အပိုင်း (၀၁၄)
အုံ့မှိုင်းနေသည့် ကောင်းကင်ကြီးကား မကြာခင် မိုးသည်း၊ လေထန်တော့မည်ဖြစ်ကြောင်းကို ရှေ့ပြေးပြောနေသယောင်။ ခြံဝင်းအတွင်းရှိ သစ်ကိုင်းများကလည်း လေနှင့်အတူ ယိုင်ထိုးယမ်းခါနေကြသည်။ လှည်းအတွင်းရှိ အမျိုးသားသည်လည်း ကြောက်ခမန်းလိလိ တိတ်ဆိတ်နေလျက်၊ တင်းမာနေသည့် မေးကြောနှင့် အမူအရာမဲ့နေသော မျက်နှာဖြင့်၊ သူသည် လက်ထဲမှ ဗုဒ္ဓပုတီးစေ့ကိုသာ တိတ်တဆိတ် ပွတ်သပ်နေ၏။
အစောင့်များမှာလည်း ခွင့်ပြချက်မရှိဘဲ အသံတစ်သံ မထွက်ဝံ့ကြချေ။
ယခုထိတိုင် အန္တရာယ်လာနေပြီကို အာရုံမရသေးသည့် မင်ကျူးသည် နှလုံးသားထဲ ရစ်တွယ်နေခဲ့သော စကားများကို ပြောခဲ့ပြီးနောက်တွင် အများကြီး နေသာထိုင်သာရှိသွားခဲ့သည်။
သူ(မ)သည် ဝေ့ချီယွီကို ဦးညွှတ်နှုတ်ဆက်လိုက်ပြီးသည်နှင့် ခြံဝင်းသို့ လှည့်ပြန်သွားခဲ့သည်။
သန်းခေါင်ယံ ရောက်ကာနီးပြီးဖြစ်သည့်တိုင် အိမ်တော်တစ်ခုလုံးသည် လင်းထိန်နေလျက်ရှိပြီး ပင်မခန်းမသည် စည်ကားသိုက်မြိုက်နေဆဲပင်။ သခင်ကြီး၊ သခင်မကြီးများအားလုံး နှစ်သစ်ကူးအတွက် လောင်ထိုက်ထိုက်၏ခြံဝင်းတွင် စုရုံးနေကြပြီး လောင်ထိုက်ထိုက်၏အနားတွင် အခစားပြုသော မောမောတစ်ဦးသည် မင်ကျူးကို စာအိတ်နီပေးရန် ရောက်လာ၏။
“ပဉ္စမသခင်မလေး၊ လောင်ထိုက်ထိုက်က သခင်မလေးကို စိတ်အေးအေးသာသာနဲ့ အနားယူပြီး အားပြန်ပြည့်အောင် လုပ်ပါလို့ မှာလိုက်ပါတယ်”
မင်ကျူးသည် စာအိတ်နီကို လှမ်းယူပြီး လက်ထဲ အလေးချိန်ကို ခံစားလိုက်မိရင်း မပေါ့နေကြောင်းကို သတိထားမိလိုက်သည်။
“ကျူးမူကို ကျွန်မအစား ကျေးဇူးတင်စကား ဆိုပေးပါအုံး”
မောမောသည် ရယ်လျက်ဖြင့် : “လောင်ထိုက်ထိုက်က မေးလိုက်ပါသေးတယ်၊ ပဉ္စမသခင်မလေးကို အရှင့်သားအိမ်ရှေ့စံက ဘယ်တော့လောက်များ ပြန်ခေါ်သွားပါမလဲလို့”
ပဉ္စမသခင်မလေးသည်လည်း အလွန် သနားဖို့ကောင်းသည့် မိန်းကလေးဖြစ်သည်။ မိခင်ဖြစ်သူက စောစောစီးစီး ဆုံးပါးသွားခဲ့သည့်အပြင် မင်္ဂလာပွဲကလည်း အလှည့်အပြောင်းမျိုးစုံနှင့် ကြုံခဲ့ရသည်။ လောင်ထိုက်ထိုက်သည်မူ အိမ်တော်၏အနောက်ခြံဝင်းမှ ဤမိန်းကလေးများအကြား ကိစ္စရေးရာများကို အမြဲ မျက်စိတစ်ဖက် မှိတ်ထားခဲ့ပြီး အကြီးအကျယ်မဖြစ်သရွေ့ အရေးတယူ ပါဝင်ပတ်သက်ခြင်းမပြုခဲ့ပေ။ ထို့ကြောင့် ဤနှစ်များတစ်လျှောက် မင်အိမ်တော်မှ ပဉ္စမသခင်မလေး၏ဘဝက အလွန် ကောင်းမွန်ခဲ့သည်ဟု ဆိုမရပေ။
သို့ရာ၌ ပဉ္စမသခင်မလေးတွင် အိမ်ထောင်တည်ရာနှင့်ပတ်သက်ပြီး ကံဇာတာကောင်းရှိသေးသည်ပေ။ ကိုယ်လုပ်တော်ဖွား သမီးတစ်ဦးက အိမ်ရှေ့စံနှင့် အတူရှိရန် ကံပါလာခဲ့သည်တဲ့လေ၊ ၎င်းကို ကောင်းချီးမင်္ဂလာတစ်ခုဟု သတ်မှတ်လို့ရနိုင်သည်မဟုတ်ပါလား။
ဤကောင်းချီးက အဘယ်မျှအထိ ကြာရှည်ခံလိမ့်မလဲဆိုတာ မသိရုံမျှသာ ဖြစ်သည်။
မင်ကျူးက : “ကျွန်မလည်း မသိပါဘူး”
မောမောသည် အခြေအနေကို သဘောပေါက်သည်ပင်။
“ဒါဆို ဒီကျွန်မအိုကြီးက အရင်ပြန်နှင့်လိုက်ပါအုံးမယ်၊ ပဉ္စမလေးသခင်မလေးလည်း စောစောစီးစီး အနားယူပါ”
မင်ကျူးသည် အားရုန်အား မောမောကို ပြန်လိုက်ပို့ခိုင်းလိုက်သည်။ ထို့နောက် သူ(မ)က စာအိတ်နီကို ဖွင့်လိုက်ပြီး ပိုက်ဆံကို ရေတွက်ကြည့်ရာ ပမာဏမနည်းသည့် ငွေဆယ်တုံးရှိနေ၏။
ပိယင်သည် သူ(မ) အအေးမိမည်ကို စိုး၍လည်း ပုခုံးထက် နွေးနွေးထွေးထွေးခြုံလွှာတစ်ခုကို လွှားတင်ပေးထား၏။
“မမလေး ဒီည နှစ်သစ်ကူးကို စောင့်အုံးမလား”
ကံကောင်းစေဖို့ရာအတွက် မင်ကျူးသည် တစ်ခဏ စဉ်းစားပြီးနောက် ဆိုလိုက်သည်။
“အင်း”
သူ(မ)အမေ အသက်ရှိစဉ်က နှစ်စဉ်နှစ်တိုင်းဆိုသလို သူ(မ)ကို ရင်ခွင်ထဲ ထွေးပွေ့ပြီး နူးနူးညံ့ညံ့ညောင်စောင်းပေါ် ထိုင်ကာ သူ(မ)၏အာသီသကို ဖြည့်တင်းပေးရန်အတွက် သရေစာများကိုလည်း စားပွဲငယ်လေးပေါ် အပြည့်ဖြည့်ထားပေးပြီး နှစ်သစ်ကူးကို ကြိုဆိုရန် သူ(မ)နှင့်အတူ တစ်ညလုံး နေပေးလေ့ရှိသည်။ အလွန်ငယ်ရွယ်သေးသည့် သူ(မ)က အိပ်ချင်စိတ်ကို မခုခံနိုင်သဖြင့် အမေဖြစ်သူအပေါ် တိုးဝှေ့မှီလှဲရင်း ကလေးအသံဖြင့် အမေးပြုခဲ့သည်။
“ညာန်(မေမေ) သမီး အိပ်ချင်နေပြီ၊ နှစ်သစ်ကူးကို မစောင့်ချင်တော့ဘူး”
အားညန်၏အသံက လွန်စွာမှ နွေးထွေးပြီး ညင်သာနေ၏။
“ညာန်က သမီးကို ဖက်ထားပေးမယ်လေ၊ နှစ်သစ်ကူးတာကို စောင့်ကြည့်နိုင်ရင် လာမယ့်နှစ်သစ်က အေးချမ်းပြီး အရာရာအဆင်ပြေနေလိမ့်မှာ”
မင်ကျူး၏မှတ်ဉာဏ်ထဲတွင် သူ(မ)၏အမေသည် အလွန်ညင်သာပြီး လွန်စွာကြင်နာတတ်သည့် လှပသော အမျိုးသမီးတစ်ဦးဖြစ်သည်။ ထို့ကြောင့်လည်း ထိုနေ့က ကျောက်ရှီ သူ(မ)အမေအကြောင်းကို ဆိုလာသည့်အချိန်တွင် သူ(မ)သည် အလိုလို စကားစဝင်ဖြတ်လိုက်ခြင်းဖြစ်သည်။ သူနှုတ်မှ ထွက်လာသည့်စကားများက ကောင်းသည်ဖြစ်စေ၊ ဆိုးသည်ဖြစ်စေ သူ(မ) ဆက်ပြီး နားမထောင်ချင်ပေ။
ပိယင်သည် မင်ကျူးအတွက် အသီးတစ်ချို့နှင့် အစားသွပ်မုန့်များကို ပြင်ဆင်ပေးလာ၏။
နေရာလပ်မကျန် မြို့ထဲမှ လူတိုင်း မီးရှူးမီးပန်းများကို စတင်ပစ်လွှတ်ကြပြီး ဗျောက်အိုးသံများ မငြိမ်သက်သွားခင် နာရီဝက်ကျော်တိုင်တိုင် တဖောက်ဖောက် မြည်နေခဲ့သည်။ တံခါးကို ဖွင့်လိုက်ရုံနှင့်တင် ဗျောက်အိုးနှင့် စက္ကူပန်းများ၏ရနံ့ကို ရနိုင်နေ၏။
မင်ကျူးသည် မနေနိုင်စွာ ကျယ်လောင်သော အသံကျယ်ကြီးနှင့်အတူ ညကောင်းကင်ယံတစ်ခွင် ဖြာထွက်လာသော မီးရှူးမီးပန်းများရှိရာ ပြတင်းပေါက်အပြင်ကို ငေးကြည့်မိသည်။ အလင်းနှင့် အရိပ်များက သူ(မ)၏ခြောက်ပြစ်ကင်းသဲလဲစင်သော နူးညံ့ညံ့မျက်နှာထက် တောက်ပထင်ဟပ်လာ၏။ တက်ကြွရွှင်လန်းနေသည့် မျက်နှာလေးမှာ လူကို အသက်ရှူမှားစေလောက်အောင်ပင်။
ပိယင်က အသံတိုးတိုးဖြင့် မေးလာ၏။
“မမလေး၊ မမလေးရော မီးပန်းလွှတ်ချင်လားဟင်၊ ကျွန်တော်မျိုးမ တစ်ယောက်ယောက်ကို မမလေးအတွက် သွားဝယ်ပေးဖို့ လွှတ်လိုက်မယ်လေ”
မင်ကျူးသည် အကြည့်ကို ပြန်ရုတ်ပြီး ပြတင်းပေါက်ကို ပိတ်ကာ အပြင်မှ လေအေးများကို ပိတ်ဆို့ထားလိုက်သည်။ သူ(မ)သည် ရေနွေးပူပူတစ်ငုံသောက်ပြီး ခေါင်းခါလိုက်သည်။
“မလိုတော့ဘူး”
သူ(မ) နည်းနည်းတော့ မီးပန်းလွှတ်ချင်မိသည်။ သို့သော်လည်း ယခုလိုအချိန်မျိုးတွင် ဆိုင်များသည် အစောကြီး ပိတ်သွားကြလောက်ပြီပေ။
သူ(မ) ငယ်ငယ်က မီးပန်းများ လွှတ်ခွင့်ရရန် အလွန် ရခဲခဲ့သည်။ နှစ်စဉ်နှစ်သစ်ကူးတိုင်း သူ(မ)သည် ကျူးမူ သူ(မ)၏တိအစ်မကြီးကို ခြံထဲသို့ ချီခေါ်သွားသည်အား ကူကယ်ရာမဲ့စွာဖြင့် ငေးကြည့်နေတတ်သည်။ သူ(မ)အဖေကလည်း သူတို့ကို ကြင်နာစွာ ကြည့်ရင်း အပူမလောင်စေရန် ဂရုစိုက်ဖို့ကို ညင်သာစွာ ပြောပေလိမ့်မည်။
ပြီးခဲ့သည့် နှစ်သစ်ကူးတွင်မူ အိမ်ရှေ့စံ၏အိမ်တော်တွင် သူတို့ ဆန္ဒရှိသလောက် လွှတ်နိုင်သည်ဟု ဆိုပြီး မီးရှူးမီးပန်းများ အသင့်ထားပေးခဲ့သည်။ မင်ကျူးသည်လည်း အနည်းငယ် လွှတ်တင်ရင်းဖြင့် အများကြီး ပျော်ရွှင်ခဲ့ရသည်။
မင်ကျူးသည် လက်ထဲ ရေနွေးခွက်ကို ကိုင်ထားပြီး ပူလောင်နေသော အပူချိန်ကို လက်ဖဝါးဖြင့် ဖိကပ်ထားရင်း မေးလိုက်သည်။
“ပိယင် နင် ကတ်ဘယ်လိုကစားရလဲသိလား”
ပိယင်က ခေါင်းညိတ်ကာ : “သိပါတယ်”
မင်ကျူးတွင် ရိုးရာပုံပြင်များ ဖတ်သည်မှလွဲ၍ ဘာမှလုပ်စရာ မရှိနေချေ။ သူ(မ)သည် အခြားဇာတ်လမ်းပုံစံမျိုး ဖတ်ရသည်ကို မနှစ်သက်သဖြင့် ပိယင်နှင့် အားရုန်ကို သူ(မ)နှင့်အတူ ကတ်ကစားရန် ခေါ်လိုက်သည်။
မင်ကျူး၏ကတ်ကံက ယနေ့တွင် အလွန် မကောင်းနေချေ။ သူ(မ)သည် အကြိမ်ပေါင်းများစွာ ဆက်တိုက်ရှုံးနေပြီး ဆော့ရင်းဆော့ရင်းဖြင့် အိပ်ငိုက်လာတော့သည်။
ပုံမှန်အားဖြင့် ယခုလိုအချိန်တွင် သူ(မ)သည် အိပ်ရာဝင်ကာ အိပ်မောကျနေလောက်ပြီဖြစ်သော်လည်း ယခုအခိုက်အတန့်တွင်မူ အိပ်မပျော်သွားအောင် ကြိုးစားရင်း မှိတ်လုနီးနီးဖြစ်တော့မည့် မျက်ခွံများကို အတင်းဖွင့်ထားရသည်။
ပိယင်သည် လက်ထဲမှ ကတ်များကို ချလိုက်ပြီး တစ်ခဏ ချိတုံချတုံဖြစ်နေပြီးမှ အကြံပြုလာ၏။
“မမလေး၊ ဒီညတော့ ဒီလောက်နဲ့ပဲ တော်လိုက်ရအောင်လား”
မင်ကျူးသည် အလွန်တရာ အိပ်ချင်နေသည့်တိုင် ခေါင်းခါယမ်းလာ၏။
“ဟင့်အင်း”
သူ(မ)က ဆက်၍ : “တစ်ခုခုစားလိုက်ရင် အိပ်ချင်တော့မှာမဟုတ်ဘူး”
ပိယင်က အသံတိုးတိုးဖြင့် မေးလာ၏။
“မမလေး ဘာစားချင်လို့လဲ၊ ကျွန်တော်မျိုးမ စားဖိုဆောင်က တစ်ယောက်ယောက်ကို ပြင်ဆင်ခိုင်းလိုက်မယ်လေ”
မင်ကျူးသည် အလေးအနက် စဉ်းစားလိုက်သည်။ သူ(မ) ချိုသည့်အရာတစ်ခုခုကို စားချင်နေသည်ပေ။
“ငါ ဖက်ထုပ်စွပ်ပြုတ်ချို စားချင်တယ်”
“ကျွန်တော်မျိုးမ ခုပဲ သွားလုပ်လိုက်ပါ့မယ်”
ပိယင်တစ်ယောက် စားဖိုဆောင်သို့ သွားပြီး ထမင်းချက်ကို ဖက်ထုပ်စွပ်ပြုတ်ချိုတစ်ပွဲ ပြင်ခိုင်းလိုက်ရာ သူသည် ပဉ္စမသခင်မလေးအတွက်ဟု ကြားသည်နှင့် အလွန် စိတ်မပါတော့ချေ။ အသီးအရွက်များကို လှီးဖြတ်ရင်း ခေါင်းပင် ထောင်မကြည့်လာပြီး ပိယင်ကို လျစ်လျူရှုထား၏။
“ဒါဆိုလည်း စောင့်အုံး၊ ကျုပ် တခြားသခင်မလေးတွေအတွက် ညလယ်စာကိုတောင် ပြင်ပေးလို့မပြီးသေးဘူး”
ပိယင်သည် စိတ်ကို ရှည်ရှည်ထားရင်း မေးလိုက်သည်။
“ကျွန်မတို့က ဘယ်လောက်ကြာအောင် စောင့်ရမှာလဲ”
ထမင်းချက်အိုကြီးသည် မျက်ခွံများကို ပင့်ကာ ဆိုးရွားနေသည့် လေသံဖြင့် : “စိတ်ရှည်ရှည်သာ စောင့်နေ”
ပိယင်တစ်ယောက် ထိုလူနှင့် စကားများရတော့သည်။
“ဖက်ထုပ်စွပ်ပြုတ်လေးတစ်ပွဲလောက်လုပ်တာ ဘယ်လောက်များ ကြာမှာမလို့လဲ”
ထမင်းချက်အိုကြီးကလည်း : “ကြာတာတော့ မကြာဘူးပေါ့ ဒါပေမဲ့ ဘယ်အရာမဆို အရင်လာသူက အရင်ရရမှာပဲလေ၊ ပထမအိမ်တော်ခွဲက တိသမီးတော်တွေ မှာထားတဲ့ဟင်းပွဲတွေက အနုစိတ်လုပ်မှရမှာ ဖြစ်ကတတ်ဆန်းလုပ်လို့မဖြစ်ဘူး၊ ပဉ္ဓမသခင်မလေးက မစောင့်နိုင်ရင်တော့ စားမနေတော့နဲ့ပေါ့”
ထိုအချိန်တွင် ပိယင်တစ်ယောက် တကယ် ဒေါသထွက်သွားပြီဖြစ်သည်။ သူ(မ)ကလည်း အေးစက်စွာဖြင့် ဆိုလိုက်သည်။
“ကောင်းပြီလေ၊ ဒါဆိုလည်း ကျွန်မ မမလေးအတွက် ကျွန်မဘာသာပဲ ချက်လိုက်မယ်”
ထမင်းချက်အိုကြီးသည် သူ(မ)ကို ဂရုစိုက်ရန် ပျင်းလွန်းလှ၏။
ပိယင်သည် မီးဖိုရှေ့တွင် ဆောင့်ကြောင့်ထိုင်ပြီး စတင် မီးမွှေးလိုက်သည်။ မီးတောက်လာသည်နှင့် သူ(မ)က အသင့်ပြင်ဆင်ထားသည့် ဖက်ထုပ်များကို ရေနွေးဆူဆူထဲ ထည့်လိုက်သည်။
စွပ်ပြုတ်များ မကျက်မီ ထမင်းချက်အိုကြီးက သူ(မ)ကို ဘေးဖယ်နေရန် ဆိုလာ၏။ ပိယင်သည် ဘေးတွင် ရပ်နေလိုက်ရင်း ဖက်ထုပ်စွပ်ပြုတ်ချို ကျက်ရန် စောင့်နေလိုက်သည်။
မင်ကျူးသည် အိပ်ချင်လွန်းသဖြင့် မှောက်သွားပြီဖြစ်သည်။ စားပွဲပေါ် လဲလျောင်းနေရင်း အသက်ရှူသံမှာ တဖြည်းဖြည်း ညင်သာဖြေးညင်းသွား၏။ မျက်နှာသေးသေးလေးက နူးညံ့ပျော့ပျောင်းနေပြီး ဖြည်းဖြည်းချင်း တစ်ဖန် အိပ်မောကျသွားပြန်ပြီဖြစ်သည်။
သူ(မ)သည် တံခါးပွင့်လာသည်ကိုပင် သတိမမူမိချေ။ အားရုန်သည် အခန်းထဲသို့ ဝင်လာသည့် အမျိုးသားကို ကြည့်ပြီး မျက်လုံးများ ပြူးကျယ်သွားကာ မင်ကျူးကို သတိပေးရန် ဟန်ပြင်လိုက်သည်။
ကျောက်ရှီက သူ(မ)ကို အေးစက်စွာ စူးစိုက်ကြည့်ပြီး ထွက်သွားရန် အမိန့်ပေးလာ၏။
သက်တောင့်သက်သာမရှိစွာ အိပ်ပျော်နေသည့် မင်ကျူးသည် မိန်းမောစွာဖြင့် မျက်ခွံများကို ဖွင့်လိုက်ချိန် အခန်းထဲတွင် မှုန်ရီဝေဝါးသော ပုံရိပ်တစ်ခုကို မြင်လိုက်ရသယောင် ခံစားမိလိုက်၏။
အမျိုးသား၏တစ်ကိုယ်လုံးက အရိုးအရေများထဲအထိ အေးစိမ့်သွားစေနိုင်သော အငွေ့အသက်ကို ထုတ်လွှတ်နေပြီး မှိန်ပျပျမီးရောင်အောက် ထိုင်ရင်း သူ(မ)ကို ထိတ်လန့်ဖွယ်ကောင်းသော ရောင်ဝါများဖြင့် တိတ်တဆိတ် စိုက်ကြည့်နေ၏။
မင်ကျူးသည် ရုတ်ခြည်းဆိုသလို အိပ်တစ်ဝက်နိုးတစ်ဝက်အခြေအနေမှ လုံးလုံး နိုးလာတော့သည်။ စိတ်ထဲတွင် လည်း လွန်စွာ ထိတ်လန့်မိသွား၏။ သူ ဒီနေ့ ရောက်လာလိမ့်အုံးမည်ဟု သူ(မ) လုံးလုံး မမျှော်လင့်ထားမိပေ။
သူ နန်းတော်မှာ နှစ်သစ်ကူးကို ဆင်နွှဲနေရမှာမဟုတ်ဘူးလား? သူ့မှာ ဘယ်လိုလုပ်ပြီး သူ(မ)ဆီလာဖို့ အချိန်ရှိနေသေးတာလဲ?
မင်ကျူးသည် စိတ်ထဲ မကောင်းသည့် ခံစားချက်တစ်ခု ရှိနေပြီး ခြေလက်များက စတင်ချည့်နဲ့လာ၏။ သူ(မ) ခေါင်းကို မော့လိုက်ချိန် ဖြူဖြူနုနုမျက်နှာလေးထက် တစ်ရေးအိပ်မောကျသွားရာမှ အရာနီကြီးနှစ်ခုရှိနေပြီး ဆံနွယ်များက အနည်းငယ် ဖရိုဖရဲဖြစ်နေ၏။
ကျောက်ရှီသည် တိတ်တိတ်ငြိမ်သက်စွာနှင့် လက်ဖက်ရည်ကို နှစ်ငုံသောက်လိုက်သည်။ အေးချမ်းပြီး ဖော်ဖော်ရွေရွေရှိနေဟန်ပေါ်သည့်တိုင် တစ်စုံတစ်ယောက်အား သေစေနိုင်လောက်သည့် အေးစက်စက်အငွေ့အသက်များဖြင့် လွှမ်းခြုံနေ၏။ သူသည် မျက်လုံးများကို ဝင့်ပြီး သူ(မ)ကို ပမာမထားစွာ လှမ်းကြည့်လာ၏။
အခန်းတံခါးသည် တစ်ဝက်ပွင့်ဟနေပြီး အပြင်ဘက်တွင် နှင်းပွင့်များ စတင်ကျနေသည့်ပုံပေ။
သူ(မ)ကိုယ်တိုင် ယခုလေးတင် လတ်လတ်ဆတ်ဆတ် ချက်လာသည့် ဖက်ထုပ်စွပ်ပြုတ်ချိုချိုပန်းကန်လေးကို သယ်လာသည့် ပိယင်သည် ခြံဝင်းအဝင်ဝသို့ ရောက်ချိန်မှာပင် သူ(မ)တစ်ခါမှ မမြင်ဖူးသည့် အစောင့်များ၏ ပိတ်ဆို့ခြင်းကို ခံလိုက်ရသည်။
ပိယင်၏နှလုံးသားသည် ခုန်နှုန်းတစ်ချက် လွဲချော်သွား၏။ ဒီမှာ ဘာဖြစ်နေတာလဲ?
အိမ်ရှေ့စံ၏ကိုယ်ရံတော်တပ်သည် ဓားကိုယ်စီကိုင်ထားလျက်ဖြင့် ခြံဝင်းအပြင်တွင် စောင့်ကြပ်နေပြီး မည်သူ့ကိုမျှ အနားကပ်ခွင့် မပြုထားချေ။
မင်ကျုးသည် အနည်းငယ် ရင်တုန်လာ၏။
“အရှင့်သား”
ကျောက်ရှီသည် ဘာမျှ မဆိုဘဲ သူ(မ)ကိုသာ စိုက်ကြည့်နေ၏။ လက်ဖက်ရည်ကို ကုန်အောင်သောက်ပြီးသွားချိန်တွင်မှ အင်္ကျီလက်အောက်တွင် ထည့်ထားသော ယွီကွမ်းကို သူ(မ)အရှေ့သို့ ဖြည်းညှင်းစွာ ချလိုက်သည်။
မင်ကျူးသည် ဤအရည်အသွေးမကောင်းသော ယွီကွမ်းကို မြင်လျှင် မျက်နှာက ရုတ်ခြည်း ပျက်သွားပြီး လည်ချောင်းမှာ တစ်စုံတစ်ခု တစ်စို့သွားသကဲ့သို့ ဘာပြောရမှန်း မသိတော့ချေ။
မုသားတစ်ခုသည် ဟာကွက်များကို ဖြည့်ရန် နောက်ထပ်မုသားတစ်ခု ထပ်လို၏။ ထိုနေ့ညနေခင်းက သူ(မ)သည် အပေါင်ဆိုင်သို့ သွားသည်ကို သူ ရိပ်မိမည်ကို စိုးပြီး သူ့အတွက် လက်ဆောင်ဝယ်လာခဲ့သည်ဟု မုသားဆိုခဲ့သည်။
သူ(မ)အခန်းထဲတွင် အမျိုးသားတစ်ယောက်ကို လက်ဆောင်ပေးလို့ရနိုင်သည့် မည်သည့်အရာမျှ မရှိသဖြင့်လည်း အမှန်တကယ် ရွေးချယ်စရာ မရှိတော့သည့်အဆုံး ပေးရန် ရည်ရွယ်ထားခဲ့သည့် လူကို ပေးခွင့်မရနိုင်ခဲ့သော ဤပစ္စည်းကိုသာ ထုတ်လိုက်ရင်း လက်ဆောင်အဖြစ် သူ့ကို ပေးအပ်ခဲ့သည်။
မင်ကျူး၏မျက်နှာသည် ဖြူဖျော့သွားပြီး ဆင်ခြင်တုံတရားက သူ(မ)ကို ထွက်ပြေးရန် ပြောလာသော်လည်း သူ(မ)၏ခြေထောက်များက ဤနေရာမှ ရွေ့ရန်ပင် တောင့်တင်းလွန်းနေခဲ့သည်။
သူ(မ)သည် အသက်ပြင်းပြင်း ရှူသွင်းပြီး တည်ငြိမ်ရန် ကြိုးစားလိုက်သည်။ ယခုအခိုက်အတန့်တွင် အခြေအနေများက ရေရေရာရာမရှိသေးပေ။ ကျောက်ရှီသည် ၎င်းက သူ့အတွက် ရည်ရွယ်၍ ဝယ်ခဲ့ခြင်းမဟုတ်ကြောင်းကို မသိနိုင်လောက်ချေ။
သူ(မ)သည် ဟန်လုပ်အပြုံးတစ်ခုကို အတင်းလုပ်ယူရင်း ဆိုလိုက်သည်။
“ရှင် မကြိုက်လို့လား၊ ဒါဆိုလည်း ကျွန်မကိုပဲ ပြန်ပေးလေ”
ကျောက်ရှီ၏မျက်နှာသည် တည်ငြိမ်နေပြီး မည်သည့် အရိပ်အမြွက်ကိုမျှ မမြင်နိုင်ချေ။
“မင်းပြော ဘယ်အချိန် ဘယ်နေရာကနေ ဒီယွီကွမ်းကို ဝယ်ခဲ့တာလဲ”
ထိုစကားများ ထွက်လာသည့်အခိုက်အတန့်တွင်တော့ သူ(မ) ဖော်ထုတ်ခံလိုက်ရပြီးဖြစ်ကြောင်း မင်ကျူး သိလိုက်တော့သည်။
သူ(မ)၏တောင့်တင်းနေသော ခန္ဓာကိုယ်သည် ရုတ်တရက် ပြေလျော့သွားပြီး မှိန်ဖျော့ဖျော့ဖယောင်းတိုင်မီးရောင်က သူ(မ)၏နူးနူးညံ့ညံ့ ဖြူဥနေသော မျက်နှာပေါ် ထင်ဟပ်တောက်ပနေ၏။ သူ(မ)က တည်ငြိမ်အေးချမ်းစွာ မျက်လွှာအသာချလိုက်သည်။
“ရှင် သိပါတယ်”
သူ(မ)၏မျက်ဝန်းများက ဟထားသည့် တံခါးကို တစ်ချက်ဝေ့ကြည့်လိုက်ပြီး ခြံဝင်းထဲတွင် ဓားများကိုင်ဆောင်ထားသည့် တပ်သားများကို တွေ့လိုက်ရသည်။ ထို့ကြောင့်လည်း ကျောက်ရှီ ယခုတစ်ကြိမ်တွင် အလွန် ဒေါသထွက်နေပြီဖြစ်မှန်း သူ(မ) သိလိုက်၏။
သို့သော် သူ(မ) အလွန် ပဟေဠိဖြစ်မိသည်။ ကျောက်ရှီ ဤကိစ္စကို ဘယ်ကနေဘယ်လိုသိလာမှန်း သူ(မ)မသိ၊ သူ့မျက်လုံးတွေက နေရာတိုင်းမှာပဲ ရှိနေသည်လား။
ကျောက်ရှီသည် ဖြည်းဖြည်းချင်း မတ်တပ်ထရပ်ကာ အခန်းတံခါးကို ပိတ်လိုက်ပြီးနောက် သူ(မ)ဆီ တစ်ဖန် လျှောက်လာ၏။
“လွန်ခဲ့တဲ့တစ်နှစ်က တစ်ယောက်သောသူရဲ့မွေးနေ့အတွက် ဝယ်ထားတဲ့ မွေးနေ့လက်ဆောင်ပေါ့”
မင်ကျူး : “လွန်ခဲ့တဲ့တစ်နှစ်ကအထိ သူက ကျွန်မရဲ့သတို့သားလောင်းပဲ”
အခြေအနေများက ဤအထိရောက်လာနေပြီးဖြစ်ရာ သူ(မ)လည်း ဘာကိုမှ ကြောက်မနေနိုင်တော့ချေ။
ကျောက်ရှီသည် သူ(မ)လက်ကောက်ဝတ်ကို ဖမ်းဆုပ်ကာ သူ့ထံ ဆောင့်ဆွဲလိုက်ပြီး မည်းမှောင်သုန်မှုန်နေသော မျက်နှာဖြင့် : “ဒီတော့ မင်း ငါ့ကို ထပ်ခါတလဲလဲ အိမ်ပြန်ခွင့်ပြုဖို့ တောင်းဆိုနေတာက သူနဲ့ လာတွေ့ဖို့ပေါ့”
သူ့မှာတော့ နန်းတော်မှ စောစောစီးစီး ထွက်လာနိုင်ရန် ခပ်ညံ့ညံ့အကြောင်းပြချက်တစ်ခုကို သုံးခဲ့ပြီး လှည်းပေါ်တွင်လည်း မိန်းကလေးများ သဘောကျသည့် မီးပန်းငယ်များကို ပြင်ဆင်လာခဲ့သည်။ အနည်းနှင့်အများတော့ သူ(မ) ပျော်ရွှင်သွားစေရန် ရည်ရွယ်ချက်ဖြင့်ပင်။
သူ့မှာ နှစ်သစ်ကူးအတွင်း သူ(မ)ကို ဝမ်းမနည်းစေချင်ခဲ့သလို မင်အိမ်တော်တွင်လည်း သူ(မ)ကို တစ်ယောက်တည်း မထားရက်နိုင်ခဲ့ပေ။ သို့ရာတွင် သူ(မ)ထံမှနေ သူသည် စပရိုက်အကြီးကြီးကို ရရှိခဲ့၏။
သူ တင်းတင်းကျပ်ကျပ်ဆုပ်ကိုင်ထားသည့် သူ(မ)၏လက်ကောက်ဝတ်သည် နာကျင်လာပြီး သူ(မ)ကို ညောင်စောင်းပေါ်တွင် ဘေးကျပ်နံကျပ်အခြေအနေမျိုးဖြင့် ဖိချုပ်ထား၏။ သူ(မ) မျက်လုံးများဝင့်ကာ သူ၏အေးစက်စက်မျက်နှာနှင့် တင်းမာခက်ထန်နေသည့် အကြည့်များကို ရင်ဆိုင်ကြည့်လိုက်သည်။ သူသည် သူ(မ)၏ခါးကိုလည်း မလှုပ်နိုင်အောင် ဖိထားသေးသည်။
မင်ကျူး ဝန်မခံနိုင်ပေ။ သူ(မ) ဝေ့ချီယွီကို လုံလောက်အောင် ငြိစွန်းစေခဲ့ပြီးပြီဖြစ်၍ ဤကိစ္စများကို သူ့အပေါ် ထပ်ပြီး သက်ရောက်သွားခွင့် ပြုနိုင်တော့မည်မဟုတ်ပေ။
ထို့အပြင် သူ(မ)အိမ်ပြန်ချင်ရသည့် မူလအကြောင်းပြချက်ကလည်း ဝေ့ချီယွီကို တွေ့ရန် မဟုတ်ချေ။
“မဟုတ်ဘူး”
မင်ကျုးသည် အံကို ကြိတ်ကာ တုန်ယင်နေသည့် အသံဖြင့် : “ကျွန်မ သူ့ကို တွေ့ဖို့ ပြန်လာတာမဟုတ်ဘူး၊ ရှင် ကျွန်မကို အကြာကြီး ချုပ်နှောင်ထားတာကြောင့်မလို့ လေကောင်းလေသန့် ရှူလို့ရအောင် ထွက်လာခဲ့ရုံပဲ”
ကျောက်ရှီ သူ(မ)မျက်နှာကို မမှိန်မသုန် စိုက်ကြည့်နေပြီး လိမ်ညာသည့်အရိပ်အယောင်ကို မတွေ့ရချေ။။
မင်ကျူးမှာ သူ့မျက်လုံးများကို တည့်တည့်ကြည့်ရန် ဖိအားပေးခံထားရသည်။ သူ(မ)အရှေ့မှအမျိုးသားသည် သူ(မ)နှင့် လက်မအနည်းငယ်လေးသာ ကွာဝေးပြီး အလွန်နီးကပ်စွာ ရှိနေ၏။ ဤမျှနီးကပ်သော အကွာအဝေးတွင်တောင် သူ့မျက်နှာပေါ်တွင် မည်သည့်အပြစ်အနာအဆာကိုမျှ ရှာမရချေ။
သူ(မ)နှလုံးသားထဲတွင် အချိန်အတော်ကြာ မြှုပ်နှံထားခဲ့သည့် မေးခွန်းကို သူ(မ)ထုတ်မေးဖြစ်လိုက်သည်။
“အရှင့်သား၊ ကျွန်တော်မျိုးမကို ဘာကြောင့်များ ပိတ်လှောင်ထားရတာပါလဲ”
သူ(မ)သည် အသွေးအသားနှင့် လူသားစင်စစ်တစ်ယောက်၊ လှောင်အိမ်ထဲ ထည့်မွေးရသည့် ငှက်တစ်ကောင်မဟုတ်ချေ။
ထို့အပြင် ကျောက်ရှီဆိုသည်မှာ အကျိုးအကြောင်းစဉ်းစာဆင်ခြင်တတ်လွန်းသည့် လူတစ်ယောက်၊ လူတကာ၏နှုတ်ဖျားတွင် ရင့်ကျက်တည်ကြည်ပြီး မျှတသည့်လူတစ်ယောက်ဟု ပြောစမှတ်တွင်ရလောက်အောက်ထိ သူနှင့်ပတ်သက်ပြီး ချီးကျူးစကားများကိုသာ ကြားရပေလိမ့်မည်။
မင်ကျူး မိန်းမငယ်လေးတစ်ယောက်အရွယ်က သူ(မ)သည်လည်း အစေခံများထံမှနေ အိမ်ရှေ့စံအကြောင်းကို ကြားခဲ့ဖူးသည်။ သူတို့အားလုံး သူ့ကို လေးစားအားကျခြင်းများဖြင့် ချီးကျူးခဲ့ကြသည်ချည်းသာ။
သူတို့အားလုံး၏ပါးစပ်ဖျားမှ သူသည် စိတ်ထားကောင်းပြီး ညင်သာဖော်ရွေကာ အလွန်ကြင်နာတတ်သည့်အပြင် ပြည်သူများအပေါ် မေတ္တာကရုဏာထားပြီး ဟိတ်ကြီးဟန်ကြီးမရှိသည့်သူ၊ တစ်ပါးသူအပေါ် မည်သည့်အရာကိုမျှ ဘယ်သောအခါမှ အတင်းအကြပ် လုပ်ခိုင်းခြင်းမျိုးလည်း မရှိခဲ့ သူပေ။
ဘာကြောင့်များ သူ(မ)နဲ့ကျမှ လွန်စွာ ကွဲပြားနေရပါသနည်း။
သူသည် သူ(မ)ကား မကြာခင် လက်ထပ်တော့မည့် မိန်းကလေးတစ်ဦးဖြစ်မှန်း သိပါလျက်နှင့် သူ(မ)အား အဓမ္မ ခေါ်ဆောင်ပြီး သူ(မ)၏မင်္ဂလာပွဲကို ဖျက်ဆီးပစ်ခဲ့သည်။
ထိုအရည်လဲ့လဲ့ မျက်ဝန်းတစ်စုံကို စိုက်ကြည့်နေသည့် ကျောက်ရှီသည် သူ(မ)အမေးကို မဖြေနိုင်ခဲ့ချေ။
သူ သူ(မ)ကို အလွန်တရာ သဘောကျလှသည်ကြောင့် သူ(မ)ကိုသာ မပိုင်ဆိုင်ရလျှင် သူ့တစ်ဘဝလုံး ယူကြုံးမရ နောင်တရနေတော့မည်ဟု ခံစားမိခြင်းကြောင့်။
သူ(မ) တစ်စုံတစ်ယောက်၏လက်ကိုဆွဲ၍ အဝေးထွက်ပြေးသွားမည်ကို သူ အမြဲ ကြောက်လန့်နေခဲ့ရသည်ကြောင့်လည်း လက်မလွှတ်နိုင်သည့် ရူးရူးနှမ်းနှမ်းစိတ်ဖြင့် သူဟာ သူ(မ)အတွက် တည်ဆောက်ထားခဲ့သည့် ရွှေလှောင်အိမ်ကြီးတွင် သူ(မ)ကို ပိတ်လှောင်ထားခဲ့သည်။
ဤလုပ်ရပ်ကား မမှန်မှန်းသိလျက်နှင့်တောင် အမှားတစ်ခုပြီးတစ်ခုကို ဆက်ပြီးကျူးလွန်နေမိသေးပြန်သည်။
ကျောက်ရှီသည် သူ(မ)၏လက်ကောက်ဝတ်ကို လွှတ်ပေးလိုက်ပြီး သူ၏လည်ခွံကွေးကို ပြင်လိုက်ရင်း။
“ဒီကိစ္စကို ဘယ်တုန်းကမှ မရှိခဲ့ဘူးလို့ သဘောထားလိုက်မယ်”
သူသည် သူ(မ)မေးကို ဖျစ်ညှစ်လိုက်ပြီး : “ဒါပေမဲ့ အခုအချိန်ကစပြီး မင်း သူနဲ့ ဘယ်တော့မှ ထပ်တွေ့ခွင့်မရှိဘူး”
မင်ကျူးတစ်ယောက် ဘယ်နေရာကနေ သတ္တိတွေ ရလာမှန်းမသိ၊ သူ့ကို တွန်းထုတ်ပြီး ဘေးတွင် တိတ်တဆိတ်နှင့် ခေါင်းကို ငုံ့လျက် နှုတ်ဆိတ်ရင်း ထိုင်နေလိုက်သည်။
“မနက်ဖြန်၊ မင်းကို ကြိုဖို့ လူလွှတ်လိုက်မယ်” ကျောက်ရှီက တစ်ဖန် ထပ်ဆိုလာ၏။
“ကျွန်မ မပြန်ဘူး”
ထိုစကားများ ကြားလျှင် မူလက ထွက်သွားရန် ပြင်နေသည့် ကျောက်ရှီသည် တစ်ဖက်သို့ ပြန်လှည့်လာပြီး အလွန်အမင်း မရွှင်မပြဖြစ်သွားသည့်ပုံက ထင်ထင်ရှားရှားပင်။
“မင်း ဘာပြောလိုက်တယ်”
“ကျွန်မ ဒီနှစ်မီးပုံးပွဲတော်ကို ဆင်နွှဲချင်တယ်”
မင်ကျူးသည် မျက်လုံးများ ဝင့်ပြီး မည်သည့်ရန်လိုမှုမျှ မပါဝင်နေသည့် အသံဖြင့် သူ့ကို ဆိုလိုက်သည်။
“ရှင် အတင်းအကျပ် တွန်းအားပေးလာမယ်ဆိုရင် မနက်ဖြန်မှာ ကျွန်မအလောင်းကို လာကောက်ဖို့ပဲ လူလွှတ်လိုက်”
မင်ကျူးသည် သူ့ကို ဤကဲ့သို့ပုံစံမျိုးဖြင့် တစ်ခါမှ မပြောခဲ့ဖူးပေ။ မည်သည့်အချိန်မျိုးတွင်မဆို သူ(မ)ကား အမြဲ ညင်သာနွေးထွေးနေတတ်ပြီး အနိုင်ကျင့်ရလွယ်ကူ၏။
ကျောက်ရှီသည် ပမာမထားစွာဖြင့် : “မင်း ငါ့ကို ခြိမ်းခြောက်နေတာလား”
ဤကမ္ဘာကြီးတွင် သူ(မ)တစ်ဦးတည်းကသာ သူ့ကို ခြိမ်းခြောက်ဝံ့သည့် သူဖြစ်ပေလိမ့်မည်။
မင်ကျူးသည် လည်တိုင်ဖြူဖြူကို မော်ချီကာ မျက်နှာသေးသေးလေးက သူ့ကို တည့်တည့်ကြည့်ရင်း : “အရှင့်သား၊ ယုန်လေးတွေတောင်မှ သူတို့ကို ရမ်းကားကြမ်းတမ်းလာရင် ပြန်ကိုက်တတ်တယ်”
ကျောက်ရှီသည် တစ်ခဏ ငြိမ်ကျသွားပြီး ကျောချမ်းစေလောက်သည့် အသံဖြင့် ဆိုလာသည်မှာ အလွန်အမင်း ဒေါသထွက်နေသည့်ဟန်။
“၁၅ရက်နေ့၊ ငါကိုယ်တိုင် မင်းကို လာခေါ်မယ်”
အနှီအမျိုးသားသည် တစ်ညပင် မနေသွားတော့ဘဲ နှင်းထန်လေပြင်းညတာကြီးထဲ သူ၏ကိုယ်ရံတော်တပ်ဖြင့် မျက်နှာကြီး တည်တင်းလျက် ပြန်ထွက်သွားတော့သည်။
သူသည် ရုတ်ခြည်း ရောက်လာပြီး ရုတ်ခြည်း ပြန်ထွက်သွားကာ သတ်ဖြတ်လိုသည့်ရောင်ဝါများက ဖိနှိပ်ထားလို့မရနိုင်အောင်ပင်။ မထွက်သွားခင် အိမ်ရှေ့စံသည် မင်အိမ်တော်မှ လူများကို အမိန့်ပေးသွားရန်လည်း မမေ့လျော့ချေ။
“သူ့ကို သေချာစောင့်ကြည့်ထားပေး”
သခင်ကြီးမင်ခမျာမှာ ကြောင်အမ်းသွားရသည်။ ဤနှစ်များတစ်လျှောက် အိမ်ရှေ့စံ ဒီလောက် ဒေါသထွက်နေတာ သူ တစ်ခါမှ မမြင်ဖူးဘူး! ရုပ်ပျက်ဆင်းပျက်ဖြစ်လောက်အောင်အထိလေ!
“အရှင့်သား စိတ်ချပါ၊ ဒါက အစကတည်းက လုပ်သင့်လုပ်ထိုက်တာပါ”
မင်ကျူးဆိုတဲ့ ဒီကောင်မလေး သိပ်ပြီးမိုက်မဲလွန်းတာပဲ! သူ(မ)က ဒီလိုစိတ်ရှည်သည်းခံတဲ့ အိမ်ရှေ့စံကိုတောင် ကောင်းကောင်းမခစားနိုင်ဘူး၊ လှတပတရုပ်ရည်နဲ့ မွေးလာတာပဲ အဖက်တင်တယ် ဘယ်လိုအလုပ်ကျွေးပြုရကောင်းမှန်း နားမလည်ဘူး!
ယခုတွင် မင်သခင်ကြီးမှာ မင်ရူ အရှေ့နန်းဆောင်သို့ လက်ထပ်ဝင်ပြီးလျှင် အရှင့်သားအိမ်ရှေ့စံတစ်ယောက် မင်ကျူး၏မရင့်ကျက်မှုကြောင့် မင်ရူအပေါ် ဒေါသမပုံချဖို့ကိုသာ မျှော်လင့်မိတော့သည်။
မင်မိသားစုရဲ့စရိုက်ကို ကျောက်ရှီမသိဘဲ အဘယ်မှ နေပါမည်နည်း။
“ပြီးတော့ ခင်ဗျားအိမ်တော်က တစ်ယောက်ယောက် သူ့ကို မနာခံတာ မလေးစားတာ လျစ်လျူရှုတာဖြစ်ဖြစ် ရှိခဲ့ရင် ခင်ဗျား သတိထားနေတော့ပေါ့၊ နောင်မှာ ခင်ဗျားညီတစ်ယောက်တည်း ရာထူးကနေ ထုတ်ပယ်ခံထိတာ မဖြစ်လောက်တော့မှာ စိုးရတယ်”
မင်သခင်ကြီးသည် ထိတ်လန့်သွားပြီး အရှင့်သားတစ်ယောက် အိမ်တော်အတွင်းမှ ဝန်တိုမှုအသေးစားလေးများကို အဘယ်သို့ သိနေသလဲကို သိချင်နေမိတော့သည်။
သူသည် စိတ်နှလုံးထဲ ကြောက်ရွံ့မိသော်လည်း မျက်နှာထက်တွင် အပြုံးတစ်ခုကို လက်ကိုင် ဆောင်ထား၏။
“အရှင့်သားပြောတာ မှန်ပါတယ်၊ ကျွန်တော်မျိုး အိမ်တော်အတွင်းက အမြော်အမြင်နည်းတဲ့သူတွေကို သေချာပေါက် ဆုံးမလိုက်ပါ့မယ်”
ကျောက်ရှီသည် သူ့ကို ထေ့ငေါ့စွာ တစ်ချက်ကြည့်ပြီး အေးစက်စက် ပြုံးပြီးနောက် ခြေလှမ်းကျယ်ကြီးများ လှမ်းကာ နောက်လှည့်မကြည့်ဘဲ ထွက်သွားတော့သည်။
မထွက်သွားသေးခင် မင်ကျုး၏ခြံဝင်းအပြင်မှ ကိုယ်ရံတော်များအားလုံးကို ပြန်ရုပ်သိမ်းသွား၏။
ဆီးနှင်းများက သည်းထန်စွာ ကျနေပြီး အိမ်ရှေ့စံတစ်ယောက် ဆိုင်းမဆင့်ဗုံမဆင့်ဖြင့် အိမ်တော်သို့ ပြန်ရောက်လာသည်က အစေခံများအားလုံးကို ဗျာများယောက်ယက်ခတ်သွားစေတော့သည်။
အိမ်ရှေ့စံ၏မျက်နှာသည် ရေခဲပမာ အေးစက်နေ၏။ လက်ဖက်ရည်နှင့် ရေဆက်သရန် တာဝန်ယူထားရသည့် အစေခံမှာလည်း သူ့အား နှစ်ခါပြန်မကြည့်ရဲချေ။ သူ(မ)သည် အသက်အောင့်ကာဖြင့် ယခုလိုမျိုးအချိန်မျိုးတွင် မည်သည့်အမှားမျှ မရှိရလေအောင် အထူးဂရုစိုက်နေ၏။
ကျောက်ရှီသည် လက်ထဲတွင် ယွီကွမ်းကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ပြီး စာကြည့်ခန်းထဲသို့ တိုက်ရိုက်တန်းဝင်သွား၏။ ထို့နောက် ၎င်းကို စားပွဲပေါ် တင်ကာ အချိန်အတော်အတန်ကြာသည်အထိ တိတ်တဆိတ် စိုက်ကြည့်နေပြန်ရင်း လက်သီးကို ကျစ်ကျစ်ဆုပ်ထားသည်မှာ ဖြူဖြူဖျော့ဖျော့အသားအရေထက် သွေးကြောပြာပြာများ ဖောင်းထွက်လာသည်အထိပင်။ သူသည် ညာဘက်လက်ဖြင့် မင်သွေးတုံးကို ကောက်ယူပြီး ၎င်းအပေါ် ခပ်ကြမ်းကြမ်း ရိုက်ချလိုက်သည်။
ဘန်းခနဲ အသံကျယ်ကြီးက အခန်းထဲတွင် ကြောက်မက်ဖွယ်ကောင်းစွာ ထွက်ပေါ်လာ၏။
ယွီကွမ်းသည် တစ်စစီ ကြွေမွပြီး ကြမ်းပြင်ပေါ် ပြန့်ကျဲကျကုန်၏။