no

Font
Theme

အပိုင်း (၀၀၇)

မင်ကျူးသည် မတ်တပ်ထရပ်လိုက်ပြီး သက်ပြင်းချကာ ဒူးထောက်လျက် ခေါင်းငုံ့ထားသော ကြမ်းပြင်ပေါ်မှ ပိယင်ကို လှမ်းကြည့်လိုက်သည်။ အမှန်အတိုင်းပြောရလျှင် ကျောက်ရှီ၏ သံနေသံထားမှာ ကြမ်းတမ်းသည်ဟု မယူဆနိုင်သော်လည်း သူ(မ)ဘာကြောင့် ဤမျှအထိ ကြောက်သွားမှန်း မသိချေ။

မင်ကျူးသည်လည်း သူ့ကိုအနည်းငယ် ကြောက်မိသည့်တိုင် ၎င်းမှာ သူ(မ) စည်းကျော်မျဉ်းကျော်ပြီး တစ်ခုခုကို လုပ်ထားမိသည့်အချိန်တွင်မှသာဖြစ်သည်။ ကျောက်ရှီသည် များသောအားဖြင့် စကားအလွန်ပြောတတ်သူမဟုတ်သလို ဒေါသလည်းထွက်ခဲ၏။

ခုတင်ပေါ်တွင် အနည်းငယ် ကိုင်တွယ်ရခက်သည်မှလွဲ၍ အများအားဖြင့် ပြေပြစ်သော လူကြီးလူကောင်းတစ်ယောက်၏ ကျင့်ဝတ်သိက္ခာကို စောင့်ထိန်းပြီး ယဉ်ယဉ်ကျေးကျေးနှင့် ထီးတည်းနေလေ့ရှိသူ ဖြစ်သည်။

မင်ကျူးသည် ခေါင်းမော့ကာ တည်တည်ငြိမ်ငြိမ် ဆိုလိုက်သည်။

“ပိယင် နင် အရင်ထွက်သွားနှင့်”

ပိယင်သည် တစ်ကိုယ်လုံး တုန်ယင်လျက်ဖြင့် အသက်အောင့်ရင်း ဖြည်းဖြည်းချင်း မတ်တပ်ရပ်လိုက်ပြီး အသက်ပင် ဖြောင့်ဖြောင့်မရှူဝံ့နေချေ။ အရိုအသေပြုပြီးနောက် နှေးတိနှေးတုံ့နှင့် အခန်းထဲမှ ထွက်သွားတော့သည်။

ယနေ့တွင် မင်ကျူးသည် သလဲသီးရောင်စကပ်နှင့် အပေါ်အင်္ကျီကို ဝတ်ဆင်ထားသည်က သူ(မ)အား နူးညံ့ညင်သာနေစေ၏။ မကြာသေးခင်ရက်များက အေးအေးလူလူနေနေခဲ့ရသဖြင့် မျက်နှာက ပိုပြည့်လာ၏။ မျက်ခုံးနှင့် မျက်လုံးထောင့်တို့က ညှို့ယူဖမ်းစားနိုင်စွမ်းလျော့နည်းသွားပြီး ပို၍တက်ကြွသက်ဝင်ကာ ချစ်စဖွယ်ကောင်းလာ၏။

သူ(မ)သည် ကျောက်ရှီကို သန့်စင်ကြည်လင်သော မျက်ဝန်းဝိုင်းဝိုင်းလေးများဖြင့် ကြည့်ကာ ပြောင်ကျစွာ တည့်မေးလာရင်း အသွင်အပြင်က ဖြူစင်အပြစ်ကင်းနေ၏။

“အရှင့်သား၊ စိတ်ဆိုးနေတာပါလား”

ယနေ့သူသည် ရိုးရိုးရှင်းရှင်း ၀တ်စားဆင်ယင်ထားပြီး ခါးတွင် မှင်ရောင်ခါးပတ်နှင့် ကျောက်စိမ်းဆွဲသီးခြမ်းတစ်ဝက်ကို တွဲချည်နှောင်ထားသည်။ ကိုယ်ဟန်အနေအထားက ထင်းရှူးပင်လို ဖြောင့်မတ်ပြီး ကျောက်စိမ်းပမာ မျက်နှာထက်တွင် မည်သည့်ခံစားချက် အရိပ်အယောင်ကိုမျှ မမြင်နိုင်ပေ။

ကျောက်ရှီသည် နှုတ်ဆိတ်လျက်ဖြင့် သူ(မ)ကိုသာ စိုက်ကြည့်နေ၏။

မင်ကျူးသည် စားပွဲပေါ်မှ အစာသွပ်မုန့်များကို တစ်ဖန်ပြန်ကြည့်ပြီး ၎င်းတို့က သူ(မ)အကြိုက်ဆုံးအစာသွပ်မုန့်ဆိုင်မှ ဝယ်လာဟန်တူကြောင်း သတိထားမိလိုက်သည်။

“အရှင့်သား၊ ခေါင်ရန်းမုန့်နဲ့ မုန့်ချိုကိတ်လိုမျိုးက အေးသွားရင် စားမကောင်းတော့ဘူး”

တကယ်တမ်းတွင် သူ(မ)က အေးသွားသည်ကို အကြောင်းပြနေခြင်းမဟုတ်ပြီး သူ ဝယ်လာသည့်မုန့်များကို မစားချင်နေရုံသာဖြစ်သည်။

ကျောက်ရှီ သူ(မ)အပေါ် လုံလောက်အောင် ကန့်သတ်ချုပ်ချယ်ပြီးလောက်ရောပေါ့၊ အဲ့ဒီတော့ သူ(မ)အနေနဲ့ နည်းနည်းပါးပါး မာနကြီးပြလိုက်တော့ရော ဘာအရေးလဲ၊ ဒီလို အရေးမပါတဲ့ ကိစ္စသေးသေးမွှားမွှားလေးတွေကိုတော့ သူ့အလိုဆန္ဒအတိုင်း သူ(မ) လိုက်လျောမပေးနိုင်တော့ပေ။

ကျောက်ရှီသည် လက်ချောင်းများကို တိတ်တဆိတ် ဆုပ်ထားပြီး သူ(မ)အား အမူအရာမဲ့လျက် စိုက်ကြည့်ကာ မေးလာသည့်အသံတို့ကားလည်း စိတ်ခံစားမှုမဲ့လျက်ဖြင့်။

“ဘာလို့ ပူနေတဲ့အချိန်ကျတော့ မစားသလဲ”

မင်ကျူးသည် ခေါင်းငုံ့ကာ : “အဲ့ဒီတုန်းက ဗိုက်အရမ်းပြည့်နေပြီမလို့ပါ”

ကျောက်ရှီသည် ချဉ်းကပ်ရန်ခက်ခဲသော တောင်တန်းမြင့်ပေါ်မှ ပန်းတစ်ပွင့်ပမာ၊ သူ့ဘေးပတ်လည်မှ အေးစက်သော လေထုသည် လူများကို ပေများစွာအကွာမှပင် ထိခိုက်စေနိုင်သကဲ့သို့ ကျောက်တုံးမျက်နှာကြီးနှင့်၊ သူသည် လည်ချောင်းသံတစ်ချက်ပြုပြီး သူ(မ)အရှေ့တွင် မိန်းမစေတစ်ယောက်ကို ခေါ်လိုက်ပြီး အေးစက်စက် အသံနှင့် အမိန့်ပေးလာ၏။

“သူပြောတဲ့အတိုင်းလုပ်၊ လွှင့်ပစ်လိုက်”

မိန်းမစေလေးမှာ အမိန့်ကို မလွန်ဆန်ဝံ့ပြီး ကပျာကယာနှင့် မုန့်များကို ယူကာ ခါးကိုင်းလျက်ဖြင့် ပြန်ထွက်သွား၏။

ဤကိစ္စမှာ ထိုအတိုင်း ပြီးသွားသယောင်၊ မင်ကျူးသည် သူ့ဒေါသက ပြေလျော့သွားလောက်ပြီဟု နုံအစွာ တွေးနေလေ၏။

ကျောက်ရှီသည် တိတ်ဆိတ်မှုကို ဖြိုခွင်းပြီး သူ့အင်္ကျီလက်ထဲမှ နဂါးသွဲ့ကျောက်ဆံထိုးတစ်ခုကို ရုတ်တရက် ထုတ်ယူလိုက်သည်။

“ရှေ့ရက်တွေတုန်းက ရလာတာ၊ မင်း ကြိုက်သလား ကြည့်ကြည့်”

ပကတိမျက်စိဖြင့်ပင် နဂါးသွဲ့ကျောက် အရောင်သည် အလွန်ကောင်းသည်ကို မြင်နိုင်၏။ အရောင်၌ အညစ်အကြေးဟူ၍ မရှိဘဲ ရေကဲ့သို့ ကြည်လင်သန့်ရှင်းနေသည်။ သပ်သပ်ရပ်ရပ်နှင့် လှပနေသည်ကြောင့် ရှားပါးရတနာတစ်ခုဆိုသည်မှာ တစ်ချက်ကြည့်လိုက်ရုံနှင့် သိနိုင်သည်။

ကျောက်ရှီသည် ယခင်ကလည်း ရှားပါးပြီး လှပသည့် လက်ဝတ်ရတနာများစွာကို သူ(မ)အား ချီးမြှင့်ခဲ့ဖူးသော်လည်း သူ စိတ်ကောင်းဝင်နေချိန်မှသာ ဖြစ်သည်။ သူ(မ) သူ့အား ပျော်ရွှင်ကျေနပ်စေသည့် ညတာတစ်ခု ဖန်တီးပေးသည့်အခါမျိုး၊ သို့မဟုတ် သူ(မ) စိတ်အားငယ်နေသည့်အခါမျိုးတွင် သူ(မ)ကို နှစ်သိမ့်ဖို့ရာအတွက် ရတနာအ‌သေးမွှားလေးများ လက်ဆောင်ပို့ပေးတတ်သည်။

အတိတ်နေ့ရက်များကဆိုလျှင် မင်ကျူးမှာ ဤလက်ဆောင်များကို ရရှိသည့်အခါ ကျောက်ရှီ သူ(မ)ကို မြတ်နိုးတန်ဖိုးထားပြီး စေတနာထားသည်ဟု တွေးကာ ဝမ်းသာအားရ ခုန်ပေါက်နေပေလိမ့်မည်။ သို့သော် ယခုအချိန်မှာ ၎င်းတို့ကို ပြန်တွေးကြည့်လိုက်လျှင် ထိုပစ္စည်းလေးများက သူ့အတွက်တော့ ဘာမှမဟုတ်၊ သူ့အတွက် ၎င်းတို့မှာ အပျင်းပြေကစားသည့် ကစားစရာသာသာတွေပင်။

ဤမျှကောင်းလှသော ဆံထိုးတစ်ခုက သူ(မ) အပေါင်ဆိုင်သို့ ယူသွားလျှင်တောင် ဆိုင်ရှင် လက်မခံဝံ့မည်တောင် စိုးရသည်။

မင်ကျူးသည် လက်မခံဘဲ : “အရှင့်သား၊ ဒီရက်ပိုင်း စိတ်အခြေအနေကောင်းနေလို့လား’

ယခုလေးတင် သူ မကြာခင် အရံကြင်ရာတော်တစ်ဦးကို လက်ထပ်တော့မည့်အကြောင်း အားရုန်ထံမှ ကြားလာခဲ့သည်။ မဟုတ်မှ သူ၏မင်္ဂလာညအတွက်ပဲ စိတ်ရွှင်နေလေသလား။ မင်ကျူးမှာ ထိုအကြောင်း တွေးမိလေလေ ထိုသို့ ဖြစ်ဟန်တူသည်ဟု ပိုခံစားရလေလေပင်။

ကျောက်ရှီသည် တစ်ခဏ တိတ်ဆိတ်သွားကာ မျက်ခုံးများကို မြှင့်ပြီး : “မဆိုးပါဘူး” (စိတ်အခြေအနေ)

မင်ကျူး ချက်ချင်း သဘောပေါက်လိုက်သည်။ သူ တကယ်ပဲ မိန်းမ‌လှ‌လေးတစ်ဦးကို လက်ထပ်တော့မည်ပင်။ သူ(မ)သည် ပြုံးကာဖြင့် : “ဒီဆံထိုးက အဖိုးတန်လွန်းပါတယ်၊ ကျွန်တော်မျိုးမနဲ့ မထိုက်တန်ပါဘူး”

ပိုက်ဆံဖြင့် လဲလှယ်လို့မရသည့် တစ်စုံတစ်ခုကား မည်မျှပင် ကောင်းနေပါစေ သူ(မ) ဟန်လုပ်ယူနေမည်ပင်မဟုတ်ချေ။

ကျောက်ရှီ၏ နှုတ်ခမ်းထောင့်မှ ညင်သာသော ခပ်ဖွဖွအပြုံးက ရုတ်ခြည်း လျော့ကျသွားပြီး မျက်ခုံးတစ်ဝိုက်တွင် အေးစိမ့်မှုန်မှိုင်းသော လေထုကို လွှင့်ထုတ်ရင်း မေးလာ၏။

“မင်းက မထိုက်တန်ဘူးလို့ ဘယ်သူပြောလဲ”

မင်ကျူးမှာ သူ(မ) ပြောလိုက်သည့်စကားက သူ့ကို အဘယ်ကြောင့် တစ်ဖန်ဒေါသထွက်သွားစေမှန်း မသိချေ။

သူ ဒီစကားတွေ ကြားရတာကို သဘောမကျလို့လား?

သူ သူ(မ)အပေါ် အဘယ်သို့ မြင်သလဲကို မင်ကျူး သတိထားမိသည်ပေ။ မိမိစည်းကမ်းနှင့်မိမိ နေပြီး ရည်ရည်မွန်မွန်ရှိလှပါသော အနှီအိမ်ရှေ့စံမင်းသားသည် မူလအစကတည်းက သူ(မ)အပေါ်ဆို တစ်ယူသန်ဝါဒများနှင့် မျက်စိစုံမှိတ် အထင်မြင်လွဲမှားပြီး နည်းအမျိုးမျိုးဖြင့် ရှုံ့ချခဲ့သည်။

ကျောက်ရှီသည် စကားတစ်ခွန်း မဆိုဘဲ ဆံထိုးကို မှန်တင်ခုံပေါ် တင်ပြီးနောက် ကိုယ်လက်သန့်စင်ဆေးကြောရန် ရေပြင်ခိုင်းလိုက်သည်။

ညအချိန်တွင် မီးများအားလုံး ငြိမ်းသတ်ထားပြီး မင်ကျူးသည် သူ့လက်ထဲတွင် ထွေးပွေ့ခံထားရသည်။ သူ(မ)၏မျက်ဝန်းထဲတွင် ရေငွေ့များဖြင့် အခိုးဝေနေပြီး မျက်ဝန်းထောင့်စွန်းလေးများက မက်မွန်းရောင်ဖြင့် အနီရောင်သန်း‌နေ၏။ သူ(မ)သည် လက်ချောင်းသွယ်သွယ်များကို လက်သီးဆုပ်လိုက်ပြီး သူ့ရင်ဘတ်ပေါ် တင်ကာ မအီမသာစွာဖြင့် ဆိုလိုက်သည်။

“အရှင့်သား ကျွန်တော်မျိုးမ နည်းနည်းပင်ပန်းနေပြီ”

ဤအတိုင်းသာ ရက်ဆက်သွားနေလျှင် သံဖြင့်လုပ်ထားသည့် လူသားဆိုလျှင်တောင် ခံနိုင်ရည်ရှိမည်မဟုတ်ပေ။

ကျောက်ရှီ၏ အသားမာအနည်းငယ်တက်နေသော လက်မသည် သူ(မ)၏လည်ပင်းနောက်ကို ညင်သာစွာ ပွတ်သပ်နေ၏။ မှိန်ပျပျ အလင်းရောင်အောက်တွင် ဘာကိုမှ သဲသဲကွဲကွဲ မမြင်နိုင်ချေ။ ဆိုလာသည့် စကားသံမှာကား နူးညံ့ညင်သာမှုအပြည့်ဖြင့်။

“ကိုယ် မင်းကို မထိတော့ဘူး၊ အိပ်တော့”

မင်ကျူးမှာ စိတ်သက်သာရာရသွား၏။ ကျောက်ရှီသည် ပြောလျှင် ပြောသည့်အတိုင်း လုပ်တတ်သည့်သူဖြစ်၍ သူ သူ(မ)ကို မထိတော့ဘူးသု ဆိုလာလျှင် သူ့စကားသူ ပြန်ရုတ်သိမ်းမည်မဟုတ်ချေ။

 

သူ(မ)သည် သူ၏လက်တံရှည်ရှည်ပေါ် မှီလှဲရင်း ပိုးသားပမာ နက်မှောင်သောဆံနွယ်ရှည်များက ရေတံခွန်ပမာ ပြန့်ကျဲနေ၏။ အနှီအမျိုးသားက သူ(မ)ခါးကို အနောက်မှနေ ဖက်ထားပြီး သူ၏ပူပူပြင်းပြင်း ဝင်သက်ထွက်သက်တို့က ရံဖန်ရံခါ သူ(မ)လည်တိုင်ပေါ် သက်ဆင်းလာ၏။

မင်ကျူးသည် သူ့လက်မောင်းပေါ်တွင် ဖြည်းဖြည်းချင်း အိပ်ပျော်သွားခဲ့ပြီး နောက်တစ်နေ့တွင် အားအင်အပြည့်ဖြင့် နိုးလာ၏။

မှန်တင်ခုံရှေ့ထိုင်လိုက်ချိန် သူ(မ)၏ဆံထုံးထဲတွင် အပိုဆံထိုးတစ်ချောင်း ရှိနေသည်ကို သတိထားမိလိုက်သည်။ သေချာအနီးကပ်ကြည့်လိုက်သည့်အခါ ၎င်းသည် မနေ့က သူ(မ)လက်မခံခဲ့သည့် ဆံထိုးဖြစ်နေကြောင်း သိလိုက်ရသည်။ ၎င်းအပေါ်တွင် သက်ဝင်နေသည့် လှပသည့် မြေခွေးပေါက်လေးပုံကို ထွင်းထုထားသည်။

 

မင်ကျူးသည် ဆံထိုးကို ဖြုတ်ကာ စားပွဲပေါ် တင်လိုက်ပြီး တစ်ခဏ စိုက်ကြည့်ပြီးနောက်မှ အံဆွဲထဲ ထိုးထည့်လိုက်သည်။

နှစ်ကုန်ကာနီးလာသည်နှင့်အမျှ အိမ်ရှေ့စံတစ်ဦးဖြစ်သည့် ကျောက်ရှီသည်လည်း ပိုပိုပြီး အလုပ်များလာတော့သည်။ သို့သည့်တိုင် မနက်မှည၊ ညမှမနက်ထိတိုင်အောင် သူသည် လဝက်တိုင်တိုင် အပြင်အဆောင်တွင် နေခဲ့သည်။

  

ဆဲ့ဖေးအဖြစ် မင်ရူကို ကျောက်ရှီလက်ထပ်တော့မည်ဟု မင်ကျူးသိလိုက်ရပြီးချိန်မှစ၍ သူ(မ)သည် သူ့ကို အိပ်ရာထဲတွင် ခစားရန် ဆန္ဒမရှိတော့ပေ။ သူ(မ)သည် မနာလိုဖြစ်ရခြင်း မဟုတ်ပြီး မသန့်ရှင်းသည်ဟု ခံစားရရုံသာ ဖြစ်သည်။

ကျောက်ရှီကမူ သူ(မ)အား ပွေ့ဖက်နမ်းရှိုက်ရသည်ကို အလွန်သဘောတွေ့လှဟန်ရပြီး သူ၏ဤကစားစရာလေးအပေါ် လက်မလွှတ်နိုင်သကဲ့သို့ပင်။

မင်ကျူးမှာ မျက်တောင်များ စိုစွတ်သည်အထိ သူ၏နမ်းရှိုက်ခြင်းကို ခံရပြီး နူးညံ့ညံ့လည်တိုင်မှာ အစက်အပြောက် အကွက်မျိုးစုံဖြင့်။

ထိုလူသည် သူ(မ)အား နမ်းလို့ဝသည်နှင့် သူ(မ)ကို လွှတ်ပေးပြီး ရေမိုးချိုး၊ အဝတ်အစား သွားလဲ၏။

သူ ညောင်စောင်းပေါ် ရောက်လာချိန်တွင် သူ(မ)သည် တိုးတိုးဖျဖျ ဆိုလိုက်သည်။

“ကျွန်တော်မျိုးမ သိပ်ပြီး နေလို့မကောင်းဘူး”

သူ(မ)မှာ ထိုမျှသာ ပြောဝံ့ပြီး သူ့အား အခြားတစ်နေရာ၌ သွားအိပ်ပေးရန်အထိ မတောင်းဆိုဝံ့ပေ။

ကျောက်ရှီသည် အစပိုင်းတွင် သူ(မ)၏စကားများကို ယုံကြည်ခဲ့ပြီး ချူချာလှသော ကျန်မားရေးကြောင့် သူ(မ)ကို သနားကာ နန်းတော်ရှိ တော်ဝင်သမားတော်ကိုပင် ကုသရန် ကြွခိုင်းခဲ့သေးသည်။

သူ(မ)သွေးကြောကို စမ်းပြီးနောက် နန်းတွင်းသမားတော်က : “သခင်မလေးရဲ့ကိုယ်က အေးပြီး ချီဓာတ် ချို့တဲ့တာမလို့ နှစ်အနည်းငယ်လောက် အချိန်ပေးပြီး ဖြည့်စွက်ပေးဖို့လိုတယ်၊ မဟုတ်ရင် နောင်မှာ ကိုယ်ဝန်ရဖို့ ခက်ခဲသွားလိမ့်မယ်”

ကျောက်ရှီသည် မျက်မှောင်ကြုတ်ပြီး နန်းတွင်းသမားတော်အား ဆေးညွှန်းပေးခိုင်းပြီး အပြင်ထွက်ခိုင်းလိုက်သည်။

တစ်လခွဲကျော်ကြာပြီးနောက်တွင် မင်ကျူး၏မျက်နှာသည် လုံးဝိုင်းလာပြီး အသားအရေက နှင်းဆီရောင် သန်းလာခဲ့သည်။ သူ(မ)ပုံစံက နူးညံ့သိမ်မွေ့ခြင်းရော ချစ်စဖွယ်ကောင်းခြင်းရောနှင့်ပါ ပြည့်စုံနေပြီး ခန္ဓာကိုယ် ၏အခြေအနေသည်လည်း အလွန်ကောင်းမွန်လာပုံရသည်။

ကျောက်ရှီသည် လဝက်ကျော် ထိန်းထားခဲ့ပြီး မည်သည့်လှုပ်ရှားမှုမျှ မရှိခဲ့သလောက်ပင်။ သူတို့နှစ်ယောက်သည် တစ်ခုတင်တည်း အိပ်ဖြစ်ကြသည့်တိုင် တစ်ယောက်နှင့်တစ်ယောက် ပူးကပ်မှုသိပ်မရှိခဲ့ကြသလို ပွေ့ဖက်နမ်းရှုံ့ခြင်း သို့မဟုတ် ပွတ်သပ်ခြင်းလည်း မရှိသလောက်ပေ။

ရာသီဥတုက တဖြည်းဖြည်း ပူနွေးလာပြီး နေ့အချိန်အခါတွင် အပေါ်လွှားပါးပါးလေးတစ်ထည်နှင့်တင် လုံလောက်နေပြီဖြစ်သည်။

ယနေ့တွင် ကျောက်ရှီသည် သူ၏ရေးရာကိစ္စများ ပြီးစီး၍ ဝမ်ယွဲ့ဆောင်တွင် နာရီအနည်းငယ် အချိန်ကုန်လေသည်။

မင်ကျူးသည် သူ့အတွက် မှင်ကြိတ်‌ပေးပြီးသည့်နောက် စားပွဲ‌ခုံလေးပေါ် ပျင်းရိစွာ မှီထားရင်း မှိန်းနေတော့သည်။ နူးညံ့သော ဖြူဖြူစင်စင်မျက်နှာလေးက နေရောင်ကြောင့် အနည်းငယ် နီမြန်းနေပြီး ရိုးသားပြီး ကလေးဆန်သော အမူအရာလေးမှာ သူ(မ)အား ပို၍ အပြစ်ကင်းစင်စေပြီး ချစ်စဖွယ်အတိ ဖြစ်နေစေ၏။

ကျောက်ရှီ လက်ရေးလှလေ့ကျင့်ပြီးသွားချိန် ခေါင်းမော့ကြည့်လိုက်သည့်အခါ အိပ်ပျော်နေပြီဖြစ်သော သူ(မ)ကို တွေ့လိုက်ရသည်။

တစ်ခဏ တိတ်ဆိတ်နေလိုက်ပြီးနောက်တွင် အနှီအမျိုးသားသည် သူ(မ)ကို အိပ်ရာထဲ ခေါ်သွားကာ စောင်ခြုံပေးပြီးနောက် ပြန်ထွက်သွားတော့သည်။

 

မင်ကျူးသည် မှောင်ရီပျိုးသည့်တိုင်အောင် အိပ်ပျော်နေခဲ့ပြီး ကျောက်ရှီကို တစ်ဖန်ထပ်မတွေ့ရခင် ညစာ သုံးဆောင်လိုက်သည်။

ညဘက် သူ(မ) အနားယူချိန်တွင် အလင်းရောင်က မှိန်ဖျော့နေသဖြင့် သူ(မ)အရှေ့ကို ရှင်းရှင်းလင်းလင်း မမြင်ရပေ။ လွန်ခဲ့သည့် ရက်အနည်းငယ်က အေးအေးချမ်းချမ်းနေခဲ့ရသည်ကြောင့်လည်း သူ(မ)၏ သတ္တိက အနည်းငယ် ကြီးထွားလာခဲ့သည်။

ကျောက်ရှီ သူ့ခါးပေါ် သူ(မ)လက်ကို တင်လိုက်ချိန်တွင် သူ(မ)၏မျက်နှာသည် ရှက်ရွံ့မှုဖြင့် ရဲရဲနီလာပြီး လေပူများ မှုတ်ထုတ်ကာ : “ကျွန်တော်မျိုးမ အိပ်ချင်ပြီ”

ကျောက်ရှီသည် ရပ်တန့်သွားပြီး : “ဒါဆိုလည်း အိပ်တော့”

 

နောက်ရက်များတွင်လည်း မင်ကျူးတစ်ယောက် အခြားဆင်ခြေဆင်လက် ရှာမတွေ့တော့သည်နှင့် ရိုးရိုးရှင်းရှင်း “ကျွန်တော်မျိုးမ နေလို့မကောင်းဘူး” ဆိုသည့်စကားကိုသာ တွင်တွင်သုံးရင်း သူ့ကို ရှောင်လေတော့သည်။

ဤသို့ တစ်ခါနှစ်ခါနှင့် ဆက်တိုက်ဆိုသလိုဖြစ်လာပြီးနောက်တွင် သူ(မ) ဝတ်ကျေးတမ်းကျေသဘောမျိုးနှင့် သူ့ကို ငြင်းဆန်နေကြောင်းကို ကျောက်ရှီ သတိထားမိတော့သည်။

ကျောက်ရှီအနေနှင့် သူ(မ)အတွက် လုံလောက်အောင် ထည့်စဉ်းစားပေးခဲ့ပြီးပြီဖြစ်ရာ သူ(မ)၏သဘောထားကို နားလည်လိုက်သည့်အချိန်မှာတော့ မိမိမှာ ကစားခံလိုက်ရသလို ဒေါသထွက်သွားတော့သည်။

ထိုနေ့ညတွင် သူ၏မျက်နှာသည် အဝတ်အစားများလဲဝတ်ရင်း တင်းမာနေခဲ့သည်။

“လုပ်စရာတွေ ရှိနေသေးတာမလို့ မင်း နားနှင့်”

မင်ကျူးတစ်ယောက် စောင်များအောက် ပျော်ပျော်ရွှင်ရွှင် ပြန်လှဲကာ ဆက်အိပ်နေလိုက်တော့သည်။

မင်ကျူးသည် လွန်ခဲ့သည့်ရက်က မက်ခဲ့သော အိပ်မက်ကို ပြန်မက်လေသည်။ နေရာအနှံ့ ပိတ်ဖြူများနှင့် မီးအိမ်ဖြူများ ချိတ်ဆွဲထားသော အိမ်ရှေ့စံ၏ နန်းဆောင်ကို သူ(မ) မြင်မက်၏။ ငွေစက္ကူများကို မီးရှို့နေသည့်အနံ့က သူ(မ)နှာခေါင်းထဲ တိုးဝင်လာ၏။

သူ(မ)သည် ဤမရင်းနှီးသောအိမ်တော်တွင် လှည့်လည်သွားလာနေသော ဝိညာဉ်တစ်ကောင်နှင့်တူပြီး သူ(မ)ခန္ဓာကိုယ်ထဲသို့ အေးစက်သောလေပြင်းများ စိမ့်ဝင်လာသလို ခံစားနေရသည်။ အစေခံများက လှေကားထစ်များပေါ်မှ သွေးကွက်များကို သန့်စင်ရန် ရေပုံးများကို သယ်လာကြသည်။ သွေးနီရောင်အကွက်နက်နက်ကြီးများကို တိုက်ချွတ်ဆေးကြောပြီး သွေးရေပုံးများကို တစ်ပုံးပြီးတစ်ပုံး သယ်ထုတ်သွားကြသည်။

မလှမ်းမကမ်းမှ အချေအတင်စကားများနေသံကို ကြားလိုက်ရသည်။

မင်ကျူးသည် အသံလာရာနောက် လိုက်သွားပြီး မျက်နှာသဲကွဲစွာ မမြင်ရသော အမျိုးသမီးတစ်ယောက်၏စကားပြောသံကို ကြားလိုက်ရသည်။

“ကျောက်ရှီ ရှင် ဘာလုပ်ချင်နေတာလဲ! သူက သေသွားပြီရှင့်! ရှင် ကျွန်မဘက်ကို နည်းနည်းလောက်ဖြစ်ဖြစ် ထည့်တွေးပေးလို့ရမလား၊ ကျွန်မရဲ့ဂုဏ်သိက္ခာတွေက ရှင် အဲ့ဒီမိန်းမအတွက် သင်္ချိုင်းကမ္ဗည်းကျောက်စာတိုင်စိုက်ပေးလိုက်ကတည်းက ပျက်စီးသွားခဲ့ပြီ!”

မင်ကျူးသည် ပြတင်းနားတွင် နှုတ်ဆိတ်လျက် တစ်ကိုယ်တည်းရပ်နေသော ရင်းနှီးသောနောက်ကျောကို တွေ့လိုက်ရသည်။

အမျိုးသမီးမှာ ပြိုလဲနေသယောင်၊ သူ(မ)က ရယ်လေရင်း :

“ရှင် သူ့ကို အဲ့ဒီလောက်တောင်မှ သဘောကျနေရင်လည်း ဘာလို့ သူ မသေခင်ကကျ ရှင် လက်ထပ်မယူခဲ့တာလဲ၊ သူ ရှင့်ကို ချစ်တာ ရှင့်ကို လက်ထပ်ချင်နေတာကို မသိဘူးလို့တော့ လာမပြောနဲ့နော်၊ ရှင့်လက်နဲ့ ကိုယ်တိုင်သတ်ခဲ့ပြီးကာမှ အခုမှ နောင်တရနေသတဲ့လား ရှင် နောင်တရတယ်ဆိုရင်တောင်မှ သူက မြင်နိုင်မှာ မဟုတ်တော့ဘူး!”

အမျိုးသားသည် လှည့်ကြည့်လာပြီး မည်သည့် အစော်ကားခံလိုက်ရသည့်အရိပ်အယောင်မျှ မရှိဘဲ တည်ငြိမ်စွာနှင့် : “တစ်ယောက်ယောက်လာပြီး ကျင့်ကျူ(မင်းသမီး)ကို ခေါ်ထုတ်သွား”

မင်ကျူးသည် ဤအေးတိအေးစက်အသံကို နားထောင်ပြီးသည်နှင့် အိပ်မက်မှ နိုးလာခဲ့သည်။ ဒီအိပ်မက်တွေ…တကယ်ပဲ အိပ်မက်တွေပါနော်?

အိပ်မက်ထဲတွင်သာမက ပြန်လည်မွေးဖွားလာပြီးနောက်တွင်တောင် သူ(မ)သေပြီးသည့်နောက် ဘာဆက်ဖြစ်သွားသလဲကို မင်ကျူး မကြာခဏ တွေးဖြစ်သည်။ ကျောက်ရှီ သူ(မ)ရဲ့ အလောင်းကို မြင်တော့ ဘယ်လိုတုံ့ပြန်ခဲ့သလဲ။ သူ(မ)ကို သတ်ခဲ့မိတဲ့အတွက် သူ နောင်တရနေမိလား။ သူ နည်းနည်းလေးဖြစ်ဖြစ် ဝမ်းနည်းဖြစ်ရဲ့လား။ သူ(မ)အတွက် မျက်ရည်တစ်စက်တောင် ကျခဲ့ရဲ့လား။

မဖြစ်နိုင်လောက်ပေ။

သူဆိုတာ သူ(မ)အလောင်းကို စောင်းငဲ့ကြည့်ပါ့မလားပင် မသေချာ၊ ဒါနဲ့များ သူ ဘာအတွက်ကြောင့်နဲ့ နောင်တဆိုတာ ရနေပါ့မလဲ။

 

ဤအိပ်မက်ကြောင့်ပဲ ဖြစ်နေလေမလား မသိ၊ မင်ကျုးသည် မနက်မိုးလင်းကတည်းက စိတ်အစဉ်ကား မကြည်လင်နေပြီး ဘာလုပ်လုပ် စိတ်မပါနေချေ။

နောက်ဆုံးတွင် မင်ကျူးသည် မိမိကိုယ်ကို အသိစိတ်ကပ်ထားရန် တွန်းအားပေးလိုက်သည်။ မနေ့ညက သူ(မ) ကျောက်ရှီကို ဒေါသထွက်စေမိပြီး သူ အပြင်အိမ်တော်တွင် အချိန်အတိုင်းအတာတစ်ခုထိ မနေလောက်တော့ဘူးဟု ထင်ထားခဲ့သော်လည်း ထိုအကြောင်း မေးကြည့်လိုက်သည့်အချိန် သူ ဤနေရာတွင် ရှိနေသေးကြောင်း သိလိုက်ရသည်။

ကျောက်ရှီ အပြင်အိမ်တော်တွင် အတော်ကြာအောင် နေအုံးမည့်ပုံရသည်။

လူအချို့သည် မင်ကျူး၏ကောင်းလွန်သော ကံကို တိတ်တဆိတ် သက်ပြင်းချမိကြသည်။ သူ(မ)ကဲ့သို့ အခါခါ အမြတ်နိုးခံ၊ အချီးမြှောက်ခံဘဝကို လူတိုင်း မခံစားနိုင်ပေ။

သို့သော် အံ့ဩဖို့ကောင်းစွာ အိမ်ရှေ့စံသည် အခြားအဆောင်တွင် နေနေသည့်တိုင် ဝမ်ယွဲ့ဆောင်သို့မူ လုံးဝ ခြေမချတော့ပြီး သခင်မလေးမင်ကျူအကြောင်းကိုလည်း မမေးမြန်းလာတော့သည်မှာ အိမ်တော်တွင် ထိုပုဂ္ဂိုလ် မရှိနေသကဲ့သို့ပင်။

ကျောက်ရှီသည် မာနကြီးပြီး ပလွှားသူဖြစ်ကြောင်း မင်ကျူး သိသည်၊ သူ(မ) သူ့အား အကြိမ်ပေါင်းများစွာ အလိမ်အညာဆင်ခြေများဖြင့် ရှောင်နေသည်ကို သိလိုက်ရချိန် သူ့နှလုံးသားထဲ တနုံ့နုံ့ဖြစ်လာသည့် ဒေါသက တော်ရုံနှင့် ပျောက်ကွယ်သွားမည်မဟုတ်ပေ။ ဤကိစ္စကြောင့် သူ သူ(မ)အား လုံးဝ လာမတွေ့တော့ဘူးဆိုလျှင် ပိုတောင် ကောင်းသေးသည်။

သခင်မလေးမင်ကျူး အလွန်ခံနိုင်ရည်စွမ်းရှိနေသည်ကို ကြည့်ပြီး အစေခံများမှာ အံ့အားတသင့်ဖြစ်နေကြသည်။ သူ(မ)အား အိမ်‌ရှေ့စံက ပစ်ထားမှန်း သိလျက်နှင့်တောင် တည်ငြိမ်နေနိုင်သေး၏။ အရှင့်သားက သူ(မ)ထံ ရောက်မလာသည့်တိုင် သူ(မ)အနေနှင့် လက်ဦးမှုပြုကာ အရှင့်သားထံ သွားရန်လည်း စိတ်ကူးရှိပုံမရ။ ယင်းအား အလိုလိုက်ခံရလွန်း၍ ကောင်းကင်၏အမြင့်နှင့် မြေကြီး၏အတိမ်အနက်ကိုပင် မသိနားမလည်တော့သည်ဟု ဆိုရမည်ပေ။

ဝမ်ယွဲ့ဆောင်မှ ဤတစ်ယောက်သည် အေးအေးချမ်းချမ်း နေနေနိုင်သော်လည်း အခြားသူများမှာတော့ ထိုမျှ မပျော်နေရပေ။ နေ့စဉ် တစ်ခုခုလုပ်သည့်အချိန်တိုင်း သတိကြီးကြီးထားနေရပြီး အမှားသေးသေးလေးပင် မကျူးလွန်ဝံ့ဘဲ မောင်ကံဆိုး၊ မယ်ကံဆိုးဖြစ်လာမှာကို ကြောက်နေရသည်။

နှစ်သစ်ကူးမတိုင်မီ နှစ်ရက်အလိုတွင် ပိယင် လုပ်ပေးထားသော ကြာစေ့စွပ်ပြုတ်ကို ယူပြီး မင်ကျူးတစ်ယောက် ကျောက်ရှီကို ရှာရန် စာကြည့်ခန်းသို့ ထွက်လာလိုက်သည်။

ကျောက်ရှီသည် တင်ပြချက်ကို ကြားသည့်အချိန် လက်ထဲတွင်ကိုင်ထားသော စုပ်တံက တစ်ချက်ရပ်သွားပြီး : “ဝင်ခိုင်းလိုက်”

သူသည် မျက်လွှာချကာ တိတ်တဆိတ် တွေးတောနေ၏။ သူ(မ)ရောက်လာတာ အနည်းငယ် နောက်ကျသော်လည်း အနည်းဆုံးတော့ ဝန်ခံအညံ့ခံပြီး သူ့ကို အသနားခံရမည်မှန်း သိသေးသည်ပင်၊ တိုးတက်မှုရှိသည်ပဲ ဆိုရမည်။

မင်ကျူးသည် အမှန်တကယ်ပင် သူ့ထံတွင် အသနားခံရမည့်ကိစ္စရှိသည်ပေ။ သို့သော် ၎င်းကား ကျောက်ရှီထင်နေသည့်ကိစ္စတော့ မဟုတ်ပေ။

သူ(မ)က တည်ငြိမ်စွာဖြင့် ကြာစေ့စွပ်ပြုတ်ကို သူ့အရှေ့သို့ ချပေးလိုက်ပြီး : “အရှင့်သားက ဒါက စားဖိုဆောင်ငယ်ကနေ လုပ်ပေးလိုက်တဲ့ စွပ်ပြုတ်ပါ၊ မြည်းစမ်းကြည့်ပါအုံး”

ကျောက်ရှီသည် တုပ်တုပ်မလှုပ်၊ သို့သော် သူ(မ)နောက်ပြောလာမည့်စကားကိုတော့ အလေးအနက်ထား နားထောင်နေ၏။

မင်ကျူးကလည်း ကွေ့ဝိုက်မနေဘဲ သူ့နှင့်အကြည့်ချင်းဆုံပြီး တိုက်ရိုက်ဆိုလိုက်သည်။

“မကြာခင် နှစ်ကုန်တော့မယ်နော် အရှင့်သား၊ ကျွန်တော်မျိုးမ အရှင့်သားဆီကနေ တောင်းဆိုစရာလေးတစ်ခု ရှိလို့ပါ၊ ကျွန်တော်မျိုးမ ပြီးခဲ့တဲ့အခေါက်က ပြောထားခဲ့တဲ့ကိစ္စလေ ကျွန်တော်မျိုးကို အိမ်ကို အလည်အပတ်ပြန်ခွင့်ပြုဖို့”

ကျောက်ရှီသည် ခပ်ဖွဖွပြုံးကာ : “အဲ့ဒါပဲလား’

မင်ကျူးသည် သူ့ကို ဗလာကျင်းစွာ စိုက်ကြည့်လိုက်သည်။

ဟမ်? တခြားဘာရှိရအုံးမှာလဲ?

[E/N : သူတို့မှာက အိမ်ရှေ့နန်းဆောင်ရယ် မင်ကျူးနေတဲ့ ဝမ်ယွဲ့ဆောင်လို့ခေါ်တဲ့ ကျောက်ရှီ မကြာခဏ ခဏတာ အနားယူဖို့ ဒါမှမဟုတ် ရက်ရှည် အလည်အပတ်သဘောမျိုးနေတဲ့ အပြင်အိမ်တော်(သို့)အပြင်ဆောင်ရယ် ဆိုပြီးရှိတယ်။ ဒါကြောင့်လည်း မင်ကျူးကို အပြင်ဆောင်က အငယ်အနှောင်းလို့ ခေါ်တာ မင်ကျူးက အိမ်ရှေ့စံရဲ့ကြင်ရာတော်တွေနဲ့ ကိုယ်လုပ်တော်တွေနေရမဲ့ အိမ်ရှေ့နန်းဆောင်မှာ မနေရလို့လေ]

[From Me : သူတို့ပြောတဲ့ အိမ်တော်ဆိုတာက အထဲမှာ အဆောင်တွေ၊ ဝင်းတွေ အများကြီးပဲရှိတဲ့ အိမ်တော်အကြီးကြီးတွေလေ နန်းတွင်းတရုတ်ကား၊ ကိုရီးယားကားတွေ ကြည့်တဲ့သူဆို မျက်မှန်းတန်းမိလောက်မှာ ၊ မင်ကျူးရဲ့ဝမ်ယွဲ့ဆောင်က အပြင်အိမ်တော်အတွင်းထဲမှာ ရှိနေတဲ့ အဆောင်တစ်ခု၊ အဲ့ဒါကြောင့် ကျောက်ရှီက ဝမ်ယွဲ့အဆောင်မှာ မနေရင် တခြားအဆောင်မှာ ပြောင်းနေတာ]

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment