no

Font
Theme

အပိုင်း (၀၀၂)

မင်ကျူးသည် မိခင်ဖြစ်သူ၏မွေးရပ်မြေဖြစ်သော ကျန့်နန်သို့သွားရန် စီစဉ်ထားသည်။ သူ(မ)သည် လုပ်ငန်းလေးတစ်ခုလုပ်ကိုင်ကာ ထိုနေရာတွင် တိတ်တိတ်ဆိတ်ဆိတ် အခြေချချင်ခဲ့သည်။

သို့သော် သူ(မ)မှာ ထိုဆန္ဒလေးကို ဖွင့်ထုတ်ပြောခွင့်မရလိုက်ခင် မောမောအိုကြီးတစ်ဦးက သူ(မ)ရှေ့သို့ ဝိုင်အိုးကို ယူလာကာ “မိန်းကလေး၊ ဒါက အရှင့်သားရဲ့ဆန္ဒပါ” ဟူ၍ ဆိုလာလိမ့်မည်လို့ မည်သူကများ တွေးမိပါမည်နည်း။

မင်ကျူးသည် ဝိုင်ခွက်ကို ကြည့်ပြီး မယုံကြည်နိုင်။

“ဘာသဘောလဲ”

“အိမ်ရှေ့စံက မိန်းကလေးကို သည်းမခံနိုင်တော့တာကြောင့် ဒီကျွန်အိုကြီးကို ဒီကကိစ္စတွေ ရှင်းဖို့ လွှတ်လိုက်ရတာပါ”

မင်ကျူးသည် သောက်ရန် ငြင်းဆန်ပြီး မျက်ရည်များက မျက်ဝန်းထဲ ဝေ့သီလာတော့သည်။

“ကျွန်မ သူ့ကို တွေ့ချင်တယ်”

မောမောအိုကြီးက လောင်ပြုံးပြီး : “အရှင့်သားက မိန်းကလေး သူ့ကို ဒီလိုဒုက္ခပေးအုံးမယ်ဆိုတာ သိတာကြောင့်မလို့လည်း ဒီကျွန်အိုကြီးကို လွှတ်လိုက်ရတာပေါ့”

မင်ကျူး၏ နှလုံးသားမှာ ဟက်တက်ကွဲကာ ဒယ်အိုးထဲ ပစ်ချခံလိုက်ရသလို၊ မျက်နှာက ဖြူဖျော့သွားပြီး နှုတ်ခမ်းတို့မှာ အနည်းငယ် တုန်ယင်လာ၏။ ပါးစပ်ကို ဖွင့်ဟလိုက်သော်လည်း အသံထွက်နိုင်စွမ်းငှာ မရှိတော့ပေ။

သူ(မ) လိုက်လိုက်လျောလျောမရှိသည်ကို မြင်သည့်အခါ မောမောများသည် သူ(မ)၏လက်မောင်းနှစ်ဖက်ကို ဆွဲကိုင်ကြပြီး မေးရိုးကို ကြမ်းကြမ်းတမ်းတမ်း ခွဲထုတ်ကာ ပါးစပ်ထဲသို့ ထိုသေရည်ကို တိုက်ကျွေးပြီး အတင်းမျိုချစေ၏။

“မင်းက ခုတင်ကို နွေးအောင်လုပ်ပေးရတဲ့ အရုပ်တစ်ရုပ်သာသာပဲ၊ တကယ်ကြီး ကိုယ့်ကိုယ်ကိုယ် အဟုတ်ထင်နေသလား၊ ကျေးဇူးမကန်းနဲ့ ဒါက အရှင့်သားအိမ်ရှေ့စံကိုယ်တိုင် ပေးလာတဲ့ အမိန့်ပဲ မင်းအသက်ရှင်နေတာက အနာဂတ်အိမ်ရှေ့မိဖုရားအတွက် အရှက်ရစရာဖြစ်စေတယ်၊ မင်းကိုယ်မင်း အိမ်ရှေ့စံရဲ့ဂုဏ်သိက္ခာထက် ပိုအရေးကြီးတယ်လို့များ ထင်နေတာလား တကယ်ဟာသပဲ”

မင်ကျူးသည် မြေပြင်ပေါ် ဒူးထောက်ထိုင်ကာ ငိုယိုလျက် အဆက်မပြတ်ချောင်းဆိုးလာ၏။ မကြာခင်မှာပင် ဆေးအာနိသင် ပြလာပြီး သူ(မ)၏ ပါးစပ်ထောင့်မှနေ သွေးနက်များ တဖြည်းဖြည်း စီးကျလာခဲ့သည်။ ဗိုက်မှာ အမွှေခံနေရသလိုမျိုး ပြင်းထန်စွာ နာကျင်လာ၏။

နာတယ်…

အရမ်းနာကျင်ရတယ်…

သူ သူ(မ)ကို ချစ်တယ်လို့ ကြင်ကြင်နာနာ ဆိုခဲ့ပေမယ့် တကယ်တမ်းတော့ အလိမ်အညာတွေ ဖြစ်လို့နေ၏။

သူ(မ)၏ဝမ်းဗိုက်မှာ တစ်စုံတစ်ဦးက ဓားဖြင့် ထိုးသွင်းလိုက်သကဲ့သို့ ခံစားနေရပြီး သူ(မ)ခန္ဓာကိုယ်တစ်ခုလုံးကို ဓားများ ထိုးစိုက်ထားသည့်အလား သွေးများက ကြမ်းပြင်တစ်ခုလုံး ဒလဟော စီးကျလာ၏။

ဤနာကျင်မှုက တစ်စုံတစ်ယောက်က လက်ဗလာဖြင့် သူ(မ)၏နှလုံးသားကို ဆုတ်ဖြဲလိုက်သကဲ့သို့ သူ(မ)၏အရိုးများထဲ တံဆိပ်ရိုက်နှိပ်လိုက်သလိုပင်။ ယခုအချိန်အထိတိုင်အောင် မင်ကျူးမှာ ထိုအကြောင်းကို သတိပြန်မရချင်ပေ။

သူ(မ)မသေဆုံးခင်က သူ(မ)အား ကောင်းကင်ဘုံက တစ်ဖန်ပြန်လည်ရှင်သန်ခွင့်ပေးလာလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။

တစ်ခုတည်းသော ကံဆိုးမှုမှာ လက်ရှိအချိန်ကာလအရ သူ(မ) အိမ်ရှေ့ နန်းဆောင်သို့ ရောက်နေသည်မှာ တစ်နှစ်နီးနီး ရှိနေပြီးပင်။

မင်ကျူးမှာ ယခင်ဘဝက သူ(မ) အမှန်တကယ် မိုက်မဲလှသည်ဟု ခံစားရသည်။ သူ့ကိုမှ ရူးမိုက်စွာ ချစ်မိသွားပြီး သူကလည်း သူ(မ)ကို နှစ်သက်သည်ဟု ထင်မြင်နေခဲ့သည်။

ဒါပေမဲ့ တကယ့်လက်‌တွေမှာလား?…သူ(မ)က ကျောက်ရှီ သူရဲ့ရမ္မက်တွေကို ဖြည့်ဆည်းစေဖို့ သူ့ရဲ့အနောက်ဆောင်မှာ ပိတ်လှောင်ထားတဲ့ အရုပ်တစ်ရုပ်သာသာပဲလေ။

မင်ကျူး အသိများ တိတ်တဆိတ် ပြန်ဝင်လာ၏။ နှလုံးသားထဲတွင် ထိုအရာများကို မှတ်မိနေသည်က သူ(မ)အား အလွန်အမင်း နာကျင်နေသေးဆဲပေ။

အစေခံမလေးကို နေ့လယ်စာ ယူလာစေလိုက်ပြီး ခေါင်းငုံ့ကာ ဆန်ပြုတ်နှစ်လုပ်အပြည့် ခပ်စားလိုက်သည်။

မင်ကျူးသည် နေ့လယ်စာစားပြီးနောက် စိတ်အခြေအ‌နေမကောင်းနေသောကြောင့် အနားယူရန် ပြတင်းပေါက်နားရှိ ပျော့ပျော့ပျောင်းပျောင်း ညောင်စောင်းပေါ်တွင် လှဲလျောင်းနေလိုက်သည်။

ပိယင်သည် ဝမ်းသာအားရဖြင့် သတင်းပို့ရန် ရုတ်တရက် အပြင်ကနေ ဝင်လာ၏။

“မမလေးမင်ကျူး အရှင့်သားက စကားပါးလိုက်ပါတယ် သူ ဒီည ဝမ်ယွဲ့ဆောင်မှာ အနားယူပါမယ်တဲ့”

ကျောက်ရှီသည် ခုံရုံးတွင် တရားခွင်တာဝန်များဖြင့် အလုပ်များနေတတ်ပြီး တဏှာကြီးလွန်းသည့် သူတစ်ယောက် မဟုတ်သည့်အတွက်လည်း ဝမ်ယွဲ့ဆောင်သို့ မကြာခဏ လာလေ့မရှိ၊ တစ်လလျှင် ရက်အနည်းငယ်သာ ရောက်လာတတ်သည်။

မင်ကျူးသည် အနည်းငယ် မျက်မှောင်ကြုတ်သွားကာ : “ဟုတ်ပြီ ငါ သိပြီ”

ပိယင်က သူ(မ)ထက်ပင် ပျော်ရွှင်နေ၏။ အလုပ်အကျွေးပြုရသည့် သခင်က မြတ်နိုးခံရလျှင် သူ(မ)၏အနီးကပ်အစေခံများဖြစ်သည့် သူတို့လည်း မျက်နှာပွင့်သည်မဟုတ်ပါလား။

“မမလေး ကျွန်မတို့ မမလေးကို ဖြီးလိမ်းပြင်ဆင်ပေးပါ့မယ်”

မင်ကျူးသည် သဘာဝအတိုင်း လှသူဖြစ်ပြီး မျက်နှာလေးမှာ မျက်နှာချေမှုန်များ မလိမ်းခြယ်လျှင်တောင် သွေးကြောနီနီလေးများဖြင့် ဖြူဥနေပြီး မက်မွန်ပွင့်ကဲ့သို့ တောက်ပနေ၏။ သူ(မ)က နှုတ်ခမ်းကိုစေ့ကာ တီးတိုးဆိုလာ၏။

“မလိုဘူး”

ပိယင်မှာ ကြောင်အမ်းသွားသော်ငြား စကားအပိုလည်း မပြောဝံ့သဖြင့် : “ဟုတ်ကဲ့”

မင်ကျူးသည် မိန်းမစေလေး၏ မျက်ဝန်းများထဲမှ အံ့အားသင့်မှုကို မြင်လိုက်ရသော်လည်း မအံ့သြဖြစ်ချေ။

ယခင်ကဆိုလျှင် ကျောက်ရှီ ရောက်လာသည့်အချိန်တိုင်း မင်ကျူး အလွန် ရင်ဖိုမိသည်။ တကယ်တမ်း သူ(မ)တွင် လက်ထပ်ထိမ်းမြားရမည့် စေ့စပ်ထားသူအပေါ် လေးနက်သည့် ခံစားချက်မျိုး မရှိခဲ့ပေ။ အစပိုင်းတွင် သူ(မ)အား အိမ်ရှေ့စံ၏နန်းဆောင်သို့ အတင်းအကြပ် ပို့ဆောင်ခဲ့ပြီး သူ(မ)ကိုယ်၌၏ဆန္ဒမပါဝင်ခဲ့သော်လည်း နောက်ပိုင်းတွင် ကျောက်ရှီ၏ ကြင်နာယုယမှုနှင့် ဂရုစိုက်မှုတို့ကြောင့် သူ(မ)မှာ တဖြည်းဖြည်း စိတ်ပြောင်းသွားခဲ့သည်။ အနှီအမျိုးသားသည် အိပ်ရာထဲတွင် သူနှင့်မတူလှစွာ အညှာတာမဲ့ကြမ်းတမ်းလှသည်ကလွဲလျှင် သူ(မ)အပေါ် အလွန်ကောင်းပေး၏။

မိန်းမငယ်လေးမှာ အလွန်ယုံလွယ်ပြီး သူ(မ)အား အချိုအနည်းငယ် ပေးလိုက်သည်နှင့် ကောက်ကောက်ပါအောင် ပါသွားခဲ့သည်။

မူလက သူ(မ)ကိုယ်သူ(မ) ပြင်ဆင်ဖြီးလိမ်းရန် ဆန္ဒမရှိခဲ့သော်လည်း အချိန်အနည်းငယ် ကုန်လွန်လာချိန်တွင် သူ ရောက်လာမည့်အချိန်တိုင်း မင်ကျုးသည် လှပသည့် မျက်နှာလေးကို အလွန် ဂရုတစိုက်နှင့် ခြယ်မှုန်းပြင်ဆင်လာတတ်ပြီး သူ သဘောကျတတ်သည့် ကြည်လွှာသော ဝတ်စုံပါးလေးများကို ဝတ်ဆင်ထားတတ်သည်။

သူ(မ)သည် သဘာဝအတိုင်း အလွန် ရှက်တတ်‌လေကာ မျက်နှာလေးက အလွယ်တကူ နီမြန်းသွားတတ်သည်။ တကယ်တမ်းတွင် သူ(မ)သည် ခုတင်ပေါ်က ကိစ္စများနှင့်ပတ်သက်လျှင် အလွန်ပွင့်ပွင့်လင်းလင်းမရှိသော်လည်း သူ စိတ်ကျေနပ်စေဖို့ရာအတွက် အမြဲ နာနာခံခံဖြင့် သူ့ဆန္ဒအတိုင်း ပြုမူခွင့်ပေးထား၏။

မွန်းတည့်ချိန်တွင် နေမင်းကြီးက တောက်ပစွာ ဖြာထွက်နေလေ၏။

ပြတင်းတံခါးအပြင်တွင် ချယ်ရီပင်၏အကိုင်းကွေးများကို လေးလံသော နှင်းလွှာက ဖုံးလွှမ်းထားပြီး အကိုင်းအခက်များက အလေးချိန်ကို မခံနိုင်ပုံပမာ။

မင်ကျူးသည် လေကောင်းလေသန့်ရစေရန်အတွက် အခန်းတံခါးကို ဖွင့်ခိုင်းလိုက်သည်။ ဆောင်းလေညင်းက လတ်ဆတ်သည့် ဇီးသီးရနံ့ဖျဖျကို သယ်ဆောင်လာရင်း အခန်းတွင်းသို့ တိုးဝင်လာပြီး သူ(မ)သည် ပြတင်းပေါက်နားရှိ ညောင်စောင်းပေါ် ထိုင်ကာ ဘေးရှိ စားပွဲနိမ့်လေးပေါ်တွင် ထားထားသည့် ကျေးလက်ရိုးရာဝတ္ထုများထဲမှ တစ်အုပ်ကို နှစ်မျက်နှာ လှန်လိုက်ရင်း လက်ဖက်ရည် တစ်ငုံသောက်လိုက်သည်။ ဇာတ်လမ်းမှာ ပညာရှင်တစ်ဦးနှင့် မြေခွေးမိစ္ဆာမလေးတို့အကြောင်းဖြစ်ပြီး သူ(မ)သည် ၎င်းကို စိတ်ဝင်တစားဖတ်ရှုနေ၏။

အမွှေးတိုင်တစ်ဝက်စာ ကုန်လွန်သွားချိန်တွင် ပိယင်က အင်္ကျီဆိုင်မှ ဝတ်စုံသစ်များဖြင့် ဝင်လာ၏။

“မမလေး၊ ခုလေးတင် အထည်ဆိုင်က ဆိုင်ရှင်ကိုယ်တိုင် ဝတ်စုံအသစ်လေးတွေ လာပို့ပေးသွားတယ်၊ အခုပဲ စမ်းဝတ်ကြည့်ချင်လား မမလေး”

ဝတ်စုံများ ချုပ်လုပ်လေ့ရှိသည့် အစများမှာ အိမ်ရှေ့စံမင်းသား ချီးမြှင့်ထားသည့် ပိုးထည်စများဖြစ်ပြီး အရည်အသွေးက ထိပ်တန်းဖြစ်ကာ အပြင်တွင် ဘယ်နေရာမှ ဝယ်လို့မရသည့် အစများဖြစ်သည်။

မင်ကျူးသည် လက်ထဲမှ စာအုပ်ကို ချလိုက်ပြီး အလွန် စိတ်ဝင်စားမှုမရှိစွာဖြင့် တစ်ချက် ကြည့်လိုက်သည်။

“အဲ့ဒီမှာ ထားထားလိုက်”

ပိယင်က ‘ဟုတ်ကဲ့’ ဟု ဆိုပြီး ပျော်ရွှင်စွာ ပြုံးလေ၏။

“ဆိုင်ရှင်ကြီးက အချိန်ကိုက်လာပို့ပေးသွားတာပဲနော် ဒီလိုဆိုမှ မမလေး ညကျရင် အရှင့်သားကြည့်လို့ရအောင် ဝတ်ပြလို့ရပြီ”

သူ(မ)၏သခင်မလေးက ရုပ်ရည် ကြည့်ကောင်းရုံတင်မက ခန္ဓာကိုယ်လည်း အလွန်လှ၏။ သွယ်လျသည့် ခါးနှင့် ခြေတံရှည်ရှည်များရှိပြီး နူးညံ့သည့် အသားအရေက အကောင်းဆုံး ပိုးသားပမာ။ အမျိုးသမီးများနှင့် အလွန်ရင်းရင်းနှီးနှီးမရှိလှသည့် အိမ်ရှေ့စံပင်လျှင် ဤနေရာသို့ ညအိပ်ရန် မကြာခဏ ရောက်လာတတ်ပြီး သန်းခေါင်ယံအချိန်တွင်တောင် ရေတောင်းလေ့ရှိသည်မှာ အံ့ဩစရာတော့မဟုတ်ချေ။

