အပိုင်း (၀၂၀.၁)
ပိယင်သည် ခေါင်းကို တွင်တွင်ငုံ့ကာ အသက်ကို အောင့်လို့ တုန်နေသည့်သွားများကို တင်းတင်းကြိတ်ထားရင်း သူ၏အမေးကို ပြန်ဖြေရန် လုံးလုံး သတ္တိမရှိနေချေ။
ကျစ်လစ်သွယ်လျသည် အနှီအမျိုးသားက မီးရောင်မှိန်မှိန်အောက်တွင် ငြိမ်သက်စွာ ရပ်နေ၏။ နှုတ်ခမ်းထောင့်များက တဖြည်းဖြည်း ညွှတ်ကျသွားပြီး မျက်နှာထက်ရှိ အမူအရာမှာ ဖတ်ရခက်ခဲလှသည်။
ပိယင်၏လည်ချောင်းသည် ခြောက်ကပ်လာပြီး တံတွေးကို အကြိမ်ကြိမ် မျိုချရင်း မင်ကျူးအတွက် ဆင်ခြေတစ်ခုရှာရန် ရုန်းကန်လိုက်သည်။
“မဟုတ်…မဟုတ်လဲ မမလေးမင်ကျူးကို တစ်ယောက်ယောက်က ပြန်ပေးဆွဲသွားတာလည်း ဖြစ်နိုင်တယ်မလား”
ကျောက်ရှီသည် လှောင်ရယ်ပြီး မျက်လုံးများကို ဝင့်ကာ အလွန်အမင်း အေးစက်နေသော အသံဖြင့် ဆိုလိုက်သည်။
“ဝေ့လျိုကို ခေါ်လိုက်”
ဝေ့လျိုသည် *ကျင်ရီဝေ့၏ခေါင်းဆောင်ဖြစ်သည်။ ယခုတွင် ကျင်ရီဝေ့၏အာဏာသည် အိမ်ရှေ့စံထံတွင် ဖြစ်ပြီး ကျောက်ရှီလက်ထဲ ရောက်နေသည်မှာ အတော်ပင် ကြာနေခဲ့ပြီးဖြစ်သည်။ ကျင်ရီဝေ့ရှိ အထက်မှ အောက်ခြေရှိ အဖွဲ့ဝင်တိုင်း သူ၏အမိန့်များကို နာခံကြရသည်။
(ကျင်ရီဝေ့ - ပိုးဝတ်ရုံတပ် တစ်နည်း တော်ဝင်သက်တော်စောင့်)
ဤရက်များတွင် မင်အိမ်တော်အပြင်ဘက်၌ လျှို့ဝှက်စွာ စောင့်ကြပ်နေကြသော အစောင့်အားလုံးနီးပါးသည် ကျင်ရီဝေ့မှ လူများပင် ဖြစ်သည်။
ဝေ့လျိုသည် သတင်းကြားကြားချင်း လက်ထဲ ရှိရှိသမျှ အလုပ်အကုန်ပစ်ချပြီး နန်းတွင်းတရားမျှတမှုအကျဉ်းထောင်ကနေ အပြေးအလွှား ရောက်လိုက်သည်။ သူသည် ခါးတွင် ဓားရှည်တစ်ချောင်းဖြင့် အနက်ရောင်ဖေ့ယွီဝတ်စုံကို ဝတ်ဆင်ထား၏။ ပြင်းထန်သော သွေးညှီနံ့က သူ့ကိုယ်ထက် လွမ်းခြုံထားပြီး ဝတ်စုံအနားစွန်းမှ သွေးကွက်များက ယခုထိတိုင်ပင် မခြောက်သေးချေ။
ဖေ့ယွီဟူ - 飞鱼服
ကျောက်ရှီသည် မျက်လွှာအောက်ချလျက် တစ်ဖက်လှည့်လာပြီး အေးစက်စက်အကြည့်များက သူ့အပေါ် ဖြည်းညှင်းစွာ ကျရောက်လာ၏။
အတန်ကြာ တိတ်ဆိတ်နေပြီးနောက်တွင်မှ နူးညံ့သိမ်မွေ့သည့် အနှီအမျိုးသားက လက်ကို မြှောက်ကာ သူ့ကို ခပ်ပြင်းပြင်း ရိုက်ချလိုက်သည်။
ထိုရိုက်ချက်ကြောင့် ဝေ့လျို၏ခေါင်းသည် လည်ထွက်သွားပြီး ပါးစပ်ထောင့်မှ လျှံထွက်လာသည့် သွေးများကို ပြန်မျိုချထားလိုက်သည်။
အပြန်လမ်းမှာကလည်းက သူသည် ဖြစ်ပျက်နေသည့် ကိစ္စများကို ကြားထားခဲ့ပြီးပြီဖြစ်သည်။
အိမ်ရှေ့စံမင်းသား သူ၏ရွှေလှောင်အိမ်ထဲ တယုတယ ထည့်ဝှက်ထားသည့် အလှလေးက သူတို့နှာခေါင်းအောက်မှာပင် ထွက်ပြေးသွားခဲ့ပြီး ၎င်းကို မည်သူမျှ သတိမထားမိခဲ့ကြခြင်းပေ။
ထိုသတင်းကြားပြီးနောက် ဝေ့လျို၏နှလုံးသားသည် တိမ်ဝင်သွား၏။ မင်ကျူးတွင် ထွက်ပြေးရန် သတ္တိရှိနေလိမ့်အုံးမည်ဟု သူ တကယ် မထင်မှတ်ထားပေ။ အိမ်ရှေ့စံမင်းသား သူ(မ)ကို အပြင်အိမ်တော်သို့ ခေါ်သွင်းလာခဲ့သည့် ပထမလအစက သူတို့သည် လိုက်တမ်းပြေးတမ်းကစားနည်းကို ဘယ်နှကြိမ်မှန်းမသိအောင်ပင် ကစားဖြစ်ခဲ့ကြသည်။
အကြိမ်တိုင်း ထိုမိန်းကလေးကို ပြန်ဖမ်းခေါ်ရန် အစောင့်များကို ဦးဆောင်ခေါ်သွားသည်မှာ ဝေ့လျိုသည်သာဖြစ်သည်။
အိမ်ရှေ့စံတွင် နည်းလမ်းပေါင်းများက မရေမတွက်နိုင်အောင် ရှိပြီး ထိုနှစ်အတောအတွင်း မင်ကျူးမိန်းကလေးလည်း သူ(မ)၏သင်ခန်းစာကို သင်သင့်သလောက် သင်ခဲ့ပြီးလောက်ပြီပင်၊ ဘာကြောင့်များ သူ(မ) ဤမျှအထိ အတင့်ရဲနေသေးရသလဲ။
ဝေ့လျိုသည် ရိုက်ချက်ပြင်းပြင်းကို လက်ခံရလိုက်သော်လည်း မည်သည့်ညည်းညူသံမျှ မထွက်ဝံ့ချေ။ သူသည် ပါးစပ်ထောင့်မှ စိမ့်ထွက်နေသည့် သွေးကို သုတ်မနေတော့ဘဲ : “ကျွန်တော်မျိုး သူ့နောက်ကို လိုက်ဖို့ လူလွှတ်ထားလိုက်ပါပြီ”
အမေးထုတ်လာသည့် ကျောက်ရှီ၏အသံက အေးစက်ခက်ထန်နေ၏။
“မင်းတို့ သူ့ကို ကြည့်နေတယ်ဆိုတာ ဒီလိုပုံမျိုးနဲ့လား!”
ဝေ့လျိုသည် မျက်လွှာချကာ : “ကျွန်တော်မျိုး ဒီတစ်ခါမှာ ပေါ့လျော့မိသွားပါတယ်၊ အရှင့်သားပေးမဲ့ ဘယ်အပြစ်မျိုးကိုမဆို ကျွန်တော်မျိုး ခံယူပါ့မယ်”
ကျောက်ရှီသည် သူ့ကို အေးစက်စက် မျက်ဝန်းများဖြင့် ကြည့်ပြီး ဩရှနေသော ခပ်အုပ်အုပ်အသံဖြင့် : “မြို့တံခါးတွေကို ပိတ်လိုက်၊ ဘယ်သူ့ကိုမှ ငါ့ခွင့်ပြုချက်မရှိဘဲ မြို့ထဲကနေ ထွက်ခွင့်မပြုနဲ့”
ဝေ့လျိုသည် ခေါင်းမော့ကာ အိမ်ရှေ့စံကို အံ့အားတသင့်ဖြင့် ကြည့်လိုက်သည်။ ယနေ့ညကား မီးပုံးပွဲတော်ဖြစ်၍ မြို့တံခါးကို ကမူးရှူးထိုး ပိတ်လိုက်ခြင်းသည် အခြေအမြစ်မရှိသော ခန့်မှန်းချက်များနှင့် ပြည်သူလူထုကို မလိုအပ်ဘဲ အထိတ်တလန့်ဖြစ်စေလိမ့်မည်ပေ။
သူသည် အံကို ကြိတ်ရင်း : “အရှင့်သား၊ ဒါက ပိုပြီး အုံအုံကြွကြွမဖြစ်စေဘူးလား”
ကျောက်ရှီ၏အကြည့်များက အေးစက်လွန်းနေသည်မှာ လူကို လိပ်ပြာလွင့်မတတ် လန့်ဖြန့်သွားစေနိုင်လောက်အောင်ပင်။ သူသည် ယဉ်ကျေးသိမ်မွေ့ဟန်ပေါက်နေသည့်တိုင် သတ်ဖြတ်လိုသော ရောင်ဝါများကလည်း အလုံအလောက် ရှိနေသေး၏။
“ငါ မင်းကို မြို့တံခါးကို ပိတ်ဖို့ ပြောတယ်မလား၊ နေရာတိုင်းကို သေချာ စစ်ဆေးပြီး တစ်ယောက်မကျန် အကုန်စစ်မေး”
ဝေ့လျိုမှာ ‘ကောင်းပါပြီ’ ဟု ဖြေရုံသာ တတ်နိုင်၏။
နှစ်စဉ်နှစ်တိုင်းဆိုသလို နန်းမြို့တော်မှ မီးပုံးပွဲတော်သည် ဝင်ချည်၊ ထွက်ချည် ပြုနေကြသော လူမျိုးစုံဖြင့် လမ်းမများထက် ကြိတ်ကြိတ်တိုး စည်းကားနေပြီး အဓိကလမ်းမကြီးများမှစ၍ လမ်းကြိုလမ်းကြားအဆုံး လမ်းတစ်လျှောက်လုံးတွင် ဆိုင်တန်းများခင်း၍ ကိုယ်တိုင်ပြုလုပ်ထားသော မီးပုံးများကို ရောင်းချနေကြသော စျေးသည်များအပြည့်ဖြင့် မြင်ကွင်းက အလွန်ခမ်းနားလှပနေ၏။
ယနေ့အခါမျိုးတွင် ငယ်ငယ်ရွယ်ရွယ်ကညာပျိုလေးများကလည်း မီးပုံးများကို မြစ်ထဲ လွှတ်၍ ဆုတောင်းပြုကြသည်။
အဓိကလမ်းမကြီးပေါ်မှ စားသောက်ဆိုင်၏ မျက်နှာချင်းဆိုင်တွင် စင်တစ်ခုကို ကြိုတင်ထိုးထားပြီး အဆိုသမများ၊ ကချေသည်များက ဖျော်ဖြေနေကြသည်။ ထို့အပြင် အလှဆုံးသော ကညာကို ရွေးချယ်မည့် ပြိုင်ပွဲတစ်ခုလည်း ရှိသေး၏။
ပွဲလာပရိသတ်အပေါင်းမှာ ဖျော်ဖြေမှုများကို ကြည့်ရင်း ညှိ့ယူခံထားရသလို၊ ထိုစဉ် တစ်စုံတစ်ဦးက သုတ်သီးသုတ်ပြာပြေးလာပြီး အသက်လုရှူရင် ထိတ်ထိတ်ပျာပျာဖြင့် ဆိုလာ၏။
“ဘာတွေဖြစ်နေမှန်း မသိဘူးဟေ မြို့တံခါးတွေကို ပိတ်ချလိုက်ပြီ!”
လူအုပ်ကြီးသည် မနေနိုင်အောင် အမျိုးမျိုး မှတ်ချက်ပေးလာကြသည်။
“ဒီရက်တွေထဲမှာ သတ်မှတ်ချိန်အတွင်း အပြင်မထွက်ရဘူးဆိုတဲ့ ဘာအမိန့်ကိုမှ မထုတ်ထားဘူးမလား၊ ဘာလို့ သူတို့က မြို့တံခါးတွေကို ဗြုန်းစားကြီး ပိတ်လိုက်ရတာလဲ”
ထိုလူသည် ရေအေးတစ်ခွက်အပြည့် မော့သောက်ပြီး ဆက်ဆို၏။
“ကျုပ်လည်း မသိဘူး၊ ခုဏက ရွာက ကျုပ်ဝမ်းကွဲ နွားလှည်းစီးပြီး အိမ်ပြန်မလို့ လုပ်တာကို မြို့တံခါးက အစောင့်တွေက သူ့ကို တားပြီး အရှင့်သားအိမ်ရှေ့စံရဲ့ခွင့်ပြုချက်မရှိဘဲ ဘယ်သူမှ မြို့ထဲကနေ ထွက်ခွင့်မရှိဘူး ပြောတယ်တဲ့”
“နန်းတော်မှာ တစ်ခုခုဖြစ်သွားလို့လား”
“ငါတော့ ဘာမှမကြားမိဘူး”
“တကယ် ထူးဆန်းတာပဲဟ”
နောက်လူတစ်ယောက်ကလည်း ပေါ်လာပြီး ပဟေဠိဆန်ဆန်ဆိုလေ၏။
“ငါ့အမြင်အရတော့ အိမ်ရှေ့စံမင်းသား လုပ်ကြံခံရလို့ပဲ နေမှာ အဲ့ဒါကြောင့် အခု သူတို့တွေက လုပ်ကြံသူတွေကို ဖမ်းမလို့ စီစဉ်နေတာပေါ့”
“ငါလည်း အဲ့လိုပဲ တွေးမိတယ်”
“မင်းပြောတာ ကျိုးကြောင်းသင့်တယ်”
သူတို့လည်း အခြားဖြစ်နိုင်သည့် အခြေအနေကိုလည်း မစဉ်းစားတတ်ချေ။ မြို့တံခါးများ ပိတ်လိုက်ပြီဆိုသော သတင်းကြောင့် ဖျော်ဖြေပွဲကို ကြည့်နေသည့် လူများသည် စိတ်မပါတော့ပြီး စင်ရှေ့တွင် လူစုခွဲသွားကြတော့သည်။
တစ်ချိန်တည်းဆိုသလို မင်အိမ်တော်၏အတွင်းရောအပြင်ရောပါ အိမ်ရှေ့စံ၏ကိုယ်ရံတော်တပ်သားများဖြင့် ဝန်းရံထား၏။ တင်းကျပ်စွာ ပိတ်ထားသည်က ယင်တစ်ကောင်ပင် ပျံထွက်သွားနိုင်မည် မဟုတ်ပေ။
သေရည်လေး အနည်းငယ်ဝင်ပြီး စိတ်ကလေး ရွှင်နေသည့် မင်မိသားစု၏ အကြီးဆုံးသခင်ကြီးသည် အခြေအနေကို သိလိုက်ရချိန် အချိန်အတန်ကြာသည်အထိ ကြက်သေသေသွား၏။
“ဒါ ဒါ ဒါ……အိမ်ရှေ့စံရဲ့လူတွေက ဘာကြောင့် မင်အိမ်တော်ကို ဝိုင်းထားကြတာလဲ”
မဟုတ်မှလွဲ သူ့ရဲ့ဆန်ကုန်မြေလေးညီလေးက သစ္စာဖောက်လုပ်ရပ်တစ်ခုခုကိုများ လုပ်ခဲ့လို့လား။
မင်မိသားစု၏အကြီးအကဲသည် သူ့ခန့်မှန်းချက်နှင့်သူ သောက်ထားသည့် အရှိန်ကလေးပင် အကုန်ပြေပြီး ချက်ချင်းဆိုသလို ကြောက်လန့်လာတော့သည်။
သူသည် သူ၏တတိယညီကို စိမ်းစိမ်းကြီး စိုက်ကြည့်ပြီး နှာခေါင်းကို လက်ညိုးငေါက်ငေါက်ထိုးကာ အော်ဟစ်မေးမြန်းတော့သည်။
“မင်း ဘာလုပ်ထားပြန်ပြီလဲ!!”
တတိယမင်သခင်ကြီးသည် သူ မှားယွင်းစွပ်စွဲခံရကြောင်း အော်ပြောလိုက်ချင်၏! သူသည် အလုပ်ပြုတ်သွားပြီးကတည်းက အိမ်တွင် တစ်နေကုန်တစ်နေခမ်း အားလပ်နေခြင်းဖြစ်ပြီး သည်ထက်ပိုပြီးလည်း မဖြောင့်မတ်နိုင်တော့ပေ။ တစ်ခါတစ်လေမှသာ ဆောင်ကြာမြိုင်မှ မိန်းကလေးများနှင့် သေရည်အနည်းငယ် သောက်စားပျော်ပါးမိရုံလေးဖြစ်သည်။
တစ်ဖက်မှ အစေခံကောင်လေးက အခြေအနေကို ရှင်းပြလာ၏။
“သခင်ကြီး၊ ကြည့်ရတာ ပဉ္စမသခင်မလေး တစ်ခုခုဖြစ်သွားလို့နဲ့တူတယ်”
အကြီးဆုံးမင်သခင်ကြီးသည် ခေါင်းကိုက်မှုကြောင့် ခေါင်းပင် နှစ်ခြမ်းကွဲလုမတတ်၊ သူသည် ဒေါသတကြီးဖြင့် စားပွဲကို ထုရိုက်လိုက်သည်။
“ဒီဘိုးဘေးလေးက ပြဿနာမရှာရရင် သေသွားမှာမလို့လား၊ နည်းနည်းပါးပါး ကောင်းကောင်းပြုမူပြီး နေပေးမယ်ကို မရှိဘူး!”
သူ(မ)သည် အိမ်ရှေ့စံ၏ ယာယီမြတ်နိုးမှုကို အခွင့်အရေးအပြည့်အဝယူပြီး အခြားသူများအပေါ် ဗိုလ်ကျချင်တိုင်း ကျနေတော့သည်။ နောင်ကျ သူ(မ)ကို အိမ်ရှေ့စံ ဘယ်လိုကိုင်တွယ်မလဲဆိုတာ ကြည့်ချင်စမ်းပါဘိ။
“သခင်ကြီး၊ ကြည့်ရတာ မင်ကျူးသခင်မလေးက ထွက်ပြေးသွားတဲ့ပုံပါပဲ……”
“ဘာပြောတယ်”
အကြီးဆုံးမင်သခင်ကြီးသည် မယုံကြည်နိုင်စွာ ထပ်မေး၏။
“ပဉ္စမသခင်မလေးကို ဘယ်မှာမှ ရှာမတွေ့တော့ဘူး”
အကြီးဆုံးမင်သခင်ကြီး၏အမြင်များသည် တဖြည်းဖြည်း မှောင်မိုက်သွား၏။ သူ့မှာ အသက်ပင် ဖြောင့်အောင်မရှူနိုင်တော့၊ တစ်စုံတစ်ယောက်က သူ့အား ကုလားထိုင်ပေါ် ထိုင်နားနိုင်စေရန် ကူညီပေးလိုက်ရသည်။
“သူ…သူ…သူ ငါတို့တစ်မိသားစုလုံးကို သတ်ဖို့ ကြံနေတာပဲ အာ!”
အိမ်ရှေ့စံ သူတို့အိမ်ရှေ့မှောက်သို့ ရောက်လာပြီး သူ(မ)ကို တောင်းသည့်အချိန်က မင်ကျူးသည် အပြင်းအထန် ငြင်းဆန်ခဲ့သည်။ သူ(မ) အိမ်ရှေ့စံ၏ဇနီးမယားဖြစ်သွားပြီးနောက်တွင် မင်မိသားစုသည် မင်ကျူးထံ စာပို့ပြီး စကားကောင်းလေးများဖြင့် အတန်တန်မှာလေ့ရှိသည်မှာ အရှင့်သားကို ကောင်းကောင်း အလုပ်အကျွေးပြုရန်။
မင်ကျူးသည် ထိုအချိန်အထိ ငြင်းဆန်နေသေးပြီး သူတို့အား သူ(မ)ကို အိမ်ပြန်ခေါ်ပေးပါရန် အနူးအညွှတ်တောင်းပန်ရင်း စာပြန်ခဲ့သည်။
သို့သော် မင်မိသားစုသည် သူ(မ)အတွက်နှင့် အိမ်ရှေ့စံကို စော်ကားမည်မဟုတ်ချေ။
အိမ်ရှေ့စံ၏ခြိမ်းခြောက်မှုက ယခုထိတိုင် သူ့နားထဲ စွဲနေသေး၏။
မင်ကျူးသာ အမှန်တကယ် ထွက်ပြေးသွားခဲ့လျှင် မင်မိသားစုသည်လည်း သေချာပေါက် ပါဝင်ပတ်သက်လာတော့မည်ဖြစ်သည်။
အကြီးဆုံးမင်သခင်ကြီးသည် လက်ကိုင်ကုလားထိုင်ကို အမှီပြု၍ ဖြည်းဖြည်းချင်း ထရပ်လိုက်သည်။
“သူ့ကို ရှာဖို့ မြန်မြန်လူလွှတ်ထားလိုက်၊ တွေ့တာနဲ့ အိမ်ရှေ့စံရဲ့အပြင်အိမ်တော်ဆီ တစ်ခါတည်း ပို့ပေးလိုက်”
မြို့ကို ပိတ်လိုက်သည့်အချိန်က မင်ကျူးသည် မြင်းလှည်းဖြင့် မြို့ထဲမှ ထွက်သွားနိုင်ခဲ့ပြီးပေ။
ပတ်ဝန်းကျင်က လုံးလုံး အမှောင်ကျနေပြီးဖြစ်သည်။ မင်ကျူးသည် မူလကတည်းက ညကြီးသန်းခေါင်ထဲ လမ်းပေါ် တစ်ယောက်တည်း ခရီးထွက်ဝံ့သူမဟုတ်သော်လည်း သူ(မ)၏အချိန်က အကန့်အသတ်နှင့်သာ။ ကျောက်ရှီသည် မနက်ဖြန်တွင် ချန်းထိုက်တောင်မှ ပြန်ရောက်လာလိမ့်မည်ဖြစ်ပြီး သူ(မ) ပျောက်သွားကြောင်းကို သိသည်နှင့် သူ(မ)နောက်သို့ အမီလိုက်ရန် လူများစေလွှတ်တော့မည်ဖြစ်သည်။ ဤတစ်ကြိမ်တွင်သာ သူ(မ)ကို ပြန်ဖမ်းမိသွားခဲ့လျှင် သူ(မ)တော့ တကယ် သွားပြီပေ။
မင်ကျူးသည် လှည်းကန့်လန့်ကာကို မတင်လိုက်ပြီး မှောင်မည်းနေသော ကောင်းကင်ကြီးကို ကြည့်ကာ လက်ချောင်းများကို တိတ်တဆိတ် ဆုပ်ပြီး လှည်းမောင်းသမားအား လှမ်းဆိုလိုက်သည်။
“ဆိပ်ကမ်းဆီကို မောင်းပေးပါ၊ ကျွန်မ အလျင်လိုနေလို့”
လှည်းမောင်းသမားက ငြင်းဆန်၏။
“မိန်းကလေး၊ ဒီအချိန်ကြီးမှာ ဘယ်ကလှေက ရှိမှာလဲ”
မင်ကျူးသည် အံကို ကြိတ်ကာ : “ကျွန်မ သူတို့ကို အသပြာပိုပေးလိုက်ရင် ဖြစ်တာပဲမလား”
လှည်းမောင်းသမားက သူ၏ကြိမ်ကို လွှဲလိုက်ပြီး ရှေ့သို့ ဆက်မောင်းရင်း ကြင်နာစွာ ဆိုလိုက်သည်။
“ငွေအသပြားက အရေးမဟုတ်ပါဘူး၊ ဒီရေက ဒီရက်ထဲမှာ တက်နေတာလေ ညဘက် လှေနဲ့ခရီးထွက်တာ ဘယ်လိုမှ အန္တရာယ်မကင်းဘူး၊ မနက်ဖြန်မနက်ကျမှပဲ လှေရလို့ရငြား ဆိပ်ကမ်းကို တစ်ချက်သွားကြည့်ကြည့်ပေါ့”
မင်ကျူးသည် ထိုနေရာသို့ သွားရန် လုံးလုံးစိတ်ပိုင်းဖြတ်ထား၏။
“တစ်ချက်ကြည့်ရအောင်လို့ ကျွန်မကို ခေါ်သွားပေးပါ”
လှည်းမောင်းသမားသည် သူ(မ)လောက် ခေါင်းမာသည့်လူမျိုး တစ်ခါမှ မတွေးဖူးချေ။ ထို့ကြောင့်ပဲ သူ(မ)အား ဆိပ်ကမ်းဆီ ခေါ်သွားပေးရလေသည်။ ထင်ထားသည့်အတိုင်း ကူတို့သမားတစ်ယောက်တစ်လေပင် ရှိမနေချေ။
လှည်းမောင်းသမားက သူ(မ)ကို ကြင်နာစွာဖြင့် အကြံပေးလိုက်သည်။
“သခင်မလေး၊ အချိန်က မစောတော့ဘူး ဒီညတော့ အရင်ဆုံး တည်းခိုဆောင်တစ်ခုခုမှာ နားနေလိုက်ပြီး မနက်ဖြန်ကျမှပဲ ထွက်ပါလား”
မင်ကျူးသည် ခေါင်းညိတ်လိုက်ပြီး မြို့ပြင်မှ စားသောက်ဆိုင်တစ်ခုဆီသို့ တစ်ညတည်းခိုရန် ထွက်လာလိုက်သည်။
ဆိုင်ရှင်ကြီးသည် သူ၏ဧည့်သည်ကို တောက်ပသော အပြုံးဖြင့် ကြိုဆိုပြီး လက်ထဲမှ ပေသီးခုံကို ဟိုရွှေ့သည်ရွှေ့လုပ်ပြီးနောက် “သခင်မလေး ကျုပ်တို့မှာ ဒီနေ့ နှစ်ခန်းတည်းကျန်တော့တာဗျ၊ ဈေးနှုန်းက နည်းနည်းတော့ မြင့်မယ်နော် မင်း…”
မင်ကျူး၏ပိုက်ဆံအိတ်ထဲတွင် ငွေစေ့အများအပြားပါသဖြင့် သူ(မ) မေးကြည့်လိုက်သည်။
“ဘယ်လောက်ကျလဲ”
“ငွေနှစ်စပါဗျ”
ယင်းမှာ အမှန်တကယ် ဈေးကြီးသော်လည်း မင်ကျူးအနေနှင့် ၎င်းကို ဂရုမစိုက်နိုင်ပေ။ သူ(မ) ပိုက်ဆံပေးရန် ဟန်ပြင်လိုက်စဉ်မှာပင် တံခါးနှင့် တဖြည်းဖြည်း နီးကပ်လာသည့် မြင်းခွာသံများကို ကြားလိုက်ရသည်။ အရပ်မြင့်မြင့်နှင့် အမျိုးသားတစ်ယောက်သည် အနက်ရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး ဘေးပတ်ပတ်လည်တွင် သတ်ဖြတ်လိုသော ရောင်ဝါများဖြင့် လွှမ်းခြုံနေ၏။
သူ့အနောက်ရှိ ငယ်သားများအားလုံးသည် ဓားရှည်များကိုယ်စီလွယ်ထားကြသည့် ကိုယ်ပိုင်စစ်သားများဖြစ်ကြသည်။ တစ်ချက်ကြည့်ရုံဖြင့် သွားရှုပ်ဖို့မလွယ်ကြောင်း မည်သူ(မ)ဆို သိနိုင်လိမ့်မည်ပေ။
“မင်းသား မြင်းတွေကို နေရာချပြီးပါပြီ”
“အမ်း”
ရှန့်ဝမ်းလင်သည် ငွေချောင်းတစ်ချောင်းကို ထုတ်ပြီး ဆိုင်ရှင်ရှေ့ချပေးလိုက်သည်။
ဆိုင်ရှင်တစ်ယောက် ချက်ချင်း သဘောပေါက်သွားပြီး သူ့ကို တစ်ချက်၊ သူ့အနောက်မှ လူကို တစ်ချက် ကြည့်ပြီး ဆိုလိုက်သည်။
“ကြွပါ၊ လူကြီးမင်းတို့”
သူက ထိုလူများကို ဆိုပြီးသည်နှင့် မင်းကျူးဘက်သို့ လှည့်ကြည့်ကာ : “သခင်မလေး ခဏလောက် စောင့်နေပေးနော်”
မင်ကျူးသည် တောင့်တင်းနေသော လည်တိုင်ဖြင့် ခေါင်းညိတ်ပြလိုက်သည်။ သူ(မ)နှလုံးသားက လည်ချောင်းထဲမှပင် ခုန်ထွက်လာတော့မည်ဖြစ်သည်။ ကံကောင်းထောက်မစွာ မျက်နှာကို မျက်နှာလွှားဇာဖြင့် ကြိုတင်အုပ်ထားခဲ့ပေလို့။
မင်းသားချန်သည် သူ(မ)မျက်နှာကို တစ်ခါမှ မတွေ့ဖူးသည်ကြောင့် သူ(မ)ကို မှတ်မိနိုင်လိမ့်မည်မဟုတ်ပေ။
မင်ကျူးသည် အသံတိတ် တစ်ဖက်သို့ မျက်နှာလွှဲလိုက်ပြီး လမ်းဖယ်ပေးကာ သူ(မ)၏ဖြစ်တည်မှုသူ(မ) အတတ်နိုင်ဆုံး လျှော့ချနိုင်အောင် ကြိုးစားနေလိုက်သည်။
ရှန့်ဝမ်းလင်သည် လှေကားပေါ်သို့ တက်သွားနှင့်ပြီးဖြစ်သော်လည်း သူသည် ရုတ်တရက် နောက်ပြန်လှည့်လာပြီး မျက်ဝန်းနက်နက်များဖြင့် သူ(မ)ကို အတန်ကြာသည်အထိ တိတ်တဆိတ် စိုက်ကြည့်နေပြီးမှ : “မင်း ဒီဘက်လှည့်”
မင်ကျူး၏ခြေထောက်မှာ ခဲများဆွဲထားရသလို လေးလံနေပြီး ခြေလက်များမှာ တောင့်တင်းကုန်၏။ သို့သော် သူ(မ)ကိုယ်သူ(မ) တည်ငြိမ်အောင် ထားလိုက်ပြီး ကိုယ်ကို ဖြည်းဖြည်းချင်း လှည့်ကာ အကြည့်ချင်းမဆုံရဲသဖြင့် မျက်လွှာချထားလိုက်သည်။
ဤအမျိုးသမီးငယ်လေး ရိုးရိုးရှင်းရှင်း ဝတ်စားထားသည်မှာ သူ(မ) မနေ့က ဝတ်ဆင်ခဲ့သော တောက်ပသည့် ပိုးထည်ဝတ်စုံဖြင့် လုံးလုံး ကွဲပြားနေ၏။ သို့သော် သူ(မ)ကိုယ်ထက်မှ ရနံ့သင်းသင်းလေးအား မည်သို့မျှ ဖုံးကွယ်မထားနိုင်ပေ။
ရှန့်ဝမ်းလင်သည် ရုတ်တရက် မနေ့ညက တွေ့ခဲ့သော မြင်ကွင်းကို ပြန်အမှတ်ရမိလိုက်၏။ ထိုဖြူဖြူနုနုရွှေလည်တိုင်လေး၊ ကြည့်ကောင်းလှသော မေးသွယ်သွယ်နှင့် ထိုအရည်လဲ့လဲ့မျက်ဝန်းဝိုင်းဝိုင်းလေးများ … လွန်စွာလှလွန်းသည်က လူကို သူ(မ)ထံမှ အကြည့်တစ်ဖဝါးမှ မခွာချင်အောင် ပြုစားနေ၏။ သူသည် တံတွေးမျိုချလိုက်ပြီး တိုက်ရိုက်ပင် စကားစလိုက်သည်။
“အရှင့်သားရော ဒီမှာရှိနေတာလား”
မင်ကျူးသည် သူ သူ(မ)ကို တကယ်ပဲ မှတ်မိနေလိမ့်မည်ဟု မထင်မှတ်ထားပေ။ သူ(မ)မှာ နေရာမှပင် ချက်ချင်းထွက်ပြေးသွားချင်စိတ် ပေါက်လာ၏။ ချွေးအေးများက နဖူးထက်မှ စိမ့်ထွက်လာပြီး အနည်းငယ် တုန်ယင်နေသော အသံဖြင့် ဖြေလာသည်မှာ တစ်ဖက်လူ မကြားနိုင်လောက်အောင်ပင်။
“အမ်း”
ရှန့်ဝမ်းလင်သည် သူ(မ)၏ကျက်သရေရှိသော အသွင်ကို ငေးကြည့်နေရင်းမှ သူ့ကိုယ်သူ အကြည့်လွဲရန် ဖိအားပေးလိုက်ပြီး တစ်ဖက်သို့ လှည့်ကာ အပေါ်သို့ တက်သွားလိုက်သည်။
မင်ကျူးသည် အောက်နှုတ်ခမ်းကို ကိုက်ထားသည်မှာ သွေးထွက်လုပင်နီးနီး၊ သူ(မ)၏နောက်ကျောတစ်ပြင်လုံး ချွေးအေးများဖြင့် စိုရွှဲနေပြီးဖြစ်သည်။ သူ(မ)၏ကံက အတော်ဆိုးလှကြောင်း ခံစားမိလိုက်သည်၊ ဘယ်လိုလုပ်ပြီးတော့များ ဒီနေရာမှာမှ ရှန့်ဝမ်းလင်နှင့် မတော်တဆ လာဆုံနိုင်ရတယ်လို့။
မင်ကျူးသည် ဤနေရာတွင် ကြာကြာဆက်မနေရဲတော့ချေ။
ဆိုင်ရှင်က ဇဝေဇဝါဖြစ်သွားပြီး : “သခင်မလေး ဒီမှာ ညမအိပ်တော့ဘူးလား”
မင်ကျူးသည် ခေါင်းညိတ်ပြပြီး ကြုံရာဆင်ခြေတစ်ခုဖြင့် ခွန်းတုံ့ပြန်လိုက်သည်။
“ကျွန်မ ပိုက်ဆံယူလာဖို့ မေ့သွားလို့”
သူ(မ)သည် နောက်ဖေးသို့ သွားလိုက်ပြီး လှည်းမောင်းသမားကို နှိုးကာ ညတွင်းချင်းခရီးနှင်ပေးရန် တောင်းဆိုလိုက်သည်။
သူ(မ)ကြောင့် အိပ်ပျော်နေရာမှ နိုးလာသည့် လည်းမောင်းသမားသည် အလွန်ဒေါသထွက်သွားသော်လည်း မင်ကျူးသည် သူ့ကို ပါးစပ်ပိတ်စေရန် ငွေဆယ်စပေးလိုက်သည်။
ငွေကလေး လက်ထဲရောက်သည်နှင့် စိတ်အခြေအနေကောင်းသွားသည့် လှည်းမောင်းသမားသည် အိပ်ချင်စိတ်ပြေစေရန် တစ်ချက်သမ်းဝေပြီး မေးလိုက်သည်။
“မိန်းကလေး၊ ရေကြောင်းနဲ့ သွားမှာမဟုတ်ဘူးမလား”
“နောက်ကျနေပြီလေ”
“ဒါဆိုလည်း ကောင်းပြီလေ၊ ကုန်းကြောင်းက နည်းနည်းတော့ နှေးတယ်ဆိုပေမဲ့ ခရီးစဉ်က သက်တောင့်သက်သာရှိတယ်လေ”
မင်ကျူးသည် ပင်ပန်းမည်ကို မကြောက်ပါချေ။ သူ(မ)က မေးမြန်းကြည့်လိုက်သည်။
“ဒီကနေ ကျန့်နန်အထိဆို အချိန်ဘယ်လောက်ကြာနိုင်လဲ”
လှည်းမောင်းသမားက တခဏ ဂရုတစိုက် တွေးတောပြီးနောက် “အနည်းဆုံး လဝက်တော့ အချိန်ယူရမယ်ဗျ”
မင်ကျူးမှာ စိုးရိမ်လွန်းသဖြင့် နူးနူးညံ့ညံ့ခေါင်းအုံးပေါ် မှီလှဲရသည်တောင် အိပ်၍ မပျော်နိုင်ချေ။
ရှန့်ဝမ်းလင်သည်လည်း အိပ်မပျော်ပါချေ။ မျက်လုံးများကို မှိတ်လိုက်သည့်အချိန်တိုင်း မိန်းမငယ်လေး၏ ချစ်စဖွယ်မျက်လုံးလေးများ၊ တောက်ပပြီး စွဲမက်ဖွယ်ကောင်းသော၊ သူ တစ်ကြိမ်တစ်ခါတည်းသာ မြင်ဖူးပြီး မေ့ဖျောက်၍မရနိုင်တော့သော မျက်နှာလေးက အကြိမ်ကြိမ် သူ့မျက်ဝန်းများထဲ ပေါ်လာ၏။
သွယ်လျပြီး လှပလွန်း၏….
ရှန့်ဝမ်းလင်သည် ယခုတွင်မှ အိမ်ရှေ့စံမင်းသားပင်လျှင် အဘယ်ကြောင့် ဤမာယာထောက်ချောက်ထဲမှ မရုန်းထွက်နိုင်သလဲကို နားလည်ပေးနိုင်တော့သည်။သူ(မ)က တကယ့်ကို လှလွန်းသည်။
ကောက်ကြောင်းသွယ်သွယ်နှင့် ဖြူစင်သန့်ရှင်းသည့် အလှတရားလေး….
ထို့အပြင် လိမ္မာပြီး နာခံတတ်သည့် ပုံစံလေးနှင့်…..
ရှန့်ဝမ်းလင်မှာ အနည်းငယ် နှမြောမိ၏၊ သူ(မ)သာ အိမ်ရှေ့စံနောက်လိုက်လျှင် နေ့အလင်းကို မမြင်နိုင်သည့် အငယ်အနှောင်းတစ်ယောက်သာ ဖြစ်နိုင်သည်။ သူ(မ)တွေ့ခဲ့သည့် လူက သူသာ ဖြစ်ခဲ့မည်ဆိုလျှင် သူသည် သူ(မ)ကို မိသားစုထဲသို့ လိုလိုလားလားနှင့် ခေါ်သွင်းပြီး သူ၏ကိုယ်လုပ်တော် ဖြစ်ခွင့်ပေးမည်ပေ။
ရှန့်ဝမ်းလင်သည် သူနှင့် အိမ်ရှေ့စံမင်းသား၏ ခင်မင်ရင်းနှီးသော ဆက်ဆံရေးအရ နောင်တွင် သူ၏ကိုယ်လုပ်တော်အဖြစ် သူ(မ)ကို ကျောက်ရှီထံမှ တောင်းလျှင် အလွန်မခက်ခဲလောက်ဟုပင် စတင် တွေးတောလာတော့သည်။
သူသည် အိပ်ပျော်နိုင်ခြင်းငှာ မစွမ်းသာတော့ဘဲ အိပ်ရာထဲ ဟိုလှိမ့်သည်လှိမ့်ဖြင့် လူးလိမ့်နေရင်း နောက်ဆုံး စိတ်အနှောင့်အယှက်ဖြစ်ကာ ပြတင်းပေါက်ကို ဖွင့်ပြီး အပြင်ကို တစ်ချက်ကြည့်လိုက်ရာ အရုဏ်ပင် တက်ခါနီးနေပြီဖြစ်ကြောင်း သိလိုက်ရသည်။
စိတ်ထဲ ဘဝင်မကျဖြစ်လွန်းသဖြင့် သူ၏ငယ်သားများအား အထုပ်အပိုးပြင်ခိုင်းပြီး နန်းမြို့ဆီသို့ ခရီးအလျင်နှင်ကာ ပြန်လာလိုက်သည်။
မြို့တံခါးများသည် ပုံမှန်မဟုတ်စွာ စောင့်ကြပ်နေသော အစောင့်တပ်သားများ ထူထဲနေပြီး ဝေ့လျိုရှိနေသည့်အချက်မှာ ပိုလို့ပင် ထူးဆန်းနေ၏။
ဝေ့လျိုကို မြင်လျှင် ရှန့်ဝမ်းလင်သည် အနည်းငယ် မျက်မှောင်ကြုတ်လိုက်၏။
“ဝေ့လူကြီးမင်းက ဘယ်လိုလုပ်ပြီး မြို့တံခါးဆီ ရောက်နေတာလဲ”
ဝေ့လျိုက : “ဒါပေါ့ အရေးကြီးတဲ့ကိစ္စကြောင့်ပဲပေါ့”
ရှန့်ဝမ်းလင်သည် စိတ်ထဲ ထူးဆန်းနေသည်ဟု ခံစားလိုက်ရသဖြင့် : “ဘာအရေးကိစ္စတုန်းဗျ၊ ကျုပ်ကို ပြောကြည့်လေ”
ဝေ့လျိုသည် သူ့ကို ဖုံးကွယ်ထားရန် ရည်ရွယ်ချက်မရှိချေ။
“အရှင့်သားရဲ့အချစ်တော် ကိုယ်လုပ်တော်လေး ပျောက်သွားလို့လေ”
ရှန့်ဝမ်းလင်သည် တခဏ တန့်သွား၏။ ပျောက်သွားတယ် ဆိုတာ ဘာကို ပြောချင်တာလဲ၊ သူက အိမ်ရှေ့စံနဲ့အတူ မြိုပြင်ကို ထွက်လာတာမဟုတ်ဘူးလား။
သူ ရုတ်တရက် သဘောပေါက်လိုက်သည်မှာ သူ(မ) သူ့ကို လှည့်စားသွားခြင်းဖြစ်လောက်မည်ဟု။
ရှန့်ဝမ်းလင်၏အကြည့်များက ပြောင်းလဲသွား၏။
ဝေ့လျိုသည် သူ့ကို ထူးဆန်းစွာ ကြည့်ပြီး ဆက်ဆိုလိုက်သည်။
“သူက လှည်းနဲ့ထွက်ပြေးသွားတာပဲ၊ ဒါပေမဲ့ မြို့ထဲကနေ ထွက်သွားနိုင်ခဲ့ပြီးပြီလားဆိုတာ မသိရသေးဘူး”
ရှန့်ဝမ်းလင်သည် တစ်ခဏ တိတ်ဆိတ်နေလိုက်သော်လည်း တစ်ဖန် သေချာစွာ စဉ်းစားပြီးနောက်တွင် ၎င်းကို မဖုံးဖိထားရန် ဆုံးဖြတ်လိုက်သည်။
“ကျုပ် သူ့ကို တွေ့လိုက်တယ်”
“ခင်ဗျား သူ့ကို တွေ့လိုက်တယ်?! ဘယ်မှာလဲ”
“မနေ့ညကပဲ၊ မြို့ပြင်က တည်းခိုဆောင်မှာ၊ ဒါပေမဲ့ မနေ့ညကတည်းက အဲ့ဒီနေရာကနေ ထွက်ပြေးသွားလောက်ပြီ”
ရှန့်ဝမ်းလင်သည် သူ(မ) ဘာကြောင့် ထွက်ပြေးရသလဲ နားမလည်နိုင်ချေ။ လွယ်လွယ်နဲ့မရဘူး ဆိုတဲ့ ပုံစံမျိုးနဲ့ အထာကိုင်တဲ့ ကစားနည်းလား၊ ဒါမှမဟုတ် အနောက်ဆောင်ကိစ္စကြောင့်ပဲ အမြတ်နိုးခံရဖို့အတွက် မာယာသုံးနေတာလား။
သူသည် တည်ငြိမ်စွာနှင့်ပင် သူ၏စိစစ်ချက်ကို ဆိုလိုက်သည်။
“သူ ကျန့်နန်ဘက်ကို သွားမယ်ထင်တယ်၊ အဲ့ဒီလမ်းကြောင်းအတိုင်းသာ လူလွှတ်ထားလိုက်ရင် သိပ်မကြာခင်မှာပဲ သူ့ကို ဖမ်းမိနိုင်လိမ့်မယ်”
ဝေ့လျိုသည် သူ့ကို ဦးညွှတ်ကာ : “ကျေးဇူးတင်ပါတယ် မင်းသား”
“ရပါတယ်”
ရှန့်ဝမ်းလင်သည် မနေနိုင်အောင် သိချင်စွာ မေးမြန်းလိုက်သည်။
“အိမ်ရှေ့စံရဲ့ အမိန့်က ဘာများလဲ”
ဒီလောက်ထိ ကြီးကြီးကျယ်ကျယ်တွေ လုပ်နေပုံထောက်ရင် သူ တော်တော်လေး ဒေါသထွက်နေသည် ဖြစ်မည်။
ဝေ့လျိုကလည်း အမှန်အတိုင်း ဆိုလိုက်သည်။
“အသက်ရှင်ရင် လူကို မြင်ချင်တယ်၊ သေရင် အလောင်းကို တွေ့ချင်တယ်”
နောက်ထပ်အမိန့်တစ်ခု ရှိသေး၏။ လူကို ဖမ်းမိချိန် သူ ပြန်လိုက်ရန် ငြင်းဆန်ပါက မည်သည့်အကြောင်းနှင့်မျှ ယဉ်ကျေးနေစရာမလို၊ အသက်ရှူနေသရွေ့ အဆင်ပြေသဖြင့် လူကို နန်းမြို့တော်သို့ မပါပါအောင် ပြန်ခေါ်ဆောင်လာရမည်ဖြစ်သည်။
ရှန့်ဝမ်းလင်သည် အာရုံလွင့်လျက်ဖြင့် အတည်ပြုလည်ချောင်းသံသာ ပြုလိုက်သည်။ သူသည် တစ်ညလုံး အိပ်မပျော်ခဲ့သဖြင့် ခေါင်းမှာ ကိုက်ခဲနေ၏။ အခြားသူများ၏ အရေးကိစ္စများကို ဂရုစိုက်နေရန် ခွန်အားမရှိနေသဖြင့် မြင်းပေါ်ပြန်တက်ပြီး အနားယူရန် အိမ်တော်သို့ ပြန်သွားလိုက်သည်။
ဝေ့လျိုသည် ရှန့်ဝမ်းလင် ညွှန်ပြသည့် လမ်းညွှန်ချက်အတိုင်း ရှာဖွေမှုကို ဦးဆောင်ပြီး တည်းခိုဆောင်ပိုင်ရှင်အား စစ်ဆေးမေးမြန်းခဲ့သည်။ သတင်းရသည်နှင့် အိမ်ရှေ့နန်းဆောင်သို့ ချက်ချင်းပြန်သွားပြီး သတင်းပို့သည်။
စာကြည့်ခန်းထဲတွင် ကျောက်ရှီသည် သူ့ရှေ့တွင် ကျားထိုးဘုတ်ပြားတစ်ခုကို ချထား၏။ သူ၏မျက်နှာထက်တွင် တည်ငြိမ်စွာ မေးလာရင်း မည်သည့်အမူအရာပြောင်းလဲမှုမျှ မရှိနေချေ။
“လူကို တွေ့ပြီလား”
ဝေ့လျိုသည် တလေးတစား ပြန်ဖြေ၏။
“သူက ကျန့်နန်ဦ်းတည်ရာဘက်ကို ပြေးသွားတာပါ”
ထိုအဖြေက ကျောက်ရှီကို မအံ့ဩသွားစေချေ။ မင်ကျူး၏မိခင်က ကျန့်နန်မှ ဖြစ်သည်။
ဘယ်လိုလုပ်ပြီးတော့များ စကားတစ်ခွန်းလေးတောင်မှ ဆိုမသွားဘဲ သူ(မ) ထွက်ပြေးသွားနိုင်သလဲကို သူ နားမလည်နိုင်ရုံမျှသာ။
သူ(မ)ကို သူ ကောင်းကောင်းဆက်ဆံပေးပါလျက်နှင့်။
တခါတရံ ခုတင်ထက်တွင် အထိန်းအချုပ် ကင်းမဲ့သွားသည်မှလွဲ၍ သူ့အကန့်အသတ်သူ သိပြီး သူ(မ)ကို နည်းနည်းလေးမျှ မထိခိုက်စေခဲ့ပေ။ ဤမိန်းမငယ်လေး မျက်နှာနီနီလေးဖြင့် သူ့လည်ပင်းကို ဖက်ကာ စတင် ငိုယိုပြသည်နှင့် သူ့နှလုံးသားသည်လည်း ပျော့ပျောင်းသွားရမြဲဖြစ်သည်။
သူ(မ)အပေါ် အနည်းငယ် တင်းကျပ်စွာ စောင့်ကြပ်သည်မှလွဲ၍ အခြားကိစ္စရေးရာများတွင် မည်သည့်ကန့်သတ်ချက်မျှ မထားထားခဲ့ပေ။
ရွှေဆို ရွှေ၊ ငွေဆို ငွေ၊ ပိုးဆို ပိုး၊ ဖဲဆို ဖဲ…သူ(မ)တွင် အကုန်ရှိပြီး၊ ထိုအရာများထဲတွင် သူ(မ)အပေါ် မည်သည့်အရာကိုမျှ တစ်ခါလေးပင် ဆိုးရွားစွာ မဆက်ဆံဖူးချေ။
ကုန်လွန်သွားခဲ့သော ဤနှစ်များအတွင်း ကျောက်ရှီသည် သူ(မ)နှလုံးသား ပျော့ပျောင်းနေပြီဟုပဲ ထင်မှတ်ခဲ့သည်။ သူ စောစောထပြီး ထွက်သွားရန် ပြင်ရသည့်အခါမျိုးတွင် ခုတင်ထက်မှ အိပ်မှုန်စုံမွှားဖြစ်နေသေးသော မိန်းမငယ်လေးက သူ၏လက်ထိပ်ဖျားကို ဆွဲထားပြီး သူ ထွက်သွားမည်ကို မမြင်ချင်သကဲ့သို့ ပြုမူတတ်သည့် အချိန်အချို့ရှိခဲ့သည်။ သူ့ကို ကြည့်နေတတ်သည့် သူ(မ)၏မျက်ဝန်းလေးများထဲတွင် ချစ်ခြင်းမေတ္တာ ခံစားချက်တစ်ချို့ ရှိနေလေသည်။
မဟုတ်မှ ဒါတွေအကုန်လုံးကား ဟန်ဆောင်နေခြင်းပေလား။
“သုံးရက်၊ မင်းကို အလွန်ဆုံး သုံးရက်ပေးမယ်၊ လူကို တွေ့တာနဲ့ သူ့ကို ငါကိုယ်တိုင် သွားပြီးဖမ်းမယ်”
“ဟုတ်ကဲ့”
အပိုင်း (၀၂၀.၂)
ဝေ့လျိုတစ်ယောက် အိမ်ရှေ့စံ၏အိမ်တော်မှ ပြန်ထွက်လာသည်နှင့် မင်မိသားစု၏ သခင်မငယ်လေးအတွက် သောကရောက်မိသည်။ နောင်၌ သူ(မ)တွင် ဘာဖြစ်သွားလိမ့်မလဲကို သူလည်း သေချာ မသိတော့ချေ။
ကျောက်ရှီသည် ငြိမ်သက်စွာ ထိုင်နေပြီး မျက်မှောင်ကြုတ်ကာ အတွေးများလျက်နေ၏။
သူ စပြီးစဉ်းစားမိသည်မှာ သူ(မ) ဘယ်အချိန်ကတည်းက ဒါတွေကို စီစဉ်နေခဲ့သလဲ ကို။ အိမ်ကို လွမ်းလှပါသည်ဟု အတွင်တွင်ပြောပြီး သူ့အရှေ့တွင် မျက်ရည်ကျပြကာ မင်မိသားစုထံ သူ(မ)ကို ပြန်ခွင့်ပြုပါရန် လှည့်စားတောင်းဆိုသည့် အချိန်ကတည်းကလား။
သေချာပေါက်ကိုပင်၊ သူ(မ)ကား လူလိမ်မလေး ဖြစ်နေဆဲပေ။
သူ(မ)နှုတ်မှ ထွက်သမျှ စကားတိုင်းကား အကုန်အလိမ်အညာတွေချည်း ဖြစ်သည်။
သို့သော် ဤတစ်ကြိမ်တွင် သူ(မ)သည် ပိုပြီး ဉာဏ်ကောင်းသွားခဲ့၏။ သူ(မ)သည် သူ၏စာကြည့်ခန်းထဲမှ ခရီးသွားလာခွင့်စာရွက်စာတမ်းများသာမက သူ(မ)၏ကျွန်ပြုစာရွက်များကိုပါ ခိုးယူသွားနိုင်ခဲ့သည်။
သူ(မ)သည် သူ၏စာကြည့်ခန်းထဲ လာရသည်ကို အလွန်မနှစ်သက်ကြောင်း ကျောက်ရှီ မှတ်မိသည်။ သို့သော် ဤရက်များတွင် သူ(မ)သည် ပုံမှန်နှင့်မတူစွာ သူ့ထံ မကြာခဏ ရောက်လာတတ်ပြီး လာတိုင်းလည်း အားဖြည့်စွပ်ပြုတ်များကိုပါ ယူဆောင်လာပေးတတ်သည်။
အလွန်ကြောက်တတ်ပြီး အရှက်ကြီးလှသည့် သူ(မ)က စာကြည့်ခန်းထဲတွင်ပင် နီသွေးသွမ်းနေသော မျက်နှာလေးဖြင့် သူ့ကို ပွေ့ဖက်နမ်းရှိုက်ပြီး အထိအတွေ့များကို တောင်းဆိုလာတတ်သည်။
လက်စသတ်တော့ အကုန်လုံးကို သူ(မ)က အကွက်ကျကျစီစဉ်ထားခြင်းပေ။
သူ(မ)သည် သူ ရှားရှားပါးပါး အာရုံလွင့်နေသည့် အချိန်ကို အခွင့်ကောင်းယူပြီး စာကြည့်ခန်းထဲမှ အရေးကြီးသည့်စာရွက်စာတမ်းများကို ခိုးယူသွားခဲ့သည်။
ကျောက်ရှီသည် ထိုအကြောင်း တွေးရင်း သရော်ပြုံးပြုံးလိုက်သည်။ သူသည် ထိန်းချုပ်ပြီးရင်း ထိန်းချုပ်ထားခဲ့သော်လည်း သူ့အရှေ့မှ ကျားထိုးဘုတ်ပြားသည် ကျွမ်းထိုးမှောက်ခုံဖြစ်သွားခဲ့ပြီပေ။
ကျယ်လောင်သော အသံကြီးကို ကြားသည်နှင့် အခန်းအပြင်တွင် ရပ်နေကြသည့် အစေခံများအားလုံးသည် အသက်ပင် မရှူထုတ်ဝံ့ကြတော့ပြီး ဆောင်းတွင်းရှိ ပုစဉ်းရင်ကွဲများပမာ ငြိမ်သက်သွားကြသည်။
အချိန်အတော်အတန်ကြာမှ ကျောက်ရှီသည် အေးစက်စက် အသံဖြင့် အမိန့်ပေးလာ၏။
“သူ့ရဲ့အစေခံမကို ငါ့ဆီ ခေါ်လာခဲ့”
သိပ်မကြာလိုက်ခင်မှာပင် အားရုန်ကို သူ့အရှေ့ ခေါ်ဆောင်လာကြသည်။ အားရုန်၏ခြေထောက်များသည် အားလျော့ကား ကြမ်းပြင်ပေါ်သို့ ဒုန်းခနဲ ခွေကျသွားတော့သည်။
ကျောက်ရှီသည် သရော်ပြုံးပြုံးနေ၏။
အားရုန်၏မျက်လုံးများက ကြောက်လန့်တကြားဖြင့် ကိုယ်ကို ကျုံ့ထားရင်း နီမြန်းလာ၏။
“သူ ဘယ်ကို သွားတာလဲ”
“ကျွန်တော်မျိုးမ မသိပါဘူး”
“မသိဘူး?”
ကျောက်ရှီသည် သူ(မ)ပုခုံးကို ကန်ချလိုက်၏။ အားရုန်၏ကိုယ်တစ်ခုလုံးသည် အနောက်သို့ လွင့်သွားပြီး ထောင့်နားရှိ စားပွဲနှင့် ပြင်းပြင်းထန်ထန် သွားဆောင့်မိကာ ခါးအောက်ပိုင်းကို ဆိုးဆိုးရွားရွား နာကျင်သွားစေ၏။
ဤအစေခံမက မင်ကျူးအပေါ် အလွန် သစ္စာရှိကြောင်း ကျောက်ရှီ သိပေသည်။ သူ(မ)ထံမှ မည်သည့်သတင်းအချက်အလက်ကိုမျှ အစ်အောက်ထုတ်ရန် ရည်ရွယ်ချက်မရှိဖြင့် အမူအရာမဲ့လျက် မျက်နှာဖြင့် အမိန့်ပေးလိုက်သည်။
“သူ့ကို ခေါ်သွားပြီး အကျဉ်းချထား”
ကျောက်ရှီဆိုသည်မှာ အရာရာကို စဉ်းစားချင့်ချိန်နိုင်ပြီး နက်နဲသော အတွေးများရှိသူ ဖြစ်သည်။ မင်ကျူးသည် ပိုက်ဆံအလုံအလောက်စုမိသည်နှင့် ထွက်ပြေးရန်ကြံမည်ကို စိုးသောကြောင့်လည်း သူ(မ)ကို အသပြာတစ်ပြားပင် သူ မပေးချေ။ သူ သူ(မ)ကို လက်ဆောင်ပေးသည့် ထိုရွှေငွေရတနာများအားလုံးက ရှာရခက်လှသည့် အဖိုးတန်များသာ ဖြစ်ကြသည်။ နန်းမြို့တော်တွင် ၎င်းတို့အား မည်သူမျှ လက်မခံဝံ့လောက်ဟု သူ မူလက တွေးထားခဲ့သော်လည်း သေခြင်းတရား၏အတိမ်အနက်ကို နားမလည်ပြီး မိမိအသက်ထက် ငွေအသပြာကို ရွေးချယ်ချင်ကြသည့် လူများလည်း ရှိနေအုံးမည်ဟုတော့ မမျှော်လင့်ထားမိပေ။
ထိုအခြင်းအရာက သူ(မ)အား ထိုရတနာများကို အသပြာဖြင့် လဲလှယ်နိုင်စေခဲ့ပြီး ထွက်ပြေးသွားစေခဲ့သည်။
သူ(မ)ကိုသာ ပြန်မတွေ့ခဲ့လျှင်……
မဟုတ်ဘူး၊ မြေကြီးအောက် သုံးပေအနက်ထိ တူးရမည်ဆိုလျှင်တောင် သူကတော့ သူ(မ)ကို မတွေ့တွေ့အောင် ရှာမည်ပေ။
သူ သူ(မ)ကို အလွန်ကောင်းမွန်စွာ ဆက်ဆံပေး၍မဖြစ်တော့ပေ။ ပြန်လည်တိုက်ခိုက်ချင်နေသည့် သူ(မ)၏ထိုဆန္ဒလေး သေချာစွာ ကြေမွပျက်စီးသွားစေရန်အတွက် သူ(မ)ကို ကြိုးဖြင့် ချည်နှောင်ထားမှ ရတော့မည်။
နောင်တွင် ဘယ်သောအခါမှ သူ(မ)၏မျက်ရည်များရှေ့တွင် သူ ပျော့ညံ့ပြတော့မည်မဟုတ်၊ သူ(မ)ထံမှ နူးနူးညံ့ညံ့စကားလေးတစ်ခွန်းနှစ်ခွန်းဖြင့် အကြွင်းမဲ့ အလှည့်စားခံလိုက်တော့မည်လည်း မဟုတ်ပေ။
သူ(မ)လည်း အေးအေးဆေးဆေး သက်တောင့်သက်သာ နေလို့ရနိုင်သည့် အပြင်အိမ်တော်တွင် နေဖို့ စိတ်တောင် မကူးနှင့်လေတော့။
သူသည် တွေးလေလေ၊ ဒေါသထွက်လေလေ။ နန်းတော်သို့ ဝင်ရန် အချိန်ရောက်ပြီဟု အပြင်မှ အစေခံတစ်ယောက် သတိပေးသည့်အခါမှပင် အသိပြန်ဝင်တော့သည်။
မင်အိမ်တော်၏အတွင်းအပြင်မှ သက်တော်စောင့်များနှင့် စစ်သားများကို ပြန်မရုတ်ထားသေးဘဲ နေရာကို တင်းကျပ်စွာ စောင့်ကြပ်ခိုင်းထားဆဲဖြစ်သည်။
တိုက်ဆိုင်စွာဖြင့် ကျောက်ရှီသည် နန်းတော်အဝင်ဝ၌ ယခုလေးတင်မှ ပြီးသွားသော ညီလာခံမှ ပြန်လာသည့် ဝေ့ချီယွီနှင့် ဆုံ၏။ သူသည် ဝေ့ချီယွီ၏မျက်နှာကို အတန်ကြာသည်အထိ စိုက်ကြည့်နေ၏။ ထိုလူ၏မျက်နှာသည် သန့်ရှင်းသပ်ရပ်ပြီး အမှန်တကယ် ကြည့်ကောင်းသူဖြစ်သည်။
ကျောက်ရှီသည် အစမရှိအဆုံးမရှိ အေးစက်စွာ ရယ်လာလေ၏။ ထိုဝေ့ချီယွီကလည်း တကယ် နုံအလှပါဘိ၊ သူ့ကိုယ်သူ သူလို အာဏာမရှိ၊ ဩဇာမရှိနေတဲ့လူစားမျိုးက မင်ကျူးကို ကိုင်တွယ်နိုင်မယ် ထင်သတဲ့လား။
ကျောက်ရှီသည် သူ့စိတ်ထဲ မနာလိုနေခြင်းပေလား၊ အားကျနေခြင်းပေလား မပြောနိုင်ပါချေ။ သို့သော် လက်ရှိတွင် သူ့မျက်စိထဲ မြင်မြင်သမျှ အရာရာတိုင်း၊ တွေ့သမျှ လူတိုင်းက ဘဝင်မကျချင်စရာချည်းပဲဖြစ်သည်။
-
မင်ရူသည် မင်ကျူးထွက်ပြေးသွားသည်ဟု သတင်းကြားသည့်အချိန်က စိတ်အလွန်ရွှင်ကာ ထမင်းနှစ်ပန်းကန်ပင် စားလိုက်၏။
သူ(မ)၏မိခင် သခင်မရွှီကလည်း အူမြူးနေဟန်ရသော အမူအရာကို ရှားရှားပါးပါး ထုတ်ဖော်ပြသလာ၏။
“သူ ဘယ်တော့မှ ပြန်မလာတော့လေ ကောင်းလေပဲ”
သူက တကယ့် ကပ်ဆိုးမပဲ။
တကယ်တမ်းတွင် ထိုအချိန်က ရွှီသခင်မသည် မင်ကျူးနှင့် ဝေ့ချီယွီ၏မင်္ဂလာပွဲကို လုံးလုံး သဘောမတူချင်ပေ။ ဤကိုယ်လုပ်တော်ဖွားသမီးက လှပပြီး ယောက်ျားများကို ဆွဲဆောင်နိုင်၏၊ ဝေ့ချီယွီဆိုသည်မှာ မည်သူ(မ)ဆို မြင်နိုင်သည့် တောက်ပသည့်အနာဂတ်က ကြိုလင့်နေသည့်သူ ဖြစ်သည်။ နှစ်ယောက်သားက လိုက်ဖက်လွန်းနေကြလေ၊ သူ(မ) နေမထိထိုင်မသာဖြစ်လေပင်။ အရိုးသားဆုံးပြောရလျှင် သူ(မ) ဤကိုယ်လုပ်တော်ဖွားသမီး ဘဝကောင်းကောင်းရသွားသည်ကို မမြင်ချင်ပေ။
ထို့ကြောင့် သူ(မ) ယခင်က မင်ကျူးကို မိတ်ဆက်ပေးခဲ့သည့်လူများမှာ မုဆိုးဖိုများ သို့မဟုတ် ကိုယ်လုပ်တော်တစ်ပုံတစ်ပင်နှင့် ဖူးဖူးမှုတ်ခံ လူပျင်းများနှင့် ရုပ်ဆိုးအကျည်းတန်သူများ၊ အကျင့်စာရိတ္တပျက်ပြားနေသူများဖြစ်ကြသည်။
ဝေ့ချီယွီ၏မင်္ဂလာပွဲကမ်းလှမ်းချက် သူ(မ)ကို အငိုက်မိသွားစေပြီး သူ(မ)မှာ ငြင်းဆန်ရန် မည်သည့်အကြောင်းပြချက်ကိုမျှ မပြင်ဆင်ရသေးသလို ငြင်းဆန်လို့ရနိုင်သည့် အကြောင်းပြချက်လည်း မရှိနေချေ။ မဟုတ်ပါက သူ(မ)သည် အများတကာ၏သွားပုပ်လေလွင့်ပြောခြင်းကို ခံရလိမ့်မည်ဖြစ်၍ အံကြိတ်ပြီးတော့သာ ထိုမင်္ဂလာပွဲကို သဘောတူလိုက်ရသည်။
“အဲ့ဒီမိန်းမ လမ်းမှာပဲ တစ်ခါတည်း သေသွားရင် ကောင်းမယ်” မင်ရူကလည်း ရယ်ရင်း ဆို၏။
ရွှီသခင်မသည် မျက်ခုံးများကို မြင့်ကာ : “အခု အဲ့ဒါတွေက အရေးမကြီးပါဘူး၊ ဘာပဲဖြစ်ဖြစ် သူ့ကို အရှင့်သား ပြန်ဖမ်းမိသွားရင်တောင်မှ သူ သေချာပေါက် ကောင်းကောင်းနေရတော့မှာ မဟုတ်ဘူး၊ ညည်းပဲ…ညည်းကသာ စိတ်အေးအေးနဲ့ လက်ထပ်ဖို့ကို စောင့်နေ”
မင်ရူသည် အနည်းငယ် ရှက်သွေးဖြာပြီး ရှက်ရှက်ဖြင့် : “အမ်း”
အတွေ့အကြုံရှိပြီးသော လူတစ်ယောက်အနေဖြင့် ရွှီသခင်မသည် သူ(မ)သမီးဖြစ်သူ၏လက်ကို ပုတ်ကာ ထပ်ဖြည့်ဆိုလိုက်သည်။
“ညည်း အရှင့်သားအတွက် ကလေးနှစ်ယောက်ကို မြန်မြန် မွေးပေးမှရမယ်၊ ကလေးရပြီဆိုတာနဲ့ အိမ်ရှေ့နန်းဆောင်မှာ ညည်းနေရာက မြဲသွလိမ့်မယ်”
မင်ရူ၏စိတ်ဆန္ဒက ထို့ထက်ပို၏။ သူ(မ)သည် အရှင့်သားအိမ်ရှေ့စံကို သူ(မ)အပေါ် မြတ်မြတ်နိုးနိုး ချစ်စေချင်ပြီး သူ၏မူပိုင်ဇနီးသည်အဖြစ် သူ(မ)ကို အသိအမှတ်ပြုစေချင်သည်။ သူ(မ)တို့ လိုက်ဖက်ညီသော ဇနီးမောင်နှံအဖြစ် အေးအတူပူအမျှနှင့် ဇရာထောင်းသည်အထိ အတူတူ ပျော်ရွှင်စွာ နေထိုင်သွားကြမည်။
“ဟုတ်ကဲ့ပါ”
နောက်ထပ်နှစ်ရက်မှာကား သို့နှင့်ပင် ကုန်ဆုံးသွား၏။
ဝေ့လျို၏လူများသည် နောက်ဆုံးတွင် မင်ကျူး၏တည်နေရာကို ခြေရာလိုက်နိုင်ခဲ့သည်။ သူတို့သည် နန်းမြို့တော်မှ လှည်းမောင်းသမားကို ရှာတွေ့ခဲ့ပြီး လည်ပင်းထက် ဓားထောက်ထားလိုက်သည်။ လှည်းမောင်းသမားသည် သူ့အရှေ့မှ ခက်ခက်ထန်ထန်အမျိုးသားများကို ကြည့်ပြီး တစ်ကိုယ်လုံး တုန်ယင်လာတော့သည်။
“ဆရာကြီးတို့၊ ဒီက ဆရာကြီးတို့ ကျေးဇူးပြုပြီး စကားကောင်းကောင်းပြောကြရအောင်လေနော်၊ မလုပ်ပါနဲ့ မလုပ်ပါနဲ့ ကျုပ်ကို မသတ်ကြပါနဲ့”
ဝေ့လျိုသည် သူ့ကို မျက်ဝန်းစိမ်းများဖြင့် ငုံ့ကြည့်ကာ : “ခင်ဗျားလှည်းကို စီးသွားတဲ့ မိန်းကလေး၊ သူ ဘယ်မလဲ”
လှည်းမောင်းသမားသည် ဘာတစ်ခုကိုမျှ ထိမ်ချန်မထားဝံ့ပြီး သူ သိသမျှ အကုန် ထုတ်ဖော်ပြောတော့သည်။
“သူက လှည်းပြောင်းစီးသွားပြီ၊ ကျုပ်ကို ငွေစတစ်ချို့ပေးပြီး ပြန်လွှတ်လိုက်တာ”
ဓားသွားက သူ၏အရေပြားဆီသို့ နီးကပ်စွာ နစ်ဝင်လာ၏။
လှည်းမောင်းသမားသည် ကြောက်လန့်လွန်းသဖြင့် ဘောင်းဘီထဲပင် ဆီးထွက်ကျကာ စတင် ငိုယိုတော့သည်။
“ကျုပ် မှန်ရာကို ဆိုတာပါဗျာ အား! ကျုပ်ကို မသတ်ကြပါနဲ့!”
“ဒါဆို သူ အခု ဘယ်မလဲ”
“သူ ခုလေးတင်မှ ယွင့်ချန်ကို ဝင်သွားတာ၊ ညကျမှ တောင်ပိုင်းကို လှေစီးပြီး ထွက်ပါမယ်တဲ့”
ဝေ့လျိုသည် သူ့ကို တစ်ချက်ကန်လိုက်ပြီး ကြိုးတုပ်ကာ လမ်းဘေး ပစ်ထုတ်လိုက်သည်။
“မင်းတို့တွေ ယွင့်ချန်ကို သွားပြီး သူ့ကို မျက်ခြည်မပြတ်ကြည့်ထား၊ ငါ အရှင့်သားဆီ သတင်းသွားပို့လိုက်အုံးမယ်၊ သူ သတိမထားမိသွားစေနဲ့’
“ဟုတ်ကဲ့”
မင်ကျူးမှာ သူ(မ) အဝိုင်းခံထားရကြောင်းကို ယခုထိတိုင် မသိသေးချေ။ သူ(မ)သည် တစ်စက်မှ ကောင်းကောင်းမနားရသေးဘဲ နှစ်ရက်တိုင် ခရီးဆက်တိုက်သွားခြင်းဖြင့် ခြေကုန်းလက်ပန်းကျနေပြီဖြစ်သည်။
လမ်းတစ်လျှောက်လုံး ပူပန်ခြင်းများဖြင့် စိုးရိမ်ခြင်းများသာ စိတ်ထဲ ကြီးစိုးနေ၏။
မင်ကျူးသည် ရေချိုးသန့်စင်ကာ သာမန်အဝတ်အစားတစ်စုံကို လဲဝတ်လိုက်ပြီး အိတ်ကို ကျစ်ကျစ်ပါအောင် ဖက်ထားရင်း ခုတင်ထက် လှဲလိုက်သည်။ သူ(မ)သည် ခေါင်းအုံးနှင့် ခေါင်းထိသည်နှင့် အိပ်ပျော်သွားတော့သည်။
သူ(မ) တရေးနိုးလာချိန်က အပြင်ဘက်တွင် မှောင်နေပြီးဖြစ်သည်။
မင်ကျူး၏ဗိုက်သည် ဆာလောင်စွာ အချက်ပေးလာ၏။ သူ(မ)သည် အပြင်သို့ ထွက်ပြီး လမ်းပေါ်မှ အသားပေါက်စီနှစ်လုံးကို ဝယ်ယူလိုက်သည်။ လက်ထဲ ပေါက်စီလေးများကို ကိုင်ထားရင်း ဖက်ထုပ်ပြုတ်နံ့သင်းသင်းကို ရလိုက်ချိန် သူ(မ)သည် မရပ်ဘဲမနေနိုင်အောင် ရပ်မိသွား၏။
မင်ကျူးသည် ယခင်က ကျောက်ရှီ၏တင်းကျပ်သော ထိန်းချုပ်မှုအောက်တွင် ဟိုဟာကိုတော့ဖြင့် မထိရဘူး၊ သည်ဟာကိုတော့ဖြင့် မစားရဘူးဖြင့် အရာများစွာအပေါ် ကန့်သတ်ချုပ်ချယ်ခံထားရရင်း နေခဲ့ရသည်။
ယခုတွင် သူ(မ) လွတ်လပ်ပြီလေ၊ သူ(မ) အရာအားလုံးကို စမ်းကြည့်ချင်၏။
သူ(မ)သည် ဆိုင်ရှေ့ဝင်ထိုင်လိုက်ပြီး ဖက်ထုပ်ပွဲသေးတစ်ပွဲကို မှာယူလိုက်သည်။ စွပ်ပြုတ်ထဲ ငရုပ်သီးမှုန့်များစွာ ထည့်ခိုင်းထားပြီး တစ်ငုံသောက်ပြီးသည်နှင့် ပူပူစပ်စပ်အရသာကြောင့် ချွေးပြန်လာတော့သည်။
စားပြီးသည်နှင့် မင်ကျူးသည် တည်းခိုဆောင်သို့ အမြန်ပြန်လာလိုက်သည်။ သူ(မ)ပဲ အလွန်အကျူး သံသယလွန်ကဲနေလော
သလား မသိသော်ငြား တစ်ယောက်ယောက်က သူ(မ)ကို အနောက်မှနေ စောင့်ကြည့်နေသည်ဟု လမ်းတစ်လျှောက်လုံး ခံစားနေခဲ့ရသည်။
သူ(မ) အခန်းတံခါးကို ပိတ်ချလိုက်ပြီးနောက်တွင်မှ အကြည့်ခံနေရသည့် ခံစားချက်ကြီးက အနည်းငယ် ပြေလျော့သွား၏။
မင်ကျူးသည် သူ(မ) ယခုတွင် အဝေးကြီးဝေးရာသို့ ပြေးလာခဲ့ပြီးပြီဟု ခံစားရ၏။ ကျောက်ရှီ သူ(မ)ကို ရှာချင်လျှင်တောင် ကောက်ရိုးပုံထဲ အပ်ပျောက်ရှာသလို အလွန်အမင်း ခက်ခဲပေလိမ့်မည်။
ထိုလူသည် သူ(မ)ကို ဘေးသူစိမ်းတစ်ယောက်ယောက်က ကြည့်လျှင်ပင်၊ အကြည့်လေး တစ်ချက်ပဲ ဆိုလျှင်တောင်မှ အချိန်အတန်ကြာသည်အထိ တိတ်တဆိတ် ဒေါသူပုန်းထနေတတ်သူဖြစ်သဖြင့် သူ(မ)၏ပုံတူများအား နေရာအနှံ့ လိုက်ချိတ်ပြီး ရှာလိမ့်မည်တော့ မဟုတ်ပေ။
မင်ကျူးသည် ထိုသို့တွေးရင်းပဲ သူ(မ)ကိုယ်သူ(မ) နှစ်သိမ့်လိုက်သည်။ သူ(မ)သည် ဖယောင်းတိုင်ကို မှုတ်ကာ ခုတင်ပေါ် တွားဝင်လိုက်ပြီး ခေါင်းအုံးကို ဖက်ကာ တစ်ခေါက် ထပ်အိပ်လိုက်သည်။
မြို့ကြီးသည် တိမ်ညိုတိမ်မည်းများဖြင့် လွှမ်းနေပြီး မိုးခြိမ်းသံများက တအုန်းအုန်းနှင့်၊ မကြာခင် မိုးသည်းထန်စွာ ရွာသွန်းတော့မည့်ပုံပေ။
အခန်းသည် ပြတင်းပေါက်မှ ဖြတ်ဝင်လာသော အလင်းရောင်တစ်စွန်းတစဖြင့် မှိန်မှိန်လေးသာ လင်းနေ၏။
ဝေ့လျိုသည် သတင်းပို့ရန် နန်းမြို့တော်သို့ အမြန်ပြန်ပြီး ကျောက်ရှီရှေ့ တစ်ဝက်ဒူးထောက်လျက်ဖြင့် : “အရှင့်သား၊ လူကို တွေ့ပါပြီ ယွင့်ချန်မှာပါ”
အနှီအမျိုးသားသည် ပြတင်းတံခါးအပြင်မှ ရုတ်တရက် သည်းသည်းထန်ထန် ရွာနေသော မိုးကို ငေးရင်း လှောင်နေဟန်ဖြင့် : “ပြေးသွားတာ တော်တော်လေး မြန်သားပဲ”
နှစ်ရက်အတွင်းနှင့် သူ(မ)သည် ယွင့်ချန်သို့ပင် ရောက်နေပြီဖြစ်သည်။
ဝေ့လျိုမှာ ဘာဆက်လုပ်ရမယ်မှန်း မသိချေ။ တစ်ဖက်လူက ယောကျ်ာသားသာဆိုလျှင်တော့ သူသည် မြို့တော်ဆီ တရွတ်တိုက် ဆွဲခေါ်နေပြီးလောက်ပြီပေ၊ သို့သော် သူကား အိမ်ရှေ့စံ၏အသည်းအသက်လေးဖြစ်ပြီး ထိခိုက်အနာတရဖြစ်လာခဲ့လျှင် အိမ်ရှေ့စံမင်းသား မရွှင်မပြဖြစ်မှာ စိုးရသည်။
ကျောက်ရှီ ပြတင်းပေါက်ကို ပိတ်လိုက်ချိန် သူ၏အင်္ကျီစသည် မိုးကြောင့် စိုသွားသော်လည်း သူသည် ဂရုမစိုက်နေချေ။ လက်ထဲတွင် ဖူးယွမ်ဘုရားကျောင်းကနေ သူ ကိုယ်တိုင်ကျစ်လာခဲ့သည့် အနီရောင်ကြိုးကို ကျစ်ကျစ်ဆုပ်ထားရင်း ဆိုလိုက်သည်။
“လမ်းပြ၊ ငါကိုယ်တိုင် သူ့ကို သွားဖမ်းမယ်”
ကောင်းကင်သည် မည်းမှောင်လျက်ရှိပြီး အပြင်တွင် မိုးသံသည် သည်းသည်းထန်ထန်၊ မိုးရေစက်များက တပေါက်ပေါက်နှင့် ပြတင်းဘောင်ကို လာရောက်ရိုက်ခတ်နေ၏။
မင်ကျူးသည် ကျယ်လောင်သော မိုးကြိုးသံကြောင့် နိုးလာပြီးနောက် ဆက်၍ အိပ်မရတော့ချေ။ သူ(မ)သည် အိပ်ရာမှ ထထိုင်ပြီး ရေနွေးကြမ်းတစ်ခွက် ငှဲ့သောက်လိုက်သည်။ လက်ဖက်၏ ခါးသက်သက်အရသာက သူ(မ)၏အိပ်ချင်စိတ်အလုံးစုံကို ပျောက်ပြယ်သွားစေ၏။
ပြတင်းပေါက်အပြင်ဘက်တွင် မိုးသံများ တဖြည်းဖြည်း စဲသွားသည်နှင့်အမျှ နေ့အလင်းရောင်သည် ပိုမိုတောက်ပလာရင်း တည်းခိုခန်းအတွင်းမှ အသံများကလည်း တဖြည်းဖြည်း ကျယ်လာ၏။
ဝင်ပေါက်တံခါးကို ကန်ဖွင့်လိုက်ပြီး တံခါးမင်တုံးများသည် အဝေးသို့ ချက်ချင်း လွင့်ထွက်သွား၏။ ငိုက်မျဉ်းနေသော ဆိုင်ရှင်လေးသည် လန့်ပြီး ထခုန်မိသည်။
ခေါင်းမော့ကြည့်လိုက်ချိန် ခန်းမထဲသို့ ဓားများ ကိုင်ဆောင်ထားသည့် အစောင့်များစွာကို တွေ့လိုက်ရသည်။ သူတို့သည် အနက်ရောင် ဝတ်စုံနှင့် အနက်ရောင် ဘွတ်ဖိနပ်ကို ၀တ်ဆင်ထားကြပြီး အမူအရာ ကင်းမဲ့နေသော မျက်နှာများဖြင့် ရက်စက်ကြမ်းကြုတ်သော နတ်ဘုရားများကဲ့သို့ပင်။
ထိုလူများကို ဦးဆောင်လာသည့် အမျိုးသားသည် သတ်ဖြတ်လိုသည့်အငွေ့အသက်အပြည့်ဖြင့်၊ နဖူးတည့်တည့်တွင် အမာရွတ်သေးသေးလေးတစ်ခု ရှပြီး ရုပ်ရည်သွင်ပြင်မှာ စူးရှပြီး ခက်ထန်နေသည့် ပုံမျိုး။ တစ်ချက်ကြည့်ရုံနှင့် စစ်မြေပြင်တွင် လူပေါင်းများစွာ၏အသက်ကို ဇီဝိန်ချုပ်ပေးခဲ့မှန်း သိသာလှသည်။
ဆိုင်ရှင်လေး၏ခြေထောက်မှာ တုန်ယင်လာပြီး : “ဆရာတို့ ကျုပ်တို့တည်းခိုဆောင်မှာ တည်းခိုချင်လို့လား”
ဝေ့လျိုသည် သူ့ကို အေးစက်စွာ တစ်ချက်ဝေ့ကြည့်လိုက်ပြီး : “ပါးစပ်ပိတ်ထား”
ဆိုင်ရှင်လေးသည် တစ်ဖန် သူ့ဘေးနားမှ လူကို တွေ့လိုက်ရသည်။ ထိုအမျိုးသားသည် မှင်ရောင် ပေါ့ပေါ့ပါးပါး ၀တ်စုံကို ၀တ်ဆင်ထားပြီး သန့်ရှင်းသပ်ရပ်ကာ ကြော့ကြော့ရှင်းရှင်းနှင့်၊ အရပ်ရှည်ရှည်နှင့် လိုက်ဖက်ညီစွာ ခန္ဓာကိုယ်သည် ကျစ်လစ်သွယ်လျပြီး ကျက်သရေရှိ တင့်တယ်နေ၏။ အလွန်အမင်း ဖြူသော အသားအရေနှင့် အေးစက်နိုင်လွန်းသော မျက်နှာရှိသည်။ မျက်ခုံး၊ မျက်လုံးများက နှင်းမှုန်၊ နှင်းခဲများကဲ့သို့၊ သူသည် အနည်းငယ် မျက်မှောင်ကြုတ်ကာ နှုတ်ခမ်းထောင့်များက ဖြောင့်မတ်စွာ တန်းနေပြီး သူ့ကို ကြည့်ကာ ပမာမထားစွာ စကားဆိုလာ၏။
“ဘယ်အထပ်လဲ”
ဆိုင်ရှင်လေးသည် ထိုအမျိုးသားခန္ဓာကိုယ်၏ပတ်ပတ်လည်မှ ဖိအားများကို ခံစားလိုက်ရပြီး ခေါင်းမော်မကြည့်ဝံ့ဘဲ အလိုအလျောက် အကြည့်လွှဲလိုက်မိသည်။
“လူကြီးမင်းက ဘာကို ပြောတာလဲ မသိဘူး”
ဝေ့လျိုက သူ့ကို ပြန်ဖြေပေး၏။
“အရှင့်သား၊ တတိယထပ်မှာပါ လှေကားရဲ့ညာဘက်ခြမ်းက အခန်းပါ”
ကျောက်ရှီသည် လည်ချောင်းသံဖြင့် တုံ့ပြန်သံပြုပြီး အလျင်မလိုစွာဖြင့် လှေကားများပေါ် တက်သွား၏။
ဝေ့လျိုနှင့် အခြားသူများကလည်း နောက်ပါးကနေ လိုက်တက်လာကြသည်။ ယခုတွင် တည်းခိုဆောင်ကို အတွင်းရောအပြင်ပါမကျန် အထပ်တိုင်းတွင် ဝိုင်းရံထားပြီးဖြစ်သည်။
အပေါ်ထပ်မှ မင်ကျူးသည် အောက်ထပ်မှ ရုတ်ရုတ်သဲသဲသံများကို ကြားခဲ့ပြီးပြီပေ။ သူ(မ)၏မျက်နှာသည် ဖြူဖျော့လာပြီး တုန်ရီနေသော လက်များဖြင့် တံခါးနှင့် ပြတင်းပေါက်များကို ပိတ်ချလိုက်သည်။ ခွန်အားများက ခန္ဓာကိုယ်မှ ဆုတ်ယုတ်သွားကာ တံခါးကိုမှီ၍ ကြမ်းပြင်ပေါ်သို့ ဖြည်းညှင်းစွာ လျှောချထိုင်လိုက်သည်။
ကျောက်ရှီ သူ့လူများဖြင့် ဤမျှအမြန်ကြီး ရောက်ချလာလိမ့်မည်ဟု သူ(မ) လုံးလုံး မထင်မှတ်ထားပေ။
သူကိုယ်တိုင် သူ(မ)နောက်သို့ လိုက်လာမည်ဟု ပိုလို့ပင်မထင်မှတ်ထားပေ။
လက်ရှိ မင်ကျူး၏စိတ်အစဉ်သည် ဆောက်တည်ရာမရဖြစ်ပြီး ဘာလုပ်ရမှန်း မသိတော့ချေ။
ကြံမိကြံရာဖြင့် ပြတင်းပေါက်ကို ဖွင့်၍ ခုန်ချဟန် ပြင်လိုက်သော်လည်း ကံကောင်းထောက်မစွာဖြင့် သူ(မ) အရင်ဆုံး ခေါင်းငုံ့ကြည့်လိုက်ချိန် ကျင်ရီဝေ့များသည် ဓားရှည်များဖြင့် နေရာအနှံ့ စောင့်နေသည်ကို တွေ့လိုက်ရသည်။
ကျောက်ရှီက တံခါးအပြင်တွင် ရပ်နေပြီးဖြစ်သည်။ သူက အလွန် ယဉ်ကျေးစွာပင် တံခါးခေါက်လိုက်သေး၏။ အလွန်တည်ငြိမ်ပြတ်သားနေသော အသံဖြင့် သူက : “ကျူးကျူး တံခါးဖွင့်”
မင်ကျူးသည် သွားများကို ဖိကြိတ်ထားပြီး သူ(မ)၏တည်ရှိမှုအား ထုတ်ဖော်မိလိုက်မည်စိုး၍ အသံတစ်သံပင် မထွက်ဝံ့ချေ။
ကျောက်ရှီက သက်ပြင်းချကာ : “မင်းက ကိုယ့်ကို တံခါးကို ကန်ဖွင့်ပြီး ဝင်လာစေချင်တာလား”
မင်ကျူး၏ခန္ဓာကိုယ်သည် ကြိုးတစ်ချောင်းကဲ့သို့ တင်းမာနေပြီး မျက်ဝန်းထောင့်များမှနေ ရေကြည်များက စီးကျလာပြီး နောက်သို့ တလှမ်းချင်း ဆုတ်သွားလိုက်မိရင်း နောက်ဆုံး ကုလားထိုင်ကို ဝင်တိုက်မိကာ ကြမ်းပြင်ပေါ် ပြိုလဲကျသွားတော့သည်။ ထိတ်လန့်တကြားနှင့် ကမန်းကတန်းထကာ ခုတင်မျက်စောင်းထိုးမှ ဗီရိုကို တစ်ချက်ကြည့်လိုက်သည်။ လက်တွေ့ကို ရင်ဆိုင်ရန် ငြင်းဆန်ပြီး ဗီရိုထဲတွင် ဝင်ပုန်းရန် ကြံရွယ်လိုက်သည်။
သို့ရာတွင် တံခါးအပြင်ဘက်မှ အမျိုးသားမှာ သည်းခံစိတ်ကုန်သွားပြီဖြစ်သည်။
အချိန်အတော်ကြာကတည်းက ယိုယွင်းပျက်စီးနေသော တံခါးကို ခွန်အားအနည်းငယ်ဖြင့် အလွယ်တကူ တွန်းဖွင့်နိုင်ခဲ့သည်။
မင်ကျူးသည် လမ်းပျောက်စွာဖြင့် သူ့အရှေ့တွင် အဝတ်ပါးပါးတစ်လွှာတည်းနှင့် သွေးဆုတ်နေသော မျက်နှာဖြင့် တစ်ကိုယ်လုံး တုန်ရီလျက် ရပ်နေ၏။
ကျောက်ရှီသည် သူ့အနောက်မှ လူများကို အေးစက်စွာနှင့် ထွက်သွားရန် အမိန့်ပေးလိုက်သည်။
မင်ကျူးမှာ လှုပ်ရှား၍ လုံးလုံး မရနိုင်တော့သကဲ့သို့ နေရာမှာတင် တောင့်တောင့်ကြီး ရပ်နေမိသည်။ ကျောက်ရှီသည် သူ(မ)လက်ကောက်ဝတ်ကို အားဖြင့် ဆုပ်ကိုင်ပြီး လူကို သူ့အရှေ့ ဆွဲခေါ်လိုက်သည်။
“ပျော်လို့ဝပြီလား”
မင်ကျူး၏မျက်ရည်များသည် တစ်ချိန်တည်းဆိုသလို လိမ့်ဆင်းကျလာ၏။
ကျောက်ရှီ၏မျက်နှာအမူအရာသည် စက္ကန့်အနည်းငယ်မျှ တန့်သွား၏။ သူသည် လက်ဆန့်ထုတ်ကာ သူ(မ)၏မျက်ဝန်းများကို ထိတွေ့ရင်း ဖြည်းဖြည်းချင်း ဆို၏။
“မျက်ရည်တွေကို သိမ်းထားလိုက်၊ နောက်တစ်ခါ ကိုယ့်ကို ထပ်မလှည့်စားမိစေနဲ့”
သူက ထပ်ဖြည့်ဆို၏။
“ပြီးတော့ အခုထိ မင်းငိုရမဲ့အချိန်မရောက်သေးဘူး”
ဒီကို လာနေတဲ့ လမ်းတစ်လျှောက်လုံး သူ နည်းလမ်းမျိုးစုံကို စဉ်းစားထားခဲ့ပြီးပြီပေမဲ့ သူမအပေါ် အခုထက်ထိ တစ်ခုမှမသုံးရသေး၊ ဒါတောင် သူ(မ)က ငိုနေပြီတဲ့လား။
မင်ကျူးသည် စတင် ရုန်းကန်တော့သည်။ သူ(မ) အားနည်ပျော့ညံ့သူတစ်ယောက် မဖြစ်ချင်တော့ချေ။
“ကျွန်မ ရှင့်ကို မချစ်ဘူး၊ ကျေးဇူးပြုပြီး ကျွန်မကို သွားခွင့်ပြုပါ”
ကျောက်ရှီသည် သူ(မ)ကို အေးစက်စွာသာ စိုက်ကြည့်ပြီး ခါးကို ဖမ်းဆွဲလိုက်သည်။
“မင်းက ဘယ်ကို သွားချင်တာလဲ”
မင်ကျူးသည် စကားမဆို၊ သူ့ကိုသာ မျက်ဝန်းနီနီများဖြင့် ပြန်စိုက်ကြည့်နေ၏။
ကျောက်ရှီသည် ဒေါသထွက်ကာ သူ(မ)မေးကို ဖမ်းညှစ်လိုက်၏။
“မင်းကို တည့်ပဲပြောထားလိုက်မယ် မင်း တခြားယောကျာ်းတစ်ယောက်နဲ့သာ လိုက်ပြေးရဲလို့ကတော့ မင်းအရှေ့မှာပဲ အဲ့အကောင်ကို သတ်ပြီး ကြိုးစင်တင်ပြမယ်၊ မယုံရင် စမ်းကြည့်လိုက်”
မင်ကျူးသည် သူ၏ဤသို့သော ရန်လိုမှုအပြည့်ဖြင့် ပုံမျိုးကို တစ်ခါမှ မမြင်ဖူးချေ။
သူ(မ) ရုန်းကန်ရန် ကြိုးစားလိုက်စဉ် ကျောက်ရှီသည် သူ၏ဇက်ပိုးကို ရိုက်ချပြီး တစ်ခါတည်း သတိမေ့စေလိုက်သည်။
သူသည် သူ(မ)ကိုယ်ကို သူ၏အပြင်ဝတ်ရုံဖြင့် ခြုံပေးပြီး သတိမေ့နေသည့်လူကို လက်မောင်းထဲ ပွေ့ချီကာ လှေကားတစ်လျှောက် ဆင်းသွားလိုက်သည်။
“မြို့တော်ကို ပြန်ကြမယ်”
မြင်းလှည်းသည် အိမ်ရှေ့၏အိမ်တော်အပြင်ဘက်တွင် ရပ်တန့်သွားသည်။
ဤအိမ်တော်၏လုံခြုံရေးသည်လည်း သူ၏အပြင်အိမ်တော်ဆောင်များထက်
လုံးလုံး မလျော့နည်းပေ။
မင်ကျူးသည် အိပ်ပျော်နေသည့်အချိန်ဆို နိုးနေသည့်အချိန်ထက် အများကြီး ပို၍ ချစ်စဖွယ်ကောင်း၏။ သူ(မ)သည် တိတ်ဆိတ်နေပြီး ငိုသည်လည်းမရှိ၊ ပြဿနာရှာခြင်းလည်း မရှိပေ။ ကျောက်ရှီသည် သူ(မ)ကို ခုတင်ပေါ်တင်ပေးလိုက်ပြီး ပွင့်နေသည့် တံခါးနှင့် ပြတင်းပေါက်များကို မြင်လျှင် နေနေရင်း ဒေါသထွက်ကာ အေးစက်စက်မျက်နှာဖြင့် အမိန့်ပေးလာတော့သည်။
“ဒီကပြတင်းပေါက်တွေကို သံနဲ့ပိတ်ဖို့ လူလွှတ်လိုက်”
“ဟုတ်ကဲ့”
အိမ်ရှေ့စံ၏အမိန်ဖြစ်သည့်အလျောက် အောက်ရှိ အစေခံများအားလုံးသည် ညွှန်ကြားချက်အတိုင်း ဆောင်ရွက်ရုံသာ တတ်နိုင်သည်။
သိပ်မကြာလိုက်ခင် အိမ်တော်၏ ဘဏ္ဍာစိုးသည် အိမ်ပြတင်းပေါက်များကို သစ်သားပျဉ်ပြားများဖြင့် ပိတ်ရန် လူများကို ခေါ်ဆောင်လာ၏။
မင်ကျူးသည် ပြန့်ကျဲနေသော တစ်စွန်းတစ်စအိပ်မက်များကို မက်ပြီး လန့်နိုးလာ၏။ သူ(မ) ရှိနေရာ အခန်းထဲတွင် အလင်းရောင် တစ်မြူပင် မရှိနေချေ။ အိပ်ရာထဲမှ ထထိုင်လိုက်သည့်အချိန် သူ(မ)၏လက်နှစ်ဖက်စလုံးကို ကြိုးနီနီဖြင့် ချည်ထားကြောင်း သိလိုက်ရသည်။
မင်ကျူးသည် သူ(မ)နှင့် ရင်းနှီးသယောင်ရှိသော်လည်း စိမ်းသက်နေသည့် ဤအခန်းကို ပတ်ကြည့်လိုက်သည်။
သူ(မ) ဤနေရာသို့ တစ်ခါမှ မရောက်ဖူးချေ။ သို့သော်လည်း ၎င်းကို အိပ်မက်ထဲတွင် မြင်ဖူးခဲ့သလိုရှိပုံပေ။
ရုတ်တရက် အခန်းတံခါးကို တစ်စုံတစ်ယောက်က တွန်းဖွင့်လိုက်ပြီး ထိုလူသည် သူ့အနောက်တွင် အေးစက်သော လရောင်ဖြင့် ဖြည်းညှင်းစွာ ဝင်လာ၏။ မီးအိမ်ကို မထွန်းထားသည်ကြောင့် သူ၏ကျောက်စိမ်းနှင့်တူသော မျက်နှာသည် အမှောင်အတိဖုံးနေ၏။
“နိုးပြီလား”
“ဒါ ဘယ်နေရာလဲ”
“အိမ်ရှေ့စံအိမ်တော်”
မင်ကျူး၏နှလုံးသားသည် ရုတ်တရက် တိမ်ဝင်သွားပြီး အောက်ကို ငုံ့ကြည့်လိုက်ရာ သူ(မ)၏အဝတ်အစားများလည်း ပြောင်းလဲသွားသည်ကို တွေ့လိုက်ရသည်။
ကျောက်ရှီသည် သူ(မ)အတွက် သူကိုယ်တိုင်ကိုယ်ကျ လဲထားပေးပုံရသည်။
ယခုတစ်ကြိမ်တွင် မင်ကျူးသည် နှစ်ရက်သာ ထွက်ပြေးနိုင်ခဲ့ပြီး၊ ပြီးနောက်တွင် ပြန်အဖမ်းခံလိုက်ရသည်။ သူ(မ)သည် စိတ်ဓာတ်ကျခြင်းနှင့်အတူ စိတ်ပျက်သွားမိခြင်းကိုပါ ခံစားနေရသည့်တိုင် လက်ရှိအခိုက်အတန့်တွင် အလွန်ကြောက်ရွံ့နေခြင်းမျိုး မရှိပေ။ သူ သူ(မ)ကို စိတ်ဆိုးဒေါသထွက်ပြီး နောက်နောင် ဘယ်သောအခါမှ ထပ်မတွေ့တော့လျှင်လည်း ကောင်းတာပဲမလား။
မင်ကျူးသည် သူ(မ)လက်များကို သူ့အရှေ့သို့ ဆန့်ထုတ်လိုက်ပြီး : “ဖြည်ပေး”
ကျောက်ရှီက သူ(မ)အသံကို မကြားသကဲ့သို့ ပြုမူနေ၏။
မင်ကျူးသည် ခေါင်းငုံ့လိုက်ကာ : “ကျွန်မက ရှင့်ရဲ့အိမ်မွေးတိရစ္ဆာန်မဟုတ်ဘူး”
ကျောက်ရှီသည် အေးဆေးစွာသာ လည်ချောင်းသံပြု တုံ့ပြန်ပြီး သူ(မ)လက်ကောက်ဝတ်ကို ကိုင်ကာ ၎င်းအပေါ်မှ ကြိုးနီကြိုးကို ကြည့်ပြီး ပြုံးလိုက်သည်။
“မင်း မကြိုက်ဘူးလား”
“ဘယ်သူမှ ကြိုက်မှာမဟုတ်ဘူး”
သူသည် သူ(မ)မျက်နှာကို တယုတယ ပွတ်သပ်ကာ : “ဒီလိုဆိုတော့လည်း ကိုယ်လည်း မတတ်နိုင်ဘူးပေါ့”
ထို့နောက် ကျောက်ရှီသည် ဒူးခေါင်းပေါ်မှ ဒဏ်ရာများကို ကြည့်ရန် သူ(မ)၏ဘောင်းဘီရှည်ကို လှန်တင်လိုက်သည်။ ပွန်းပဲ့ဒဏ်ရာများနှင့် အနီရောင်အကွက်ကြီးသည် ယခုထိတိုင် မပျောက်သေးချေ။ သူသည် လိမ်းဆေးကို တိတ်တဆိတ် လှမ်းယူပြီး ဆေးကို စတင် လိမ်းပေးလာ၏။
မင်ကျူးအနေနှင့် ကျောက်ရှီ ဤမျှကြီးမားသော ကိစ္စကြီးကို လွယ်လွယ်ကူကူ မသိကျိုးကျွန်ပြုလိမ့်မည်ဟု လုံးလုံး မထင်ပေ၊ သို့သော်လည်း သူသည် အလွန်တည်ငြိမ်စွာ ပြုမူနေ၏။
ဆေးလိမ်းပေးပြီးနောက်တွင် ကျောက်ရှီသည် သူ့ခေါင်းကို တစ်ဖန်မော့ကာ : “ကိုယ် မင်းကို မခြိမ်းခြောက်ချင်ဘူး၊ ဒါပေမယ့် နောက်တစ်ကြိမ်ဆိုတာ ရှိလာရင် အပြစ်မဲ့တဲ့ လူတွေရဲ့အသက်ကို ပေးဆပ်လိုက်ရတဲ့အခါကျမှ ကိုယ့်ကို အဆိုးမဆိုလာနဲ့”
ခပ်လွယ်လွယ်လေးပင် ဆိုလာခဲ့သော စကား။
သူ(မ)၏ပုခုံးများထက် လေးလံစွာ တွဲခိုလာ၏။
မင်ကျူး သူ(မ)၏နှာခေါင်းနီနီလေးဖြင့် တစ်ချက်ရှိုက်ရင်း အနည်းငယ် ကူကယ်ရာမဲ့မိ၏။ သူ(မ) မလွတ်မြောက်နိုင်သလို သူ(မ)၏ကံကြမ္မာသည်လည်း သူ့လက်ထဲတွင်သာ၊ လက်ရှိတွင် သူ(မ)အနေနှင့် တစ်ကြိမ်လျှင် ခြေတစ်လှမ်းသာ လှမ်းပြီး နောက်ဘာတွေ ဆက်ဖြစ်လာမလဲပဲ ကြည့်ရပေတော့မည်။
သူ(မ)သည် စကားတစ်ခွန်းမဆိုဘဲ ခေါင်းကို တွင်တွင်ငုံ့ထားလိုက်သည်။
ကျောက်ရှီသည် အလွန် ကူကယ်ရာမဲ့နေရဟန်ဖြင့် သက်ပြင်းချကာ၊ သူ(မ)ကို စိုက်ကြည့်ပြီး ရှင်းမပြနိုင်လောက်သော ညင်သာသည့် လေသံဖြင့် ဆိုလာသည့်တိုင် လူကို ခြောက်လန့်နိုင်စွမ်း၏။
“ကျူးကျူး၊ ကိုယ် မင်းကို သံကြိုးနဲ့ ချည်တုပ်ထားတော့မှပဲ မင်း ကိုယ့်စကားကို နာခံတော့မှာလား”