အပိုင်း (၀၁၁)
မင်ကျူးအတွက် ကျောက်ရှီကို အခြားအမျိုးသမီးတစ်ယောက်နှင့် တစ်ခါမှ တွဲမတွေ့ဖူးသည်ကြောင့် သူ အခြားအမျိုးသမီးများနှင့်ဆို အဘယ်မျှ လိုက်လျောညီထွေရှိနေလိမ့်မလဲဆိုတာ တွေးကြည့်လို့ပင်မရချေ။ သူ့အပေါ် သူ(မ)၏နားလည်မှုက အပေါ်ယံမျှဖြစ်ပြီး သူ(မ) သူ့အကြောင်း တကယ်ကို နည်းနည်းလေးသာ သိထားသည်ပေ။
ကျောက်ရှီ ရှန်းယန်မင်းသမီးနှင့် ထိမ်းမြားရန်ကတိပြုလိုက်ချိန်က မင်ကျူး အလွန် ဝမ်းနည်းခဲ့ရသည်။ မိန်းမငယ်လေးတစ်ယောက်ဖြစ်သည့်အလျောက် သူ(မ)လည်း အခြားသူများအပေါ် မနာလိုဝန်တိုတတ်ပြီး သူ(မ)တွင်လည်း ဉာဏ်နီဉာဏ်နက်လေးတွေ ရှိတတ်သည်။ ကျောက်ရှီ ထိုရှန်းယန်မင်းသမီးကို သဘောမကျဘဲ လက်ထပ်ရန် ဖိအားပေးခံရလောက်ခြင်းဖြစ်မည်ဟု သူ(မ) ယုံကြည်မိသည်။ သို့သော် ထိုအကြောင်း သေချာတွေးကြည့်ရင်း သူ(မ) မျက်ရည်ကျမိတော့သည်။ ကျောက်ရှီအား မည်သည့်အရာကိုမျှ အတင်းအကြပ် လုပ်ခိုင်းလို့မရကြောင်း သူ(မ)ထက်ပို၍ မည်သူမျှ မသိနိုင်ချေ။ သူ လုပ်သမျှကိစ္စတိုင်းက သူ့ဆန္ဒ၊ သူ့သဘောထားဖြစ်ပြီး မည်သူကမျှ သူ့ကို ဖိအားမပေးနိုင်ပေ။
ထို့ကြောင့် ထိုအချိန်က မင်ကျူးသည် ကျောက်ရှီသည် ထိုမင်းသမီးထက် သူ(မ)ကို ပိုနှစ်သက်သည်ဟု မိမိကိုယ်မိမိသာ ဆက်ပြီး လှည့်စားနေလိုက်တော့သည်။
သို့သော် နှလုံးသားထဲမှ ဝန်တိုစိတ်လေးက မင်ကျူးအား ထိုအကြောင်း တိတ်တဆိတ် စုံစမ်းမိစေ၏။
“ရှန်းယန်မင်းသမီးက လှလား”
“လှတာပေါ့! လှရုံတင်ဘယ်ကမလဲ စိတ်နေစိတ်ထားလေးကလည်း ဖော်ဖော်ရွေရွေနဲ့လေ လူတိုင်းနဲ့ လိုက်လျောညီထွေပေါင်းသင်းနိုင်တာမလို့ မင်းသမီးကို သဘောမကျတဲ့လူရယ်လို့ကို မရှိတာ”
စိတ်ဓာတ်ကျလျက်ဖြင့် သက်ပြင်းပူမှုတ်ထုတ်လိုက်ပြီး ပြတင်းပေါက်အပြင်ကို တွေဝေငေးကြည့်နေမိခဲ့သည်။ သူ(မ) မင်းသမီး၏ပုံစံကို အမှန်တကယ် မြင်ဖူးချင်မိသော်လည်း သူ(မ)သည် ဤနေရာကနေ အပြင်သို့ မထွက်နိုင်ပေ။
ထို့ကြောင့် ယခင်ဘဝက သူ(မ) သေဆုံးသွားချိန်ထိတိုင်အောင် မင်ကျူးသည် ရှန်းယန်မင်းသမီး၏ပုံစံကို မမြင်ဖူးခဲ့ချေ။
ယခု သူ(မ)ကို အဝေးကနေ မြင်လိုက်ရပြီးနောက် ကောလဟာလများက အမှန်ဖြစ်ကြောင်း သိလိုက်ရသည်။ တောက်ပသည့် အနီရောင်ဝတ်စုံကို ၀တ်ဆင်ထားပြီး မျက်နှာသေးသေးလေးဖြင့်၊ အလွန်ကောင်းမွန်သော အသားအရေနှင့် ပြုံးလိုက်သည့်အချိန် မျက်ဝန်းများက လခြမ်းကွေးလေးများအဖြစ် ကွေးသွားတတ်သေး၏။ ရှန်းယန်မင်းသမီးသည် လှပတောက်ပပြီး ဆွဲဆောင်မှု ရှိ၏။ မျက်ခုံးကြားတွင် လက်ရှိ ဖက်ရှင်ရေစီးကြောင်းဖြစ်သည့် ပန်းပွင့်အစက်လေး ခြယ်သထားပြီး မေးစေ့ကို မသိမသာ မော့လိုက်ချိန် အနည်းငယ် ပလွှားနေသည့်ဟန်ဖြင့်။
ရှန်းလန်သည် ဟင်္သာပဒါးဆံထိုးတစ်ခုကို သတိထားမိသွားပြီး ကောင်တာပေါ်မှ ဆံထိုးကို လက်ညိုးထိုးပြရင်း ပလွှားနေမြဲဖြစ်သော မျက်နှာလေးကို ဝင့်ချီလျက်ဖြင့် : “*ထိုက်ကျစ်ကောကော ညီမလေး အဲ့ဒါလိုချင်တယ်၊ ညီမလေးကို ဝယ်ပေးနော်”
[ထိုက်ကျစ်ကောကော - ဗမာမှုပြုရရင် အစ်ကိုတော်အိမ်ရှေစံပေါ့ သူတို့က ဝမ်းကွဲတွေဆိုတော့ // ရှေးဘုရင်ခေတ်တွေက အမေဘက်ကအမျိုးတွေဆို သွေးဝေတာမလို့ လက်ထပ်ယူလို့ရတယ်လေ]
ကျောက်ရှီ၏မျက်ဝန်းများက ထိုဆံထိုးနီပေါ် တစ်ခဏ ရစ်သီနေပြီးနောက်မှ တိုးတိုးဖျဖျအသံဖြင့် သဘောတူလိုက်ပြီး ဆိုင်ရှင်ကို ထုပ်ပေးရန် မှာလိုက်သည်။
ရှန်းလန်သည် ဟင်္သာပဒါးဆံထိုးကို ယူလိုက်ပြီး လက်မှမချနိုင်လောက်အောင် သဘောကျနေတော့သည်။ သူ(မ)မှာ ကျောက်ရှီအား နန်းတော်ထဲမှ မထွက်ထွက်အောင် အကြိမ်ပေါင်းများစွာ အနောက်ကနေ တကျည်ကျည်လုပ်ထားခြင်းဖြစ်၍ : “ထိုက်ကျစ်ကောကော၊ ညီမလေး ဗိုက်ဆာပြီ ကျို့ရှန်ကို သွားပြီး နေ့လယ်စာဝင်စားလိုက်ကြရင်ရော၊ ညီမလေး ကြားထားတာ ကျို့ရှန်က ဘဲစတူးက အရမ်းကောင်းတာတဲ့နော်”
သို့ရာတွင် ကျောက်ရှီက ခေါင်းကိုခါကာ : “ကိုယ့်မှာ လုပ်စရာလေးတွေ ရှိနေသေးလို့၊ ညီမလေးကိုပဲ အဲ့ဒီကို တစ်ယောက်ယောက်နဲ့ လိုက်ပို့ခိုင်းလိုက်မယ်”
ရှန်းလန်၏အမူအရာသည် ရုတ်ခြည်း ဝမ်းနည်းသွားဟန်ဖြင့် : “ထိုက်ကျစ်ကောကော မသွားမှဖြင့် ညီမလေးလည်း ဘာလုပ်ဖို့ သွားနေတော့မလဲ”
သူ(မ)သည် တိတ်တဆိတ် မျက်လုံးများ ဝင့်ကြည့်လိုက်ပြီး မနေနိုင်စွာ သူ့မျက်နှာကို တစိမ်စိမ့်ကြည့်နေမိသည်။ သူသည် အမှန်တကယ် ခန့်ညားပြီး အကောင်းမွန်ဆုံးသော ကျောက်စိမ်းသားကို ထွင်းထုထားသကဲ့သို့သော အသွင်အပြင်မျိုးဖြင့် မွေးဖွားလာသူဖြစ်သည်။ ကြင်နာတတ်သော မျက်ဝန်းများ၊ ဝင်းလတ်သောအသားအရေ၊ မျက်နှာကောက်ကြောင်းက ကြည်လင်အေးမြပြီး ဖြောင့်ဖြောင့်မတ်မတ်ကိုယ်နေဟန်ထားက တောင်မြင့်ပေါ်မှ ပန်းတစ်ပွင့်၏အငွေ့အသက်မျိုးဖြင့် ဖြစ်သည်။
နှလုံးသားက ခုန်နှုန်းမြန်လာပြီး စိတ်အစဉ်က ပြုစားခံလိုက်ရသလို။
လူမှန်းသိတတ်စအရွယ်ကတည်းက ရှန်းလန်သည် သူ(မ) အရှေ့နန်းဆောင်(အိမ်ရှေ့နန်းဆောင်)သို့ လက်ထပ်ပြီး အိမ်ရှေ့စံမင်းသမီးဖြစ်လာမည်ကို သိနေခဲ့ပြီးသား၊ သူ(မ)တစ်ဦးတည်းကသာ ကျောက်ရှီနှင့်ထိုက်တန်သူဖြစ်သည်။
ထိုအကြောင်းတွေးမိရင်း သူ(မ)သည် မနေနိုင်အောင် ရှက်သွေးဖြာမိသည်။
မင်ကျူး သူတို့ပြောနေသည့်စကားများကို ရှင်းရှင်းလင်းလင်း မကြားရပေ။ သူ(မ)သည် လက်ကို တိတ်တဆိတ် တင်းတင်းဆုပ်ထားမိပြီး လက်သည်းများ လက်ဖဝါးထဲသို့ နက်နက်ရှိုင်းရှိုင်း စိုက်ဝင်သွားသည့်အခါမှ စူးစူးရှရှခံစားမှုက သူ(မ)စိတ်ကို လက်တွေ့ဘဝသို့ ပြန်ဆွဲခေါ်သွား၏။
မင်ကျူး၏မျက်လုံးများသည် ရုတ်တရက် ကျိန်းစပ်လာပြီး နှာခေါင်းမှာလည်း ချဉ်စူးလာ၏။
သူ(မ)နှင့် ရှန်းယန်မင်းသမီးအပေါ် ကျောက်ရှီ၏သဘောထားက မိုးနှင့် မြေလိုပင်။ ရှန်းယန်မင်းသမီးရှေ့တွင် သူသည် သဘောထားကြီးပြီး နူးညံ့သိမ်မွေ့သည့်သူ၊ နွေဦးနှင့်တွေ့ဆုံချိန် သူ့မျက်နှာပေါ်မှ အဖြူရောင်နှင်းခဲများ အရည်ပျော်သွားသကဲ့သို့ပင်။
အားရုန်က သူ(မ)၏သခင်မလေး ဘာကြောင့် ခြေလှမ်းများ ရုတ်တရက် ရပ်တန့်လိုက်သလဲကို မသိသဖြင့် ဇဝေဇဝါဖြစ်စွာ မေးလိုက်သည်။
“မမလေး ဘာဖြစ်လို့လဲ”
မင်ကျူသည် လက်မောင်းထဲမှ ငွေစက္ကူများကို တင်းကျပ်စွာ ဖက်ထားလိုက်ပြီး ခေါင်းခါကာ သိသာတယ်ဆိုရုံမျှသော ရှိုက်သံဖြင့် : “ဘာမှမဖြစ်ဘူး သွားကြရအောင်”
အားရုန်သည် မည်သည့်မူမမှန်သည့် တစ်စုံတစ်ရာကိုမှ သတိမထားမိလိုက်ချေ။ သူ(မ)၏သခင်မလေး အပြင်သို့ ထွက်ပြီး လေကောင်းလေသန့်ရှူခွင့်ရသည်မှာ ရှားပါးအခွင့်အရေးဖြစ်၍ လွန်စွာ ပျော်ရွှင်တက်ကြွနေသည်မှာ ကခုန်တော့မတတ်ပင်။
“မမလေး အရှေ့မှာ အထည်ဆိုင်တစ်ဆိုင် ရှိတယ်၊ ကျွန်တော်မျိုးမကြားတာ သူတို့ဆိုင်က အစတွေအကုန် ရှုနယ်က တင်သွင်းထားတာတွေချည်းပဲတဲ့၊ အဲ့ဒီက ပန်းထိုးသမက စူကျိုးက လာတာ လက်ရာ အရမ်းလှတယ်”
မင်ကျူးသည် စိတ်လွင့်နေလျက်ဖြင့် : “သွားပြီး ကြည့်ကြတာပေါ့”
*
ရုတ်တရက် အပြင်ဘက်တွင် မိုးဖွဲလေးများ စတင်ကျလာ၏။ ဗလာကျင်းနေသော အမူအရာဖြင့် ကျောက်ရှီက ဘေးမှအစောင့်များကို အသံခပ်တိုးတိုးဖြင့် အမိန့်ပေးလိုက်သည်။
“မင်းသမီးကို ပြန့်ပို့ပေးလိုက်”
အစောင့်များက သူ့အမိန့်အတိုင်း တစ်သဝေမတိမ်း လိုက်နာကြသည်။
ကျောက်ရှီကိုယ်၌ကမူ ဆီစိမ်ထီးကို ကိုင်ရင်း မိုးဖွဲအလယ် လမ်းလျှောက်ထွက်လာ၏။ ခဏအကြာတွင် အမျိုးသား၏ခြေလှမ်းများက မျက်နှာချေဆိုင်တစ်ခုရှေ့တွင် ရပ်တန့်သွား၏။
သူသည် ထီးကိုခေါက်ပြီး အထဲသို့ ဝင်သွားလိုက်သည်။
ဆိုင်ရှင်က သူ့၏အဝတ်အစားများကို ခပ်မြန်မြန် တစ်ချက်အကဲခတ်လိုက်ပြီး ကောင်းမွန်စွာ ဝတ်စားထားသည်ကို မြင်သည်နှင့် အပြုံးဖြင့် ကြိုဆိုနှုတ်ဆက်လိုက်သည်။
“သခင်လေး ဘာများ ဝယ်ချင်လို့ပါလဲ”
ကျောက်ရှီ၏ကိုယ်သင်းရနံ့သည် စိုထိုင်းထိုင်းမိုးရနံ့နှင့် ရောထွေးနေ၏။ သူသည် ပစ္စည်းများကို အလျဉ်းသင့်သလို တစ်ချက်ဝေ့ကြည့်လိုက်ပြီး မျက်နှာချေသေတ္တာအချို့ကို ညွှန်ပြကာ : “ဒါတွေအကုန် ထုပ်လိုက်”
ဆိုင်ရှင်က ဝင်းဝင်းတောက် ပြုံးပြီး စတင် ဖော်လံဖားတော့သည်။
“သခင်လေး မင်းက တကယ် ကြည့်တတ်တာပဲ၊ ဒါတွေက ကျုပ်တို့ဆိုင်ရဲ့ အကောင်းဆုံး မျက်နှာချေမှုန့်တွေဗျ၊ ဈေးက မပေါဘူးဆိုပေမဲ့လည်း သခင်လေးသာ ဒါတွေကို ပြန်ဝယ်သွားပေးရင် အိမ်ကဇနီးလေးတော့ သေချာပေါက် ပျော်ရွှင်နေလိမ့်မှာ”
ကျောက်ရှီသည် ငြင်းဆန်ခြင်းမပြုဘဲ : “အမ်း”
သူသည် ငွေပေးချေပြီးနောက် ထီးကို ကိုင်လျက် ပြန်ထွက်လာသည်။ လှည်းပေါ်တက်ပြီးနောက်တွင် အနီးကပ်အစောင့်က ချိတုံချတုံဖြင့် မေးကြည့်လိုက်သည်။
“အရှင့်သား ကျွန်တော်မျိုးတို့ မင်အိမ်တော်ကို သွားမှာပါလား”
ကျောက်ရှီသည် မျက်လွှာချကာ လက်ထဲမှ မျက်နှာချေသေတ္တာငယ်များကို ငေးကြည့်လိုက်သည်။ ထုပ်ပိုးမှုပုံစံမှာ သပ်ရပ်လှပပြီး သေတ္တာပေါ်မှ ထွင်းထုထားသော ပန်းပွင့်ပန်းပြောက်များက အသက်ဝင်လှသည်။ ၎င်းမှာ မိန်းကလေးတစ်ယောက် သဘောကျလောက်မည့် ပုံပါပေ။
သူက တခဏ တွေးတွေးဆဆပြုပြီး အသံခပ်နိမ့်နိမ့်ဖြင့် ရေရွတ်လိုက်သည်။
“အရင်ဆုံး အိမ်ရှေ့နန်းဆောင်ကိုပဲ ပြန်မယ်”
သူ(မ)ကို သွားထပ်မတွေ့ခင် တစ်ရက်နှစ်ရက်လောက် စောင့်လိုက်ရအောင်။
ကျောက်ရှီ သူ(မ)အခန်းထဲမှ ဒေါသတကြီးထွက်သွားခဲ့ပြီးနောက်တွင် မနက်ခင်းရုံးတော်စီရင်မှုပြီးဆုံးပြီးသည့်အချိန်ထိတိုင် သူ စိတ်လွင့်နေခဲ့သည်။ စိတ်အေးအေးထားရင်း ထိုကိစ္စကို အလေးအနက် တွေးတောကြည့်ပြီးနောက် ၎င်းအတွက် သူ(မ)အပေါ် အပြစ်တင်လို့မရကြောင်း သူ နားလည်လိုက်သည်။
သူကသာ ခွင့်ပြုချက်မရှိဘဲ သော့ခတ်ထားသည့် သေတ္တာကို ဖွင့်ကြည့်ခဲ့ပြီး သူကပဲ သူ(မ)အား အတင်းအကျပ် ထိုစာများကို ဖတ်ခိုင်းခဲ့သူဖြစ်သည်။ နောက်ဆုံးတွင် မနာလိုစိတ်ကြောင့်ပဲ သူ အလွန် ဒေါသထွက်သွားခဲ့ရသည်။ ပထမတော့ ကျောက်ရှီသည် မင်ကျူးနှင့် သူ(မ)၏ယခင်သတို့သားလောင်းတို့က မိဘများ၏အမိန့်နှင့် အောင်သွယ်တော်၏စကားကြောင့် ထိမ်းမြားလက်ထပ်ရန် ကတိကဝတ်ပြုခဲ့ကြခြင်းဖြစ်ပြီး အပြင်တွင် မတွေ့ဖူးမဆုံဖူးသလို တစ်ယောက်အပေါ်တစ်ယောက် မည်သည့်ခံစားချက်တွေမှ ရှိမနေကြဘူးဟု သူ ထင်ထားခဲ့သည်။ နောက်ပိုင်းမှ နှစ်ယောက်သားက တိုးတိုးတိတ်တိတ် ချစ်ကျွမ်းဝင်နေခဲ့ကြမှန်း သိခဲ့ရသည်။
ကျောက်ရှီမှာ မင်ကျူး ဝေ့ချီယွီအား ယခုထိတိုင် မေ့မရနိုင်မည်ကို ကြောက်မိသည်။
သူ ဝေ့ချီယွီဆိုသည့် ထိုလူကို အကြိမ်ကြိမ် မြင်ဖူးသည်။ သူ၏စိတ်နေစိတ်ထားက အေးဆေးတည်ငြိမ်ပြီး စကားနည်းသည့် လူပါပေ။ သူသည် မပြည့်စုံသော အညတရမိသားစုမှ ဆင်းသက်လာသော်လည်း ခေါင်းမာခြင်းမရှိသလို၊ စာအုပ်ကြီးအတိုင်း တိကျလွန်းနေသူလည်း မဟုတ်ချေ။ ဆန့်ကျင်ဘက်အနေဖြင့် သူသည် ရည်မှန်းချက်ရော နည်းလမ်းပါရှိသည့် ရာထူးမြင့် ထိုအရာရှိကြီးများနှင့် တူလေ၏။
_
ကံကောင်းထောက်မစွာ မင်ကျူးသည် အိမ်တော်သို့ မိုးစမရွာခင် ပြန်ရောက်သွားခဲ့၏။ မဟုတ်ပါက မိုးတိတ်သည်အထိ စောင့်ပြီးမှ ပြန်သွားရလျှင် သေချာပေါက် သူ(မ)အပြင်ထွက်သည်ကို လူမိသွားလိမ့်မည်မှာ အသေချာသာဖြစ်သည်။
သူ(မ) ပြန်ရောက်လာသည်ကို မြင်လျှင် ပိယင်က : “မမလေး ဒီနေ့လယ်က ဘယ်တွေသွားနေတာလဲ”
မင်ကျူးသည် မျက်နှာတည်တည်ဖြင့် အလိမ်စကားဆိုလိုက်သည်။
“ညီမခုနစ်ရဲ့ခြံဝင်းကို ခဏတဖြုတ် သွားလည်နေတာ”
ပိယင်သည် နည်းနည်းလေးမှ သံသယမဝင်သွားခဲ့ချေ။
“လက်စသတ်တော့ မမလေးက အဲ့ဒီကို ရောက်နေတာကိုး”
မင်ကျူးမှာ ပိယင် ဘာမှ သတိမထားမိသွားသည်ကို တော်ပါသေးရဲ့ဟု တွေးလိုက်မီသည်။ မဟုတ်ပါက သူ(မ) အပြင်ထွက်သွားသည်ကိုသာ ပိယင် သိသွားလျှင် ပြဿနာက တက်တော့မည်ဖြစ်သည်၊ ထိုသတင်းက ကျောက်ရှီနားထဲ ပြန်ရောက်မရောက်ဆိုတာ မည်သူမျှ အာမခံနိုင်မည်မဟုတ်ချေ။
“နင် သွားတော့လေ”
“ဟုတ်ကဲ့”
မင်ကျူးသည် တံခါးနှင့် ပြတင်းများကို ပိတ်လိုက်ပြီး သူ(မ)ရင်ဘက်ထဲ ထည့်ဝှက်လာသော ငွေစက္ကူများကို ထုတ်ကာ ပင်အပ်နှင့် အပ်ချည်အချို့ရှာပြီး သူ(မ)၏အဝတ်အစားများထဲ အကုန်လုံးကို ထည့်ချုပ်ထားလိုက်သည်။
သူ(မ)တစ်ယောက် ငွေများအားလုံးကို ဝှက်ပြီးချိန် နဖူးမှာ ချွေးစို့နေပြီဖြစ်သည်။ သူ(မ)သည် ချွေးများကို သုတ်လိုက်ပြီး သူ(မ)ထွက်လာခဲ့သည့်ရက်များကို လက်ချိုးရေတွက်လိုက်သည်။ ကျောက်ရှီသည် နှစ်သစ်ကူးအကြိုပြီးမှ သူ(မ)ကို အပြင်အ်ိမ်တော်ဆီ ပြန်ခေါ်သွားမည်ဖြစ်သော်လည်း ၃၀ ရက်နေ့မတိုင်မီ ရက်အနည်းငယ်သာကျန်တော့ပြီး ထိုအချိန်သည် သူ(မ)အတွက် စေ့စေ့စပ်စပ်ပြင်ဆင်ရန် မလုံလောက်ချေ။
မင်ကျူးသည် သောကများဖြင့် ခုတင်ပေါ် ပစ်လှဲချလိုက်သည်။ ကျောက်ရှီ သူ(မ)ကို မင်အိမ်တော်တွင် နောက်ထပ်ရက်အနည်းငယ်ကြာ နေထိုင်ခွင့်ပြုရန် သဘောတူအောင် နည်းလမ်းရှာမှ ရတော့မည်ဖြစ်ပြီး မီးပုံးပွဲတော်မတိုင်ခင်အထိ ဆက်နေနိုင်လျှင် အကောင်းဆုံးပင်။
သို့သော် ကျောက်ရှီ သဘောတူပါ့မလားဆိုတာ မင်ကျူးတွင် အာမခံချက် မရှိချေ။ သူသာ တကယ်သဘောမတူခဲ့လျှင် သူ(မ)အနေနှင့် အသနားခံပြပြီး တောင်းပန်ရုံသာ တတ်နိုင်တော့မည်။
ရိုကျိုးလိမ္မာသည့် ကောင်မလေးကဲ့သို့ ပြုမူပြီး သူ့အား စိတ်ကျေနပ်စေအောင် ကြိုးစားပြီး သူ သတိလက်လွတ်ဖြစ်နေသည့်အချိန် အခွင့်ကောင်းယူပြီး လွတ်မြောက်အောင် ထွက်ပြေးရမည်။
မင်ကျူးတစ်ယောက် အခန်းတွင်းရှိ နံ့သာတိုင်ရနံ့ကို ရှူရှိုက်ရင်း အိပ်ပျော်သွားတော့သည်။ ညသန်းခေါင်ယံတွင် တစ်ကိုယ်လုံး မောပန်းနွမ်းနယ်နေပြီး တစ်စွန်းတစ်စအိပ်မက်များကို အဆက်မပြတ် မြင်မက်တော့သည်။ အိမ်မက်ထဲတွင် ကျောက်ရှီ၏ အေးစက်စက်နှင့် အထီးကျန်ဆန်သော နောက်ကျောပြင်ကို သူ(မ)က ငေးကြည့်နေခဲ့၏။
အစမှအဆုံးထိတိုင် သူသည် သူ(မ)ကို အမြဲ ကျောပေးရပ်နေခဲ့သော်လည်း ကြီးစိုးနေသော ဝမ်းနည်းမှုတို့ကိုမူ ဖုံးကွယ်ထား၍မရချေ။
မင်ကျူးသည် ထိုအိပ်မက်များက တကယ့် အိပ်မက်များဟုသာ ခံစားမိသည်၊ အဘယ်ကြောင့်ဆိုသော် သူ(မ)သည် ဤမျှအထိ ကြေကွဲဝမ်းနည်းနေသော ကျောက်ရှီကို တစ်ခါမှ မမြင်ဖူးခဲ့ချေ။ သူ၏ဝိညာဉ်ကို သူ့ထံမှ ဖယ်ထုတ်သွားသည့်အလား သူဟာ အသက်မဲ့နေခဲ့သည်။
နေ့ဘက်တွင် မိမိတွေးနေသည့် အကြောင်းအရာများကို ညအခါတွင် အိပ်မက်အဖြစ် မက်တတ်သည်ဟု ဆိုကြသည်မဟုတ်ပါလား။ သို့သော် မင်ကျူးမှာ နေ့အချိန်တွင် ကျောက်ရှီအကြောင်းကို သိပ်မစဉ်းစားပါဘဲ အဘယ်ကြောင့် ဆယ်ကြိမ်တွင် ကိုးကြိမ်ခန့်က သူ့အကြောင်းချည်း မြင်မက်နေရသလဲကို သူ(မ) မသိပေ။
နောက်တစ်နေ့ မင်ကျူး အိပ်ရာမှနိုးလာချိန် ပိယင်တစ်ယောက် ပြုံးစိစိဖြင့် နွေးနေဆဲဖြစ်သော မုန့်ချိုအိတ်နှစ်ထုပ်ကို ကိုင်ပြီး အခန်းထဲ ဝင်လာ၏။
“မမလေး ဒါက အရှင့်သားရဲ့လူ ဒီမနက်လေးတင် လာပို့ပေးသွားတာပါ၊ မမလေးက အချိုလေးတွေ စားရတာကြိုက်မှန်း သိလို့လေ”
ပြီးခဲ့သည့်အခေါက်တုန်းက ကျောက်ရှီ သူ(မ)အတွက် ဝယ်လာပေးခဲ့သည့် အစာသွပ်မုန့်များကို လွှင့်ပစ်ခိုင်းလိုက်ပြီးကတည်းက သူ ဤသရေစာမုန့်လေးများကို ထပ်မဝယ်ပေးလောက်တော့ဘူးဟု မင်ကျူး ထင်ထားခဲ့ခြင်းပေ။
သူ(မ) စက္ကူအိတ်ကို ဖွင့်ကာ မုန့်တစ်ခုကို ယူပြီး ပါးစပ်ထဲ ထည့်လိုက်သည်။ အကိုက်သေးသေးတစ်ကိုက် ကိုက်မြည်းလိုက်ချိန် အရသာက အချိုအသင့်အတင့်နှင့် လွန်စွာ မအီနေကြောင်း သိလိုက်ရသည်။ နှစ်ခုစားလိုက်ပြီးနောက်တွင် သူ(မ)ဗိုက်က အတော်လေး ပြည့်သွားပြီဖြစ်သည်။
ကျောက်ရှီ၏စိတ်နေသဘောထားက အေးတိအေးစက်နှင့်ဆိုလျှင်တောင် သူသည် သူ(မ)ထံ ဤသို့သော စားစရာများနှင့် အရုပ်သေးသေးလေးများစသည့် အသုံးအဆောင်ပစ္စည်းလေးများအား ပေးရသည်ကို နှစ်သက်သဘောကျ၏။ ယင်းမှာ သူ သူ(မ)အား စိတ်ကျေနပ်အောင် ကြိုးစားနေသည့်ပုံမပေါ်ဘဲ အိမ်မွေးတိရစ္ဆာန်လေးအား စွန့်ကြဲပေးကမ်းနေပုံနှင့် ပိုတူနေ၏။
“ငါ့ရဲ့အစ်မကြီးရော ဒီနှစ်ရက်အတွင်းမှာ ငါ့ကို လာရှာသေးလား”
ပိယင်က ခေါင်းခါကာ : “မရှာပါဘူး”
သူ(မ)က ကျန်သည့်မုန့်အချိုများကို သိမ်းရင်း ထပ်ဖြည့်ဆို၏။
“သူတို့တွေ မမလေးကို ထပ်ပြီးပြဿနာမရှာတော့လို့ပဲ နေမှာ”
ထိုလူများအနေနှင့် အိမ်ရှေ့စံ၏မျက်နှာကိုတော့ ထောက်ဖို့လိုသေးသည်မဟုတ်လား။
မင်ကျူးသည် စိတ်ထဲ အံ့ဩသွားမိ၏။ သူ(မ)၏တိအစ်မကြီးသည် သူ(မ)ကို အနိုင်ကျင့်ရဖို့အရေးဆို မည်သည့်အခွင့်အရေးကိုမျှ လက်လွှတ်မခံသူဖြစ်သည်။ ဤသို့တည်ငြိမ်နေပုံမျိုးက နည်းနည်းလေးမှ ပုံမှန်မဟုတ်နေချေ။
နေ့လယ်စာစားချိန်အရောက်တွင် သူ(မ) ငြိမ်ချက်သားကောင်းနေရသည့်အကြောင်းအရင်းမှန်ကို မင်ကျူး သိလိုက်ရတော့သည်။
ဤရက်များတွင် မင်ရူသည် သူ(မ)၏မင်္ဂလာဝတ်စုံကို ကူပြင်ဆင်ပေးရန် အိမ်တော်သို့ ရောက်နေသော ပန်းထိုးသမကို ဟိုဟိုသည်သည်လှည့်ပတ်အမိန့်ပေးခိုင်းစေရင်းဖြင့် အလုပ်များနေသောကြောင့် သူ(မ)ကို ပြဿနာလာရှာရန် အချိန်ရှိမနေတော့ခြင်းဖြစ်နေ၏။
မင်ကျူး အနည်းငယ် သိချင်မိသွားသည်။ လက်ထပ်အမိန့်ပြားကို ယခုထိတိုင် မင်အိမ်တော်သို့ မပို့ကြသေးချေ၊ ဘာကြောင့်များ မင်ရူတစ်ယောက် အဲ့ဒီအချိန်ခဏလေးကိုတောင် မစောင့်နိုင်ဘဲ ကပျာကယာတွေ ဖြစ်နေရတာလဲ။ ပြောင်ဘွင်းစွာ ပြောရပါလျှင် ရှန်းယန်မင်းသမီးသည် ဆဲ့ဖေးအလောင်းအလျာဖြစ်သည့် မင်ရူကို သည်းမခံနိုင်လိမ့်မည်မဟုတ်၊ မင်းသမီးသာ မင်ရူကို လက်မထပ်ဖို့ပြောလိုက်လျှင် အိမ်ရှေ့စံသည် သူ၏ချစ်ရသူအတွက် အမှန်တကယ်ပဲ မင်ရူကို လက်ထပ်လောက်တော့မည်မဟုတ်ပေ။
သို့သော် ဤကိစ္စများကား သူ(မ)နှင့် နည်းနည်းမျှ မဆိုင်ပေ။
မင်ကျူးသည် ခြံဝင်းထဲတွင်သာ အေးအေးလူလူဖြင့် နှစ်ရက်လောက် အောင်းနေခဲ့သည်။ တစ်နေ့တွင် ကျောက်ရှီသည် သူ(မ)ထံ တိတ်တဆိတ်ရောက်လာပြန်၏။ သူသည် သူ(မ)၏အိပ်ခန်းကို သူ့အိမ်အဖြစ် သဘောထားလေသလားမသိ၊ စိတ်ရှိသလို ဝင်ထွက်သွားလာနေ၏။
မင်မိသားစုမှလူများသည် ဘာမှမသိဟန် ဆောင်ထားကြသော်လည်း မင်ရူတစ်ယောက်သည်တော့ မခံမရပ်နိုင်ဖြစ်ကာ အမျက်ချောင်းချောင်းထွက်နေ၏။ သူ့အမေသည် ခက်ခက်ခဲခဲဖြင့် သူ(မ)ကို စိတ်အေးအေးထားရန် ဖျောင်းဖျရသည်။
“ကိုယ့်ဒေါသကိုယ် မထိန်းထားနိုင်ဘူးလား၊ သမီးအနေနဲ့ ရေရှည်ကို ကြည့်မှရမယ်လေ မင်ကျူးရဲ့အဆင့်က ဘာလဲ သမီးရဲ့အဆင့်အတန်က ဘယ်လိုလဲဆိုတာ၊ အရှင့်သားအိမ်ရှေ့စံ အဲ့ဒီကောင်မလေးကို ဘယ်လိုမှတ်ယူထားလဲဆိုတာ ငါ့သမီး နားမလည်ဘူးလား၊ ဘာမှပူပန်နေစရာမလိုဘူး သမီးပိုင်ဆိုင်ရမဲ့အားလုံး သမီးပဲ ပိုင်ရမှာပါ”
မင်ရူသည် ခြေဆောင့်ကာဖြင့် : “အမေရယ် သမီးစိတ်ထဲ တော်တော်အဆင်မပြေနေဘူး”
“ဘယ်လိုအခြေအနေမျိုးမှာမဆို စိတ်ကို ငြိမ်ငြိမ်ထားရမယ်”
“အင်းပါ သမီး နားလည်ပါပြီ”
_
ကျောက်ရှီသည် အသံတိတ် လမ်းလျှောက်လာ၏။ သူ အခန်းထဲသို့ ဝင်လာချိန် မင်ကျူးက ရေမွှေးဆပ်ပြာခဲဖြင့် ခေါင်းလျှော်ပြီးကာစဖြစ်၍ ညောင်စောင်းပေါ် လှဲလျောင်းပြီး ပိယင်ကို ဆံပင်များ သုတ်ထားစေ၏။
သူ(မ)က လက်ထဲ စာအုပ်ကိုင်ထားပြီး နှစ်ကြောင်းလောက် ဖတ်ပြီးချိန်တွင် ဆက်ပြီးဖတ်လို့မရတော့ချေ။
သူ(မ)က : “ပိယင် ပြတင်းပေါက်တွေ သွားဖွင့်ထားလိုက် ငါ့ဆံပင်တွေ နေရောင်နဲ့ပဲ ခြောက်သွားလိုက်ပါစေ”
ပိယင်သည် သူ(မ)၏သခင်မလေးစကားအတိုင်း ပြတင်းတံခါးများကို ဖွင့်ပေးလိုက်သည်။ ကျနေရောင်ခြည်က သူ(မ)၏နူးနူးညံ့ညံ့ဆံနွယ်များကို အနွေးဓာတ်ပေးလေ၏။ အစောပိုင်းတွင် အခန်းက အလွန်ပူပြီး ကျဉ်းကြပ်သည်ဟု ခံစားရသည်ကြောင့် မင်ကျူးသည် အပြင်အဝတ်ကို ချွတ်ထားခဲ့လိုက်သည်။ ယခုအခါတွင် သူ(မ)သည် ပါးကြည်လွှာသော ရင်ဘက်အပေါ်တွင် ဖြတ်ထားသည့် ဂါဝန်ရှည်ကိုသာ ၀တ်ဆင်ထား၏။ လက်နှစ်ဖက်ဖြင့် ဆုပ်ကိုင်လို့ရသည့် ခါးသွယ်လေးက ကျက်သရေရှိတင့်တယ်ပြီး သူ(မ)၏ပုံရိပ်ကို သွယ်လျပျော့ပျောင်းနေစေ၏။
ကျောက်ရှီ သူ(မ)ထံ လျှောက်သွားချိန် မင်ကျူးသည် စက္ကန့်အနည်းငယ်မျှ ကြောင်အမ်းသွားပြီး အလျင်စလို ညောင်စောင်းမှ ထရပ်လိုက်သည်။
သူ(မ)၏ပုံစံက အနည်းငယ် ထိတ်ထိတ်ပျာပျာဖြင့် : “ရှင် ဒီနေ့ ဘယ်လိုလုပ်ပြီး ထပ်ရောက်လာပြန်တာလဲ”
ကျောက်ရှီက သူ(မ)ကို စေ့စေ့စိုက်ကြည့်ပြီး ပြန်မေးလာ၏။
“ကိုယ် လာလို့မရဘူးလား”
မင်ကျူးသည် စိတ်ထဲကနေ ခေါင်းညိတ်ပြလိုက်သော်ငြား ထိုစကားများကို အပြင်တွင်တော့ ထုတ်မပြောဝံ့ချေ။ သူ(မ)သည် လက်ကို မြှောက်ကာ ဆံပင်နှင့် အင်္ကျီကော်လာကို ပြင်လိုက်ပြီးနောက် ခေါင်းငုံ့လိုက်ချိန် လက်ရှိသူ(မ)ဝတ်ထားသည့် အဝတ်အစားများက သိပ်ပြီး မသင့်လျော်သည်ကို တွေ့လိုက်ရသည်။ ပိယင်ကို အဝတ်အစားများ ယူလာခိုင်းရန် ကြံလိုက်သော်ငြား သူ(မ)သည် ဘယ်ရောက်လို့ဘယ်ပျောက်သွားမှန်းပင် မသိတော့ချေ။
ကျောက်ရှီက သူ(မ)ကို တိတ်တဆိတ် သူ့ထံ ဆွဲသွင်းလိုက်ပြီး သူ(မ)အတွက် ခါးချည်ကြိုးကို ချည်ပေးရင်း : “မင်းကို လာတွေ့တာ”
မင်ကျူးသည် ထိုစကားကြားချိန် မနေနိုင်အောင် ခေါင်းငုံ့ထားလိုက်မိသည်။
ကျောက်ရှီသည် ရုတ်တရက် အင်္ကျီလက်စအောက်မှ မျက်နှာချေဘူးကို ထုတ်လာပြီး ခပ်တိုးတိုး ဆို၏။
“ခေါင်းမော့”
မင်ကျူး ဇဝေဇဝါဖြစ်စွာ ခေါင်းမော့လိုက်ချိန် သူသည် သူ(မ)မေးကို ညင်သာစွာ ကိုင်လိုက်ပြီး မျက်ဝန်းများက သူ(မ)နှုတ်ခမ်းကိုသာ တည့်တည့်စူးစိုက်ကြည့်လာ၏။
မင်ကျူးသည် အနည်းငယ် ရုန်းကန်လိုက်မိသည်။
ကျောက်ရှီက တည်ငြိမ်စွာနှင့် : “မလှုပ်နဲ့”
သူသည် မျက်နှာချေဘူးကို ဖွင့်ကာ လက်ချောင်းထိပ်လေးဖြင့် မယုတ်လွန်းမလျော့လွန်းသောအားနှင့် သူ(မ)နှုတ်ခမ်းထက် နှုတ်ခမ်းဆိုးဆေးကို လိမ်းကျံပေးလာ၏။
မင်ကျူးမှာ ရင်ဖိုရလွန်းသဖြင့် လက်ချောင်းများကို တင်းတင်းဆုပ်ထားမိသည်။
ကျောက်ရှီ၏လက်ချောင်းများက အလွန်အေးစိမ့်နေသော်လည်း ထပ်ခါတလဲလဲ လှုပ်ရှားမှုများက သူ(မ)ကို နည်းနည်းလေးမှ မနာကျင်စေခဲ့ပေ။
နှုတ်ခမ်းဆိုးဆေးကို စိတ်ပါဝင်စားစွာနှင့် လိမ်းကျံပေးပြီးနောက်တွင် သူသည် သူ(မ)၏နီနီရဲရဲနှုတ်ခမ်းစိုစိုကို နှစ်ထောင်းအားရစွာ စိုက်ကြည့်ပြီး မေးလာ၏။
“အရင်ရက်က အပြင်ထွက်သေးတယ်မလား”