no

Font
Theme

အပိုင်း (၀၁၈)

ကျောက်ရှီသည် မင်ကျူး၏စားပွဲကို ငှားပြီး စာရွက်နှင့် မှင်သွေးကျောက်ကို ပြင်ဆင်ကာ လက်ထဲတွင် စုတ်တံကို ကိုင်ထား၏။ သူ၏ကိုယ်နေဟန်ထားက ဖြောင့်မတ်တင့်တယ်နေပြီး နွေးနွေးထွေးထွေးဖယောင်းတိုင်မီးရောင်က ချောမွေ့သော ကျောက်စိမ်းဖြူပမာ အပြစ်အနာဆာကင်းသော သူ့မျက်နှာထက် ရောင်ပြန်ဟပ်ကာ တောက်ပနေ၏။

သိပ်မကြာလိုက်ခင်မှာပင် ကျောက်ရှီသည် မင်္ဂလာပွဲဖျက်သိမ်းကြောင်း ပြန်တမ်းကို ရေးပြီးသွားသည်။

ညင်ညင်သာသာ လေညှင်းလေး စာရွက်ပေါ် ဖြတ်ပြေးသွားသည်နှင့် ခဏအတွင်းမှာပင် မှင်သည် တဖြည်းဖြည်း ခြောက်သွား၏။

ကျောက်ရှီသည် သူ၏တံဆိပ်တုံးကို ပြန်တမ်းပေါ် ရိုက်နှိပ်လိုက်ပြီးနောက် သူ၏လူယုံအား အမြန်ဆုံးနှုန်းဖြင့် ရှန်းယန်မြို့သို့ ပို့ဆောင်ရန် အမိန့်ပေးလိုက်သည်။

ခုတင်ထက် လဲလျောင်းနေပြီးဖြစ်သော မင်ကျူးသည် သူ့အား အသံတိတ် ငေးကြည့်ရင်းဖြင့် သူ ဘာတွေရေးနေသလဲကို သိချင်စိတ်ဖြစ်မိသည်။

သူ(မ)သည် စောင်ကို တိတ်တဆိတ် ဖိဆုပ်ကာ သူ့ကို ကျောပေးလိုက်ပြီးနောက် အနားယူရန် မျက်လုံးများကို ဖြည်းဖြည်းချင်း မှိတ်လိုက်သည်။

မင်ကျူး၏ အသိစိတ်များ မှုန်ရီဝေဝါးနေချိန် သူ(မ)ကိုယ်ပေါ်မှ စောင်သည် လှန်တင်ခံလိုက်ရဟန်တူပြီး တစ်စုံတစ်ယောက်က သူ(မ)ခြေကျင်းဝတ်များကို ဖမ်းဆုပ်ကာ ညင်သာစွာ ဆွဲထုတ်လိုက်ပြီးနောက်က သူ(မ)၏ ဘောင်းဘီပါးပါးလေးသည် တဖြည်းဖြည်း အပေါ်သို့ လှိမ့်တက်သွားတော့သည်။

အမျိုးသား၏လက်များ ညင်ညင်သာသာနှင့် အသာအယာ လှုပ်ရှားနေသည်မှာ အလွန်သတိတကြီးထားနေရသည့် ပုံစံမျိုးဖြင့်။

လွန်စွာ ပင်ပန်းနွမ်းနယ်ပြီး အိပ်ငိုက်နေပြီးဖြစ်သော မင်ကျူးသည် မျက်လုံးများကိုပင် အားယူမဖွင့်နိုင်တော့သဖြင့် သူ(မ)၏ပုံစံလေးက လုံးဝ အကာကွယ်မဲ့နေပြီး မည်သည့်အရာကိုမျှ ခုခံနိုင်စွမ်းမရှိတော့သည့်ပုံနှယ်၊ သူ(မ)သည် သူ၏ရင်ခွင်ထဲ ငြိမ်ငြိမ်လေး တိုးဝှေ့ပူးကပ်နေတော့သည်။

ကျောက်ရှီသည် သူ(မ)ဒူးမှ ဒဏ်ရာများကို တိတ်တဆိတ် စိုက်ကြည့်နေ၏။ ပွန်းပဲ့ဒဏ်ရာများမှာ ယခုထိတိုင် ထိတ်လန့်ဖွယ်ကောင်းနေဆဲ။ သူသည် ဆေးမှုန့်ကို ယူလိုက်ပြီး မျက်လွှာချကာ အာရုံတစိုက်နှင့် ဒဏ်ရာများကို သေချာစွာ လိမ်းကျံပေးလိုက်သည်။ ဒူးနေရာကို ဆေးလိမ်းပေးပြီးသည်နှင့် သူ(မ)၏ခြေသလုံးများကို သေချာစွာ တစ်ချက် စစ်ဆေးကြည့်လိုက်သည်။ ခြေသလုံးအနောက်ဘက်တွင် ထင်ထားသည့်အတိုင်း အပြာရောင်အကွက်ကြီးက သိသိသာသာ၊ သူ(မ)ကို ကန်လိုက်သည့် ကန်ချက်က အား အတော်လေးပါသည် ဖြစ်မည်။

ကျောက်ရှီ၏မျက်ဝန်းများထဲမှ အနက်ရောင်အလင်းတန်းက နက်ရှိုင်းသွား၏။ သူသည် သူ(မ)၏အဝတ်အစားများကို သေချာစွာ ပြန်ပြင်ဆင်ပေးလိုက်ပြီး ခြေအိတ်များကိုပါ တစ်ခါတည်း ဝတ်ပေးလိုက်သည်။ ထို့နောက် သူ(မ)အား လုံလုံခြုံခြုံ စောင်ပြန်ခြုံပေးထားလိုက်သည်။

မိန်းမငယ်လေး၏သွင်ပြင်က နူးနူးညံ့ညံ့နှင့်၊ အိပ်နေသည့်ပုံစံလေးက လွန်စွာဖြူစင်အပြစ်ကင်းနေ၏။ မျက်နှာသေးသေးလေးက နူးညံ့အိစက်ပြီး အသားအရေက နှင်းဖြူဖြူများပမာ ဖြူဖွေးချောမွေ့နေလေသည်။

ကျောက်ရှီသည် အင်္ကျီလက်အောက်မှ လက်ချောင်းများကို နှစ်ကြိမ်တိုင် ပွတ်လိုက်ပြီး မနေနိုင်သည့်အဆုံး သူ(မ)၏ နူးနူးညံ့ညံ့ ပါးမို့မို့များကို ညင်သာစွာ လှမ်းညှစ်လ်ုက်သည်။

မင်ကျူးသည် အိပ်မောကျနေသည်အား နှောင့်ယှက်ခံလိုက်ရသကဲ့သို့ တစ်ချက် ညည်းလိုက်ပြီး တစ်ဖန်အိပ်ပျော်သွားပြန်သည်။

နောက်တစ်နေ့ကား လှပသော နွေဦးနေ့တစ်နေ့ဖြစ်ပြီး နွေးနွေးထွေးထွေး နေရောင်ခြည်က အခန်းဆောင်အတွင်းရှိ ထောင့်နေရာတိုင်းကို လွှမ်းခြုံထား၏။

မင်ကျူးသည် ဤနွေးထွေးသော ခံစားချက်လေးဖြင့် နိုးထလာပြီး သူ(မ)ထရန် ဟန်ပြင်လိုက်သည့်အချိန် ဒူးခေါင်းက အနည်းငယ် နာကျင်နေသည်ကို ခံစားလိုက်ရသည်။

ပိယင်သည် သူ(မ)ကို တားရန် ရှေ့မှောက်သို့ အလျင်အမြန် ရောက်လာ၏။

“မမလေး၊ ဒီရက်ထဲတော့ ဒဏ်ရာသက်သာအောင်လို့ အိပ်ရာထဲမှာပဲ နေပါအုံး”

ပိယင်၏မျက်နှာသည် မျက်နှာချေမှုန့်ခပ်ပါးပါး လိမ်းကျံထားသည့်တိုင် ဖြူဖတ်ဖြူရော်နေပြီး မျက်တွင်းချောင်ချောင်ကျနေ၏။

မင်ကျူး သူ(မ)ကို ဘာဖြစ်နေသလဲ ဟုမေးမြန်းလိုက်သော်လည်း ပိယင်သည် ခေါင်းကို ငုံ့ကာ မျက်နှာတစ်ချက်မပျက်ဘဲ ပြန်ဖြေ၏။

“ကျွန်တော်မျိုးမ မနေ့ညက ကောင်းကောင်းအိပ်မပျော်လို့ပါ”

မင်ကျူးသည် ထောက်ထားစွာဖြင့် : “ဒါဆိုလည်း သွားပြီး နားနေလိုက်လေ”

“ရပါတယ် မမလေးရဲ့”

ပိယင်သည် ခေါင်းစဉ်ပြောင်းရန် အခွင့်အရေးယူပြီး ဆိုလိုက်သည်။

“အရှင့်သားက မထွက်သွားခင် ဒီနှစ်ရက်အတွင်း မမလေးကို သေချာလေး စောင့်ကြည့်ပြီး အိပ်ရာထဲက မထွက်စေဖို့ ကျွန်တော်မျိုးမကို အထူးတလည် ညွှန်ကြားသွားပါတယ်”

မင်ကျူးမှာ ကျောက်ရှီတစ်ယောက် အရေးမဟုတ်သည်ကို အရေးလုပ်နေသည်ဟု ခံစားမိလေသည်။

“ငါ တကယ် အဆင်ပြေပါတယ်ဆို”

“ကျွန်တော်မျိုးမကို အခက်တွေ့ရအောင် မလုပ်ပါနဲ့ မမလေး”

“ငါ တကယ် အဆင်ပြေတာပါ၊ နင် စိတ်ပူမနေနဲ့၊ ငါ သူ့ကို ပြန်မပြောဘူး”

ပိယင်နှင့် အခြားသူများအားလုံး ကျောက်ရှီကို လေးစားကြောက်ရွံ့ကြပြီး အပြစ်ပေးခံရမည်ကိုလည်း ကြောက်ကြသဖြင့် သူ့အမိန့်များအား မဖီဆန်ဝံ့ကြသည်ကို မင်ကျူး နားလည်၏။

သို့သော် ကျောက်ရှီသည် အရာရာကို သိမြင်နိုင်စွမ်းသည့် နတ်ဘုရားလည်း မဟုတ်ချေ။ ဘယ်သူမှ သူ့ကို သွားမပြောသရွေ့ သူ မည်သည့်နည်းနှင့်မျှ သိနိုင်မည် မဟုတ်ချေ။

မင်ကျူးသည် အိပ်ရာမှ ထပြီး ကိုယ်လက်သန့်စင်ဆေးကြောလိုက်သည်။ မနက်စာကို စားပွဲပေါ်တွင် အသင့်ပြင်ဆင်ထာပေးပြီး ဆန်ပြုတ်ချိုတစ်ပန်းကန် သောက်ပြီးသည်နှင့် သူ(မ)လည်း ဗိုက်ပြည့်သွားတော့သည်။

ပိယင်က မင်ကျူး၏မျက်နှာသည်လည်း အလွန်ကြည့်မကောင်းနေသည်ကို မြင်လျှင် : “မမလေး မနေ့ညက အိပ်မက်ဆိုးတွေ ထပ်မက်နေသေးတာလား”

မင်ကျူးသည် လက်ထဲမှ ပန်းကန်လုံးနှင့် တူများကို ချလိုက်ပြီး အကြောအချဉ်ဆန့်ကာ တစ်ချက် သမ်းဝေလိုက်ပြီး နွမ်းနယ်နေဟန်ရသော မျက်နှာလေးကို လက်နှစ်ဖက်ဖြင့် ထောက်ရင်း ဆိုလိုက်သည်။

“အိပ်မက်ဆိုးရယ်လို့လည်း မဟုတ်ပါဘူး”

ဖန်တရာတေနေအောင် ထိုမြင်ကွင်းများချည်း ဖြစ်သည်။ နောက်ပိုင်းတွင် ကျောက်ရှီသည် ဘုရင်ဖြစ်သွားဟန်ရသည်။ သူသည် သူ(မ)နှင့် သူ တစ်ခါက နေခဲ့ဖူးသော အပြင်အိမ်တော်ကို သိပ်ပြီး မလာဖြစ်တော့ချေ။

အိပ်မက်ထဲက ကျောက်ရှီသည် အမြဲဝမ်းနည်းနေသည့်နှယ်။ သူသည် စကားသိပ်မပြောဘဲ အချိန်ပြည့် ငြိမ်သက်နေခဲ့သည်ချည်းသာ၊ လရောင်အောက်တွင် အမြဲတစေ တစ်ကိုယ်တည်း ရပ်နေခဲ့ပြီး အမည်မသိ တစ်နေရာကို မျှော်ကြည့်နေတတ်သည့် သူ၏နောက်ကျောပြင်က အနည်းငယ် သနားစရာကောင်းနေ၏။

သူသည် အမြင့်ဆုံးသော အုပ်စိုးရှင်တစ်ဦးဖြစ်လာသော်လည်း သူ၏ဘေးပတ်လည်ရှိ အေးစက်မှုက ပိုပိုပြီးပြင်းထန်လာခဲ့သည်။

သို့ရာတွင် မင်ကျူးကို စိတ်သက်သာရာရစေသည်မှာ ကျောက်ရှီသည် သူ(မ)အတွက် ကမ္ဗည်းကျောက်စာတိုင်တစ်ခု စိုက်ထူထားပေးပုံရပြီး သူ(မ)၏သင်္ချိုင်းအတွက် ဖုန်းရွှေကောင်းသည့် နေရာကောင်းတစ်ခုကိုလည်း ရှာပေးထားခဲ့ခြင်းပေ။ သို့သော် သူသည် သူ(မ)ထံ အရိုအသေပေးရန်တော့ တစ်ခါမှ မရောက်လာခဲ့ပုံပါပေ။

ဤအရာများသည် သူ(မ)၏ အတိတ်ဘဝအပေါ် စိတ်ကူးပုံဖော်ထားသည့် ပုံသဏ္ဍာန်တွေပဲလား၊ သူ(မ)သေဆုံးပြီးနောက်ပိုင်း အမှန်တကယ် ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်တွေပဲလား မင်ကျူး မပြောနိုင်ပါလေ။

အသိပြန်ဝင်လာပြီးနောက်တွင် သူ(မ)သည် ၎င်းနှင့်ပတ်သက်ပြီး ဆက်ပြီးမပြောနေချင်တော့ပေ။

“ပိယင် ငါ့ကို ပြက္ခဒိန်လေး ယူပေးပါအုံး”

ပိယင်က သူ(မ)ထံ ပြက္ခဒိန်တစ်ခုကို ကမ်းပေးလာ၏။

မင်ကျူးသည် ရက်စွဲကို တစ်ချက်ကြည့်လိုက်ပြီး မီးပုံးပွဲတော်ရောက်ရန် နှစ်ရက်သာလိုတော့ကြောင်း သိလိုက်သည်။

ယခုတွင် အရာအားလုံးက အဆင်သင့်ဖြစ်နေပြီဖြစ်ပြီး ‌*အရှေ့အရပ်လေကို စောင့်ဆိုင်းနေရုံသာ ကျန်တော့သည်။

(အချိန်ကောင်း)

သူ(မ)သည် ကျောက်ရှီ၏လူသိမခံနိုင်သော အငယ်အနှောင်းတစ်ယောက်မဖြစ်လိုသလို၊ သူ၏ကိုယ်လုပ်တော်လည်း မဖြစ်ချင်ပါပေ။

သူ(မ)မိခင် မသေဆုံးခင်က သူ(မ)အား တစ်ခါ ပြောခဲ့ဖူးသည်၊ သာမန်မိသားစုမှ အမျိုးသားတစ်ယောက်ကို လက်ထပ်ယူပြီး သူ၏မူပိုင်ဇနီးသည်ဖြစ်ရခြင်းက သူကြွယ်တစ်ဦး၏ကိုယ်လုပ်တော်ဖြစ်ရခြင်းထက် များစွာ ပိုကောင်းသည်ဟူ၍။

ကိုယ်လုပ်တော်ဆိုသည့်အတိုင်း သဘာဝအရ သူများအောက်တွင်သာ ရှိသည်။ မိမိခင်ပွန်းသည်ကလည်း မိမိအပိုင်မဟုတ်သလို၊ မိမိသည်လည်း ပဏာမဇနီးသည်၏အာဏာအောက်တွင် နေရသဖြင့် အရာရာ မျက်နှာရိပ်မျက်နှာခြည်ကို ကြည့်ရပြီး ဘယ်သောအခါမှ ရင်ထဲရှိသည့်အတိုင်း ဖွင့်ထုတ်ပြောပိုင်ခွင့်မရှိချေ။

ထို့အပြင် ကျောက်ရှီကား အမှန်တကယ် သူ(မ)ကို သဘောကျခြင်းမဟုတ်၊ သူ(မ)၏ခန္ဓာကိုယ်ကို မြတ်နိုးနေခြင်းသာဖြစ်သည်။ သူသည် သူ(မ) ဇရာထောင်း၍ ရုပ်ဆိုးအကျည်းတန်သွားသည်အထိ စောင့်နေလိမ့်မည် မဟုတ်၊ ယခင်ဘဝကကဲ့သို့ ဝန်လေးမှုလေးပင် တစိုးတစိမရှိလေဘဲ သူ(မ)ကို သေမိန့်ပေးလိမ့်မည်ဖြစ်သည်။

“မမလေး ဘာတွေကြည့်နေတာလဲ”

“ဘာမှမဟုတ်ပါဘူး၊ မီးပုံးပွဲတော်နေ့မှာ ဘာဝတ်ရကောင်းမလဲ စဉ်းစားနေတာ”

“အရှင့်သားက မမလေးအတွက် သေချာပေါက် ကြိုစီစဉ်ထားပေးမှာပေါ့”

“အမ်း”

ပိယင် ယခုလေးတင် ပြောသွားသည့်ထိုစကားများက အမှန်ပေ။ သူ၏ အစွဲအလမ်းကြီးသော ဝါသနာများစွာထဲ ကျောက်ရှီသည် သူ(မ)အား ဆင်ယင်ပေးရသည်ကို အထူးတလည် နှစ်ခြိုက်၏။ သူသည် သူ(မ)ကို မြင်သူတကာငေးလောက်အောင် မခြယ်မှုန်းမပြင်ဆင်နိုင်သည်အထိ အားရကျေနပ်မှုရှိလိမ့်မည်မဟုတ်ပေ။

သို့သော် သူ(မ)အား မည်မျှပင် ကောင်းမွန်စွာ ဝတ်စားဆင်ယင်ပေးထားပါစေ သူ(မ)မှာ ထိုဝတ်စုံများကို အိပ်ဆောင်အပြင်ဘက်အထိပင် ဝတ်ခွင့်မရလိုက်၊ အမြဲလိုလို အခန်းထဲတွင်ပဲ သူ၏ဖြဲဆုတ်မှုကို ခံလိုက်ရချည်းသာဖြစ်သည်။

သူသည် သိမ်မွေ့ဟန်၊ တင့်တယ်ဟန် ရှိသယောင်ထင်ရသော်လည်း လက်များက အလွန်အားကောင်း၏။

ယခုဤအချိန်တွင် နန်းတော်အတွင်း အခြေအနေမှာ ရှုပ်ထွေးနေ၏။ အိမ်ရှေ့စံမင်းသား ထိမ်းမြားမင်္ဂလာပွဲကို ဖျက်သိမ်းရန် ကြံစည်နေသည်ဟူသော သတင်းသည် နန်းတော်အနှံ့ ပြန့်နှံ့သွားခဲ့ပြီး လူတိုင်း သတိပြုမိနေကြပြီဖြစ်သည်။

ရှန့်လင်သည် တငိုငိုတရယ်ရယ်ဖြင့် မနားတမ်း ပြဿနာရှာသောင်းကျန်းနေတော့သည်။ သူ(မ)၏ဝမ်းကွဲက အပေါစားကိုယ်လုပ်တော်တစ်ယောက်အတွက်နှင့် သူ(မ)တို့မင်္ဂလာပွဲကို အမှန်တကယ်ပဲ ဖျက်သိမ်းလိမ့်မည်ဟု သူ(မ) လုံးလုံး မမျှော်လင့်ထားခဲ့ပေ။ ၎င်းမှာ တကယ့် အရှက်ကြီးရှက်စရာ ဂုဏ်သရေပျက်ခြင်းမျိုးဖြစ်သည်။

ယမန်နေ့က အိမ်ရှေ့စံ၏‌ပွင့်ထွက်လာသော အမျက်တော်သတင်းက နန်းတော်တစ်ခုလုံး ပြန့်နှံ့နေပြီးဖြစ်သည်။ နန်းတော်မှ လူများမှာ ညင်သာသိမ်မွေ့လှသည့် အနှီအိမ်ရှေ့စံမင်းသား ‌အလွန်ဒေါသထွက်သည်ကို မြင်ခဲကြသည်။

မြင်လိုက်ကြသည့်လူတိုင်း လက်ဖျား၊ ခြေဖျားပင် အကုန်အေးစက်ကုန်၏။

ရှန့်လင်တစ်ယောက် ငိုယိုပြီး ပြဿနာရှာလည်း ထူးမည်မဟုတ်။ အိမ်ရှေ့စံ၏မင်္ဂလာကိစ္စကို ဆုံးဖြတ်ပိုင်ခွင့်က အပြည့်အဝ သူ့ထံတွင်သာ ရှိသည်။ သူသည် ပြောလျှင်ပြောသည့်အတိုင်း ဖြစ်အောင် လုပ်သည့်သူ၊ ညှိနှိုင်းဆွေးနွေးရန်အတွက် အခွင့်အလမ်းရှိမည်မဟုတ်ချေ။

ရှန့်လင်သည် နီရဲဖောင်းကားနေသော မျက်ဝန်းများဖြင့် ကျောက်ရှီကို သွားရှာပြီး သူ့အရှေ့မှာပင် မျက်ရည်ကျမိပြန်တော့သည်။

“ညီမအနေနဲ့ အစ်ကိုတော်ရဲ့အဲ့ဒီကိုယ်လုပ်တော်မကိုတောင် အပြစ်ပေးပိုင်ခွင့်မရှိဘူးလား”

မင်္ဂလာရက်ကို အတိအကျ မသတ်မှတ်ရသေးသည့်တိုင်၊ သူ(မ) အိမ်ရှေ့နန်းကို တရားဝင် မဝင်ရသေးသည့်တိုင် ထိုက်ကျစ်ဖေးတစ်ယောက်ရဲ့လုပ်ပိုင်ခွင့်ကို ဘာလို့ ကြိုပြီး လုပ်ခွင့်မရှိရမှာလဲ!?

ကျောက်ရှီက အေးစက်စွာ မေးခွန်းပြန်ထုတ်၏။

“ဘာအတွက်ကိုလဲ”

သူသည် ခြေနှစ်လှမ်းနောက်ဆုတ်ကာ သူ(မ)နှင့် ခပ်ဝေးဝေးတွင် ရပ်ပြီး : “ငါ မင်းကို ကြိုပြီးပြောထားဖူးပါတယ် မင်းကို လက်ထပ်တယ်ဆိုတာက သင့်လျော်မယ် ထင်လို့၊ မင်းအပေါ်မှာ ဘာခံစားချက်မှလည်း မရှိနေဘူး မင်း လက်မခံနိုင်ရင် ငါ့ကို လက်ထပ်ရမယ်ဆိုပြီး ငါက မင်းကို တွန်းအားပေးနေမှာမဟုတ်ဘူး”

“ဟုတ်ပါတယ်၊ ရှင် ပြောခဲ့ဖူးပါတယ် ဒါပေမဲ့……ဒါပေမဲ့…” ရှန့်လင်သည် မည်သည့်ဆင်ခြေကိုမျှ မရှာနိုင်ပေ။

သူ(မ)လည်း မနာလိုဝန်တိုမှုကို ခံစားတတ်သည်လေ။

လူတိုင်း မတင်းတိမ်နိုင်ကြသူချည်းပဲ မဟုတ်ပါလား။ ထိုကျစ်ဖေးဆိုသည့် ဘွဲ့တစ်ခုတည်းက သူ၏အလိုလောဘကို မဖြည့်ဆည်းနိုင်ပေ သူ(မ) သူ့အချစ်ကိုလည်း လိုချင်မိသည်။

ကျောက်ရှီသည် သည်းခံစိတ် ကုန်သွားပြီဖြစ်သည်။

“ရှန့်လင်၊ မင်း နန်းမြို့တော်မှာ မနေချင်တော့ရင် မနက်ဖြန်မှာ မင်းကို ရှန်းယန်မြို့ကို ပို့ဆောင်ပေးဖို့ တစ်ယောက်ယောက်ကို ငါ အမိန့်ပေးထားလိုက်မယ်”

ရှန့်လင်၏ခေါင်းမှာ တဝီဝီဖြစ်လာပြီး ထိုစကားများကြောင့် ပြောစရာစကားမဲ့ရင်း မြေပြင်၌ မြဲမြဲရပ်ဖို့ပင် အားမထုတ်နိုင်တော့၊ သူ(မ)သည် ဖြူဖျော့လျက် မျက်နှာဖြင့် : “ကျွန်မ ပြန်မသွားဘူး”

ထိုအမျိုးသားသည် စကားတစ်ခွန်းမဆိုလာချေ။ သူ၏ဘေးပတ်လည်မှ လေထုက ဆောင်းနေ့ရက်များ၏ လေပြင်းမုန်တိုင်းထက်ပင် အေးစက်နေ၏။

*

ကျောက်ရှီသည် မင်ကျူးတစ်ယောက် မီးပုံးပွဲတော်ကို အချိန်အတော်ကြာ မျှော်လင့်စောင့်စားနေခဲ့မှန်း သိ၏။ သူ(မ)သည် ဤသို့သော စည်းကားသိုက်မြိုက်သည့်နေ့မျိုးကို အမြဲ သဘောကျပုံပါပေ။

သူသည် မူလက ခြွင်းချက်အနေဖြင့် ပွဲတော်ညတွင် မီးပုံးပွဲတော်ကို သူကိုယ်တိုင် သူ(မ)ကို အဖော်ပြုခေါ်သွားချင်မိသည်။ ပြဿနာမှာ ထိုနေ့ညတွင် သူ အချိန်မီ ပြန်လာ‌ပေးနိုင်မည် မဟုတ်ပေ။

ထို့ကြောင့် ကျောက်ရှီသည် ပွဲတော်နေ့မတိုင်ခင် တစ်ရက်အလို ညနေခင်းတွင် မင်ကျူးကို အပြင်ခေါ်သွားပေးရန် ဆုံးဖြတ်လိုက်သည်။

မထွက်ခင် ကျောက်ရှီသည် သူ၏အနက်ရောင်ခြုံလွှာကြီးဖြင့် သူ(မ)ကို ခြုံပေးလာ၏။

မင်ကျူးမှာ ပူလွန်းသည်ဟု ခံစားရသဖြင့် ဝတ်ရမှာ တွန့်ဆုတ်မိသည်။

“ကျွန်မ မဝတ်ချင်ဘူး၊ ရှင့်ကို ပြန်ပေးမယ်နော်”

အိမ်တော်အပြင်တွင် လေသည် နှင်းများကဲ့သို့ တသုန်သုန်တိုက်ခတ်နေပြီး နွေဦးညလေညှင်းက အအေးဓာတ်ကို သယ်ဆောင်လာ၏။

ကျောက်ရှီသည် သူ(မ)၏လက်ဖဝါးသေးသေးလေးကို ဆုပ်ကိုင်ပြီး လှည်းဆီသို့ ဦးဆောင်ခေါ်သွား၏။ တစ်ခဏအကြာတွင် လှည်းသည် စားသောက်ဆိုင်တစ်ခု၏အပြင်တွင် ရပ်တန့်သွားသည်။ လှည်းပေါ်မှ မဆင်းခင် ကျောက်ရှီက သူ(မ)၏မျက်နှာကို မျက်နှာလွှားဇာဖြင့် ကာပေးပြီး ညင်ညင်သာသာ အမိန့်ဆိုလာသည်မှာ : “မချွတ်ရဘူး”

ယင်းသည် မင်ကျူးအတွက် ကျင့်သားရနေပြီးဖြစ်သည်။

အိမ်ရှေ့စံမင်းသား၏ ပိုင်ဆိုင်လိုစိတ်သည် လွန်စွာ ပြင်းထန်လှ၏။ သူ သူ(မ)ကို အပြင်သို့ ကြည်ကြည်ဖြူဖြူ ခေါ်ဆောင်ပေးသည်မှာ အလွန်မလွယ်ကူလှပြီးဖြစ်သည့်တိုင် သူ(မ)မျက်နှာကိုတော့ အခြားသူအား မြင်ခွင့်မပြုမည်မှာ အသေအချာသာဖြစ်သည်။

ဆိုင်ရှင်က သူတို့ကို တလေးတစား ကြိုဆိုပြီး ကြိုတင်စီစဉ်ထားသည့် သီးသန့်ခန်းဆီ ခေါ်ဆောင်သွားပေး၏။ ၎င်း၏ပြတင်းပေါက်သည် မြို့တော်၏ အစည်ကားဆုံးသော လမ်းမြင်ကွင်းနှင့် မျက်နှာချင်းဆိုင်တွင် ဖြစ်သည်။

စားသောက်ဆိုင်၏အပြင်ဘက်တွင် အိမ်ရှေ့စံမင်းသား၏ကိုယ်ရံတော်များက ခါးထက် ထက်ရှရှည်းလျားသော ဓားကိုယ်စီ ချိတ်ရင်း စောင့်ကြပ်နေကြသည်။

သီးသန့်ခန်းတွင် အချိန်တစ်ခုစာအထိ စောင့်ဆိုင်းနေနှင့်ပြီးကြသော ချန်ဝမ်းမင်းသား ရှန့်ဝမ်းလင်နှင့် နံပါတ်တစ်ထိပ်တန်းစာသင်သား စုန့်ဟွိုင်ချင်းတို့လည်း ရှိနေ၏။ နှစ်ဦးစလုံးသည် ဂုဏ်သတင်းကြီးသော မိသားစုများမှ အရေးပါသော အရာရှိများဖြစ်ကြသည်။

ရှန့်ဝမ်းလင်သည် အမျိုးသမီးတစ်ဦး၏ခါးပေါ် တင်ထားသည့် အိမ်ရှေ့စံ၏လက်များကို တစ်ချက်ကြည့်ပြီး မျက်လုံးများကို မှေးကျဉ်းလိုက်သည်။

“ဒီအမျိုးသမီးလေးက?”

ကျောက်ရှီသည် ခုံတွင် ဝင်ထိုင်ပြီး စားပွဲပေါ်တွင် တင်ထားသော သေရည်အိုးကို မြင်လျှင် တည်ငြိမ်စွာ ဆိုလိုက်သည်။

“လက်ဖက်ရည်တစ်အိုး ချပေး”

ဆိုင်ရှင်ကြီးသည် ဤသို့သော ရွှေဧည့်သည်တော်ကြီးများကို မည်သို့များ လျစ်လျူရှုနိုင်ပါ့မည်နည်း။ သူသည် အနည်းငယ်မျှပင် မပေါ့ဆဝံ့ဘဲ ကိုယ်တိုင်ကိုယ်ကျ လက်ဖက်ရည်ကို တည်းခင်းပြီး ရေကို ငှဲ့ပေး၏။

ရှန့်ဝမ်းလင်သည် မင်ကျူးကို ကြည့်ရန် လုံးဝ မတွန့်ဆုတ်နေချေ။ သူသည် သူ(မ)အား တည့်တည့်စိုက်ကြည့်ပြီး အပေါ်အောက်စုန်ဆန် စစ်ဆေးလိုက်သည်။ သူ(မ)၏ မျက်ခုံးနှင့် မျက်လုံးများကို ကြည့်ရုံဖြင့် သူ(မ)သည် ဖြူဝင်းသော အသားအရေ၊ သွယ်လျသော ခါးနှင့် တစ်သန်းမှာ တစ်ယောက်သာရှိသော ကောက်ကြောင်းလည်း ရှိလောက်မည့် ရှားပါးသည် အလှလေးတစ်ဦးဖြစ်ကြောင်း ခန့်မှန်းနိုင်သည်။ ဤသည်မှာ အရှင့်သားအိမ်ရှေ့စံ၏ သူ့အိပ်ရာကို နွေးထွေးစေရန်အတွက် ရွှေအိမ်လေးထဲ ဝှက်ထားသည့် မိန်းမလှ‌လေးပဲ ဖြစ်ရမည်။

တကယ်တမ်းတော့ တည်ကြည်ပြတ်သားပြီး လေးနက်လှပါတယ်ဆိုသည့် အိမ်ရှေ့စံသည်လည်း နူးညံ့သိမ်မွေ့သော အလှတရား၏စွဲဆောင်မှုကို မခုခံနိုင်ပါချေ။

သို့ရာတွင် ရှန့်ဝမ်းလင်သည် မင်ကျူးအပေါ် အမြင်ကောင်းမရှိချေ။ အိမ်ရှေ့စံသည် သူ၏အလှလေးအတွက်နှင့် အမျက်တော်ရှပြီး သူ့ဝမ်းကွဲနှင့် ထိမ်းမြားမင်္ဂလာပွဲကို ဤခုတင်နွေးပစ္စည်းတစ်ခုသာသာအတွက် ဖျက်သိမ်းလိုက်သည်တဲ့လေ။ ရှန့်ဝမ်းလင်သည် ဤအကြွေးကို သူ(မ)ခေါင်းထက်တွင် တင်ထား၏။

(ရှန်းယန်မင်းသမီး ရှန့်လင်နဲ့ ရှန့်ဝမ်းလင်တို့က ဝမ်းကွဲတွေပါနော်၊ အရှေ့ပိုင်းမှာလည်း ရေးထည့်ထားပေးပါတယ်)

“မမေးသင့်တဲ့မေးခွန်းတွေကို မမေးစမ်းနဲ့”

ကျောက်ရှီသည် မျက်နှာထက် မရွှင်မပြဖြစ်ဟန်ဖြင့် သူ့အမေးကို ဖြေပေးရန် လုံးလုံး ရည်ရွယ်ချက်မရှိနေပေ။

ရှန့်ဝမ်းလင်သည် သူ၏စိတ်အခြေအနေကို နားမလည်နေသကဲ့သို့ ဆိုလာ၏။

“အရှင့်သား ဘာမှမပြောရင်တောင်မှ ကျွန်တော်က သိပြီးသားပါ”

စုန့်ဟွိုင်ချင်းသည် လေထုကို ဖျန်းဖြေရန် ကြိုးစားလာ၏။

“သောက်ရအောင်၊ သောက်ရအောင်”

ရှန့်ဝမ်းလင်သည် အချိန်မီ စကားပြောရပ်လိုက်သော်လည်း မင်ကျူးကို ကြည့်သည့် အကြည့်များက အေးစက်နေဆဲပေ။ သူတို့ကဲ့သို့ မြင့်မြတ်သည့် တော်ဝင်မိသားစုများမှ ကလေးများသည် သူတို့၏အလှဖြင့် အမြင့်ကို တက်ချင်နေကြသည့် ကျွန်ပေါင်းများစွာကို မြင်ဖူး၏။ အရှင့်သားအိမ်ရှေ့စံတစ်ဦးတည်းကသာ ဤမိန်းကလေး၏ လှည့်စားမှုများထဲ ကျချင်ကျသွားလိမ့်မည်၊ အခြားသူများသာဆိုလျှင် ညစ်ပတ်သည့်အကြံဆိုးများဖြင့် ဤလူကို သေသည်အထိ ရိုက်နှက်ပြီး ကိုင်တွယ်ပြီးနှင့်လောက်ပြီဖြစ်သည်။

မင်ကျူးသည် သူ၏အေးစက်စက်စူးစူးစိုက်စိုက် အကြည့်များကို သတိမထားမိဟန်ဆောင်လိုက်သည်။ သူ(မ)၏မျက်လုံးလှလှလေးများက မနေနိုင်အောင် ပြတင်းတံခါးအပြင်ဆီ ရောက်သွား၏။ ရှည်လျားသောလမ်းတစ်လျှောက် အရောင်အသွေးစုံလင်သော မီးပုံးများကို စီတန်းကာ ချိတ်ဆက်ဆွဲထားကြသည်မှာ အလွန်တရာ လှပနေ၏။

ကျောက်ရှီသည် သူ(မ) စုန့်ဟွိုင်ချင်းကို ကြည့်နေသည်ဟု ထင်မှတ်ပြီး သူ၏လက်ကောက်ဝတ်အားကို အနည်းငယ် တင်းကျပ်လိုက်သည်က သူ(မ)ခါးကို နာကျင်သွားစေ၏။

မင်ကျူးသည် အသိပြန်ဝင်လာပြီး နားနားတွင် ညင်သာနွေးထွေးသော အသံတစ်သံကို ကြားလိုက်ရ၏။

“လျှောက်ကြည့်မနေနဲ့”

သူ(မ) မကြည့်ဘူးလေ။

တကယ်တမ်း သူ(မ)၏မျက်နှာချင်းဆိုင်တွင် ထိုင်နေသည့် ထိုအမျိုးသားကသာ သူ(မ)ကို မကောင်းသည့်ရည်ရွယ်ချက်နှင့် စိုက်ကြည့်နေခြင်းမဟုတ်ပါလား။

သူ(မ)ရှေ့တွင်ပင် ထိုအမျိုးသားသုံးယောက်သည် ညီလာခံအတွင်းမှ နန်းတွင်းရေးရာကိစ္စများကို ဆွေးနွေးနေကြ၏။ မင်ကျူးသည် ပင်အပ်များပေါ် ထိုင်နေရသကဲ့သို့ အလွန် မသက်မသာဖြစ်လာသဖြင့် ကျောက်ရှီ၏လက်ကို အသာအယာ ဆွဲလိုက်သည်။

ကျောက်ရှီသည် ခေါင်းလှည့်လာပြီး တီးတိုးမေး၏။

“ဘာဖြစ်လို့လဲ”

မင်ကျူးကလည်း တီးတိုးပြန်ဖြေ၏။

“ကျွန်မ လေကောင်းလေသန့်ရှူချင်လို့”

“သွားလေ”

မင်ကျူးသည် ကျောက်ရှီ၏လက်မောင်းထဲမှ လွတ်မြောက်ရန် မစောင့်နိုင်သကဲ့သို့ အလျင်အမြန် ထသွားပြီး ပြတင်းတံခါးကို တစ်ဝက်ဖွင့်ဟလိုက်သည်။ ညလေညှင်းက သူ(မ)၏ဆံနွယ်များနှင့်အတူ မျက်နှာလွှားဇာကိုပါ တိုးဝှေ့ကျီစယ်လာသဖြင့် မျက်နှာသေးသေးလေး၏ နူးညံ့သော ပုံရိပ်တစ်ဝက်က အကာကွယ်များအောက်မှ လှစ်ဟထွက်လာ၏။

သူ(မ)ကို ငေးကြည့်နေရင်းမှ ရှန့်ဝမ်းလင်၏အကြည့်များသည် ရုတ်တရက် ရပ်တန့်သွားပြီး မိန်းမောသွား၏။

သူသည် အသိများကို အမြန်ပြန်ရိုက်သွင်းပြီး ဘေးမှ သေရည်ခွက်ကို ကောက်ကိုင်ကာ နှစ်ငုံမော့သောက်လိုက်သည်။

ကျောက်ရှီသည်လည်း အကြာကြီးမနေချေ။ သူသည် မင်ကျူးကို လူအများ၏မျက်စိရှေ့ ထုတ်ဖော်ပြသရသည်ကို အမှန်တကယ် သဘောမကျပြီး အခြားသူများအပေါ် သူ(မ) အာရုံစိုက်နေသည်ကို ပို၍ပင် သဘောမကျပေ။ ထို့ကြောင့် အလျင်အမြန် နှုတ်ဆက်စကားဆိုပြီး လူကို ခေါ်ကာ ပြန်ထွက်လာလိုက်သည်။

အပြန်လမ်းတွင် ကျောက်ရှီသည် မင်ကျူးအတွက် ငွေပြားအနည်းငယ် သုံးပြီး ချစ်စဖွယ်ယုန်မီးအိမ်လေးတစ်ခုကို ဝယ်ပေး၏။

မင်ကျူးသည် သဘောကျသည်လည်း မဆို၊ မကျသည်လည်းမဆိုဘဲ လက်ထဲ မီးအိမ်လေးကို ကိုင်ထား၏။

ထိုနေ့ညက ခုတင်ကန့်လန့်ကာများနောက်ကွယ်တွင် နောက်ထပ် မိုးပြင်းလေထန်မုန်းတိုင်တစ်ခု ဖြစ်သွား၏။ မင်ကျူး၏ မျက်နှာလေးသည် နီမြန်းနေပြီး မျက်နှာဖြူဖြူလေးက မိုးကို သယ်ဆောင်လာသော နွေဦးဒီရေကဲ့သို့၊ လည်ချောင်းမှ ထွက်လာသော စကားလုံးများက တဖြည်းဖြည်း တိမ်ဝင်သွား၏။

(မိုးပြင်းလေထန်ဆိုတာက ဒန်းဒန့်ဒန်ကို ပြောတာပါ🌝)

ကျောက်ရှီသည် သူ(မ)ဒူးမှ ဒဏ်ရာကို စိတ်ပူနေသေးသည့်အတွက် သူ(မ)အား အကြမ်းပတမ်း မကိုင်တွယ်ပေ။

အိပ်မပျော်သွားခင် မင်ကျူးသည် လေးလံနေသော မျက်ခွံများကို ပင့်တင်ပြီး တီးတိုးမေးမြန်းလိုက်သည်။

“အရှင့်သား၊ မနက်ဖြန် ချန်းထိုက်တောင်ပေါ်ကနေ ဘယ်အချိန် ပြန်လာမှာပါလဲ”

ကျောက်ရှီသည် သူ(မ)၏စိုစွတ်စွတ်မျက်ဝန်းများကို စိုက်ကြည့်ရင်း မျက်နှာကို အနမ်းပေးလာ၏။ သူသည် နှလုံးသားထဲ အနည်းငယ်လေး လိပ်ပြာမလုံဖြစ်မိသွားရင်း နှုတ်ခမ်းကို စေ့ကာ : “ကိုယ် အချိန်မီ မပြန်လာနိုင်လောက်ဘူး”

မင်ကျူးသည် ဝမ်းသာသည့်စိတ်ကလေးကို ဖိနှိပ်ထားလိုက်ပြီး : “အို့ ကောင်းပါပြီ”

မနက်ဖြန် သူ ထွက်သွားသည်နှင့် သူ(မ)လည်း ကျန့်နန်သို့ ထွက်ပြေးပြီး ကောင်းမွန်ပြီး အေးချမ်းသော ဘဝတစ်ခုကို ထူထောင်မည်။

ကျောက်ရှီသည် သူ(မ)အ‌မေးကို သူ့ကို သူ(မ)နှင့် အတူရှိနေစေချင်သည်ဟု အဓိပ္ပါယ်ဖွင့်ဆိုလိုက်ပြီး မနက်ဖြန်ကျ သူ(မ)နှင့် ပွဲတော်အတူ ဆင်နွှဲပေးရန်အတွက် တတ်နိုင်သမျှ အမြန်ဆုံး ပြန်လာပေးမည်ဟု စိတ်ထဲ တိတ်တဆိတ် တွေးတောလိုက်သည်။

Spoiler: မနက်ဖြန် ကျောက်ရှီ ဘီလူးဆိုင်းတီးပါမယ်။

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment