အပိုင်း (၀၁၇)
“အရှင့်သား၊ စိတ်လိုက်မာန်ပါ မလုပ်ပါနဲ့အုံး”
လျိုကုန်းကုန်းသည် ရှေ့သို့တိုးကာ အကြံပြု၏။
ဤသို့သော ပြဿနာကြီးမျိုး ဖြစ်ပျက်လာလျှင် သူ့အနေနှင့် အကြံပေးစကားတစ်ခွန်းနှစ်ခွန်းလောက်တော့ ပြောမှရမည်ဖြစ်သည်။ မင်္ဂလာပွဲဖျက်သိမ်းသည့်အမှုမှာ ကလေးကစားနေခြင်းမဟုတ်ချေ။
အရှင့်သားအိမ်ရှေ့စံသည် ဘယ်သောအခါမှ စိတ်လိုက်မာန်ပါ မပြုမှုတတ်ပေ။ ယနေ့တွင်မှ သူသည် ဒေါသဖြင့် ကမူးရှူးထိုးဖြစ်နေပြီး သူ၏ဤသို့သော ပုံစံအား သူ ယခင်က တစ်ခါမှ မမြင်ဖူးခဲ့ချေ။ သူ့လက်ထဲ ပွေ့ချီထားသည့် အမျိုးသမီးလေးကို မသိမသာ အကဲခတ်ကြည့်လိုက်ချိန် ဤပြဿနာက အလှလေးအတွက် အမျက်ဒေါသဖြစ်ကြောင်း သဘောပေါက်လိုက်သည်။
ကျောက်ရှီ၏မျက်နှာသည် အမြဲ မူမပျက် တည်ငြိမ်နေလျက်ဖြင့် သူ့အား အေးစက်စွာ တစ်ချက်ဝေ့ကြည့်လာပြီး : “ငါ့ကို ဘယ်လိုလုပ်ရမလဲဆိုပြီး လာသင်ကြားနေဖို့ မလိုဘူး”
သူ၏အသံသည် လေးလံအေးစက်နေပြီး ပုံမှန်ပုန်းလျှိုထားလေ့ရှိသော စူးရှမှုက ရေးတေးတေး ထွက်ပေါ်လာ၏။
ချက်ချင်း အသံတိတ်ကျသွားသော လျိုကုန်းကုန်းသည် သူ မိန်းကလေးကို ချီပြီး အဝေးထွက်သွားသည်ကို ငေးကြည့်ကျန်နေခဲ့သည်။
လျိုကုန်းကုန်းလည်း ယခုလေးတင် ဖြစ်ပျက်သွားသည့်ပြဿနာနှင့်ပတ်သက်ပြီး အနည်းငယ် သတင်းကြားထား၏။ ကျိုးကြောင်းဆီလျော်စွာ ဆိုရလျှင် အနာဂတ်ထိုက်ကျစ်ဖေးတစ်ယောက်ဖြစ်သည့် ရှန်းယန်ကျင့်ကျူအနေနှင့် မိမိခင်ပွန်းသည်၏အငယ်အနှောင်းလေးကို အနည်းငယ် ပညာပြပြီး သတိပေးသည်က ဖြစ်သင့်ဖြစ်ထိုက်၏။
သူ(မ) အမှားကြီးမှားသွားသည်က ဤအမျိုးသမီးလေးသည် အရှင့်သားအိမ်ရှေ့စံ၏နှလုံးသားထဲတွင် သိသိသာသာ အရေးပါသည့်နေရာတွင် ဝင်ရောက်နေရာယူထားခြင်းဖြစ်ပြီး ယနေ့ သူ ထိုမိန်းကလေးအပေါ်ပြုမူလိုက်သည့် အရှက်တကွဲအကျိုးနည်းဖြစ်စေသော သရော်မှုက အကန့်အသတ်ကို ကျော်လွန်သွားခဲ့သည်ပေ။ ထို့ကြောင့် သူ(မ)သည် များများရရန် ကြံရွယ်မိကာမှ အရှုံးကြီးရှုံးသွားရသည့် အဖြစ်ပင်။
လျိုကုန်းကုန်းသည် ခေါင်းတခါခါဖြင့် : “မင်း အမြန်သွားပြီး ကျင့်ကျူကို အိမ်ရှေ့စံက မင်္ဂလာပွဲဖျက်သိမ်းချင်နေတဲ့အကြောင်း သတင်းပို့လိုက်၊ ဒါမှ သူလည်း ကြိုပြီးစိတ်ပြင်ဆင်ထားလို့ရအောင်”
ကုန်းကုန်းငယ်လေးခမျာ ကြောက်လန့်တကြား တုန်ယင်ပြီး နေရာမှပင် မလှုပ်ဝံ့ချေ။ ဤသို့သော သတင်းမျိုးကို ကျင့်ကျူထံ သွားပို့ရလျှင် သူပါ တစ်ခါတည်း ထိုပြဿနာထဲ ရောထွေးသွားမှာ စိုးရပြီး မည်သည့်အကျိုးအမြတ်မှ ရလာမည်မဟုတ်ချေ။
လျိုကုန်းကုန်းမှာ သူ၏တပည့် သတ္တိကြောင်နေသည်ကို မြင်လျှင် ဒေါသထွက်သွားရသည်။ သူသည် ကုန်းကုန်းငယ်လေးကို တစ်ချက်ကန်ထည့်ပြီး : “ဘာတွေကြောက်နေတာလဲ၊ အခုချက်ချင်း အမြန်သွားစမ်း! မဟုတ်လို့ကတော့ ငါ မင်းကို သေအောင်ရိုက်ပစ်မယ်”
ကုန်းကုန်းငယ်လေးသည် ကြောက်အားလန့်အားဖြင့် မင်းသမီးကို ရှာရန် ထွက်သွားရတော့သည်။
ယခုအခိုက်အတန့်တွင် ရှန့်လင်က တော်ဝင်အမျိုးသမီးလေးများကို ပန်းရှုစားရန် ဦးဆောင်ခေါ်သွားနေခြင်းဖြစ်သည်။ နန်းတွင်းဥယျာဉ်မှ ပန်းများသည် မကြာသေးခင်ကမှ ဝေဝေဆာဆာပွင့်လန်းထားပြီး ပန်းများ၏သင်းရနံ့တို့က ကြွယ်ဝပြီး အလွန်တရာ မွှေးပျံ့နေ၏။
ရှန့်လင်သည် ဇီးကိုင်းတစ်ကိုင်းကို ချိုးကာ အကြိမ်အနည်းငယ် ကစားပြီးနောက် စိတ်ဝင်စားမှု ပျောက်ဆုံးသွား၏။ သာမန်ကာလျှံကာ ပစ်ထုတ်လိုက်ပြီးနောက် လည်ရှည်ဖိနပ်ဝတ်ထားသော ခြေဖြင့် နင်းချေလိုက်သည်။ သူ(မ)က လမ်းလျှောက်ရင်း အမေးဆိုလိုက်သည်။
“မင်ကျူး ဒူးထောက်နေသေးတယ်မလား”
နန်းတွင်းအစေခံက ပြန်ဖြေ၏။
“သူ့ကို စောင့်ကြည့်နေတဲ့ သူရှိတာမလို့ ထွက်မပြေးနိုင်ပါဘူး”
ရှန့်လင်၏စိတ်အခြေအနေက အလွန် ကောင်းမွန်သွားပြီး မြင်မြင်သမျှ အရာရာတိုင်းက မျက်စိပဒေသာဖြစ်နေတော့သည်။
“သူ့ကို သုံးရှီချန်မတိုင်ခင်အထိ ထခွင့်မပြုဘူး”
[တစ်ရှီချန် - နှစ်နာရီ // သုံးရှီချန်ဆိုတော့ ခြောက်နာရီပေါ့]
မင်ယွမ်သည် မနေနိုင်အောင် တိတ်တဆိတ် ရယ်လေ၏။
“ကျင့်ကျူက အဆင်းကလည်း လှသလို နှလုံးသားလေးကပါ ကြင်နာတတ်လိုက်တာ၊ တခြားတစ်ယောက်သာဆို သူလိုလူမျိုးကို ရိုးရိုးရှင်းရှင်း ဒူးထောက်ခိုင်းရုံနဲ့ မပြီးသွားလောက်ဘူး”
အခြားသူများကလည်း တစ်ယောက်ပြီးတစ်ယောက် သံယောင်လိုက်၏။
“ဟုတ်တယ်၊ ဒီလိုအရှက်မရှိလွန်းတဲ့ အပေါစား ကိုယ်လုပ်တော်မျိုးကို ကျွန်မတို့မြို့စားအိမ်တော်မှာဆို ဆောင်ကြာမြိုင်ကို ရောင်းစားပစ်လိုက်ပြီ”
“သူ့အမေကလည်း ဆောင်ကြာမြိုင်ကပဲမလား၊ သူ့အမေရဲ့ခြေလှမ်းတိုင်း လျှောက်ရလို့ဆိုပြီး သူက ပျော်ချင်ပျော်နေလောက်အုံးမှာ……”
ထိုစကားများ မဆုံးခင်မှာပင် လူအများအပြားထံမှ ရယ်သံထွက်လာ၏။
နွေဦးနေရောင်ခြည်က တောက်ပနေပြီး နေမင်းကြီးမှာ မွန်းတည့်ချိန်ရောက်သည်နှင့် ပူပြီးရင်းပူလာတော့ရာ ထိန်ထိန်သာလွန်းနေသည်က လူကို မျက်စိပင် မဖွင့်နိုင်လောက်အောင် ဖြစ်စေသည်။
တစ်ယောက်က တိုးတိုးသာသာ မေးမြန်းလာ၏။
“အရှင့်သား ဒီကိစ္စကို ပြန်သိရင် ဒေါသတော့ မထွက်လောက်ဘူးမလား”
ရှန့်လင်၏ကောင်းမွန်နေသော စိတ်အခြေအနေက ထိုစကားများကြောင့် လုံးလုံး ပျက်စီးသွားသလို လူတိုင်းကလည်း စကားပြောရပ်တန့်သွား၏။
ရှန့်လင်က : “သူ သိတော့ရော ဘာဖြစ်လဲ၊ ထိုက်ကျစ်ကောကောက အဲ့ဒီမိန်းမကို ကာကွယ်ပေးမယ် ထင်လို့လား”
ထိုတစ်ယောက်သည် ကသိကအောက်ပြုံးရင်း သူ(မ)ကို မစော်ကားဝံ့သဖြင့် : “ကျင့်ကျူပြောတာ မှန်ပါတယ်၊ ကျွန်တော်မျိုးမက စိုးရိမ်စိတ်လွန်ကဲသွားမိတာပါ”
ရှန့်လင်သည် နန်းတွင်ဥယျာဉ်ကို ပတ်ရန် စိတ်မပါတော့ပြီး ဤအရေခြုံထားသော အချည်းနှီးမိန်းကလေးများကို နန်းတော်မှ ထွက်သွားခိုင်းရန် ပြင်လိုက်သည်။
လျိုကုန်းကုန်း၏တပည့်သည် နေရာအနှံ့လှည့်ပတ်မေးပြီး နောက်ဆုံး ဤနေရာကို ရှာတွေ့သွား၏။ သူသည် ချွေးဒီးဒီးကျရင်း သူ(မ)ရှေ့မှောက် အမြန်ပြေးသွားလိုက်သည်။
ကုန်းကုန်းငယ်လေးသည် ခေါင်းထက်တွင် ဦးထုပ်ကို ဆောင်းထားပြီး ခေါင်းကို အနည်းငယ် ငုံ့လိုက်ချိန်မှာတော့ သူ့အရှေ့မှ မြင်ကွင်းလည်း တပါတည်း ပိတ်ဆို့သွား၏။ သူသည် ကျင့်ကျူ၏အမူအရာကို ကြည့်ရန် မဝံ့ရဲပြီး ကတုန်ကယင်ဖြင့် စကားပင် ဖြောင့်ဖြောင့်မဆိုနိုင်ချေ။
“ကျင့် ကျင့်ကျူ…အရှင့်သားအိမ်ရှေ့စံက သူ…သူက…”
ရှန့်လင်သည် လက်သီးကျစ်ကျစ်ဆုပ်ကာ : “ဘာတွေ အထစ်ထစ်အငေါ့ငေါ့ဖြစ်နေတာလဲ! ပြောမှသာပြောစမ်း”
ကုန်းကုန်းငယ်လေးခမျာ သူ့ခေါင်းကိုပဲ ဆန့်ထုတ်ထားရမလား၊ ကျုံ့ထားရမလား ဟူ၍ စိတ်ထဲ စဉ်းစားနေမိ၏။ ဆန့်ဆန့်ကျုံ့ကျုံ့ ဇာတ်သိမ်းက အတူတူပဲဖြစ်နေလိမ့်မည်ဖြစ်ရာ ဘယ်လိုပဲဖြစ်ဖြစ် ရှောင်ရှားနိုင်မည်မဟုတ်ချေ။ ထို့ကြောင့် သူသည် မျက်လုံးများကို ဖိမှိတ်ကာ ဒူးထောက်ချလိုက်သည်။
“အရှင့်သားအိမ်ရှေ့စံက စိတ်ဆိုးမာန်ဆိုးနဲ့ ခုလေးတင် နန်းတော်ထဲ ဝင်လာပါတယ်၊ ပြီးတော့ မင်ကျူးမိန်းကလေးကို ခေါ်ဆောင်သွားပါပြီ”
ရှန့်လင်၏မျက်နှာသည် ဖြူတစ်လှည့်၊ ပြာတစ်လှည့် သူ(မ)သည် အံကြိတ်ကာ : “သူ လွယ်လွယ်နဲ့ လွတ်သွားတာပေါ့”
ဒူးထောက်တာ နာရီဝက်ပင်မပြည့်သေးရာ ထိုမျှလောက်လေးနှင့် သူ့ဒူးနှစ်ဖက် ချည့်နဲ့သွားမည်မဟုတ်ချေ။
ကုန်းကုန်းငယ်လေးသည် ကျင့်ကျူး ဤမျှအထိ ရက်စက်နေမည်ဟု မမျှော်လင့်ထားခဲ့ပေ။ သူသည် တစ်ဖန် အထစ်ထစ်အငေါ့ငေါ့ဖြင့် : “အရှင့်သားက…အမိန့်…အမိန့်လည်း ပေး……”
“ရှင်းရှင်းပြောစမ်း၊ ထိုက်ကျစ်ကောကောက ဘယ်သူ့ကို ဘာလုပ်ဖို့ အမိန့်ပေးတာလဲ”
“လက်ထပ်အမိန့်ပြားကို ပြန်သိမ်းဖို့ ရှန်းယန်မြို့ကို သွားခိုင်းလိုက်ပါတယ်”
ထိုစကားများ ထွက်လာသည်နှင့် ဘေးပတ်ဝန်းကျင်တစ်ခုလုံး ငြိမ်သက်တိတ်ဆိတ်သွား၏။
ရှန့်လင်သည် မျက်လုံးအပြူးသားဖြင့် သူ့ကို စိုက်ကြည့်ပြီး ဘေးမှ အစေခံကို လက်နှစ်ဖက်စလုံးဖြင့် တင်းကျပ်စွာ ဆုပ်ကိုင်ထား၏။ မျက်နှာပေါ်မှ သွေးရောင်သည်လည်း ချက်ချင်း ပျောက်ဆုံးကာ ဖြူဖပ်ဖြူရော် ကျန်ခဲ့သည်။ သူ(မ)အရှေ့မှ အရာအားလုံးက အမည်းရောင်ပြောင်းသွားပြီး ခြေထောက်မှာ နောက်သို့ ယိုင်နဲ့ဆုတ်သွားရင်း ခြေနှစ်လှမ်း,လှမ်းအပြီး ပြိုလဲကျသွားတော့သည်။ မယုံကြည်နိုင်ခြင်းများနှင့် အသက်ရှူရခက်စွာ ပြန်မေးလိုက်သည်။
“မင်း ဘာပြောလိုက်တယ်”
ကုန်းကုန်းငယ်လေးသည် မုသားမဆိုဝံ့သဖြင့် : “အရှင့်သားက မင်္ဂလာပွဲကို ဖျက်သိမ်းချင်ပါတယ်တဲ့”
ရှန့်လင်သည် ခေါင်းကို အတွင်တွင်ခါယမ်းပြီး နည်းနည်းလေးမှ မယုံကြည်နိုင်ဘဲ ပါးစပ်မှနေ အဆတ်မပြတ် ရေရွတ်လာတော့သည်။
“မဖြစ်နိုင်တာ မဖြစ်နိုင်တာ”
ကျောက်ရှီ၏လုပ်ရပ်က သံသယဝင်စရာပင် မလိုအောင် သူ(မ)မျက်နှာကို မြေပေါ်ချနင်းလိုက်ခြင်းပင်။ မင်္ဂလာပွဲဖျက်သိမ်းသည့်ကိစ္စမျိုးက…ထိုအဆင့်အတန်းမရှိသည့် မိန်းမအတွက် လုပ်ခဲ့တယ်ဆိုသည့် အချက်ကို ထည့်မပြောနှင့်အုံး၊ သူ(မ)အတွက် ကြီးစွာအရှက်တကွဲအကျိုးနည်းဖြစ်ရနေပြီပေ။
ထိုအခိုက်အတန့်တွင် လူတိုင်း၏မျက်လုံးများက သူ(မ)ထံ စုပြုံရောက်လာ၏။
ရှန့်လင်သည် ထိုအံ့အားတသင့်ဖြစ်နေကြသော၊ သနားနေကြသော အကြည့်များကြောင့် လွန်စွာ အရှက်ရမိ၏။ သူ(မ)၏မျက်လုံးများက ချက်ချင်းဆိုသလို နီမြန်းသွားပြီး မျက်ဝန်းအိမ်များက နာကျင်ရောင်ရမ်းကာ ရေကြည်များဖြင့် အရောင်လဲ့လာတော့သည်။ သို့သော် သူ(မ)သည် ခေါင်းမာမာဖြင့်ပင် ခေါင်းကို မော့ကာ မျက်ရည်များကို အတင်းအကျပ် ပြန်သွင်းလိုက်သည်။
“ငါ မယ်တော်မိဖုရားကြီးဆီ သွားတွေ့မယ်”
*
မင်ကျူးမှာ သတိလုံးလုံး မေ့သွားခြင်းမဟုတ်ပြီး အနည်းငယ် မူးဝေဝေဖြစ်နေရုံသာ။ ထိုအမျိုးသား၏ပြင်းထန်သော ကိုယ်သင်းနံ့က သူ(မ)တစ်ကိုယ်လုံးကို ဝန်းရံထားပြီး ပလာယာထက်ပင် တင်းကျပ်နေသော လက်များက သူ(မ)အား မြဲမြံစွာ ပွေ့ဖက်ထား၏။ သူ၏စူးစူးရှရှ ထက်မြက်မှုက သိသိသာသာ ထွက်ပေါ်နေပြီး လူတစ်ကိုယ်လုံးက အနည်းငယ် ကြောက်မက်ဖွယ် ကောင်းနေ၏။
မင်ကျူးသည် သူ့ရင်ခွင်ထဲတွင် ငြိမ်ငြိမ်သက်သက် နေနေလိုက်ပြီး လှည်းအတွင်းသို့ ရောက်သည့်အချိန် အလိုအလျောက် ချောင်နားလေးထဲ သွားကွေးနေလိုက်သည်။
ကျောက်ရှီမှာ ဒေါသထွက်လွန်းသဖြင့် ခေါင်းပင် ထိုးကိုက်လာတော့သည်။ မျက်ခုံးနှစ်ခု၏ဗဟိုကို ဖိပွတ်ပြီး သူ(မ)အား အေးစက်စက် ဝေ့ကြည့်လိုက်သည်။ သူ့မျက်နှာထက်တွင် မည်သည့်အမူအရာမှ မရှိနေချေ။
“ကျင့်ကျူက မင်းကို နန်းတော်ထဲ ဝင်ခိုင်းတာနဲ့ မင်းက ဝင်လိုက်ရောပဲလား၊ သူ မနက်ဖြန်မှာ မင်းကို သေခိုင်းရင် မင်း နာနာခံခံနဲ့ပဲ သေလိုက်တော့မှာလား”
သူ၏သံနေသံထားသည် အလွန်အမင်း အေးစက်ပြီး အတက်အကျမရှိဘဲ တုံးတိတိဖြစ်နေပါသော်လည်း ထွက်လာသည့်အသံမှာ သူ ပုံမှန် ဒေါသထွက်လေ့ရှိသည့်အချိန်မျိုးကထက် အများကြီး ပို၍ ထိတ်လန့်ဖွယ်ကောင်းနေ၏။
မင်ကျူးသည် ဒူးမှ တဆစ်ဆစ် နာကျင်မှုကို သည်းခံပြီး မျက်လွှာအသာချကာ ညင်သာစွာ ဆိုလိုက်သည်။
“သူက မင်းသမီးလေ”
ကျောက်ရှီသည် သူ(မ)၏စကားကြောင့် ဆို့နင်သွားပြီး မျက်နှာသည် ပိုလို့ပင် အကျည်းတန်လာတော့သည်။ လက်ငါးချောင်းကို ကျစ်ကျစ်ဆုပ်ထားပြီး လက်ကောက်ဝတ်ပေါ်မှ သွေးကြောများသည် ဖောင်းထွက်ကာ အေးတိအေးစက်နှင့် ဆိုလာ၏။
“မင်းကို ဝမ်ယွဲ့ဆောင်မှာပဲ ပိတ်ထားလိုက်သင့်တာ”
မင်ကျူးမှာ အလွန်ဝမ်းနည်းနေမိသည်။ သူ၏အနာဂတ်ဇနီးလောင်းသည် သူ(မ)အား တစ်လျှောက်လုံး အရှက်ခွဲနေခဲ့ပြီး ယခုတွင်မူ သူ့ထံမှပါ ဤသို့သော ခက်ထန်ထန်အမူအရာဖြင့် ကြိမ်းမောင်းခံနေရသေးသည်။
သူ(မ)သည် နီရဲလာသော မျက်ဝန်းများကို ဖုံးကွယ်ရန် မျက်လွှာချထားလိုက်ပြီး ပါးစပ်ပိတ်ထားလိုက်တော့သည်။
ကျောက်ရှီသည် ဒေါသထွက်နေဆဲဖြစ်ပြီး မျက်နှာတစ်ခုလုံး တင်းမာနေတော့သည်။ သူ အလောတကြီးဖြင့် ထိုနေရာသို့ ရောက်သွားချိန်က အသံတစ်သံထွက်မလာတော့ဘဲ မြေပြင်ပေါ် လှဲလျောင်းလုနီးနီးဖြစ်နေသော သူ(မ)၏ကျိုးပဲ့လွယ်ခန္ဓာကိုယ်လေးကို ဦးဆုံး မြင်လိုက်ရသည်။ သူ(မ)သည် သတိလစ်သွားသယောင်ရှိသော်လည်း ငြိမ်သက်နေသည်မှာ အသက်ပင် မရှူနေတော့သလို။
“နန်းတော်ဆိုတာ ဘယ်လိုနေရာမျိုးမှန်း မင်း သိရဲ့လား၊ ရှန့်လင်က ဘယ်လိုလူစားမျိုးလဲဆိုတာ မင်း မသိဘူးလား”
“သိတာပေါ့၊ သူက အရှင့်ရဲ့ထိုက်ကျစ်ဖေးလေ”
“ငါ အဲ့ဒါကို ပြောနေတာမဟုတ်ဘူး”
ကျောက်ရှီသည် အသက်ပြင်းပြင်းရှူသွင်းပြီး တဖြည်းဖြည်း စိတ်ကို လျှော့လိုက်သည်။
“ထားလိုက်တော့”
သူ(မ)သည် နန်းတော်သို့ တစ်ခါမှ မရောက်ဖူးသည်ဖြစ်ရာ သူ့အနေနှင့် သူ(မ)ကို သွားအပြစ်မတင်သင့်ပေ။
ယနေ့တွင် သူ အလွန်ဒေါသထွက်သွားခဲ့သည်။ မည်သို့ပင်ဆိုနေပါစေ သူ(မ)ကို သူ ဂရုစိုက်မိနေဆဲပေ။ သူသာ နန်းတော်သို့ အဝင်နောက်ကျသွားလျှင် သူ(မ) မရှိတော့မည်ကို စိုးရွံ့နေခဲ့ရသည်။
ကျောက်ရှီ ရှန့်လင်ကို လက်ထပ်ရန် သဘောတူရခြင်းမှာ သူ(မ)၏မိသားစုနောက်ခံနှင့် အဆင့်အတန်းကြောင့်ဟု ဆိုလျှင် မမှားသော်လည်း အဓိကအချက်မှာ သူ(မ)သည် အခြေအနေအချိန်အခါကို နားလည်ပြီး နည်းလမ်းများရှိသောကြောင့်ပင်။
သို့သော် ကျောက်ရှီမှာ ရှန့်လင် မင်ကျူးအပေါ် ဤမျှအမြန်ကြီး သူ(မ)၏နည်းလမ်းများကို ထုတ်သုံးလာလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။
မင်ကျူးသည် ခေါင်းငုံ့လျက် ဒူးကို ပိုက်ကာ လှည်းထောင့်နား ကျုံ့ဝင်နေလိုက်သည်။ နက်မှောက်သော ဆံနွယ်ရှည်များကို မျက်နှာတစ်ခုလုံးကို ဖုံးကွယ်ထားသဖြင့် သူ(မ)၏အမူအရာကို သူ မမြင်ရချေ။
ကျောက်ရှီ၏နှလုံးသားမှာ ပျော့ပျောင်းသွားပြီး သက်ပြင်းအသာချလို့ ဆိုလိုက်သည်။
“ခေါင်းကို မော့”
မင်ကျူးသည် မနာခံချေ။
ကျောက်ရှီသည် ရှေ့သို့ တိုးလာပြီး သူ၏သန်မာသော လက်ချောင်းများဖြင့် သူ(မ)မေးကို ဖျစ်ညှစ်ကာ သူ(မ)၏မျက်နှာလေးကို အတင်းပင့်မော့စေ၏။
သူ(မ)မျက်နှာလေးသည် ဖြူဥနူးညံ့နေပြီး သနားချင့်စဖွယ်ရော စွဲမက်ဖွယ်ရော ကောင်းနေ၏။
ကျောက်ရှီသည် ကူကယ်ရာမဲ့စွာဖြင့် : “မင်းကို စကားတစ်ခွန်းနှစ်ခွန်းပဲ ပြောရသေးတာကို ဘာလို့ ယုန်မျက်လုံးလေးတွေလို ဖြစ်သွားရတာလဲ”
မင်ကျူးသည် ခေါင်းခါကာ ဆိုလိုက်သည်။
“ကျွန်တော်မျိုးမ ဘာမှမဖြစ်ပါဘူး”
သူ(မ)နှလုံးသားထဲ လွန်စွာ ဝမ်းနည်းနေသည့်တိုင် ကျောက်ရှီကိုတော့ ပြောပြမည်မဟုတ်ချေ။
ယနေ့တွင် ရှန်းယန်ကျင့်ကျူနှင့် ဘေးကနေ ရပ်ကြည့်နေကြသည့် ထိုတော်ဝင်အမျိုးသမီးများကပဲ သူ(မ)၏အဆင့်အတန်းကို အထင်သေးရှုတ်ချခဲ့ကြသည်မဟုတ်၊ ကျောက်ရှီကိုယ်၌ကလည်း သူတို့နှင့် မခြားပေ။
ကျောက်ရှီသည် တခဏ ငြိမ်သက်သွားပြီးနောက် တီးတိုးရေရွတ်လာ၏။
“စကပ်မလိုက် မင်းဒူးကို ကိုယ် တစ်ချက်ကြည့်ရအောင်လို့”
မင်ကျူးသည် သူ(မ)ဒူးကို ပိုလို့ပင် ဖိကပ်ဖက်ထားလိုက်ပြီး : “မနာပါဘူး”
ကျောက်ရှီသည် သူ(မ)ကို အတန်ကြာသည်အထိ မမှိန်မသုန် စိုက်ကြည့်နေ၏။ သူ(မ)စကားကို လုံးလုံး ယုံကြည်ပုံမရသည့် သူက အချိန်ကုန်ခံပြီးဆက်ပြောမနေတော့ဘဲ တစ်ခါတည်း လူကို ဆွဲခေါ်ကာ စကပ်အနားစကို ဒူးအထက်ထိ လှန်တင်လိုက်သည်။
မိန်းမငယ်လေး၏သေးသေးသွယ်သွယ် ဖြူဖြူနုနုခြေထောက်မှာ ဒူးနေရာတွင် ရဲရဲနီနေ၏။
နီရဲရောင်ရမ်းနေသည့်အပြင် ထိုအစိတ်အပိုင်းမှာ ပြင်းပြင်းထန်ထန် ပွန်းပဲ့နေ၏။
ကျောက်ရှီ၏မျက်လုံးများက ချက်ချင်း အေးစက်သွားပြီး သွေးလည်ပတ်မှုအားကောင်းစေသည့် လိမ်းဆေးဘူးကို တိတ်တဆိတ် လှမ်းယူကာ အလေးအနက် ဂရုတစိုက်ဖြင့် ခေါင်းငုံ့လျက် သူ(မ)၏ဒဏ်ရာကို လိမ်းကျံပေးလိုက်သည်။
ဆေးလိမ်းပေးပြီးသည်နှင့် ကျောက်ရှီသည် လှည်းအပြင်မှ သူ၏ကိုယ်ရံတော်အား လှမ်းဆိုလိုက်သည်။
“အပြင်အိမ်တော်ကို သွားမယ်”
ထိုအသံကြားသည်နှင့် မင်ကျူးသည် ချက်ချင်း စိုးရိမ်စိတ်ကြီးစိုးလာ၏။ သူ(မ) ယနေ့မှာပဲ အပြင်ဆောင်ကို ပြန်သွားရလျှင် သူ(မ)၏ယခင်အစီအစဉ်များအားလုံး ရေစုန်မျောသွားတော့မည်ဖြစ်သည်။
သူ(မ)သည် သူ့လက်မောင်းကို အလိုလို ဖမ်းဆွဲလိုက်မိသည်။
“အရှင့်သား၊ ကျွန်တော်မျိုးမကို မင်အိမ်တော်ကိုပဲ ပြန်ပို့ပေးပါ နော်”
