အပိုင်း (၀၁၂)
မင်ကျူး၏မျက်နှာသည် ဖြူဖျော့နေပြီး မျက်လွှာချကာ အသံတိုးတိုးဖြင့် ပြန်မေးလိုက်သည်။
“ကျွန်မနောက်ကို လူလွှတ်လိုက်ခိုင်းထားတာလား”
သူ(မ) သူ့ကို အထူးတလည် လိမ်မနေချင်တော့ပေ။ သူမေးလိုက်ကတည်းက အတိုင်းအတာတစ်ခုအထိ သူ သိနေနှင့်ပြီးကို သူ(မ) ကောင်းကောင်းသိပေသည်။
သူ(မ)၏အသံမှာ တိုးလွန်းလှသဖြင့် တစ်ဖက်လူ မကြားနိုင်လောက်အောင်ပင်။ သူ ဒေါသထွက်မည်စိုးသောကြောင့် သတိကြီးကြီးထားပြီး ကြောက်ရွံ့နေခြင်းမျိုး မဟုတ်ဘဲ လျစ်လျူဖို့ရှုရာ ခက်ခဲလွန်းသည့် စိတ်ပျက်သွားမှုနှင့် ဝမ်းနည်းမှုကြောင့်ဆို ပို၍မှန်မည်။
သူ(မ)သည် သူ့လက်ထဲ ကျရောက်သွားခဲ့သည့် လှောင်အိမ်ထဲမှ တောင်ပံကျိုးနေသည့် ငှက်တစ်ကောင်ပမာ။
မင်ကျူး သူ့ကို မော့ကြည့်လိုက်သည်။ သူ(မ)အရှေ့မှအမျိုးသားက ခေါင်းငုံ့ထားလျက်ဖြင့်၊ သူ၏လှပသေသပ်သောအသွင်အပြင်ပေါ် အလင်းနှင့် အရိပ်သည် အညီအမျှ ပြန့်ကျဲကျနေပြီး နှုတ်ခမ်းစွန်းများက အေးစိမ့်စိမ့်နိုင်မှု အရိပ်အယောင်နှင့် ဖိနှိပ်မှုဒီဂရီ အနည်းငယ်ကိုပင် ထပ်တိုးသယ်ဆောင်ထားလိုက်သေး၏။
ကျောက်ရှီသည် သူ(မ)နှုတ်ခမ်းကို အတန်ကြာ စိုက်ကြည့်နေပြီးနောက်မှ အကြည့်များကို ဖြည်းညှင်းစွာဖြင့် အပေါ်သို့ ရွှေ့သွားလိုက်ချိန် ရေများပြည့်နေသော စိုစိုစွတ်စွတ်မျက်ဝန်းတစ်စုံဆီ ရောက်သွား၏။ သူ(မ)မျက်ဝန်းများထဲမှ ဝမ်းနည်းမှုကို မြင်လိုက်ရချိန် သူ့မှာ မကြည့်ရက်နိုင်တော့သည့်အလား။
“ဘယ်သူ့ကိုမှ မင်းနောက်မလိုက်ခိုင်းပါဘူး”
ထိုအခါမှ မင်ကျူးမှာ မနေနိုင်အောင် သက်မချမိတော့သည်။
မည်သူ့ကိုမျှ သူ(မ)နောက် မလိုက်ခိုင်းထားသည်မှာ သတင်းကောင်းပင်။ သူ(မ) အပေါင်ဆိုင်သွားသည့်ကိစ္စသာ ပေါ်သွားလျှင် ပြဿနာက အကြီးအကျယ်တက်မှာဖြစ်သည်။
မင်ကျူးသည် အနှီအမျိုးသားအား သူ(မ)၏နှုတ်ခမ်းပေါ် နှုတ်ခမ်းဆိုးဆေးဖြင့် ကစားနေသည်အား ခွင့်ပြုပေးထားလိုက်သည်၊ သူ(မ)၏ နားရွက်များက သူ၏လှုပ်ရှားမှုကြောင့် ပျော့ပျောင်းလာပြီး နူးနူးညံ့ညံ့ပါးမို့မို့လေးများက ရှက်စနိုးဟန်ဖြင့် နီသွေးသန်းလာ၏။ သူ(မ)သည် အင်္ကျီလက်စကို ဆုပ်ထားပြီး သူ့ကို မျက်လုံးများ ဝင့်ကြည့်ရင်း မေးလိုက်သည်။
“ဒါဆို ကျွန်မ အဲ့ဒီနေ့က အပြင်ထွက်တာ ဘယ်လိုသိတာလဲ”
သူ(မ)ကို ဘယ်သူ သွားတိုင်လိုက်တာလဲ? ပိယင်လား?
မဟုတ်လောက်ဘူး မဖြစ်နိုင်ဘူး၊ ပိယင်လည်း အဲ့ဒီနေ့တုန်းက သူ(မ)အိမ်တော်ကနေ ခိုးထွက်သွားတာ မသိလိုက်ဘူးလေ။
ကျောက်ရှီ၏မျက်ခုံးများသည် ပြေလျော့သွားပြီး လက်တစ်ဖက်ဖြင့် သူ(မ)ခါးတစ်ဝိုက်ကို ပွေ့ဖက်လိုက်ရာ သူ့လက်ဖဝါးထက်မှ ခပ်နွေးနွေးအထိအတွေ့က ပါးလွှားသော အဝတ်အစားများမှတစ်ဆင့် သူ(မ)၏အရေပြားပေါ် ပျံ့နှံ့သွား၏။ သူသည် ခါးပေါ်တင်ထားသော လက်အစစ်ရိုးကို အားအနည်းငယ် စိုက်သုံးပြီး သူ(မ)ခါးကို ဖိကိုင်ထား၏။
မင်ကျူးသည် အနည်းငယ် ရှက်ရွံ့မိပြီး နားရွက်များက နီရဲလာရင်း သူ့မျက်နှာကို မကြည့်ဝံ့ဘဲ မျက်နှာလွှဲထားလိုက်သည်။
ကျောက်ရှီ၏အပြုအမူများက အလွန် သဘာဝကျနေ၏။ သူသည် အိပ်ဆောင်အတွင်းဆို ဘယ်သောအခါမှ အထိန်းအကွပ်မရှိတတ်သူ၊ တော်တတ်ပြီး သိက္ခာရှိသည့် လူကြီးလူကောင်းဟုပင် လုံးလုံး ထင်ရက်စရာမရှိပေ။ ထိုလူသည် ခေါင်းကိုငုံ့လို့ သူ(မ)ထံ ချဉ်းကပ်လိုက်ရင်း သူ(မ)၏ နူးနူးညံ့ညံ့နှုတ်ခမ်းသားကို ကိုက်ကာ နှုတ်ခမ်းထက်မှ နှုတ်ခမ်းဆိုးဆေးကို ဖြည်းဖြည်းချင်း အရသာခံနေ၏။
မင်ကျူးသည် အနောက်သို့ ခြေလှမ်းအနည်းငယ် ယိုင်သွားပြီး အနောက်မှ စားပွဲနှင့် ခိုက်မိတော့မည့်အချိန်တွင် ကံကောင်းစွာနှင့် သူ၏လက်က သူ(မ)ကို ကာရံထားသည်ကြောင့် စားပွဲစောင်းနှင့် မခိုက်မိသွားခဲ့ချေ။
ကျောက်ရှီတွင် အဘယ်ကြောင့် ဤသို့သော ထူးထူးဆန်းဆန်းဝါသနာမျိုးရှိနေသလဲကို သူ(မ) တကယ်ပဲ နားမလည်နိုင်ပေ။
မင်ကျူး၏ပါးပြင်များမှာ ပူပြင်းတောက်လောင်လာပြီး မျက်ဝန်းထောင့်များက ရေကြည်များ ဝေ့သီလာတော့သည်။
ကျောက်ရှီသည် သူ(မ)ကို အားရအောင် နမ်းရှိုက်ပြီးကာမှ ခေါင်းကို ပြန်မော့ပြီး အေးအေးဆေးဆေး ရှင်းပြလာ၏။
“မင်း ပြန်လာတဲ့အချိန် ကျန်းဟွေက မတော်တဆ တွေ့ခဲ့တာ”
ကျန်းဟွေသည် ကျောက်ရှီ၏အယုံကြည်ရဆုံး လူယုံတော်တစ်ယောက်ဖြစ်သည်ကို မင်ကျူး သိထားပြီး သူ၏ကိုယ်ခံပညာကလည်း အလွန် ထူးချွန်ကြောင်း သူ(မ) ကြားထားသေး၏။
“အို့”
“အမျိုးသားအဝတ်အစားတွေ ဝတ်တုန်းပဲလား”
မင်ကျူး၏နှလုံးသားသည် တင်းကျပ်သွားသော်လည်း တက်ကြွသည့်အမူအရာတစ်ခုကို ဟန်လုပ်ပြရင်း ဆိုလိုက်သည်။
“အဲ့ဒါက အပြင်ထွက်တဲ့အခါကျ ပိုပြီး သက်တောင့်သက်သာရှိတယ်လေ”
ကျောက်ရှီသည် သူ(မ)ကို အပြစ်မဆိုလာသော်လည်း : “နောက်တစ်ခါအပြင်ထွက်ချင်ရင် ကိုယ့်ကို အရင်လာပြောဖို့ သတိရ၊ အပြင်ဆိုတာက အန္တရာယ်များတာမလို့ မင်းနဲ့အတူ လူနည်းနည်းပါးပါး ပိုခေါ်သွား”
ယခုလိုအချိန်မျိုးတွင် သူပြောသမျှ ခေါင်းညိတ်လက်ခံသည်ကသာ ဉာဏ်အရှိဆုံးရွေးချယ်မှုဖြစ်၍ မင်ကျူးသည် သဘောတူကာ ပြန်ဖြေလိုက်သည်။
“ကောင်းပါပြီ”
ဘုရင်မင်းမြတ်၏ ခြေတော်ရင်းအောက်မှ နန်းမြို့တော်ကြီးတွင် လမ်းတိုင်း လုံခြုံရေးအတွက် ကင်းလှည့်စစ်ဆေးသည့် အစောင့်များစွာရှိရာ အဘယ်သို့သော အန္တရာယ်မျိုးက ကျရောက်နိုင်မည်တဲ့နည်း။ ၎င်းမှာ ကျောက်ရှီ သူ(မ)ကို အပြင်မထွက်စေချင်သည့် အကြောင်းပြချက်မှလွဲ၍ အခြားမရှိချေ။
မင်ကျူးသည် ယခင်က အလွန်ရိုးဖြောင့်လွန်းခဲ့သူပေ။ သူ(မ)သည် သူပြောသမျှကို နားထောင်ကာ အမြဲ နာခံလိမ္မာနေခဲ့သော်လည်း ယခုအခါတွင် အပေါ်ယံတွင် ရိုးကျိုးဟန်ဆောင်ပြနေသော်လည်း အတွေးထဲတွင် ပုန်ကန်နေသူဖြစ်သည်။
ကျောက်ရှီ သူ(မ)ကို ထပ်မေးလိုက်သည်။
“အဲ့ဒီနေ့က အပြင်ထွက်ဖြစ််တော့ ဘာလုပ်ဖြစ်လဲ”
၎င်းမှာ သာမန်ကာလျှံကာမေးခွန်းတစ်ခု ဖြစ်ဟန်ပင်။
မုသားဝါဒကျူးလွန်ရာ၌ မတော်သည့် မင်ကျူးသည် တစ်ခဏ တွေးတွေးဆဆပြုပြီးနောက် မေးခွန်းကို လှီးလွှဲဖြေဆိုလိုက်သည်။
“ကျွန်မ ရှင့်အတွက် ပစ္စည်းတစ်ခု ဝယ်လာတယ်”
“ပြကြည့်ပါအုံး”
မင်ကျူးသည် အမျိုးသားအသုံးအဆောင်တစ်ခုကို ခက်ခက်ခဲခဲရှာဖွေလိုက်သည်။ ၎င်းသည် ယခင်က သူ(မ)ဝယ်ခဲ့သည့် ယွီကွမ်း (ကျောက်စိမ်းဆံထိုး)တစ်ခုဖြစ်ပြီး၊ ကျောက်စိမ်းမျက်နှာပြင်သည် ခေတ်နောက်ကျနေပြီး လက်သမား၏ထွင်းထုမှုမှာ အလွန်သာမန်မျှသာ။ သူ(မ)သည် ယွီကွမ်းကို သူ့လက်ဖဝါးပေါ် တင်ပေးလိုက်ပြီး နှလုံးသားထဲမှ နာကျင်ရမှုနှင့်အတူ ၎င်းကို စွန့်လွှတ်လိုက်သည်။
“ရှင့်အတွက် လက်ဆောင်”
၎င်းသည် သူ(မ) လက်ထပ်ရန် စောင့်ဆိုင်းနေချိန် လွန်ခဲ့သည့် တစ်နှစ်ကျော်က ဝယ်ခဲ့ခြင်းဖြစ်သည်။ ထိုအချိန်တုန်းက သူ(မ)တွင် ပိုက်ဆံအများကြီးမရှိခဲ့၊ ဝေ့ချီယွီအတွက် လက်ဆောင်တစ်ခုဝယ်ပေးရန် ရည်ရွယ်၍ သူ(မ)၏လစဉ်ထောက်ပံ့ကြေးကို စုဆောင်းခဲ့သည်။ ကံမကောင်းစွာပဲ သူ(မ) သူ့အား ဤလက်ဆောင်လေးအား ပေးရန် ဘယ်သောအခါမှ အခွင့်အရေး မရခဲ့တော့ချေ။
ယခုလေးတင် ပေးပစ်လိုက်ပြီးပြီဖြစ်သော ထိုယွီကွမ်းအား သူ(မ)သည် စိတ်အားထက်သန်နေသော မျက်ဝန်းများဖြင့် ငေးကြည့်နေဆဲပေ။
ကျောက်ရှီသည် ၎င်းကို လက်ခံလိုက်ရင်း ခပ်ယဲ့ယဲ့အပြုံးလေးတစ်ခုက နှုတ်ခမ်းထက် စွဲကပ်လျက်ဖြင့်၊ စိတ်အခြေအနေက အတော်လေး ကောင်းနေသယောင်။
သူ၏မျက်ဝန်းများက သူ(မ)၏နီသွေးသွေးနူးနူးညံ့ညံ့မျက်နှာလေးပေါ် မနေနိုင်စွာ ရောက်သွားခဲ့ပြီး အစောပိုင်းက နှစ်ဦးသား၏လှုပ်ရှားမှုကြောင့် မသေမသပ်ဖြစ်သွားသော သူ(မ)၏လည်ခွံကွေးကို တစ်ချက်ဝေ့ကြည့်လိုက်ရင်း အကြည့်များက တခဏ မှောင်မိုက်သွား၏။ ထို့နောက် သူ(မ)၏အဝတ်အစားများကို မျက်နှာတည်တည်နှင့်ပင် ပြန်ပြင်ပေးလိုက်ပြီး သူ(မ)၏အိအိစက်စက်လက်ချောင်းများကို ဖျစ်ညှစ်လိုက်သည်။
“မင်း ဒီရက်ထဲ အရမ်းလိမ္မာနေတယ်”
မင်ကျူးသည် စိတ်မပါဟန်ဖြင့် : “အမ်း”
သူ(မ)သည် အမှန်တကယ်လည်း သူ့အရှေ့တွင် လိမ္မာပြနေခြင်းပေ၊ ဒါမှလည်း မည်သူမျှ သတိမမူမိလိုက်ဘဲ ကိစ္စများကို ပြီးပြတ်အောင် ဆောင်ရွက်နိုင်မည်မဟုတ်လား။ သူ သတိထားမိသည့်အချိန်ရောက်သည့်အခါတွင်လည်း အရာအားလုံး အလွန်နောက်ကျနေနှင့်လိမ့်မည်ပေ။
နေဝင်ဆည်းဆာက အနောက်အရပ်သို့ ယွန်းနေပြီး ပြင်တင်းတံခါးအပြင်မှ ကောင်းကင်တစ်ခွင်ကားလည်း အမှောင်ထု ကြီးစိုးလာ၏။
ကျောက်ရှီသည် ထွက်သွားရန် စိတ်ကူးမရှိသေးသည့်ပုံ၊ ယနေ့ညတွင် ဤနေရာတွင် နေလောက်တန်ရာ၏။ မင်ကျူးသည် အဝတ်အစားတစ်ထပ် ထပ်ဝတ်ထားလိုက်ပြီး၊ သူ(မ)၏စားပွဲကို အပိုင်သိမ်းထားသည့် အမျိုးသားကို တစ်ချက်လှမ်းကြည့်ပြီး ချိတုံချတုံဖြစ်လျက် နှေးကွေးစွာ လျှောက်သွားလိုက်သည်။
မင်ကျူး သူ့ကို ဤနေရာတွင် မနေစေလိုပေ။ ထို့ကြောင့် သူ ဒေါသထွက်ပြီး မိမိဘာသာ ထွက်သွားစေရန်သာ တုံးအအနည်းလမ်းတစ်ခုကို သုံးရပေအုံးမည်။
သူ(မ)က : “အရှင့်သား ကျွန်တော်မျိုးမ အဖေ့ဆီကနေ ကြားလာတာ အရှင့်သားနဲ့ ကျွန်တော်မျိုးမရဲ့တိကျဲက မကြာခင် ထိမ်းမြားကြတော့မှာဆို အဲ့ဒါ အမှန်ပဲလား”
ကျောက်ရှီသည် သူ(မ)အရှေ့တွင်ဆို မည်သည့်အမျိုးသမီးအကြောင်းကိုမျှ ပြောလေ့မရှိ၊ သူ(မ)ကလည်း တုံးအထုံထိုင်းချင်ယောင်ဆောင်ပြီး မည်သည့်မေးခွန်းကိုမျှ မမေးဖူးခဲ့ချေ။
အမျိုးသားက ဖြည်းညှင်းစွာ ခေါင်းမော့လာပြီး တစ်ခဏ တိတ်ဆိတ်သွားပြီးနောက်မှ : “အဲ့ဒီကိစ္စကို မင်း စိတ်ပူနေစရာမလိုဘူး၊ ကိုယ်က မင်းကို တစ်ဘဝစာလုံးအတွက် စောင့်ရှောက်ပေးသွားမှာ”
မင်ကျူးမှာ ထိုမရေမရာစကားများကို ကြားသည့်အချိန် နှုတ်ခမ်းကို စေ့ကာ ခေါင်းကို ငုံ့ထားလိုက်သည်။ သူကား သူ(မ)ကို တစ်ဘဝစာလုံးအတွက် မစောင့်ရှောက်ခဲ့ရုံသာမက သူ(မ)၏အသက်ကိုပါ နုတ်ယူသွားခဲ့သည်လေ။
ကျောက်ရှီသည် လက်ထဲမှ စုတ်တံကို ချလိုက်ပြီး သူ(မ)အား အခက်တွေ့ရသည့်အကြည့်များဖြင့် ကြည့်ပြီး ပါးစပ်ကို ဖွင့်ဟကာ : “ကိုယ်……”
ပထမဆုံးအနေဖြင့် သူ့မှာ သူ(မ)ကို ဘာပြောရမှန်း မသိတော့ချေ။
မိန်းမငယ်လေးက မျက်လွှာချထားပြီး နားလည်ရခက်ခဲသော အမူအရာဖြင့်။ သူ(မ)၏အထီးကျန်ပုံရိပ်က ဖယောင်းတိုင်မီးရောင်အောက်တွင် ထင်ဟပ်ရပ်တည်နေပြီး ပိန်ပိန်ပါးပါးနှင့် ကျိုးပဲ့လွယ်သည့်ပုံစံမျိုးဖြင့်။
ကျောက်ရှီသည် ပြန်မျိုသိပ်ထားလိုက်ပြီး အချိန်အတန်ကြာသည်အထိ တိတ်ဆိတ်နေခဲ့သည်။ သူ သူ(မ)ကို အမှန်တကယ် သဘောကျခြင်းဖြစ်ပြီး တစ်ခါတစ်ရံ စိတ်ခံစားချက်များပြင်းထန်လာသည့်အခါမျိုးတွင် သူ(မ)အား သူ၏ကိုယ်လုပ်တော်(ဝေ့ဖေး)အဖြစ် လက်ထပ်ရန် မနေနိုင်အောင် အလေးအနက်ထား စဉ်းစားမိသော်လည်း အခိုက်အတန့်တစ်ခဏစာလေးမှာပင် ထိုအတွေးက အလိုလို ပျက်ပြယ်သွားစမြဲဖြစ်သည်။
သူက အရှေ့သို့ လှမ်းလာပြီး သူ(မ)လက်ကို ဆုပ်ကိုင်ရင်း : “မင်းအမေက……”
မင်ကျူးသည် သူ့ကို ကြားဝင်ဖြတ်လိုက်သည်။
“ကျွန်တော်မျိုးမ သိပါတယ်၊ အရှင့်သား ထုတ်ပြောပြနေဖို့ မလိုပါဘူး”
သူ(မ)၏အမေသည် ဆောင်ကြာမြိုင်မှ ပြည်ကြီးဒါလီတစ်ဦးဖြစ်ပြီး သူ(မ)ကား ဖျော်ဖြေတင်ဆက်မှုကိုသာ ရောင်းချသူဖြစ်ပြီး ခန္ဓာကိုယ်ကိုမဟုတ်။ နောက်ပိုင်းတွင် သူမ(အမေ)ကို သူ(မ)၏အဖေဖြစ်သူက ဆောင်ကြာမြိုင်မှ ပြန်ရွေးပေးခဲ့ပြီး သူ၏ကိုယ်လုပ်တော်အဖြစ် တော်ကောက်ကာ သူမ(မင်ကျူး)ကို ရခဲ့ကြသည်။
ကျောက်ရှီ၏မျက်နှာသည် ပျက်ယွင်းသွားပြီး သက်ပြင်းအသာချလို့ အတန်ကြာသည်အထိ တိတ်ဆိတ်သွားပြီး ဘာမှမဆိုလာနိုင်တော့ချေ။
တကယ်တမ်း သူ(မ)၏ နိမ့်ပါးသည့်နောက်ခံတစ်ခုတည်းကြောင့် မဟုတ်၊ ၎င်းသည် အကြောင်းအရင်း၏ တစ်စိတ်တစ်ပိုင်းမျှသာ ဖြစ်သည်။ ကျောက်ရှီဆိုသည့် သူသည် အရာရာကို အမြဲ စဉ်းစားချင့်ချိန်နေတတ်သူဖြစ်ပြီး မင်ကျူး၏စိတ်နေစိတ်ထားမှာတော့ ပျော့ညံ့လွန်း၏။ သူ့ဘက်က သူ(မ)ကို အရံကြင်ယာတော်(ဆဲ့ဖေး)အဖြစ် ချီးမြှင့်လိုက်လျှင်တောင် သူ(မ)အနေနှင့် ဤဘွဲ့၏တာဝန်ကို ထမ်းဆောင်နိုင်မည် မဟုတ်၊ သူ(မ)သည် မဖြစ်မနေလုပ်ဆောင်ရမည့် တာဝန်များကို တာဝန်ယူဆောင်ရွက်နိုင်လိမ့်မည်မဟုတ်ပေ။
ကျောက်ရှီလိုချင်သည်မှာ လျော်ကန်သည့် ဇနီးတစ်ဦး၊ ပွဲတိုးပြီး အရာရာဆောင်ရွက်နိုင်သည့် အမျိုးသမီးတစ်ဦးကို ဖြစ်သည်။ သူ(မ)၏စကားလုံးတိုင်း၊ လှုပ်ဆောင်မှုတိုင်းက ဆန်းစစ်ဝေဖန်မှုများကို ခံနိုင်ရည်ရှိနိုင်ရမည်ဖြစ်သည်။ ထိုက်ကျစ်ဖေး(အိမ်ရှေ့စံမင်းသမီး)တစ်ယောက် ဖြစ်ရန်မှာ လွယ်ကူသည့်အလုပ်မဟုတ်ချေ။
“ထိုက်ကျစ်ဖေးရှိလာခဲ့ရင်တောင်မှ မင်း ဘာမှ စိတ်ပူနေဖို့ မလိုဘူး”
ဤသည်မှာ ကျောက်ရှီ သူ(မ)ကို ပေးလို့ရနိုင်သည့် ကတိစကားသာ ဖြစ်သည်။
မင်ကျူးသည် ပေါ့ပေါ့ပါးပါးပြုံးပြီး ခေါင်းညိတ်လိုက်သည်။
“ဟုတ်ကဲ့၊ အရှင့်သားရဲ့ကြင်နာမှုအတွက် ကျွန်တော်မျိုးမ ကျေးဇူးတင်ပါရစေ”
သို့ရာတွင် ကျောက်ရှီမှာ သူ(မ)၏ထိုအပြုံးကို သဘောမကျချေ။ ၎င်းသည် အလွန်အမင်း ဟန်လုပ်ထားရဟန်နှင့်တူပြီး သူ၏မင်္ဂလာပွဲနှင့်ပတ်သက်ပြီး သူ(မ)သည် အမှန်တကယ် ဂရုပင် မစိုက်နေဟန်ရှိသယောင် ဝေးကွာပြီး ပေါ့တိပေါ့တန်နိုင်နေ၏။
ကျောက်ရှီသည် ခပ်ဖွဖွ မျက်မှောင်ကြုတ်လိုက်ပြီး လေးလေးနက်နက် တွေးမိသည်။ သူ(မ)က သူ့အပေါ် သဝန်တိုနေတာလား၊ ဒါမှမဟုတ် သူဟာ အသစ် တွေ့သည်နှင့် အဟောင်းကို စွန့်ပစ်လိုက်တော့မည်ဟုပဲ တွေးပြီး စိုးရိမ်နေလေသလား၊ သူကား ထိုသို့သာ လူစားမျိုးမဟုတ်ပါချေ။
“အများကြီးလျှောက်မတွေးနေနဲ့၊ နားကြရအောင်”
မင်ကျူးသည် တကယ်ကို ဂရုမစိုက်မိခြင်းဖြစ်သော်လည်း ကျောက်ရှီး၏မျက်ဝန်းထဲတွင် ထိုသို့ဟုတ်နေဟန်မတူ။ အခန်းထဲမှ ဖယောင်းတိုင်နှစ်တိုင် ငြိမ်းသေသွားပြီး ခုတင် ကန့်လန့်ကာများက ပြတင်းတံခါးကို ဖြတ်၍ ဝင်ရောက်လာဿော လရောင်ခြည်ကို ပိတ်ဆို့ထား၏။
မင်ကျူးသည် သူ့ကို ကျောပေးကာ မျက်လုံးများကို မှိတ်လို့ အိပ်ရန်ပြင်လိုက်သည်။
ကျောက်ရှီက သူ(မ)ကို အနောက်ကနေ ဖက်လာပြီး : “အိပ်နေပြီလား”
ယခုဆို သူနှင့် သူ(မ) အတူမနေဖြစ်သည်မှာ ညပေါင်းများစွာ ရှိနေပြီးပင်၊ မင်ကျူးမှာ ဘာဆက်ဖြစ်လာတော့မလဲကို ခပ်ရေးရေး သိနေပြီး နောက်ကျောမှာ တန့်သွားပြီး အနည်းငယ် စိတ်လှုပ်ရှားလို့လာ၏။
“အမ်း”
ကျောက်ရှီသည် ရုတ်တရက် သူ(မ)၏ပုခုံးကို ဖိကိုင်ပြီး သူ(မ)ကို သူနှင့်မျက်နှာချင်းဆိုင်စေ၏။ သူ၏လက်ချောင်းများက သူ(မ)၏ဆံဖျားမှတစ်ဆင့် တင်ပဆုံရိုးတစ်လျှောက် ဖြည်းဖြည်းချင်း ဆင်းသွားရင်း အေးစက်စက်ဝင်သက်ထွက်သက်တို့က သူ(မ)၏လည်တိုင်ပေါ် ပွတ်သပ်ကျီစယ်လာတော့သည်။
မင်ကျူးသည် ညင်ညင်သာသာအသံဖြင့် ငြင်းဆန်လေသည်။
“အိမ်မှာ ဆေးကျိုဖို့က အဆင်မပြေလောက်ဘူး” (သန္ဓေတားဆေး)
စကားလုံးလေးအနည်းငယ်က ကျောက်ရှီ၏စိတ်အားထက်သန်နေမှုကို လုံးလုံး ဖျက်ဆီးလိုက်တော့သည်။ သူ၏မျက်ဝန်းများက တဖြည်းဖြည်း အေးကျသွားပြီး လက်ဆစ်များဖြူသည်အထိ လက်ချောင်းများကို ကျစ်ကျစ်ဆုပ်ထား၏။ သူသည် ဟက်ဟက်ပတ်ပတ်မရှိဟန်ဖြင့် ဆိုလာ၏။
“ဒါဆိုလည်း နားတော့”
မင်ကျူးသည် ကောင်းကောင်းအိပ်စက်ခဲ့ရသည့်တိုင် ကျောက်ရှီသည် နောက်တစ်နေ့တွင် စိတ်အခြေအနေက အလွန်ကောင်းနေပုံမရတော့ချေ။
နန်းတွင်း မဝင်ခင် ကျောက်ရှီသည် မနေနိုင်စွာဖြင့် ကျန်းဟွေကို အမေးရှိလာ၏။
“မင်းပြောကြည့် သူ စိတ်ဆိုးတာလား ဝမ်းနည်းတာလား”
ကျန်းဟွေသည် ကြောင်စိစိဖြစ်သွား၏။
“အရှင့်သားက ဘာအကြောင်းအရာကိုများ ပြောနေတာပါလဲ…?”
ကျောက်ရှီသည် မျက်လုံးများကို မှိတ်လိုက်ပြီး မျက်ခုံးများကို ပွတ်လိုက်သည်။
“ဘာမှမဟုတ်တော့ဘူး”
နှစ်ခုစလုံးဖြစ်နိုင်လောက်တယ်။
ကျောက်ရှီသည် သူ မည်သူ့ကို လက်ထပ်မည်အား သူ(မ)အား အသိပေးရန် ရည်ရွယ်ချက်မရှိပေ။ တစ်ယောက်ယောက်ကသာ ကျောက်ရှီ၏နှလုံးသားကို ဖွင့်ဖောက်ကြည့်လျှင် ၎င်းသည် အမှန်တကယ် မည်းနက်နေကြောင်း(စဉ်းလဲရက်စက်) သိရလိမ့်မည်ပေ။ အစပိုင်းတွင် မင်ကျူးသည် သူနောက်လိုက်ရန်မှတစ်ပါး ရွေးချယ်စရာမရှိခဲ့စဉ်က သူ(မ)သည် အမှန်တကယ်ကို တွန့်ဆုတ်ပြီး ဆန္ဒမရှိခဲ့ချေ။
ကျောက်ရှီအနေနှင့် မိမိကိုယ်မိမိ တစ်ဖက်လူကို တိမ်းညွှတ်အောင် လုပ်နိုင်စွမ်းရှိသည်ဟု ထင်မြင်မိသည်၊ သူသည် သူ(မ)ကို အပြင်လူတွေ့ခွင့်မပေးရုံမှလွဲ၍ ကဏ္ဍတိုင်းတွင် သူ(မ)ကို ကောင်းမွန်စွာ ဆက်ဆံပေးခဲ့သည်။ သူ(မ)သည် ခံစားချက်များ ဖုံးကွယ်ရာတွင်နှင့် မုသာဝါဒကျူးလွန်ရာတွင် မတော်သည်ကြောင့် သိပ်မကြာလိုက််ခင်မှာပင် သူ့အပေါ် သူ(မ)၏ လေးစားမှုချစ်ခင်မှုက သူ(မ)၏မျက်လုံးများထဲမှနေ ပြည့်လျှံလာခဲ့သည်။
ဒါဆို မနေ့ညက သူ(မ)က သဝန်တိုနေခဲ့တာပေါ့?
သူသည် ဘယ်သောအခါမှ ဝန်တိုတတ်သည့် မိန်းကလေးတစ်ယောက်ကို ချော့မော့နေမည်မဟုတ်ချေ။
မနက်ခင်းညီလာခံပြီးဆုံးသွားချိန်တွင် အန့်နျဉ်မင်းသားသည် ကျောက်ရှိနှင့်ဘေးချင်း ယှဉ်၍ သိမ်မွေ့တင့်တယ်သော ခြေလှမ်းများဖြင့် ဆင်းလျှောက်လာ၏။ သူတို့နှစ်ဦး လမ်းတစ်ဝက်အရောက်တွင် သူသည် မနေနိုင်တော့ဟန်ဖြင့် : “ထိုက်ကျစ်(အိမ်ရှေ့စံ)၊ မင်း ဒီနေ့ဝတ်လာတဲ့ ယွီကွမ်းက နည်းနည်း မှိန်တယ်နော်”
ကျောက်ရှီက အေးဆေးစွာပင် တုံ့ပြန်လာ၏။
“ဟုတ်လား”
အန့်နျဉ်သည် : “ဟုတ်တယ်၊ ဒီကျောက်စိမ်းက အနာအဆာတွေများလွန်းတယ်၊ ကျောက်မသန့်ဘူး”
“ငါ သိတယ်”
ကျောက်ရှီသည် မရေမတွက်နိုင်သော ရတနာပေါင်းများစွာကို မြင်ဖူးပြီးသားပင်၊ မနေ့က မင်ကျူး သူ့လက်ထဲ ဤယွီကွမ်းကို ထည့်ပေးချိန် ၎င်းသည် အရေအသွေးကောင်းသည့်ကျောက်စိမ်းတစ်ခုမဟုတ်ကြောင်း သူ တန်းသိသည်ပေ။
သို့သော် ကောင်းသည်၊ဆိုးသည်ကို သူ ဂရုမစိုက်ပေ။ ဈေးနည်းသည်ဖြစ်စေ များဖြစ်စေ အဓိကက သူ(မ)၏စိတ်ရင်းဖြစ်သည်။
သူ့မျက်နှာ လန်းဆန်းနေသည်ကို မြင်လျှင် အန့်နျဉ်သည် ဤယွီကွမ်းကို ပေးသည့်ပုဂ္ဂိုလ်က အိမ်ရှေ့စံ၏နှလုံးသားထဲ အရေးကြီးသည့်နေရာတွင် ရှိကြောင်း သဘောပေါက်လိုက်သည်။
“ဘယ်အမျိုးသမီးလေးကများ ဒါကို လက်ဆောင်ပေးလိုက်သလဲဆိုတာ အတင့်ရဲပြီး မေးလို့ရမလား”
“ပြောလို့မရဘူး”
အိမ်ရှေ့စံက ဘာမှ ထုတ်မပြောလာလျှင်တောင် သူ သိထားနှင့်ပြီးသားဖြစ်သည်။ အိမ်ရှေ့စံတစ်ယောက် သူ၏ရွှေစံအိမ်လေးထဲ အလှလေးတစ်ယောက်ကို ထည့်ဝှက်ထားတယ်ဆိုသည့် ကောလာဟလများ ပျံ့နှံ့နေသည်မှာ အတော်ပင် ကြာနေလေပြီ။ ၎င်းသည် ထိုယုယမြတ်နိုးသူလေးထံမှ ဖြစ်ဟန်တူ၏။
“ထိုက်ကျစ်တင်းရှ၊ အရှင့်သား အရင်တုန်းက ဝတ်တာ ဘာလို့ ကျုပ် မမြင်ဖူးရတာပါလိမ့်”
ကျောက်ရှီသည် သူ့ကို အာရုံထဲပင် မထည့်ထား၊ သူ စကားများလွန်းသည်ဟု ခံစားမိသည့်အတွက်လည်း အနည်းငယ် စိတ်ရှုပ်လာ၏။
မည်သူမျှ သူ့ကို ဂရုမစိုက်နေလျှင်တောင် *ရှန့်ဝမ်းလင်တစ်ယောက် အေးဆေးစွာပင် ဆက်ဆိုလာသေး၏။
(E note : ရှန့်ဝမ်းလင်က အန့်နျဉ်မင်းသားပါပဲ၊ ရှန်းယန်မင်းသမီးရဲ့အစ်ကိုဆိုလည်း ဟုတ်တယ် ကျောက်ရှီရဲ့ဝမ်းကွဲတစ်ယောက်ပဲပေါ့)
“ဒီဒီဇိုင်းက နည်းနည်းတော့ ခေတ်နောက်ကျနေပြီ၊ ဘာလို့ ဒီနေ့ကျမှ ထုတ်ဝတ်လာတာလဲ”
ကျောက်ရှီ၏ခြေလှမ်းများက ဖြည်းဖြည်းချင်း ရပ်တန့်သွား၏။
“ခေတ်နောက်ကျတယ်?”
ရှန့်ဝမ်းလင်က ရယ်ပြီး ဂုဏ်ယူစွာ ဆိုလာ၏။
“အရှင့်သားက နေ့တိုင်း အလုပ်ရှုပ်နေတာဆိုတော့ မြို့တော်မှာ ခေတ်စားနေတဲ့ ဒီဇိုင်းတွေအကြောင်းကို သေချာဘယ်သိပါ့မလဲ၊ ဒီလိုထွင်းထားတဲ့ပုံစံမျိုးနဲ့ ဝါးပင်ပန်းထိုးဒီဇိုင်းပုံစံက လွန်ခဲ့တဲ့ တစ်နှစ်က လူကြိုက်များခဲ့တာလေ”
ကျောက်ရှီသည် အများကြီး တွေးတောမနေဘဲ အေးစက်စက်ဖြင့်သာ ခွန်းတုံ့ပြန်လိုက်သည်။
“အမ်း”
သူတို့နှစ်ဦး နန်းတွင်းမှ ထွက်သည်နှင့် ရှန့်ဝမ်းလင်သည် သူ၏လုပ်ဖော်ကိုင်ဖက်များနှင့် သွားဆုံ၏။ သူသည် လှည်းဘေးမှ အမျိုးသားတစ်ဦးကို စိတ်အားထက်သန်စွာ နှုတ်ဆက်လိုက်သည်။
“ချီယွီရှုန်း၊ တိုက်ဆိုင်လိုက်တာ”
ဝေ့ချီယွီသည် လှည့်ကြည့်လာပြီး သူ့ကို ပြန်နှုတ်ဆက်ကာ သူ့ဘေးမှ ထိုအမျိုးသားကို တစ်ချက်ဝေ့ကြည့်လိုက်သည်။ တစ်ခဏ တိတ်ဆိတ်သွားပြီးနောက်မှ သူသည် မျက်လွှာချကာ လက်နှစ်ဖက်စလုံးဖြင့် အရိုသေပြုနှုတ်ဆက်လိုက်သည်။
“ထိုက်ကျစ်တင်းရှ”
ရှန့်ဝမ်းလင်မှာ ဝေ့ချီယွီတစ်ယောက် ဤလွန်ခဲ့သည့် နှစ်နှစ်အတွင်း ပိုပိုပြီး ဝေးကွာလာသည်ဟု ခံစားမိလေသည်။ ယခုဆို သူတို့နှစ်ယောက် တစ်ယောက်ကိုတစ်ယောက် သိကျွမ်းလာကြသည်မှာ နှစ်အနည်းငယ်ပင် ကြာသွားခဲ့ပြီဖြစ်သည်။
ဝေ့မိသားစုသည် နိမ့်ချတတ်၏။ သူသည်လည်း အလွန်ငွေကြေးမပြည့်စုံသော်လည်း သူ၏သတို့သမီးလောင်းသည် ပန်းလေးတစ်ပွင့်ပမာ အလွန်လှပသည်ဟု သူ သတင်းကြားထား၏။
ရှန့်ဝမ်းလင်နှင့် ဝေ့ချီယွီတို့သည် ကျောင်းအတူတူဖြစ်ပြီး ဆရာတစ်ဦးတည်၏လက်အောက်တွင် အတူတကွ သင်ကြားကြသူများဖြစ်သည်။ ဝေ့ချီယွီသည် သူနှင့် သူ၏သတို့သမီးလောင်းလေးတို့ ကောင်းမွန်သော ဘဝတစ်ခုကို နေနိုင်ရန်နှင့် ဆင်းရဲမွဲတေမှုကို မခံစားရစေရန်အတွက် စာကို အပတ်တကုတ် ကြိုးစားရင်း ငွေရှာနေကြောင်းကို ယခင်ကတည်းက သူတို့အားလုံး သိကြသည်ပင်။ သို့သော် အမည်မသိအကြောင်းအရင်းတစ်ခုကြောင့် မင်္ဂလာပွဲက ပျက်သွားခဲ့သည်။
ဝေ့ချီယွီသည်လည်း ထိုကတည်းက ပိုပိုပြီး သုန်မှုန်လာတော့သည်။
“ချီယွီရှုန်း၊ ငါကြားတာ ဆရာသခင်က မင်းကို သူ့သမီးအငယ်လေးနဲ့ လက်ဆက်ပေးမလို့ ကြံရွယ်နေတယ်ဆို၊ မင်းကတော့ တကယ် ကံကောင်းတာပဲ”
“အမှန်မဟုတ်ပါဘူး”
“မင်း ငါ့ရှေ့မှာ ဟန်ဆောင်နေစရာမလိုပါဘူးကွာ၊ တိုက်တိုက်ဆိုင်ဆိုင် အရှင့်သားအိမ်ရှေ့စံကလည်း ဒီနေ့ ဒီနေရာမှာ ရှိနေတယ်ဆိုတော့ ပြောမရဘူး နောင်မှာ အရှင့်သားက မင်းတို့နှစ်ယောက်အတွက် မင်္ဂလာပွဲတစ်ပွဲ ချီးမြှင့်ပေးချင်ပေးလောက်မှာ”
ဝေ့ချီယွီသည် ကျောက်ရှီ၏မျက်လုံးများကို တည့်တည့်စိုက်ကြည့်ရင်းဖြင့် : “ကျွန်တော့်နှလုံးသားက တခြားတစ်ယောက်ထံမှာ ရှိနေနှင့်ပြီးသားပါ”
“မင်းရဲ့အရင်သတို့သမီးလောင်းလား၊ အဲ့ဒီမိန်းကလေးက ဆင်းရဲတဲ့မင်းကို သဘောမကျဘဲ ကြွယ်ဝမှုကို မက်မောနေတာလေ ဘာလို့ သူလိုလူမျိုးကို နှလုံးသားထဲ ထည့်ထားသေးရတာတုံး”
ရှန့်ဝမ်းလင်သည်လည်း သူ့ကောင်းဖို့အတွက်သာ ရည်ရွယ်ပြောခြင်းဖြစ်သည်။
ကျောက်ရှီသည် လှောင်ရယ်၏။
“*ဝေ့တာ့ရန်က တကယ်ကို အချစ်ရူးရူးတာပဲ” (ဝေ့လူကြီးမင်း)
ဝေ့ချီယွီသည် တုံ့ပြန်စကားတစ်ခွန်းမှ မဆိုလာချေ။
ကျောက်ရှီက အေးစက်စွာဖြင့်ပင် တစ်ဖန်ထပ်ဆို၏။
“မင်းသားပြောတာ မှန်တယ်၊ သူက ဆင်းရဲတာကို ရွံ့မုန်းပြီး ဓနဥစ္စာကို မက်မောတဲ့ လူမျိုးဆိုရင် မင်းအနေနဲ့ သူ(မ)ကို တစ်ဘဝလုံးစာ ချမ်းသာကြွယ်ဝမှုကို မပေးနိုင်မှဖြင့် မင်းလည်း မင်းရဲ့အဲ့ဒီအချစ်တွေကို လက်လွှတ်ချလိုက်တော့ပေါ့”
ဝေ့ချီယွီသည် သူ၏စိတ်ကို အဖန်ဖန်အခါခါ ချုပ်တည်းထားရသည်။
“အကြံဉာဏ်ပေးတဲ့အတွက် ကျွန်တော်မျိုးက အရှင့်သားကို ကျေးဇူးတင်ပါတယ်”
ကျောက်ရှီ၏ရင်ဘက်ထဲတွင် ထွက်ပေါက်ရှာလို့မရသည့် ဒေါသမီးကို ထိန်းချုပ်ထားရပြီး သူ၏မျက်လုံးများက လူသတ်ချင်နေသည့်အငွေ့အသက်ကို ထုတ်လွှင့်နေ၏။ ထိုစကားနှစ်ခွန်းကို ငေါ့တော့တော့ပြောပြီးနောက်တွင် သူ၏ဒေါသက တဖြည်းဖြည်း ပြေလျော့သွားတော့သည်။
ယခုတွင် သူသည် စိတ်လွတ်သွားခြင်းဖြစ်သည်။ ဤတစ်နှစ်အတွင်း ကျောက်ရှီသည် မင်ကျူးပါးစပ်ထဲမှ ‘ဝေ့ချီယွီ’ ဆိုသည့် ထိုစကားလုံးသုံးလုံးကို တစ်ခါမှ မကြားဖူးခဲ့ချေ။ ယခုလက်ရှိတွင် သူ(မ)သဘောကျသည့်သူကား သူသာ။
ကျောက်ရှီသည် လှည်းပေါ် တက်လိုက်ပြီး : “ငါ အရင်သွားနှင့်ပြီ”
“အရှင့်သား၊ ကျုပ်ကို လှည်းကြုံခေါ်သွားပေးလို့ရမလား” ရှန့်ဝမ်းလင်က အရှက်မရှိစွာ တောင်းဆိုလာ၏။
“ထွက်သွား”
ရှန့်ဝမ်းလင်သည် ကြက်သေသေသွားပြီး ဝေ့ချီယွီကို လှည့်ကြည့်လိုက်သည်။
“မင်း ခုဏကစကားကို ကြားလိုက်တယ်မလား”
“……”
“ထိုက်ကျစ်တင်းရှက ငါတို့ကို ထွက်သွားဖို့ ပြောတယ်?!”
“…….” ဝေ့ချီယွီက : “ကျွန်တော်လည်း သွားနှင့်တော့မယ်”
ရှန့်ဝမ်းလင်က သူ့ခြေထောက်ကို ကြည့်ပြီး : “မင်း ဒီတိုင်းပဲ လမ်းလျှောက်သွားတော့မလို့လား၊ ငါ့အိမ်တော်ကလှည်းက ခဏနေဆို ရောက်တော့မယ်၊ ငါ မင်းကို ခေါ်သွားပေးလို့ရတယ်လေ”
“ကျေးဇူးအများကြီး တင်ပါတယ်၊ မလိုပါတော့ဘူး”
ဝေ့ချီယွီသည် နန်းတွင်းဂိတ်ဝမှ အနောက်ဘက်လမ်းကြားလေးဆီသို့ အမွှေးတိုင်နှစ်တိုင်ထွန်းစာအထိ လမ်းလျှောက်ရသည်။
(E note : သေချာတော့မသိပေမဲ့ အမွှေးတိုင်တစ်ချောင်းကို ၁၅မိနစ်ပါ နှစ်တိုင်ဆိုတော့ မိနစ်သုံးဆယ်ပေါ့)
သူသည် တစ္ဆေတစ်ကောင်လိုပင် နောက်ဖေးတံခါးဆီသို့ အဘယ်သို့ ရောက်သွားလို့ရောက်သွားမှန်းပင်မသိလိုက်၊ ထို့နောက် ဤတံစက်မြိတ်လေးအောက်တွင် အကြာကြီး တိတ်ဆိတ်စွာ ရပ်နေမိသည်မှာ သူကိုယ်၌ပင် ဘာကို စောင့်နေမိမှန်း မသိချေ။
ကောင်းကင် မှောင်ရီပျိုးလာသည်နှင့်အတူ တိမ်စိုင်တိမ်မည်းများ အတူတကွ စုံရုံးလာကြသည်မှာ မကြာခင် ပြိုတော့မည့် မိုးလို။
မင်ကျူးသည် နောက်ဖေးတံခါးလေးကို ဖွင့်လိုက်ပြီး ခေါင်းမော့ကြည့်လိုက်ချိန် ငြိမ်သက်နက်မှောင်နေသည့် မျက်လုံးတစ်စုံနှင့် သွားဆုံ၏။ သူ(မ) လက်ကို တင်းတင်းဆုပ်လိုက်မိပြီး ဤအခိုက်အတန့်လေးအတွင်း သူ(မ)ပဲ ကယောင်ချောက်ချားဖြစ်နေသလားဟု ထင်မှတ်မိတော့သည်။
မျက်ဝန်းနှစ်စုံက အချိန်အတော်အတန်ကြာသည်အထိ တိတ်တဆိတ်သာ ကြည့်နေမိကြသည်။
ဝေ့ချီယွီ၏နီရဲနေသော မျက်ဝန်းများကိုမူ သူ(မ) မမြင်ရချေ။ တစ်ခါက ပိန်သေးသေးကောင်ကလေးက ယခုအခါတွင် အရွယ်ရောက်နေပြီးဖြစ်သော လူကြီးတစ်ယောက် ဖြစ်လို့နေချေပြီ။
မိုးကြိုးသွားသံတစ်ချက်နှင့်အတူ မိုးဖွဲလေးများက မြေပြင်ပေါ်သို့ စတင်သက်ဆင်းလာတော့သည်။
တပေါက်ပေါက်ကျနေသော မိုးသံနှင့် ဝေ့ချီယွီသည် ဩရှနေသော အသံဖြင့် သူ(မ)ကို မေးလာ၏။
“သူ မင်းကို ကောင်းကောင်းဆက်ဆံရဲ့လား”
မင်းကျူးသည် မျက်လွှာချထားလိုက်ရင်း မျက်ဝန်းများက ရဲတက်လာ၏။ သူ(မ) အသံတိတ်ဖြင့်သာ ခေါင်းညိတ်ပြလိုက်သည်။
အတန်ကြာသွားပြီးနောက်တွင် ဝေ့ချီယွီသည် ညင်သာစွာ ထပ်မေးလာ၏။
“ကျူးကျူး…သူ့ကို အခု သဘောကျနေပြီလား”