အပိုင်း(၀၁၉)
နောက်တစ်နေ့မနက် အရုဏ်မတက်ခင် ကျောက်ရှီသည် အိပ်ရာမှ ထပြီး သေသပ်စွာ ဝတ်ဆင်လိုက်သည်။ သပ်သပ်ရပ်ရပ်နှင့် ခန့်ညားတင့်တယ်နေပြီး သူ၏အသွင်အပြင်က အလွန်အမင်း ထင်ရှားပေါ်လွင်နေ၏။
ခြံဝင်းထဲမှ ပဉ္စမသခင်မလေး မင်ကျူး၏အစေခံများသည် မျက်နှာနီနီလေးများဖြင့် မနေနိုင်အောင် လည်ကာပြန် ငေးကြည့်မိကြသည်။ အရှင့်သားအိမ်ရှေ့စံသည် လွန်စွာမှ ကြည့်ကောင်းလှပါဘိ။
ကျောက်ရှီသည် ခါးထက် ဓားရှည်များ ချိတ်ထားသော သူ၏ကိုယ်ရံတော်များနှင့် ထွက်သွားပြီး မင်အိမ်တော်အပြင်ဘက်တွင် စောင့်ကြပ်ခိုင်းထားသည့် အစောင့်အနည်းငယ်ကိုသာ ချန်ထားရစ်ခဲ့သည်။
၎င်းမှာ သူ(မ)ကို စောင့်ကြည့်ရန်အတွက် မဟုတ်၊ တစ်ခုတစ်စုံတစ်ရာဖြစ်ပျက်လာခဲ့သည်ရှိသော် သူ(မ)အား မည်သည့်အန္တရာယ်မျိုးကိုမဆိုမှ ကာကွယ်ပေးရန်အတွက် တစ်ယောက်ယောက်ရှိနေစေရန် ရည်ရွယ်၍ စိုးရိမ်စိတ်ဖြင့် ထားထားခဲ့ခြင်းဖြစ်သည်။
မင်ကျူးသည် အိပ်ရာမှ နိုးလာသည့်အချိန် ခေါင်းကိုက်နေ၏။ သူ(မ)သည် ခါတိုင်းထက် အနည်းငယ် ပိုကြာအောင် အိပ်ပျော်နေခဲ့ခြင်းပေ။ ထထိုင်လိုက်သည့်အချိန် ခါးမှာ ကျိုးသွားသကဲ့သို့ ခံစားလိုက်ရပြီး အိပ်ရာထဲမှ ထွက်လိုက်ပြီးနောက်တွင် ခြေထောက်များက တဆတ်ဆတ် တုန်ခါလာကာ မြဲမြဲမြံမြံ မရပ်နိုင်ခင် အချိန်အနည်းငယ် ယူလိုက်ရသည်။
ပိယင်သည် အသစ်စက်စက်ချုပ်ထားသော အဝတ်အစားတစ်စုံဖြင့် ဝင်လာ၏။ မင်ကျူးသည် အဝတ်အစားများကို တစ်ချက်သာကြည့်ပြီး : “ဒီနေ့တော့ ရိုးရိုးရှင်းရှင်း ဝတ်ရင်ကောင်းမယ်”
ပိယင်သည် အနည်းငယ် ပဟေဠိဖြစ်သွားပြီး : “ဒါပေမဲ့ မမလေး ဒီညနေ ပွဲတော်ကို သွားဖို့ ရည်ရွယ်ထားတာမဟုတ်ဘူးလား”
မီးပုံးပွဲတော်ဆိုသည်မှာ လက်မထပ်ရသေးသည့် အမျိုးသား၊ အမျိုးသမီးများ တိတ်တဆိတ် ဆုံဆည်းခွင့်ရသည့် အခါသမယဖြစ်သည်။ ပန်းများပမာ လှပသည့် မိန်းကလေးများသည် ဤနေ့ရက်အခါတွင် လှလှပပ ၀တ်စားဆင်ယင်ကြသည်။ ပွဲတော်တွင် သူတို့သဘောကျနှစ်သက်သည့် အမျိုးသားတစ်ယောက်ယောက်ကို တွေ့ပါက ရဲရင့်စွာ ချဉ်းကပ်ပြီး စကားစမြည် ပြောကြလိမ့်မည်ဖြစ်သည်။
ယနေ့တွင် အရှင့်သားအိမ်ရှေ့စံသည် နံ့သာပူဇော်ရန် ချန်းထိုက်တောင်သို့ သွားခဲ့သော်လည်း မမလေးနှင့်အတူ ပွဲတော်ဆင်နွှဲပေးရန်အတွက် မှောင်ရီမပျိုးမီ အမြန် ပြန်လာပေးလောက်သည်။
ပိယင်က : “ဒီဝတ်စုံရဲ့အထည်စက ပေါ့ပါးပြီး လေဝင်လေထွက်ကောင်းတယ် မမလေးရဲ့၊ လေနဲ့ လွင့်ပြီး ကျက်သရေရှိ တင့်တယ်နေမှာ၊ မမလေးသာ ဝတ်လိုက်ရင် နတ်သမီးလေးလို အရမ်းကြည့်ကောင်းနေမှာ အသေအချာပဲ”
မင်ကျူးသည် ပြုံးလိုက်ပြီး : “ဒါဆိုလည်း ဒီညနေကျရင် ဝတ်လိုက်မယ်”
ပိယင်သည် ခေါင်းညိတ်တုံ့ပြန်၏။
မင်ကျူးက သာမန်ကာလျှံကာ မေးဟန်ဆောင်လိုက်သည်။
“ပိယင်၊ အရှင့်သား ဘယ်အချိန်လောက်က ထွက်သွားတာလဲ”
“အရုဏ်မဦးခင်ကတည်းက ထွက်သွားတာပါ”
“အမ်း”
မင်ကျူးသည် စိတ်အေးသွားပြီး ရေခွက်ကို ကိုင်ကာ ညင်သာစွာ တစ်ငုံယူသောက်လိုက်သည်။ တခဏ တိတ်ဆိတ်နေပြီးနောက်တွင် သူ(မ)က အမေးထပ်ပြုလာပြန်၏။
“အရှင့်သားရဲ့မွေးနေ့တောင် နောက်နှစ်ရက်နေရင် ရောက်ပြီနော်”
ပိယင်၏မျက်နှာသည် ပျော်ရွှင်မှုဖြင့် တောက်ပသွား၏။ မင်ကျူးသခင်မလေး အရှင့်သား၏မွေးနေ့ကို သတိတရရှိရှိနှင့် စိတ်ထဲမှတ်ထားလိမ့်မည်ဟု သူ(မ) မမျှော်လင့်ထားခဲ့ပေ။ သူ(မ)က ပြုံးကာ ဆိုလိုက်သည်။
“ဟုတ်တယ် မမလေး၊ တစ်လတောင် မလိုတော့ဘူး”
ဒါပေါ့၊ မင်ကျူး ကျောက်ရှီ၏မွေးနေ့ကို သေချာပေါက် မှတ်မိတာပေါ့။ ယခင်ဘဝတွင် သူ(မ)သည် သူ့အတွက် မွေးနေ့လက်ဆောင်များကို နှစ်စဉ်နှစ်တိုင်း သူ(မ)လက်ဖြင့် ကိုယ်တိုင်ပြင်ဆင်ခဲ့သည်။ သို့သော် ကျောက်ရှီသည် သူ့မွေးနေ့ကို ဝမ်ယွဲ့ဆောင်သို့ မလာခင် နန်းတော်၌သာ ကျင်းပလေ့ရှိသောကြောင့် လက်ဆောင်များစွာက သူ(မ)လက်ထဲတွင်သာ မထိမတို့ထားသည့်အတိုင်း ကျန်နေခဲ့ရမြဲဖြစ်သည်။
သူ(မ)သည် ခေါင်းငုံ့လိုက်ပြီး ရှက်ဟန်မူပိုပြရင်း : “ငါ လွန်ခဲ့တဲ့ရက်အနည်းငယ်လောက်က ရတနာဆိုင်ကနေ ဖန်ဆံထိုးတစ်ခု မှာထားခဲ့တာ၊ အဲ့ဒါ နင် ဒီနေ့လယ်မှာ ငါ့အစား သွားယူပေးလို့ရမလား”
ပိယင်က ခေါင်းညိတ်ကာ : “ဟုတ် ကောင်းပါပြီ မမလေး”
မင်ကျူးသည် ပိယင်ကို ရည်ရွယ်ချက်ရှိရှိ အဝေးလွှတ်လိုက်ခြင်းပေ၊ သို့မှသာ သူ ပြန်ရောက်လာသည့်အချိန် သူ(မ) ပျောက်ဆုံးနေသည်ကို တွေ့ရှိပါက သူ(မ)ကို ရှာဖွေရန်အတွက် တစ်ယောက်ယောက်ကို စေလွှတ်ရန် အချိန်နှောင်းသွားလိမ့်မည်ဖြစ်သည်။
ပိယင်အနေနှင့် မင်ကျူး ထွက်ပြေးရန် စိတ်ကူးရှိနေလိမ့်အုံးမည်ဟု တစ်ခါမှ မတွေးခဲ့မိပေ။ သူ(မ)၏အမြင်အရ အိမ်ရှေ့စံမင်းသားသည် မမလေးမင်ကျူးအပေါ် အခြားသူများအားလုံးထက်ကို အလွန်ကောင်းမွန်စွာ ဆက်ဆံပေးနေခြင်းဖြစ်သည်။
မီးပုံးများကို မင်အိမ်တော်ရှိ နေရာတိုင်းတွင် ချိတ်ဆွဲထားပြီး အစေခံများသည်လည်း ယနေ့ညအတွက် မီးရှူးမီးပန်းများနှင့် ဗျောက်အိုးများ ပြင်ဆင်ရင်း အလုပ်များနေကြသည်။
အိမ်တော်တစ်ခုလုံး ပွဲတော်အငွေ့သက်နှင့်အတူ သက်ဝင်စည်ကားနေ၏။
တတိယအိမ်တော်ခွဲမှ ဆိုးသွမ်းလွန်းကြသည့် ကလေးများသည် မင်ကျူး၏ခြံဝင်းဆီသို စွန်များဖြင့် ရောက်ချလာပြီး အသံကုန် အော်ဟစ်ရင်း ဆူညံနေကြတော့သည်။
“မေ့မေ့ စွန်ကို မြင့်မြင့်လွှင့်လေ!”
“ဒီခြံက သေးလွန်တယ်၊ အကုန်လုံးက ဒီကို မလာဖို့ပဲ ပြောနေကြတာ၊ ငါတော့ဝူးကျဲကျဲကို မုန်းလိုက်တာမှ”
“ငါလည်း မုန်းတာပဲ၊ ငါ့မေမေလည်း သူ စကားလာပြောရင်တောင်မှ ပြန်မပြောရဘူးတဲ့ မှာထားတယ်”
ကလေးများကား အချုပ်အထိန်း၊ အကွပ်အကဲမရှိ သူတို့ စိတ်ထဲရှိသည့်အတိုင်း ပြောဆိုတတ်ကြသည်မလား။
စွန်သည် အမြင့်သို့ ပျံတက်နေသောကြောင့် နွေဦးလေ တိုက်ခတ်လာချိန် စွန်ကြိုးသည် ရုတ်တရက် လေထဲတွင် ပျက်သွား၏။
ကလေးများသည် စိတ်မရှည်စွာဖြင့် ခုန်ပေါက်နေကြပြီး တဆာဆာ အော်ဟစ်လာကြတော့သည်။
ဆူညံသံများ ကြားပြီး မင်ကျူးသည် အပြင်ထွက်လာလိုက်သည်။
ကလေးများသည် သူ(မ)ကို မကြောက်ကြပြီး သဘာဝအတိုင်း စေခိုင်းလာတော့သည်။
“မြန်မြန် သစ်ပင်ပေါ်မှာ ငြိနေတဲ့ ငါတို့စွန်ကို သွားယူပေး”
မင်ကျူးသည် တစ်ခဏ တွေးတောပြီးနောက် : “ငါ သစ်ပင်မတက်တတ်ဘူး”
ကလေးများက မကျေမနပ်အသံပြုလာကြတော့သည်။
“လိမ်နေတာ”
တတိယအိမ်တော်ခွဲမှ ကလေးများသည် မင်ကျူးကို သဘောမကျကြသလို မင်ကျူးသည်လည်း သူတို့ကို ကြည့်မရချေ။
သူ(မ)က ထပ်ဖြည့်ဆို၏။
“မင်းတို့ဘာသာ တစ်ယောက်ယောက်ကို သွားယူပေးဖို့ ခိုင်းလိုက်ပါလား”
လွန်ခဲ့သည့် ရက်အနည်းငယ်က ကျဆင်းခဲ့သော နှင်းများသည် နွေဦး၏နေရောင်ခြည်ကြောင့် အရည်ပျော်သွားပြီး အကိုင်းအခက်များပေါ်တွင် ရွက်သစ်နုများ ထွက်ပြူလာရင်း လေနှင့်အတူ ဝှေ့ယမ်းနေကြသည်။
ကလေးများသည် အလွန်နွေးထွေးစွာ ၀တ်ဆင်ထားကြဆဲဖြစ်သည်။ လည်ရှည်ဖိနပ်လေးများနှင့် ဇိမ်ခံအဝတ်အစားများကို ၀တ်ဆင်ထားပြီး မျက်နှာလေးများက မွေးကတည်းက ဖူးဖူးမှုတ်အလိုလိုက်ထားခြင်းကြောင့် ဖြူဖွေးဝိုင်းဝန်းကာ နှစ်သစ်ကူးပုံများထဲမှ ဝဝကစ်ကစ် ကလေးများနှင့် သွားတူနေ၏။ သို့သော် သူတို့ ပျိုးထောင်ထားသည့်နည်းလမ်းက ဤကလေးများ၏ စရိုက်ကို အနည်းငယ် ထောင်လွှားပြီး အရာရာ ဗိုလ်ကျခြယ်လှယ်လာစေသည်။
“နင့်ကို ငါတို့အတွက် သွာယူခိုင်းနေတာလေ မဟုတ်လို့ကတော့ နင် ငါတို့ကို အနိုင်ကျင့်ပါတယ်ဆိုပြီး ဖေဖေ့ကို သွားတိုင်ပြောမယ်”
မင်ကျူးသည် အရေးမထားစွာဖြင့် ‘အို့’ ဟုသာ ဆိုလိုက်သည်။ သူ(မ)သည် သူတို့၏အစေခံလည်းမဟုတ်ပြီး သူတို့၏လှည့်စားမှုပိစိလေးများကိုလည်း မကြောက်ပါချေ။
“ဒါဆိုလည်း သွားတိုင်လေ”
ဤနေရာနှင့် မလှမ်းမကမ်းတွင် အစေခံများသည် သူတို့ကို ရှာဖွေနေကြ၏။ မျက်စိတစ်မှိတ်စာလေးအတွင်း ဤသခင်လေး၊ သခင်မလေးများက လျစ်ခနဲ ပျောက်သွားကြပြီး ယခုတွင် သူတို့ကို ရှာနေရင်းဖြင့် သူတို့မှာ ရတက်မအေးဖြစ်နေရသည်။
မင်ကျူး၏ခြံဝင်းမှ အသံများကို ကြားသည်နှင့် မင်ရူသည် အစေခံများနှင့် ရောက်ချလာပြီး အထက်စီးလေသံဖြင့် : “နင်တို့ရဲ့ သခင်လေးတွေနဲ့ သခင်မလေးတွေကို မြန်မြန် သွားမခေါ်ကြသေးဘူးလား!”
“ရူကျဲကျဲ၊ သားတို့စွန်က ဟိုမှာ ငြိနေသေးတုန်းပဲ!”
သူသည် သူတို့၏မင်ရူကျဲကျဲ သူ(မ)ကို သင်ခန်းစာကောင်းကောင်းပေးရန် မျှော်လင့်ရင်း မင်ကျူးကို တိုင်တန်းရန် အခွင့်အရေးယူလိုက်၏။
“သူက သားတို့စွန်ကိုလည်း မကောက်ပေးဘူး စကားကိုလည်း ရင့်ရင့်သီးသီးပြောတယ်”
မင်ရူသည် အနောက်မှ အစေခံများကို တစ်ချက်ကြည့်လိုက်ရာ အစေခံများသည် ကလေးများကို ကောက်ချီကာ သုတ်ချေတင် ထွက်သွားကြတော့သည်။
မင်ရူ သူ(မ)ကို စိုက်ကြည့်နေသည့် အကြည့်များက အလွန်ရန်လိုနေကြောင်းကို မင်ကျူး ခံစားမိနေသည်။ သူတို့နှစ်ဦးသည် အချိန်တစ်ခုစာအထိ တိတ်ဆိတ်နေခဲ့ကြသည်။ သူ(မ)၏တိအစ်မကြီးသည် အံ့သြဖို့ကောင်းစွာ ငြိမ်သက်နေခဲ့ပြီး စကားတစ်ခွန်းမဆိုဘဲ လှည့်ထွက်သွား၏။
လက်ရှိတွင် မင်ရူသည်လည်း ဘာကိုမှ အလျင်စလို မလှုပ်ဝံ့ချေ။ သူ(မ)သည် အရှင့်သားအိမ်ရှေ့စံ၏နှလုံးသားထဲမှ မင်ကျူး၏တန်ဖိုးကို ကြီးစွာ လျှော့တွက်ထားမိခဲ့သည်။ ကျင့်ကျူမှာ ထိုမိန်းမပျက်မကို နှစ်ကြိမ်သာ ကန်ကျောက်ခဲ့ပြီး နာရီအနည်းငယ်မျှသာ ဒူးထောက်ခိုင်းခဲ့ရုံ ဖြစ်သော်လည်း အရှင့်သားသည် အမျက်တော်ရှကာ မင်္ဂလာပွဲကိုပါ ချက်ချင်းဖျက်သိမ်းသွားခဲ့သည်။
ထိုအဖြစ်အပျက်က မင်ရူကို ကြောက်လန့်သွားစေ၏။ သူ(မ)သည် နန်းတော်မှ ပြန်ရောက်သည့်အချိန် အဖျားကြီးဖျားတော့ပြီး ပြန်လည်သက်သာလာရန် နှစ်ရက်နှစ်ညတိုင် ဆေးသောက်ယူခဲ့ရသည်။
သူ(မ)အနေနှင့် ဆဲ့ဖေးအဖြစ် အိမ်ရှေ့စံကို လက်ထပ်ချင်နေသေးပါက သူ၏လူကို သွားထိပြီး သူ(မ)ကိုယ်သူ(မ) ငြိစွန်းရန် မကြိုးစားသင့်သည်မှာ သေချာပေါက်ပင်။
သို့ရာတွင် သူ(မ)သည် အနာဂတ်ကို တွေးမိချိန်တိုင်း၊ နောင်တွင် သူ(မ) အရှေ့နန်းဆောင်သို့ လက်ထပ်ဝင်ပြီး အိမ်ရှေ့စံ၏ဆဲ့ဖေး ဖြစ်လာသည့် အချိန်ရောက်လျှင် မင်ကျူးကို မထိပါဘူးဟု အာမခံနိုင်မည် မဟုတ်ချေ။
သူ(မ)အမေသည် သူ(မ)ကို ဘယ်လိုပင်ဖြစ်နေပါစေ သည်းခံပြီးရင်း သည်းခံနေအုံးဟု အကြံပေးထား၏။
မင်ရူသည် မုန်းတီးမှုများစွာဖြင့် တွေးနေသည်မှာ အဘယ်ကြောင့်များ ကျင့်ကျူ ထိုနေ့ကတည်းက ထိုမိန်းမကို တစ်ခါတည်း မသတ်လိုက်ရသလဲ၊ သို့ဆိုလျှင် နှစ်ဦးနှစ်ဖက်စလုံး တစ်ခါတည်း ပျက်စီးသွားပြီး အကျိုးအမြတ်ရရန် ကျန်နေမည့်သူက သူ(မ)တစ်ယောက်တည်းသာ ဖြစ်နေပေလိမ့်မည်။
သို့သော် သူ(မ) မည်မျှပင် နာကြည်းမုန်းတီးနေပါစေ လောလောဆယ်အချိန်ကာလတွင် မျိုသိပ်ထားရန်သာ တတ်နိုင်၏။
မင်ရူ ထွက်သွားပြီးနောက်တွင် မင်ကျူးသည် ပိယင်ဘက်သို့ လှည့်ကာ မေးကြည့်လိုက်သည်။
“ငါ့ရဲ့အစ်မကြီးက မကြာခင်ပဲ စေ့စပ်မင်္ဂလာပြုတော့မှာမလား၊ ဘာလို့ မရွှင်မပြဖြစ်နေတဲ့ပုံ ပေါက်နေရတာလဲ”
ပိယင်သည်လည်း ထူးဆန်းသည်ဟု ခံစားမိ၏။ သူ(မ)သည် သူ(မ)လည်း မသိကြောင်း ဆိုချင်သည့် သဘောမျိုးဖြင့် ခေါင်းခါပြ၏။
“ဒါပေမဲ့ အဲ့ဒီနေ့ကလေ အရှင့်သား မမလေးကို နန်းတော်ထဲကနေ ပွေ့ခေါ်လာပြီးနောက်တော့ ကျင့်ကျူနဲ့ လက်ထပ်ပွဲကို ချက်ချင်းပဲ ဖျက်သိမ်းလိုက်တယ်တဲ့”
ပိယင်သည် ပြောပြီးသည်နှင့် မျက်လုံးများ ဝင့်ကာ မင်ကျူး၏မျက်နှာပေါ်မှ အမူအရာကို အသေးစိတ် စူးစမ်းကြည့်မိ၏။ သို့သော်လည်း သူ(မ)ကို စိတ်ပျက်သွားစေသည်မှာ မင်ကျူး၏အမူအရာက နည်းနည်းလေးမျှ မပြောင်းလဲသွားခြင်းပေ။
မင်ကျူးသည် သူတို့၏မင်္ဂလာပွဲ ဖျက်သိမ်းလိုက်ကြောင်းကို ကြားသည့်အချိန် အမှန်တကယ် သိပ်ပြီး မခံစားရချေ။ သူ(မ)သည် တိတ်ဆိတ်နေရင်း နေရောင်အောက်တွင်သာ ငြိမ်ငြိမ်သက်သက်ရပ်နေ၏။
ပိယင်က သိလိုစွာဖြင့် : “မမလေး မပျော်ဘူးလားဟင်”
မည်သို့ဆိုစေ အရှင့်သားက သူ(မ)အတွက် ကျင့်ကျူနှင့် လက်ထပ်ပွဲကိုတောင် ဖျက်သိမ်းလိုက်သည်မဟုတ်ပါလား။
မင်ကျူးသည် အသိပြန်ဝင်လာပြီး သူ(မ)ကိုယ်သူ(မ) လက်ညိုးထိုးကာ : “ငါလား”
“အင်းလေ”
“ဒီလိုပါပဲ”
မင်ကျူး ဤကိစ္စနှင့်ပတ်သက်ပြီး ရှင်းရှင်းလင်းလင်း နားလည်၏။ ကျောက်ရှီသည် ကျင့်ကျူကို မလက်ထပ်လျှင်တောင် နောင်တွင် သူ၏ပဏာမဇနီးသည်ဖြစ်ရန် မြင့်မြတ်၍ တော်ဝင်သော မိသားစုမှ နောက်ထပ်သမီးကညာတစ်ဦးကို ရွေးချယ်လိမ့်မည်ဖြစ်သည်။
ကျောက်ရှီသည် သူ(မ)၏ နောက်ခံကို ရှုံ့ချပြီး သူ(မ)အပေါ် တဏှာခံစားချက်များသာ ရှိပြီး စစ်မှန်သော ချစ်ခြင်းမေတ္တာ မရှိခဲ့ချေ။
ပိယင်သည် စိုးရိမ်သွားဟန်ဖြင့် : “အရှင့်သား မင်္ဂလာပွဲကို ဖျက်သိမ်းတယ်ဆိုတာက ကျင့်ကျူ မမလေးကို နာကျင်အောင် လုပ်လိုက်လို့လေ”
မင်ကျူးသည် ခပ်နွမ်းနွမ်းသာ ပြုံးလာ၏။
“ဟင့်အင်း မဟုတ်ပါဘူး”
ကျောက်ရှီသည် သူ(မ)ကို သူပိုင်သည့် အရာဝတ္ထုအဖြစ် သတ်မှတ်ထားခြင်း၊ သူသည် အပေါ်ယံတွင် သိမ်မွေ့ပြီး ရည်မွန်နေပေလိမ့်မည် တကယ့်တကယ်တမ်းတွင် နိုင်လိုမင်းထက်သော တော်ဝင်သွေးက သူ၏အရိုးအရေများထဲအထိ စီးဆင်းနေ၏။
သူသည် သူ့အပိုင်ပစ္စည်းကို အခြားသူများ ထိသည်ကို အလွန်သဘောကျရုံ၊ ဒါကြောင့်ပဲ သူကား ဒေါသထွက်သွားခဲ့ခြင်းဖြစ်သည်။
-
အိမ်တော်၏အရှေ့ခြံသည် တဖြည်းဖြည်း ပျားပန်းခပ် သက်ဝင်လာပြီး ပင်မခန်းမတွင် အလည်အပတ်ရောက်လာသော ဧည့်သည်တော်အများအပြားကို တည်းခင်းဧည့်ခံထား၏။ လက်ထပ်ပြီး တစ်အိမ်ထောင်တည်းသွားကြသော ညီအမများကလည်း သူတို့၏ခင်ပွန်းသားသမီးများကို ခေါ်ပြီး အလည်ရောက်လာကြ၏။
မင်ကျူးသည် ဤအစ်မကြီးများနှင့် အလွန် မရင်းနှီးချေ။ သို့သော် သူတို့၏အဝတ်အစားများနှင့် အသွင်အပြင်ကို ကြည့်ရုံဖြင့် သူတို့သည် ခင်ပွန်းသည်၏မိသားစုတွင် ကောင်းမွန်စွာ နေနိုင်ကြသည်ဟု ခန့်မှန်းလို့ရသည်ပေ။
ရှုအစ်မများ၏ မင်္ဂလာပွဲသည် ကောင်းသည်ဆိုးသည်ဟု မဆိုသာချေ။ သို့ရာတွင် သူတို့တွင် ကလေးရကြပြီးနောက်ပိုင်း ယောက္ခမဖြစ်သူက သူတို့အပေါ် ကောင်းကောင်းမွန်မွန် ဆက်ဆံပေးကြသည်။ ထို့အပြင် ခင်ပွန်းသည်များကလည်း ရိုးသားကာ ရည်မွန်သူများဖြစ်ကြပြီး အိပ်ခန်းဆောင်ထဲ အစေခံမထားကြသလို၊ မည်သည့်ကိုယ်လုပ်တော်ကိုမျှလည်း တော်မကောက်ထားချေ။
ဤရှုအစ်မများသည် မင်အိမ်တော်တွင် နေစဉ် သူတို့နည်းတူ တူညီသည့်ပြဿနာတစ်ခုတည်းအား တွေ့ကြုံဒုက္ခခံစားထားရသည့် အနှီရှုညီမငယ်ကို ကရုဏာသက်မိကြသည်။ သူတို့သည် သူ(မ)ကို ဘေးသို့ ဆွဲခေါ်ကာ သိုသိုသိပ်သိပ် ဆွေးနွေးမေးမြန်းကြသည်။
“ကျူးကျူး၊ နင်နဲ့ အိမ်ရှေ့စံ……ဒါက ဘယ်လိုပဲပြောပြော ရေရှည်ဖြေရှင်းနည်းတစ်ခု မဟုတ်ဘူးနော်”
မင်ကျူးသည် ခေါင်းကို ငုံ့ကာ မသဲမကွဲ ပြန်ဖြေ၏။
“ကျွန်မ သိပါတယ်”
လက်ရှိတွင် သူ(မ)၏ရှုအစ်မများသည် အပြင်လူများ ဖြစ်သွားကြပြီဖြစ်သည့်တိုင် သူတို့သည် သူ(မ)၏မင်္ဂလာပွဲအတွက် စိတ်မကောင်းဖြစ်ကြရသည်။ ထိုမင်္ဂလာပွဲလေးသာ မပျက်စီးသွားခဲ့လျှင် ယခုဆိုလျှင် သူတို့၏ဤရှုညီမငယ်လေးသည် ဂုဏ်သရေရှိရှိနှင့် ချမ်းသာပျော်ရွှင်သော ဘဝတစ်ခုကို ပိုင်ဆိုင်နေရလောက်ပြီပေ။
“နင် ကိုယ်ကိုယ်တိုင်အတွက် ဖြစ်နိုင်သမျှ အမြန်ဆုံး အစီအစဉ်တစ်ခု ဆွဲထားသင့်တယ်နော်၊ နောင်မှာ ကလေးရလာခဲ့ရင် နင် မလိုချင်လောက်ဘူးမလား နင့်ရဲ့ကလေးကို……”
သူတို့လို ဘဝမျိုး၊ သူများ၏အရိပ်အခြည်ကို ကြည့်ပြီး အချိန်ပြည့် ဂရုတစိုက်နေနေရသည့် ဘဝမျိုးဖြင့် ဖြတ်သန်းကုန်ဆုံးရသည်ကိုပင်။
သူတို့၏ဤရှုညီမငယ်လေးသည် ကလေးများကို အင်မတန် သဘောကျ၏။ သူ(မ)သာ စိတ်လိုက်မာန်ပါနှင့် အိမ်ရှေ့စံ၏ကလေးကို မွေးပေးလိုက်လျှင် ထိုကလေး အရွယ်ရောက်လာသည့်အခါ ကောင်းမွန်သည့် မိသားစုတစ်ခုထဲသို့ လက်ထပ်ဝင်ရန် လက်ရှိ အခြအနေထက်ပင် အလွန်အမင်း ခက်ခဲသွားလိမ့်မည်ဖြစ်သည်။
မင်ကျူးသည် ရှုအစ်မ၏လက်ကို ကိုင်ပြီး : “မရပါဘူး၊ ကျွန်မ ဆေးသောက်နေပါတယ်”
“ဒီလိုတော့လည်း ဘယ်ဖြစ်ပါ့မလဲဟယ်၊ နင် ကလေးအရွယ်တုန်းက ရေထဲ ကျသွားဖူးတာကို ဒီလိုဆေးမျိုးတွေ သောက်နေတော့ နင့်ခန္ဓာကိုယ်ကို အကုန်ထိခိုက်ကုန်မှာပေါ့၊ အစ်မအကြံပေးတာကို နားထောင် အဲ့ဒီကိစ္စပြီးသွားရင် နင်……”
စကားဆုံးအောင် မပြောနိုင်ခင်မှာပင် နောက်ဆုံးတွင် သူ(မ)၏ရှုအစ်မကြီးသည် အခြေအနေမှန်ကို သဘောပေါက်သွားသည့်ပုံပါပေ။ အဖြစ်နိုင်ဆုံးမှာ အိမ်ရှေ့စံကိုယ်တိုင်က သူ(မ)ကို ကိုယ်ဝန်ယူရန် ခွင့်မပြုထားခြင်းပေ။
ရှုအစ်မကြီးက သက်ပြင်းချလေ၏။
“ထားလိုက်ပါတော့၊ အဲ့ဒီအကြောင်း ဆက်မပြောတော့ရအောင်၊ နင် ချီကောလေးကို မတွေ့ဖူးသေးဘူးမလား သူက ခုဆို တစ်နှစ်ပြည့်တော့မှာလေ ခဏနေ သူ့ကို ချီကြည့် သိလား”
“ဟုတ်ကဲ့”
မင်ကျူးသည် ဂရုတစိုက်နှင့် သတိထားမေးကြည့်လိုက်သည်။
“မမ နင်တို့ ဒီည ပြန်ကြမှာလား”
“မပြန်သေးဘူးလေ”
“ဒါဆို ကောင်းတယ်”
“ဘာကို ကောင်းတာလဲ”
မင်ကျူးက ခေါင်းခါကာ : “ဘာမှမဟုတ်ပါဘူး”
ဤသို့သော ပျားပန်းခပ်မျှ သက်ဝင်စည်းကားနေသည့် နေ့မျိုးတွင် အိမ်တော်တွင် လူများလေ ပိုကောင်းလေပေ။ သူ(မ)ကို စောင့်ကြည့်ရန် မင်အိမ်တော်တစ်ဝိုက်တွင် ကျောက်ရှီ၏လူများ ရှိနေကြောင်းကို သူ(မ) သိ၏၊ လူများများရှိနေမှသာ သူ(မ)အတွက် ရေနှောက်ထဲ ငါးဖမ်းရန် အခွင့်အရေးရလိမ့်မည်ဖြစ်သည်။
ညနေခင်းတွင် ပိယင်သည် မင်ကျူး၏ညွှန်ကြားချက်အတိုင်း ဆံထိုးကို သွားယူရန် မြို့အနောက်ဘက်မှ လက်ဝတ်ရတနာဆိုင်ဆီသို့ ထွက်သွားလေသည်။
အရှေ့ခြံဝင်းတွင် လူတိုင်း စားသောက်ပျော်ပါးနေကြကို အခွင့်ကောင်းယူပြီး မင်ကျူးသည် ကြိုတင်ပြင်ဆင်ထားသည့် အထုပ်ကို သယ်ပြီး အနောက်တံခါးဆီ တိတ်တဆိတ် သွားလိုက်သည်။
အားရုန်သည် သူ(မ)၏လက်ကို ကိုင်ပြီး : “မမလေး၊ လှည်းသမား ရောက်နေပြီ အမြန် လှည်းပေါ် တက်ပါတော့၊ ကုန်းလမ်းကို မယူနဲ့ ကျန့်နန်ကို သွားဖို့ ရေလမ်းကြောင်းကနေပဲ ဖြတ်သွားနော်”
အစေခံမလေးသည် မျက်ဝန်းထောင့်မှ စီးကျလာသော မျက်ရည်များကို သုတ်ပြီး : “မမလေး ဟိုမှာ အခြေကျတာနဲ့ ကျွန်တော်မျိုးမက မမလေးကို လာရှာလှည့်မယ်”
မင်ကျူးသည် သူ(မ)၏ဖြူဖျော့နေသော မျက်နှာလေးကို လက်ကိုင်ပုဝါဖြင့် သုတ်ပေးပြီး : “မငိုနဲ့၊ ငါတို့တွေ နောင်မှာ ပြန်တွေ့ကြရအုံးမှာ”
“အွန်း”
အမှောင်ထုကြီးစိုးလာသည်နှင့်အမျှ လူ၏ပုံပန်းသဏ္ဍာန်ကို ရှင်းလင်းစွာ မြင်ရန် ခက်ခဲလာတော့သည်။
မင်ကျူးတစ်ယောက် လှည်းပေါ်ရောက်သည်နှင့် နှလုံးသားသည် တဒုန်းဒုန်းနှင့် ခုန်နှုန်းမြန်ဆန်လာတော့သည်။ သူ(မ)က လက်များကို တင်းတင်းဆုပ်ထားပြီး လှည်းမောင်းသမားအား ဆိုလိုက်သည်။
“မြန်မြန်လေး မောင်းပေးပါ၊ ကျွန်မ မြို့ထဲကနေ အမြန်ဆုံး ထွက်ချင်တယ်”
“မပူပါနဲ့ သခင်မလေးရ၊ မြို့တော်မှာ ကျုပ်မြင်းတွေလောက် မြန်မြန်နှင်းနိုင်တဲ့မြင်း မရှိဘူးဗျ”
မင်ကျူး၏နှလုံးသားသည် အလွန် ခုန်နှုန်းမြန်နေ၏။ သူ(မ)သည် မျက်မှောင်ကြုတ်မိပြီး လေးလံသော ကျောက်တုံးကြီးတစ်တုံးက သူ(မ)နှလုံးသားပေါ် ဖိထားသကဲ့သို့၊ မြို့တံခါးအပြင်သို့ မရောက်မချင်း သူ(မ) စိတ်အေးနိုင်မည်မထင်။
ပိယင်တစ်ယောက် ဆံထိုးဖြင့် ပြန်ရောက်လာချိန် လူက ပျောက်နေသည်ကို တွေ့လိုက်ရပြီး သိလိုက်ရသည့်အချိန်က အလွန် နောက်ကျနေခဲ့ပြီဖြစ်သည်။
သေတ္တာထဲမှ ရတနာများကလည်း သဲလွန်စမကျန်ဘဲ ပျောက်ဆုံးနေသလို အဝတ်အစားအစုံရေတော်တော်များကလည်း ပျောက်နေ၏။
ပိယင်၏မျက်နှာသည် ဖြူစုတ်သွားပြီး ဆိုးဆိုးရွားရွားတစ်ခုခု ဖြစ်နေပြီဟု စိတ်ထဲ ထင့်ခနဲဖြစ်သွား၏။
သူ(မ)သည် အရှေ့ခြံဝင်းသို့ သုတ်ချေတင် ထွက်လာလိုက်ပြီး တစ်ယောက်ယောက် မင်ကျူးသခင်မလေးကို တွေ့လိုက်ကြသေးသလားဟု မေးမြန်းလိုက်သည်။ အစေခံများကလည်း မရေမရာဖြင့် ခေါင်းတခါခါ၊ သူ(မ)ကို မမြင်မိကြသလို သူ(မ) ဘယ်သွားမှန်းလည်း မသိကြောင်းသာ ဆိုလာကြသည်။
ပိယင်တစ်ယောက် အိုးပူပူထဲမှ ပုရွက်ဆိတ်တစ်ကောင်ပမာ သောကများနေပြီး မျက်နှာထက် ရှားရှားပါးပါး ကြမ်းတမ်းသော အမူအရာဖြင့် အားရုန်ကို သွားဆွဲခေါ်ထုတ်ကာ : “မမလေးမင်ကျူး ဘယ်မလဲ!!”
အားရုန်ကလည်း ဉာဏ်ပြေးသူဖြစ်ပြီး သရုပ်ဆောင်ကောင်း၏။
“သူ့အခန်းထဲမှာ မရှိဘူးလား”
“မရှိလို့ပေါ့! သူ့ကို ဘယ်မှာမှ ရှာလို့မတွေ့ဘူး!”
အားရုန်၏မျက်နှာသည် အလန့်တကြား ဖြူဖျော့သွားပြီး : “ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ”
ပိယင်သည် သူ(မ)၏မျက်လုံးများကို စိုက်ကြည့်ပြီး : “နင် တကယ် မသိတာ သေချာသလား”
အားရုန်၏မျက်လုံးများ နီရဲတက်လာသည်မှာ ငိုချတော့မည်သယောင်။
“ငါ တကယ် မသိရတာပါ၊ ငါ့ကို ဒီမနက်ကတည်းက အရှေ့ခြံက အလုပ်တွေကို ကူညီခိုင်းဖို့ဆိုပြီး မောမောက လာခေါ်သွားတာ၊ မမလေးကို သွကြည့်ဖို့တောင် တကယ် အချိန်မရှိနေလို့”
သူ(မ)သည် ခြေကို ဆောင့်ကာ မျက်ရည်များက မျက်နှာတစ်လျှောက် စီးကျလာပြီး : “ပိယင်ကျဲကျဲ၊ ကျွန်မရဲ့မမလေး ဘာမှတော့ မဖြစ်လောက်ဘူးမလား ဟင်”
ပိယင်သည် အချိန်အတိုင်းအတာတစ်ခုထိ သူ(မ)ကို ယုံကြည်ပေးလိုက်အုံးမည်ဖြစ်ပြီး သူ(မ)လက်များကို အားရုန်၏လက်ထဲမှ ဆွဲထုတ်လိုက်ပြီး : “သူ့ဘာသာသူ ထွက်ပြေးသွားမှာပဲ စိုးရတာ၊ မမလေးကတော့ လုပ်ချလိုက်ပြန်ပြီဟာ!”
မိုးကောင်းကင်တစ်ခွင်အောက်ရှိ နေရာတိုင်းသည် ရေမြေ့သခင်ရှင်ဘုရင်၏အပိုင်စားများဖြစ်သည်။
မမလေးမင်ကျူးတစ်ယောက် မည်မျှပင် ဝေးဝေး ထွက်ပြေးပါစေ၊ အရှင့်သား၏လက်ထဲမှ လွတ်မြောက်နိုင်လိမ့်မည်ဟု တကယ်ပဲ တွေးနေလေသလား။
ပိယင်မှာ ဤအကြောင်းကို သိပြီးနောက် ဖြစ်ပျက်သွားမည့် အရှင့်သားအိမ်ရှေ့စံ၏ မျက်နှာအမူအရာကို တွေးပင်မတွေးဝံ့ပေ။ သို့သော်လည်း သူ(မ) မည်မျှပင် ကြောက်လန့်တုန်လှုပ်နေပါစေ ၎င်းကို အသိပေးရန် နှောင့်နှေးကြန့်ကြာနေစေ၍မဖြစ်သဖြင့် တစ်စုံတစ်ယောက်အား ချက်ချင်း စေလွှတ်ရန် ဟန်ပြင်လိုက်သည်။
အားရုန်က သူ(မ)ကို ဘယ်လိုလုပ်ပြီး အလွယ်တကူ လွှတ်ပေးမှာတဲ့လဲ။ သူသည် သူ(မ)ကို ဖက်ပြီး စတင် ငိုကြွေးကာ တအီအီဆိုတော့သည်။
“မကောင်းတဲ့လူတွေကများ ကျွန်မရဲ့သခင်မလေးကို ပြန်ပေးဆွဲသွားကြတာများလားဟင်”
ပိယင်သည် သူ(မ)ကို အားကုန်ထုတ်၍ တွန်းထုတ်လိုက်သည်။
“ငါ အခု နင်နဲ့ စကားပြောနေဖို့ အချိန်မရှိဘူး၊ မမလေးမင်းကျူး တကယ် ထွက်ပြေးသွားတာ မဟုတ်ပါစေနဲ့လို့သာ သွားပြီး ဆုတောင်းနေ”
သူ(မ)ကို ပြန်မိသည့်အချိန် ဘာတွေ ဖြစ်လာလိမ့်မလဲကို မည်သူမျှ ပြောနိုင်မည်မဟုတ်ချေ။
ပိယင်တစ်ယောက် သတင်းပို့မည့်သူကို ဆက်သွယ်ချိန်ပင် မရလိုက်ခင် အိမ်ရှေ့စံ၏လှည်းသည် မင်အိမ်တော်ရှေ့မှောက်သို့ ဆိုက်ဆိုက်မြိုက်မြိုက် ရောက်လာနှင့်ပြီးဖြစ်သည်။
ကျောက်ရှီသည် အသံခပ်နက်နက်ဖြင့် အမေးပြုလာ၏။
“သူ ဘယ်မလဲ၊ ထွက်သွားနှင့်ပြီလား”
အနှီအမျိုးသားသည် ခရီးရှည်ကြောင့် ပင်ပန်းလာဟန်ရပြီး နွမ်းနယ်မှုအရိပ်အသန်းကို သူ့မျက်နှာထက်တွင် မြင်နိုင်နေ၏။
သူသည် ချန်းထိုက်တောင်ကနေ ဤနေရာအထိ တစ်လျှောက်လုံး ခရီးအသော့နှင်းလာခြင်းဖြစ်ပြီး အပြန်လမ်းတွင် မြင်းဘယ်နှစ်ကောင် သေသွားခဲ့သလဲပင် မသိနိုင်ချေ။
ကျောက်ရှီသည် ယနေ့တွင် ချန်းထိုက်တောင်ပေါ်ရှိ ဖူးယွမ်ဘုရားကျောင်းကနေ သူ(မ)အတွက် တောင်းဆိုလာသည့် ငြိမ်းချမ်းရေးအဆောင်ကို လက်ထဲတွင် ကိုင်ထားဆဲဖြစ်သည်။ အဆောင်ပေါ်မှ အနီရောင်ချည်မျှင်ကြိုးကို သူကိုယ်တိုင် ကျစ်ပေးထားခြင်းဖြစ်သည်။ ကိုယ်ပေါ်တွင် ဆွဲထားသည်ဖြစ်ဖြစ်၊ ပိုက်ဆံအိတ်ထဲ ထည့်သိမ်းထားသည်ဖြစ်ဖြစ် အဆင်ပြေ၏။
ပိယင်၏ခန္ဓာကိုယ်သည် တစ်ကိုယ်လုံး တုန်ယင်နေရင်း မျက်နှာကို မြေပြင်ကြီးနှင့်သာ မျက်နှာချင်းဆိုင်ထားပြီး အိမ်ရှေ့၏မျက်ဝန်းများကို ကြည့်ရန် သတ္တိမရှိနေချေ။
ကျောက်ရှီသည် လမ်းလျှောက်နေသည်ကို ရပ်တန့်လိုက်ပြီး သူ(မ)အား ခံစားချက်ကင်းမဲ့အေးစက်နေသော မျက်ဝန်းများဖြင့် ဝေ့ကြည့်လာ၏။ သူသည် ယနေ့တွင် ရေပြာရောင်ကျီကျွေ့၀တ်စုံကို ဝတ်ဆင်ထားပြီး၊ ထင်းရှူးပင်ကဲ့သို့ ကိုယ်ဟန်နေထားနှင့် စိတ်နေစိတ်ထားက ရေခဲပမာ အေးစက်နေ၏။ သူသည် စိတ်ရှည်ရှည်နှင့်ပင် တစ်ခွန်းချင်းစီ ထပ်မေးလာ၏။
“ငါ မင်းကို မေးနေတယ်လေ သူရော?”
ပိယင်သည် အံကို ကြိတ်ရင်းဖြင့်ပင် စကားဆိုလိုက်ပြီး ထွက်လာသည့် စကားသံမှာ သိသိသာသာ တုန်ယင်နေ၏။
“မမလေးမင်ကျူး…သူ…သူ မရှိတော့ဘူး”
လေထုသည် တခဏ တိတ်ဆိတ်သွား၏။
သေလောက်အောင်ကို တိတ်ဆိတ်သွားတာ။
ကျောက်ရှီ၏လက်ဖဝါးထဲမှ အဆောင်သည် သူ၏တင်းတင်းဆုပ်ထားမှုကြောင့် ပုံပျက်သွားပြီဖြစ်သည်။ နှုတ်ခမ်းထောင့်များက အနည်းငယ် စေ့တင်းသွားပြီး လည်စလုပ်သည် အထက်အောက် လှုပ်ရှားသွား၏။ သူ့အသံက ကြောက်ခမန်းလိလိ တည်ငြိမ်နေပြီး လှောင်ရယ်ကာ အေးစက်စက် မေးလာခဲ့သည်မှာ : “သူ ထွက်ပြေးသွားတယ်လား”