အပိုင်း (၀၁၃)
မင်ကျူး၏နှလုံးသားမှာ တင်းကျပ်စွာ အညှစ်ခံလိုက်ရသကဲ့သို့။ မျက်ဝန်းများက ကျိန်းစပ်ကာ နီရဲလာပြီး နှုတ်ခမ်းများက တုန်ယင်ရင်း အံကိုသာ တိတ်တဆိတ် တင်းတင်းကြိတ်ထားလိုက်သည်။ အချိန်အတန်ကြာသည်အထိ သူ(မ) စကားတစ်ခွန်း မဆိုနိုင်ချေ။ သူ(မ)သည် မူလကတည်းက အလိမ်အညာမတော်သူဖြစ်ပြီး ကျောက်ရှီအရှေ့တွင်တောင် မတတ်နိုင်စွာဖြင့် မုသာဝါဒကျူးလွန်ခဲ့ခြင်းဖြစ်သော်လည်း ဝေ့ချီယွီကိုတော့ သူ(မ) အမှန်တကယ် မုသားမဆိုရက်ချေ။
မင်ကျူး ချစ်ခြင်းဆိုသည့် မေတ္တာကို ပထမဆုံးတွေ့ကြုံခံစားဖူးချိန်က ဝေ့ချီယွီအပေါ် ရေးရေးမျှ သဘောကျမြတ်နိုးမိခဲ့သည်။ ဤအစ်ကိုကြီးသည် ရုပ်ရည်ကလေးက ကြည့်ကောင်းသလို နှလုံးသားလေးကလည်း ဖြူစင်ပြီး အလုပ်လည်း အလွန်ကြိုးစား၏။ သူ(မ) သူနှင့်အတူ ရှိချိန်တိုင်း တစ်ခါလေးပင် အနေရမခက်ဖူးခဲ့၊ ဆန့်ကျင်ဘက်အနေဖြင့် ပျော်ရွှင်မှုနှင့် စိတ်အေးချမ်းမှုကိုသာ ခံစားခဲ့ရသည်။ သို့သော် ထိုအချိန်ကတွင်တောင် မင်ကျုးသည် ဝေ့ချီယွီကို သူ(မ)အား မင်မိသားစုကနေ ကယ်ထုတ်ပေးသွားမည့် ကယ်တင်ရှင်တစ်ယောက်အဖြစ် မှတ်ယူထားခဲ့ခြင်း၊ သူ(မ)သည် ဤရွှံ့ညွန်နက်ကြီးကနေ…ဤပူပြင်းတောက်လောက်နေသော ငရဲကနေ…သူ(မ)အပေါ် အမြဲဗိုလ်ကျအနိုင်ကျင့်လေ့ရှိသည့် တိညီအစ်မများလက်ထဲကနေ လွတ်မြောက်ဖို့ရာအတွက် သူ့ကို လက်ထပ်ချင်ခဲ့ခြင်းဖြစ်သည်။
ထို့ကြောင့် ထိုအချိန်က ဝေ့ချီယွီအပေါ် သူ(မ)၏ခံစားချက်များက မဖြူစင်ခဲ့ပေ၊ အတိတ်က သူ(မ)၏ထိုအတွေးများကို ယခု ပြန်တွေးမိချိန် သူ(မ) သူ့အပေါ် အလွန် လိပ်ပြာမလုံဖြစ်မိသည်။
မင်ကျူးသည် အချိန်အတန်ကြာသည်အထိ နှုတ်ဆိတ်နေပြီး ဝေ့ချီယွီကလည်း လောဆော်ခြင်းမပြုဘဲ သူ(မ)ကိုသာ တိတ်ဆိတ်စွာ ငေးကြည့်ရင်းဖြင့် အလွန် စိတ်ရှည်စွာ စောင့်ဆိုင်းနေခဲ့သည်။
မင်ကျူး ခေါင်းမော့လိုက်ပြီး မျက်ဝန်းများထဲမှ လျှံတက်လာတော့မည့် ကြည်လင်နေသော လှိုင်းငယ်များကို ထိန်းချုပ်ထားလိုက်သည်။ မှန်ရာဆိုရလျှင် ယခင်ဘဝကတည်းက ကျောက်ရှီ သူ(မ)ကို အဆိပ်သေရည် ချီးမြှင့်ခင်မတိုင်မီ သူ(မ) ကျောက်ရှီအပေါ် ချစ်ကျွမ်းနေဝင်နှင့်ပြီးကို သတိထားမိခဲ့သည်။ သူနှင့် ပတ်သက်လာခဲ့သည့်နှစ်များတစ်လျှောက် အသေးစိတ်အချက်လေးများကအစ၊ စစ်မှန်သယောင်ရှိသော နွေးထွေးမှု…ကြင်နာမှု…ချစ်ခြင်းမေတ္တာ အရာအားလုံးက သူ(မ)နှလုံးသားကို လှုပ်ခါနိုင်စွမ်းခဲ့သည်။
သူ(မ) ယခုအခါတွင်မှ သဘောပေါက်လိုက်မိသည်မှာ တစ်စုံတစ်ယောက်အပေါ် ကောင်းပေးခြင်းက ထိုလူကို သဘောကျနေသည်ဟု မဆိုလိုကြောင်းကိုပေ။
မင်ကျူး၏လက်သည်းများသည် လက်ဖဝါးနူးနူးညံ့ညံ့ထဲ နက်နက်စိုက်ဝင်နေပြီး လက်သည်ရာများပေါ်လာသည့်တိုင်အောင် အားဖြင့် တင်းတင်းဆုပ်ထားလိုက်မိ၏။ နာကျင်မှုကို ခံစားမိသည့်အချိန်တွင်မှ အားမွေးယူလို့ သူ့ကို ခေါင်းညိတ်ပြလိုက်သည်။
တကယ်တမ်း သူ(မ) ခေါင်းခါပြလိုက်လို့ ရသည်၊ သူ(မ)ကို လွတ်မြောက်ရန် ကူညီပေးဖို့ ဝေ့ချီယွီကို အသုံးချလို့ရသည်။ သို့သော် ဤကိစ္စတွေထဲ သူ့ကို ဆွဲသွင်းရလောက်အောင်ထိ မင်ကျူး တစ်ကိုယ်ကောင်း မဆန်ချင်ပေ။
သူ(မ)၏ဘဝက အစကတည်းက ယခုကဲ့သို့ ဖြစ်နေနှင့်ပြီးသားပင်။ ဝေ့ချီယွီတွင်မူ တောက်ပသည့်အနာဂတ်က သူ့ကို ရှေ့တွင် စောင့်ကြိုနေဆဲ၊ နောင်တွင် နန်းတွင်းတရားရုံး၌ မြင့်မားသည့် ရာထူးကို ရရှိလို့ အမြင့်ကို တက်လှမ်းနိုင်အုံးမည်ပေ။
မင်ကျူး၏အိတ်ကပ်ထဲတွင် သူ တစ်ခါက သူ(မ)ကို လက်ဆောင်ပေးခဲ့သည့် ကျောက်စိမ်းလက်ကောက် ရှိနေ၏။ သူ(မ)သည် လက်ကောက်ကို ယူထုတ်လိုက်ပြီး : “ဒီလက်ကောက်လေး၊ ညီမ အစ်ကို့ကို ပြန်ပေးပါရစေ”
ဝေ့ချီယွီသည် ရှေ့သို့ အနည်းငယ် တိုးလျှောက်သွားလိုက်ရင်း တံစက်မြိတ်စွန်းမှ မိုးရေစက်များက သူ့ပုခုံးပေါ် ကျရောက်လာ၏။ သူသည် မိုးရေထဲ လမ်းလျှောက်ပြီး သူ(မ)ရှေ့သို့ သွားကာ : “အစ်ကိုက မင်းကို ပေးတာမလို့ ဒါက မင်းအပိုင်ဖြစ်သွားပြီ”
“ညီမ မသိမ်းထားနိုင်တော့ဘူး”
“မင်း အစ်ကိုကို့ ပြန်ပေးရင် အစ်ကိုလည်းပဲ ဒီလက်ကောက်ကို ထုချေပစ်လိုက်မှာ”
“ဒါက အစ်ကို့အမေ အစ်ကို့အတွက် ချန်ထားပေးခဲ့တာလေ……”
“အစ်ကို့အတွက် ချန်ထားခဲ့တာမဟုတ်ဘူး၊ မင်းအတွက်…”
ဝေ့ချီယွီမှာ သူ သူ(မ)မျက်နှာလေးအား မတွေ့ရသည်မှာ ဘယ်လောက်ပင် ကြာသွားခဲ့ကြောင်း မမှတ်မိတော့ပေ။ မင်မိသားစု မင်္ဂလာပွဲကို လာရောက်ဖျက်သိမ်းလိုက်ချိန်က သူသည် သစ်အယ်သီးမုန့်များကို ဝယ်ပြီး အိမ်ပြန်လာနေသည့်လမ်းတွင် ဖြစ်သည်။ ပူပူနွေးနွေး သစ်အယ်သီးမုန့်လေးများကို ကိုင်ရင်း သူ(မ)အား နောက်ဖေးတံခါးလေးကနေ ပို့ပေးဖို့ရာ ရည်ရွယ်ထားခဲ့သည်။ အိမ်အပြန်လမ်းတွင် သူ့မိသားစုမှ အစေခံကောင်လေးသည် လောကြီးသုတ်ပျာပြေးလာပြီး သူ့ကို ပြောလာခဲ့သည်မှာ မင်မိသားစုက လက်ထပ်ပွဲကို ဖျက်သိမ်းချင်သည့်အကြောင်း။
လက်ထဲကိုင်ထားသည့် သစ်အယ်သီးမုန့်များအားလုံး မြေပြင်ပေါ် ကျသွားခဲ့ပြီး အမြန်ဆုံးနှုန်းဖြင့် အိမ်သို့ အပြေးပြန်လာခဲ့သည့်တိုင် နောက်ကျလွန်းသွားခဲ့သည်။
မင်းမိသားစု၏သဘောထားက အလွန်အမင်း ခက်ထန်နေခဲ့၏။
“ငါတို့ မင်းကို သတို့သမီးတင်တောင်းကြေးနှစ်ဆပြန်ပေးထားတယ်၊ အဲ့ဒါကို ယူပြီး ဒီစေ့စပ်ပွဲ ဘယ်တုန်းကမှ မရှိခဲ့သလို သဘောထားလိုက်တော့”
ဝေ့ချီယွီ၏မျက်ဝန်းများက သူတို့ကို အကျိုးသင့်အကြောင်းသင့်ပြောရန် ကြိုးစားရင်း နီမြန်းလာ၏။
“ကျွန်တော် ကျူးကျူးကို နှလုံးသားထဲကနေ လှိုက်လှိုက်လှဲလှဲ လက်ထပ်ချင်ခဲ့တာပါ သူ့ကို ဘယ်သောအခါမှ စိတ်မပျက်စေရပါဘူး၊ မင်မိသားစုက လက်ထပ်ဖို့ကို ဖျက်သိမ်းချင်ရင် ကျေးဇူးပြုပြီ ကျွန်တော် လက်ခံနိုင်လောက်တဲ့ အကြောင်းပြချက်ကို ပေးပါ မဟုတ်ရင် ကျွန်တော် ဝေ့ချီယွီက လုံးဝ လက်မခံဘူး”
“ဘာအကြောင်းပြချက်မှ မရှိဘူး၊ ဒီမင်္ဂလာပွဲကို မင်း လက်ခံချင်ချင်မလက်ခံချင်ချင် ဖျက်သိမ်းတယ်”
ထိုနေ့မှစ၍ ဝေ့ချီယွီ သူရဲ့ကျူးကျူးလေးကို မတွေ့ရတော့ချေ။
ဤတစ်နှစ်ကျော်ကာလအတွင်း ဝေ့ချီယွီသည် သူ့အိပ်မက်များထဲ ငိုနေသည့် မင်ကျူးကို အမြဲ တွေ့ခဲ့ရသည်။ သူ(မ)သည် သူ(မ) အိမ်တွင် တစ်ခါမှ မဝတ်ဝံ့ခဲ့သည့် လှပသည့်ဝတ်စုံလေးကို ဝတ်ဆင်ထားပြီး မျက်ဝန်းလေးများက ယုန်လေးများထက် နီရဲနေခဲ့သည်။ မျက်ရည်ကြောင်းများဖြင့် မျက်နှာလေးက သူ့အား သူ(မ)ကို ဘာကြောင့်များ ယခုထိတိုင် လာမခေါ်ရသေးသလဲ ဟူ၍ မေးမြန်းနေခဲ့သည်။
ဝေ့ချီယွီမှာ ထိုအိပ်မက်များမှ နိုးထလာသည့်အချိန်တိုင်း သူ့ခေါင်းအုံးတစ်ခုလုံး စိုစွတ်သွားရမြဲ။
သူသည် အသက်ပြင်းပြင်း တစ်ချက်ရှူသွင်းပြီး ရင်ဘက်ထဲမှ နာကျင်ပြည့်ကျပ်လာသည့် ဝေဒနာကို ချုပ်တည်းရင်း နောက်ဆုံးတွင်မှ : “ကျူးကျူး ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်နော်”
“အမ်း”
မင်ကျူးမှာ ဝေ့ချီယွီကို ပြန်တွေ့ခွင့်ရခဲ့သော်လည်း နှလုံးသားမှာ နာကျင်နေရ၏။ သူ(မ)သည် ငိုင်တိုင်တိုင်ဖြင့် အခန်းထဲသို့ ပြန်သွားလိုက်ရင်း ဘာကြောင့် သူ(မ)၏စကပ်က မိုးရေဖြင့် ရွှဲရွှဲစိုနေမှန်းကိုပင် သတိမထားမိတော့ချေ။ ပိယင်သည် သူ(မ)၏မမလေး ငိုင်နေသည်ကို တွေ့ပြီး အသံတိုးတိုးဖြင့် မေးလိုက်သည်။
“မမလေး ဘာဖြစ်လို့လဲ”
မင်ကျူးသည် ထိုအခါတွင်မှ အသိပြန်ဝင်လာ၏။
“ဘာမှမဖြစ်ဘူး”
“မမလေး၊ ကျွန်တော်မျိုးမ မမလေးအတွက် အဝတ်အစားတစ်စုံသွားယူလာခဲ့ပေးမယ်နော်၊ အခုဝတ်ထားတာက အကုန်စိုနေပြီ”
မင်ကျူးသည် တစ်ဖန် အတွေးများနေပြန်ရင်း အဝတ်တစ်စုံကို လဲလှယ်ဝတ်ဆင်လိုက်သည်။ ထိုအခြင်းအရာကို မြင်ပြီး ပိယင်မှာ စိတ်ပူပြီး သူ(မ)လက်ထဲသို့ နွေးထွေးနေသော ပန်းကန်လုံးတစ်လုံးကို ထိုးထည့်ပေးလာ၏။ ၎င်းမှာ ခန္ဓာကိုယ်ကို နွေးထွေးစေရန် ယခုလေးတင်မှ ကျိုချက်လာသည့် ဂျင်းစွပ်ပြုတ်ဖြစ်သည်။
မင်ကျူးသည် သူ(မ)အား အမြဲ ပျို့တက်ချင်စေသည့် အနံ့စူးစူးကို ရသည်နှင့် ထိုဂျင်းစွပ်ပြုတ်ကို အမှန်တကယ်မသောက်နိုင်တော့ပေ။ ပိယင်သည် ကြိုးစားပမ်းစား သူ(မ)ကို အယုံသွင်းတော့သည်။
“မမလေး ဂျင်းစွပ်ပြုတ်လေး သောက်လိုက်နော်၊ မမလေး အအေးမိရင် အရှင့်သားက မပျော်မရွှင်ဖြစ်နေပါအုံးမယ်”
ထိုသို့ဖြစ်လာလျှင် အရှင့်သားအိမ်ရှေ့စံနှင့် မမလေးတို့ ကတောက်ကဆအသေးစားလေးက သေချာပေါက် ဖြစ်ကြအုံးမှာဖြစ်သည်။
အစေခံတစ်ယောက်ဖြစ်သည့် ပိယင်ပင်လျှင် အရှင့်သားက လိမ္မာနာခံပြီး ကျိုးနွံသည့်မိန်းကလေးကို သဘောကျကြောင်း သိပေ၏။ အနည်းငယ်လေး စည်းကျော်ဘောင်ကျော်သွားလျှင်တောင် အရှင့်သား၏မထီမဲ့မြင်ပြုမှုက လူကို အမှန်တကယ် ကြောက်လန့်စေနိုင်စွမ်းရှိ၏။
မင်ကျူးသည် အနည်းငယ် စိတ်ရှုပ်လာပြီး ဂရုမစိုက်မှုများဖြင့် ပြည့်နှက်နေသည့် အသံဖြင့် တီးတိုးဆိုလာသည်။
“သူ့ဘာသာသူ မပျော်မရွှင်ဖြစ်မယ်ဆိုလည်း ဖြစ်ပါစေပေါ့”
ပိယင်သည် သူ(မ)ပဲ နားကြားမှားလေးသလားဟု ထင်မှတ်မိ၏။
“မမလေး ဘာပြောလိုက်တယ်?”
မင်ကျူးသည် ခေါင်းကို မော့လို့ ရှင်းလင်းစွာဖြင့် နောက်တစ်ကြိမ်ထပ်ဆို၏။
“ငါပြောတာ သူ့ဘာသာ မပျော်မရွှင်ဖြစ်မယ်ဆိုလည်း ဖြစ်ပါစေ ငါနဲ့ ဘာမှမဆိုင်ဘူး”
ပိယင်သည် စိတ်ကုန်ငြီးငွေ့နေပုံ ပေါ်သည့် သူတို့မမလေး၏မျက်နှာကို မြင်လျှင် ပြောင်းပြန်အကျိုးသက်ရောက်သွားမည်ကို စိုးရိမ်ပြီး ဂျင်းစွပ်ပြုတ်ကို အတင်းသောက်ခိုင်းရန် အယုံမသွင်းဝံ့တော့ချေ။ သူ(မ)သည် အခန်းကို ပို၍ နွေးထွေးစေရန်အတွက် တိတ်ဆိတ်စွာနှင့် မီးလင်းဖိုထဲသို့ နံ့သာထင်းအနည်းငယ်ကို ပစ်ထည့်နေလိုက်သည်။
_
ထို့နေပြီးကတည်းက ကျောက်ရှီသည် မင်အိမ်တော်သို့ တစ်ဖန် ရောက်မလာတော့ချေ။ နှစ်သစ်ကူးအကြိုနီးကပ်လာသည်နှင့်အတူ သူသည်လည်း တစ်နေကုန် အလုပ်များနေတော့ပြီး သူ(မ)ကို လာတွေ့ရန် အချိန်မပေးနိုင်တော့ချေ။
နန်းဝောာ်တွင် ရှုပ်ထွေးသည့်ပြဿနာပေါင်းများစွာ ရှိနေပြီး သူ့အောက်မှ လူများသည် အလုပ်ကို ကောင်းကောင်းမလုပ်ကြရာ လူကို အမြဲ ကောင်းကောင်းဆက်ဆံတတ်သည့် အိမ်ရှေ့စံမင်းသားသည် သုံးရက်ဆက်တိုက် ဒေါသထွက်နေခဲ့သည်။ သူသည် အရာရှိပေါင်းများစွာကို ကြိမ်ဒဏ်ပေးပြီး အစီရင်ခံစာများကို ပစ်ထုတ်ကာ အမတ်အချို့ကို ရာထူးမှ ထုတ်ပယ်ခဲ့သည်။
ရာထူးမှ ထုတ်ပယ်ခဲ့ရသည့် အမတ်များစွာ ရှိပြီး ထိုအထဲတွင် မင်ကျူး၏တတိယဦးလေးလည်း ပါဝင်၏။ မင်းမိသာစု၏ တတိယသခင်ကြီးသည် သူ၏ရာထူးကို အခွင့်ကောင်းယူပြီး အလုပ်အပေါ် ပေါ့ပေါ့လျော့လျော့နှင့် နှစ်ပေါင်းများစွာ လာဘ်စားနေခဲ့သူဖြစ်သည်။ သူသည် အေးဆေးပြီး သက်တောင့်သက်သာရှိသည့်ဘဝကို ပိုင်ဆိုင်နေခဲ့၍လည်း ရာထူးဖယ်ချခံလိုက်ရချိန်တွင် အလွန် ထိတ်လန့်သွားခဲ့သည်။ ထို့အပြင် သူ၏လုပ်ဖော်ကိုင်ဖက်များအားလုံး သူ့ကို ဟာသတစ်ခုလို ပြက်ရယ်ပြုနေသည်ကို ကြည့်ပြီး ဒေါချောင်းချောင်းထွက်နေ၏။
နှစ်သစ်ကူးအကြိုနေ့တွင် ကျောက်ရှီတစ်ယောက် နောက်ဆုံး၌ အချိန်အနည်းငယ် အားလပ်ခဲ့ပြီး သူ၏မယ်တော်နှင့် နေ့လယ်စာ သုံးဆောင်ရန် နန်းတော်သို့ ထွက်လာခဲ့လိုက်သည်။ ထို့နောက် သူ၏အဖွားက အခေါ်ရှိလာ၏။
“မင်းရဲ့ဝမ်းကွဲလည်း နှစ်သစ်ကူးအကြိုကို ပထမဆုံးအနေနဲ့ မြို့တော်မှာပဲ ဖြတ်သန်းမှာ၊ ငါ့မြေး ဘယ်လောက်ပဲ အလုပ်များနေပါစေ သူ့ကို လျစ်လျူမရှုထားနဲ့အုံး”
ကလေးနှစ်ယောက်သည် တစ်ယောက်က အရည်ချင်းရှိထက်မြက်သည့် ကောင်လေးဖြစ်ပြီး တစ်ယောက်က လှပသည့်မိန်းမပျိုလေးဖြစ်သည်။ နှစ်ယောက်သားသည် နေနှင့်လ ရွှေနှင့်မြပမာ တစ်ယောက်နှင့်တစ်ယောက် လိုက်ဖက်ညီလွန်းကြ၏။ ထို့အပြင် ကျောက်ရှီသည်လည်း ဤမင်္ဂလာပွဲကို သဘောတူခေါင်းညိတ်ထား၏။ ထို့ကြောင့် နှစ်သစ်ကူးပြီးသည်နှင့် လပ်ထပ်ရန်အတွက် အမိန့်ပြားကို ရှန်းယန်မြို့သို့ ပေးပို့မည်ဖြစ်သည်။ ထို့နောက်တွင် ကလေးနှစ်ယောက်သည် လာမည့်ဆောင်းဦးကို နောက်ဆုံးထား၍ ထိမ်းမြားမင်္ဂလာပြုကြမည်ဖြစ်သည်။ သူ(မ)၏မြစ်ငယ်လေးများကို ချီခွင့်ရရန် သိပ်ပြီး ကြာတော့မည်မဟုတ်ချေ။
ကျောက်ရှီသည် ခပ်ဖွဖွ မျက်မှောင်ကြုတ်သွားပြီး : “ဒီမြေး သိပါပြီ”
“အဖွားက အရွယ်လည်း ရလာပြီဆိုတော့ အခု သွားနားလိုက်အုံးမယ်၊ ငါ့မြေးတို့နှစ်ယောက် ဒီမှာထိုင်ပြီး စကားပြောကြအုံးပေါ့”
အိမ်ရှေ့စံအား ရက်အနည်းငယ်ကြာ မတွေ့ဖြစ်သည့် ရှန့်လင်သည် သူ့ကို လွန်စွာ သတိရနေခြင်းဖြစ်သည်။ သူ(မ)သည် ငယ်စဉ်ကတည်းက ရှန်းယန်မြို့တွင် အဖေနှင့် အစ်ကိုကြီးဖြစ်သူ၏လက်ထဲတွင် ကြီးပြင်းလာသူဖြစ်၍ အလွယ်တကူ ရှက်တတ်လေ့ရှိသည့် သာမန်မိန်းမပျိုများနှင့်မတူဘဲ တက်ကြွပြီး ရဲတင်းသည့်စိတ်နေသဘောထားရှိ၏။ သူ(မ)က ဦးစွာ မတ်တပ်ထရပ်ပြီး ကမ်းလှမ်းလိုက်သည်။
“ထိုက်ကျစ်ကောကော လင်အာနဲ့ ကျားတစ်ပွဲလောက် ထိုးရအောင်”
ကျောက်ရှီသည် တည်ငြိမ်စွာဖြင့် : “မင်း အစ်ကိုတော်ကို မနိုင်ပါဘူး”
ရှန့်လင်သည် ခပ်ယဲ့ယဲ့ပြုံးပြီး : “ညီမလေးတို့က ပြိုင်တောင်မပြိုင်ရသေးတာ လင်အာ အစ်ကိုတော်ကို မနိုင်နိုင်ဘူးလို့ ဘာလို့ ဒီလောက်တောင် သေချာနေရတာလဲ”
ကျောက်ရှီ၏ကျားထိုးစွမ်းရည်သည် ငယ်စဉ်ကတည်းက သူ၏မင်းဆရာဖြစ်သူ ထိုက်ဖူနှင့် လက်ထပ်သင်ကြားထားခြင်းဖြစ်သည်။ မြို့တော်တစ်ခုလုံးတွင် သူနှင့်လက်ရည်ချင်း ယှဉ်နိုင်သည့်သူမှာ အလွန်အနည်းအကျဉ်းသာရှိသည်။
(ထိုက်ဖူ : အိမ်ရှေ့စံကို သင်ကြားပြသရသည့် မင်းဆရာ)
သူက : “ပြိုင်စရာကို မလိုတာ သိနေနှင့်ပြီးသားမလို့”
ရှန့်လင်သည် ယနေ့တွင် သူနှင့် ကျားထိုးပေးရန် တကျည်ကျည် တောင်းဆိုလာတော့သည်။ မဆိုင်းတတွဘဲ သူ(မ)သည် ကျားထိုးစားပွဲကို ပြင်ဆင်လိုက်ပြီး သူ့လက်မောင်းကို ဆွဲကာ ထိုင်ခုံတွင် အတင်းထိုင်ခုံတော့သည်။
“အစ်ကိုတော်က အမဲရောင်ကို သုံး လင်အာက အဖြူကို သုံးမယ်”
ရှန့်လင်သည် အမှန်တကယ်တွင် သူနှင့် ကျားထိုးချင်နေခြင်းမဟုတ်၊ သူ(မ)က ဤအခွင့်အရေးကို အခွင့်ကောင်းယူပြီး သူ့နှင့် စကားများများ ပြောခွင့်ရနိုင်ရန်ဖြစ်သည်။ သူ(မ)စိတ်သည် ကစားပွဲပေါ်တွင် လုံးလုံး ရှိမနေ၊ သူ၏မျက်နှာကို ကြည့်ရင်း မှင်သက်နေ၏။
ကျောက်ရှီသည် သူ(မ)မြင်ဖူးသမျှ အမျိုးသားများထဲ ကြည့်အကောင်းဆုံးဖြစ်သည်။ ရေခဲသားဖြင့် ထွင်းထုထားသကဲ့သို့သော အေးတိအေးစက် မျက်နှာနှင့် တသီးတသန့်ဆန်သော စိတ်နေသဘောထားတို့က သူ(မ)အား သူ့ကို မငြိတွယ်သွားမိစေဘဲ မနေနိုင်အောင်ပင်။
ရှန့်လင်သည် သိပ်မကြာလိုက်ခင်မှာပင် အရှုံးကြီးရှုံးတော့သည်။ သို့သော် သူ(မ)သည် အရှုံးအနိုင်ကို နည်းနည်းလေးမှ ဂရုမစိုက်ချေ။ သူ(မ)က မေးကို လက်ထောက်လို့ နက်မှောင်သော မျက်လုံးဝိုင်းဝိုင်းများဖြင့် ကျောက်ရှီကို တည့်တည့်စိုက်ကြည့်နေတော့သည်။
“ထိုက်ကျစ်ကောကော၊ အစ်ကိုတော် အဲ့ဒါကို သိတယ်မလား”
ကျောက်ရှီသည် ကျားစေ့များကို ပြန်လည်သိမ်းနေရင်း အမူအရာမဲ့လျက်ရှိသော မျက်နှာဖြင့် : “ဘာကိုလဲ”
ရှန့်လင်သည် တိုက်ရိုက်ပင် ဆို၏။
“ညီမလေးတို့နှစ်ယောက်ရဲ့ မင်္ဂလာပွဲအကြောင်းကိုလေ”
ကျောက်ရှီသည် အမှုမထားစွာပင် : “အမ်း”
ရှန့်လင်သည် သူ့ကို မျှော်လင့်စောင့်စားနေသော အကြည့်များဖြင့် ကြည့်ပြီး နှလုံးသားက လွန်စွာ ခုန်နှုန်းမြန်နေခဲ့သည်။ ရှားပါးစွာဖြင့် သူ(မ)သည် ရှက်သွေးဖြာနေခဲ့ပြီး အသံတိုးတိုးဖြင့် မေးလာ၏။
“ထိုက်ကျစ်ကောကော၊ အစ်ကိုတော်လည်း လင်အာကို နည်းနည်းပါးပါးတော့ သဘောကျတယ်မလား”
သူသာ ဤမင်္ဂလာပွဲကို သဘောမတူလျှင် မည်သူမျှ သူ့ကို အတင်းအကျပ် ဖိအားပေး၍မရကြောင်း သူ(မ)လည်း နားလည်ထား၏။
သူသည် သူ၏အဓိကကြင်ရာတော်အဖြစ် သူ(မ)ကို လက်ထပ်ရန် လိုလိုလားလားနှင့် ရွေးချယ်ခဲ့ခြင်းက သူ(မ)အပေါ် အမြင်ကောင်းများရှိနေသည်ဟု ဆိုလိုသည်ပဲ မဟုတ်ပါလား။
ကျောက်ရှီသည် လက်ထဲတွင် ကိုင်ထားသော အဖြူရောင်အစေ့များကို ချလိုက်ပြီး ခေါင်းကို မော့ကာ ခံစားချက်ကင်းမဲ့နေသော မျက်ဝန်းများက မိန်းမငယ်လေး၏နီရဲနေသော မျက်နှာကို စေ့စေ့ကြည့်ရင်း နွေးထွေးမှုဟူ၍ တစိုးတစိမပါသည့် အသံဖြင့် တစ်လုံးချင်းစီ ဆိုလာ၏။
“ကျင့်ကျူ(မင်းသမီး)”
ရှန့်လင်က ရှက်သွေးဖြာရင်း : “ညီမလေးကို လင်အာလို့ပဲ ခေါ်ပါ”
ကျောက်ရှီသည် သူ သူ(မ)ကို ခေါ်သည့်ပုံစံအား ပြောင်းလဲရန် အစီအစဉ် ရှိပုံမပေါ်၊ သူက ဆက်၍လည်း : “အစ်ကိုတော် မင်းကို လက်ထပ်တာနဲ့ မင်း အစ်ကိုတော်ကို လက်ထပ်တာက နှစ်ယောက်စလုံးအတွက် အချိန်ကုန်လူပင်ပန်းသက်သာစေတယ်မလား”
ရှန့်လင်၏နှုတ်ခမ်းထောင့်မှ အပြုံးသည် တဖြည်းဖြည်း တောင့်တင်းသွားပြီး မျက်နှာသေးသေးလေးက ဖြူဖျော့ကာ : “အစ်ကိုတော် ဘာကို ဆိုလိုချင်တာလဲ”
ကျောက်ရှီသည် မတ်တပ်ထရပ်ကာ သူ(မ)ကို တည်ငြိမ်စွာဖြင့် တစ်ချက်ဝေ့ကြည့်ပြီး : “ကျင့်ကျူ ဒါကို ရှင်းရှင်းလင်းလင်း သဘောပေါက်နေသင့်တယ် အစ်ကိုတော််လိုအပ်တာက သင်လျော်တဲ့ ထိုက်ကျစ်ဖေးတစ်ယောက်၊ အဲ့ဒါက မင်းလည်း ဖြစ်နိုင်သလို တခြားတစ်ယောက်လည်း ဖြစ်နိုင်တယ်”
သူသည် တစ်စုံတစ်ယောက်အား မျက်နှာသာပေးရန် အစီအစဉ်မရှိလျှင် ထိုလူအား အမှန်တကယ်ပဲ မည်သည့်မျက်နှာမှ မချန်ထားပေးတော့ပြီး စကားယဉ်ယဉ်လေးကပင် လူကို မျက်နှာဖြတ်ရိုက်နိုင်စွမ်းရှိ၏။ ကျောက်ရှီသည် ဤစကားလုံးများကို မည်သည့်မကောင်းသည့်ရည်ရွယ်ချက်မျိုးနှင့်မျှ ဆိုခြင်းမဟုတ်၊ သူ့နှလုံးသားထဲမှ လာသည့်အတိုင်း မှန်ရာကို ရိုးသားစွာ ဆိုနေခြင်းသာဖြစ်သည်။
“ကျင့်ကျူးအနေနဲ့ အစော်ကားခံလိုက်ရတယ်လို့ ခံစားရပြီး ဆက်ပြီး ဆန္ဒမပါတော့ရင် အစ်ကိုတော်် အဖွားကို ပြောပြီး ဒီမင်္ဂလာပွဲကို ဖျက်သိမ်းပေးမယ်”
ရှန့်လင်၏အမြင်သည် မှောင်မိုက်သွားပြီး လျှာကို ကိုက်မိလုနီးနီး။
“လင်အာ ဆန္ဒမပါတာမျိုး မဖြစ်ပါဘူး”
ကျောက်ရှီသည် ပမာမထားစွာပင် လည်ချောင်းသံပြုပြီးနောက် : “အစ်ကိုတော်မှာ တခြားလုပ်စရာလေးတွေ ရှိနေသေးတာမလို့ အရင်သွားနှင့်မယ်”
ရှန့်လင်သည် ရုတ်တရက် တစ်ဖက်သို့ လှည့်လိုက်ပြီး သူ(မ)ကို ကျောပေးထားသည့် သူ့ကို ကြည့်ကာ မေးလိုက်သည်။
“အစ်ကိုတော်……အစ်ကိုတော်ရင်ထဲမှာ တစ်ယောက်ယောက် ရှိနေလို့လား”
အနှီအမျိုးသားက သူ(မ)ကို အဖြေမပေးလေဘဲ ထွက်သွားနှင့်ပြီးဖြစ်သည်။
တစ်ခဏ ဆိတ်ငြိမ်နေပြီးနောက်တွင် ရှန့်လင်သည် သူ(မ)ရှေ့မှ စားပွဲကို ရုတ်တရက် လှန်လိုက်ရာ ကျားစေ့အကုန်လုံး မြေပြင်ပေါ် ပြုတ်ကျကုန်ပြီး မျက်လုံးများက သွေးကဲ့သို့ ရဲရဲနီနေ၏။ ၎င်းသည် သူ(မ)အတွက် ကြီးမားသည် ထိုးနှက်ချက်တစ်ခုဖြစ်ပြီး ခံနိုင်ရည်ရှိဖို့ရာ အလွန်ခက်ခဲ၏။ သူ(မ)အပေါ် …သူ(မ)အပေါ် သူ တကယ်ပဲ နည်းနည်းလေးတောင်မှ ခံစားချက်မရှိဘူးလား၊ သူ့အတွက် သင့်လျော်တဲ့ အဓိကကြင်ရာတော်တစ်ယောက်ကို လိုအပ်နေရုံပဲတဲ့လား။
သူ(မ)က ဘာလဲ? ဆန္ဒရှိသလို စိတ်တိုင်းကျ အသုံးချပြီး စွန့်ပစ်လို့ရတဲ့ မင်းသမီးတစ်ယောက်လား?
ရှန့်လင်သည် ရယ်ပင်မရယ်နိုင်တော့ချေ။ သူ(မ)သည် သူ(မ)အယုံကြည်ရဆုံးသော ငယ်သားတစ်ယောက်ကို ခေါ်လိုက်သည်။
“ထိုက်ကျစ်ကောကောမှာ အငယ်အနှောင်းတစ်ယောက်ရှိတယ်လို့ ကြားတယ်၊ ငါ့ကို အဲ့ဒီမိန်းကလေးက ဘယ်သူလဲဆိုတာနဲ့ နာမည်ဘယ်လိုခေါ်လဲ ဆိုတာ သွားစုံစမ်းပေးစမ်း”
အရင်က ရှန့်လင်သည် ထိုမိန်းကလေးကို စိတ်ကူးထဲပင် မထည့်ထားချေ။ သူ(မ)က လူမြင်ကွင်းရှေ့ ထုတ်ပြလို့မရနိုင်သည့် ဂုဏ်မဲ့ အပြင်အငယ်အနှောင်းတစ်ယောက်သာသာ,သာဖြစ်သည်။
သို့သော် ယခုတွင်မူ သူ(မ) ထိုသို့ဆက်တွေးနေ၍ မဖြစ်တော့ပေ။
“ကျွန်တော်မျိုးမ အခုချက်ချင်း ဆောင်ရွက်လိုက်ပါ့မယ်”
ရှန့်လင်တစ်ယောက် လက်သီးကျစ်ကျစ်ဆုပ်ထားရင်း မျက်ဝန်းအတွင်းနက်နက်ထဲမှ ရက်စက်မှုနှင့် အမုန်းတရားက ကြောက်လန့်ဖွယ်ရာအတိပင်။
မင်ကျူးတစ်ယောက် သူ(မ)တော့ နေရင်းထိုင်ရင်း ပြဿနာတက်နေပြီဖြစ်ကြောင်း မသိလေချေ။ ရက်ပေါင်းများစွာ ဆက်တိုက်ဆိုသလို သူ(မ)သည် ခြံနောက်ဖေးတံခါးငယ်လေးအပြင်တွင် ဝေ့ချီယွီနှင့် မကြာခဏ ဆုံဖြစ်၏။ သူ့ကို တွေ့သည့်အချိန်တိုင်းတွင်လည်း အပြန်အလှန် ခေါင်းညိတ်နှုတ်ဆက်ရုံမျှသာ။ ယခင်ကမူ ဝေ့ချီယွီသည် သူ(မ)ကို ဤတံခါးငယ်လေးအပြင်တွင် အမြဲ စောင့်နေခဲ့ပေမယ့် ရာသီတွေ ကုန်လွန်လာခဲ့ချိန်မှာတော့ အရာများစွာက ပြောင်းလဲသွားခဲ့သည်။
နှစ်သစ်ကူးအကြိုမိသားစုစုံညီစားပွဲတွင် မင်ကျူးသည် ဖျားနာကြောင်း သတင်းပို့ပြီး ပင်မခန်းမသို့ မသွားဖြစ်ပေ။ ကျူးမူသည် သူ(မ)၏ခြံဝင်းသို့ ညစာပို့ပေးရန် အစေခံတစ်ယောက်ကို စေလွှတ်လိုက်ပြီး သူ(မ)အား ကျန်းမာရေးကို ဂရုစိုက်ဖို့ရာနှင့် စာအိတ်နီလေးတစ်လုံးကိုပါ ထည့်ပေးလိုက်သေးသည်။ သူ(မ)သည် မင်ကျူးကို မျက်နှာသာပေးရန် အစွမ်းကုန် ကြိုးစားနေသည်ပေ။
မင်ကျူး နှစ်သစ်ကူးအကြို မိသားစုစုံညီညစာစားပွဲအတွက် ပင်မခန်းမသို့ မသွားချင်ရခြင်းအကြောင်းအရင်းမှာ ရိုးရှင်း၏။ တတိယအိမ်တော်ခွဲမှ ကလေးဆိုးများသည် သူ(မ)ကို ရွေးပြီး အမြဲအနိုင်ကျင့်ကြပြီး နှစ်စဉ်နှစ်တိုင်းဆိုသလို သူ(မ)အဝတ်အစားများသည် ပျက်စီးသွားတတ်သည်။ တစ်ခါတစ်ရံ သူတို့သည် သူ(မ)စကပ်ကို ညှပ်ဖြတ်ကြပြီး၊ ရံဖန်ရံခါ သူ(မ)အပေါ် ခုန်ပေါက်ကာ ဆံပင်ကို ထုံးဖွဲ့ထားသည့် ဆံထိုးများကို ဆွဲဖြုတ်တတ်ကြပြီး သူ(မ)ကိုယ့်ကိုယ်ကိုယ် အရူးလုပ်သည်ကို ပျော်ပျော်ကြီး ထိုင်ကြည့်ကြသည်။ မင်ယွမ်သည်လည်း ဤအခွင့်အရေးမျိုးကို လက်လွှတ်မခံတတ်ပြီး သူ(မ)ကို စားဖိုဆောင်တွင် ပန်းကန်များ ဆေးကြောခိုင်းကာ မြို့ရိုးတံခါးတွင် မီးရှူးမီးပန်းများ ကြည့်ခွင့်မရစေရန်အတွက် သူ(မ)ကို အထဲတွင် တမင်တကာ သော့ပိတ်ထားခဲ့တတ်သည်။
မင်ကျူးသည် ယခုဆို ဖူးဖူးမှုတ်ခံဘဝတွင် နေနေရပြီဖြစ်၍ ထိုကလေးဆိုးလေးများ၏အစအနောက်ကို မခံချင်တော့သလို သူတို့၏လက်ညိုးထိုး စေခိုင်းမှုများကိုလည်း နားမထောင်ချင်တော့ပြီး အလကားသက်သက် အလုပ်ကြမ်းများကို မလုပ်ကူချင်တော့ပေ။
အခြားသူများအားလုံး နှစ်သစ်ကူးကို ရယ်မောပျော်ရွှင်သံများဖြင့် ဆင်နွှဲနေကြသည်။
မင်ကျူး၏ခြံဝင်းငယ်လေးတစ်ခုတည်းသာ တိတ်ဆိတ်မြဲတိတ်ဆိတ်နေဆဲ ငြိမ်သက်မြဲငြိမ်သက်နေဆဲ၊ အပ်ကျသံပင် မကြားရနိုင်လောက်အောင်ဖြစ်နေသည်။
ပိယင်မှာ ၎င်းကို ကြည့်ပြီး အလွန် စိတ်မကောင်းဖြစ်နေ၏။ အခန်းထဲရှိ လေထုကို မြူးကြွစေရန်အလို့ငှာ နည်းလမ်းများ စဉ်းစားနေချိန် မင်ကျူးသည် ရုတ်တရက် စားပွဲပေါ်မှ ယခုလေးတင် လုပ်ထားသည့် မီးပုံးနီလေးတစ်ခုကို ကောက်ကိုင်ပြီး မတ်တပ်ထရပ်လိုက်သည်။
“ငါ ခဏလောက် အပြင်ထွက်အုံးမယ်”
သူ(မ) လျင်မြန်စွာ ပြေးထွက်သွားသည်က ပိယင်တစ်ယောက် သူ(မ)နောက်သို့ အမီမလိုက်နိုင်လောက်အောင်ပင်။ လေပြည်က သူ(မ)၏စကပ်ကို သယ်ဆောင်ထားပြီး အင်္ကျီလက်စများက လေနှင့်အတူ လွင့်မျောနေသည်မှာ အလန့်တကြား ထွက်ပြေးလာသည့် နတ်မိမယ်တစ်ပါးပမာ။
မင်ကျူးသည် အနောက်တံခါးဆီ ဦးတည်ပြေးသွားရင်း မောဟိုက်နေတော့သည်။ သူတို့နှစ်ယောက်အကြားတွင် တံခါးလေးတစ်ချပ်သာ ခြား၏။ သို့သော် ထိုတဒင်္ဂလေးအတွင်း သူ(မ)သည် ဤတံခါးကို ဖွင့်လိုက်ဖို့ရာ သတ္တိလျော့နည်းနေမိပြန်သည်။ အားယူသတ္တိမွေးလို့ တံခါးကို ဖြည်းညှင်းစွာ ဖွင့်လိုက်ချိန် ဝေ့ချီယွီက သူ(မ)နှင့်မျက်နှာချင်းဆိုင်တွင် ရပ်နေ၏။
သူ ဤနေရာလေးတွင် ရှိနေလိမ့်မည်မှန်း သူ(မ)သိ၏။
နှစ်တိုင်းယခုလိုအချိန်မျိုးတွင် သူသည် သူ(မ)ကို ဤနေရာတွင် အမြဲစောင့်နေတတ်သည်။ သူ(မ)က တစ်ညလုံး သူ(မ)အဖွား၏မျက်နှာလိုက်မှုအကြောင်း၊ တိညီအစ်မများ သူ(မ)ကိုပေးလာသော ဒုက္ခများအကြောင်း ရောက်တက်ရာရာ ပြောပြီး သူ့ကို အမြဲတမ်း ညည်းညူတိုင်တန်းလေ့ရှိသည်။ သူ(မ)သည် သူ(မ)၏အသေးအဖွဲကိစ္စလေးများကအစ သူ့ကို ပြောပြတတ်သည်။
မင်ကျူးသည် ရုတ်တရက် ဖြစ်တည်လာသည့် စိတ်ဆန္ဒကြောင့် အပြင်သို့ ပြေးထွက်လာခြင်းဖြစ်သော်လည်း သူ(မ) နောင်တမရမိပေ။ နောက်ပိုင်း သူ(မ) အဝေးကြီးဝေးရာသို့ ထွက်ပြေးသွားသည့်အချိန် ဤဘဝတွင် ဘယ်သောအခါမှ ထပ်ပြောခွင့်မရှိတော့မည့် စကားအချို့ရှိနေလေသည်။
စက္ကူမီးအိမ်ထဲမှ ဖယောင်းတိုင်မီးရောင်က နှစ်ဦးသား၏မျက်နှာကို ရောင်ပြန်ဟပ်နေပြီး သူ၏အသားအရေအား ကျောက်စိမ်းဖြူပမာ နူးညံ့နေစေ၏။ မင်ကျူးသည် သူ၏မျက်ဝန်းနက်နက်များကို ကြည့်ရင်း ဆိုလိုက်သည်။
“အဲ့ဒီနှစ်က ညီမ အစ်ကို့အတွက် မွေးနေ့လက်ဆောင်ပြင်ထားခဲ့ပေမဲ့ အစ်ကို့ကို ပေးဖို့ အခွင့်အရေးမရလိုက်ဘူး”
ဝေ့ချီယွီသည် လည်ချောင်းထဲမှ နာကျင်မှုဝေဒနာကို ခံစားလိုက်ရသည်။
“အမ်း”
မင်ကျူး ၎င်းကို ထုတ်ပြောပြီးသည့်နောက်တွင် ပူပန်နေခဲ့ရသော ပုခုံးထက်မှ ဝန်တစ်ခုကို ဖြေရှင်းလိုက်နိုင်သကဲ့သို့ စိတ်အေးသွား၏။
“အဲ့ဒါက ဘာလဲဆိုတာ မမေးချင်တော့ဘူးလား”
ဝေ့ချီယွီ သူ(မ)ကို ပြုံးပြလိုက်သည်။ ၎င်းမှာ ဤရက်များအတွင်း ပထမဆုံးအကြိမ်အနေဖြင့် သူ(မ) သူ့အပြုံးကို မြင်လိုက်ရခြင်းဖြစ်သည်။ သူ၏သံနေသံထားသည် ယခင်ကအတိုင်း၊ ပြောင်းလဲသွားခြင်းမရှိခဲ့ချေ။
“ဘာလေးလဲ”
မင်ကျူးသည်လည်း ပြုံးလိုက်လေရင်း : “သိပ်ပြီးအဖိုးမတန်တဲ့ ယွီကွမ်းလေးတစ်ခုပါပဲ”
တစ်ဖန် သူ(မ)က နှမြောဟန်ဖြင့် သက်ပြင်းချကာ : “အခုတော့ မရှိတော့ဘူး ပျောက်သွားပြီ”
ဝေ့ချီယွီသည် အရှေ့သို့ တိုးသွားပြီး သေလောက်အောင် သူ(မ)ကို ပွေ့ဖက်ထားလိုက်ချင်ပါသော်လည်း အင်္ကျီလက်အောက်မှ လက်များကို ခိုင်မာသည့် ချုပ်နှောင်မှုအောက်တွင် ထိန်းထားလိုက်သည်။ သူသည် သူ(မ)အား ညင်သာစွာ ခေါ်လိုက်သည်။
“ကျူးကျူး”
“အမ်?”
“အစ်ကို အဲ့ဒီနှစ်မှာ မင်းဆီကနေ မွေးနေ့လက်ဆောင်ရခဲ့တယ်လို့ မှတ်ယူလိုက်မယ်နော်၊ ကျေးဇူးတင်ပါတယ်”
နောက်ဖေးလမ်းကြားအဝင်ဝတွင် မြင်းလှည်းတစ်စီး ရပ်နေပြီး လှည်းပေါ်ထိုင်နေသည့် အမျိုးသားတစ်ဦးသည် ထိုနှစ်ဦးသားအကြားရှိ စကားဝိုင်းကို တိတ်တဆိတ်နှင့် နားထောင်နေ၏။ ပြတင်းကန့်လန့်ကာများက အပြင်ဘက်မှ အလင်းရောင်ကို ပိတ်ဆို့ထားပြီး ညအမှောင်ယံထဲတွင် ထိုအမျိုးသား၏မျက်နှာအမူအရာကို ပြတ်သားစွာ မမြင်နိုင်ပေ။ အချိန်အတော်အတန်ကြာပြီးနောက်တွင်မှ မပွင့်တပွင့် အေးစက်စက်ရယ်သံတစ်ခုသာ အမှောင်ထုထဲ ထွက်ပေါ်လာ၏။
သူ နန်းတော်စားသောက်ပွဲကနေ စောစောစီးစီး ထွက်လာခဲ့ခြင်းက ဤသို့သော အံ့ဩဖွယ်ရာမြင်ကွင်းမျိုးကို အမှန်တကယ် မြင်တွေ့နိုင်စေခဲ့သည်လေ။
Spoiler for next chapter :
မင်ကျူး VS ကျောက်ရှီ