no

Font
Theme

အပိုင်း (၀၁၆)

မင်ကျူးနှင့် ရှန်းယန်ကျင့်ကျူသည် တစ်ခါမှ မျက်နှာချင်းဆိုင် မဆုံဖူးကြသေးချေ။ ဖိတ်ကြားချက်ကို လက်ခံရရှိသည့်အချိန် သူ(မ) အနည်းငယ် အံ့အားသင့်သွားပြီး ပဏာမဇနီးသည်၏ အမိဖမ်းခြင်းကို ခံလိုက်ရသည့် သေးနုပ်သည့် ကိုယ်လုပ်တော်တစ်ယောက်ပမာ အရှက်လည်း ရမိသည်။

ထို့ကြောင့် သူ(မ)သည် ငြင်းဆန်ရန် ရည်ရွယ်လိုက်သည်။

မင်ရူသည် သူ၏အစေခံနှင့်အတူ သူ(မ)၏ခြံဝင်းထဲသို့ အတင်းဝင်ရောက်လာပြီး အတော်လေး ချုပ်တည်းထားပုံရသော အပြုအမူဖြင့် သူ(မ)အား နန်းတော်မှ ပို့ဆောင်လာသည့် ဖိတ်စာလိပ်ကို ကမ်းပေးလာ၏။

“ကျင့်ကျူက နင့်ကို လက်ဖက်ရည်သောက်ပန်းရှုစားဖို့ နန်းတော်ကို ဝင်ခဲ့ဖို့ ဖိတ်ထားတယ်၊ ဒါက သူ နင့်ကို အရေးတယူရှိတယ်လို့ ဆိုလိုတာပဲ၊ နင် သွားဖို့ ငါ အကြံပေးလိုက်မယ်”

မင်ကျူးသည် ဖိတ်စာလိပ်ကို ပြန်ပေးလိုက်၏။

“ကျွန်မ နေလို့သိပ်မကောင်းဘူး”

မင်ရူသည် သူ(မ)ကို အေးစက်စွာ ကြည့်ပြီး လှောင်ရယ်၏။

“နင် အဲ့ဒီဆင်ခြေကို ဘယ်လောက်ကြာကြာသုံးမလို့လဲ”

မူလကတည်းက မင်ရူသည် မင်ကျူးကို လုံးလုံး မျက်မုန်းကျိုးနေခြင်းပေ။ အရှင့်သားအိမ်ရှေ့စံက မင်မိသားစုအား သူ(မ)ကို မထိရန် ခြိမ်းခြောက်ခဲ့ကြောင်း သူ(မ) မနေ့ကပင် ပြန်ကြားခဲ့ရပြီး သူ မင်ကျူးကို အလွန်ကာကွယ်ပေးနေသည့်ပုံက မင်ရူအား သူ(မ)ကို နှလုံးသားထဲနစ်ဝင်နေသည့် ဆူးတစ်ချောင်းအဖြစ် ပိုမို ထင်မြင်လာစေတော့သည်။

သို့သော် မင်ရူသည် မင်ကျူးကို ရှင်းထုတ်ရန်အတွက်နှင့် အိမ်ရှေ့စံ၏အမြင်မကြည်ခြင်းကို ခံရမည်အား ဘယ်သောအခါမှ စွန့်စားမည်မဟုတ်ပေ။ ယခုအခါတွင် ရှန်းယန်ကျင့်ကျူကိုယ်တိုင် မင်ကျူးကို ဒုက္ခပေးရန် ကြံနေပြီဖြစ်ရာ သူ(မ)အနေနှင့် ပျော်ရွှင်နေမိသည်မှာ သဘာဝပင်။

မင်ရူမှာ ကျင့်ကျူ မင်ကျူးအား ဒေါသထွက်ထွက်ဖြင့် အသေသတ်လိုက်မည်ကို သေလောက်အောင် မြင်ချင်နေမိသည်။ သို့မှသာ သူ(မ)လည်း ဘေးကနေ ကြည့်ရင်း အကျိုးကျေးဇူးကို အလွယ်လေး ရိတ်သိမ်းလိုက်ရုံပင်။

မင်ကျူးသည် သူ(မ)၏ခနဲ့တဲ့တဲ့စကားကို မကြားသကဲ့သို့ အလွန်ရိုးသားသည့် အမူအရာဖြင့် မျက်တောင်ခပ်ကာ ဆိုလာ၏။

“မမ ဘယ်လိုလုပ်ပြီးတော့များ ကျွန်မကို ဒီလိုပြောရတာလဲ၊ ကျွန်မ တကယ် နေမကောင်းတာပါ”

သူ(မ)၏ဟန်ဆောင်မူပိုပြနေပုံကို ကြည့်ပြီး မင်ရူသည် အလွန် ဒေါသထွက်လာမိသော်လည်း မိမိ‌ဒေါသမိမိ ပြန်ဖိနှိပ်ထားလိုက်ပြီး : “နေမကောင်းဟန်ဆောင်ပြရုံနဲ့ နန်းတော်ထဲ ဝင်စရာမလိုတော့ဘူးလို့ မှတ်နေသလား မင်ကျူး၊ ပြီးတော့ တစ်နေ့မဟုတ်တစ်နေ့ နင် ကျင့်ကျူနဲ့ တွေ့ရအုံးမှာပါ”

အိမ်ရှေ့စံ၏ခုတင်ပေါ် တွယ်တက်ချင်နေသည့် အပေါစားကိုယ်လုပ်တော်သာသာကို အနာဂတ်ထိုက်ကျစ်ဖေးတစ်ယောက်အနေနှင့် သူ(မ)တွေ့ချင်သည့်အချိန် တွေ့နိုင်သည်မဟုတ်ပါလား၊ ကျင့်ကျူ ဒီမိန်းကလေးကို အမှန်တကယ် သတ်ပစ်လိုက်လျှင်တောင်မှ အရှင့်သားအိမ်ရှေ့စံသည် ကျင့်ကျူကို ဘာမှလုပ်မည်မဟုတ်ချေ။

မင်ကျူးသည် ကျောက်ရှီနှင့်အတူရှိချိန်မှစ၍ သူ့ထံမှနေ မကောင်းသည့်အတတ်များကိုလည်း သင်ယူထား၏။ သူ(မ)သည် ခပ်ဖွဖွ ပြုံးလိုက်လေရင်း : “နောင်ဖြစ်လာမဲ့ကိစ္စတွေကို နောင်မှပဲ ပြောကြတာပေါ့”

သူ(မ)ကို မလှုပ်ခါနိုင်သည့် မင်ရူသည် ‌အမျက်ချောင်းချောင်းထွက်ပြီး အင်္ကျီစကို ခါကာ လှည့်ထွက်သွားတော့သည်။

“နင်လုပ်ချင်ရာသာလုပ်”

မင်ကျူး၏ခြံဝင်ထဲမှ ထွက်သည်နှင့် မင်ရူသည် မျက်နှာပေါ်မှအမူအရာကို လုံးလုံး မထိန်းထားနိုင်တော့ပြီး လက်ထဲမှ ပန်းကိုင်းကို အားဖြင့် ဖိချိုးလိုက်သည်။

“နင်က အခုတော့ ဦးနှောက်သုံးတတ်နေပြီပေါ့”

ယခင်ကဆိုလျှင် သူ(မ)၏သတ္တိသေးသေးလေးဖြင့် မည်သူမဆို သူ(မ)ကို ဖြဲခြောက်လိုက်ရုံနှင့် သူ(မ)သည် ကြောက်လန့်တကြီး ခိုင်းသမျှအကုန် နာနာခံခံ လိုက်လုပ်တော့သည်။

သူ(မ)သည် အရာအားလုံးကို နားမယောင်တော့သည့် ယခုနှင့်မတူလှစွာပင်။

သူ(မ)စိတ်ထဲတွက်ချက်မိသမျှ အရာအားလုံး ကြေမွပျက်စီးသွားပြီဖြစ်သည်။

မင်ကျူးသည် ဖိတ်စာလာပို့သည့် အစေခံကို သူ(မ) မကြာသေးခင်က အအေးမိထား၍ မလာနိုင်သည့်အကြောင်း တပါးတည်း စာပြန်ခိုင်းလိုက်သည်။

နန်းတွင်းအစေခံသည် တစ်ကိုယ်လုံး တုန်ယင်လျက်ဖြင့် မင်းသမီးထံ သတင်းပြန်ပို့ပေး၏။

ရှန့်လင်သည် နည်းနည်းလေးမှ မယုံကြည်ချေ။

“သူ တကယ်ပဲ အဲ့လိုပြောလိုက်သလား”

အစေခံမလေးသည် မှန်ရာအတိုင်း လျှောက်တင်၏။

“ဟုတ်ပါတယ် ၊ ကျွန်တော်မျိုးမ ကြည့်ရသလောက် မင်ကျူးမိန်းကလေးက လာဖို့ဆန္ဒမရှိတဲ့ပုံပါပဲ”

ရှန့်လင် မူလက မင်ကျူးသည် အမြင့်သို့တက်လှမ်းရန် အလှတရားကို အားကိုးအားထားပြုနေရသော နုံနုံအအ,အလှလေးတစ်ယောက်ဟုသာ ထင်မြင်ခဲ့သော်လည်း သူသည် သူ(မ)ထင်ထားသည်ထက် ပို၍ထက်မြက်နေပုံပါပေ။

“ငါ သူ့ကို တစ်ခုခုလုပ်မှာ ကြောက်နေသတဲ့လား၊ ငါက အဲ့လောက် တုံးအတဲ့သူမလို့လား”

ရှန့်လင်မှာ အိမ်ရှေ့စံ၏ သူ(မ)အပေါ် လျစ်လျူရှုထားသည့် အေးစက်စက်အကြည့်တွေကို တွေးမိချိန်တိုင်း သူ(မ)၏ဆင်ခြင်တုံတရားက အလွယ်တကူ လွတ်ထွက်သွားတတ်သော်လည်း ယခုလက်ရှိတွင် သူ(မ)အသက်ကို အဆုံးသတ်ပေးအုံးမှာမဟုတ်သေးပြီး တွေ့ဆုံကာ သတိပေးချင်ရုံမျှသာဖြစ်သည်။

ရှန့်လင်သည် အေးစက်စက်ရယ်ကာ : “အစကတော့ သူ သက်သာတဲ့အထိ တွေ့ဆုံပွဲကို ရွှေ့ပေးလိုက်တော့မလိုပါပဲ အခုတော့ ငါ စိတ်ပြောင်းသွားပြီး၊ မနက်ဖြန်မှာ သူ့ကို လှည်းထဲ ပင့်ခေါ်လာရမယ်ဆိုရင်တောင်မှ သူ နန်းတော်ထဲ ဝင်ကိုဝင်ရမယ်”

နန်းတော်မှ ထိုသတင်းသည် သိပ်မကြာလိုက်ခင်မှာပင် မင်အိမ်တော်သို့ ရောက်သွား၏။

မင်ကျူးသည် တွေ့ဆုံပွဲကို မသွားမဖြစ်သွားရတော့မည်ဖြစ်သည်။

ပိယင်သည် သူ(မ)အတွက် ဝတ်စုံကို ပြင်ဆင်ပေးနေရင်း မနေနိုင်အောင် ဆိုမိတော့သည်။

“မမလေး၊ ကျွန်တော်မျိုးမတို့ ဒီကိစ္စကို အရှင့်သားကို ပြောပြလိုက်ရအောင်လေ”

မင်ကျူးက ခေါင်းခါကာ : “သူ ငါ့ကို စိတ်ဆိုးနေတုန်းပဲ၊ သူ ဂရုစိုက်မှာမဟုတ်ပါဘူး”

သူ(မ)သည် ပိယင်၏စိတ်ပူနေသော မျက်ဝန်းများကို ကြည့်ပြီး : “ကျင့်ကျူက ငါ့ကို ဒီတိုင်းပဲ တွေ့ချင်တာဖြစ်လောက်မှာပါ”

ပိယင်မှာလည်း ထိုသို့ပဲ ဖြည့်တွေးနိုင်တော့၏။

“နန်းတော်ထဲမှာ စည်းမျဉ်းစည်းကမ်းတွေက မျာကများနဲ့ မမလေး မနက်ဖြန်ကျရင် သေချာဂရုစိုက်ပါနော်”

မင်ကျူး ပြုံးလိုက်သည်။ သူ(မ)သည် အရင်ကလို ငတုံးငအတစ်ယောက် မဟုတ်တော့ပါချေ၊ ပိုလို့တောင် အထူးသတိထားတတ်နေပြီဖြစ်သည်။

နောက်တစ်နေ့မနက်တွင် ကျင့်ကျူစေလွှတ်လိုက်သည့် လှည်းသည် မင်အိမ်တော်၏ဝင်ပေါက်ရှေ့တွင် မနက်ခင်းစောစောကတည်းက ရောက်နှင့်နေပြီးဖြစ်သည်။

ပိယင်တစ်ယောက် မင်ကျူးကို အိပ်ရာထဲမှ ဆွဲထုတ်ကာ သေချာစွာ ဖြီးလိမ်းခြယ်သပေးပြီး သူ(မ)၏မမလေး အခြားသူများထက် နောက်ကောက်ကျကျန်ခဲ့မည်စိုး၍လည်း သူ(မ)အတွက် လှပသော ဝတ်စုံကို အထူးတလည် ရွေးချယ်ပြင်ဆင်ပေးထား၏။

မိန်းမငယ်လေး၏မျက်ခုံးကြားတွင် ဤရက်များတွင် ရေပန်းစားနေသည့် ပန်းဖူးတစ်ပွင့်ကို တန်ဆာဆင်ပေးလိုက်သည်က သူ(မ)၏မျက်လုံးများကို သဘာဝအတိုင်း ဆွဲဆောင်မှုပိုတိုးသွားစေပြီး မက်မွန်ပွင့်ကဲ့သို့ တောက်ပနေကာ မျက်နှာလေး၊ နှုတ်ခမ်းနီနီရဲရဲလေးနှင့် ဖြူဝင်းသော သွားများက စွဲဆောင်မှုရှိပြီးရင်းရှိနေတော့သည်။ ပန်ဆင်ထားသော နဂါးသွဲ့နားတောင်းက နူးညံ့တောက်ပနေသည့် သူ(မ)၏ဖြူဝင်းသော အသားအရေကို ဖြည့်စွက်ထားပေးသည်။

ပိယင်သည် အသက်ပြင်းပြင်းတစ်ချက်ရှိုက်သွင်းလိုက်သည်။ မင်ကျူးမမလေးသည် အရွယ်ရောက်လာပြီး ယခင်ကထက် ပိုလို့ပင် လှသွေးကြွယ်နေသော ကောက်ကြောင်းတို့နှင့်၊ မျက်ဝန်းများက ဖြူစင်ရိုးသားနေသော်လည်း အသွင်အပြင်မှာ ညှို့ဓာတ်ပြင်းလွန်းနေပြန်ရင်း လူကို အကြည့်မခွာချင်လောက်အောင် ညှို့ယူနိုင်စွမ်းသော အလှတရားမျိုးနှင့် လှချင်တိုင်းလှနေတော့သည်။

“အရှင့်သား မမလေးကို ဘာလို့ အပြင်ထွက်ခွင့်မပြုလဲဆိုတာ ကျွန်တော်မျိုးမ နောက်ဆုံးတော့ သဘောပေါက်လိုက်ပြီ”

“ဘာလို့လဲ”

“မမလေးက အရမ်းလှနေတာကိုး ခဏလေးဖြစ်ဖြစ် အကြည့်လွှဲလိုက်မိတာနဲ့ သေချာပေါက် လုယူခံလိုက်ရမှာလေ”

ပိယင်က စစနောက်နောက်ဆိုလာ၏။

မင်ကျူးသည် သူ(မ)၏စကားများနောက်ကွယ်မှ အမှန်တရားကို တိုင်းတာနေသကဲ့သို့ အနည်းငယ် မျက်မှောင်ကြုတ်သွား၏။ ကျောက်ရှီ သူ(မ)ကို အမြဲ ပိတ်လှောင်ထားခဲ့တာက တကယ်ပဲ ဒီအကြောင်းပြချက်နဲ့လား။

သူ့နှလုံးသားထဲမှာ သူ(မ)က အခြားတစ်ယောက်နဲ့ လိုက်ပြေးသွားရလောက်တဲ့အထိ လွယ်နေသလား၊ သူ(မ)က ယောက်ျားတစ်ယောက် လက်ညိုးကွေးခေါ်လိုက်တာနဲ့ ခြံခုန်သွားမဲ့ လူမျိုးလား။

မင်ကျူး သူ(မ)ခေါင်းထဲမှ နယ်လွန်နေသော အတွေးများကို ဖယ်ထုတ်ထားလိုက်သည်။

ပိယင်သည် သူ(မ)ကို လှည်းအထိ လိုက်ပါပို့ဆောင်ပေး၏။ မင်ရူသခင်မလေးနှင့် မင်ယွမ်သခင်မလေးတို့လည်း ဖိတ်ကြားခံရသည်။

လှည်းနှစ်စီးသည် မိန်းကလေးများကို နန်းတော်ဆီသို့ ဖြည်းဖြည်းချင်း ခေါ်ဆောင်သွား၏။

ရှန့်လင်သည် နောက်ဖေးဥယျာဉ်တွင် အချိန်အတော်ကြာ စောင့်ဆိုင်းနေခဲ့ပြီး ကြယ်များဝန်းရံနေသော လမင်းပမာ ဗဟိုခုံတွင် ထိုင်နေခဲ့သည်။ တော်ဝင်မျိုးနွယ်မိသားစုများမှ မြင့်မြတ်သောအမျိုးသမီးများသည်လည်း အနာဂတ်အိမ်ရှေ့စံမင်းသမီးရှေ့တွင် အလွန်လိမ္မာပါးနပ်နေကြပြီး ယဉ်ကျေးသိမ်မွေ့စွာ ပြုံးရင်း ချီးကျူးစကားလှလှများကို မနားတမ်းဆိုနေကြသည်။

“ကျင့်ကျူ ဒီနေ့ဝတ်ထားတဲ့ ဝတ်စုံလေးက သိပ်ကို လှတာပဲ၊ စကပ်ပေါ်က ပန်းထိုးဒီဇိုင်းကို ကျွန်တော်မျိုးမဖြင့် တစ်ခါမှ မမြင်ဖူးဘူး”

“နားတောင်းလေးကလည်း လှချက် ကျင့်ကျူရဲ့အသားအရေကို ပိုလို့ ဖြူဝင်းအောင် ပံ့ပိုးပေးနေသလိုပါပဲ”

“ဟုတ်တယ် ဟုတ်တယ်၊ ကျင့်ကျူမှာ အသားအရေထိန်းသိမ်းဖို့အတွက် လျှို့ဝှက်နည်းလမ်းတွေဘာတွေများ ရှိသလား သိချင်မိပါရဲ့၊ ကျင့်ကျူ ကျွန်တော်မျိုးမတို့ကို တစ်နည်းနှစ်နည်းလောက် မမျှဝေပေးချင်ဘူးလား”

အချို့လူများက ပိုလို့ပင် မျက်နှာလုပ်ချင်နေကြရင်း ပါးစပ်ကို လက်လေးအုပ်လို့ သိမ်မွေ့စွာ ရယ်ကာ : “အရှင့်သားအိမ်ရှေ့စံနဲ့ ကျင့်ကျူက တကယ့် နေနဲ့လ ရွှေနဲ့မြ၊ ကောင်းကင်က စုံဖက်ပေးထားတဲ့ စုံတွဲတွေလိုပါပဲ”

ထိုမှတ်ချက်ကို ရှန့်လင်သည် အလွန်သဘောကျပြီး မနေနိုင်အောင် ရယ်တော့သည်။

မိန်းမစေလေးတစ်ယောက်သည် ကိုယ်ကိုကိုင်းကာ ကျင့်ကျူထံ လျှောက်သွားပြီး သူ(မ)ကို တီးတိုးဆိုလိုက်သည်။

“ကျင့်ကျူ၊ မင်ကျူးမိန်းကလေး ရောက်နေပါပြီ”

ရှန့်လင်၏နှုတ်ခမ်းထောင့်မှအပြုံးသည် အေးစက်သွားပြီး မျက်ဝန်းများထဲ စူးရှမှုက ပြည့်နှက်သွားကာ : “သူ့ကို ဒီခေါ်လာခဲ့လိုက်”

မိန်းမစေလေးသည် မင်ကျူးကို နောက်ဖေးဥယျာဉ်ဆီသို့ လမ်းပြခေါ်ဆောင်သွား၏။ ဖော်လံဖားနေကြသော ကျက်‌သရေရှိ သိမ်မွေ့လှသော မိန်းကလေးများသည် ရုတ်ခြည်း တိတ်ဆိတ်သွားပြီး သူ(မ)ဆီ အကြည့်များ စုပြုံရောက်လာကြသည်။

အချို့သည် အထင်သေးရှုတ်ချသော အကြည့်များဖြင့် သူ(မ)ကို အုပ်မိုးကြည့်ပြီး အချို့မှာ လက်ကိုင်ပုဝါဖြင့် ပါးစပ်ကို အုပ်လို့ ပွဲကြီးပွဲကောင်းကြည့်ရန် စောင့်ဆိုင်းနေကြသည်။

ဒါက အရှင့်သားအိမ်ရှေ့စံဖွက်ထားတဲ့ မြတ်နိုးရသူလေးမလား? ဒီနေ့တော့ တကယ်ပဲ ပွဲကြီးပွဲကောင်း ကြည့်ရချည်ရဲ့။

မင်ကျုးသည် မိန်းကလေးအများစု မနာလိုရလောက်သည့် မျက်နှာမျိုးဖြင့် မွေးဖွားလာသူဖြစ်သည်။ မျက်နှာသွင်ပြင်က တောက်ပပြီး မျက်လုံးများက ရိုးသားဖြူစင်ကာ ဝတ်ဆင်လာသော အဝတ်အစားနှင့် လက်ဝတ်ရတနာများက အလွန်လက်ရာမြောက်သည့် အဖိုးတန်များဖြစ်ပြီး သာမန်လူတန်းစားများ သုံးနိုင်သည့် ပစ္စည်းများနှင့် လုံးလုံးမတူချေ။

ရွှေဖြင့်လုပ်ထားသော ဆံထိုးတွင် ကျောက်စိမ်းဖြင့် စီခြယ်ထားပြီး အဖိုးတန်ကျောက်နီဖြင့် ပြုလုပ်ထားသော နားတောင်းနှင့် ရွှေချည်ထိုးထားသည့် စကပ်အနားစများ…အိမ်ရှေ့စံတစ်ယောက် ဒီအငယ်အနှောင်းမကို ဘယ်လိုတွေတောင် ထိန်းသိမ်းထားတာပါလဲ၊ သူ့လက်ဖဝါးထဲမှ ရွှေကနရီလေး ဖြစ်နေသည်မှာ အထင်အရှားပင်။

ရှန်းယန်ကျင့်ကျူတစ်ယောက် ယနေ့ သူ(မ)ကို နန်းတော်ထဲ ခေါ်လိုက်သည်မှာ အံ့ဩစရာမဟုတ်တော့ချေ။ သူ(မ) အိမ်ရှေ့နန်းဆောင်သို့ မဝင်ခင် အနှီမိန်းကလေးကို သတိပေးချင်နေခြင်းဖြစ်လောက်မည်။

ဤနေရာတွင်ရှိနေကြသော တော်ဝင်အမျိုးသမီးတိုင်းသည် ကြွယ်ဝသော မိသားစုများမှ အဖိုးတန်တိသမီးတော်များဖြစ်ပြီး စာအုပ်စာ‌ပေများစွာကို ဖတ်ဖူး၊ သင်ကြားဖူးကြပြီး ရည်မွန်သော အပြုအမူကောင်းများ ရှိကြ၏။ သူတို့သည် ဤသို့သော ခန္ဓာကိုယ်ဖြင့် မြူစွယ်ပြီး နေရာကို ဖက်တွယ်ထားသော ကိုယ်လုပ်တော် သမီးဖြစ်သည့် မင်ကျူးကို အထင်သေးကြသည်မှာ ဧကန်ပင်။

မင်ကျူးသည် တည်ငြိမ်စွာနှင့်ပင် သူ(မ)အား အကဲခတ်နေကြသော အကြည့်များကို လျစ်လျူရှုထားလိုက်ပြီး တိတ်တဆိတ် ပင့်သက်ပြင်းပြင်းရှိုက်ကာ ခေါင်းကိုမော့လို့ ကျင့်ကျူနှင့် အကြည့်ချင်းဆုံလိုက်သည်။

အေးစက်စူးရှသော မျက်ဝန်းများဖြင့် ကျင့်ကျူသည် သူ(မ)ကို အထက်မှနေ ငုံ့မိုးကြည့်နေ၏။

မင်ကျူးသည် ဒူးကို ကွေးကာ ဦးညွှတ်အရိုအသေပြုလိုက်၏။

“ကျင့်ကျူကို နှုတ်ခွန်းဆက်သပါတယ်”

သူ(မ)စကားသံ ထွက်လာသည်နှင့် ဥယျာဉ်တစ်ခုလုံး တိတ်ကျသွား၏။

ရှန့်လင်သည် ခွန်းတုံ့ပြန်စကားတစ်ခွန်းမဆိုဘဲ မမှိန်မသုန်စိုက်ကြည့်လို့သာနေပြီး သူ(မ)ကို ထခိုင်းရန်လည်း အစီအစဉ်ရှိသည့်ပုံမပေါ်ချေ။

မင်ကျူးသည် အတန်ကြာ ဒူးကွေးရပ်နေရသည်ကြောင့် သူ(မ)၏ခြေဖဝါးနှင့် ခြေထောက်များသည် ထုံကျဉ်လာ၏။ နေမင်းကလည်း ခေါင်းထိပ်တည့်တည့် ထိန်ထိန်သာနေရင်း သူ(မ)၏မျက်နှာသည် ပိုပိုဖြူစုပ်လာပြီး နဖူးထက်မှ ချွေးအေးများ စိမ့်ထွက်လာတော့သည်။ သူ(မ) သည်ထပ်ကြာကြာတောင့်မခံထားနိုင်တော့ချေ။

ရှန့်လင်သည် စပျစ်သီးကို ယူပြီး ဖြည်းဖြည်းချင်း အခွံခွာကာ ပါးစပ်ထဲထည့်လိုက်သည်မှာ သူ့အောက်တွင် ရပ်နေသည့် တစ်ကိုယ်လုံး တုန်ယင်ပြီး လဲကျလုနီးနီးဖြစ်နေသော မင်ကျူးကို မမြင်သကဲ့သို့ပင်။

ရှန့်လင်သည် သူ(မ)စိတ်ထဲတွင် သရော်နေ၏ : သူ့ရဲ့အဲ့ဒီနူးနူးညံ့ညံ့ ကျိုးပဲ့လွယ်တဲ့ပုံစံနဲ့ ထိုက်ကျစ်ကောကောကို မြှူဆွယ်ထားတာပဲ နေမှာ၊ နိမ့်ကျလိုက်တဲ့ ကျွန်မပဲ!. ။

အကယ်၍ ရှန်းယန်မြို့ရှိ သူ(မ)၏အိမ်တော်တွင်သာဆို သခင်ကို ဤကဲ့သို့သော နည်းလမ်းများဖြင့် ဖြားယောင်ရန်ကြံနေသည့် အစေခံမသာ ရှိပါက သူ(မ)အား ကြာပွတ်ဖြင့် သေအောင် ရိုက်သတ်ပစ်လိုက်မည်ပေ။

ရှန့်လင်သည် သူ(မ) ပြုတ်မကျခင် သဘောထားကြီးပြီး ညှာတာပေးလိုက်၏။

“မင်ကျူးမိန်းကလေး ဒီလောက်ထိ ယဉ်ကျေးနေဖို့ မလိုပါဘူး”

မင်ကျူးသည် တမင်ရည်ရွယ်၍ အရှက်ခွဲခံလိုက်ရသည့်တိုင် မျက်နှာထက်တွင် ရှက်ရွံ့မှု တစိုးတစိမရှိဘဲ မျက်လွှာအသာ ချထားလေ၏။ သူ(မ)က တည်တည်ငြိမ်ငြိမ်ဖြင့်ပင် စော်ကားမှုကို သည်းခံပြီး ထိုင်ခုံတွင် ဝင်ထိုင်လိုက်သည်။

မင်ရူသည် အေးစက်စွာ ပြုံးလိုက်သည်။ ဒါက အမြည်းပဲ ရှိသေးတယ်၊ တကယ့်ပွဲက မလာသေးဘူး။ ကျင့်ကျူ မင်ကျူးကို ဒီလိုလွယ်လွယ်နှင့် လွှတ်ပေးလိမ့်မည်ဟု သူ(မ)တော့ မယုံပေ။

ထို့အပြင် သူ(မ)တစ်ဦးတည်းကသာ မင်ကျူး အရှက်တကွဲအကျိုးနည်း ဖြစ်သည်ကို မြင်တွေ့ရန် စောင့်ဆိုင်းနေခြင်း မဟုတ်၊ မြေကြီးပေါ်မှ တစ်စုံတစ်ယောက်ကို ခဲနှင့်ပစ်ရန် စိတ်အားထက်သန်နေကြသည့် အခြားသူများလည်း ရှိသေးသည်။

အရှင့်သားအိမ်ရှေ့စံသည် ရုပ်ရည်ရူပကာ ကြည့်ကောင်းကာ ကောင်းမွန်သော စိတ်နေစိတ်ထားလည်း ရှိပြီး အနာဂတ်ဧကရာဇ်အလောင်းအလျာလည်းဖြစ်သည်။ အသက်နှစ်ဆယ်မပြည့်မီကတည်းက သူသည် မင်းမျိုးမင်းနွယ်များမှ တော်ဝင်မိန်းမပျိုများစွာ၏ နှလုံးသားကို သိမ်းပိုက်ထားပြီးဖြစ်သည်။ အမျိုးသမီးများ၏မစ္ဆရိယစိတ်သည် သူတို့အား တစ်စုံတစ်ယောက်ကို အချိန်အကြာကြီး မုန်းတီးစေနိုင်အောင် ပြုလုပ်နိုင်စွမ်း၏။

ရှန့်လင်သည် ပမာမထားစွာ လက်ဖက်ရည်တစ်ငုံသောက်ရင်း မျက်လုံး အနည်းငယ် ဝင့်ကာ မင်ကျူး၏မျက်နှာကို စူးစိုက်ကြည့်လိုက်သည်။ ဤလှပပြီး ဆွဲဆောင်မှုရှိသည့် မျက်နှာက လူကို အမှန်တကယ် အမုန်းတရားဖြင့် အံတကြိတ်ကြိတ်ဖြစ်စေနိုင်သည်။ သူ(မ)၏ထိုက်ကျစ်ကောကော မိမိကိုယ်မိမိ မထိန်းနိုင်တော့သည်အထိ ထိုမိန်းမထံ တဝဲလည်လည်ဖြစ်နေသည်မှာ အံ့ဩစရာမဟုတ်တော့ချေ။

ရှန့်လင် : “အဖိုးတန်လက်ဖက်ခြောက်တစ်ချို့ မကြာသေးခင်ကမှ ရလာခဲ့တာနဲ့ ကျွန်မကလည်း စည်းကားသက်ဝင်နေတာကို သဘောကျတဲ့လူဆိုတော့ ဒီကကျဲမေ့တို့အားလုံးကို ကျွန်မရဲ့ဧည့်သည်တော်တွေအဖြစ် နန်းတော်ကို လာဖို့ ဖိတ်ကြားလိုက်တာ”

တစ်ခဏ ရပ်တန့်ပြီးနောက် သူ(မ)က : “ဒါပေမဲ့ လက်ဖက်ရည်ချည်း သောက်နေရတာက သိပ်ပြီးပျော်ဖို့မကောင်းဘူး၊ မင်းတို့မှာ အရည်အချင်းရှိရင် ဂီတ၊ ကျားထိုး၊ လက်ရေးအလှနဲ့ ပန်းချီဆွဲနိုင်ကြတဲ့ ဘယ်သူမဆို ဖျော်ဖြေတင်ဆက်နိုင်တယ် ပိုပြီးပျော်ဖို့ကောင်းသွားတာပေါ့”

တစ်စုံတစ်ယောက်က သဘောတကျရယ်ရင်း : “ကျွန်မတို့က ကဗျာလောက်ပဲ ရေးတတ်တာ ဒါပေမဲ့ ကဗျာရေးတာကလည်း ပျော်ဖို့မကောင်းလောက်ဘူး”

“ဟုတ်တယ်”

ကျင့်ကျူ၏အကြည့်များသည် မင်ကျူးထံတွင် ရပ်တန့်သွားပြီး မျက်လုံးများ မှေးကျဉ်းလို့ ပြုံးလိုက်လေရင်း ဆိုလာ၏။

“ကျွန်မကြားထားတာ မင်ကျူးမိန်းကလေးက အကတော်တယ်တဲ့၊ ဒါဆိုလည်း မင်ကျူးမိန်းကလေးကိုပဲ အားလုံးအတွက် အကလေးနဲ့ ဖျော်ဖြေပေးဖို့ တောင်းဆိုရင်ရော”

ယင်းမှာ သူ(မ)အား ကချေသည်တစ်ယောက်အဖြစ် ဆက်ဆံပြီး အရှက်ခွဲနေခြင်းပေ။

မင်ကျူးသည် အမှန်တကယ် ကတတ်သူဖြစ်သည်။ ကျောက်ရှီသည် သူ(မ)ကပြသည်ကို ရှုစားရသည်အား သဘောကျပြီး သူ(မ)၏အလွန်အမင်း ပျော့ပျောင်းသောကိုယ်ကို အလွန်နှစ်ခြိုက်၏။

သူ(မ)က ပြန်ဖြေလိုက်သည်။

“ကျင့်ကျူရဲ့မျက်နှာသာပေးမှုကို ကျေးဇူးတင်ပါတယ် ဒါပေမဲ့ ကျွန်တော်မျိုးမက မကတတ်ပါဘူး”

ရှန့်လင်သည် သူ သူ(မ)မျက်နှာတည့်တည့်အား ငြင်းဆန်ရန် သတ္တိရှိနေလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ချေ။ သူ(မ)၏မျက်လုံးများသည် အေးစက်သွားပြီး နီနီရဲရဲနှုတ်ခမ်းသားက အနည်းငယ် ပွင့်အကာ မနှေးမမြန် မေးစမ်းလာ၏။

“ဟုတ်သလား၊ ဒါပေမဲ့ ကျွန်မကြားတာ မင်ကျူးမိန်းကလေးရဲ့အမေက ချွင်းရှန်းဆောင်ကြာမြိုင်က နာမည်ကြီးပြည်ကြီးဒါလီဆို၊ ကျွန်မက မင်ကျူးမိန်းကလေးလည်း သူ့ဆီကနေ ပညာအမွေတွေအများကြီးရလိုက်မယ်လို့ စိတ်ထဲထင်ထားတာ”

ထိုစကားများ ထွက်လာသည်နှင့်အတူ အကုန်လုံး တိတ်ဆိတ်သွား၏။

လူအများ၏မျက်လုံးများ မင်ကျူးထံ စုပြုံရောက်လာကြသည်က ခြွင်းချက်မရှိစွာပင် သူ(မ)အား ဟာသတစ်ခုလို ပြက်ရယ်ပြုနေကြခြင်းသာဖြစ်သည်။

ဒီတော့ သူ(မ)က အိမ်ရှေစံရဲ့မျက်နှာသာပေးမှုကို ခံရတော့ရော ဘာအရေးမှတ်လို့၊ သူ(မ)က ကိုယ်လုပ်တော်ဘွဲ့လေးတောင် မရတာ အနာဂတ်ထိုက်ကျစ်ဖေးကို ကျော်နိုင်ဖို့ဆိုတာ ဝေလာဝေပေါ့။

သူ(မ)အား ဤလူများ အရှက်ခွဲကြလျှင်လည်း မိမိစိုက်ပျိုးသည့်အရာကို မိမိပြန်ရိုက်သိမ်းရသည်ဟုပဲ မင်ကျူး ဆိုရလိမ့်မည်။ သူ(မ) သည်းခံနေသင့်သည်မှာ သဘာဝကျသည်ပေ။ ထို့အပြင် ကျင့်ကျူ၏စကားကလည်း မမှားပေ၊ သူ(မ)မိခင်က အ‌မှန်တကယ် ပြည်ကြီးဒါလီတစ်ဦးပဲလေ။

မင်ယွမ်တစ်ယောက် စိတ်ရွှင်နေပြီး စတင်ရယ်မောကာ မီးထဲ လောင်စာထပ်ထည့်လိုက်သည်။

“ဝူမေ့မေ့ကလည်း သိပ်ပြီးမနှိမ့်ချချင်စမ်းပါနဲ့၊ နင် နင်ရဲ့ကိုယ်လုပ်တော်အမေဆီကနေ အများကြီး သင်ယူထားတယ်မလား၊ က တာလောက်ကတော့ နင့်အတွက် မပြောပလောက်ပါဘူး”

ရှန့်လင်၏မျက်ဝန်းများသည် ကွေးညွှတ်သွား၏။

“ကြည့်ရတာ ဒီကျင့်ကျူရဲ့မျက်နှာက လုံလောက်အောင် မကြီးဘူး ထင်ပါရဲ့၊ မင်ကျူးမိန်းကလေးက ဆန္ဒမရှိဘူးပဲ”

“မင်ကျူးမိန်းကလေး ကျင့်ကျူက နင့်ကို ကဖို့ပြောတယ်ဆိုတာ သူ နင့်ကို တန်ဖိုးထားလို့ဆိုတာ နားမလည်ဘူးလား”

“ဟုတ်သားပဲ၊ မကတတ်ဘူးဆိုလည်း တေးတစ်ပုဒ်လောက် ဆိုပြလည်း အဆင်ပြေပါရဲ့”

“အဲ့ဒါကမှ အဆင်မပြေသေးဘူးဆိုရင်လည်း သီးသန့်သဘင်ဝိုင်းကနေ သေချာလေ့ကျင့်ပေးထားတဲ့ အဲ့ဒီမိန်းကလေးတွေကို နင်နဲ့အတူ ကလို့ရအောင် ငါ ခေါ်ပေးလို့ရတယ်”

ရှန့်လင်က သူ(မ)ကို အမူအရာမဲ့စွာ စိုက်ကြည့်ရင်း ဆိုလာ၏။

ကောင်းကင်တွင် နေမင်းကြီးက တောက်ပစွာ မြင့်တက်နေသော်လည်း မင်ကျူးမှာတော့ ချွေးအေးများ စိမ့်ထွက်နေ၏။ စားသောက်ပွဲတက်ရန် နန်းတော်ထဲသို့ ဝင်ခြင်းက *ဟုန်းမန်ပွဲပဲ ဖြစ်လိမ့်မည်မှန်း သူ(မ)သိထားသည့်တိုင် ကျင့်ကျူသည် သူ(မ)အပေါ် ဤမျှအထိ ရက်စက်ပြီး ပြင်းပြင်းထန်ထန် အရှက်ခွဲနေလိမ့်မည်ဟု မမျှော်လင့်ထားမိပေ။

(E note : ဟုန်းမန်စားသောက်ပွဲဆိုတာက ရှေးကိုးကားချက်တစ်ခုဖြစ်ပြီး အဓိပ္ပါယ်ကတော့ ထောက်ချောက်ပါ၊ တစ်စုံတစ်ဦးကို ပျော်ပွဲရွှင်ပွဲဆီ ဖိတ်ကြားတာက အမှန်တကယ်တော့ ထောက်ချောက်ဖြစ်နေတယ်လို့ ဆိုလိုပါတယ်)

မင်ကျူး၏ကိုယ်သည် အနည်းငယ် တုန်ယင်သွား၏။ ယခင်ကသာဆိုလျှင် သူ(မ)သည် ယခုအချိန်လောက်ဆို ငိုယိုနေလောက်မည်ဖြစ်သည်။

သူ(မ)က ခေါင်းကို မော့ကာ ရှန့်လင်နှင့် ထိပ်တိုက်မျက်နှာချင်းဆိုင်လိုက်ပြီး : “ကျင့်ကျူ၊ အရှင့်သားက ပြောဖူးတယ် ကျွန်မက သူ့တစ်ယောက်တည်းကိုပဲ ကပြခွင့်ရှိတယ်တဲ့”

ရှန့်လင်၏အပြုံးသည် ဖြည်းဖြည်းချင်း တောင့်တင်းသွားပြီး ကွေးတက်နေသော နှုတ်ခမ်းထောင့်များကလည်း ညွှတ်ကျသွား၏။ သူ(မ)သည် အသက်ပြင်းပြင်းရှိုက်သွင်းပြီး မင်ကျူးအား အပ်ထက်ပင် စူးရှသော မျက်ဝန်းများဖြင့် စိုက်ကြည့်လိုက်သည်။

“အရှင့်သားအိမ်ရှေ့စံက အဲ့လိုပဲ ပြောသလား”

မင်ကျူးသည် ချုပ်တည်းမနေတော့ဘဲ : “ဟုတ်ပါတယ်၊ အရှင့်သားက ပြောပါတယ် ဘယ်သူနဲ့မှ မတန်ဘူးတဲ့”

ရှန့်လင်တစ်ယောက် သူ(မ)ကြောင့် ဒေါသချောင်းချောင်းထွက်ရင်း မျက်လုံးများထဲ မီးထတောက်ပြီး အခိုးအငွေ့များပင် သူ(မ)ခေါင်းနောက်မှ ထွက်လာသယောင်၊ လက်ထဲမှ လက်ကိုင်ပုဝါသည်လည်း သူ(မ)၏ဖျစ်ညှစ်ဆုပ်ကိုင်မှုကြောင့် တွန့်ကြေနေတော့သည်။

အခြားသူများအားလုံး တိတ်ဆိတ်သွားကြသည်။ သူတို့သည် အကြည့်များ ဖလှယ်ရင်း မင်ကျူးကို လှမ်းကြည့်လိုက်၏။ ဘာလို့ သူ(မ)က မုန့်ညက်မဟုတ်ရတာလဲ၊ သူတို့စိတ်ရှိသလို သူ(မ)ကို ထုထောင်းလို့ရတယ်မဟုတ်ဘူးလား။

သူ(မ)သည် လှလှပပ ခြယ်သပြင်ဆင်ပြီး လှပသောအဝတ်အစားများနှင့် အသုံးအဆောင်ပစ္စည်းများကို ၀တ်ဆင်ကာ ဤကဲ့သို့ ယုံကြည်မှုအပြည့်ဖြင့် ပြောဆိုပြုမူနေပုံက လူကို အားကျမနာလိုဖြစ်စေ၏။

သူ(မ) ဒီလိုစကားတွေ ပြောဝံ့တာက သူ့နောက်မှာ အရှင့်သားအိမ်ရှေ့စံရှိနေမယ်လို့ တကယ်ပဲ ယုံကြည်နေလို့လား။

ရှန့်လင်သည် သည်းညည်းခံမနေတော့ဘဲ လက်ဖက်ရည်ခွက်ကို ပစ်ခွဲလိုက်သည်။

“နင်ကများ!”

သူ(မ)သည် ဒေါသတကြီး မတ်တပ်ထရပ်ကာ မင်ကျူးကို လက်ညိုးငေါက်ငေါက်ထိုးတော့သည်။

“နင့်ကိုယ်နင် ဘာမှတ်နေသလဲ၊ နင်ကများ ငါကျင့်ကျူကို ပြန်အာခံရဲတယ်!”

ရှန့်လင်သည် ဘယ်သောအခါမှ သူ(မ)၏ဒေါသကို ချုပ်တည်းထားလေ့မရှိချေ။ နန်းမြို့တော်သို့ ဝင်ရောက်လာပြီးသည့်အချိန်တွင်တောင် သူ(မ)သည် မာနကြီးပြီး အထိန်းအကွပ်မရှိဆုံးသော မင်းသမီးငယ်တစ်ယောက်အဖြစ် ရပ်တည်နေဆဲပေ။ ရှန်းယန်မြို့တွင်မူ မိန်းမစေတစ်ဦးသည် သူ(မ)လိုချင်သည့်အတိုင်း မပြုမူပါက တစ်ခါတည်း ရေကန်ထဲတွင် ရေနစ်သတ်ရန် အမိန့်ပေးလိုက်တတ်သည်။

နန်းမြို့တော်ကို ဝင်ရောက်ပြီးနောက်ပိုင်း သူ(မ) မိမိကိုယ်မိမိ အများကြီး ချုပ်ထိန်းထားခဲ့ပြီးဖြစ်သည်။ သူမ ဒီနိမ့်ပါးတဲ့ကိုယ်လုပ်တော်သာသာမကို သင်ခန်းစာပေးလို့တောင် မရတော့ဘူးလား။

ထိုစ်ကျစ်ကောကောက ဒီနိမ့်ကျတဲ့ဟာမအတွက်နဲ့ သူ(မ)ကို အပြစ်ပေးလိမ့်မှာလား။

ရှန့်လင်တစ်ယောက် အမျက်ချောင်းချောင်းထွက်တော့သည်။

“ပြည့်တန်ဆာက မွေးတဲ့ သမီးက တကယ်ပဲ အရိုအသေးမဲ့လွန်းတယ်၊ ဒီနေ့မှာပဲ ငါကိုယ်တိုင် နင့်ကို စည်းမျဉ်းစည်းကမ်းဆိုတာ ဘာမှန်းသိအောင် သေချာသင်ပေးလိုက်မယ်၊ နင် ဒီနေရာမှာ ဒူးထောက်ပြီး စည်းကမ်းတွေကို မလေးစားရင် ဘယ်လိုအကျိုးဆက်ကို ခံစားရမလဲဆိုတာ လူတိုင်းမြင်အောင် ပြလိုက်”

ရှန့်လင်သည် သူမကို နာရီအနည်းငယ်ကြာအောင် ဒူးထောက်ခိုင်းသည်က မလုံလောက်သေးသည်ဟု ခံစားမိသဖြင့် နန်းတွင်းအစေခံအား ပြစ်ဒဏ်ဘုတ်ပြားကို သွားယူရန် အမိန့်ပေးလိုက်သည်။ ၎င်းအပေါ် နာရီအနည်းငယ်ကြာ ဒူးထောက်ပြီးသည်နှင့် မင်ကျူး၏ဒူးများသည် ဒုက္ခိတလောက်ပင် ကောင်းမွန်နေတော့မည်မဟုတ်ချေ။

ထိုအခိုက်တွင် မင်ကျူးသည် လူတိုင်းကို အံ့အားသင့်သွားစေမည့်စကားကို ဆိုလာ၏။

“ကျွန်တော်မျိုးမ ဒူးမထောက်နိုင်ပါဘူး”

“နင် ထပ်ပြောလိုက်စမ်း”

“အရှင့်သားက ပြောတယ် ကျွန်တော်မျိုးမရဲ့ခန္ဓာကိုယ်က သူ့တစ်ယောက်တည်း ပိုင်တာမလို့ ကျွန်တော်မျိုးမအပါအဝင် ဘယ်သူကမှ ဆုံးဖြတ်စီရင်ပိုင်ခွင့်မရှိပါဘူးတဲ့”

မင်ကျူးသည် နှုတ်ခမ်းကို စေ့ကာ : “အရှင့်သားသာ ဒီကိစ္စကို ပြန်သိသွားရင် သေချာပေါက် ဒေါသထွက်နေပါလိမ့်မယ်”

ရှန့်လင်မှာ ဒေါသကြောင့် သတိလစ်လုမတတ်ပင်။ သူက ထုတ်ကြွားပြနေတာလား၊ ထိုက်ကျစ်ကောကော သူ့ကို ဘယ်လောက်သဘောကျလဲဆိုတာ သူမကို တမင်ရည်ရွယ်ပြီး လာပြောနေတာလား!။

မင်ကျူးသည် လိမ်ညာနေခြင်းမဟုတ်၊ ထိုစကားလုံးများက ကျောက်ရှီကိုယ်တိုင်၏နှုတ်မှ သူ(မ)နားဖျားကို တတိတိကိုက်ရင်း တီးတိုးဆိုလာခဲ့ဖူးသည့် စကားများဖြစ်သည်။

ရှန့်လင်သည် သူ(မ)၏အာဏာဖီဆန်မှုကို သည်းမခံနိုင်တော့ဘဲ မျက်နှာထားတင်းတင်းဖြင့် နန်းတွင်းအစေခံအား သူ(မ)ပခုံးကို ဖိချရန် အမိန့်ပေးလိုက်သည်။ သူကမူ မင်ကျူး၏ခြေထောက်နောက်ကို ကန်ပြီး သူ(မ)အား အတင်းအကျပ် ဒူးထောက်စေလိုက်သည်။

မင်ကျူး၏ဒူးသည် မြေ‌ပြင်မာမာနှင့် ရိုက်မိကာ နာကျင်လွန်းရသဖြင့် မျက်ရည်များပင် ဝေ့တက်လာတော့သည်။

ရှန့်လင်သည် ခမ်းကြမ်းကြမ်းအစေခံအိုကြီးနှစ်ယောက်ကို သူ(မ)ကို စောင့်ကြည့်ထားရန် ခိုင်းစေလိုက်သည်။

“နင် ဒီမှာ ဒူးထောက်ပြီး ကိုယ့်အပြုအမူကိုယ် သေချာသုံးသပ်နေ”

ထိုအခါမှပင် ရှန့်လင်တစ်ယောက် သူ(မ)၏ဒေါသအချို့ကို ဖြေဖျောက်နိုင်တော့သည်။

မင်ကျူး၏နောက်ကျောပြင်နှင့် ပခုံးမှာ ပိန်ပိန်ပါးပါးနှင့်၊ သူ(မ)၏ မြေပြင်ပေါ် ဒူးထောက်နေရသည့် ကိုယ်နေဟန်ထားက သေးငယ်ပြီး ကျိုးပဲ့လွယ်သည့်နှယ်၊ အလွန် သနားချင့်စဖွယ် ကောင်းနေ၏။

ကျောက်ရှီ ထိုအကြောင်းကို ပြန်သိလိုက်ရချိန်က မင်ကျူးသည် နန်းတော်သို့ ခေါ်ဆောင်သွားသော လှည်းပေါ် ရောက်နေပြီဖြစ်သည်။

ပိယင်သည် အိမ်ရှေ့စံ၏အိမ်တော်သို့ အမြန်ပြန်သွားပြီး ဇာတ်လမ်းအစအဆုံး လျှောက်တင်ပြီးနောက် တံတွေမျိုချကာ ဆိုလိုက်သည်။

“အရှင့်သား၊ မမလေး နန်းတော်ထဲမှာ ဘာမှတော့ မဖြစ်လောက်ဘူးမလား”

ကျောက်ရှီသည် မိမိဒေါသမိမိ ထိန်းချုပ်ပြီး : “မင်းက ဘာလို့ အခုမှ ငါ့ကို လာပြောရတာလဲ၊ သူ့ရဲ့လှုပ်ရှားမှုတိုင်းကို အစီရင်ခံရမယ်လို့ ငါ မပြောထားဘူးလား”

“ကျွန်တော်မျိုးမလည်း….”

ကျောက်ရှီသည် သည်းခံစိတ် ကုန်သွားပြီဖြစ်သည်။

“ထွက်သွားစမ်း!”

သူသည် သူ၏မြင်းကို အသင့်ပြင်ရန် အမိန့်ပေးလိုက်ပြီး အစေခံမှ ကမ်းပေးလာသော ကြိမ်ကို ယူကာ မြင်းကို ဒုန်းဆိုင်းစီးလျက် နန်းတော်သို့ သုတ်ချေတင် ထွက်သွားတော့သည်။

မင်ကျူး၏ဒူးများသည် အာရုံခံစားမှုအားလုံးကိုပင် ပျောက်ဆုံးလုနီးနီး။ သေလောက်အောင် နာကျင်ရတယ်!… ကျောက်ရှီသည် အမှန်တကယ် ရက်စက်ကြမ်းကြုတ်သော မြွေဟောက်နှလုံးသားနှင့် ထိုက်ကျစ်ဖေးကို လက်ထပ်ခဲ့သည်‌ပေ။ နှစ်ဦးသားသည် မီးသွေးလို မည်းနက်နေသော နှလုံးသားများနှင့် အင်မတန် လိုက်ဖက်ညီလွန်းကြသည်။

ကျောက်ရှီ ထိုနေရာသို့ ကသုတ်ကရက် အပြေးရောက်လာချိန် မင်ကျူးသည် ရေထဲမှ ဆယ်ထုတ်ခံထားရသလို၊ ဆံနွယ်များက ချွေးများဖြင့် ရွှဲရွှဲစိုပြီး ခန္ဓာကိုယ်သေးသေးလေးက မြေပြင်ပေါ် ခွေခေါက်နေကာ အားအင်ကုန်ခမ်းပြီး စိတ်မချမ်းမြေ့ဖွယ်ကောင်းနေ၏။

သူ(မ)ကို တွေ့သည်နှင့် သူ၏ဒေါသမီးက လျှံလျှံတောက်သွား၏။

သူသည် သူ(မ)ကို ဖိချထားသည့် အစေခံအိုကြီးကို ကန်ထုတ်လိုက်သည်။

အစေခံအိုကြီးနှစ်ယောက်မှာ ဒေါသတထောင်းထောင်းထွက်နေသည့် အိမ်ရှေ့စံကို မြင်လျှင် တစ်ကိုယ်လုံး တုန်ယင်လာကြပြီး မြေပေါ် ဒူးထောက်လို့ ချမ်းသာပေးရန် တောင်းပန်တော့သည်။

ကျောက်ရှီသည် မင်ကျူး၏ကိုယ်ကို သူ၏ခြုံလွှာဖြင့် ပတ်ပြီး ရင်ခွင်ထဲ ပွေ့ချီလိုက်သည်။ သူ၏မျက်ဝန်းများက သွေးကြောမျှင်မျှင်များဖြင့် ထင်းထွက်ပြီး မေးရိုးက တင်းမာနေရင်း သူ(မ)၏မျိုးရိုးအမည်ကို တိုက်ရိုက်သုံးကာ မေးလိုက်သည်။

“ရှန့်လင် ဘယ်မလဲ”

“ကျွန်တော်မျိုးမတို့လည်း မသိပါဘူး”

သူတို့သည် တုန်ယင်လျက် ပြန်ဖြေလာကြသည်။

ကျောက်ရှီသည် မင်ကျူးကို ‌တင်းကျပ်စွာ ပွေ့ဖက်ပြီး သူ(မ)အား သူ့ရင်ခွင်ထဲသို့ ခိုင်မြဲစွာ ဖိကပ်ထားလိုက်သည်။ သူသည် နှလုံးသားထဲ ဆန်တက်လာသည့် စိတ်ခံစားချက်များကို ငြိမ်သက်စေရန် အချိန်အတော်ကြာ ယူလိုက်ရသည်။

နန်းတော်၏တာဝန်ခံ မိန်းမစိုးသည် ဘာတွေဖြစ်ပျက်သွားမှန်း မသိလိုက်ပြီး ရုန်းရင်းဆန်ခတ်အသံများကြောင့် ထိတ်လန့်စွာနှင့် အခင်းနေရာကို အပြေးရောက်လာ၏။

အိမ်ရှေ့စံက သုန်မှုန်နေသော မျက်နှာဖြင့် သူ တစ်ခါမှမမြင်ဖူးသည့် မိန်းကလေးကို ပွေ့ချီထားသည်ကို မြင်လျှင် နှလုံးသည် တဒိန်းဒိန်းခုန်လာပြီး သတိတကြီးဖြင့် သူ့ထံ လျှောက်သွားရင်း မေးလိုက်သည်။

“အရှင့်သား ဘာများဖြစ်လို့ပါလဲ”

ကျောက်ရှီသည် အလွန် တည်ငြိမ်စွာဖြင့် အနောက်မှ သူ၏ကိုယ်ရံတော်ကို အေးစက်စွာ ဆိုလိုက်သည်။

“မင်း ရှန်းယန်မြို့ကို အမြန်ဆုံး သွားပြီး လက်ထပ်အမိန်းပြားကို ဟိုကို မရောက်ခင် ပြန်သိမ်းလာခဲ့”

လျိုကုန်းကုန်းတစ်ယောက် ရုတ်တရက် မျက်ခုံးခပ်လှုပ်လှုပ် ဖြစ်သွားတော့သည်။

ဒါက တကယ့် ပြဿနာအကြီးကြီးပဲဟ!

အိမ်ရှေ့စံ သူ…သူ တကယ်ပဲ မင်္ဂလာပွဲကို ဖျက်သိမ်းဖို့ ကြံနေတာလား!

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment