုလုပ် ဗြုန်းစားကြီးနေမကောင်းဖြစ်သွားရတာလဲ၊ ပြီးတော့ ဒီလောက်တောင်မှ ပြင်းထန်သွားတာလား”
ကျောက်ရှီက ဝတ်ကျေတမ်းကျေဖြင့် : “ညဘက်တွေမှာ သတိလက်လွတ်နဲ့ နွေးနွေးထွေးထွေးမဝတ်ဘဲ နေမိတာ”
စုန့်ဟွိုင်ချင်း၏မျက်ခုံးများက မြင့်တက်သွားပြီး : “အရှင့်သားပုံစံက အအေးမိတဲ့ပုံလည်း မပေါ်ဘူး”
သူ့အသားအရေက အမှန်တကယ်ကို ဖျော့တော့လွန်းနေပြီး မျက်နှာကလည်း အတော်လေး ချောင်ကျသွား၏။
ကျောက်ရှီသည် သူ့ကို ဖြတ်ခနဲ စွေကြည့်ပြီး နှုတ်ခမ်းထောင့်များကို စေ့ကာ အေးစက်စက် ပြန်ဖြေလိုက်သည်။
“အအေးမိတာပဲ”
စုန့်ဟွိုင်ချင်းသည် ထိုမျှနှင့်သာ ရပ်ပြီး ဆက်မမေးလာတော့ချေ။ သူ ယနေ့ လူနာမေးရန် ထွက်လာချိန်တွင် ဂျင်ဆင်း၊ သမင်ချိုနှင့် ငှက်သိုက်အပါအဝင် ထိပ်တန်းအရည်အသွေးမြင့် ဖြည့်စွက်ဆေးများကိုပါ ယူလာခဲ့သည်။
သို့သော် သူ အမှန်တကယ် လူနာသတင်းမေးရန် ကျောက်ရှီထံ ရောက်လာရခြင်းပေလား၊ သို့မဟုတ် အခြားသော ရည်ရွယ်ချက်တစ်ခုခု ရှိနေသည်ကြောင့်ပေလား ထိုအကြောင်းအရင်းကိုတော့ သူကိုယ်တိုင်၌သာ သိပေလိမ့်မည်။
မင်ကျူးသည် ကလေးကို ပေါင်ပေါ်တင်ထားပြီး ဖူးငုံအသစ်များထွက်နေသော ပန်းကိုင်းနှစ်ကိုင်းကို ချိုးကာ သမီးဖြစ်သူအား ပန်းကုံးလုပ်နည်းကို လက်ချင်းထပ် သင်ပေးလေသည်။
ရှောင်မန်၏လက်ဖောင်းဖောင်းလေးများက အလွန်ကပျာကယာနိုင်လှသဖြင့် မည်မျှပင် ကြိုးစားလုပ်ကြည့်ပါစေ မကျွမ်းကျင်ဘဲ ဖြစ်နေခဲ့သည်။
သုံးနှစ်ရွယ်ကလေးမလေးက အရှက်တရားကို ခံစားတတ်နေပြီဖြစ်သည်။ သူ(မ) ရှက်သွားသည်ကြောင့် ဖြစ်မည်ထင်၊ လက်ထဲမှပန်းကိုင်းကို ပစ်ချလိုက်ပြီး မိခင်ဖြစ်သူ၏ရင်ခွင်ထဲ မျက်နှာအပ်ကာ တီတီတာတာဆိုလာလေတော့သည်။
“ရှောင်မန် မသင်ချင်တော့ဘူး”
မင်ကျူးသည် သူ(မ)စိတ်တိုင်းကျ ဖြစ်စေပြီး ခေါင်းလေးကို ပွတ်သပ်ပေးကာ : “ဟုတ်ပြီနော်”
မင်ကျူးသည် တစ်ခါတည်း ပန်းကုံးနှစ်ခုကို ကျစ်လိုက်ပြီး သူ(မ)၏လက်ဖောင်းဖောင်းတုတ်တုတ်လေးထဲ ထည့်ပေးလိုက်သည်။
“ပြီးသွားပြီ၊ လှရဲ့လား”
ရှောင်မန်သည် ပန်းကုံများကို လက်ထဲ တင်းကျပ်စွာ ဆုပ်ကိုင်ပြီး သဘောကျလွန်းသဖြင့် လက်မလွှတ်ချင်တော့ပေ။ သူ(မ)သည် ခေါင်းကို အတွင်တွင်ညိတ်ပြပြီး : “အရမ်းလှ၊ သမီး ကြိုက်တယ်!”
မင်ကျူး၏အာရုံအလုံးစုံက သူ(မ)သမီးထံတွင်သာ ဖြစ်ပြီး သူ(မ)တို့အနောက်တွင် လူရှိနေသည်ကို သတိမထားမိချေ။
ကျောက်ရှီသည် ယခင်က မင်ကျူးကို အခြားသူများ စိုက်ကြည့်ကြသည်ကို မနှစ်သက်လှပြီး ယခုတွင်လည်း အတူတူပါပေ။
သူက : “သွားရအောင်”
စုန့်ဟွိုင်ချင်းသည် မျက်လုံးများကို ကျဉ်းမြောင်းကာ သာမန်ကာလျှံကာဆိုလိုက်သည်။
“မင်းသမီးရဲ့အကျင့်စရိုက်က မင်းနဲ့ တစ်ထေရာတည်းပဲ”
“ဟုတ်လား”
စုန့်ဟွိုင်ချင်းက ခပ်လျော့လျော့ပြုံးကာ : “မင်း မမြင်ဘူးလို့ မပြောနဲ့”
ကျောက်ရှီက တခဏ တွေးကြည့်ပြီးနောက် : “အမှန်ပဲ သူက ငါနဲ့တူတယ်”
ကျောက်ရှီသည် သူ့ကို ဘေးတိုက်တစ်ချက် ကြည့်ပြီး တစ်စုံတစ်ခုကို တွေးဆမိသွားသကဲ့သို့ မေးလာ၏။
“ဘာလဲ မင်းရော ကလေးလိုချင်နေပြီလား”
စုန့်ဟွိုင်ချင်း၏နှုတ်ခမ်းထောင့်မှ အပြုံးသည် အနည်းငယ် တောင့်သွား၏။
“အလျင်မလိုသေးပါဘူး”
စုန့်ဟွိုင်ချင်း၏အနောက်ဆောင်တွင် မိန်းမများစွာ ရှိသည်ကို ကျောက်ရှီ အမှတ်ရလိုက်သည်။ သူ့တွင် ချစ်ရေးချစ်ရာကိစ္စများ များစွာရှိနေသည့်တိုင် ယခုထက်ထိ အိမ်ထောင်မပြုရသေးချေ။
ကျောက်ရှီအနေဖြင့် အခြားသူများ၏မင်္ဂလာကိစ္စကို စိတ်မဝင်စားပြီး တစ်စုံတစ်ယောက်အား သူ့ကို အဖော်ပြုလိုက်ပို့ပေးရန် အမိန့်ပေးလိုက်သည်။
သူ့ကိုယ်၌ကတော့ တစ်ဖက်သို့လှည့်ကာ အနောက်ခြံဝင်းသို့ ပြန်သွားလေ၏။
မင်ကျူးသည် သူ(မ)သမီးနှင့် အတူရှိချိန်များတွင် အတိုင်းထက်အလွန် နူးညံ့သိမ်မွေ့နေတတ်ပြီး သူ(မ)၏မျက်နှာထက်တွင် အေးစက်မှုဟူ၍ တစိုးတစိ မရှိနေဘဲ အေးချမ်းမှုတို့သာ လွှမ်းမိုးနေ၏။
သူ(မ)သည် ခေါင်းပေါ်တွင် အကိုင်းနုနုလေးများဖြင့် ပြုလုပ်ထားသည့် ပန်းပွင့်ပန်းကုံးကို ၀တ်ဆင်ထားပြီး ရှည်လျားသောဆံနွယ်များကမူ လေထဲတွင် လွင့်မျောနေလျက်နှင့် လိပ်ပြာတောင်ပံနှင့်တူသော မျက်လုံးအနားစွန်းလေးများက ဖြူစင်ပြီး စွဲမက်ဖွယ်ကောင်းနေ၏။ ပေါ့ပါးသော ပိုးသားဝတ်စုံကို ၀တ်ဆင်ထားသောကြောင့် ပိတ်ကျဲအလွှာအထပ်ထပ်က ယိမ်းနွဲ့ပျံဝဲနေကာ သွယ်လျသောလက်များက နေရောင်အောက်တွင် နှင်းကဲ့သို့ ဖြူဖွေးနေပြီး နူးညံ့သောအသားအရေမှာ ဖူးပွင့်လာတော့မည့်သယောင် ဝင်းပနေ၏။ ပန်းကုံးကို ကျစ်ပြီးသည့်နောက်တွင် သူ(မ)သည် ကလေးကို ရိုးရာပုံပြင်များ စတင်ပြောပြနေလေသည်။
ကလေးမလေးသည် နားထောင်ရင်းနားထောင်ရင်းဖြင့် ငိုက်မျဉ်းလာပြီး အိပ်ချင်စိတ်ကို ထိန်းမရ ဖြစ်လာသော်လည်း မျက်ခွံများ မှေးဆင်းလာချိန်၌ပင် သူ(မ)၏မိခင် အဝေးထွက်သွားမည်ကို စိုးသောကြောင့် မင်ကျူး၏လက်ချောင်းများကို စိုးရိမ်တကြီး ဆုပ်ကိုင်ထား၏။။
“မေမေ၊ မသွားပါနဲ့”
မင်ကျူးမှာ အလွန်စိတ်မကောင်းဖြစ်သွားရ၏။ သူ(မ) ယခင်က အကြာကြီး နေမကောင်းဖြစ်နေသောကြောင့် သူ(မ)လေးကို တစ်ချိန်လုံး အဖော်မပြုပေးနိုင်ခဲ့ပေ။
မင်ကျူးသည် သမီးငယ်၏မျက်နှာလေးကို ပွတ်သပ်ကာ : “ဟုတ်ပါပြီကွယ်၊ သမီးအိပ်နေတဲ့အချိန် မေမေ ဖက်ထားပေးမယ်နော်”
မင်ကျူးမှာ ကျောက်ရှီ သူ(မ)နောက်ကနေ လျှောက်လာသည်ကိုပင် သတိမထားမိခဲ့ပေ။
သူ(မ) ကလေးကို ချီလျက် တစ်ဖက်သို့ လှည့်လိုက်ချိန် သစ်ပင်အောက်တွင် ရပ်နေသည့်ပုံရိပ်ကို တွေ့လိုက်ရပြီး တောင့်တင်းသွား၏။
ကျောက်ရှီက သူတို့ထံ ဖြည်းဖြည်းနှေးနှေးလျှောက်လာပြီး လက်မောင်းကို ဖြန့်ကာ : “ကိုယ် ချီလိုက်မယ်”
သူ(မ) တခဏ ဂရုမစိုက်လိုက်မိသော်လည်း သူသည် သူ(မ)ရင်ခွင်ထဲမှ ကလေးကို ဆွဲခေါ်သွားပြီးဖြစ်သည်။
ကျောက်ရှီ ဒဏ်ရာရထားသော်လည်း ၎င်းက ပြဿနာမဟုတ်ချေ။
ပွတ်တိုက်ကျီစယ်သွားသော နွေလေညှင်းမှာ နွေးထွေးပြီး နူးညံ့လှ၏။
မင်ကျူးသည် လမ်းလယ်တွင် ရပ်ကာ ခေါင်းကို အနည်းငယ် မော့ပြီး ကျောက်ရှီကို လှမ်းကြည့်လိုက်သည်။ သူသည် ခါးတစ်ဝိုက်တွင် ကျောက်စိမ်းဆွဲသီးများချိတ်ဆွဲထားသော ခါးပန်းဖြင့် လရောင်ဝတ်စုံရှည်ကို ၀တ်ဆင်ထားပြီး လက်အနားစကို တိမ်ပုံစံများဖြင့် ပန်းထိုးထား၏။ သူ့ပုံစံမှာ စိမ်းလန်းသော ထင်းရှူးပင်ပမာ ပိန်ပါးနေလေသည်။
မျက်နှာထက် အပြုံးအရယ်မရှိသည့်အခါမျိုးတွင် သူ၏ပုံစံမှာ အေးစက်ပြီး အလှမ်းဝေးသယောင်နှင့် ကြည့်မိသူကို ခပ်ဝေးဝေး နောက်ဆုတ်ချင်မိသည့်ခံစားချက်မျိုးကို ပေးလေသည်။
မင်ကျူးမှာ ရုတ်တရက် ဘာကြောင့်ရယ်မှန်းမသိ အနည်းငယ် ဝမ်းနည်းလာ၏။
သူ(မ)သည် တစ်ချိန်က သူ၏နူးညံ့ကြင်နာမှုအပေါ် ဒူးထောက်အရှုံးပေးပြီး သူ့အပေါ် အမှန်တကယ် ချစ်မြတ်နိုးမိခဲ့ပုံပါပေ။
ကံမကောင်းစွာပဲ တစ်ချိန်က သူ့အပေါ် ထားရှိခဲ့ဖူးသော သူ(မ)၏ချစ်ခြင်းမေတ္တာများကား နှစ်ပေါင်းများစွာကြာလာသည်နှင့်အမျှ ကုန်ဆုံးကာ ပျောက်ကွယ်သွားခဲ့တော့သည်။
သူ(မ) ခက်ခက်ခဲခဲ ရုန်းကန်ခဲ့ရပါသော်လည်း စွန်ကြိုး၏အစွန်းတစ်ဖက်က သူ့လက်ထဲတွင် မြဲမြံစွာ ရှိနေခဲ့သည်။
မင်ကျူး၏ မျက်လုံးများသည် ချဉ်တူးလာ၏။ သူ(မ) ကျောက်ရှီနှင့် တကယ်ပဲ တစ်သက်လုံး နေထိုင်သွားရတော့မည်နဲ့တူပါရဲ့။
ကျောက်ရှီသည် သူ(မ)၏စိုစွတ်စွတ်မျက်ဝန်းများကို တွေ့သွားပြီး : “ဘာဖြစ်လို့လဲ”
မင်ကျူးသည် မျက်နှာကိုလွှဲကာ : “ဘာမှမဖြစ်ပါဘူး”
ကျောက်ရှီသည် နှုတ်ခမ်းကို စေ့ကာ : “ဘာလို့ ဝမ်းနည်းနေတာလဲ”
သူသည် အံ့ဩဖို့ကောင်းလောက်အောင် မျက်စိရှင်ပြီး သူ(မ)၏ စိတ်ခံစားချက်များနှင့်ပတ်သက်လာလျှင် အလွန်အကဲဆတ်သူဖြစ်သည်။
သူ(မ)က အရမ်းကို ဝမ်းနည်းနေတာ။
သူ(မ)မျက်ဝန်းထဲမှ အကြည့်တွေက မည်သူ့ကိုမှ အရူးလုပ်လို့မရချေ။
မင်ကျူးသည် နှုတ်ဆိတ်နေပြီး ဘာမှပြောလာပေ။ တကယ်တော့ သူ(မ) ဘာပြောရမှန်း မသိနေခြင်းပါပေ။
ကျောက်ရှီ၏နှုတ်ခမ်းထောင့်သည် ကွေးကျသွားပြီး သူ့အပြုံးက အနည်းငယ် ရုပ်ဆိုးလို့နေ၏။
“ကိုယ်နဲ့အတူရှိနေရတာ…တကယ်ပဲ ဝမ်းနည်းဖို့ကောင်းနေတာလား”
မင်ကျူးသည် မုသာဝါဒကျူးလွန်ရာ၌ မတတ်ကျွမ်းသည့်သူဖြစ်ရာ သူ(မ) လိမ်ညာသည့်အချိန်တွင်လည်း သူကား ထိုးထွင်းသိမြင်နိုင်နေဆဲ။
သူ(မ)က ရိုးရိုးရှင်းရှင်းပဲ အဖြေပြန်မပေးလာချေ။
ကျောက်ရှီမှာ သူ(မ) ယခုကဲ့သို့ တစ်ခွန်းတစ်ပါဒမှမပြောဘဲ ငြိမ်နေသည်ထက် အဲ့ဒါက အမှန်မဟုတ်ဘူးကဲ့သို့သော လိမ်ညာပြီး ပြန်ဖြေလာမည့် အဖြေတစ်ခုခုကိုသာ ကြားချင်မိတော့သည်။
သူ(မ) မရည်ရွယ်ဘဲ ထုတ်ဖော်ပြသခဲ့သည့် ကျိုးလွယ်ပဲ့လွယ်ပြီး ဝမ်းနည်းသော စိတ်ခံစားချက်တို့နှင့်အတူ တိတ်ဆိတ်လွန်းလှသော ဤငြိမ်သက်နေမှုကြီးကား သူ့နှလုံးသားကို နီရဲပူလောင်နေသော ချော်ရည်ပူဖြင့် လောင်းချပြီး အသွေးအသားများ လောင်ကျွမ်းကာ တစစ်စစ်ဆူပွက်သံများ ထွက်လာသလိုပင်။
နက်ရှိုင်းပြီး အဆုံးမရှိဟုထင်ရသော နာကျင်မှုကား သူ့ကျောရိုးမှတဆင့် ထိုးဖောက်ဝင်ရောက်လာ၏။
ကျောက်ရှီ အသက်ပြင်းပြင်းတစ်ချက်ရှူသွင်းလိုက်သည်။
သူ မမေးလိုက်သင့်ပေ။
ကျောက်ရှီ ကလေးကို အထဲသို့ ခေါ်သွားပြီး ဖိနပ်များကို ချွတ်ပေးကာ ခုတင်အတွင်းတွင် ထားလိုက်ပြီးနောက် မှိန်ဖျော့ဖျော့အလင်းရောင်ကို ပိတ်ဆို့ရန် ခုတင်ကန့်လန့်ကာကို ချပေးလိုက်သည်။