အပိုင်း (၀၀၃)
ကျောက်ရှီ၏ဝင်သက်ထွက်သက်မှာ မင်ကျူး၏လည်တိုင်ပေါ် အေးစက်စွာ သက်ဆင်းနေ၏။ မင်ကျူးသည် တုန်ယင်နေသော မျက်တောင်များကို မျက်လွှာချထားလိုက်သည်။ ထိုမျက်နှာသေးသေးလေးက အလှတရားတစ်ခုဖြစ်ပြီး ပုံစံမှာ အားနည်းနေပုံ။ မျက်ဝန်းများထဲ မသိမသာ အရောင်လဲ့နေသော အရည်များက ထိုမျက်ဝန်းကြည်ကြည်လေးများကို စိုစွတ်နေစေ၏။
သူ(မ)သည် တိတ်တဆိတ် လက်သီးများကို ဆုတ်ကာ တောင့်တင်းနေသော အမူအရာဖြင့် သူ(မ)အား အသက်ရှူရခက်စေသော ထိုအကြည့်များကို ရှောင်ရန် မျက်ဝန်းများကို မှိတ်ထားလိုက်သည်။
သူကိုယ်တိုင် သူ(မ)အား ချီးမြှင့်ခဲ့သည့် ထိုအဆိပ်သေရည်ခွက်အား သူ(မ) မေ့မရနိုင်သေးချေ။
နာကျင်မှု လွန်ကဲလာတဲ့အခါမျိုးမှာ ဒီလို ခံစားရတာကိုး။
မင်ကျူး၏နှာသီးထိပ်ဖျားသည် သူ(မ)မျက်ဝန်းတစ်ဝိုက်လို နီရဲလာ၏။ သူ(မ)က နှာခေါင်းရှုံ့ကာ အားလျော့စွာ ဆိုလေ၏။
“ကျွန်မ မရှောင်ပါဘူး”
အခန်းထဲရှိ ဖယောင်းတိုင်မီးလျှံများမှာ ငြိမ်းသတ်ထားပြီး အလင်းရောင်မှာ မှိန်ဖျော့ဖျော့။ ပြတင်းပေါက်ကို ဖြတ်သန်းဝင်ရောက်လာသော လရောင်ခြည်တစ်ခုတည်းဖြင့် မင်ကျူးမှာ သူ့မျက်နှာကိုပင် သဲကွဲစွာ မမြင်ရကာ သူ၏ခက်ခဲနက်နဲသော အမူအရာဆို ပြောမနေပါနှင့်တော့။ သူ(မ)ခံစားလို့ရသည့် တစ်ခုတည်းသော အရာမှာ မမြင်နိုင်သော ဖိအားတစ်ခုကိုသာ။
ကျောက်ရှီသည် သူ(မ)မေးကို အနည်းငယ် အားထည့်ညှစ်လိုက်ပြီး သူ့နှင့်မျက်နှာချင်းဆိုင်ရန် သူ(မ)မျက်နှာကို အတင်းအကျပ်မလုပ်ရုံတမယ် ပင့်မော့လိုက်သည်။ သူ့အသံက စကားဆိုရင်း မှေးမှိန်နေ၏။
“မရှောင်ဘူး?”
အမျိုးသား၏အသံက အမြဲ မည်သည့်စိတ်ခံစားမှု အတက်အကျမှ မရှိပါဘဲ နူးညံ့ကြင်နာနေပုံပေါက်၏။
မင်ကျူးမှာ မုန်တိုင်းမလာခင် လေပြည်သွေးနေသည့်၊ သူ ပျော်နေသလား ဒေါသထွက်နေသလားကိုပင် ခံစားလို့မရနိုင်သည့် သူ၏ဤအမူအရာကို အနည်းငယ် ကြောက်မိလေသည်။ သူ(မ)က အကြည့်လွှဲရင်း အသံသေးသေးဖြင့် ဆိုလိုက်သည်။
“ဟုတ်တယ်၊ ကျွန်မ ဒီတိုင်း နည်းနည်းနေလို့မကောင်းဖြစ်နေလို့ပါ”
ကျောက်ရှီ၏မျက်နှာက အနည်းငယ် ပြေလျော့သွားပြီး သူ(မ)မေးကို လွှတ်ပေးလိုက်ကာ ပါးပြင်နှစ်ဖက်ပေါ်မှ လျော့လျော့ရဲရဲ ဆံစများကို တယုတယဖြင့် နှေးကွေးစွာ သပ်တင်ပေးရင်း မေးလာ၏။
“ဘယ်နေရာက နေလို့မကောင်းဖြစ်နေတာလဲ”
မင်ကျူးသည် တံတွေးမျိုချကာ ကြုံရာအလိမ်အညာတစ်ခုကို ထုတ်သုံးလိုက်သည်။
“ခေါင်းကိုက်နေတာ”
ကျောက်ရှီက ညင်သာစွာ ခေါင်းညိတ်ပြရင်း : “မနက်ဖြန်ကျမှ သမားတော်ကို လာစစ်ဆေးခိုင်းတာပေါ့”
မင်ကျူးသည် မျက်လွှာချကာ : “မလိုပါဘူး၊ ကောင်းကောင်းအိပ်လိုက်ရင် သက်သာသွားမှာ”
ကျောက်ရှီက စကားဆိုမလာပြီး လေထုမှာ တစ်လျှောက်လုံး အေးစိမ့်လျက် ကျန်နေခဲ့သည်။ မင်ကျူးမှာ သူ(မ)ပြောလည်း အပိုပဲကို သိလေသည်။ သူက တစ်ခွန်းဆိုတစ်ခွန်း၊ ချလိုက်သည့် ဆုံးဖြတ်ချက်တွေကိုလည်း ပြင်ရိုးထုံးစံ၊ ရုပ်သိမ်းရိုးထုံးစံမရှိပေ။
မင်ကျူးမှာ ထိုစကားများကို ပြောပြီးပြီးချင်း နောင်တရမိသွားတော့သည်။ သူ(မ) ခေါင်းကိုက်နေခြင်းမဟုတ်သဖြင့် သမားတော်ကြွလာ၍ သွေးကြောစမ်းသည့်အခါ ယနေ့ည ပြောခဲ့သည့် အလိမ်အညာက ဘူးပေါ်သလို ပေါ်သွားလိမ့်မည်ပေ။
သူ(မ)ခါးပေါ်မှ ကျောက်ရှီ၏လက်များသည် တဖြည်းဖြည်း တင်းကျပ်သွားပြီး သူ(မ)၏ခါးစည်းကြိုးကို ဖြည်ရင်း ရှေ့သို့တိုးကာ သူ၏သွားထိပ်ဖြင့် သူ(မ)၏နူးညံ့ညံ့နားပန်းကို တတိတိကိုက်ကာ အသံတိုးတိုးဖြင့် မေးလာ၏။
“ဘာလို့ ဒီည ကိုယ့်ကို မစောင့်နေဘဲ အိပ်ရာဝင်သွားတာလဲ”
မင်ကျူး၏ခန္ဓာကိုယ်သည် အနည်းငယ် ကျုံ့ဝင်သွားပြီး အလိမ်အညာတစ်ခုကို ထပ်ဆိုလိုက်သည်။
“အိပ်ချင်နေလို့”
ကျေက်ရှီသည် စိတ်မဝင်စားစွာ ဝိုးတဝါးအသံတစ်ချက်ပြုပြီး စိုစွတ်စွတ် အနမ်းများက သူ(မ)၏လည်ပင်းပေါ် ဖြတ်ပြေးသွားရင်း သူ့အသံက တဖြည်းဖြည်း တိမ်ဝင်သွားကာ သူ(မ)နားထဲသို့ တီးတိုးဆိုလာ၏။
“မနက်ဖြန်ကျ အဲ့ဒီ*လျိုရှန်းဝတ်စုံကို ဝတ်ထား”
[လျိုရှန်းဝတ်စုံဆိုတာက အရှေ့ပိုင်းမှာ မင်ကျူး စမ်းဝတ်ကြည့်ခဲ့တဲ့ «အမတ ဝတ်စုံ» ကို ပြောတာပါ]
အမျိုးသား၏အေးစက်စက် အသက်ရှူငွေ့များက အတော်လေး လေးလံနေပြီး သူ(မ)မျက်နှာထက် လာရိုက်၏။
မင်ကျူး၏ဖြူဖျော့နေသော မျက်နှာသေးသေးလေးက ရှက်သွေးနီနီများ လွှမ်းသွားပြီး ခွန်းတုံ့ပြန်လာသည့် အနည်းငယ် တုန်ယင်နေသော အသံမှာ ခြင်တစ်ကောင်ပမာ။
“အမ်း”
ကျောက်ရှီသည် သူ(မ)မျက်နှာကို စိုက်ကြည့်ပြီး မျက်ဝန်းများက သိပ်သည်းနက်မှောင်လာ၏။ သူ(မ)လက်ကို ယူကာ သူ၏ခါစည်းစအပေါ် တင်လိုက်ရင်း သူ(မ)နားထဲသို့ အေးစက်စက်လေသံဖြင့် အမိန့်ပေးလေ၏။
“ဖြည်လိုက်”
မင်ကျူးသည် သူ ဘာလုပ်ချင်နေမှန်း သိပြီး အနည်းငယ် တုန့်ဆိုင်းနေမိကာ သူ၏ခါးစည်းစကို အောင်မြင်စွာ မဖြည်လိုက်နိုင်ခင် အကြိမ်ကြိမ် လက်ချော်ထွက်နေ၏။
အနက်ရောင် ခါးစည်းစသည် နဂါးနှင့် ကျားများဖြင့် ပန်းထိုးထားပြီး ရွှေရောင်မျဉ်းများမှာ ထိကိုင်ရ အေးစက်နေသလို ခံစားရစေသည်။
ကျောက်ရှီသည် အလွန် မျက်စိလျင်သူဖြစ်ပြီး သူ့မျက်လုံးထဲကနေ အနည်းငယ်သော အရိပ်အယောင်တို့ပင် မလွတ်မြောက်နိုင်ကာ မင်ကျူး၏ သိသိသာသာ ပုံမှန်မဟုတ်နေသည့် ယနေ့ညအပြုအမူများဆို စကားထဲ ထည့်ပြောမနေပါနှင့်တော့။
သူ(မ)သည် သရုပ်ဆောင်ရာ၌ အလွန်မတော်ပြီး ငြင်းဆန်မှုက သူ(မ)၏ဖြူဖျော့နေသော ဤမျက်နှာငယ်လေးထက်တွင် အတိုင်းသားပေ။
ကျောက်ရှီသည် သူ(မ)အား အတန်ကြာ တိတ်တဆိတ် စိုက်ကြည့်နေလေသည်။ မိန်းကလေး၏မျက်နှာက ဖြူဖြူနုနုလေးနှင့် မျက်လွှာချထားသော မျက်တောင်လေးများက အနည်းငယ် တုန်ယင်နေပြီး တစ်ချက်တည်းနှင့် ကျိုးပဲ့သွားနိုင်သကဲ့သို့ သနားချင့်စဖွယ်နှင့် အားနွဲ့ပုံပေါ်၏။
ကျောက်ရှီ၏နှုတ်ခမ်းစွန်းများသည် ကွေးတက်သွားပြီး သူ(မ)မျက်နှာကိုသာ အချိန်အတန်ကြာအောင် တိတ်တဆိတ် စိုက်ကြည့်နေ၏။
သူ သူ(မ)ရဲ့ဒီမျက်နှာလေးကို အတော်လေး နှစ်ခြိုက်မိသည်ပေ။ သူ(မ)ခန္ဓာကိုယ်နှင့် နှလုံးသားက အနည်းငယ် နုနယ်သော်လည်း နောက်ဆုံးတော့ သူ(မ)ကား အမြဲ နာခံလိမ္မာပြီး ကျိုးနွံသည်မဟုတ်ပါလား။ သူ(မ) သူ့အား ထိုသနားချင့်စဖွယ် ဖြူစင်အပြစ်ကင်းသည့် မျက်ဝန်းနီနီလေးများဖြင့် ကြည့်လာသည့်အချိန်တိုင်း သူ့ကို နှိုးဆွလိုက်သည်မှာ ကရုဏာသက်မှုမဟုတ်ဘဲ ဆန့်ကျင်ဘက်အနေဖြင့် သူ၏ပုန်းလျှိုနေသော လိုချင်တပ်မက်မှုတို့ကို ဖြစ်သည်။
မိန်းမငယ်လေးမှာ အားနွဲ့ကာ ပျော့ပျော့ပျောင်းပျောင်းလေးဖြစ်ပြီး အသနားခံနေသည့်ပုံစံလေးကတောင် ချွဲနွဲ့စွာ ကလူ၏မြှူ၏ လုပ်နေသလို။
ရုတ်တရက် ကျောက်ရှီသည် သူ(မ)၏ပါးပြင်ကို အေးစိမ့်နေသော လက်ချောင်းများဖြင့် ပွတ်သပ်လာပြီး မျက်ဝန်းများနှင့် မျက်ခုံးများကို အသာအယာ ထိတွေ့ပြီးနောက် နောက်ဆုံး နှုတ်ခမ်းနားတွင် ရပ်တန့်သွား၏။ သူသည် သူ(မ)၏နှုတ်ခမ်းများကို မယုတ်လွန်မလျော့လွန်သော အားဖြင့် ပွတ်ကာ : “မင်းက လိမ္မာပါတယ်”
အေးစက်စက်နှင့် အမူအရာကင်းမဲ့သော အသံက သူ(မ)အား တင်းကျပ်စွာ ရစ်ပတ်လာ၏။
မင်ကျူးသည် တုန်ယင်လျက်ဖြင့် မဝံ့မရဲ ခေါင်းညိတ်လိုက်သည်။
အနှီအမျိုးသား၏လေသံက အေးစက်လျက်ဖြင့် ခံစားမှုမပါဘဲ တိကျပြတ်သားနေပုံမှာ သူ(မ)အား နောက်ဆုတ်ရန်ပင် လမ်းစမပေးထားချေ။
မင်ကျူး၏စာရွက်သားပမာ ဖြူဖျော့နေသော မျက်နှာငယ်လေးသည် တဖြည်းဖြည်း ရဲတက်လာပြီး ငြင်းဆန်ချိန်လေးပင် မရလိုက်ခင် ကျောက်ရှီ၏အနမ်းများက ပိတ်ဆို့လိုက်သည်။
ယနေ့ညကား ပိယင်နှင့် လန်ချောက်တို့ ညတာဝန်ကျသည့် အလှည့်ဖြစ်သည်။
လန်ချောက်နှင့် ပိယင်သည် အခန်းအတွင်းမှ လှုပ်ရှားမှုများကို ရံဖန်ရံခါကြားနေရပြီး ပါးပြင်များမှာ ရှက်ရွံ့မှုကြောင့် ပူလောင်လာ၏။
လန်ချောက်သည် ပိယင်ထက် ငယ်သူဖြစ်ပြီး အရေးပါးသူလည်း(ရှက်လွယ်) ဖြစ်သည်။
“ပိယင်ကျဲကျဲ ညီမ ရေအိမ်သွားလိုက်အုံးမယ်နော်”
ပိယင် : “သွားလေ ငါ ဒီမှာ ကြည့်ထားလိုက်မယ်”
“ကျေးဇူးတင်ပါတယ် ကျဲကျဲ၊ ညီမ မြန်မြန်သွားပြီး မြန်မြန်ပြန်လာခဲ့မယ်နော်”
လန်ချောက်သည် ပြန်မလာခင် အချိန်ကို တွက်ချက်နေလိုက်သည်။ သူ(မ) အချိန်ကိုက်ပြန်လာခဲ့သော်လည်း အခန်းထဲမှ ကိစ္စများက မပြီးပြတ်သေးပုံရလေကာ မနေနိုင်အောင် အသံတိုးတိုးဖြင့် ရေရွတ်မိလေသည်။
“ဘာလို့ ခုထိ မီးမမှိတ်ကြသေးတာလဲ” (ဘာလို့ ခုထိ မပြီးသေးတာလဲ)
အရှင့်သားအိမ်ရှေ့စံသည် အမျိုးသမီးများအား မည်သို့ ကြင်နာပေးရကောင်းမှန်း၊ စာနာပေးရကောင်းမှန်း တကယ် မသိချေ။
ပိယင်သည် သူ(မ)ကို စိုက်ကြည့်ကာ : “နင် စကားပြောတာ ရှေ့နောက်ကြည့်ပြော”
လန်ချောက်သည် ချက်ချင်းဆိုသလို သူ(မ)ပါးစပ်ကို လက်နှစ်ဖက်စလုံးဖြင့် အုပ်ထားလိုက်သည်။ သူ(မ)တွင် ဆယ်ခါပြန်သတ္တိရှိနေလျှင်တောင်မှ အိမ်ရှေ့စံအား ဝေဖန်စကားမပြောဝံ့ချေ။
အရှင့်သားသည် အမြဲ အေးတိအေးစက်နိုင်သည့်အပြင် ညင်ညင်သာသာလေး စကားပြောမည့်သူမဟုတ်သလို အေးအေးဆေးဆေး စကားပြောလို့ကောင်းသည့်သူလည်း မဟုတ်ချေ။ သူသည် အလွန်ခက်ထန်ပြီး အေးစက်လွန်းသူဖြစ်သည်။
ထိုနေ့ညတွင် မိုးသောက်ချိန်ထိတိုင်အောင် ဝမ်ယွဲ့ဆောင်သည် ရေ ငါးကြိမ်၊ ခြောက်ကြိမ်ခန့် တောင်းရလေသည်။
မနက်ခင်းစောစောတွင် ပိယင်နှင့် အကူမိန်းကလေးများသည် သန့်ရှင်းရေးလုပ်ရန်အလို့ငှာ ခေါင်းငုံ့၊ ခါးကိုင်း၍ အခန်းထဲသို့ ဝင်လာကြသည်။ အခန်းထဲတွင် စူးရှသော အငွေ့အသက်ဖြင့် ပြည့်နှက်နေပြီး ခုတင်ကန့်လန့်ကာကို ချထားသည်က အထဲရှိ မြင်ကွင်းကို ပိတ်ဆို့ထား၏။
ပိယင်မှာ စလယ်ဆုံးထိတိုင်အောင် ခေါင်းမော်မကြည့်လာရဲချေ။ အရှင့်သားအိမ်ရှေ့စံသည် မမလေးမင်ကျူးအား စိုက်ကြည့်သည့် မည်သူ့ကိုမဆို သဝင်မကျတတ်ကာ အမျိုးသားများမဆိုနှင့် သူ(မ)အား အနီးကပ်အလုပ်ကျွေးပြုရသည့် မိန်းမစေများပင် စေ့စေ့ကြည့်ပိုင်ခွင့်မရှိချေ။
ထို့အကြောင်းပြချက်ကြောင့်လည်း သခင်မလေးမင်ကျူးအား ငယ်ရွယ်စဉ်ကတည်းက အလုပ်ကျွေးပြုလာခဲ့သည့် အစေခံမလေးကို အဝေးတစ်နေရာသို့ စေလွှတ်ကာ ဒဏ်ခတ်ခဲ့သည်။
ကန့်လန့်ကာနီများအပြင်တွင် လက်ဖြူဖြူလေးတစ်ဖက် ထွက်ကျနေပြီး ပဒုမ္မာသဖွယ်လက်မောင်းထက်တွင် ကြယ်မှုန်များကဲ့သို့ မရှင်းမလင်း အမှတ်နီနီများက ထွက်ပေါ်နေ၏။
ပိယင်သည် ကြမ်းပြင်ပေါ်မှ ဆက်ဝတ်လို့မရတော့သည့် အဝတ်အစားများကို အမြန် ကောက်သိမ်းလိုက်သည်။ သူ(မ) ခါးကိုင်းဦးညွှတ်လျက် ပြန်မထွက်ခင် အိမ်ရှေ့စံက အေးစက်စွာ ဆိုလာ၏။
“တိုးတိုးသာသာ လုပ်ကြ၊ သူ့ကို မနိုးသွားစေနဲ့”
ပိယင် : “ဟုတ်ကဲ့”
နောက်တစ်နေ့မနက် မိုးသောက်ချိန်ပြီးနောက်တွင် သေသပ်စွာ ဝတ်စားဆင်ယင်ထားပြီး အမူအရာမဲ့လျက်ဖြင့် အခန်းထဲမှ ထွက်လာသော အိမ်ရှေ့စံအား ပိယင် တွေ့လိုက်ရသည်။ သူ့မျက်နှာထက်တွင် ပျော်ရွှင်မှု၊ ဝမ်းနည်းမှု၊ စိတ်အလိုမကျမှု ခံစားမှုအားလုံးကို သိုဝှက်ထားသဖြင့် မည်သူကမျှ သူ့ကို ဖောက်ထွင်းမမြင်သလို နားလည်နိုင်စွမ်းလည်း မရှိကြချေ။
အိမ်ရှေ့စံသည် အပြင်ခန်းတွင် မနက်စာ သုံးဆောင်နေပြီး သူ့ကို စောင့်နေကြသည့် အစေခံများမှာ အသက်ပင် မရှူဝံ့ကြချေ။
ကျောက်ရှီသည် ယာဂုတစ်ပန်းကန်သောက်ပြီး မထွက်သွားခင် အမေးရှိလာ၏။
“ဒီရက်ထဲမှာ တစ်ခုခု ဖြစ်ခဲ့သေးလား”
ပိယင်သည် ဘာမျှ မဖုံးကွယ်ထားဝံ့ဘဲ ခေါင်းခါပြလိုက်သည်။
“မဖြစ်ပါဘူး”
ကျောက်ရှီသည် နှုတ်ခမ်းကို စေ့ကာ တစ်ဖန်မေးခွန်းထုတ်လာ၏။
“သူရော ဘယ်လိုနေလဲ”
ပိယင်သည် အသံသေးသေးဖြင့် ပြန်ဖြေ၏။
“မမလေးက ဒီနောက်ပိုင်း စိတ်အခြေအနေမကောင်းတဲ့ပုံပါပဲ”
ကျောက်ရှီသည် စားပွဲကို ခေါက်ရင်း မနေနိုင်အောင် မျက်မှောင်ကြုတ်မိကာ : “ဘာလို့လဲ”
“ကျွန်တော်မျိုးမလည်း မသိပါဘူး”
ပိယင်သည် ဂရုတစိုက်နှင့် : “မမလေး ကြည့်ရတာ အဖော်လိုချင်နေပုံပါပဲ”
သူ(မ)မှာ အလွန်ပြောင်ဘွင်းစွာလည်း မပြောဝံ့ချေ။
ပထမတော့ ပိယင်လည်း အမှန်တကယ် နားမလည်ချေ။ မမလေးမင်ကျူးက အပြင်လည်း တစ်ခါမှ မထွက်သလို အပြင်လူများကိုလည်း မတွေ့ရကာ သူ(မ)အား မြို့တော်အတွင်းမှ ဖြစ်ပျက်နေသည့် အရှုပ်အယှက်များကို ပြောပြမည့်သူလည်း မရှိချေ။ ဒါဆို သူ(မ) မပျော်မရွှင်ဖြစ်နေရတဲ့အကြောင်းပြချက်က ဘာလဲ?
သူ(မ) စဉ်းစားလို့ရသည့် တစ်ခုတည်းသော အဖြေကား မမလေးမင်ကျူးသည် ကလေးလိုချင်နေခြင်းဖြစ်ပြီး ဤကလေးက သူ(မ)အား အဖော်ပြုပေးနိုင်သလို သူ(မ)၏အခြေအနေကိုလည်း ခိုင်မာစေနိုင်ကာ ဘယ်လိုပဲဖြစ်ဖြစ် ကောင်းမွန်နေသည်ပေ။
သို့ရာတွင် မမလေးမင်ကျူး၏ ဆုတောင်းမှာ ပြည့်ဖို့ရာ မဖြစ်လာနိုင်ပေ။
အစေခံတစ်ယောက်ဖြစ်သည့် သူ(မ)အနေနှင့်ပင် မမလေးမင်ကျူး မည်မျှပင် မျက်နှာသာပေးခံရပါစေ အရှင့်သားအိမ်ရှေ့စံက အပြင်ဆောင်အငယ်အနှောင်းတစ်ယောက်ကိုတော့ သူ၏သွေးသားအား မွေးခွင့်ပြုမည်မဟုတ်မှန်း သိပေသည်။
ဤကိစ္စမှာ ကျောက်ရှီ လွန်ခဲ့သည့်ညက ရောက်လာခဲ့စဉ်ကတည်းက တစ်စုံတစ်ယောက်က သူ့ကို တင်ပြထားနှင့်ပြီပင်။
သူသည် အေးစက်နေပြီဖြစ်သော ရေနွေးကို တစ်ငုံသောက်လိုက်ရင်း တုံ့ပြန်သံတစ်ချက်ပြုကာ မနက်ခင်းညီလာခံသို့ တက်ရောက်ရန် ထွက်သွားတော့သည်။
မင်ကျူး အိပ်ရာနိုးလာသည့်အချိန်က မွန်းတည့်ချိန်ပင် ရောက်နေပြီဖြစ်ပြီး ရေတစ်ခွက်အပြည့်သောက်ပြီးနောက်တွင် ပြန်အိပ်ပျော်သွား၏။ သူ(မ)မှာ အလွန်ပင်ပန်းနေခြင်းဖြစ်၍ မွန်လွဲချိန်မှသာ အိပ်ရာနိုးတော့ပြီး ထုံစံအတိုင်း ပိယင် ယူလာပေးသည့် သန္ဓေတားဆေးရည်ကို သောက်လေသည်။
မင်ကျူးသည် ပန်းကန်လုံးကို ချလိုက်ပြီးနောက် စကားဆိုလိုက်သည့်အခါတွင်မှ သူ(မ)အသံက ကွဲအက်နေမှန်း သတိထားမိတော့သည်။
“သူ သွားပြီလား”
ပိယင် : “အရှင့်သားက မနက်ခင်းအစောပိုင်းက ထွက်သွားပါတယ်”
မင်ကျုးသည် သူ့အား အမှန်တကယ် ကြောက်ရွံ့မိသည်ပေ။
“သူ တစ်ခုခုစကားပါးခဲ့သေးလား”
ပိယင်က ခေါင်းခါကာ : “မပါးခဲ့ပါဘူးရှင့်၊ ကျွန်မတို့ကိုသာ မမလေးကို မနှိုးဖို့ မှာသွားပါတယ်”
ပြီးတော့ ဆေးသောက်တာ သေချာအောင်လည်း စောင့်ကြည့်ခိုင်းသွားပါတယ်…
မင်ကျူးသည် ‘အို့’ ဟူ၍ လေးကန်စွာ ဆိုလာ၏။
ပိယင်သည် အဝေးကနေတောင် ခါးသက်သက်အနံ့ကြီးကို ရနေသည့် နောက်ထပ် အမည်းရောင်အရည်ပျစ်ပျစ်ပန်းကန်လုံးကို ယူလာပြန်ရာ မင်ကျူးတစ်ယောက် မျက်ခုံးတွန့်သွားတော့သည်။
“ငါ သောက်ပြီးပြီမဟုတ်ဘူးလား”
ယခုတွင် သူ(မ)သည် နောက်ထပ်သန္ဓေတားဆေးရည်များကို သောက်ရလျှင်တောင် စိတ်ထဲထားနေမည်မဟုတ်ချေ။ ယခင်ဘဝကကဲ့သို့ အမြုံဘဝနှင့်ပင် နေရန် ဆန္ဒရှိပါသော်လည်း ဤဆေးရည်များက အမှန်တကယ် သောက်ရ အလွန်ခါးသက်လှ၏။
ပိယင်က ရှင်းပြလေ၏။
“ဒီဆေးက ခန္ဓာကိုယ်ကို အားဖြည့်ပေးဖို့အတွက်ပါ မမလေး၊ သမားတော်က မမလေးရဲ့ခန္ဓာကိုယ်က အားနည်းတာမလို့ များများ ဖြည့်စွက်ပေးဖို့ လိုအပ်တယ်ဆိုပြီး ဆေးညွှန်းထားပါတယ်”
မင်ကျူးသည် မွေးရာပါ အားနည်းသည့်ရောဂါဖြင့် လမစေ့ဘဲ မွေးလာသည့် ကလေးဖြစ်သည်။ သူ(မ)မှာ ၎င်းကို လုံးဝ မသောက်ချင်သဖြင့်လည်း လက်ခါပြလိုက်သည်။
“လောလောဆယ်တော့ ဘေးမှာ ချထားခဲ့လိုက်”
ပိယင်မှာ ငိုတော့မည်ပုံဖြင့် : “မမလေး အခုပဲ သောက်လိုက်ပါနော်”
မင်ကျူးသည် သူ(မ)ကို အကြိမ်အနည်းငယ် ကြည့်ပြီး ကူကယ်ရာမဲ့စွာ သက်ပြင်းချမိသည်။ ဤလူများသည် ကျောက်ရှီ၏စကားဆို တစ်သဝေမတိမ်း နားထောင်လွန်းကြပြီး သူ၏စကားတစ်ခွန်းလေးကိုပင် မလွန်ဆန်ဝံ့ကြချေ။
သူ(မ)သည် ခါးသက်သော မျက်နှာထားဖြင့် ဆေးကို မော့သောက်လိုက်ပြီးနောက် နေပူဆာလှုံရန် ခြံထဲသို့ ဆင်းသွားလိုက်သည်။ ညောင်စောင်းပေါ် ပျင်းရိစွာ မှီလှဲကာ နေရောင်ခြည်ကို မျက်နှာမူရင်း မျက်လုံးများကို မှေးစင်းကားး ဆိုင်းမဆင့်ဗုံမဆင့်ဖြင့် ပိယင်ကို အမေးရှိလာ၏။
“ပိယင်၊ အားရုန်က ထင်းတဲမှာ အလုပ်လုပ်နေရတုန်းလား၊ သူ ကောင်းကောင်းမွန်မွန်ရော နေရရဲ့လား”
ပိယင်မှာ သူ(မ)အမေးအား မဖြေဝံ့ချေ။ အရှင့်သားအိမ်ရှေ့စံသည် သူတို့အား မပြောသင့်သည့် စကားကို ပြောခွင့်မရှိကြောင်း အမိန့်ချထား၏။
မင်ကျူးက သက်ပြင်းမှုတ်ထုတ်ကာ : “ထားလိုက်ပါတော့၊ ငါ နင့်ကို ခက်ခဲအောင် မလုပ်တော့ပါဘူး”
ယမန်နေ့ညက ကျောက်ရှီ သူ(မ)အား အသုံးတော်ခံပြီး စိတ်ကောင်းဝင်နေသည့်အချိန် သူ(မ)သည် အိပ်ချင်စိတ်ကို တွန်းလှန်ပြီး သူ့အား အားကိုးတကြီးကြည့်ကာ အားရုန်အား သူ(မ)အနားသို့ ပြန်ပို့ပေးရန် တီးတိုးတောင်းဆိုခဲ့သည်။
အားရုန်သည် သူ(မ)နှင့်အတူကြီးပြင်းလာသူဖြစ်ပြီး သူ(မ)လေး အပြင်ဘက်တွင် ဒုက္ခခံစားနေရသည်ကို မကြည့်ရက်ချေ။
ထိုအချိန်က ကျောက်ရှီသည် သဘောတူသည်လည်း မဆို၊ ငြင်းဆန်ခြင်းလည်း မပြုဘဲ သူ(မ)အား အိပ်တော့ရန်သာ ဆိုလာ၏။
ဤကိစ္စအတွက် မင်ကျူးသည် ကြီးမားသော စွန့်လွှတ်မှုကို ပြုခဲ့လေသည်။ သူ(မ)သည် သူ့ခါးကို ဦးစွာ ပွေ့ဖက်ပြီး တောင်းဆိုလိုက်ပြန်သည်။
သို့ရာတွင် ကျောက်ရှီဆိုသည့် အနှီလူကား အပြင်တွင်သာ နွေးထွေးချင်ကောင်းနွေးထွေးနိုင်ပေမဲ့ အထဲတွင်တော့ အေးစက်ပြီး ကျောက်သားထက်ပင် မာကျောသည့် နှလုံးသားနှင့်ပင်။ သူ(မ) တီးတိုးစွာ တောင်းပန်တိုးလျှိုးသည့်တိုင် သူ့ကို စိတ်ပြောင်းစေရန်မှာ ခက်ခဲလှ၏။
ပိယင်သည် ခေါင်းစဉ်ပြောင်းလိုက်သည်။
“မမလေး လက်ဖက်ရည်သောက်ချင်လားရှင့်”
မင်ကျူးသည် ၎င်း၏အရသာက ခါးသက်သည်ဟု ခံစားရသောကြောင့် လက်ဖက်ရည်ကို မကြိုက်ချေ။
သူ(မ)က : “ငါ ကိတ်မုန့်ချိုလေး စားချင်တယ်”
ပိယင်သည် မအီမသာဖြင့် : “ဒါဆိုလည်း…နှစ်ခုပဲ စားရမယ်နော် မမလေး”
ကျောက်ရှီ မရှိသည့်အချိန်ဆို မင်ကျူးသည် သူ့အကြောင်းမှန်သမျှ မကောင်းပြောတော့သည်။
“ဘာလို့ သူချည်းပဲ အရာရာ လိုက်စီစဉ်ချင်နေရတာလဲ၊ ငါ့အဖေတောင် သူ့လောက် မထိန်းချုပ်ဘူး”
ပိယင်တစ်ယောက် ရင်တမမဖြစ်နေရသည်။
“ကျွန်တော်မျိုးမက မမလေးစားချင်နေတဲ့ ကိတ်မုန့်ချိုကို အခုပဲ သွားယူပေးပါ့မယ်”
*
ကျောက်ရှီ မနက်ခင်းညီလာခံတက်ပြီးနောက်တွင် သူ၏အဖွားက သူ့အား အခေါ်ရှိလာ၏။ အာလာပသလ္လာပအနည်းငယ် အပြန်အလှန်ဆိုကြပြီးသည်နှင့် သူ(မ)က ယခုတွင် သူသည် ကျန့်ဖေး(အဓိက ကြင်ရာတော်)နှင့် ဆဲ့ဖေး(ကိုယ်လုပ်တော်)တို့ကို တော်ကောက်ရတော့မည့် အရွယ်ရောက်ပြီဖြစ်ကြောင်း အဓိကလိုရင်းကို ဆိုလာ၏။
အဖွားအိုက သူ့အား အဆင်းရှိ၊ အချင်းရှိသည့် မိန်းမလှလေးများ၏ ပုံတူပန်းချီများကို ပြရင်း သူတို့ထဲမှ တစ်ယောက်ကို ညွှန်ပြလေသည်။
“ဒီမိန်းကလေးက မင်မိသားစုရဲ့ တိသမီးကြီးလေ၊ ငါ့မြေး သူ့ကို သဘောကျရင် ဆဲ့ဖေးအဖြစ် တော်ကောက်နိုင်တယ်”
သူ(မ)က ထပ်ဖြည့်ဆိုလာ၏။
“ဒီမိန်းကလေးကတော့ ရှန်းယန်*ကျင့်ကျူ၊ ဒီကလေးက တက်ကြွသလို ဉာဏ်ရည်ဉာဏ်သွေးလည်း ထက်မြက်တယ်၊ ရုပ်ရည်လေးလည်း ကြည့်ကောင်းတယ် သူ(မ)ရဲ့အဆင့်အတန်းနဲ့ဆို ကျန့်ဖေးနေရာကို ထိုက်တန်တာကတော့ ပြောနေဖို့ မလိုတော့ဘူး”
[*ကျင့်ကျူ ဆိုတာက တော်ဝင်မင်းသား၊မင်းသမီးတွေရဲ့ သမီးတော်တွေကို ပေးအပ်တဲ့ ဘွဲ့ဂုဏ်ပါ]
ကျောက်ရှီသည် ပုံတူပန်းချီကို နှစ်ကြိမ်ခန့်ကြည့်ပြီးနောက် တည်ငြိမ်စွာ အကြည့်ပြန်ရုတ်ပြီး : “အဖွားပြောသလိုပါပဲ”
သူ(မ) ပြုံးကာ : “ငါ့မြေး သူတို့ကို သဘောကျတယ်ဆိုတော့ ကောင်းတာပေါ့”
ကျောက်ရှီသည် လက်ထဲမှ လက်ဖက်ရည်ခွက်ကို ချပြီး : “ဒီမြေးမှာ ဒီနေ့အဖို့ တက်ရောက်ရမဲ့ နိုင်ငံရေးရာကိစ္စတစ်ချို့ ရှိနေသေးတာမလို့ အရင်သွားခွင့်ပြုပါအုံး၊ နောက်ရက်များမှ အဖွားဆီ လာလည်လှည့်ပါ့မယ်”
“သွားလေ”
ကျောက်ရှီသည် နန်းတော်မှ ထွက်လာသည်နှင့် အစောင့်များကို မြင်းလှည်းအား ပြန်လှည့်စေပြီး ဆိုလိုက်သည်။
“ဝမ်ယွဲ့ဆောင်ကို မသွားတော့ဘူး၊ အိမ်ရှေ့နန်းဆောင်ကို ပြန်မယ်”
“ဟုတ်ကဲ့ပါ”
လဝက်တိုင်တိုင် အိမ်ရှေ့စံမင်းသားသည် ဝမ်ယွဲ့ဆောင်သို့ ရောက်မလာတော့ချေ။
မင်ကျူးသည် နည်းနည်းလေးမှ နေမထိထိုင်မသာမဖြစ်မိ၊ သူ(မ)သည် စားကောင်းသောက်ကောင်းဖြစ်၍လည်း အသားအရေမှာ နှင်းဆီရောင်သန်းပြီး ကိုယ်အလေးချိန်မှာ နှစ်ပေါင်ပင် တက်လာ၏။ ဆန့်ကျင်ဘက်အနေဖြင့် သူ(မ)အား အလုပ်အကျွေးပြုရသည့် အစေခံမှာ အလွန် သောကများနေပြီး သူ၏သခင်မလေး အရှင့်သား၏ မျက်နှာသာပေးခြင်း မခံရတော့မည်ကို စိုးရိမ်နေခဲ့သည်။ နန်းတော်တွင် အိမ်ရှေ့စံအတွက် ဆဲ့ဖေးတစ်ယောက် ရွေးချယ်နေသည်ဆိုသော သတင်းကို ကြားမိသည့်အတွက်လည်း သူ(မ)မှာ ပိုလို့ပင် သောကများနေရသည်။
ပိယင်က : “မမလေး၊ မမလေး အရှင့်သားနဲ့ ရန်ဖြစ်ထားတာတော့ မဟုတ်ဘူးမလား”
မင်ကျူးက တည်ငြိမ်စွာ : “ငါက ဘယ်လိုလုပ်ပြီး လုပ်ဝံ့ပါ့မလဲ”
သူ(မ)မှာ ဤဘဝတွင် ကျောက်ရှီတစ်ယောက် နောက်ထပ် ဘယ်တော့မှ ဤနေရာကို ခြေမချမလာတော့ပြီး သူ(မ)အား မေ့သွားရန် ဆုတောင်းနေမိသည်။ သို့မှသာ သူ(မ)အနေနှင့် ထွက်ပြေးရန် လမ်းစရှာလို့ရမည်ပေ။
ပိယင်၏မျက်နှာမှာ ဝမ်းနည်းမှုအပြည့်ဖြင့် : “မမလေး၊ ပိယင်အကြံပေးတာ ကျေးဇူးပြုပြီး နားထောင်ပေးပါ၊ အရှင့်သားနဲ့ ထိပ်တိုက်မတွေ့ပါနဲ့ မမလေးရယ်၊ အရှင့်သားက စကားနုနုလေးတွေကိုမှ တုံ့ပြန်တတ်တာ သူ့ကို အကျပ်ကိုင်တာကို မဟုတ်ဘူး”
“ငါ တကယ် ဘာမှမလုပ်ပါဘူးဆို”
ချောချောမွေ့မွေ့ ထွက်သွားနိုင်ရန် အလို့ငှာ သူ(မ)မှာ ဤရက်များတွင် အရှက်တကွဲအကျိုးနည်းဖြစ်ရခြင်းကို သည်းညည်းခံပြီး ကျောက်ရှီ ဘဝင်မကျအောင်ပင် မလုပ်ဝံ့ခဲ့ချေ။
ပိယင်၏စိတ်ထဲ ရုတ်တရက် အလင်းတန်းတစ်ခု ဖြတ်ခနဲ ဖြတ်ပြေးသွားပြီး အလွန်ဂရုတစိုက်ဖြင့် : “မဟုတ်မှ……”
မင်ကျူးက မေးလာ၏။
“ဘာလဲ”
ပိယင်သည် အလွန်ချိတုံချတုံဖြင့် : “မဟုတ်မှ အရှင့်သားက မမလေး ကလေးလိုချင်နေတဲ့ဆန္ဒကို သတိပြုမိပြီး တမင်သက်သက် ရှောင်နေတာများလား”
အပိုင်းမခွဲတော့ပါဘူးဆိုမှ ရှည်လျားထွေပြားတဲ့ စာတွေ🤧