မင်ကျူးသည် ထိုစကားများကို ကြားသည့်အချိန် အနည်းငယ် မျက်မှောင်ကြုတ်သွားပြီး မျက်လွှာချကာ စကားမဆိုလာချေ။

ပိယင်မှာ သူ(မ)၏သခင်မလေးတစ်ယောက် ဤရက်များအတွင်း တိတ်ဆိတ်ငြိမ်သက်နေပြီး အလွန်စိတ်အခြေအနေကောင်းဟန်မပေါ်သည်ကို ခံစားမိလေသည်။ မကြာသေးမီရက်များအတွင်း အရှင့်သားက ဝမ်ယွဲ့ဆောင်သို့ အလာနည်းသွားပြီး နန်းတော်‌တွင် ထိုက်ကျစ်ဖေးနေရာအတွက် အလောင်းအလျာရွေးချယ်ရန် စိတ်ကူးရှိနေသည်ဆိုသော အပြင်ဘက်မှ ကောလဟလများက သူ(မ)၏သခင်မလေးကို မပျော်မရွှင်ဖြစ်စေသည်ဟု သူ(မ) ထင်မြင်မိသည်။

သို့သော် ပိယင်မှာ အလွန်ထူးဆန်းသည်ဟု ထင်မိသည်၊ ဝမ်ယွဲ့ဆောင်အတွင်းနှင့် အပြင်ရှိ လူများအားလုံးသည် အရှင့်သား၏လူများဖြစ်ရာ မည်သူမျှ အရှင့်သား၏အမိန့်ကို လွန်ဆန်ပြီး အပြင်တွင် ဖြစ်ပျက်နေသည့်အရာများကို မမလေးမင်ကျုးအား ပြောရဲကြမည် မဟုတ်ချေ။ ထို့ကြောင့် မည်သူက သတင်းပေါက်ကြားစေလိုက်သလဲ သူ(မ) မသိချေ။

  

အရှင့်သားသာ ထိုသတင်းကို ပြန်ကြားလျှင် ထိုလူသည် သေနေလျှင်တောင်မှ အရေခွံဆုပ်ခံထိမည်ဖြစ်သည်။

အရှင့်သား၏စိတ်‌နေသဘောထားသည် အလွန်အမင်း အေးစက်စက်နိုင်လှပြီး မမလေးမင်ကျူးအပေါ် ခြယ်လှယ်လိုသည့် ကြောက်မက်ဖွယ်ကောင်းသော စိတ်ဆန္ဒရှိနေလေသည်။ သူသည် တစ်ခွန်းဆိုတစ်ခွန်း ပြောပြီးသည့်စကားကို ပြန်ပြင်ရိုးထုံးစံမရှိ၊ များသောအားဖြင့် အလေးထားရန် ပျင်းလွန်းလှသည့်ပုံရှိသော်လည်း အမှန်တကယ် စိတ်ဆိုးဒေါသထွက်လာလျှင် အလွန် ကြောက်မက်ဖွယ်ကောင်း၏။

“မမလေး၊ မမလေး အခုပဲ စမ်းဝတ်ကြည့်တာ ကောင်းမယ်နော် ဒါမှ မတော်တဲ့‌နေရာရှိရင် ပြန်ပြင်ဖို့အချိန်ရှိမှာလေ”

“အမ်း”

မင်ကျူးသည် မတ်တပ်ထရပ်လိုက်ပြီး သူ(မ)၏မိန်းမဆန်ဆန် သေးသွယ်သော လက်ချောင်းများက အလွန်အမင်း နူးညံ့လွန်းနေသော ပိုးသားစကို ညင်သာစွာ ကိုင်ကြည့်လိုက်သည်။ သူ(မ) မေပယ်ရောင်စကပ်ကို ခါးတွင် ချည်နှောင်လိုက်သည်က သူ(မ)ခါးကို လက်တစ်ဖက်တည်းနှင့်ပင် ဆုက်ကိုင်၍ရသယောင် ပို၍သေးသွယ်သွားစေပြီး အမတတစ်ယောက်ကဲ့သို့ ခံစားရစေသည်။ စကပ်အနားသပ်များသည် ညင်သာစွာ ဝဲနေပြီး ရင်ဘက်ပိုင်းတွင် အနည်းငယ် ပွင့်အထားသည်က သူ(မ)၏နှင်းပမာ ဖြူဖွေးသော လည်ညှပ်ရိုးကို သိသာလှစေ၏။ သူ(မ)၏ပုံစံမှာ လေထဲ ဝေ့မျောနေသော မသေမျိုးတစ်ဦးကဲ့သို့ တစ်ချိန်တည်းဆိုသလို အနက်အဓိပ္ပါယ်ဖွင့်ဆိုရန် ခက်ခဲသည့် နူးညံ့ပြီး ရမ္မက်သွေးကြွယ်စေသော အလှတရားမျိုးဖြင့်ပင်။

ပိယင်၏မျက်ဝန်းများ မှင်တက်မိသွားသည်မှာ တုံ့ပြန်ရန် အချိန်အတော်ယူလိုက်ရသည်အထိ။

“မမလေးက ဒီလိုမျိုးဝတ်စားထားတော့ တအားလှတာပဲ”

  

သူ(မ)၏ကောက်ကြောင်းက လှသဖြင့် သွင်ပြင်ကို ပိုလို့ ကောင်းမွန်သွားစေ၏။  

မင်ကျူးသည် သူ(မ)ကိုယ်သူ(မ) ကြေးမုံပြင်ထဲ ပြန်ကြည့်မိသည်။ သူ(မ)က တကယ်ကို လှသည့် အလှလေးပါပေ။ ဒီသွင်ပြင်နဲ့ ဒီလိုကောက်ကြောင်းတွေကပဲ ကျောက်ရှီ တွယ်ငြိနေသည့် အရာတွေ မဟုတ်ပါလား။

သူ(မ)သည် မျက်လွှာချထားလိုက်ပြီး : “ငါ အေးနေပြီ၊ အဝတ်အစားတွေ အရင် ပြန်လဲလိုက်အုံးမယ်”

ပိယင်က နှမြောသွားဟန်ဖြင့် : “အရှင့်သားသာ မမလေး ဒီလိုမျိုးဝတ်စားထားတာတွေ့ရင် သေချာပေါက် သဘောကျမှာ”

ယခင်ကသာဆိုလျှင် မင်ကျူးသည် ရှက်သွေးလေးဖြာရင်း မဝံ့မရဲမျက်ဝန်းများဖြင့် မျှော်လင့်တကြီး ‘တကယ်လား’ ဟူ၍ မေးလိုက်မိမည်မှာ။

 

သို့သော် ယခုအချိန်တွင် သူ(မ)က သာမန်ကာလျှံကာဖြစ်လွန်းစွာ : “ဖြစ်နိုင်ပါတယ်လေ”

ကျောက်ရှီသည် သူ(မ)အရှေ့တွင် စကားအများကြီး မပြော‌ချေ။ အိပ်ရာက ထပြီး သေသေချာချာ ၀တ်စားဆင်ယင်ပြီးသည်နှင့် သူသည် အေးစက်ပြီး ခံစားချက်မဲ့လေသော မင်းသားတစ်ပါ ပြန်ဖြစ်သွား၏။ သို့သော် ကန့်လန့်ကာနောက်ကွယ်တွင် သူကိုယ်တိုင်က ဖွင့်ထုတ်မပြောလာသော်လည်း သူ(မ)ကို အထိန်းအကွပ်မဲ့စေသည်အား သဘောကျကြောင်း မင်ကျူး သိပေသည်။ သူ သူ(မ)အတွက် ပြင်ဆင်ပေးသည့် ဝတ်စုံများမှာ အပြင်တွင် ဝတ်ရန် မသင့်လျော်သည့် ရဲတင်းပြီး ပေါ်လွင်နေသည့် အဝတ်အစားများဖြစ်သည်။

မင်ကျူးသည် သူ(မ)၏ အမတ၀တ်စုံကို (liuxian 留仙 ဝတ်စုံ)ကို လဲလိုက်ပြီး အချိန်ကား စောနေသေးသည်ကြောင့် ဖတ်မပြီးသေးသော ဝတ္ထုကို ဆက်ဖတ်နေလိုက်သည်။

သူ(မ)၏မျက်လုံးများ နာကျင်လာကာမှ စာရွက်ထံမှ အကြည့်လွှဲကာ ခေါင်းကို မော့၊ ခါးကို ဆန့်ပြီး ပြတင်းတံခါးအပြင်ရှိ အလှမ်းဝေးသော ကောင်းကင်ပြင်ကျယ်ကြီးကို မျှော်ကြည့်လိုက်သည်။

မင်ကျူး၏အကြည့်က ညောင်စောင်းဘေးရှိ တစ်ဝက်တစ်ပျက်ပန်းထိုးထားသော ရှုံ့အိတ်လေးထံ အမှတ်မထင် ရောက်သွား၏။ သူ(မ) လှမ်းယူလိုက်ပြီး အိတ်ပေါ်မှ မန်ဒရင်းဘဲလေးများကို အချိန်အတော်ကြာ စိုက်ကြည့်နေမိရင်း မျက်ဝန်းများက တဖြည်းဖြည်း နီရဲလာ၏။ အသိပြန်ဝင်လာချိန်တွင်မူ ထိုရှုံ့အိတ်လေးကို အံဆွဲထဲ ထိုးထည့်လိုက်ပြီး ပန်းဆက်ထိုးရန်လည်း ရည်ရွယ်ချက်မရှိတော့သလို ထိုလူအား ပေးရန်လည်း ဆန္ဒမရှိတော့ချေ။

မှောင်ရီပျိုးလာသည်နှင့် နေဝင်ဆည်းဆာ၏ အလင်တန်းများက နွေးထွေးစပြုလာ၏။

မင်ကျူး၏ လှပပြီး ကြည်လင်နေသော မျက်ဝန်းများက အဝေးတစ်နေရာတွင် လမ်းပျောက်နေသလို၊ ဤမြင့်မားသော နံရံများ၏အလွန်က သူ(မ)တောင်းတရသည့် ကမ္ဘာကြီးဖြစ်သည်။ ယခင် သူ(မ) မင်စံအိမ်တော်တွင် နေထိုင်ခဲ့စဉ်က သူ(မ)မှာ အရိပ်တကြည့်ကြည့် နေခဲ့ရသော်လည်း သူ(မ) ပြဿနာမရှာသရွေ့ သူ(မ)အား ခက်ခဲအောင် လုပ်မည့်သူ မရှိခဲ့ချေ။ သူ(မ)သည် *ကျူးမူနှင့် တိအစ်မတော်ရှေ့တွင် ထင်ထင်ပေါ်ပေါ်နေရဲရလောက်အောင်ထိ မတုံးအသဖြင့် အချိန်အများစုကို အေးအေးဆေးဆေးနှင့် လွတ်လပ်စွာ ဖြတ်သန်းခဲ့သည်။ ရံဖန်ရံခါ မီးပုံးပွဲတော်ကြည့်ရန် အိမ်တော်မှ ခိုးထွက်တာလည်း သူ(မ) လုပ်နေကျပေ။

[ကျူးမူ - ဖခင်ဘက်မှ တော်စပ်သော အဖွားဖြစ်သူ၊ တိသမီး - ပဏာမဇနီးမှ မွေးဖွားသော သမီး]

သူ(မ) အသက်(၁၅)နှစ်အရွယ်သို့ ရောက်လာချိန်တွင် ပိုလို့ပင် ရဲတင်းလာကာ သူ(မ)၏ငယ်သူငယ်ချင်းဖြင့်ပင် ကဗျာစပ်ရန် ခိုးထွက်ဖြစ်ခဲ့သေးသည်။

မမျှော်လင့်ထားစွာဖြင့် အိမ်ရှေ့စံနန်းဆောင်သို့ ဝင်ပြီးနောက် အပြင်လောကကြီး၏ အရိပ်လေးကို မြင်ခွင့်ပင်မရ၊ ဤခြံငယ်လေးထဲတွင် လှောင်ပိတ်ခံထားရပြီး မိမိဘဝမိမိ မပိုင်ဆိုင်တော့ဘဲ နေရာတကာ စောင့်ကြည့်ခံနေရသည့် အဖြစ်သို့ ရောက်လာလိမ့်မည်လို့ တစ်ခါမှ မတွေးထားခဲ့ဖူးချေ။

  

မင်ကျူးသည် သူ(မ)ပြန်လည်မွေးဖွားလာသည့်နေကစလို့ ထွက်ပြေးမည့်အကြောင်း တွေးခဲ့ဖူးသော်လည်း ဤကိစ္စမှာ ရေရှည်အစီအစဉ်ဆွဲပြီး ဂရုတစိုက် ပြင်ဆင်ရန် လိုအပ်၏။

ကျောက်ရှီသည် အလွန်စေ့စပ်တိကျသူဖြစ်ပြီး အိမ်တော်ရှိ အစေခံများအားလုံး သူ့စကားတစ်ခွန်းကိုသာ နာခံကြပြီး သူ့ကို ကြောက်ကြသူချည်းသာ။ သူ(မ)အနေနှင့် အကောင်းဆုံးအခွင့်အရေးအတွက် သေချာပြင်ဆင်ထားမှရပေမည်။

တဖြည်းဖြည်း မှောင်ရီပျိုးလာချိန် မိန်းမစေလေးတစ်ဦးက ညနေစာ ယူဆောင်လာပေး၏။ သို့သော် မင်ကျုးမှာ စားချင်သောက်ချင်စိတ် မရှိ‌နေသဖြင့် တစ်လုပ်နှစ်လုပ်စားပြီးသည်နှင့် တူကို ချကာ ဟင်းပွဲများကို သိမ်းစေလိုက်သည်။

ညစာစားပြီးနောက်တွင် လျိုမောမောတစ်ယောက် အကြောင်းမကြားဘာမကြားဘဲ ရောက်လာ၏။

မင်ကျူးမှာ သူ(မ)ကို အနည်းငယ် ကြောက်လန့်နေမိသည်။ လျိုမောမောသည် ဤအိမ်၏ အိမ်တော်ထိန်းတစ်ဝက်ဆိုလည်း မမှားပေ။ သူ(မ)သည် အမြဲ မျက်နှာထားတင်းတင်းဖြင့် စကားကောင်းကောင်း မပြောတတ်သလို ကိစ္စတိုင်းတွင်လည်း အလွန်စည်းကမ်းကြီး တင်းကျပ်လွန်းသူ ဖြစ်သည်။

“ဒီကျွန်မအိုကြီးက မင်ကျူးမိန်းကလေး ဒီမနက်က ဆေးသောက်ဖို့် ငြင်းဆန်နေတယ်လို့ ကြားတယ်၊ ကျွန်တော်မျိုးမရဲ့အလုပ်ကိစ္စဝိစ္စတွေပြီးတာနဲ့ မိန်းကလေးကို အကြံပေးစကားတစ်ခွန်းနှစ်ခွန်းလောက် ပြောဖို့ ရောက်လာရတာပါ”

မင်ကျူးမှာ စိတ်ဆိုးဒေါသထွက်ဖို့ရာပင် မတတ်နိုင်တော့ပေ။ သူ(မ)၏လှုပ်ရှားမှုတိုင်း စောင့်ကြည့်ခံနေရသည်မှန်း သူ(မ)သိခဲ့သည်မှာ ကြာလှပြီပေ။ ထို့ကြောင့် သူ(မ) နှုတ်ပိတ်နေလိုက်သည်။

လျိုမောမောသည် အိမ်ရှေ့စံမင်းသား သူ(မ)ကို သဘောကျသည်ဖြစ်စေ မကျသည်ဖြစ်စေ ဂရုမစိုက်သလို၊ မျက်နှာသာပေးခံရသည်ဖြစ်စေ မနှစ်သက်သည်ဖြစ်စေ အရေးမထားသဖြင့် သူ(မ)၏စကားလုံးများက အမြဲတမ်း ကြမ်းတမ်းပြင်းထန်နေ၏။

“မင်ကျူးမိန်းကလေးက ငယ်ရွယ်ပြီး လက်ရှိမှာ တဒင်္ဂ အမြတ်နိုး‌ခံနေရတာကြောင့် သေချာမစဉ်းစားမိတာက သဘာဝပါပဲ၊ ဒါပေမဲ့ ကျွန်တော်မျိုးမ အကြံပေးချင်တာက ကိုယ့်အခြေအနေကိုယ် သေချာနားလည်တာ အကောင်းဆုံးပါပဲ”

လက်ရှိမှာ အရှင့်သားက သူ(မ)ကို အနည်းငယ် သဘောကျပြီး သူ(မ)ခန္ဓာကိုယ်ကို နှစ်သက်နေလျှင်တောင် ဤသည်မှာ သူ့အလိုဆန္ဒတွေကို ဖြေဖျောက်ရန်နှင့် သူ့ခုတင်ကို နွေးထွေးစေရန်သာ။ သူ(မ)ရဲ့အဆင့်အတန်းနဲ့ သူ(မ)က တော်ဝင်သွေးကို မွေးဖွားရန် ကြံချင်နေသေးသလား၊ သူ(မ)က အရူးအိပ်မက်ကို မက်နေတာပဲ။

လျိုမောမောမှာ မင်ကျူးကို အနောက်ဆောင်သို့ ခေါ်သွင်းလာသည့် ပထမဆုံးအချိန်ကတည်းက သဘောမကျမိခြင်းပေ။ သူ(မ)ပုံစံက နူးညံ့လွန်းနေပြီး လူကို အဘယ်သို့ ခစားရမှန်းလည်း မသိနေချေ။ ဘာမဟုတ်တာလေးနှင့် နာကျင်၍ ငိုရသည်က တစ်မျိုး ဝမ်းနည်းသည်နှင့် မျက်ရည်ကျသည်က တစ်ဖုံဖြင့်၊ အလုပ်အကျွေးပြုရာတွင် နည်းနည်းလေးမှ ကောင်းကောင်းမလုပ်နိုင်ပေ။

မင်ကျူးသည် ခေါင်းငုံ့ကာ : “ကျွန်မ သိပါတယ်၊ မောမော ကျွန်မကို သတိပေးနေဖို့ မလိုပါဘူး”

လျိုမောမောမှာ သူ(မ)စကားကြောင့် ဆို့နင်သွားရသည်။ တကယ်ပဲ ဒီနူးနူးညံ့ညံ့ပေါက်စီလုံးလေးက သူများကို ဆွံ့အသွားအောင် ပြောလိုက်တာလား?

သူ(မ)က သရော်ပြုံးပြုံးကာ : “မိန်းကလေးသိတာ ကောင်းပါတယ် ဒီမောမောကလည်း မိန်းကလေးကောင်းဖို့အတွက်ပဲ ပြောနေရတာပါ၊ အိမ်ရှေ့စံက နောင်မှာ ပဏာမဇနီးသည်ကို လက်ထပ်ရုံတင်မကဘူး ကိုယ်လုပ်တော်တွေကိုပါ တော်ကောက်ထားအုံးမှာ၊ အကုန်လုံးက မျိုးရိုးမြင့်ပြီး နာမည်ရှိတဲ့ မိသားစုတွေထဲကပဲဖြစ်မှာ”

မင်ကျူးသည် ကျောက်ရှီ နောင်မှာ ဘယ်သူနဲ့ပဲ ထိမ်းမြားထိမ်းမြား ဂရုမစိုက်တော့ချေ။ ယခုတွင် သူ(မ) ထွက်ပြေးချင်သည်၊ သူ(မ) ဒီနေရာကနေ လွတ်မြောက်ချင်သည်။

လျိုမောမောသည် သူ(မ)ပြောချင်တာပြောပြီးသည်နှင့် ထွက်သွားတော့သည်။

ပိယင်သည် သူ(မ)အား စိုးရိမ်တကြီး ကြည့်ပြီး နှစ်သိမ့်ပေးရန်အလို့ငှာဖြင့် : “မမလေး၊ စိတ်ထဲထားမနေပါနဲ့”

မင်ကျူး : “မထားပါဘူး”

လျိုမောမောပြောသွားသမျှက အမှန်တွေချည်းမလို့ သူ(မ) နားမထောင်နိုင်စရာမရှိပေ။

ပိယင်သည် သူ(မ)တို့၏သခင်မလေး ကြံ့ခိုင်ချင်ဟန်ဆောင်နေသည်ဟုသာ ထင်လိုက်သည်။ နူးနယ်ပြီး ကျိုးပဲ့လွယ်သည့် သခင်မလေးမှာ နှလုံးသားထဲ တိတ်တိတ်လေး ဝမ်းနည်းကာ ထုတ်မပြချင်ဟန်တူသည်။

အိပ်စက်ရမည့်အချိန်ရောက်လာသည့်အခါတွင် မင်ကျူးသည် ဖိနပ်ကို ချွတ်ကာ ခုတင်ပေါ်သို့ တက်လိုက်သည်။ သူ(မ)သည် အတွင်းဝတ်အဖြူရောင်ကို ၀တ်ဆင်ထားပြီး ဆံနွယ်ရှည်များက သေးသွယ်သော ကျောပြင်ထက် မှေးစက်နေ၏။ နံရံပေါ်ရှိ ဖယောင်းတိုင်မီးလျှံမှ အလင်းရောင်သည် မှိတ်တုတ်မှိတ်တုတ် လက်နေသည်။ သူ(မ)သည် ဘေးတစ်စောင်း လှဲလျောင်းလိုက်ပြီး စောင်ကို တင်းတင်းကျပ်ကျပ် ပွေ့ဖက်ကာ ခန္ဓာကိုယ်ကို ကွေးကျုံ့ထားလိုက်သည်။

သူ(မ) ဖယောင်းတိုင်မီးကို ငြိမ်းရန်ဟန်ပြင်လိုက်စဉ် ပိယင်က ချိတုံချတုံဖြင့် ဆိုလာ၏။

“မမလေး၊ ကျွန်မတို့ အရှင့်သားကို ခဏလောက် ထပ်စောင့်လိုက်ကြရအောင်လား”

အရှင့်သား ညဥ့်နက်ချိန် ရောက်လာသည့်အခါတွင် သခင်မလေး အစောကြီး အိပ်ရာဝင်နေသည်ကို မြင်ပါက အမျက်တော်ရှမည်မှာ အသေချာသာ။ ပိယင်မှာ အရှင့်သား အမျက်တော်ရှပြီး အစေခံများကို အပြစ်ပေးနေချိန် ရှိတတ်သည့် သူ၏မျက်နှာကို မြင်ဖူးသည်ပေ။ သူ၏တစ်ကိုယ်လုံး အအေးဓာတ်များ ထုတ်လွှတ်နေသည်မှာ လူကို သေစေနိုင်လောက်သကဲ့သို့ပင်။ သူ၏ထိုမျက်ဝန်းများနှင့် တစ်ချက်ကြည့်လိုက်ရုံဖြင့် အကြည့်ခံရသည့်လူမှာ ခြေထောက်များ တုန်ကာ အားနည်းသွားသလို ခံစားရပြီး အလွန်အမင်း ကြောက်ရွံ့လာရလေသည်။

မင်ကျူးသည် သူ(မ)ကို ကျောပေးကာ : “ငါ ပင်ပန်းနေပြီမလို့ အိပ်ချင်ပြီ”

ပိယင်မှာ သူ(မ)သခင်မလေးကို မဖျောင်းဖျနိုင်ပေ။ စိတ်ထဲ ဗျာများစွာ ငိုကြွေးမိရင်း သတ္တိမွေးကာ ဖယောင်းတိုင်မီးများကို မှုတ်ပေးလိုက်သည်။

မင်ကျူးသည် မူလက မအိပ်သေးသော်လည်း ထွက်ပြေးမည့် အစီအစဉ်အကြောင်း စဉ်းစားရင်းနှင့် တဖြည်းဖြည်း အသိစိတ်တို့မှာ ဝေဝါးကာ နောက်ဆုံးတွင် အိပ်ပျော်သွားတော့သည်။

သူ(မ)၏အသိစိတ်များ လွင့်မျောနေချိန် အေးအေးစက်စက် လက်ချောင်းများက သူ(မ)၏ခါးကို ညှစ်လိုက်ပြီး အေးစိမ့်နေသော ဝင်သက်ထွက်သက်တို့က မုန်တိုင်းတစ်ခုလို သူ(မ)အပေါ် အုပ်မိုးသက်ဆင်းလာ၏။ သူ(မ)သည် အိပ်တစ်ဝက်နိုးတစ်ဝက် အခြေအနေမှ ဖြည်းညှင်းစွာ နိုးလာ၏။

အနှီအမျိုးသားက သူ(မ)မေးကို ကိုင်ကာ မျက်ခုံးများကို နမ်းရှိုက်လေသည်။ တိုးဖျပြီး ဩရှနေသော အသံတို့က မည်သည့်ခံစားချက်ကိုမှ မသယ်ဆောင်ထားလေချေ။

“နိုးပြီလား”

မင်ကျူး၏အိပ်ချင်စိတ်တို့မှာ ကြက်ပျောက်ငှက်ပျောက် ပျောက်ပြီး သူ၏ ရေခဲတမျှ အေးစက်နေသော လက်ချောင်းများကြောင့် တုန်ယင်သွားရပြီး ခန္ဓာကိုယ်မှာ ခုတင်ခေါင်းရင်းဆီသို့ ကျုံ့ဝင်နောက်ဆုတ်သွား၏။

အနှီအမျိုးသားက သူ(မ)၏ သူ့ကို ရှောင်ရန် ကြိုးပမ်းမှုကို အလိုမကျဖြစ်သွားပုံရပြီး မျက်ဝန်းများကပါ အေးစက်သွား၏။

မင်ကျူးသည် အနည်းငယ် မျက်မှောင်ကြုတ်သွားပြီး မျက်နှာပေါ်မှ အမူအရာမှာ အနည်းငယ် ကြောက်လန့်နေပုံ။ သူ(မ) မျက်လုံးများကို မှိတ်ထားလိုက်ပြီး မသေခင်က ပြင်းထန်စွာ နာကျင်ခဲ့ရသော ဝမ်းဗိုက်ထဲမှနာကျင်မှုကို ပြန်အမှတ်ရလိုက်ချိန် ခန္ဓာကိုယ်က ပိုလို့ပင် တုန်ယင်သွားတော့သည်။

အမုန်းတရားရော အကြောက်တရားပါ ဒွန်တွဲဖြစ်တည်နေခြင်းပေ။

မင်ကျူးမှာ သူ့လက်များကို မသိစိတ်ဖြင့် ဖယ်ထုတ်လိုက်ပြီး လက်ချောင်းသွယ်သွယ်လေးများက လက်သီးကျစ်ကျစ် ဆုပ်ကာ သူ့ကို အတင်းတွန်းထုတ်လိုက်တော့သည်။

ကျောက်ရှီသည် ခေတ္တရပ်တန့်သွားပြီး သူ၏အမူအရာသည် ရေခဲကဲ့သို့ အေးစက်သွား၏။ စက္ကန့်အနည်းငယ်ကြာပြီးနောက် ရုတ်တရက် သူ(မ)လက်ကောက်ဝတ်ကို တင်းတင်းကြပ်ကြပ် ဖမ်းဆုပ်ပြီး ခုတင်ခေါင်းရင်းပေါ် ဖိချလိုက်သည်။ သူ့မျက်နှာအမူအရာက စိတ်မရှည်နေပုံရပြီး နှုတ်မှ ထွက်လာသော စကားလုံးများက အလွန် အေးစက်နေ၏။

“မလှုပ်နဲ့”

မင်ကျူးမှာ လုံးဝ မလှုပ်နိုင်တော့ချေ။ သူ၏ချုပ်နှောင်မှုမှ လွတ်မြောက်ရန် ရုန်းကြည့်လိုက်ပြီး သူ(မ)၏ လက်ကောက်ဝတ်များက သူ၏ဖိချုပ်ထားမှုကြောင့် သေချာပေါက် နီရဲသွားလောက်သည်။

သူ(မ)၏ဤအပြုအမူက ထိုလူကို လုံးလုံးလျားလျား ဒေါသထွက်သွားစေပုံပင်။

ကျောက်ရှီသည် သူ(မ)၏ခါဘေးတစ်ဖက်စီတွင် ဒူးထောက်လိုက်ရင်း သူ(မ)၏လက်ကောက်ဝတ်ကို ဆုပ်ကိုင်ထားသည့် အားကို တင်းကြပ်စေလိုက်သည်။ သူသည် နှုတ်ခမ်းကို စေ့ကာ သူ(မ)၏အမူအရာကို ဆန်းစစ်ရင်း နှုတ်ဆိတ်ကာ တိတ်ဆိတ်နေ၏။ မျက်လုံးများနီရဲလာသော အမျိုးသမီးကို ကြည့်ပြီး သူ၏လည်စလုပ်သည် အထက်အောက်နှစ်ကြိမ် လှုပ်ရှားသွား၏။ ထို့နောက် အေးစက်သော အသံက ဖိအားတို့ဖြင့် အမေးထုတ်လာ၏။

“ဘာကို ရှောင်နေတာလဲ”

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment