no

Font
Theme

အပိုင်း (၀၀၉)

ပိယင်တစ်ယောက် ထိုစကားများကြားသည့်အချိန် အကြီးအကျယ် ဒေါသထွက်လာတော့သည်။ ဤလှည်းကား အိမ်ရှေ့စံ၏လှည်းဖြစ်ပြီး မင်မိသားစုအနေနှင့် မမလေးမင်ကျူးအပေါ် တန်ဖိုးမထား၊မလေးစားလျှင်တောင် လူတစ်ယောက်ကို ဤမျှအထိတော့ ဆက်ဆံရန် မလိုအပ်ပေ။

ပုံမှန်ဆိုလျှင် ဤနှစ်များအတွင်း အလိုလိုက်အကြိုက်ဆောင်ခံထားရသည့် မင်ကျူးသည် အနည်းငယ် ပလွှားနေမည်ဖြစ်ပြီး ရလဒ်အနေဖြင့် ဤသို့သောလှောင်ပြောင်မှုမျိုးကို ခေါင်းငုံ့သည်းခံနေမည်မဟုတ်ချေ။

သို့သော် တစ်ခဏ သုံးသပ်ပြီးနောက်တွင် မင်ကျူးသည် မိမိစိတ်မိမိ ပြန်ထိန်းပြီး : “လှည်းမောင်းသမားကို အနောက်ဘက်တံခါးဆီ မောင်းသွားဖို့ပြောလိုက်”

မည်သို့ပင်ဆိုစေ မျက်နှာပျက်ရမည့်သူမှာ သူ(မ)မဟုတ်ပြီး ထိုရိုက်နှက်ချက်က ကျောက်ရှီ၏မျက်နှာတည့်တည့် သွားမှန်မှာဖြစ်သည်။

ကြည့်မရက်သည့် ပိယင်မှာ တစ်ခုခုပြောရန် ကြိုးစားလာ၏။

“မမလေး……”

မင်ကျူးက သူ(မ)လက်ကို ပုတ်ပေးပြီး : “ငါ့စကားသာ နားထောင်ပါ”

ပိယင်သည်လည်း မိမိဒေါသမိမိ ချုပ်တည်းထားရုံမှတပါး ရွေးချယ်စရာမရှိကာ လှည်းမောင်းသမားအား ပြန်လှည့်ခိုင်းပြီး အနောက်တံခါးဆီ သွားစေလိုက်သည်။

မင်ကျူးသည်လည်း သူ(မ)ရည်ရွယ်ချက်နှင့်သူ(မ) ဖြစ်သည်။ အနောက်ဘက်တံခါးသည် ဝေ့အိမ်တော်နှင့် နံရံတစ်ချပ်တည်းသာခြားသည်။ ကျောက်ရှီ၏အိမ်တော်သို့ ပို့ဆောင်ခံလိုက်ရပြီးကတည်းက သူ(မ)သည် သူ(မ)၏ယခင်စေ့စပ်ထားသူနှင့် တစ်ခါမှ ပြန်မဆုံဖြစ်သေးချေ။

မင်ကျူး ဝေ့ချီယွီနှင့် နောက်ဆုံးတွေ့ဖြစ်ခဲ့သည့်အချိန်မှာ မီးပုံးပွဲတော်ကာလအတွင်းဖြစ်သည်။ ထိုအချိန်က သူ(မ)သည် သူ(မ)၏ဖခင်နှင့် တိညီအစ်မများ နန်းတော်စားသောက်ပွဲသို့ တက်ရောက်နေသည့်အချက်ကို အခွင့်ကောင်းယူကာ အိမ်တော်၏ အစောင့်အကြပ်လျော့ရဲနေသည့်အခိုက်၌ သူနှင့်အတူ ပွဲတော်ဆင်နွှဲရန် ခိုးထွက်ဖြစ်ခဲ့သည်။

ဝေ့ချီယွီသည် သူ အခြားကျောင်းသားများကိုယ်စား အိမ်စာကူးရေးပေးခြင်းမှ ရှာလာသည့် အပိုငွေလေးဖြင့် သူ(မ)အတွက် အလွန်ဈေးကြီးသည့် ဆံထိုးတစ်ချောင်း ဝယ်ပေးခဲ့သည်။ ပစ္စည်း၏အ‌ရည်အသွေးက အကောင်းဆုံးမဟုတ်သည့်တိုင် ဆိုင်ရှင်သည် အလွန်အရည်အချင်းရှိသည့် လက်မှုပညာသည်တစ်ဦးဖြစ်ပြီး ဆံထိုးထက် ထွင်းထုထားသည့်ပုံမှာ လွန်စွာ သက်ဝင်နေ၏။

၎င်းသည် ကျောက်စိမ်းဆံထိုးဖြစ်ပြီး ပြားနှစ်ဆယ်ကုန်ကျ၏။ သူ(မ)မှာ ဈေးကြီးလွန်းသည်ဟု ခံစားရသဖြင့်လည်း သူ့အား မဝယ်ရန် တားမြစ်မိသည်။

သို့သော် ဝေ့ချီယွီသည် သူ(မ)စကားနားမထောင်ဘဲ ဝယ်ယူလိုက်သည်။ မင်ကျူး ဝန်ခံရမည်မှာ ထိုဆံထိုးလေး သူ(မ)လက်ထဲရောက်လာချိန် နှလုံးသားထဲ အမှန်တကယ် ချိုမြိန်သွားခဲ့ရကြောင်းကိုပင်။

နောက်ပိုင်း ကျောက်ရှီသည်လည်း သူ(မ)အတွက် ဆံထိုးပေါင်းများစွာ ဝယ်လာပေးခဲ့သည့်တိုင် တစ်ခုကိုမှ သူ(မ) အမှန်တကယ် သဘောမကျမိပေ။

မင်ကျူး လှည်းပေါ်မှ ဆင်းလိုက်ပြီး မင်အိမ်တော်သို့ မဝင်ခင် အနောက်ကို တစ်ချက်လှည့်ကြည့်လိုက်မိသည်။ နံရံဖြူဖြူ၊ အုတ်ကြွပ်စိမ်းစိမ်းနှင့် ထိုခြံဝင်းတံခါးသည် ပိတ်ထားလေ၏။

တံခါးစောင့်က အနည်းငယ် စိတ်မရှည်ဟန်ဖြင့် : “သခင်မလေးငါး အမြန်ဝင်ပါတော့”

အိမ်တော်မှအစေခံသည် သခင်မလေးငါး၏အခန်းကို ကြိုတင်သန့်ရှင်းရေးလုပ်ထားပေးပြီးပြီဖြစ်သည်။ အခန်းတစ်ခုလုံးကို မဲတီဒုတ်ဖြင့် မှိုင်းတိုက်ထားပြီး စောင်အခင်းများကိုလည်း အသစ်လဲလှယ်ပေးထား၏။

သို့သော် ပိယင်မှာ သူတို့တွေ အခန်းကို သေချာသန့်ရှင်းရေးမလုပ်သွားဘူးဟု သံသယဝင်မိပြီး အားရုန်နှင့်အတူ ရေဆွဲကာ တစ်ဖန် သန့်ရှင်းရေးပြန်လုပ်ကြ၏။

သူတို့တွေ အခန်းသန့်ရှင်းရေး လုပ်ပြီးသွားချိန်က မှောင်ရီပျိုးနေပြီးပင်ဖြစ်သည်။

အရှေ့ခြံဝင်းမှ အစေခံကောင်လေးသည် သခင်မလေးငါးအား အဓိကခန်းမကြီးတွင် ညစာ လာရောက်သုံးဆောင်ရန် စကားပါးလာ၏။

မင်ကျူးသည် အဝတ်အစားများကို လဲလှယ်ဝတ်ဆင်ကာ ပထမနှင့် ဒုတိယအိမ်တော်ခွဲမှ လူများဖြင့် ပျားပန်းခပ်စည်းကားနေသည့် အဓိကခန်းမကြီးဆီသို့ ထွက်လာလိုက်သည်။

မင်ကျူး၏အဖေသည် သူ(မ)အား ကြည်သည်ဆိုရုံမျှ တစ်ချက်ဝေ့ကြည့်လာပြီးနောက် အကြည့်လွှဲကာ : “ထိုင်ပြီး လာစားလှည့်”

မင်ကျူး နေရာတွင် ဝင်ထိုင်လိုက်ချိန် မင်ရူသည် ပါးစပ်ကို ပဝါဖြင့် အုပ်ကာ အသာရယ်လေ၏။

“ဝူမေ့မေ့က အိမ်ပြန်မရောက်တာ အကြာကြီးကြာနေပြီဆိုတော့ သူ့ကြည့်ရတာ ကျွန်မတို့နဲ့ နည်းနည်းစိမ်းသွားတဲ့ပုံပါပဲ”

မင်ယွမ်ကလည်း အနောက်ကနေ လိုက်ရယ်၏။

“အခုဆို ဝူမေ့မေ့ရဲ့အဆင့်အတန်းနဲ့ အနေအထားက အရင်ကနဲ့ အများကြီး ကွာခြားသွားပြီလေ၊ သူ့အတွက် ညီမတို့နဲ့စိမ်းသက်နေမှာက မဆန်းပါဘူး”

မင်ယွမ်သည် မင်ရူ၏တစ်မအေတည်းမွေးသည့် ညီမလေးဖြစ်သည်။ သူ(မ)၏အစ်မကြီးဖြစ်သူ အိမ်ရှေ့စံနှင့် ထိမ်းမြားပြီး အရှေ့နန်းဆောင်သို့ ဝင်ရတော့မည်ကို ကြည့်ပြီး ထိုဖြားယောင်းသွေးဆောင်ကောင်းသည့် မြေခွေးမကို ပို၍ပင် အထင်သေးစက်ဆုပ်လာမိတော့သည်။ မင်ကျူးအား စကားဆိုသည့်အချိန် သံနေသံထားမှာ အထက်စီးကနေ ထေ့ငေါ့စောင်းမြောင်းသည့် အသံဖြင့် ဖြစ်သည်။

မင်ကျူးသည် သူများအနိုင်ကျင့်တိုင်း ခေါင်းငုံ့ခံရန် အိမ်ကို ပြန်လာခြင်းမဟုတ်ချေ။ သူ(မ) အေးစက်စွာ စကားဆိုလာချိန်တွင် သူ(မ)၏အရောင်ဝါက ကျောက်ရှီနှင့် အနည်းငယ် သွားဆင်၏။

“ယွမ်ကျဲကျဲက ကျွန်မ အရင်လိုမဟုတ်တော့ဘူး‌ဆိုတာ သိတယ်ဆိုမှဖြင့် ကျွန်မကို ဒီလိုပုံစံမျိုးနဲ့ စကားလာမပြောသင့်တော့ဘူးနော်”

မင်ယွမ်သည် ဒေါသထွက်စွာ ရယ်လေ၏။ အလိုလိုက်ခံသခင်မ‌ငယ်လေးသည် မိမိဒေါသမိမိ မထိန်းချုပ်နိုင်ပြီး စကားအရာ၌ မရရအောင် အနိုင်သိမ်းရန် ကြံတော့သည်။

“တကယ်ပဲ နင့်ကိုယ်နင် အဟုတ်ကြီး မှတ်နေသလား!?”

မင်ကျူးသည် ဒေါသမထွက်သလို ဂရုလည်း မစိုက်ဘဲ : “ဒါက ယွမ်ကျဲကျဲပဲ ပြောတဲ့စကားလေ ကျွန်မကိုယ်တိုင် ပြောခဲ့တာမှမဟုတ်တာ”

မင်ယွမ်သည် သူ(မ)နှင့်ပြိုင်ငြင်းခုံရန် ကြံရွယ်လိုက်သော်လည်း မင်မိသားစု၏အကြီးအကဲသည် စားပွဲကို ရိုက်ကာ : “တော်လောက်ပြီ၊ စားကြရအောင်”

ညစာစားပွဲရှိလူတိုင်းသည် အတွေးကိုယ်စီဖြင့်ပင်။

တိတ်တဆိတ် ထမင်းစားဝိုင်း ပြီးဆုံးသွားချိန်တွင် မင်ကျူးသည် အဆောင်ပြန်ရာလမ်းတစ်ဝက်၌ မင်ယွမ်၏တားခြင်းကို ခံလိုက်ရသည်။ သူ(မ)အနေနှင့် မင်ယွမ်ကို အရေးမစိုက်ချင်သော်လည်း မင်ယွမ်သည် သူ(မ)လမ်းကို ပိတ်ဆို့ရန် အစေခံအများအပြားကို ခေါ်ဆောင်လာခဲ့သည်။

“မင်ကျူး”

“ဘာလဲ”

“နင်ကိုယ်နင် သိပ်ဂုဏ်ယူနေသလား”

မစ္ဆရိယစိတ်က မင်ယွမ်၏မျက်နှာကို အနည်းငယ် ကြမ်းတမ်းနေစေ၏။ သူ(မ)သည် မင်ကျူး၏ထိုမျက်နှာကို မုန်းတီးရင်း ကြီးပြင်းလာခဲ့သူဖြစ်သည်။ မင်ကျူးသည် လူများအကြားတွင် အလွန်ထင်းထွက်နေဆဲဖြစ်ပြီး မည်သူကမျှ သူ(မ)အလှကို လျစ်လျူမရှုထားနိုင်ကြချေ။

ကြီးပြင်းလာသည့်တစ်လျှောက် သူ(မ)သည် သိမ်မွေ့လှပသည့် အသွင်အပြင်၊ နူးညံ့ချောမွေ့သည့်အသားအရေ၊ မို့မောက်သည့် ရင်သားနှင့် စံထားလောက်သည့် ခါးကောက်ကြောင်းတို့ဖြင့် ပိုလို့ပင် လှသွေးကြွယ်လာခဲ့သည်။ မျက်ဝန်းများက အပြစ်ကင်းဟန်နှင့် တစ်ကိုယ်လုံးခြုံကြည့်လျှင် နုနုနယ်နယ်နှင့် ဖြူစင်နေ၏။ သူ(မ)သည် ထိုအနုစိတ်လှပလွန်းသည့် မျက်နှာဖြင့် မမွေးဖွားလာခဲ့လျှင်တောင် သူ(မ)၏ထိုခန္ဓာကိုယ်တစ်ခုတည်းနှင့်တင် အမျိုးသားများကို သူ(မ)အပေါ် ရူးသွပ်သွားအောင် လုပ်နိုင်နှင့်ပြီးသားဖြစ်သည်။

မင်ယွမ်သည် လက်ထဲမှ ပဝါကို ဖျစ်ညှစ်ဆုပ်ကိုင်ပြီး လှောင်ရယ်ကာ ထေ့ငေါ့စွာ ဆိုလိုက်သည်။

“နင် ဘယ်နှရက်ကြာကြာ ဂုဏ်ယူနေနိုင်မယ် ထင်သလဲ၊ အခုတောင်မှ အိမ်ရှေ့စံမင်းသားက နင့်ကို မင်မိသားစုဆီ ပြန်ကန်ထုတ်လိုက်တာမဟုတ်လား”

မင်ကျူးမှာ ဆွံ့အသွားရသည်။

“ငါ ကန်ထုတ်ခံထိတယ်လို့ နင်က ဘာလို့ ဒီလောက်တောင် သေချာနေရတာလဲ”

မင်ယွမ်က ခပ်ဖွဖွ ရယ်ကာ : “နင့်အတွင်းရေးကိစ္စတွေကို ကောင်းကောင်းဖုံးထားနိုင်တယ် ထင်နေတာလား၊ နင် အိမ်ရှေ့စံရဲ့အငယ်အနှောင်းလုပ်နေတာ ဒီမြို့တော်မှာ မသိတဲ့သူ ဘယ်သူရှိလဲ”

မင်ကျူးသည် နှုတ်ဆိတ်မြဲနှုတ်ဆိတ်နေဆဲ။

မင်ယွမ်သည် သူ(မ) အသားစီရလိုက်ပြီဟု ခံစားရပြီး ထပ်ဖြည့်ဆို၏။

“နင့်ဂုဏ်သတင်း ဘယ်လောက်ထိကြီးလဲဆိုတာ နင် သွားပြီးမေးကြည့်နိုင်တယ် အပြင်လူတွေ နင့်အကြောင်း ဘာတွေဘယ်လိုပြောကြသလဲကို နားထောင်ကြည့်ပေါ့၊ သူတို့အားလုံးပြောကြတာက ကိုယ်လုပ်တော်ကမွေးတဲ့ သမီးတွေက သိပ်ပြီး အောက်တန်းကျကြတာတဲ့လေ ဘယ်လောက်ပဲ အရှက်မရှိတဲ့ ကိစ္စမျိုးဖြစ်နေပါစေ အမြင့်ကိုသာ တက်နိုင်မယ်ဆိုရင် မလုပ်နိုင်တဲ့အရာရယ်လို့ မရှိကြဘူးတဲ့”

မင်ကျူး၏ နှုတ်ခမ်းထောင့်များသည် အနည်းငယ် ကွေးတက်သွားပြီး : “နင်လည်း အဲ့ဒီလောက်ထိ မြင့်မြတ်နေတာမှ မဟုတ်တာကွယ်”

မင်ယွမ်က ဆက်၍ : “သူတို့အားလုံးပြောကြတာကလေ နင်က အရှင့်သားအိမ်ရှေ့စံရဲ့ခုတင်ပေါ် တက်ရဖို့အရေး ဘယ်နည်းလမ်းမဆို အကုန်သုံးတာဆို ကိုယ့်သတို့သားလောင်းကိုယ် စွန့်ပစ်ရမှာလည်း နည်းနည်းလေးမှ မတွန့်ဆုတ်ဘူးတဲ့၊ သနားစရာဝေ့သခင်လေးကတော့လေ…သူကတော့ လူမှားပြီး ချစ်မိတာပဲ”

မင်ကျူး၏မျက်နှာသည် အမူအရာမဲ့နေဆဲ၊ သူ(မ)၏တုံ့ပြန်မှုကလည်း အရေးတယူမရှိဟန်နှင့်။ အမူအရာမှာ မင်ယွမ် မျှော်မှန်းထားခဲ့သလောက် ဝမ်းနည်းဟန်တစ်စုံတစ်ရာမျှ မရှိနေချေ။

မင်ယွမ်၏တိုက်ခိုက်မှုမှာ ဝါဂွမ်းကို လက်သီးနှင့် ထိုးနေသလို နည်းနည်းလေးမှ သက်ရောက်မှု မရှိချေ။

“ထားလိုက်ပါတော့လေ”

မင်ယွမ်က သူ(မ)ကို စေ့စေ့ကြည့်ရင်း : “ရှေ့ရက်အနည်းငယ်လောက်ကပဲ အရှင့်သားက ရူကျဲကျဲကို ထိမ်းမြားဖို့ သဘောတူလိုက်ပြီးပြီ၊ အခုဆို နန်းတွင်းအကြီးအကဲတွေက မင်္ဂလာအရှိဆုံး ရက်မြတ်ကို တွက်ချက်နေကြပြီ၊ မင်္ဂလာရက်သတ်မှတ်ပြီးတာနဲ့ ရူကျဲကျဲက အိမ်ရှေ့စံရဲ့တရားဝင်ဆဲ့ဖေးဖြစ်လာတော့မှာ၊ အမေလုပ်တဲ့သူက သူများရဲ့ကိုယ်လုပ်တော် သမီးဖြစ်သူကကျ ကိုယ်လုပ်တော်ဘွဲ့လေးတောင်မရ အမေထက်တောင် နိမ့်ကျသွားလိမ့်မယ်လို့ ဘယ်သူက တွေးမိမှာတဲ့လဲ”

မင်ကျူး : “အို့” သူ(မ) ဤသို့သောစကားများကို ကြားဖူးခဲ့ပြီးသားပင်။

မင်ယွမ်သည် ဖြည်းဖြည်းချင်း ရှေ့နှစ်လှမ်း တိုးလာပြီး သူ(မ)နားနားသို့ တီးတိုးကပ်ဆို၏။

“အရှင့်သားက ငါ့အစ်မထက် နင့်ကို ပိုသဘောကျတာ ငါ သိပါတယ် ဒါပေမဲ့လေ သူက နင့်ကိုမဟုတ်ဘဲ ဘာလို့ ငါ့အစ်မကိုမှ ထိမ်းမြားချင်ရသလဲဆိုတာ နင်သိလား”

မင်ကျူး လက်သီးများကို တိတ်တဆိတ် ကျစ်ကျစ်ဆုပ်ထားလိုက်မိသည်။

မင်ယွမ်က : “ဘာလို့လဲဆိုတော့ အရှင့်သားက ဂုဏ်အဆင့်အတန်းကို တန်ဖိုးထားတဲ့သူမလို့‌လေ၊ သူ့ကို ကရိကထမများစေသရွေ့ သူနဲ့ အဲ့ဒီလူရဲ့ အဆင့်အတန်းက သင့်လျော်မယ်လို့ထင်သရွေ့ သူ ဘယ်သူ့ကိုမဆို လက်ထပ်ယူနိုင်တယ်”

မည်သူမဆို လုပ်နိုင်လိမ့်မည်…မင်ကျူးမှလွဲ၍ပင်။

အိမ်ရှေ့စံသည် ကိစ္စများစွာကို စီမံဆောင်ရွက်နေရသည်ဖြစ်ရာ အနောက်ဆောင်ကို ကွပ်ကဲရန် အချိန်ပိုရှိမနေချေ။ ထိုက်ကျစ်ဖေးနေရာသည် ရှန်းယန်ကျင့်ကျူလည်း ဖြစ်နိုင်သလို မင်ရူလည်း ဖြစ်နိုင်သည့်တိုင် မွေးမိခင်က ဆောင်ကြာမြိုင်မှလာသည့် မင်ကျူးကတော့ သေချာပေါက် လုံးလုံး မဖြစ်နိုင်ချေ။

“ပြောလို့ပြီးပြီလား”

မင်ကျူးသည် သူ(မ)ကို စွေကြည့်လိုက်ပြီး တည်ငြိမ်စွာနှင့် : “နင် ပြောလို့ပြီးရင် ငါ သွားလိုက်အုံးမယ်”

မင်ယွမ်သည် ကြောင်အမ်းကာ မင်ကျူး ထွက်သွားသည်ကိုသာ တွေတွေဝေဝေဖြင့် ငေးကြည့်မိတော့သည်။

သူက လုံးဝ ဝမ်းမနည်းဘူး!? မျက်ရည်တစ်စက်တောင် မကျဘူးတဲ့လား!?

မင်ယွမ်၏ရင်ဘက်သည် ပြင်းထန်စွာ နိမ့်ချည်မြင့်ချည်ဖြစ်လာပြီး အလွန်ဒေါသထွက်နေပြီဖြစ်သည်။ သူ(မ)၏အနီးကပ်အစေခံသည် တီးတိုးအသံဖြင့် မေးလာ၏။

“မမလေး၊ သခင်မလေးငါးက အရှင့်သားက ပြန်တိုင်နေရင်ရော”

“သူ သွားတိုင်မှာ ငါက ကြောက်နေစရာလိုလို့လား!?”

“ဒါပေမဲ့ ဘယ်လိုပဲပြောပြော အခုအချိန်မှာ သခင်မလေးငါးကို အိမ်ရှေ့စံက သဘောကျနေသေးတုန်းပဲမလား”

“သဘောကျတယ်? သူ အသုံးတော်ခံရပြီးတိုင်း သန္ဓေတားဆေးရည်ကို သောက်နေရတယ်ဆိုတာ ဘယ်သူက မသိဘဲနေလို့လဲ!”

အိမ်ရှေ့စံ၏အိမ်တော်မှ အတွင်းရေးများက စုံစမ်းရန်ခက်ခဲလှသော်လည်း ဆေးကျိုသည့် ကိစ္စအသေးအမွှားလေးကမူ စိတ်ဝင်စားနေသည့် လူတစ်စုထံမှ မလွတ်မြောက်နိုင်ချေ။

အိမ်ရှေ့စံက သူ(မ)ကို သူ့ကလေးတောင် ယူခွင့်မပြုထားတာလေ၊ သူက သူ(မ)ခန္ဓာကိုယ်ကိုပဲ စိတ်ဝင်စားနေတာ။

မင်ကျူးသည် သူ(မ)အခန်းသို့ ပြန်သွားခဲ့ပြီး နှလုံးသားထဲတွင် အနည်းနှင့်အများတော့ မခံမရပ်ဖြစ်မိသည်။ ကျောက်ရှီ သူ(မ)အပေါ် အထင်အမြင်သေးမှန်း သူ(မ) သိထားပြီး များသောအားဖြင့် ထိုအကြောင်းကို စိတ်ထဲ မထည့်ရန် ကြိုးစားထားသည့်တိုင် တစ်ယောက်ယောက်က သူ(မ)အနာကို လာထိုးလျှင်တော့ သူ(မ)မှာ နာကျင်နေမိဆဲပေ။

အားရုန်သည် သူ(မ) မရွှင်မလန်းဖြစ်နေသည်ကို မြင်လျှင် လက်ဖက်ရည်နွေးနွေးလေးတစ်ခွက် ပြင်ဆင်လာပေး၏။

“မမလေး လက်ဖက်ရည်လေး သောက်လိုက်ပါအုံး”

မင်ကျူး : “ငါ ဆန်ပြုတ်ချိုသောက်ချင်တယ်”

အားရုန် : “မီးဖိုချောင်ထဲမှာတော့ ရှိတယ် မမလေး၊ ကျွန်တော်မျိုးမ အခုပဲ သွားယူလာပေးမယ်နော်”

သူ(မ)က အားရုန်ကို ထပ်ညွှန်ကြားလိုက်၏။

“သကြားများများထည့်လာခဲ့ပေး”

အာရုန်က ‘ဟုတ်ကဲ့’ ပြန်ဖြေကာ ထွက်သွားပြီးမကြာလိုက်ခင် လမ်းယိုင်သီးများဖြင့် ဆန်ပြုတ်ချိုကို ယူဆောင်လာပေး၏။

မင်ကျူး၏မျက်ဝန်းများသည် ဆန်ပြုတ်ကို သောက်ရင်း နီရဲနေခဲ့သည်။ သူ(မ)သည် မျက်လုံးများဝင့်ကာ နှာ‌ခေါင်းရှုပ်လိုက်ပြီး : “ပိယင် ဘယ်သွားတာလဲ”

“သူက ရေနွေးသွားကျိုတယ် မမလေး”

မင်ကျူးသည် ဇွန်းကို ချကာ : “သေတ္တာထဲကနေ ငါ့အထုပ်ကို သွားပြီး ထုတ်လာခဲ့ပေး”

အားရုန်က သူ(မ)ပြောသည့်အတိုင်း သွားယူလာခဲ့ပြီး လက်ထဲမှ အိတ်က အနည်းငယ် လေးလံနေသည်ဟု ခံစားမိလိုက်သည်။

မင်ကျူးသည် သူ(မ)လက်ကို ကိုင်ကာ : “မနက်ဖြန်မှာ အထုပ်ထဲက ပစ္စည်းနှစ်မျိုးကို တိတ်တဆိတ် ယူသွားပြီး အပေါင်ဆိုင်မှာ တိုးတိုးတိတ်တိတ် ပေါင်လာခဲ့ပေးပါ”

အားရုန်သည် မင်ကျူး ဘာလုပ်ရန် ရည်ရွယ်နေသလဲကို ခန့်မှန်းမိလိုက်သယောင်။ သူ(မ)သည် အနည်းငယ် မျှော်လင့်မိနေသလို တစ်ချိန်တည်းမှာပဲ ကြောက်ရွံ့နေမိသည်။

သူ(မ)တို့နောက်ဆုံးအကြိမ် ထွက်ပြေးခဲ့စဉ် ပြန်ဖမ်းမိသွားချိန်က သူ(မ)၏သခင်မလေးသည် များစွာ ခံစားခဲ့ရသည်။ အားရုန်မှာလည်း အခန်းအပြင်တွင် ဒူးထောက်နေရပြီး အထဲမှ သူ(မ)သခင်မလေး၏ ပြတ်တောင်းပြတ်တောင်း ငိုရှိုက်သံများက သူ(မ)ရင်ကို ကွဲရစေသည်။

ထိုအချိန်က အိမ်ရှေ့စံမင်းသား၏အသံက အေးစက်ခိုင်မာနေ၏။

“ကိုယ် မင်းခြေထောက်ကို ချိုးပေးလိုက်တော့မှပဲ မင်း ကျေနပ်နိုင်မှာလား”

အားရုန်သည် အမှန်တကယ် ကြောက်လန့်မိသည်။

“မမလေး နင်……”

မင်ကျူးသည် သူ(မ)ကို အသံတိတ်နေရန် အချက်ပြလိုက်ပြီး : “နင် သွားပြီး နားလို့ရပြီ”

“ကောင်းပါပြီ၊ မမလေး ကျွန်တော်မျိုးမ အပြင်ခန်းမှာ အသင့်ရှိနေပါမယ်”

“အမ်း”

မင်ကျူးသည် သူ(မ)၏ကိုယ်ပိုင်အခန်းဆောင်တွင် နှစ်ခြိုက်စွာ အိပ်ပျော်သွားပုံပေ။

ညနှောင်းပိုင်း၊ အမှောင်ထုကြီးစိုးလာချိန်တွင် အိမ်ရှေ့စံမင်းသားသည် မင်အိမ်တော်သို့ ခပ်လျှိုလျှို ရောက်လာ၏။

အနားယူရန် အသင့်ဖြစ်နေပြီးဖြစ်သော မင်မိသားစု၏အကြီးအကဲသည် တစ်ဖန် ပြန်လည်ဝတ်စားရင်း အိမ်ရှေ့စံကို ထွက်ကြိုနှုတ်ဆက်ရသည်။ ရွှေဖြင့် ရက်လုပ်ထားသော အနက်ရောင်ဝတ်စုံကို ဝတ်ဆင်ထားသည့် အိမ်ရှေ့စံသည် တည်ငြိမ်စွာဖြင့် ဆိုလာ၏။

“အသံ‌ထွက်စရာ မလိုဘူး” (ကြီးကြီးကျယ်ကျယ် ခမ်းခမ်းနားနားတွေနဲ့ ကြိုဆိုနေစရာမလိုဘူးလို့ ပြောတာ)

မင်မိသားစု၏အကြီးအကဲမှာ အနှီရွှေဧည့်သည်တော်၏ရည်ရွယ်ချက်ကို မခန့်မှန်းနိုင်ပေ။

“အရှင့်သားက မင်ကျူးကို တွေ့ဖို့ ရောက်လာတာပါလား”

ကျောက်ရှီသည် သူ့ကို တစ်ချက်လှည့်ကြည့်လာပြီး အရေးတယူမရှိစွာဖြင့် : “ကျုပ်ကို ခေါ်သွားပေး”

မင်အကြီးအကဲမှာ ခေါင်းညိတ်လိုက်နာရုံသာ တတ်နိုင်၏။ စိတ်ထဲတွင်လည်း မနေနိုင်အောင် သူ၏ယခင်က တစ်ခါမှ တန်ဖိုးမထားခဲ့ဖူးသော ဤတူမလေးအပေါ် မြင့်မြင့်မှန်းထားမိတော့သည်။

ကျောက်ရှီ သူ(မ)အခန်း၏တံခါးကို တိတ်တဆိတ် တွန်းဖွင့်လိုက်ချိန် ရနံ့ဖျဖျလေးက သူ့ကို ဆီးကြိုလို့နေ၏။ အမျိုးသမီးလေးက ခုတင်ထောင့်စွန်းတွင် ကွေးကွေးလေး အိပ်ပျော်နေပြီး မျက်နှာတစ်ခုလုံးနီးနီးက စောင်ထဲ ပုန်းကွယ်နေ၏။

နီမြန်းနေသည့် ပန်းနုရောင်မျက်နှာလေးက သူ(မ)ကို ပို၍ ချစ်စဖွယ်ကောင်းနေ‌စေပြီး ကျောက်ရှီမှာ ငေးကြည့်နေရင်းဖြင့် သူ(မ)က အတော်လေး ချစ်ဖွယ်ကောင်းသည်ဟု ခံစားမိလိုက်သည်။

သူသည် အပြင်ဝတ်များကို ချွတ်လိုက်ပြီး ခုတင်ပေါ်တက်ကာ လက်ဆန့်ထုတ်လို့ သူ(မ)ခါးကို ပွေ့ဖက်ထားလိုက်သည်။

အိပ်ချင်မူးတူးဖြစ်နေသည့် မင်ကျူးသည် သူ(မ) အိပ်မက်မက်နေသည်ဟုသာ ထင်မှတ်ပြီး နှစ်ကြိမ်ညည်းသံပြုပြီးနောက် ပြန်အိပ်ပျော်သွားတော့သည်။

နောက်တစ်နေ့မနက် မိုးသောက်စပြုကာနီးအခါတွင်မှ သူ(မ)သည် မှုန်ဝေနေသော မျက်ခွံများကို ဖွင့်လိုက်ချိန် ယမန်နေ့ညက အိပ်မက်မဟုတ်မှန်း သဘောပေါက်တော့သည်။

သူ(မ)မှာ သူ့ကြောင့် လန်ဖျပ်ပြီး အိပ်ရာ‌မှ ကမန်းကတန်းကုန်းရုန်းထလုနီးနီး။

“အရှင့်သား၊ ဘယ်လိုလုပ်ပြီး ဒီကိုရောက်နေတာလဲ”

ကျောက်ရှီသည် အိပ်ရာမှထကာ : “ကိုယ့်ကို အဝတ်အစားကူလဲပေး”

မင်ကျူးသည် ရွေးချယ်စရာမရှိသည့်အဆုံး သူ့ကို အဝတ်အစား ကူလဲပေးရတော့သည်။ ကျောက်ရှီသည် အခွင့်အရေးကို အပြည့်အဝယူကာ သူ(မ)၏ခါးသွယ်သွယ်ကို ဖက်ထားပြီး ခေါင်းကို ငုံ့လျက် နှုတ်ခမ်းသားကို နှစ်ကြိမ်တိုင် အသာအယာ နမ်းသွားလိုက်သေး၏။

“ဒီအတိုင်း လမ်းကြုံလို့”

အိမ်ရှေ့နန်းဆောင်နဲ့ မင်အိမ်တော်…ဘယ်အချိန်တုန်းကတည်းက သူ လမ်းကြုံသွားလို့ရလောက်တဲ့အထိ သည်နှစ်အိမ်က တစ်လမ်းတည်းဖြစ်သွားကြတာလဲ?

ကျောက်ရှီသည် ယနေ့တွင် ရှားရှားပါးပါး အချိန်ပိုနေပုံရပြီး ထွက်သွားရန် အလျင်စလိုမဖြစ်သေးဘဲ သူ(မ)အိပ်ခန်းတစ်ဝိုက်ကို လှည့်ပတ်ကြည့်ရှုနေ၏။

အခန်းတွင်းအပြင်အဆင်က နွေးထွေး၍ သက်တောင့်သက်သာရှိပြီး မိန်းမငယ်လေးများ သဘောကျတတ်သည့် အရုပ်လေးများကို နေရာအနှံ့ တွေ့နိုင်လေသည်။

သစ်သားပြတင်းပေါက်နားတွင် လက်ရာမြောက်စွာ ထွင်းထုထားသော သော့ခတ်ထားသည့် သေတ္တာတစ်လုံးရှိနေသည်။ ကျောက်ရှီ၏အကြည့်များက ကြေးနီသော့ပေါ် ရောက်သွားပြီး အနည်းငယ် စိတ်ဝင်စားသွားရာ လမ်းလျှောက်သွားလိုက်ရင်း သေတ္တာဘေးတွင် သော့ကိုတွေ့သည်နှင့် ဖွင့်ကြည့်ရန် ဟန်ပြင်လိုက်သည်။

မင်ကျူးသည် ရုတ်ခြည်း အပြေးရောက်လာပြီး သူ့လက်ကို ဆွဲကာ စိတ်ဆိုးဟန် ဆောင်လိုက်သည်။

“အရှင့်သား၊ ဘာလို့ ကျွန်တော်မျိုးမရဲ့ပစ္စည်းတွေကို ဆန္ဒရှိသလို လိုက်ကိုင်နေရတာလဲ!?”

ကျောက်ရှီ၏မျက်ခုံးများသည် မြင့်တက်သွားပြီး လက်ကို ပြတ်ရုတ်ကာ : “မင်း စိတ်ဆိုးသွားတာလား”

မင်ကျူး၏နှလုံးသားမှာ ရင်ဘက်ထဲမှပင် ခုန်ထွက်လာတော့မည့်သယောင်။ ဤသေတ္တာလေးမှာ သူ(မ)နှင့် ဝေ့ချီယွီတို့ အပြန်အလှန်ရေးထားသည့် စာများဖြင့် ပြည့်နေပြီး နှစ်ဦးသား ငယ်ချစ်ဦးများဖြစ်ခဲ့စဉ်က ရေးခဲ့သော ချစ်ခြင်းမေတ္တာအပြည့်ပါသည့် စာလုံးများ ဖောဖောသီသီပါဝင်နေ၏။

မင်ကျူးသည် စကားမဆိုတော့ဘဲ ခေါင်းငုံ့ထားလိုက်ရာ သူ(မ)ပုံစံက အမှန်တကယ် စိတ်ဆိုးသွားသည်ပုံနှင့်တူနေတော့သည်။

မိန်းမစေလေးတစ်ယောက်က မနက်စာ ယူလာပေးသော်ငြား မင်ကျူးသည် တစ်စုံတစ်ခုနှင့်ပတ်သက်ပြီး စိတ်ထင့်နေသဖြင့် စားချင်စိတ်မရှိတော့ချေ။

ကျောက်ရှီသည် သူ(မ)က ဒီတိုင်း ဆိုးနွဲ့ပြချင်နေသည်ဟု ထင်မှတ်လိုက်သည်။ အစောပိုင်းက သူသည်လည်း အမှန်တကယ် မဆင်မခြင်ပြုမိသွားခြင်းဖြစ်၍ ခေါင်းငုံ့ကာ တောင်းပန်လိုက်သည်။

“ကိုယ် မှားသွားတယ်နော်၊ အစားကို ကောင်းကောင်းစားတော့”

မင်ကျူးသည် ရွေးချယ်စရာမရှိတော့ဘဲ နောက်ထပ်ဆန်ပြုတ်တစ်ပန်းကန် ထပ်စားရတော့သည်။

မနက်စာစားပြီးသည်နှင့် မင်ကျူးသည် သူက တိတ်တိတ်ပုန်းချစ်သူရည်စားတစ်ယောက်လို ပြုမူနေကြောင်း အသံတိုးတိုးဖြင့် ရေရွတ်လာ၏။

ကျောက်ရှီသည် နှုတ်ခမ်းများကို စေ့ကာ ခပ်ဖွဖွပြုံးလိုက်ပြီး သူ(မ)အား တစ်ဖန်ထပ်အိပ်ရန် ချော့မော့ဆိုလိုက်သည်။

မင်ကျူးသည် ပြတင်းပေါက်နားက သေတ္တာကို ဝှက်ထားခဲ့ပြီးကာမှ စိတ်အေးသွားပြီး သူ့ကိုပါ ခဏတဖြုတ် အတူ အိပ်ရန် ဆွဲခေါ်လိုက်သည်။

ကျောက်ရှီသည် သူ(မ)ထက် စောနိုးလာပြီး မထွက်သွားသေးခင် သူ့မျက်လုံးများက အခန်းပတ်ပတ်လည်ကို စစ်ဆေးကြည့်လိုက်သည်။ သူ့မျက်လုံးများက အလွန်ကောင်းပြီး ချောင်တစ်ချောင်မှ သေတ္တာကို ရှာတွေ့လိုက်သော်လည်း သော့ကိုမူ မတွေ့တော့ချေ။

သူသည် သေတ္တာကို အတန်ကြာအောင် တိတ်တဆိတ် စိုက်ကြည့်နေပြီးနောက် လက်ချောင်းထိပ်များကို အနည်းငယ် လှုပ်ရှားကာ သံချေးတက်နေသော ကြေးနီသော့ကို ဖွင့်ရန် အတွင်းအားကို အသုံးပြုလိုက်သည်။

သေတ္တာအတွင်းတွင် စာရွက်ဝါဝါများဖြင့်များကို ပြည့်နှက်နေ၏။

စာအိတ်များပေါ်တွင် ဝေ့ချီယွီ၏ အမည်ကို ရေးသားထားသည်။

မင်ကျူးသည် တစ်ရေးတစ်မော အိပ်ပျော်ရာမှ နိုးလာပြီး မျက်လုံးကို မော့ကြည့်လိုက်ချိန် ပြတင်းပေါက်နားတွင် မလှုပ်မယှက် ထိုင်နေသော ပုံရိပ်ကို တွေ့လိုက်ရသည်။

သူသည် နေကို ကျောပေးလျက်ဖြင့် ထိုပုံစံအတိုင်း အတော်ကြာ ထိုင်နေခဲ့ပုံရသည်။ သူ(မ)မှာ သူ့မျက်နှာပေါ်ရှိ အမူအရာကို မမြင်နိုင်သဖြင့် သူ ပျော်နေခြင်းလား၊ ဒေါသပဲ ထွက်နေခြင်းလား သူ(မ) အတပ်မပြောနိုင်ပေ။

----

ကျောက်ရှီတို့ မင်ကျူးကို သိပ်မကပ်ရှာဘူး၊ မနက်ပိုင်းတုန်းကကျ အိမ်ပြန်ခွင့်ပြုလိုက်ပြီး ညရောက်တော့ အိမ်အထိ လိုက်သွားပါရော (•͈⁠ᴗ⁠•͈)

မနက်ဖြန် ၈/၉ လောက်မှာ update တင်ပါမယ်။ ပြီးတော့ အရှေ့ပိုင်းမှာ သူက သခင်မလေးခြောက်ဆိုပြီး သုံးထားပြီး ဒီအပိုင်းမှာ သခင်မလေးငါး/ ဝူမေ့မေ့ဖြစ်သွားပါတယ်၊ အရှေ့ပိုင်းကို သခင်မလေးငါးလို့ ပြန်ပြင်ပြီး နောက်ပိုင်းတွေကိုလည်း သခင်မလေးငါးဆိုပြီး သုံးသွားပါမယ်နော်။

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment