အပိုင်း(၈)
မင်ကျူးသည် ကျောက်ရှီ၏အမူအရာကို သတိတကြီးထားပြီး အကဲခတ်ရင်း စကားလုံးများကို သေချာစိစစ်ကာ သံနေသံထားနူးနူးညံ့ညံ့ဖြင့် ဂရုတစိုက် ဆိုလိုက်သည်။
“အရှင့်သား၊ ဒါက ကြီးကြီးမားမားကိစ္စလည်း မဟုတ်ဘူးဆိုတော့ သဘောတူမယ်မဟုတ်လားဟင်”
ကျောက်ရှီက အချိန်တစ်ခုစာအထိ နှုတ်ဆိတ်မြဲနှုတ်ဆိတ်နေပြီး ငွေလမင်းရောင်ခြည်က ပြတင်းဘောင်ကိုဖြတ်၍ သူ၏အေးတိအေးစက်မျက်နှာပေါ် လာရောက်ဖြာဆင်းလေ၏။
မင်ကျူးတွင် ကျိုးနွံတတ်သည့် သဘာဝရှိ၏။ သူ့အရှေ့တွင် သူ(မ)သည် အမြဲလို လိမ္မာနာခံပြီး သနားချင့်စဖွယ်ပုံစံလေးကိုသာ ပြသတတ်သည်။ သူ(မ)သည် သူ့အား စကားအများကြီးလည်း မဆိုဝံ့ပြီး အချို့သော ကိစ္စများနှင့်ပတ်သက်၍လည်း ဆန္ဒရှိသည်ဖြစ်စေ၊ ဆန္ဒမရှိသည်ဖြစ်စေ သဘောတူခေါင်းညိတ်လိုက်မြဲသာ။
သူ(မ)၏ပင်ကိုယ်စရိုက်ကိုက ရှက်ကြောက်တတ်သူဖြစ်၍လည်း မဝံ့မရဲနှင့် အားနည်းပျော့ညံ့လေသည်။ သူ(မ) ဤကဲ့သို့ ညတုတုပြုမူပြီး မျက်နှာသာရရန် ကြိုးစားနေသည်မှာ အလွန်တရား ရှားလှ၏။
သို့သော် ဒါကပဲ သူ၏ပြောင်းပြန်လှန်ထားသော ကြေးခွံကို လာရောက်ထိခတ်ပြီး သူ(မ)အား လုံးဝ ခွင့်ပြုချက် မပေးလိုက်ချင်မိတော့ပေ။ သူ(မ) မင်မိသားစုတွင် နေခဲ့ရသည့် ဘဝက ဝမ်ယွဲ့ဆောင်တွင် နေနေသည့် ဘဝထက် အဆပေါင်းများစွာ ဆိုးရွားပြီး ယခုသူ(မ)ပြောလာသည့် စကားလုံးများမှာ သူ့ကို သိမ်းသွင်းနိုင်ရန် ခက်ခဲလှသည်။
ထို့အပြင် ကျောက်ရှီသည် သူ(မ)နှင့် စေ့စပ်မှုပြုထားဖူးသည့် ယခင်သတိုးသားလောင်းသည် သူ(မ)အပေါ် ယခုထိတိုင် ခံစားချက်များရှိနေဆဲကို ကောင်းကောင်း သတိထားမိသည်။ သူသာ သူ(မ)ကို ပြန်ခွင့်ပြုလိုက်လျှင် သည်လူနှစ်ယောက် တစ်ယောက်နှင့်တစ်ယောက် ပြန်မဆုံနိုင်ဘူးဟူ၍ အာမခံချက်မရှိပေ။
သူတို့နှစ်ဦးသာ ဆုံဖြစ်ကြလျှင် မည်သည့်စကားမျှ မဆိုဘဲ တစ်ယောက်ကို တစ်ယောက် အပြန်အလှန်ကြည့်ရုံလောက်ပဲဆိုလျှင်တောင် ကျောက်ရှီအနေနှင့် လုံးဝ မကြည်ဖြူနိုင်ချေ။
သူ့တွင် မင်ကျူးအပေါ် ခြယ်လှယ်လိုသည့် စိတ်ဆန္ဒမှုရှိပြီး ၎င်းမှာ မည်သူ့အပေါ်ကိုမျှ မခံစားရသည့် သူ၏တပ်မက်မှုဖြစ်ကာ အခြားသူများ သူ(မ)အား ကြည့်လေ့ရှိသည့် အကြည့်ကိုတောင် သူ သဘောမကျချေ။
“ခွင့်မပြုဘူး”
မင်ကျူးတစ်ယောက် ထိုစကားများကြားလိုက်ရသည့်အချိန် ရင်ဘက်ထဲမှ အောင့်အီးထားသော ဝင်သက်မှာ ရုတ်ခြည်း ပြည့်လျှံတက်လာ၏။ သူ(မ)သည် မကျေနပ်ချက်ကို သည်းခံထားသော်လည်း မျက်လုံးများက နီရဲစိုစွတ်လာ၏။
“အရှင့်သား ကျွန်တော်မျိုးမက……”
သူ(မ) စကားစလိုက်ရုံကာရှိသေး၊ အနှီအမျိုးသားက အေးစက်သန့်စင်သော ဆပ်ပြာ၏ရနံ့ကို သူနှင့်အတူ သယ်ဆောင်လာရင်း ရှေ့သို့ တိုးလာ၏။
“ခွင့်မပြုဘူးလို့ ပြောတယ်လေ”