ကျောက်ရှီ သဘောမတူသည်မှာ အသိအသာကြီးပင်။
မင်ကျူးသည် သူ(မ)၏နှုတ်ခမ်းထောင့်ကို ပင့်တင်ပြီး သူ့ကို ပြုံးပြလိုက်သည်။
“မီးပုံးပွဲတော်ပြီးတာနဲ့ ကျွန်တော်မျိုးမ ပြန်လာခဲ့ပါ့မယ်၊ နောင်ဆို ဘယ်ကိုမှလည်း မသွားတော့ဘူး၊ အရှင့်အနားမှာ အမြဲ ကပ်နေတော့မှာလေ”
သူ(မ)၏အသံက နူးညံ့ချိုမြနေပြီး နားထောင်ရသူအဖို့ သူ(မ)ဆန္ဒအား မလွန်ဆန်နိုင်လောက်အောင် နှစ်လိုဖွယ်ကောင်းနေ၏။
ကျောက်ရှီ သူ(မ)၏မျက်လုံးများကို လက်ဖြင့် အုပ်လိုက်ပြီး သူ၏ကိုယ်ရံတော်ကို လမ်းကြောင်းပြောင်းရန် အမိန့်ပေးလိုက်သည်။
“မင်အိမ်တော်ကိုပဲ သွားကြမယ်”
သူ သူ(မ)၏အရည်လဲ့လဲ့နှင့် ဖြူစင်သော ဤမျက်ဝန်းကြည်ကြည်လေးများကို လွန်စွာ သဘောကျရ၏။ သဘောကျရလွန်းသဖြင့် ၎င်းတို့အပေါ် စွဲလမ်းလွန်းသွားမည်ကိုလည်း စိုးမိသည်။
ကျောက်ရှီသည် အခြားသူများ၏အကြည့်ကို ဘယ်သောအခါမှ ဂရုမစိုက်တတ်သဖြင့် မင်အိမ်တော်ဝင်ပေါက်သို့ ရောက်သည်နှင့် သူ(မ)၏ခြံဝင်းထဲအထိ ကိုယ်တိုင်ကိုယ်ကျ ချီခေါ်သွားပြီး ခုတင်ပေါ် တင်ပေးလိုက်သည်။ သူ(မ)၏ဒူးများ ပြန်မကောင်းသေးခင်အထိ သူ(မ)သည် ခုတင်ပေါ်မှ ဆင်းပြီး လမ်းလျှောက်ခွင့်မရှိချေ။
ကျောက်ရှီသည် သူ(မ)ကို နေရာချပေးပြီးသည်နှင့် တစ်ဖက်သို့ လှည့်ကာ အခန်းထဲမှ ထွက်သွားတော့သည်။ ပိယင်သည်မူ အပြင်ဘက်တွင် ဒူးထောက်တောင်းပန်နေနှင့်ပြီးဖြစ်သည်။
ကျောက်ရှီသည် တံတားအောက်မှ စင်္ကြန်လမ်းတွင် လက်နောက်ပစ်၍ သူ(မ)ကို ကျောပေးကာ တိတ်တဆိတ် ရပ်နေ၏။ ပိယင်၏စကားများကို နားထောင်ပြီးသည်နှင့် သူသည် အမူအရာမဲ့စွာဖြင့် ဆိုထားခဲ့သည်မှာ : “သွားပြီး ကိုယ့်အပြစ်ကိုယ် ခံယူနေလိုက်၊ သူ့ကို မသိစေနဲ့၊ နောက်တစ်ခါဆိုတာ မရှိတော့ဘူးမှတ်”
ပိယင်သည် မျက်ရည်များကို သုတ်ကာ : “ကျွန်တော်မျိုးမ နားလည်ပါပြီ”
ကျောက်ရှီသည် အပြင်ဘက်တွင် အတန်ကြာသည်အထိ ရပ်နေခဲ့၏။ သူ(မ)အား လက်ထပ်ယူမည့် အတွေးကလေးက စိတ်ကူးထဲ ခပ်ရေးရေးပေါ်လာသော်လည်း သူသည် ထိုအတွေးကို တစ်ဖန် ဖိနှိပ်ထားလိုက်ပြန်သည်။
သူ၏အပြင်းပြဆုံးသော ခံစားချက်များအားလုံးက မင်ကျူးထံတွင်သာ ရှိပြီး၊ သူသည် သူ(မ)၏ဘဝကို အားစိုက်ထုတ်စရာမလိုဘဲ ခြယ်လှယ်နိုင်သည်ကြောင့်လည်း သူ(မ)အား သူ လက်ထပ်မယူလျှင်တောင် သူ(မ)တွင် သူ့အား ချန်ထားရစ်ခဲ့နိုင်သည့် အစွမ်းအစမရှိချေ။
တစ်ခဏကြာပြီးနောက်တွင် နန်းတော်မှ လူတစ်ယောက်သည် သတင်းများကို တင်ပို့ရန် ရောက်လာ၏။ အစောပိုင်းက သူ့တွင် မေးမြန်းနေရန် အချိန်မရှိခဲ့သော်လည်း ယခုတွင် စာရင်းရှင်းရန်အတွက် အချိန်များစွာ အားလပ်နေပြီဖြစ်သည်။
“ဒီနေ့ ရှန့်လင် နန်းတော်ထဲမှာ သူ(မ)ကို လုပ်ခဲ့သမျှ ပြောခဲ့သမျှ အကုန်လုံး မချွင်းမချန် လျှောက်၊ စကားလေးတစ်ခွန်းတောင် မကျန်ခဲ့စေနဲ့ အကုန်ပြော”
သူလျှိုမှာ မည်သည့်အသေးစိတ်အချက်အလက်ကိုမျှ မချန်ထားဝံ့သလို မည်သည့်အပိုစာသားကိုမျှလည်း ဖြည့်စွက်မထည့်ဝံ့ဘဲ အဖြစ်ပျက်အားလုံးကို အမှန်အတိုင်း အစီရင်ခံခဲ့သည်။
ကျောက်ရှီသည် “နိမ့်ပါးသောကိုယ်လုပ်တော်” ဟူသော စကားကိုကြားသည်နှင့် မျက်နှာသည် အလွန်အကျည်းတန်သွား၏။ ထို့နောက် သူ(မ)မိခင်ဖြစ်သူ၏ အခြေအနေကို ထုတ်ဖော်ပြီး သရော်လှောင်ပြောင်ကြသည်ကို ကြားလိုက်ရချိန်တွင် သူ၏ မနည်းဖိနှိပ်ထားရသော ထိန်းမနိုင်သိမ်းမသာ ဒေါသများက ထွက်ပေါ် လာပြန်သည်။
“ပြီးတော့ရော”
“ကျင့်ကျူက မင်ကျူးသခင်မလေးကို ကပြဖျော်ဖြေဖို့ အမိန့်ပေးပါသေးတယ် ပြီးတော့ သခင်မလေးကို အားသုံးပြီး ကန်ကျောက်ပါတယ်”
ကျောက်ရှီ၏အကြည့်များထဲတွင် ယခင်က တစ်ခါမှ မရှိခဲ့ဖူးသော ရက်စက်ကြမ်းကြုတ်မှုများနှင့်အတူ မျက်လုံးများကို ဖြည်းညှင်းစွာ မော့ကြည့်လိုက်သည်။ ရှန့်လင်က သူ(မ)ကို ဒီလို အရှက်ခွဲဝံ့ရအောင် သူ့ကိုယ်သူ ဘာထင်နေသလဲ!။
မင်ကျုး သူ့ကို အကြီးအကျယ် ဒေါသထွက်စေခဲ့တဲ့အချိန်မှာတောင်မှ သူ့မှာ သူ(မ)ကို နည်းနည်းလေးတောင် မနာကျင်စေရက်ခဲ့တာ၊ ရှန့်လင်ကများ သူ(မ)ကို ကန်ကျောက်ရဲတယ်!
ကျောက်ရှီသည် မျက်လုံးများကို မှိတ်ချလိုက်ပြီးနောက် ဖြည်းဖြည်းချင်း ပြန်ဖွင့်လိုက်သည်။ ထို့နောက် အမှုမထားစွာဖြင့် ဆိုလိုက်သည်။
“လက်ထပ်အမိန့်ပြားကို ပြန်သိမ်းဖို့ နောက်ကျသွားခဲ့ရင်လည်း ထားလိုက်တော့”
သူလျှိုသည် ကြောင်အမ်းသွား၏။
ကျောက်ရှီ၏အမူအရာသည် ပုံမှန်အတိုင်း ပြန်ဖြစ်သွားပြီး ဆိုလာသည့်အသံမှာ ပုံမှန်ထွက်နေကျသံနေသံထားအတိုင်း ညင်သာနေ၏။
“မင်္ဂလာပွဲကို ဖျက်သိမ်းကြောင်း ပြန်တမ်းကို ထပ်ပို့ပေးလိုက်”
ပထမက လက်ထပ်ပွဲကို စီစဉ်တယ်။
အဲ့ဒီနောက်မှာပဲ လက်ထပ်ပွဲကို ချက်ချင်း ပြန်ဖျက်သိမ်းတယ်။
ရှန့်လင်အား အရှက်ကွဲခြင်း၏အရသာကို မြည်းစမ်းခိုင်းလိုက်လျှင်လည်း မဆိုးလှချေ။
သူ၏လူယုံမှာ မအံ့ဩသွားချေ။
သူတို့၏သခင်က သူ့အားနည်းချက်သူ ကာကွယ်နေခြင်းဖြစ်သည်။
အရှင်ကိုယ်တိုင်တောင်မှ မင်ကျုးသခင်မလေးသည် သူ၏ကျောကြေးခွံဖြစ်နေသည်ကို ယခုထိတိုင် မသိသေးတာလည်း ဖြစ်နိုင်၏။ မည်သူမျှ သူ(မ)ကို မထိနိုင်သလို၊ မည်သူမျှလည်း သူ(မ)ကို ထိပိုင်ခွင့်မရှိချေ။
(E note : ကျောကြေးခွံဆိုတာက နဂါးတစ်ကောင်ရဲ့ အထိမခံနေရာပါ၊ တစ်ယောက်ယောက်ကသာ အဲ့ဒီနေရာကို လာထိရင် နဂါးက အဲ့ဒီလူကို သေချာပေါက် ဖျက်ဆီးမှာပါတဲ့)