အပိုင်း (၀၀၆)
မင်ကျူးမှာ ထိုအမေးကြောင့် တခဏ ကြောင်အမ်းမိသွားရင်း သူ(မ)ခါးအား ကိုင်ထားသော လက်မှာလည်း ရုတ်ချည်း တင်းကျပ်လာပြီး အနှီအမျိုးသား၏အသံကြည်ကြည်က သူ(မ)ခေါင်းထက်တွင် ထွက်ပေါ်လာ၏။
“မင်း ပြောကြည့်ပါအုံး”
မင်ကျူးသည် လိမ်ရာတွင် ယုံကြည်ချက်မရှိစွာ အသံခပ်တိုးတိုးဖြင့် : “ကျွန်မ အိမ်က ကျွန်မညီအစ်မတွေကို နည်းနည်းသတိရမိလို့ပါ”
ကျောက်ရှီသည် မီးရောင်ကို ကျောပေးရပ်နေပြီး မျက်နှာတစ်ခုလုံးက ကျောက်စိမ်းပမာ ကြည်လင်နေ၏။ သူက တည်ငြိမ်စွာဖြင့် : “မင်းနဲ့ မင်းညီအစ်မတွေရဲ့ဆက်ဆံရေးက အဲ့ဒီလောက်တောင် ကောင်းကြတယ်ပေါ့”
သူ့အသံက နွေးထွေးပြီး စကားပြောနေစဉ် အမူအရာကလည်း ညင်သာလျက်၊ သို့သော် သူ့နှုတ်ခမ်းမှထွက်လာသည့် စကားလုံးများကမူ အနည်းငယ် ထက်ရှနေသယောင်။
မင်ကျူးသည်လည်း သူ ဤသို့မေးလာလိမ့်မည်ဟု မထင်မှတ်ထားပေ။ သူ့လေသံက ပုံမှန်အတိုင်းသာဖြစ်သော်လည်း သူ(မ)ကပဲ အကဲဆတ်လွန်းနေလေသလားမသိ၊ သူ့စကားများထဲတွင် လှောင်ထေ့မှုအချို့ပါဝင်နေသည်ဟု အမြဲ ခံစားမိနေသည်။
ကျောက်ရှီပြောသောစကားသည် လုံး၀ မမှန်ချေ။ သူ(မ)၏တိညီအစ်မအနည်းငယ်က အမှန်ပင် သူ(မ)အား အလွန် သဘောမကျကြသော်လည်း သူ(မ)သည် အခြားသောရှုညီအစ်မများနှင့်တော့ ဆက်ဆံရေးကောင်းမွန်သည်ဟု ပြောလို့ရပေသည်။ များသောအားဖြင့် သူ(မ)တို့သည် ကြာပန်းပုံစံဖြင့် အိတ်များကို ပန်းထိုးရန် မကြာခဏ စုရုံးလေ့ရှိကြပြီး သူ(မ) ဝေ့ချီယွီနှင့် တွေ့ဆုံရန် တိတ်တဆိတ် ခိုးထွက်သည့်အခါမျိုးတွင်လည်း သူ(မ)၏ ညီမငယ်နှစ်ဦးက သူ(မ)အတွက် ဖုံးဖိပေးထားကြသည်။
မင်ကျူးတစ်ယောက် အရှက်မဲ့လှစွာပင် : “အရှင့်သားက နားလည်မှုလွဲနေပါပြီ၊ ကျွန်တော်မျိုးမက ညီအစ်မတော်တော်များများနဲ့ ဆက်ဆံရေးကောင်းကောင်း ရှိပါတယ်”
ကျောက်ရှီသည် သဘာဝကျစွာပင် သူ(မ)အား မယုံပေ။ မင်မိသားစုထဲ သူ(မ)ရဲ့နေထိုင်မှု အခြေအနေအားလုံးကို စေ့စေ့စပ်စပ် သူ စုံစမ်းထားပြီးပြီဖြစ်သော်လည်း သူ(မ)ညီအစ်မများနှင့် ရင်းနှီးသည့် ဆက်ဆံရေးရှိကြတယ်ဟူ၍ တစ်ခါမှ မကြားခဲ့ဖူးချေ။
ကျောက်ရှီသည် အချိန်အတန်ကြာသည်အထိ နှုတ်ဆိတ်နေသဖြင့် မင်ကျူး၏နှလုံးသားမှာ စတင်ပျာယာခတ်လာ၏။ သို့သော် သူ(မ) ဤသို့သောအခွင့်အရေးကောင်းမျိုးကို လက်လွတ်မခံနိုင်ပေ။ သူ(မ)သည် အောက်နှုတ်ခမ်းကို ကိုက်ကာ နားနှင့် ပါးများက နီစွေးလာရင်း ဆက်ပြီးမုသားစကားထပ်ဆိုလိုက်သည်။
“ဒီနေ့ ကျွန်မ မင်ရူကျဲကျဲနဲ့ တွေ့ဖြစ်တယ်၊ အိမ်ကလူတွေ ကျွန်မကို သတိရနေတယ်လို့ သူက ပြောတယ်၊ အရှင့်သား ကျေးဇူးပြုပြီး ကျွန်မဆန္ဒကို ဖြည့်ဆည်းပေးပါနော် ကျွန်မကို သူတို့နဲ့ သွားတွေ့ခွင့်ပြုပါ”
ကျောက်ရှီသည် နှုတ်ဆိတ်နေမြဲနှုတ်ဆိတ်နေဆဲ။ သူ့အမူအရာက တည်ငြိမ်နေသည်မှာ သူ(မ)စကားကို စဉ်းစားနေသကဲ့သို့၊ သို့သည့်တိုင် တစ်ချိန်တည်းဆိုသလို သူ(မ)စကားများကြောင့် လှုပ်လှုပ်ရှားရှားဖြစ်သွားဟန်လည်းမရပေ။
မင်ကျူး၏လက်မောင်းသွယ်သွယ်များက သူ့လည်ပင်းကို လက်ဦးစွာ သိုင်းဖက်လိုက်ပြီး ခြေဖျားထောက်ကာ သူ့နှုတ်ခမ်းထောင့်အား ခပ်ဖွဖွနမ်းရှိုက်လိုက်သည်။
“ကျွန်တော်မျိုးမက အိမ်မပြန်ဖြစ်တာ တစ်နှစ်ကျော်ရှိသွားပြီလေ၊ အိမ်ကို တကယ် လွမ်းမိလို့ပါ”
ကျောက်ရှီသည် တခဏ ဆိတ်ငြိမ်နေပြီးနောက်မှ နှေးကွေးစွာ ဆိုလာ၏။
“တစ်လက်မရပြီးတာနဲ့ တစ်မိုင်လောက်ယူဖို့ မကြိုးစားနဲ့”
ယနေ့တွင် သူသည် ချွင်းချက်အနေဖြင့် သူ(မ)၏ထိုထိန်းသိမ်းမရသော အစေခံမကို ပြန်ပို့ပေးခဲ့ပြီးပြီဖြစ်သည်။
မင်ကျူး၏မျက်နှာသည် ဖြူဖျော့သွား၏။ ကျောက်ရှီ အလွယ်တကူ သဘောတူလိမ့်မည်မဟုတ်မှန်း သိထားသဖြင့်လည်း ကျောက်ရှီ၏အေးစက်စက်စကားများအောက်တွင် သူ(မ) စိတ်မပျက်သွားချေ။ ယနေ့ အလုပ်မဖြစ်လျှင် ဒါဆို သူ(မ) နောက်နေ့များကျမှ တစ်ဖန်ပြောကြည့်မည်ဖြစ်သည်။
မည်သို့ဆိုစေ ဤကျောက်ရှီဆိုသည့် လူကို နူးညံ့မှုဖြင့် အနိုင်ယူနိုင်ပြီး သူ(မ)သာ ကောင်းကောင်းမွန်မွန်နေလျှင် အပြင်သို့ထွက်ရန် တစ်နည်းနည်းဖြင့် အခွင့်အရေးတစ်ကြိမ်၊ နှစ်ကြိမ်မျှ ရတန်ရာကောင်း၏။
ယခင်ဘဝက သူ(မ)သည် ရှက်ကြောက်တတ်သည့် စိတ်နေသဘောထားနှင့် လိမ္မာလွန်းခဲ့ပြီး သူ့ကိုဆို ဘယ်သောအခါမှ မဆန့်ကျင်ဝံ့ခဲ့၊ သူ့အနားကိုလည်း လွန်လွန်ကျူးကျူး မတွယ်ကပ်ရဲခဲ့သလို ဆိုးနွဲ့စွာ ညုတုတုလည်း မပြုမူရဲခဲ့ပေ။ သူ ကျေနပ်စေရန် သူ့အလိုအတိုင်း လိမ္မာကျိုးနွံစွာ နေပေးခဲ့သည်မှာ ငါးနှစ်တိုင်တိုင် ဤခြံဝင်းငယ်လေးထဲ ပိတ်လှောင်နေခဲ့ရသည်အထိ။
မင်ကျူး၏မျက်ဝန်းထောင့်များက နီရဲသွားကာ သူ(မ)ပုံစံက သနားချင့်စဖွယ်ကောင်းနေပြီး တစ်ချိန်တည်းဆိုသလို စွဲဆောင်မှုရှိကာ နက်မှောင်သော မျက်ဝန်းနက်နက်လေးများက ဖန်ပုတီးစေ့များကဲ့သို့ ကြည်လင်သန့်စင်ပြီး လှပနေ၏။
ကျောက်ရှီသည် ပြတင်းပေါက်ဘေးတွင် ရပ်နေပြီး ပြတင်းပေါက်ဘောင်အပြင်ဘက်မှ ဇီးပန်းပင်သည် သူ့မျက်နှာ၏ သိမ်မွေနူးညံ့မှုကို ဖြည့်ဆည်းပေးထားသည်။ သူသည် သူ(မ)အား မျက်လွှာချကာ စိတ်ကြည့်နေပြီးနောက်မှ မကြည့်ရက်နိုင်တော့ဟန်ဖြင့် သက်ပြင်းချလေ၏။ သူ့လက်ချောင်းများကို ဖြေလျော့လိုက်ပြီး သူ(မ)၏မျက်ဝန်းထောင့်လေးများကို လက်ချောင်းထိပ်ဖြင့် ညင်သာစွာ ပွတ်သပ်ပေးလာ၏။
“အချိန်လည်း မစောတော့ဘူး မနားခင် ရေမိုးချိုးသန့်စင်လိုက်အုံး”
မင်ကျူးသည် လက်များကို ဆုပ်ကာ ခပ်တိုးတိုးဖြင့် လည်ချောင်းသံပြုကာ ခွန်းတုံ့ပြန်လိုက်သည်။
ဖန်သားပြင်နောက်ကွယ်ရှိ ရေချိုးကန်ကို ရေနွေးနွေးဖြင့် ဖြည့်ထားပြီး အပေါ်ယံတွင် ထူထဲသော ပန်းပွင့်ချပ်များဖြင့် ဖုံးအုပ်ထား၏။ အခိုးအငွေ့များက အမြင်အာရုံကို မှုန်ဝါးစေပြီး မင်ကျူးသည် သူ(မ)၏ဖြူဖြူဖွေးဖွေးခန္ဓာကိုယ်ကို ရေမျက်နှာပြင်အောက်တွင် ပုန်းလျှိုးထားပြီး ရေချိုးကန်ကို မှီလိုက်သည်။ ဆေးကြောသန့်စင်ပြီးသည့်တိုင်အောင် သူ(မ)သည် အချိန်အတန်ကြာသည်အထိ မထဖြစ်သေးချေ။ ရွေးချယ်စရာမရှိတော့သည့်အဆုံးတွင်မှ ကိုယ်ကို ဖြည်းဖြည်းချင်း ခြောက်အောင်သုတ်ပြီး အဝတ်အစားလဲ၀တ်ကာ ထွက်လာလိုက်သည်။
သူ(မ)သည် ဖန်သားပြင်နောက်ကွယ်မှ ခြေဗလာဖြင့် ထွက်လာပြီး မျက်နှာလေးက ဖြူဝင်းပြီး နှင်းဆီရောင်သန်းနေသည်မှာ မက်မွန်ပွင့်မျက်နှာချေဖျော့ဖျော့ကို လိမ်းကျံခြယ်သလာသကဲ့သို့ပင်။ သူ(မ)၏ ရှည်လျားချောမွေ့သော ဆံနွယ်များက ပိုးသားကဲ့သို့ လျော့လျော့ရဲရဲ ကျောပြင်ပေါ် ပြန့်ကျဲနေပြီး သူ(မ)၏ မျက်နှာကို ပို၍ပင် သေးငယ်သွားစေသည်။
ထိုလူသည် စားပွဲရှေ့တွင် ထိုင်နေပြီး ဖယောင်းတိုင်မီးများက သူ၏တည်ငြိမ်နေသော ပုံရိပ်ကို တန်ဆာဆင်ထားပေး၏။ မျက်လွှာချလျက်ဖြင့် လက်ထဲတွင် စာအုပ်တစ်အုပ်ကို ကိုင်ထားပြီး လှုပ်ရှားသံကို ကြားလိုက်သည့်အချိန် မျက်တောင်များကို ဖြည်းညှင်းစွာ ပင့်မော့ကာ သူ(မ)ကို ဝေ့ကြည့်လာသည်။ စက္ကန့်အနည်းငယ်ကုန်လွန်သွားချိန် သူ၏လည်စလုပ်သည် အထက်အောက် လှုပ်ရှားသွား၏။
“ခြေအိတ်ဝတ်ထား”
မင်ကျူး၏ခြေချောင်းလေးများက လုံးဝိုင်းပြီး အလွန်ချစ်စဖွယ်ကောင်းနေ၏။
သူ(မ)သည် ရေချိုးပြီးတိုင်း ခြေအိတ်ဝတ်ရသည်ကို သဘောမကျပြီး ဖိနပ်လည်း မစီးတတ်ချေ။ အသစ်ခင်းထားသော ကော်ဇောပေါ် ခြေဗလာဖြင့် တန်းလျှောက်လေ့ရှိပြီး ဖုန်မှုန်အညစ်အကြေးများကိုလည်း မတွေ့ရသလို အေးသည်ဟုလည်း သူ(မ) မခံစားရပေ။
မိန်းမငယ်လေးတစ်ယောက်အနေနှင့် တစ်စုံယောက်တစ်ယောက်က မိမိခြေထောက်ကို ကြည့်လာလျှင် ရှက်တတ်ကြသည်ပေ၊ ထိုလူကား မိမိနှင့် ရုပ်ပိုင်းဆိုရင်ရာ ထိတွေ့ဆက်ဆံနေသည့်သူ ဖြစ်နေလျှင်တောင်မှပင်။
မင်ကျူးသည် စိတ်လှုပ်ရှားစွာ ခြေချောင်းများကို ကျုံ့လိုက်ပြီး ခုတင်ပေါ်သို့ တက်ကာ စောင်အောက်ထဲ ဝှက်ထားလိုက်သည်။
ကျောက်ရှီသည် ဖြည်းညှင်းစွာ ထရပ်လိုက်ပြီး မီးအုပ်ဆောင်းကို ယူကာ ဖယောင်းညှာတံကို အုပ်လိုက်သည်။ ချက်ချင်းပင် ဖယောင်းတိုင်မီးသည် ငြိမ်းသေသွား၏။ ထို့နောက် သူသည် ခုတင်နားသို့ ဖြည်းညှင်းစွာ လျှောက်လာပြီး သန့်ရှင်းသော ခြေအိတ်တစ်စုံကို လက်ထဲတွင် ကိုင်ထားရင်း ခုတင်ခေါင်းရင်းတွင် ဝင်ထိုင်လိုက်သည်။
“ခြေထောက်ကို ထုတ်လာ”
မင်ကျူးသည် ခေါင်းခါကာ : “ခြေအိတ်ဝတ်ပြီးအိပ်ရင် သက်တောင့်သက်သာမရှိဘူး”
ကျောက်ရှီသည် ငြိမ်သက်စွာ ခေါင်းငုံ့ထားရင်း သူ၏အေးစက်သော လက်ချောင်းများကို စောင်အောက်ထဲ သွင်းလိုက်သည်။ သူသည် သူ(မ)၏ခြေကျင်းဝတ်များကို ဆုပ်ကိုင်ကာ အားအလွန်အကျွံမသုံးဘဲ အပြင်သို့ ဆွဲထုတ်လာ၏။ ထို့နောက် သူ(မ)၏ခြေဖဝါးလေးကို ပေါင်ပေါ်တင်ပြီး ခြေအိတ်အဖြူတစ်စုံကို ဝတ်ပေးလိုက်သည်။
မင်ကျူးသည် စိတ်ထဲ အလွန်အလိုမကျဖြစ်မိသော်လည်း သူ့အရှေ့တွင် ထိုခြေအိတ်များကို ပြောင်ဘွင်းစွာ ကန်ထုတ်ရဲသည့် သတ္တိလည်းမရှိချေ။
ကျောက်ရှီသည် တစ်ဖန် မတ်တပ်ထရပ်ပြီး ခါးပတ်ကို ဖြည်းဖြည်းချင်း ဖြည်ကာ အပြင်အဝတ်ကို ချွတ်လိုက်ပြီးနောက် ဘေးမှ မီးအိမ်နှစ်လုံးကို မှုတ်လိုက်သည်။
အမျိုးသား၏ အသားမာတက်နေသော လက်ချောင်းများက သူ(မ)၏လည်ပင်းအနောက်ကို ပွတ်သပ်ထိတွေ့ပြီးသည်နှင့် သွယ်လျသော ကျောပြင်ထံ ရောက်လာပြီး အနည်းငယ် တုန်ယင်နေသော သူ(မ)ကိုယ်ကို ညင်သာစွာ နှစ်သိမ့်ပေးလာ၏။
“တုန်မနေနဲ့တော့၊ အိပ်ရအောင်”
မင်ကျူးမှာ အမှန်တကယ် ဤအမျိုးသားကို မကိုင်တွယ်နိုင်ပေ။ နောက်တစ်နေ့တွင်လည်း သူ(မ)သည် အအိပ်လွန်သွားခဲ့ပြန်သည်။ သူ(မ) အိပ်ရာမှ ထလာသည့်အချိန်က နေမင်းကြီးပင် ထိန်ထိန်သာနေပြီဖြစ်သည်။ သူ(မ)သည် အလွန်ဗိုက်ဆာနေသဖြင့် ဆန်ပြုတ်နှစ်ပန်းကန်သောက်ပြီးကာမှ တင်းတိမ်နိုင်တော့သည်။
ဤရက်များတွင် မင်ကျူး၏အသားအရေသည် နှင်းဆီရောင်သန်းနေပြီး မျက်ခုံးနှင့် မျက်လုံးများက နူးညံ့ပူနွေးသော စိမ့်စမ်းရေပမာ။ နဂိုလှသူဖြစ်သော်လည်း ယခုအခါတွင် ပို၍လှသွေးကြွယ်နေခြင်းဖြစ်ပြီး ကြည့်လိုက်မိသူအဖို့ သူ(မ)ပြုံးသည်ကစ မျက်မှောင်ကြုတ်လိုက်သည်အဆုံး အကြည့်မလွှဲနိုင်လောက်အောင်ပေ။
ပိယင်သည် အိမ်ရှေ့စံက ယနေ့မနက်အစောပိုင်းတွင် ဝမ်ယွဲ့ဆောင်က ထွက်သွားပြီဖြစ်ကြောင်း ဆိုလာ၏။ သူ(မ)က ပြောပြီးသည်နှင့် ထပ်ဖြည့်ကာ : “အရှင့်သားက နောက်ရက်တွေမှာရော ရောက်လာအုံးမလားမသိဘူးနော်”
နောင်တွင် အရှင့်သားအိမ်ရှေ့စံ လက်ထပ်မင်္ဂလာပြုပြီးပါက သေချာပေါက် ဝမ်ယွဲ့ဆောင်သို့ မကြာခဏ လာဖြစ်လောက်တော့မည်မဟုတ်ပေ။
ပိယင်သည် မနေနိုင်အောင် မမလေးမင်ကျူးအား တစ်ချက်ကြည့်လိုက်မိသည်။ သူ(မ)၏အမူအရာက ပုံမှန်အတိုင်းသာ ဖြစ်နေပြီး ပိယင်တစ်ယောက် သူ(မ)မမလေး၏ တည်ငြိမ်နေနိုင်စွမ်းကို အားကျမလေးစားမိဘဲ မနေနိုင်တော့ချေ။ တစ်ဖက်တွင်လည်း သူ(မ)မှာ စိတ်မကောင်းဖြစ်ရသည်။ မမလေးမင်ကျူးသည် မင်ရူမိန်းကလေးထက် အများကြီး ပိုလှပြီး စိတ်ထားလေးကလည်း ထိုသခင်မလေးထက် အများကြီး ပိုကောင်း၏။ သေးနုပ်သောနောက်ခံလေးမှလွဲ၍ သူ(မ)သည် မင်ရူမိန်းကလေးထက် အစစအရာရာ သာ၏။
သို့ရာတွင် အရှင့်သားက အဆင့်အတန်းနှင့် ကျင့်ဝတ်ထုံးတမ်းကို အလွန်အလေးထား၏။
ထိုတစ်ချက်တည်းနှင့် မမလေးမင်ကျူး ရှုံးနိမ့်သွားရသည်ပေ။
မင်ကျူးသည် ဘာမှလုပ်စရာရှိမနေ၍လည်း သူ(မ)၏ရတနာလေးများကို ထုတ်ရေနေလိုက်သည်။ ရှက်စရာကောင်းသည်မှာ သူ(မ)တွင် ငွေတုံးနှစ်ဆယ်တည်းသာ ရှိနေခြင်းပေ။ ဤပိုက်ဆံအနည်းငယ်က ကျန့်နန်သို့ သွားရာလမ်းတစ်လျှောက် ခရီးစရိတ်စာအတွက်ပင် မလုံလောက်ပေ။
မင်ကျူးတစ်ယောက် စားပွဲပေါ်မှ ငွေတုံးအနည်းငယ်ကို ကြည့်ပြီး သက်ပြင်းချမိသည်။ သူ(မ) အားရုန်နှင့် ထွက်ပြေးရန် ကြံပြီး ပြန်မိလာကတည်းက ကျောက်ရှီသည် သူ(မ)အား အသပြာတစ်ပြားပင် မပေးတော့ချေ။ သူ သူ(မ)အား ချီးမြှင့်လေ့ရှိသည့်ဆုလာဒ်များကား ကြည့်ကောင်းသည့် အဖိုးတန်ရတနာများဖြစ်သော်လည်း သူ(မ)အတွက် အသုံးမဝင်ချေ။
အားရုန်သည် ပန်းပွင့်လက်ဖက်ရည်တစ်အိုး ကျိုချက်လာပေးပြီး စားပွဲပေါ်တင်ပေးကာ တစ်စုံတစ်ခုပြောရန် ချီတုံချတုံဖြစ်နေသယောင်။
မင်ကျူးသည် နေရောင်အောက်တွင် ထိုင်ရင်း ပန်းလက်ဖက်ရည်ကို သောက်ပြီး နေရောင်ထိတွေ့မှုကြောင့် အိပ်ငိုက်လာသဖြင့် ခေါင်းအုံးကို ပျင်းရိစွာ မှီကာ မှိန်းနေလေသည်။
အားရုန်သည် သူ(မ)မမလေး၏တည်ငြိမ်အေးချမ်းသော မျက်နှာလေးကို ကြည့်ပြီး နှလုံးသားထဲ လွန်စွာ ဝမ်းနည်းနေလေသည်။ သူ(မ)သည် တစ်နှစ်နီးနီး ထင်းတဲတွင် အလုပ်လုပ်ခဲ့ရပြီး အလုပ်က ပင်ပန်းလှသော်လည်း ထိုနေရာရှိ လူများနှင့် ဆက်ဆံရေးကောင်းမွန်ပြီး သတင်းများစွာကို မေးမြန်းနိုင်ခဲ့သည်။
သူ(မ)၏မမလေး ကြင်နာတတ်သည့် နှလုံးသားလှသူမှန်း အားရုန် သိပေသည်။ သူ(မ)သည် သူ(မ)အပေါ် အနည်းငယ် ကောင်းပေးလိုက်သည်နှင့် ထိုကြင်နာမှုကို တစ်သက်လုံး အမှတ်ရနေလိမ့်မည်ပေ။ ယခင်က အိမ်ရှေ့မင်းသားသည် မမလေးအပေါ် အတော်လေး ကောင်းမွန်ပေးခဲ့သည်။ သူ(မ)၏မမလေးကိုယ်တိုင် နှုတ်က ဝန်မခံခဲ့သော်လည်း မမလေးသည် အရှင့်သားအိမ်ရှေ့စံကို သဘောကျနေပြီးဖြစ်ကြောင်း အားရုန် သိနေသည်။ သူ(မ)သည် အိမ်ရှေ့စံ၏မွေးနေ့အတွက် ရည်ရွယ်၍ ငြိမ်းချမ်းခြင်းအဆောင်ကို နှစ်ညတိုင် မနားမနေ ပြုလုပ်ခဲ့ပြီး အချိန်မီပို့ဆောင်ပေးခဲ့သေးသည်။
ကံဆိုးချင်တော့ သူ(မ)သည် လူမှားပြီး ချစ်ခဲ့မိခြင်းပေ။ အရှင့်သားအိမ်ရှေ့စံက သူ(မ)၏အသွင်အပြင်ကိုသာ သဘောကျခြင်းဖြစ်သည်။
“မမလေး……”
“ဟမ် ဘာဖြစ်လို့လဲ”
ဒဏ်ရာက ရှည်သည်ဖြစ်စေ၊ တိုသည်ဖြစ်စေ နာကျင်မှုကို ခံစားရမည်က မလွဲဧကန်သာ။ ထို့ကြောင့် အားရုန်သည် အသည်းမာမာဖြင့်ပင် : “အရှင့်သားက မမလေးမင်ရူကို လက်ထပ်တော့မယ်”
မင်ကျူးက ပြုံးလေရင်း : “ငါ သိပါတယ်”
မနေ့က မင်ရူကိုယ်တိုင် သူ(မ)ရှေ့မှောက်သို့ ရောက်လာခဲ့ပြီး ထိုကိစ္စအား ပြောသွားခဲ့သည်မဟုတ်လေ။
အားရုန်က ထပ်ဖြည့်ဆို၏။
“မမလေး၊ မမလေးကို လွတ်ငြိမ်းခွင့်ပေးဖို့ အရှင့်သားကို တောင်းဆိုကြည့်ရင်ရော”
သူသည် လက်ထပ်ပြီး ကလေးယူရန် ရည်ရွယ်ထားပြီးပြီဆိုမှဖြင့် အပြင်တွင် အငယ်အနှောင်း ထားထားသေးသည်က ကြည့်ကောင်းမည်မဟုတ်ချေ။ သူ(မ)၏မမလေးလည်း နောင်တွင် မြို့တော်၌ နေရန် အခက်တွေ့ရပေလိမ့်မည်။ ထို့ကြောင့် သူ(မ)ကို လွှတ်ပေးလိုက်သည်က အကောင်းဆုံးသာဖြစ်သည်။
မင်ကျူးသည် ခပ်ဖွဖွ သက်ပြင်းချလေရင်း ဝတ်ကျေတမ်းကျေ ဆိုလိုက်သည်။
“ဟမ်၊ ငါ သူ့ကို တောင်းဆိုကြည့်လိုက်မယ်”
သူ(မ) တောင်းဆိုမှာမဟုတ်၊ ကျောက်ရှီ ဘယ်တော့မှ သဘောတူလိမ့်မည်မဟုတ်သည်ကို သူ(မ) သိသည်။
အားရုန်သည် သူ(မ)၏ဝတ်ကျေတမ်းကျေအပြုအမူကို ကြည့်ပြီး မင်ကျူး အိမ်ရှေ့စံအား ထားသွားရန် တွန့်ဆုတ်နေသည်ဟု လွဲမှားစွာ ကောက်ချက်ချမိလိုက်ပြီး နှလုံးသားထဲ ပို၍ အနှောင့်အယှက်ဖြစ်လာရတော့သည်။
အားရုန်မှာ ထိုအချိန်က သူ(မ) ကျောက်တုံးနောက်တွင် ရှိနေစဉ် ကြားခဲ့ရသည့် စကားဝိုင်းအား သူ(မ)ကို ပြောဖို့မဝံ့ပေ။ သူ(မ)၏မမလေး စိတ်မကောင်းဖြစ်သွားမည်ကို စိုးသည်လေ။ မည်သူကမှ သူတို့၏ချစ်လှစွာသော အမျိုးသားက သူတို့၏နောက်ခံကို အထင်သေးရှုပ်ချနေကြောင်း ပြန်ကြားလိုက်ရသည်အား ပျော်ရွှင်နေလိမ့်မည်မဟုတ်ပေ။
အားရုန်သည် မင်ကျူးအရှေ့တွင် သူ့ရင်ထဲရှိတဲ့အတိုင်းသာ ဆိုတတ်လေသည်။
“မမလေး၊ အရှင့်သားက ဝေ့သခင်လေးရဲ့တစ်ဝက်လောက်တောင် မကောင်းဘူး”
ဝေ့ချီယွီ၏မိသားစုသည် ဆင်းရဲသော်လည်း သူသည် အလွန်ကောင်းသည့် လူတစ်ယောက်ဖြစ်သည်။ ငွေကြေးမကုံလုံလျှင်တောင် သူ(မ)၏မမလေးအတွက်ဆို ဈေးကြီးသည့် သရေစာမုန့်များ မကြာခဏ ဝယ်လာပေးတတ်သူ ဖြစ်သည်။ စာလွှာကူးခြင်းမှ ရလာသည့် အပိုဝင်ငွေလေးများကို အသုံးပြု၍ သူ(မ)၏မမလေးအတွက် ဆံထိုးများနှင့် လက်ကောက်များကိုလည်း ဝယ်ပေးတတ်ပြန်သေးသည်။
ခက်ခဲစွာဖြတ်သန်းခဲ့ပြီးနောက်တွင်မှ သူသည် မိသားစုပိုင်ဆိုင်မှုအားလုံးကို သတို့သမီးတင်တောင်းကြေးအဖြစ် အသုံးပြုပြီး သူ(မ)၏မမလေးကို တရားဝင်ဇနီးမယားအဖြစ် လက်ထပ်ယူရန် စာသုံးလွှာနှင့် အခမ်းအနားခြောက်ခုကို ဖြတ်ကျော်ပြီးခဲ့ကာမှ အိမ်ရှေ့စံက ကြားဝင်နှောင့်ယှက်လာ၏။
အားရုန်မှာ ထိုအကြောင်းတွေးမိတိုင်း သွေးအန်မတတ်ဖြစ်ရသည်။
မင်ကျူး၏အမူအရာသည်လည်း တန့်သွားရသည်။
“အခုအချိန်မှာ ဒါတွေပြောနေလို့ ဘာမှမထူးတော့ဘူး”
အားရုန်က : “ဝေ့သခင်လေးက *ကျင့်ရှီစာမေးပွဲတွေကို အောင်မြင်သွားခဲ့ပြီ၊ မမလေးသာ အဲ့ဒီအချိန်တုန်းက သူနဲ့ အောင်အောင်မြင်မြင် လက်ထပ်ပြီးသွားခဲ့ရင် ဘဝကောင်းတစ်ခုကို ရနေလောက်ပြီ”
[E t/n : ကျင့်ရှီစာမေးပွဲဆိုတာက အမြင့်ဆုံးအဆင့် စာမေးပွဲဖြစ်ပြီး ပထမပိုင်းကို မြို့တော်မှာ ကျင်းပပြီး ဒုတိယပိုင်းကို ဧကရာဇ်မင်းရှေ့မှာ ကျင်းပတယ်]
မင်ကျူးသည် မျက်လုံးများ ဝင့်ကာ : “သူ ကျင့်ရှီစာမေးပွဲကို အောင်သွားခဲ့ပြီလား”
အားရုန် ခေါင်းညိတ်ပြလိုက်သည်။
ကောင်းလိုက်တာ…
မင်ကျူးသည် သူ့အတွက် အမှန်တကယ် ဝမ်းသာမိသည်။ ဝေ့ချီယွီသည် ယခင်နေ့ရက်များက သူ(မ)အပေါ် အလွန်ကောင်းမွန်စွာ ဆက်ဆံပေးခဲ့သော်လည်း သူ(မ)နှင့် သူကား အတူတူရှိဖို့ ကံမပါလာခဲ့ချေ။
မင်ကျူးသည် မနေနိုင်အောင် ထပ်မေးလိုက်သည်။
“ဆိုတော့…သူတို့မိသားစု ပြောင်းသွားကြပြီလား”
အားရုန်က ခေါင်းခါကာ ပြန်လည်ဖြေကြားပေး၏။
“ဟင့်အင်း၊ သူတို့တွေ အနောက်လမ်းကြားလေးထဲမှာပဲ နေနေကြတုန်းပါ”
မင်ကျူးမှာ အဖြေပြန်ရသည်နှင့် စိတ်မကောင်းဖြစ်လာ၏။ သူ(မ)သည် ခေါင်းကို ငုံ့ကာ ဝမ်းနည်းစွာဖြင့် : “သူ ငါ့ကို ပေးခဲ့တဲ့ ကျောက်စိမ်းလက်ကောက်လေးကိုတောင် ပြန်ပေးခွင့်မရလိုက်ဘူး”
၎င်းမှာ သူ၏အမေ သူ့အတွက် ချန်ထားပေးခဲ့သည့် အမှတ်တရပစ္စည်းဖြစ်ပြီး သူ(မ)အား သတို့သမီးတင်တောင်းကြေးအဖြစ် ပေးခဲ့ခြင်းဖြစ်သည်။
လက်ထပ်ပွဲကို ဖျက်သိမ်းလိုက်ချိန် မင်မိသားစုသည် သတို့သမီးတင်တောင်းကြေးအဖြစ် ပေးလာသော သေတ္တာကြီးငယ်ဒါဇင်ကျော်ကို သူ့ထံ ခြေရာလက်ရာမပျက် အကုန်ပြန်ပေးခဲ့သည်။ သူ(မ)ပေးရန် အခွင့်အရေးမရလိုက်သည့် တစ်ခုတည်းသောအရာမှာ သူ(မ)လက်ထဲ ရောက်နှင့်နေပြီးဖြစ်သော ဤကျောက်စိမ်းလက်ကောက်လေးသာဖြစ်သည်။
တဖြည်းဖြည်းနှင့် နေဝင်သွားချိန် အိမ်ရှေ့မှလူတစ်ယောက်သည် အရှင့်သား ရုံးတော်မှ ထွက်လာပြီဖြစ်ကြောင်း စကားလာပါး၏။
မင်ကျူး၏နှလုံးသားမှာ တစ်ချက်အခုန်မြန်သွား၏။ သူ ဘာကြောင့် ထပ်ရောက်လာမှန်း သူ(မ)မသိချေ။ သူ(မ)သည် ပါးစပ်ကို အမြန်ပိတ်ထားထားလိုက်သည်။ သူ(မ) သူ့အရှေ့တွင် ဝေ့ချီယွီအကြောင်း ပြောရဲသည့်သတ္တိမရှိချေ။
ကျောက်ရှီသည် စိတ်အခြေအနေကောင်းနေပုံရသည်။ ယနေ့မနက်တွင် သူငယ်ချင်းတစ်ယောက်က အရပ်ဝတ်ဖြင့် ချားကွမ်(လက်ဖက်ရည်ဆိုင်)သို့ သွားရန် သူ့ကို ဖိတ်ကြားလာပြီး အမှတ်မထင် အမျိုးသားတစ်ယောက်ကဲ့သို့ ဝတ်စားထားသည့် မင်မိသားစုမှ အကြီးဆုံးတိသမီးတော်နှင့် သွားဆုံ၏။
ချားကွမ်တွင် စာသင်သားများက နှစ်ကြောင်းကဗျာများကို ရေးစပ်ဖွဲ့ဆိုနေကြသည်။
မင်ရူသည် ခက်ခဲသော နှစ်ကြောင်းကဗျာအများအပြားကို ဆက်တိုက် ဖွဲ့ဆိုပြသွားခဲ့သည်က လူတိုင်းကို မထင်မှတ်ထားလောက်အောင် အံ့ဩဘနန်းဖြစ်သွားစေ၏။
သူ(မ)သည် သူနှင့်ဆုံသည်ကို အလွန်အမင်း အံ့ဩသွားပုံရပြီး ဦးညွှတ်ကာ အသံတိုးတိုးဖြင့် တောင်းပန်လာ၏။
“အရှင့်သား ကျွန်တော်မျိုးမကို မဖော်ထုတ်လိုက်ပါနဲ့နော်၊ အဖေသာ ကျွန်တော်မျိုးမ ခိုးထွက်လာတာ သိသွားရင် ကျွန်တော်မျိုးမကို သေချာပေါက် ပြင်းပြင်းထန်ထန် အပြစ်ပေးလိမ့်မှာ”
ကျောက်ရှီကလည်း သူ ဘာမျှပြောမည်မဟုတ်ကြောင်း သူ(မ)အား ကတိပြုလာ၏။
မင်ရူက ပြုံးကာ : “ဒါဆို အရှင့်သားကို ကြိုပြီးကျေးဇူးတင်လိုက်ပါရစေ”
ကျောက်ရှီသည် သာမန်ကာလျှံကာ ခေါင်းညိတ်လိုက်ပြီး မင်ရူက ခွင့်တောင်းခြင်းမပြုဘဲ သူ့ဘေးနား ဝင်ထိုင်ကာ လက်ဖက်ရည်တစ်ခွက် တောင်းဆိုလာ၏။
ကျောက်ရှီကလည်း သူ(မ)အား မောင်းထုတ်ခြင်းမပြုပြီး မောကျန်းလက်ဖက်ရည်ကို တစ်ငုံယူသောက်လိုက်ရင်း : “မင်း ကဗျာစပ်တာ တော်သားပဲ”
မင်ရူသည် အလွန်နှိမ့်ချလေ၏။
“အရှင့်သားက ချီးကျူးလွန်းနေပါပြီ”
ထိုကဏ္ဍပြီးဆုံးသွားသည်နှင့် မင်ရူက ဦးစွာ ထွက်သွား၏။
ကျောက်ရှီသည် မင်မိသားစုမှ အနှီတိသမီးကြီးက မည်သို့ ချဉ်းကပ်ရပြီး မည်သည့်အချိန် နောက်ဆုတ်ရကောင်းမှန်း ကောင်းစွာ နားလည်ကာ၊ အကန့်အသတ်ဆိုသည့် သဘောတရားကို သဘောပေါက်ပြီး မည့်သည့်မျဉ်းက မကျော်သင့်မှန်း သိသလို တင်းတင်းမာမာလည်း မရှိကြောင်း ခံစားမိသည်။ ဤသည်ကား မြင့်မြတ်သောအနွယ်တော်ဖွား အမျိုးသမီးတစ်ယောက်ထံတွင် အမှန်တကယ်ရှိရမည့် အပြုအမူများပင်။
မင်းသားချန်က ပြုံးလေပြီး ခေါင်းတခါခါနှင့် : “မင်းရဲ့အနာဂတ်ဆဲ့ဖေးက တော်တော်လေး စိတ်ဝင်စားစရာကောင်းသားပဲ၊ ဘယ်လောက်ကောင်းလိုက်တဲ့ မိန်းကလေးလဲ”
ကျောက်ရှီသည် လက်ဖက်ရည်ခွက်ကို ချပြီး စားပွဲခုံကို ခေါက်ကာ : “မင်းရဲ့ အပြောအဆိုနဲ့ အပြုအမူတွေကို သတိထားအုံး”
[ဒီမှာ သူ သတိထားခိုင်းရတယ်ဆိုတာက တရားဝင်မကြေညာရသေးလို့၊ မင်ကျူးကို ထည့်တွေးပေးနေလို့တို့ဘာတို့ တို့ကြောင့် မဟုတ်ဘူး(눈‸눈) ]
မင်းသားချန်က တစ်ဖန် ရယ်လေရင်း : “မင်း သူ့ကို လက်မထပ်ချင်ဘူးလို့တော့ ငါ့ကို လာမပြောနဲ့နော်”
ထို့နောက် သူကပဲ ဆက်၍ : “မင်း သူ့ကို လက်မထပ်ချင်ရင် ဘယ်သူကမှ မင်းကို ဖိအားပေးမှာမဟုတ်ဘူး၊ ငါတော့ မင်းကို တကယ်အားကျတယ် မင်းရဲ့လက်ထပ်ပွဲက မင်းရဲ့အဆုံးအဖြတ်ပေါ်မှာပဲ၊ ငါ့လိုမျိုးမဟုတ်ဘူး ငါ ဘယ်သူ့ကို လက်ထပ်ချင်ချင် နောက်ဆုံးဆုံးဖြတ်ချက်က ငါ့လက်ထဲမှာ မရှိဘူး”
[ကြားကြတယ်မလား ဘယ်သူမှ သူ့ကို ဖိအားမပေးဘူး🙄]
ကျောက်ရှီသည် အလေးအနက် နားထောင်နေဟန်မရပြီး တစ်ခဏ ထိုင်ပြီးသည်နှင့် ထရပ်ကာ : “ငါ သွားနှင့်မယ်၊ မင်း အေးဆေးနေလိုက်အုံး”
အိမ်တော်သို့ အပြန်လမ်းတစ်ဝက်တွင် မြင်လှည်းသည် အစာသွပ်ဆိုင်တစ်ခုသို့ ဖြတ်သွားရင်း ကျောက်ရှီက လှည်းကို ခေတ္တရပ်စေကာ မွှေးပျံ့နူးညံ့သော သရေစာမုန့်ချိုအချို့ကို သွားဝယ်ခိုင်းလိုက်သည်။
မင်ကျူးသည် ဤသို့သော အချိုလွန်ကဲသည့် အစာသွပ်မုန့်များကို သဘောကျပုံရကြောင်း သူ မှတ်မိသည်။
ကျောက်ရှီ အိမ်တော်သို့ ပြန်ရောက်ပြီးနောက်တွင် မင်ကျူးအခန်းသို့ မသွားသေးဘဲ သူ လက်ရေးလှ လေ့ကျင့်ပြီး စာဖတ်လေ့ရှိသည့် စာကြည့်ခန်းသို့ ဦးစွာ သွားလိုက်သည်။
အစာသွပ်မုန့်များကိုမူ အစောင့်တစ်ယောက်ဖြင့် ဝမ်ယွဲ့ဆောင်သို့ ပို့ခိုင်းပြီးပြီပင်။
မင်ကျူးသည် ထိုအပြုအမူကြောင့် အံ့အားသင့်သွားသော်လည်း သူ(မ)သည် ယခင်ကကဲ့သို့ အလွယ်တကူ စိတ်လှုပ်ရှာတော့မည် မဟုတ်ပေ။ ထုပ်ပိုးထားသော မုန့်များကို ဘေးဖယ်ထားကာ အသစ်စက်စက် ပို့လာသော ပန်းနှင့် အပင်များကို ဆက်လက် ဆော့ကစားနေလိုက်သည်။
နာရီဝက်က ခဏလေးအတွင်း ကုန်သွား၏။ မင်ကျူးသည် ကျောကို ဆန့်ကာ စားပွဲဘက်သို့ မရည်ရွယ်ဘဲ အကြည့်ရောက်သွားပြီး စက္ကန့်အနည်းငယ်မျှ တိတ်ဆိတ်နေပြီးနောက် အပြင်ခန်းမှ ပိယင်အား လှမ်းဆိုလိုက်သည်။
“စားပွဲပေါ်က အစာသွပ်မုန့်တွေ လွှင့်ပစ်လိုက်တော့”
ပိယင်သည် မျက်နှာဖြူဖြူဖျော့ဖျော့ဖြင့် ခေါင်းကို ငုံ့၊ မျက်နှာကို ဖွက်လျက် ဝင်လာကာ ခြေထောက်များက တုန်ယင်နေပြီး အသံကလည်း ကတုန်ကယင်ဖြင့်။
“မမလေး……”
မင်ကျူးက ရှင်းပြ၏။
“အေးနေပြီလေ၊ ငါ မစားချင်တော့ဘူး ပစ်ထုတ်လိုက်တော့၊ နင် ဘာမှကြောက်နေစရာမလိုဘူး သူ သိမှာမဟုတ်ဘူး”
ပိယင်သည် သူမ၏ဖြူဖျောနေသော မျက်နှာကို မော့လိုက်ပြီး ပါးစပ်ကိုဖွင့်လိုက်သော်လည်း တစ်စုံတစ်ယောက်က သူ(မ)၏လည်ချောင်းထဲသို့ အညစ်အကြေးလက်တစ်ဆုပ်စာ ထိုးထည့်ထားသကဲ့သို့ နှုတ်ခမ်းများက တုန်နေကာ ကြောက်ရွံ့လွန်းသဖြင့် ဘာမှပင် ပြောမထွက်တော့ချေ။
မင်ကျူးသည် သူ(မ)ကို ဘာဖြစ်နေသလဲ ဟူ၍ မေးရန်ပြင်လိုက်သည်။
ပိန်ပိန်ရှည်ရှည်နှင့် တည်တည်တင်းတင်း အမျိုးသားတစ်ဦးက တံခါးဘောင်ကို လှမ်းကာ ပုံမှန်အမူအရာဖြင့် လျှောက်ဝင်လာ၏။ အခန်းမှာ ရုတ်ခြည်း အလွန်အမင်း တိတ်ဆိတ်သွား၏။ အချိန်အတန်ကြာ ငြိမ်သက်နေခဲ့ပြီးနောက်မှ ကျောက်ရှီက တည်ငြိမ်စွာဖြင့် ပါးစပ်ဖွင့်ဟလာ၏။
“အဲ့ဒီမှာ ဘာရပ်လုပ်နေသေးတာလဲ၊ သူပြောတာ မကြားဘူးလား”
ပိယင်သည် ချက်ချင်း ဒူးထောက်ချလိုက်ပြီး တစ်ကိုယ်လုံးက ဇကာခါသလို တုန်ယင်နေတော့သည်။
မင်ကျူးလည်း မျက်မှောင်ကြုတ်သွားရသည်။ ဤသည်မှာ ကြီးကြီးမားမားကိစ္စလည်း မဟုတ်ရာ ကျောက်ရှီ ဘာကြောင့်များ ဒေါသထွက်နေပုံ ပေါက်နေရသနည်း။