မင်ကျူး သူ့ထံမှ တစ်စုံတစ်ခု တောင်းဆိုသည်မှာ အလွန်ရှားပြီး ကျောက်ရှီသည်လည်း သူ(မ)အလိုအား ငြင်းဆန်သည်မှာ မရှိသလောက်ပင်။ အချိန်အများစုတွင် သူ(မ)သည် သူ၏စီစဉ်ညွှန်ကြားပေးမှုအတိုင်း ဝမ်ယွဲ့ဆောင်တွင် အေးအေးချမ်းချမ်းနှင့် ငြိမ်ငြိမ်သက်သက် ကုန်ဆုံးနေလေ့ရှိသည်။
မင်ကျူးသည် အသိများ ပြန်မဝင်လာခင် တခဏ တန့်သွားရ၏။ အရိုးသားဆုံးပြောရလျှင် ကျောက်ရှီ ဘာအတွက်ကြောင့် သူ(မ)အား မင်မိသားစုထံ ရက်အနည်းငယ်လေးတောင် ပြန်ခွင့်မပြုရသလဲကို သူ(မ)မသိချေ။ ကျောက်ရှီ သူ(မ)အား အပြင်ထွက်ခွင့် ပိတ်ပင်ပြီး အခြားသူများအား သူ(မ)မျက်နှာပြသည်ကို ဘာကြောင့် သဘောမကျရသလဲကို ဘယ်သောအခါမှ သူ(မ)နားမလည်နိုင်ခဲ့သလိုမျိုးပင်။
မင်ကျူးသည် သူ့ထံမှ ‘မရဘူး’ ဆိုသည့်စကားကြောင့် စိတ်မပျက်သွားမိချေ။ သူ(မ)သည် အံကြိတ်ကာဖြင့် သူ့အနား တိုးကပ်သွားလိုက်ပြီး သူ့ရင်ခွင်ထဲ တိတ်တဆိတ် ခိုဝင်ကာ ခါးကို လက်နှစ်ဖက်ဖြင့် ဖက်လိုက်ပြီး နူးညံ့စွာ တီးတိုးဆိုလိုက်သည်။
“ကျွန်တော်မျိုးမ အပြင်ကို မရောက်ဖြစ်တာ အရမ်းကြာသွားပြီလေ၊ ကျွန်တော်မျိုးမ နည်းနည်း အထီးကျန်လာမိလို့ပါ”
ထိုစကားလုံးများက ဟန်ဆောင်မှုသတ်သတ်ချည်းမဟုတ်၊ သူ(မ)နှလုံးသားအခြေမှလာသော စကားများပင် ဖြစ်သည်။
ဆယ်ရက်တိုင်၊ ဆယ့်ငါးရက်တိုင် လှောင်ပိတ်ခံနေရသည်က အကြောင်းမဟုတ်သေးသော်လည်း တစ်နှစ်ကျော်နှစ်နှစ်တိုင် ကုန်လွန်လာချိန်မှာတော့ အမှန်တကယ် စိတ်ကျဉ်းကျပ်ဖွယ်၊ စိတ်ဓာတ်ကျဖွယ် ကောင်းလှသည်။ လှောင်အိမ်ထဲ မွေးထားသည့် ကနရီပင်လျှင် လေကောင်းလေသန့် ခံစားနိုင်စေရန် လွှတ်ပေးရသေးသလို အသွေးအသားနှင့် တည်ဆောက်ထားသော သက်ရှိလူသားတစ်ယောက်ဖြစ်သည့် သူ(မ)ဆိုလျှင် ထည့်ပြောနေစရာပင်မလိုချေ။
မင်ကျူးသည် သူ့အနားသို့ ပိုပိုတိုးကပ်သွားလိုက်သည်။ သူ့ကိုယ်ထက်မှ ထုတ်လွှင့်နေသော လေထုမှာ နှင်းဖြူဖြူများပမာ အေးစိမ့်နေ၏။
ကျောက်ရှီ၏ခန္ဓာကိုယ်သည် တောင့်တင်းသွားပြီး သူ့ရင်ခွင်ထဲမှ မိန်းကလေးကို ငုံ့ကြည့်လိုက်သည်။
“ကလေးဆိုးလို လုပ်မနေနဲ့”
မင်ကျူး၏နှလုံးသားမှာ သောကဝေနေ၏။ သူ(မ) အပြင်သို့ ထွက်ခွင့်မရလျှင် ငွေရရန် နည်းလမ်းမရှာနိုင်တော့သလို ထွက်ပြေးရန်လမ်းကြောင်းပင် စီစဉ်မရ ဖြစ်ချေတော့မည်။
သူ(မ) ဒုတိယအကြိမ် ထပ်၍မသေချင်ပေ၊ အထူးသဖြင့် ကျောက်ရှီ၏လက်ထဲတွင်ပင်။
မိမိချစ်ခင်စုံမက်ရသူထံမှ အသတ်ခံရသည်လောက် ဤလောကတွင် စိတ်နှလုံးကြေကွဲဖွယ်ရာ မရှိနိုင်တော့ချေ။ သူ(မ) ထိုအကြောင်း ပြန်တွေးမိချိန်တိုင်း အကြိမ်အခါခါ အသည်းနာရသည်မှာ အချိန်အတော်ကြာလျှင်တောင် ပျောက်ပြယ်မသွားခဲ့ချေ။
မင်ကျူးသည် သူ(မ)၏ပူနွေးနွေးပါပြင်များကို သူ၏ကော်လာပေါ် တိုးကပ်လိုက်ရင်း တင်းတင်းကျပ်ကျပ် ပွေ့ဖက်ထားပြီး နီနီရဲရဲမျက်ဝန်းများက နာကျင်အစ်မို့လာဟန်ဖြင့် ကြည်ကြည်လင်လင်ရေစက်လေးများက မျက်ဝန်းထောင့်စွန်းမှနေ အရှိန်နှေးနှေးဖြင့် စီးကျလာတော့သည်။ ဆိုလာသည့် သူ(မ)၏အသံမှာလည်း ငိုရှိုက်သံဖြင့် ရောထွေးနေ၏။
“အရှင့်သား၊ ကျွန်တော်မျိုးမကို တစ်ကြိမ်လောက်ပဲ အိမ်ပြန်ခွင့်ပြုပေးပါနော်”
သူ(မ)သည် ကြည်လင်နူးညံ့သောအသားအရေကို ပိုင်ဆိုင်ထားသူဖြစ်၍ ငိုလိုက်သည့်အချိန်တွင်တောင် သစ်တော်ပွင့်ပေါ် မိုးရွာသကဲ့သို့ အလွန်လှပြီး ကြမ်းရမ်းပစ်ချင်စရာမျိုးဖြစ်နေသည်။ တုန်ယင်နေသည့် မျက်တောင်လေးများနှင့် နီရဲနေသည့် နှာသီးထိပ်ဖျားတို့က သူ(မ)အား နူးညံ့နေစေသည့်တိုင် သနားချင့်စဖွယ်လည်း ဖြစ်စေသည်။
မျက်ဝန်းထောင့်မှ စိမ့်ထွက်လာသည့် မျက်ရည်များက ရေခဲနှင့် နှင်းမှုန်များ အရည်ပျော်သွားသကဲ့သို့ ကြည်လင်သန့်စင်နေပြီး ပါးပြင်ထက် တလိမ့်လိမ့် စီးကျလာ၏။
ကျောက်ရှီသည် ခပ်ဖွဖွ မျက်မှောင်ကြုတ်ကာ တခဏ သူ(မ)အပေါ် မည်သည့်ကြမ်းကြမ်းတမ်းတမ်းစကားကိုမျှ မဆိုရက်တော့ချေ။ သူ၏ကော်လာသည်လည်း တစ်ဝက်စိုစွတ်လျက်ရှိပြီး သူ့လက်ချောင်းများ သူ(မ)မျက်နှာပေါ် ထိတွေ့လာချိန် စိုစွတ်စွတ်ရေစီးကြောင်းရာတစ်ခုကိုလည်း ခံစားမိလိုက်သည်။
မိန်းကလေးသည် အသံမထွက်ဘဲ မျက်ရည်ကျနေကာ ရံဖန်ရံခါ တိုးတိုးဖျဖျရှိုက်သံများက လည်ချောင်းထဲမှ ထွက်လာသည်မှာ သူ(မ)အား နူးညံ့ပျော့ပျောင်းနေစေပြီး လူကို သူ(မ)အား တယုတယ တန်ဖိုးထားနေချင်အောင် ပြုလုပ်နေ၏။
ကျောက်ရှီသည် သူ(မ)မျက်နှာကို လက်ကိုင်ပဝါဖြင့် သုတ်ပေးပြီး : “မငိုနဲ့”
ကျောက်ရှီအတွက် သူ(မ)ငိုသည်ကို အလွန်မြင်ခဲ၏။ သူ(မ)အား မျက်ရည်များဖြင့် နောက်ဆုံးတွေ့ခဲ့ရသည်မှာ သူ(မ)ကို မင်မိသားစုက ဝမ်ယွဲ့ဆောင်သို့ ပို့ဆောင်လာခဲ့သည့်အချိန်က ဖြစ်သည်။ ရေကြည်အလွှာလွှာထပ်နေသော မျက်ဝန်းများက သူ့အား သနားချင့်စဖွယ်ကောင်းအောင် မော်ကြည့်လာပြီး မျက်ရည်များဖြင့် ပြောလာသည့်စကားမှာကား သူ(မ)က မကြာခင် လက်ထပ်ရတော့မည့်အကြောင်း။
ထိုအချိန်က တစ်ခဏ စိတ်ပျော့သွားခဲ့သည့် ကျောက်ရှီမှာ သူ(မ)ကို ပြန်ပို့ပေးလိုက်လုနီးနီး၊ အနည်းငယ် ရုန်းကန်လိုက်ရပြီးနောက်တွင် သူ(မ)အပေါ်ထားသည့် သူ၏အရိုင်းစိတ်က အရာအားလုံးထက် သာလွန်လွှမ်းမိုးသွားခဲ့သည်။
မိန်းမငယ်လေးမှာ မျက်ရည်များကြောင့် မျက်လုံးပင် မဖွင့်နိုင်လောက်အောင်ပင် ဝမ်းနည်းပက်လက် ငိုကြွေးနေ၏။ လက်ဖြူဖြူသေးသေးလေးကလည်း သူ၏အင်္ကျီစကို ဆုပ်ကိုင်ထားသေးသည်။
ကျောက်ရှီ၏နှလုံးသားမှာ တင်းကျပ်သွားရပြီး နှုတ်ဆိတ်လျက် မျက်မှောင်သာ ကြုတ်ထားမိတော့သည်။ နှုတ်ခမ်းထောင့်များက တဖြည်းဖြည်းညွှတ်ကျသွားပြီး စိတ်အခြေအနေကလည်း ရုတ်ခြည်းဆိုသလို ထိုးကျသွားတော့သည်။
သူသည် သူ(မ)၏စိုစွတ်ပြီး နီမြန်းနေသော မျက်နှာလေးကို လက်နှစ်ဖက်ဖြင့် ညင်သာစွာ အုပ်ကိုင်လိုက်ပြီး အလျှော့ပေးလိုသည့် သဘောမျိုးဖြင့် သက်ပြင်းအသာချကာ နူးညံ့စွာ မေးလာ၏။
“မင်းက ဘယ်နှရက်ကြာအောင် ပြန်နေချင်တာလဲ”
မင်ကျူးသည် စက္ကန့်အနည်းငယ်မျှ ကြောင်အမ်းနေပြီး မျက်လုံးများက ပြူးကျယ်သွားကာ အူအူတူတူပုံစံလေးက ထိတ်လန့်သွားသည့်အရိပ်အစွန်းလေးများဖြင့်။ သူ(မ)က နှာခေါင်းနီနီလေးကို နှာရှုပ်လိုက်ပြီး အမူအရာလေးမှာ အနည်းငယ် ရတက်မအေးဖြစ်နေရပုံဖြင့်။
“ဆယ်ရက်”
ထိုအရေအတွက်ကို ပြောပြီးကာမှ သူ(မ)သည် သူ့ကို ခေါင်းမော့ကြည့်လာပြီး သတိတကြီးထားလျက် မေးလာ၏။
“အဆင်ပြေမယ်မလား”
ကျောက်ရှီသည် သူ(မ)၏လက်ကောက်ဝတ်ကို ကိုင်ထားပြီး အမူအရာက အတွေးများရင်း လေးနက်နေသော်လည်း ပုံမှန်ကဲ့သို့ အေးစက်သုန်မှုန်မနေဘဲ နှင်းများအရည်ပျော်သွားသည့်ပမာ နွေဦး၏ခံစားချက်ကို ခံစားမိစေ၏။
ဆယ်ရက်ဆိုသည်မှာ အမှန်တကယ် အလွန်ရှည်ကြာသည်ပေ။ ငြင်းဆန်တော့မည့် အငြင်းစကားမှာ လျှာထိပ်ဖျားတွင် ရစ်ဝဲနေပြီဖြစ်သော်လည်း ခေါင်းငုံ့ကြည့်လိုက်ချိန် သူ့အား အားကိုးမျှော်လင့်တကြီး စိုက်ကြည့်နေသော မိန်းမငယ်လေးကို မြင်ပြီး သူ့မှာ မငြင်းရက်ပြန်တော့ချေ။
ငိုပြီးနောက် မင်ကျူးသည် အနည်းငယ် မူးဝေကာ ပင်ပန်းလာပြီဖြစ်သဖြင့် အိပ်ချင်နေပြီဖြစ်သည်။ သူ(မ)သည် ညင်ညင်သာသာ လေသံဖြင့် : “နှစ်ကူးဖို့က ဆယ်ရက်လေးပဲ လိုတော့တာလေ၊ ကျွန်တော်မျိုးမက နှစ်သစ်ကူအကြိုနေ့မှာ ပြန်လာချင်လို့ပါ”
နှစ်စဉ် နှစ်သစ်ကူးတိုင်းတွင် ကျောက်ရှီသည် နန်းတော်တွင်သာနေရပြီး မီးပုံးပွဲတော်မတိုင်ခင်အထိ အပြင်အိမ်တော်သို့ တစ်ခါမှ ပြန်မရောက်လာဖြစ်ချေ။
ကျောက်ရှီသည် သူ(မ)၏နီရဲရဲမျက်ဝန်းများကို ကြည့်လိုက်ပြီး မကြည့်ရက်တော့သည့်အဆုံး စိတ်ပျော့ကာ : “ပိယင်ကိုပါ မင်းနဲ့အတူ ခေါ်သွား”
“ကောင်းပါပြီ”
မိမိဆန္ဒပြည့်ဝသည်နှင့် မင်ကျူးသည် စာကြည့်ခန်းထဲတွင် ကြာကြာမနေလိုတော့ချေ။
“ဒါဆို မင်ကျူး အရှင့်သားကို ဆက်ပြီးမနှောင့်ယှက်တော့ပါဘူးနော်”
ကျောက်ရှီသည် သူ(မ)ကို တိတ်တဆိတ် စိုက်ကြည့်လိုက်သော်လည်း တခြားဘာမှ မဆိုလာတော့ချေ။ သူသည် တစ်စုံတစ်ယောက်အား သူ(မ)ကို ပို့ဆောင်ပေးရန် အမိန့်ပေးလိုက်သည်။
စားပွဲပေါ်မှ အဖြူရောင်ကြာစေ့စွပ်ပြုတ်သည် အနည်းငယ် အေးသွားပြီဖြစ်ပြီး ကျောက်ရှီသည် ဇွန်းကိုကိုင်ကာ တစ်ငုံ ယူသောက်လိုက်ချိန် လွန်ကဲစွာချိုအီလွန်းနေသော အရသာက ပါးစပ်ထဲ စိမ့်ဝင်လာ၏။
စာကြည့်ခန်းအပြင်တွင် ရေနှင့် လက်ဖက်ရည် တည်ခင်းရန် အသင့်စောင့်နေသော မိန်းမစေသည် ထွက်သွားနှင့်ပြီးဖြစ်သော မင်ကျူးကို လေးစားအားကျမှုအပြည့်ဖြင့် ငေးကြည့်မိသည်။
ဤရက်များအတွင်း ဦးနှောက်ကောင်းကောင်းအလုပ်လုပ်သေးသည့် မည်သူမဆို အိမ်ရှေ့စံတစ်ယောက် စိတ်အခြေအနေမကောင်းမှန်း သိကြပြီး ထိုအကြောင်းမှာ မင်ကျူးသခင်မလေးနှင့် တစ်နည်းမဟုတ်တစ်နည်း စပ်ဆက်နေမှန်း သဘောပေါက်ကြသည်။
အိမ်ရှေ့စံမင်းသားသည် ကြာစေ့စွပ်ပြုတ်ကို လုံးလုံး မစားပြီး နန်းတွင်းစားသောက်ပွဲကြီးများတောင် ၎င်းကို မထိချေ။ ထို့အပြင် မင်ကျူးသခင်မလေးသည် သူ(မ)၏ချစ်မြတ်နိုးမှုကို ပြန်လည်ရရှိရေးအတွက် ရောက်လာခြင်းမဟုတ်ဘဲ အကူအညီတောင်းခံစရာရှိ၍သာ အရှင့်သားအိမ်ရှေ့စံဆီ ရောက်လာခြင်းဖြစ်ကြောင်း သူ(မ) ရှင်းရှင်းလင်းလင်း မြင်နိုင်ပေသည်။
သူ(မ)ကဲ့သို့ မိန်းမစေတစ်ဦးပင်လျှင် ထိုရည်ရွယ်ချက်ကို ကောင်းကောင်းကြီး မြင်နိုင်နေရာ အရှင့်သားအိမ်ရှေ့စံအနေနှင့် အဘယ်သို့ မမြင်နိုင်ဘဲ နေပါလိမ့်မည်နည်း။ ထို့ကြောင့် သူ(မ)မှာ မင်ကျူးသခင်မလေး ပြဿနာလာရှာပြီး အရှင့်သားကို ဒေါသထွက်စေကာ ဒုက္ခလှလှတွေ့ပြီး ခွင့်လွှတ်ပေးရန် အသနားခံရတော့မည်ဟု တွေးထားခဲ့သော်လည်း ရလဒ်ကား သူ(မ)ကို အံ့အားသင့်စေ၏။
နောက်ဆုံးအချိန်အထိတိုင်အောင် မင်ကျူးသခင်မလေးသည် အမြတ်နိုးခံနေရဆဲပေ။ သို့သော် ဘယ်အရာကမျှ မတည်မြဲနေချေ။ အရှင့်သားအိမ်ရှေ့စံ အိမ်ရှေ့နန်းသို့ အဓိကကြင်ရာတော်နှင့် အရံကြင်ရာတော်များ တစ်ယောက်ပြီးတစ်ယောက် လက်ထပ်ယူသွင်းပြီးချိန်တွင် မင်ကျူးသခင်မလေး ဆက်ပြီးအမြတ်နိုးခံရနိုင်ပါအုံးမလားဆိုတာ သူ(မ)သိချင်မိသည်။
ညသန်းခေါင်ယံတွင် မင်ကျူးတစ်ယောက် အိပ်မပျော်ချေ။ သူ(မ)သည် အိပ်ရာထဲ လှဲနေပြီးဖြစ်သော်လည်း မကြာခင် ပြန်ထထိုင်လိုက်ပြီး ရတနာသေတ္တာများကို စစ်ဆေးကာ ပေါင်နှံလို့ရမည့် ရတနာများကို စုဆောင်းလိုက်သည်။
မနက်ဖြန်မနက်ခင်းတွင် သူ(မ) မင်မိသားစုသို့ ပြန်ခွင့်ရတော့မည်ဖြစ်သည်။ ဆယ်ရက်တာအချိန်ကာလက သူ(မ)အတွက် ကိစ္စများစွာ စီစဉ်ဆောင်ရွက်ရန် လုံလောက်ပေ၏။
ယနေ့တွင် မင်ကျူးသည် ကျောက်ရှီရှေ့ မျက်ရည်ကျပြလိုက်ပြီး တစ်ဝက်လောက်က စစ်မှန်သော်လည်း ကျန်တစ်ဝက်မှာ ဟန်ဆောင်နေခြင်းသာဖြစ်ပြီး စငိုလိုက်သည်နှင့် အမှန်တကယ် ဝမ်းနည်းလာခဲ့သည်။
သူ(မ)ကိုယ်၌လည်း ကျောက်ရှီတစ်ယောက် အမှန်တကယ် သူ(မ)ကို ပြန်ခွင့်ပြုလာလိမ့်မည်ဟု လုံးလုံး မထင်မှတ်ထားပေ။ ယခင်ကဆိုလျှင် သူ(မ)မှာ သူ့ကို စိတ်အနှောင့်အယှက်ဖြစ်စေမည်ဆို၍လည်း သူ့အရှေ့တွင် မျက်ရည်မကျရဲခဲ့ချေ။ ထို့ကြောင့် ငိုသည်က အမှန်တကယ် အလုပ်ဖြစ်လိမ့်မည်ဟု သူ(မ) လုံးဝ မသိခဲ့ခြင်းပေ။
ပိယင်သည် အထဲတွင် မည်သည့်အသံမျှ မကြားတော့သည့်အချိန်အထိ စောင့်ဆိုင်းပြီးနောက် အခန်းထဲသို့ ခြေဖွဖွနင်းဝင်ကာ ခုတင်ကို ကြည့်ပြီး : “မမလေး?”
ပိယင်သည် နောက်နှစ်ကြိမ် အသာအယာထပ်ခေါ်ကြည့်လိုက်သော်လည်း တုံ့ပြန်သံမရှိချေ။ မမလေးတစ်ယောက် အိပ်ပျော်သွားပြီဖြစ်မည်။ သူ(မ)သည် ခုတင်ဘေးမှ မီးအိမ်နှစ်လုံးကို မှုတ်လိုက်ပြီး အခန်းတွင်းမှ ထွက်ကာ စာကြည့်ခန်းသို့ ချက်ချင်း သွားလိုက်သည်။
ကျောက်ရှီသည် စားပွဲအရှေ့တွင် ရပ်နေပြီး ဖြောင့်မတ်သည့် ကိုယ်နေဟန်ထားမှာ ထင်းရှူးပင်ကြီးပမာ။ မျက်ဝန်းများကို အသာချပြီး တိတ်ဆိတ်စွာနှင့် လက်ရေးလှ လေ့ကျင့်နေ၏။ စာရွက်ပေါ် စွန်းထင်းသွားသော မင်လက်ရေးသည် တစ်လုံးချင်းစီတိုင်းက ထက်ရှပြီး ကြီးကျယ်ခမ်းနားနေ၏။
ပိယင်သည် ခေါင်းငုံ့လျက်ဖြင့် : “မမလေးက ဒီရက်တွေထဲ…ကောင်းကောင်းအိပ်၊ ကောင်းကောင်းစားနေပါတယ်၊ တခြားဘာပုံမှန်မဟုတ်တာကိုမှ ကျွန်တော်မျိုးမ သတိမထားမိပါဘူး”
ပိယင်သည် မင်ကျူး၏အနီးကပ်အစေခံဖြစ်သော်လည်း သူ(မ)သည် မင်ကျူးအနားနေရန် ကျောက်ရှီ စီစဉ်ထားသည့် လူဖြစ်သောကြောင့် သူ(မ)အား သူလျိုအဖြစ် သတ်မှတ်လို့ရပေသည်။ မင်ကျူး၏အပြုအမူတိုင်း၊ လှုပ်ရှားမှုတိုင်း ယုတ်စွအဆုံး သူ(မ)ပြောသည့်စကားတစ်ခွန်းစီတိုင်းကအစပင် အရာအားလုံး သူ့ထံ ပြန်တင်ပြရသည်။
ပိယင်က ထပ်ဖြည့်ဆိုလိုက်သည်။
“မမလေးက အရှင့်သား လက်ဆောင်ပေးထားတဲ့ ရတနာတွေကို အရမ်းသဘောကျနေတဲ့ပုံပါပဲ၊ ဒီရက်တွေထဲမှာ စာအုပ်မဖတ်ဖြစ်ရင် ဆံထိုးလေးတွေကို ရေနေတတ်ပါတယ်”
မှိန်ပျနေသော မီးရောင်အောက်တွင် ကွယ်ဝှက်နေသည့် အမျိုးသား၏မျက်နှာအမူအရာက မရှင်းမလင်းနှင့်ပင်။
“အမ်း”
သူက လက်ထဲမှ စုတ်တံကို ချလိုက်ပြီး တည်ငြိမ်စွာ ဆိုလိုက်သည်။
“မင်မိသားစုဆီ ပြန်တဲ့အချိန် သူ့ကို ကောင်းကောင်းဂရုစိုက်”
“သွားတော့”
“ဟုတ်ကဲ့”
ပိယင်တစ်ယောက် စာကြည့်ခန်းထဲမှ ထွက်လာကာမှပင် အသက်ဝဝရှူရဲတော့သည်။ အိမ်ရှေ့စံသည် ရုံးတော်တွင် သူ၏အရောင်ဝါကို များသောအားဖြင့် ထိန်းချုပ်ရန် ကြိုးစားသော်လည်း ဝင့်ကြည့်လာသော မျက်လုံးများနှင့် ဆိုလာသော စကားတို့မှာကား ချွန်ထက်သည့် ဓားသွားများသဖွယ်ပင်။
မင်ကျူးတစ်ယောက် အိပ်မက်များကင်းဝေးသော ညတာမှ နိုးထလာခဲ့ပြီး ဖြီးလိမ်းပြင်ဆင်ရန် စောစောစီးစီး ထလိုက်သည်။ သူ(မ)က စကပ်ပေါ်တွင် နူးညံ့သော ပန်းထိုးကြာပွင့်များပါသည့် ခါးတွင် ကြိုးပြားနှစ်ထပ် ချည်နှောင်ထားသော မေပယ်ရောင်ဂါဝန်ရှည်ကို ရွေးချယ်ထားသည်။ မျက်နှာချေမှုန့်လိမ်းခြယ်ပြီးသည်နှင့် သူ(မ)၏အလှတရားက ဘာနှင့်မျှ ဖိနှိပ်လို့မရနိုင်သည့်တိုင်အောင် ထင်ပေါ်ထွက်လာ၏။
ကျောက်ရှီသည် များသောအားဖြင့် သူ(မ)အား ဤကဲ့သို့ အရောင်တောက်တောက်အဝတ်အစားများကို ဝတ်ခွင့်မပြုထားချေ။ သို့သော် သူ(မ)သည် ငယ်ငယ်ရွယ်ရွယ် မိန်းကလေးတစ်ဦးဖြစ်သည့်အလျောက် လှပကြည့်ကောင်းသည်ကို သဘောကျသည်မှာ မဆန်းပေ။ တစ်ခါတစ်ရံ မနေနိုင်စွာဖြင့် သူ(မ)အား ဘာကြောင့် ဤသို့သောအဝတ်အစားများကို အခန်းအပြင်တွင် ပေးမဝတ်ရသလဲကို သူ့ကို တစ်ခါမက မေးကြည့်ခဲ့ဖူးသည်။
ထိုအချိန်များတွင် ကျောက်ရှီ အလွန်လေးနက်စွာ ပြန်ဖြေပေးလာသည်မှာ : “ကျင့်ဝတ်သိက္ခာကို ထိခိုက်စေတယ်” ဟူ၍။
မင်ကျူးအနေနှင့် ၎င်းက ကျင့်ဝတ်ကို ထိခိုက်စေသည်ဟု မမြင်မိ၊ ကျောက်ရှီသည်လည်း သူ(မ) ဤသို့ဝတ်စားသည်ကို သဘောကျသည့်ပုံပါပေ။ သူ(မ) အခန်းအတွင်း ရှိနေချိန် လှပစွာ ဝတ်စားဆင်ယင်ထားသည့်အခါမျိုးတွင် သူသည် တစ်ခါမှ ဘာမှမပြောဖူးခဲ့ချေ။
ပိယင်က အထဲဝင်လာပြီး : “မမလေး လှည်းက အပြင်မှာ စောင့်နေပါပြီ”
“ဒါဆိုလည်း မြန်မြန်သွားကြစို့၊ ငါ့အသုံးအဆောင်တွေကို လှည်းပေါ် ရွှေ့ပေးပြီးပြီလား” သူ(မ)သည် အနည်းငယ် စိတ်မရှည်ဖြစ်နေ၏။
အစေခံအချို့သည် သူ(မ)၏အသုံးအဆောင်သေတ္တာများကို လှည်းနောက်သို့ ရွှေ့သယ်သွားကြသည်။ အဝင်ဝသို့ ရောက်လုကာနီးအချိန် မင်ကျူးသည် ကောင်းကင်ကို မော့ကြည့်မိပြီး ဤသို့စူးရှတောက်ပနေသည့် နေ့အလင်းရောင်ကို သူ(မ)မတွေ့ဖြစ်သည်မှာ အတော်ကြာသွားပြီဟု ခံစားလိုက်ရသည်။
မင်ကျူး၏အတွေးများက လွင့်ပျံ့နေပြီး သူ(မ)အရှေ့သို့ လျှောက်လာနေသော အမျိုးသားကို သတိမထားမိချေ။ သူ(မ)၏ပုခုံးများက ရုတ်တရက် လေးလံသွားပြီး ပုခုံးပေါ်တွင် အပိုခြုံလွှာနီကြီးတစ်ထည် ရောက်လာ၏။
သူ(မ)သည် တွေဝေစွာနှင့် အသိပြန်ဝင်လာ၏။
ကျောက်ရှီသည် သူ(မ)အဝတ်အစားများကို ပြန်ပြင်ပေးလိုက်သည်။ နေရောင်ခြည်က သူ၏နူးညံ့ခန့်ညားသည့် မျက်နှာပေါ် ကျရောက်နေပြီး ကျောက်စိမ်းပမာ အသားအရေနှင့် ကြည့်ကောင်းလွန်းသည့် ရုပ်ရည်က လူ၏စိတ်ကို လှုပ်ခါနိုင်စွမ်း၏။ သူက တည်ငြိမ်အေးဆေးစွာနှင့် : “ပြန်သွားတဲ့အချိန် ပြဿနာမရှာနဲ့”
မင်ကျူးသည် ခေါင်းငုံ့ပြီး လိမ္မာရေးခြားရှိစွာ ခေါင်းညိတ်ပြလိုက်သည်။ အင်္ကျီအောက်ထဲမှ လက်သေးသေးလေးများကမူ တိတ်တဆိတ်နှင့် ကျစ်ကျစ်ဆုပ်ထားပြီး နှလုံးသားမှာ ကျောက်ရှီ စိတ်ပြောင်းကာ သူ(မ)အား ပြန်ခွင့်မပြုတော့မည်ကို စိုးပြီး စိုးရိမ်ကြောင့်ကြနေရသည်။
သူ(မ)အရှေ့မှ အမျိုးသားကို တစ်ဖန်မော့ကြည့်လိုက်ပြီး : “နောက်ကျနေပြီ”
ကျောက်ရှီသည် သူ(မ)မျက်နှာကို ပွတ်သပ်ပြီး လက်ထဲသို့ အနွေးအိတ်တစ်ခုကို စွပ်ပေးလာသည်။
“လှည်းထဲ ဝင်တော့လေ”
မင်ကျူး၏အေးစိမ့်နေသော လက်ချောင်းထိပ်လေးများက ရုတ်တရက် အနွေးဓာတ်တစ်ခုကို ခံစားလိုက်ရသည်။ သူ(မ) သူ့ကို ရောထွေးနေသော ခံစားချက်တို့ဖြင့် နှုတ်ဆက်ဂါဝရပြုလိုက်ပြီးနောက် မြင်းလှည်းပေါ် တက်သွားလိုက်သည်။ လှည်းထဲတွင် နံ့သာတိုင်ကို ကြိုတင်ထွန်းထားပေးသဖြင့် အလွန် နွေးထွေးနေ၏။
လှည်းသည် စတင်ဘယ်ညာယိမ်းလာ၏။ အမည်မသိသော အကြောင်းပြချက်အချို့ကြောင့် လှည်းထဲတွင် ထိုင်နေပြီးဖြစ်သော မင်ကျူးသည် ရုတ်တရက် ကန့်လန့်ကာကို မ,တင်ပြီး နောက်ပြန်လှည့်ကြည့်လိုက်သည်။
တံခါးရှေ့တွင် လက်နောက်ပစ်၍ ရပ်နေသည့် ကျောက်ရှီသည် နှင်းထန်သော လေပြင်းများအကြား မားမားမတ်မတ်ရပ်တည်နေသော ထင်းရှူးပင်ကြီးကဲ့သို့ပင်၊ သူ၏ပုံရိပ်သည် ဖြောင့်မတ်နေသည့်တိုင် အနည်းငယ် အထီးကျန်ဆန်နေသလို။ မင်ကျူးသည် ရုတ်တရက် သူ(မ)၏အိပ်မက်အကြောင်း သွားသတိရမိသည်။ စလယ်ဆုံးထိတိုင်အောင် သူ(မ)သည် သူ့မျက်နှာကို သေချာရှင်းလင်းစွာ မြင်ခွင့်မရခဲ့ပြီး ဖြောင့်မတ်စွာ ရပ်နိုင်ရန် အတင်းလုပ်ယူကြိုးစားထားပုံရသည့် သူ၏ဝေဝေဝါးဝါးနောက်ကျောပုံရိပ်ကိုသာ တွေ့ရသော်လည်း ကြီးစိုးနေသော အထီးကျန်ဆန်မှုတစ်စွန်းတစ်စကို သူ(မ)ခံစားခဲ့ရပြီး သူ့ကိုပင် သနားလိုက်မိသေးသည်။
မင်ကျူးသည် သက်ပြင်းချလျက် ကန့်လန့်ကာကို ပြန်ချလိုက်သည်။ သူ(မ) ယခင်က တွေးမိခဲ့ဖူးသည်၊ မောမောကပဲ မိမိလုပ်ပိုင်ခွင့်မိမိ ကျော်လွန်ပြီး သူ(မ)အား အတင်းအကျပ်သေစေရန် အဆိပ်သေရည်ကို တိတ်တဆိတ် ယူဆောင်လာခဲ့လေသလားဟုပင်။ သို့သော်လည်း ထိုအဆိပ်သေရည်ခွက်ကား အမှန်တကယ် ကျောက်ရှီ၏ဆန္ဒဖြစ်ဟန်တူလေ၏။ သူ သူ(မ)အား သဘောကျသည်ဟု တစ်ခါမှ မပြောဖူးခဲ့သည် မဟုတ်ချေ။ တစ်ခါတစ်ရံ စားသောက်ပွဲများ၌ သောက်စားမူးယစ်ပြီး ဝမ်ယွဲ့ဆောင်သို့ ပြန်ရောက်လာသည့်အခါမျိုးတွင် သူ(မ)အား ပွေ့ဖက်နမ်းရှိုက်ပြီး သူ သူ(မ)အား အလွန်သဘောကျကြောင်း ပြောလေ့ရှိသည်။
တကယ်တမ်းတော့ သေရည်၏အရသာ၌ ရစ်မူးနေသော ယောကျ်ားသားတစ်ယောက်၏စကားကို အမှန်တကယ် ယုံကြည်၍မရနိုင်ပေ။
မျက်စိတစ်မှိတ်စာလေးအတွင်း လှည်းသည် မင်အိမ်တော်ရှေ့မရောက်ခင် ရပ်တန့်သွား၏။
မင်မိသားစုသည် သူ(မ)ပြန်လာမည့်အကြောင်း ကြိုတင်သိထားကြသည်။ သူတို့သည် သူ(မ)က တစ်နှစ်တည်းသာရှိသေးသော်လည်း မျက်နှာသာအပေးမခံရတော့ဘဲ အိမ်ရှေ့စံ၏ စွန့်ပစ်ခြင်းကို ခံရကာ ပြန်လွှတ်ခံလိုက်ရပြီဟု တွေးကာ သူ(မ)ကို အလေးအနက်ထားမနေကြတော့ချေ။ ထို့အပြင် မင်မိသားစုသည် သူတို့မျက်နှာသူတို့ ထိန်းသိမ်းထားချင်သေးပြီး သူ(မ)၏အဖေဖြစ်သူကလည်း သူ(မ)နှင့်ပတ်သက်ပြီး အနည်းငယ် ရှက်စရာကောင်းသည်ဟု ခံစားမိသောကြောင့် ပင်မတံခါးရှိ အစေခံများကို သူ(မ)၏လှည်းအား အနောက်တံခါးဆီသို့ ခေါ်ဆောင်သွားစေလိုက်သည်။
“မိန်းကလေး၊ ဒုတိယသခင်ကြီးက အနောက်တံခါးကနေသာ ဝင်ဖို့ ညွှန်ကြားလိုက်ပါတယ်”
မင်ကျူးသည် ဘာမျှ မပြောသော်လည်း ပိယင်မှာတော့ ထိုစကားကြားသည်နှင့် အမျက်ချောင်းချောင်းထွက်လာ၏။
အရှေ့တံခါးမှ ဧည့်ကြိုရသော အစေခံများသည် မျက်နှာကြီးရာ ဟင်းဖတ်ပါနိုင်ကြဆုံးသော လူစားများဖြစ်သည်။
သခင်မလေးငါးသည် အိမ်တွင် မျက်နှာသာအပေးမခံရပြီး သူ(မ)၏စိတ်နေသဘောထားက မှုန်မှုန်မှိုင်းမှိုင်းနှင့် ခင်မင်ချင်စရာမကောင်းနေပေ။ သူ(မ)က အမှန်တကယ် လှပကြည့်ကောင်းသော်ငြားလည်း မည်မျှပင် လှနေစေကာမူ မကြာခဏ ကြည့်ပါများလာသည့်အခါ ထူးခြားသည်ဟု မခံစားရတော့ပေ။ အိမ်ရှေ့စံမင်းသားသည်လည်း သူ(မ)ကို ရိုးအီငြီးငွေ့သွားသည်ဖြစ်ရမည်။ ထို့ကြောင့်လည်း ကစားလို့ဝသည်နှင့် လူကို ဤနေရာသို့ ပြန်လွှတ်လိုက်ခြင်းဖြစ်မည်ပေ။
ထိုအစောင့်၏သဘောထားသည် တော်တော်လေး ပေါ့ပျက်ပျက်နိုင်လှသည်။
“သခင်မလေးငါး၊ ကျုပ်တို့ကို အခက်တွေ့အောင် မလုပ်ပါနဲ့၊ မင်း အဓိကဝင်ပေါက်ကနေ ဝင်လာရင် မြို့တော်က လူတိုင်း ဒီကိစ္စကို ချက်ချင်း သိသွားကြလိမ့်မယ်၊ ဒုတိယသခင်ကြီးကလည်း မင်းကောင်းဖို့အတွက်ပဲ လုပ်နေတာ သူက မင်းကို မျက်နှာမပျက်စေချင်လို့လေ”