အပိုင်း (၀၁၅)
ညဉ့်နက်သန်းခေါင်ကျော်သည်အထိ ကျောက်ရှီသည် စာကြည့်ခန်းထဲတွင်သာ ဖြစ်သည်။ သူသည် လက်တင်ကုလားထိုင်ပေါ် စိတ်လွတ်ကိုယ်လွတ် မှီလှဲနေပြီး လက်ချောင်းများက နာကျင်ကိုက်ခဲနေသည့် နားထင်ကို ညင်ညင်သာသာ ပွတ်နေ၏။
သူ့မှာ ဒေါသထွက်လွန်းရသဖြင့် လုံးလုံး အိပ်လို့ပင်မရချေ။
မင်အိမ်တော်တွင် ကျောက်ရှီသည် သူ၏ဒေါသကို တော်တော်လေး ဖိနှိပ်ထားခဲ့ပြီးဖြစ်သည်။ သူ၏အကျင့်စရိုက်အရဆို ဤသို့သော ကိစ္စမျိုးကို လုံးဝ သည်းခံနေမည်မဟုတ်ပြီး လှည်းပေါ်မှာကတည်းက သူ(မ)အရှေ့တွင် ထိုယွီကွမ်းကို ရိုက်ခွဲပစ်ချင်နေခြင်းဖြစ်သည်။
နောက်ဆုံးအခိုက်အတန့်တွင်မှ သူ ပေါက်ကွဲမထွက်ပြဖြစ်ခြင်းပင်။ မင်ကျူးသည် မူလကတည်းက အလွန်သတ္တိရှိလွန်းသူမဟုတ်၊ သူသာ သူ(မ)အရှေ့တွင် အမှန်တကယ် ပေါက်ကွဲပြလိုက်လျှင် အမျိုးသမီးငယ်လေးသည် ကြောက်လန့်လွန်ပြီး တစ်ဖန် နာမကျန်းဖြစ်ပြန်အုံးမည်ဖြစ်သည်။
ကျောက်ရှီ မင်ကျူးအပေါ် ဒေါသထွက်ခဲ့သည့် တစ်ခုတည်းသော အချိန်မှာ အတော်ပင် ကြာသွားခဲ့ပြီဖြစ်သည်။ ထိုအချိန်က သူ(မ)သည် အိမ်တော်သို့ ဝင်ရောက်ကာစဖြစ်ပြီး အတွေ့အကြုံမရှိကာ နုံအနေသေးဆဲ၊ သူ(မ)က သူသည် အများကပြောသလို အရူးလုပ်ရလွယ်သည်ဟု ထင်မှတ်နေခဲ့၏။ ထို့ကြောင့် သူ(မ)သည် မာနကို ခဝါချကာ သူ့အား ညင်ညင်သာသာ ပြောဆိုဆက်ဆံပြီး သူ၏တံဆိပ်ပြားကို တိတ်တိတ်လေး ခိုးယူထားခဲ့ပြီးနောက် သူ ညီလာခံတက်နေစဉ် သူ(မ)၏အစေခံမကို ခေါ်ပြီး အတင့်ရဲစွာ ထွက်ပြေးသွားခဲ့သည်။
မင်ကျူးသည်လည်း အတော်လေး ဉာဏ်ကောင်းသည်ပေ။ ထွက်ပြေးသည့်အချိန် သူ(မ)ကိုယ်သူ(မ) စုတ်စုတ်ပြတ်ပြတ် ဝတ်စားရမည်ကို သိနေ၏။ ကျောက်ရှီနှင့် သူ့လူများ သူ(မ)ကို ပြန်ဖမ်းမိခဲ့စဉ်က သူ(မ)သည် မြို့တံခါးမှ ထွက်သွားရန်ပင် ဟန်ပြင်နေပြီဖြစ်သည်။
စကားတစ်ခွန်းမဆိုဘဲ ကျောက်ရှီသည် သူ(မ)ကို လှည်းထဲသို့ ပစ်ထည့်ခေါ်ဆောင်သွားပြီးနောက် အေးစက်စွာဖြင့် ခုတင်ပေါ် ပစ်တင်လိုက်သည်။
သူ(မ)က ကြောက်လန့်တကြား နောက်တွန့်သွားခဲ့သည်။
ကျောက်ရှီသည် သူ(မ)၏ သူ့အား ရှောင်တိမ်းလိုသော လှုပ်ရှားမှုများကို မြင်သည်နှင့် မူလကတည်းက ကြီးထွားနေသော ဒေါသက ပို၍ပြင်းထန်လာတော့သည်။ သူသည် ခြေကျင်းဝတ်ကို ဖမ်းဆုပ်ပြီး သူ(မ)ကို ဆွဲထုတ်ကာ စကားတစ်ခွန်းနှစ်ခွန်းဖြင့် ခြိမ်းခြောက်ပေးလိုက်သည်။
ထို့နောက် သူ(မ)သည် သူ့အား မခုခံနိုင်တော့သည်အထိ ကြောက်လန့်လွန်းသွားခဲ့ပြီး နောက်တစ်နေ့တွင် အဖျားကြီးပြီး လဝက်တိုင် ဖျားနာနေခဲ့တော့သည်။
ကျောက်ရှီသည် စိတ်ကို လျှော့ပြီး စာလုံးအနည်းငယ် ချရေးနေလိုက်သည်။ သူ တစ်ဖန် မော့ကြည့်လိုက်ချိန်တွင် ပြတင်းတံခါးအပြင်ဘက်မှ ကောင်းကင်သည် လင်းချင်းနေပြီးဖြစ်သည်။
သူသည် အဝတ်အစားလဲပြီး နှစ်သစ်ကူးနှုတ်ဆက်ဂါရဝပြုရန် နန်းတော်သို့ ထွက်လာခဲ့လိုက်သည်။
ရှန့်လင်သည် ဤရက်များအတွင်း နန်းတော်တွင်သာ နေထိုင်နေပြီး ဖူရှို့နန်းဆောင်သို့ ဂါရဝပြုရန် မနက်စောစော ထွက်လာလိုက်သည်။ သူ(မ)၏အဓိကရည်ရွယ်ချက်က ကျောက်ရှီအတွက်မှလွဲ၍ အခြားမရှိနိုင်တော့ချေ။
ရှေ့ရက်က ရှန့်လင်သည် သူ(မ)၏လူများအား ကျောက်ရှီအပြင်ဆောင်တွင် ထားထားသည့် မိန်းကလေး၏နောက်ခံအကြောင်းကို စုံစမ်းခိုင်းထားခဲ့ပြီး ယနေ့မနက်တွင်မှ သတင်းရလာ၏။
“ကျင့်ကျူ၊ ဒီငယ်သားက အဲ့ဒီမိန်းကလေးရဲ့နောက်ခံကို စုံစမ်းလို့ရခဲ့ပါပြီ”
ရှန့်လင်၏မျက်လုံးများသည် ကျဉ်းမြောင်းသွားပြီး : “ငါ့ကို လျှောက်တင်စမ်း”
“ကျွန်တော်မျိုး သတင်းကြားခဲ့တာ သူက မင်းမိသားစုရဲ့ ရှုသမီးဖြစ်ပြီး မင်ကျူးလို့ ခေါ်ပါတယ်၊ အမေဖြစ်သူက ဆောင်ကြာမြိုင်က လာပြီး နောက်ပိုင်းမှ ပြန်အရွေးခံထားရတဲ့ ပြည်ကြီးဒါလီတစ်ဦးပါ၊ သူ့အဖေကတော့ ထုံးတမ်းရေးရာဝန်ကြီးပါ”
ထိုလူက ဆက်ဆို၏။
“ဒီမင်မိန်းကလေးက သူ့အမေဆီကနေ ပရိယာယ်တွေအများကြီး အမွေရထားတဲ့ပုံပါပဲ၊ အိမ်ရှေ့စံမင်းသားက သူ့ကို တစ်ကြိမ်တည်းသာ တွေ့ပြီး အိမ်တော်ကို ခေါ်သွင်းထားခဲ့တာပါ”
ရှန့်လင်သည် ထိုစကားများကြားသည်နှင့် အမျက်ချောင်းချောင်း ထွက်တော့သည်။ သူ(မ)က လက်ထဲမှ ရေနွေးခွက်ကို စားပွဲပေါ် ခပ်ကြမ်းကြမ်း ရိုက်ချလိုက်ပြီး လက်ဖက်ရည်များက နေရာအနှံ့ စင်ထွက်ကုန်၏။ သူ(မ)က အေးတိအေးစင့်ဖြင့် : “ထိုက်ကျစ်ကောကော မမြင်ဖူးတဲ့ ပရိယာယ်ဆိုတာ ဘယ်မှာ ရှိမလဲ၊ ဒီမိန်းကလေးက အဲ့ဒီလောက် မရိုးရှင်းနေလောက်ဘူး”
သူ(မ)၏လူယုံသည် ချိတုံချတုံဖြစ်လျက် ဆက်ဆို၏။
“ကျင့်ကျူပြောတာ အကျိုးအကြောင်းသင့်ပါတယ်၊ ဒီငယ်သား ကြားရခဲ့သလောက် မင်မိန်းကလေးရဲ့ရုပ်ရည်သွင်ပြင်က ယန်ကျိုးက အကောင်းဆုံး ပြည်ကြီးဒါလီတွေလောက်တောင် အဆင့်မရှိပါဘူးတဲ့”
ရှန့်လင်က : “သူ အခု ဘယ်မှာလဲ”
“သူက နှစ်သစ်ကူးအတွက်ဆိုပြီး မင်အိမ်တော်ကို ပြန်သွားပါတယ်”
ရှန့်လင်သည် အေးစက်စွာ ရယ်လိုက်သည်။
“ငါ သိပြီ၊ မင်း သွားတော့”
နှစ်သစ်ကူးပြီးသည်နှင့် ရှန့်လင် ထိုဉာဏ်နီဉာဏ်နက်များသည့် မင်ကျူးဆိုသည့် မိန်းကလေးကို ကိုယ်တိုင်ကိုယ်ကျ သွားတွေ့ဖြစ်အောင်တွေ့အုံးမည်။ အလှတရားဖြင့် စွဲဆောင်လို့မရသည့် အိမ်ရှေ့စံကို ဖမ်းစားထားနိုင်လောက်သည်အထိ ထိုမိန်းကလေး နတ်သမီးတမျှ လှပနေသလားကို သူ(မ) သေချာပေါက် ကြည့်ချင်မိသည်ပေ။
ကျင့်ကျူတစ်ယောက် အလွန်ဒေါသထွက်နေသည်ကို မြင်ပြီး သူ(မ)၏အစေခံသည် သူ(မ)ကို နှစ်သိမ့်ပေးရန်အလို့ငှာ ရှေ့သို့တိုးသွားလိုက်သည်။
“ကျင့်ကျူ၊ အဲ့ဒီမိန်းကလေးကို သွားပြီး အာရုံစိုက်နေဖို့မလိုပါဘူး၊ ကျွန်တော်မျိုးမ မြင်ရသလောက်ဆို သူက အရှင့်သားအိမ်ရှေ့စံ အပျင်းပြေစေဖို့ အလုပ်ကျွေးပြုရတဲ့ ယာယီသာသာပါပဲ၊ ကျင့်ကျူ ဝင်ပါလိုက်ကာမှ အရှင့်သား မပျော်မရွှင်ဖြစ်သွားမှာ စိုးရတယ်”
ရှန့်လင်၏မျက်နှာသည် အေးစက်သုန်မှုန်နေဆဲ။
“နင် ဘာမှနားမလည်ပါဘူး၊ ထိုက်ကျစ်ကောကောက အဲ့လိုအပျော်အပါးလိုက်စားရတာကို ကြိုက်တဲ့လူစားမျိုး လုံးဝမဟုတ်ဘူး”
သူ့နှလုံးသား အမှန်တကယ် လှုပ်ရှားသွားခြင်းလည်း ဖြစ်ကောင်းဖြစ်နိုင်၏။
ရှန့်လင်၏စရိုက်သည် အမေဖြစ်သူနှင့် တထေရာတည်း၊ သူ(မ)သည် ဇွတ်တရွတ်နိုင်ပြီး မော်ကြွားပလွှားကာ သံသယစိတ်လွန်ကဲပြီး ခက်ထန်ကြမ်းတမ်းသူဖြစ်သည်။ ကျောက်ရှီ သူ(မ)ကို မချစ်နိုင်လျှင်တောင် သူ(မ)အနေနှင့် သူ၏ဇနီးမယားကောင်းတစ်ယောက်အဖြစ် နေပေးနိုင်သော်လည်း သူ အမှန်တကယ် ချစ်မြတ်နိုးနေသည့် လူကိုတော့ ဘယ်သောအခါမှ လက်ခံမည်မဟုတ်ပေ။
“ဒီတိုင်း အဆင့်မရှိနိမ့်ပါးတဲ့ မိန်းကလေးသာသာကိုများ ငါ ဘာလို့ မရှင်းထုတ်နိုင်ရမှာလဲ”
အစေခံမလေးသည် သူ၏သခင်ကို ဆက်ပြီး မဖျောင်းဖျဝံ့တော့ပေ။
ရှန့်လင်သည် ဉာဏ်ပြေးသူဖြစ်၍ အိမ်ရှေ့စံ ထိုမိန်းကလေးကို လုံးလုံး ရိုးအီမသွားသေးခင်အထိ သူ(မ) သူ့ကို အမှန်တကယ် ဘာမှလုပ်အုံးမည်မဟုတ်ချေ။ သို့သော် သူ(မ)သည် မြင့်မြတ်ခြင်းနှင့် နိမ့်ပါးခြင်း၏အဓိပ္ပါယ်ကို မင်ကျူးနားလည်အောင် သေချာပေါက် ပြသရမည်ဖြစ်ပြီး သို့မှသာ မိမိအဆင့်မိမိ သေချာပေါက် နားလည်သွားလိမ့်မည်ဖြစ်သည်။
ဘေးမှ အစေခံမလေးသည် ကျင့်ကျူ၏မျက်နှာထက်မှ ရက်စက်သောအကြည့်တို့ကို မြင်ပြီး တိတ်တဆိတ် ချွေးပြန်နေတော့သည်။
ရှန့်လင်တစ်ယောက် တစ်နာရီတိုင်တိုင် လက်ဖက်ရည်သောက်ရင်း အချိန်ကုန်နေစေစဉ်တွင် ကျောက်ရှီသည် နောက်ဆုံးတော့ သူ၏အဖွားကို ဂါဝရပြုရန် ဖူရှို့နန်းဆောင်သို့ ရောက်လာ၏။
သူသည် မင်္ဂလာစကားအနည်းငယ် ဆိုပြီးနောက် ခဏတဖြုတ် ထိုင်နေပေးခဲ့သည်။ သူ ပြန်ရန်ဟန်ပြင်သည့်အချိန်တွင်တော့ ရှန့်လင်တစ်ယောက် သူ့ကို အတင်းဆွဲထားတော့သည်။
ကျောက်ရှီအရှေ့တွင်မူ ကျင့်ကျူသည် အခြားလူတစ်ယောက် ဖြစ်သွားသကဲ့သို့ပင်၊ သူ(မ)သည် တောက်ပစွာ ပြုံးနေပြီး အလွန်ချစ်စဖွယ် ကောင်းနေတော့သည်။
“ထိုက်ကျစ်ကောကော၊ မနေ့ညက ညီမလေး အစ်ကိုတော်ဆီကနေ စာအိတ်နီတောင်းဖို့ အခွင့်အရေးမရလိုက်ဘူး ဒီနေ့တော့ အစ်ကိုတော် ဘယ်မှပြေးမယ် မကြံနဲ့တော့”
ယနေ့တွင် သူ(မ)သည် နီနီရဲရဲဝတ်စုံကို ရွေးချယ်ဝတ်ဆင်ထားပြီး ရွှေဝါရောင်နေရောင်ခြည်အောက် ရပ်နေသည့်အချိန် သူ(မ)၏သွင်ပြင်က စွဲမက်ဖွယ်ကောင်းနေတော့သည်။ သူ(မ)က သူ့ထံသို့ လက်ဖြန့်ထုတ်ပေးလာ၏။
ကျောက်ရှီသည် သူ့အနောက်မှ ကိုယ်ရံတော်တစ်ဦးကို အချက်လှမ်းပြလိုက်ပြီး ရုတ်တရက် ပိုက်ဆံအိတ်သေးသေးလေးက ရှန့်လင်၏လက်ထဲ ရောက်လာ၏။
ရှန့်လင်သည် ဤအသေးအမွှားငွေပမာဏလေးကို အမှန်တကယ် လိုချင်နေခြင်းမဟုတ်ပေ။ သူ(မ)အမူအရာသည် တောင့်တင်းသွားပြီး ပိုက်ဆံအိတ်ကို လက်ခံယူပြီးနောက် : “ညီမလေး နန်းတော်ထဲမှာပဲ တစ်ချိန်လုံး နေနေရတော့ ပျင်းလှပြီ ထိုက်ကျစ်ကောကော ညီမလေးကို မြင်းစီးလို့ရအောင် ခေါ်သွားပေးပါလား”
ကျောက်ရှီသည် ဟက်ဟက်ပက်ပက်မရှိစွာဖြင့် : “ကျင့်ကျူ တကယ် မြင်းစီးချင်နေတာဆိုရင်တော့ အစ်ကိုတော် မင်းကို မြင်းစီးကွင်းဆီ ပို့ဆောင်ပေးဖို့ လက်ထောက်အရာရှိကို ခိုင်းလိုက်မယ်”
ရှန့်လင်တစ်ယောက် ဟန်ဆောင်ပန်ဆောင်ပင် ပြုံးမနိုင်တော့ချေ။ သို့သော် သူ(မ)ကလည်း အငြင်းခံနေရသည့်တိုင် နောက်တွန့်မသွားသည်အထိ အရည်ထူလွန်းလှသည်။
“ထိုက်ကျစ်ကောကောက အလုပ်များနေလို့လား”
“အင်း”
“ဒါဆိုလည်း လင်အာကပဲ အစ်ကိုတော် အားတဲ့အထိ စောင့်လိုက်ပါ့မယ်၊ အဲ့ဒီအခါကျမှဆိုလည်း အရမ်းနောက်ကျနေမှာမဟုတ်ပါဘူး”
ရှန့်လင်သည် ဂုဏ်ဝင့်စွာ ခေါင်းလေးမော့လာပြီး မိမိကိုယ်မိမိ ကျေနပ်အားရနေဟန်ဖြင့် ဆိုလာ၏။
“ဖေဖေကတောင် ညီမလေးရဲ့မြင်းစီးစွမ်းရည်ကို ချီးကျူးနေတာနော်၊ အချိန်ကျလာရင် ညီမလေးကို သေချာပေါက် အစ်ကိုတော် အထင်ကြီးသွားလိမ့်မယ် ပြီးရင် ညီမလေးတို့နှစ်ယောက် ပြိုင်ပွဲကောင်းကောင်းလေးတစ်ပွဲ ယှဉ်ပြိုင်ကြတာပေါ့”
ရှန့်လင်သည် သူ(မ)ကိုယ်သူ(မ) ကောင်းကင်ဘုံ၏အချစ်ခံသမီးကညာတော်အဖြစ် မှတ်ယူထားပြီး အနုပညာခြောက်ရပ်အားလုံးကို ကျွမ်းကျင်တတ်မြောက်သည့်အပြင် မိမိကိုယ်မိမိဘဝင်ခိုက်ရလောက်သည့်၊ ပလွှားရလောက်သည့် ကြွယ်ဝမှုကိုလည်း ပိုင်ဆိုင်ထား၏။ သူ(မ) ရှန်းယန်တွင် နေစဉ်က သူ(မ)အစ်ကိုတော်ထံမှနေ ကျောက်ရှီသည် စာပေရေးရာ၌ ထက်မြက်ရုံသည်သာမက စစ်သူကြီးပင် ရှုံးရလောက်သည်အထိ မြင်းစီးအတတ်၌လည်း ကျွမ်းကျင်သူဟု ကြားထားခဲ့သည်။
ရှန့်လင် သူနှင့် တစ်ပွဲတစ်လမ်းယှဉ်ပြိုင်ချင်နေခဲ့သည်မှာ ကြာလှပြီဖြစ်သည်။ သူ(မ)သာ သူ့ကို အနိုင်ယူနိုင်လျှင် သူ့အနေနှင့် သူ(မ)ကို အထင်ကြီးကောင်းကြီးသွားနိုင်သည်မဟုတ်ပါလား။
ကျောက်ရှီ သူ(မ)ကို အမှန်တကယ် သဘောမကျသည်ဟုတော့ သူ(မ) မယုံချင်ပေ။
ကျောက်ရှီ၏မျက်နှာအမူအရာသည် တည်ငြိမ်နေလျက်ဖြင့်ပင်။
“အစ်ကိုတော်က မြင်းစီးမြှားပစ်အတတ်မှာ မတော်တာမလို့ ကျင့်ကျူရဲ့ပြိုင်ဘက်မဖြစ်မှာ စိုးရတယ်”
“ကိုယ့်ကိုယ်ကိုယ် နှိမ့်ချနေစရာမလိုပါဘူး ထိုက်ကျစ်ကောကောရဲ့”
ရှန့်လင်သည် ကျောက်ရှီမျက်နှာထက်မှ အေးတိအေးစက်အကြည့်ကို ကြည့်ပြီး ဒေါသမထွက်ဘဲ မနေနိုင်အောင် ဖြစ်ရတော့သည်။
သူတို့နှစ်ယောက် စကားပြောရင်း စင်္ကြန်လမ်းတစ်ခုကို ဖြတ်သွားပြီးနောက် သူ(မ)အား အဖော်ပြုပေးရန် လုံးလုံး အစီအစဉ်ရှိပုံမရသည့် ကျောက်ရှီသည် လမ်းချိုးချိုးပြီး ထွက်သွားတော့သည်။
သူ၏ကျောပြင်ကို ကြည့်ပြီး ရှန့်လင်သည် ဒေါသထွက်ခြင်း၊ ဝမ်းနည်းရခြင်းနှင့်အတူ ခြေဆောင့်တော့သည်။
သူ(မ)နန်းဆောင်သို့ ပြန်ရောက်သည်နှင့် တွေ့သမျှပစ္စည်းအကုန် လွှင့်ပစ်ရိုက်ခွဲတော့သည်။ အစေခံများမှာလည်း ဝင်တားချင်လျှင်တောင် သူတို့သခင်သူတို့ မတားနိုင်ကြချေ။
စဉ့်အိုးအများအပြား အစိတ်စိတ်အမွှာမွှာ ကွဲကြေပြီး နောက်ဆုံး ပစ္စည်းများ ခွဲလို့ ပင်ပန်းလာသည့်အခါတွင်မှ သူ(မ)သည် ရပ်တန့်သွားတော့သည်။
အခန်းထဲမှ အရှုပ်တော်ပုံကို ရှင်းလင်းပြီးသည်နှင့် သူ(မ)၏အနီးကပ်အစေခံမလေးသည် မနေနိုင်ဘဲ သူ(မ)ကို အကြံပေးမိတော့သည်။
“ကျင့်ကျူ ဒေါသထွက်မနေပါနဲ့၊ နောက်ရက်အနည်းငယ်ဆိုရင်ပဲ ရှန်းယန်မြို့ကို လက်ထပ်အမိန့်ပြား ပို့ကြတော့မှာလေ အနှေးနဲ့အမြန် ကျင့်ကျူးက ထိုက်ကျစ်ဖေးဖြစ်လာတော့မှာပါ”
နန်းတော်မှ လူများသည် နေ့ကောင်းရက်သာကို တွက်ချက်ပြီး မင်္ဂလာပွဲအတွက် ရက်မြတ်ကို သတ်မှတ်ထားကြပြီးပြီဖြစ်သည်။ ယခုတွင် လက်ထပ်ပွဲကို ချီးမြှင့်သော နန်းအမိန့်ပြန်တမ်းသည် အမြန်ဆုံးသော ခြေလျင်တော်မြင်းများဖြင့် ရှန်းယန်မြို့သို့ သွားရာလမ်းတွင် ရောက်နေပြီးဖြစ်သည်။ အမိန့်ပြန်တမ်းကို ကြေညာပြီးသည်နှင့် ဘာမှထွေထွေထူးထူး ပြောင်းလဲသွားတော့မည် မဟုတ်ချေ။
သို့သော် ရှန့်လင်မှာ ဒေါသထွက်နေရဆဲ။
အစေခံမလေးက သူ(မ)ကို ဆက်လက်အကြံပေး၏။
“ကျင့်ကျူ အဲ့ဒီလို တွေးကြည့်လိုက်၊ နောက်မှ အရှင့်သားအိမ်ရှေ့စံက မင်မိန်းကလေးကို ဘွဲ့တစ်ခု ချီးမြှင်မယ်ဆိုရင်တောင် ကျင့်ကျူရဲ့အထက်ထိ ဒီမိန်းကလေး မကျော်တက်နိုင်ပါဘူး ကျင့်ကျူမျက်နှာကို ကြည့်ပြီးပဲ သူ နေရမှာ၊ သူ အရှင့်သားရဲ့အပယ်ခံဘဝရောက်ပြီဆိုတာနဲ့ ကျင့်ကျူ သူ့ကို လုပ်ချင်သလိုလုပ်လို့ရပြီလေ”
ရှန့်လင်သည် အံတကြိတ်ကြိတ်ဖြင့် : “ငါ သူ့ကို လွယ်လွယ်လွှတ်ပေးမှာမဟုတ်ဘူး”
သူ(မ)သည် အသက်ပြင်းပြင်းတစ်ချက် ရှိုက်လိုက်ပြီး ထိုသို့တွေးလိုက်သည်က သူ(မ)၏စိတ်နှလုံးကို အနည်းငယ် သက်သွာရာရသွားစေ၏။
“နင်ပြောတာ ကျိုးကြောင်းသင့်တယ်၊ ငါတို့ရှေ့ဆက်လျှောက်ရမဲ့လမ်းက အရှည်ကြီး ကျန်သေးတယ်”
“ကျင့်ကျူလည်းပဲ ဒီလိုတွေးမိရင် ကောင်းလှပါပြီ”
မင်ကျူး ကျောက်ရှီကို အမျက်ထွက်စေပြီးကတည်းက သူ(မ)သည် မည်သည့်စိတ်ပိုင်းဆိုင်ရာဝန်ထုပ်ဝန်ပိုးကိုမျှ ခံစားမနေဘဲ နှစ်တစ်နှစ်၏ပထမဆုံးနေ့ကဲ့သို့သော နေ့ရက်ကောင်းမျိုးတွင် သူ(မ)သည် ထမင်းတစ်ပန်းကန်အပိုပင် စားလိုက်သေး၏။
မင်မိသားစု၏ တတိယသခင်ကြီးသည် ရာထူးမှ ထုတ်ပယ်ခံရပြီးကတည်းက အပြင်တွင် မျက်နှာမပြရဲတော့ပေ။ သူသည် မင်ကျူးအပေါ် အပြစ်ပုံချပြီး သူ(မ) အရှင့်သားအိမ်ရှေ့စံကို စိတ်အနှောင့်အယှက်ဖြစ်အောင် ပြုမူခဲ့၍ သူပါ သူတို့ပြဿနာထဲ ငြိစွန်းသွားသည်ဟု အခိုင်အမာ ယုံကြည်နေ၏။
ဒေါသတထောင်းထောင်းဖြင့် တတိယမင်သခင်ကြီးသည် သူ၏ဒေါသကို ပုံချရန်အလို့ငှာ မင်ကျူးကို ကောင်းကောင်းဆူပေးရန် ရည်ရွယ်ပြီး သူ(မ)နှင့်စာရင်းရှင်းရန် သွားဟန်ပြင်လိုက်သည်။
အကြီးဆုံးမင်သခင်ကြီးသည် သူ့အား ကော်လာကနေ ဖမ်းဆွဲပြီး ပါးတစ်ချက် ရိုက်ချလိုက်သည်။
“မင်း နားဝေတိမ်တောင်ဖြစ်နေတာပဲ!”
တတိယမင်သခင်ကြီးသည် ရုတ်တရက် အရိုက်ခံလိုက်ရသည်ကြောင့် ကြောင်အမ်းသွား၏။
“အစ်ကိုကြီး၊ ကျုပ်ကို ဘာအတွက် လာရိုက်နေတာလဲ”
“မင်းကရော ဘာလုပ်ဖို့ ကြံနေတာလဲ၊ မင်း ရာထူးရာခံရှိနေတဲ့အချိန်တုန်းက ငပျင်းဘဝနဲ့နေနေတာက အကြောင်းမဟုတ်ဘူး၊ ဒါပေမဲ့ အိမ်ကို ပြန်ရောက်လာတာတောင် မင်း အခုထိ ဦးနှောက်မရှိသေးဘူးလား၊ တုံးအလွန်းလို့ သေပဲသေလိုက်တော့ပါလား”
အကြီးဆုံးမင်းသခင်ကြီးသည် သူ့နှာခေါင်းကို လက်ညိုးငေါက်ငေါက်ထိုးပြီး စတင်ကြိမ်းမောင်းတော့သည်။
တတိယမင်သခင်ကြီး၏မျက်နှာသည် နာကျင်လာတော့သည်။
“ကျုပ်ဘာသာ ရာထူးပြုတ်ချင်ပြုတ်လိမ့်မယ်၊ ကျုပ်တူမကျုပ် ဆုံးမခွင့် မရှိတော့ဘူးလို့ မထင်ဘူးနော်”
အကြီးဆုံးမင်သခင်ကြီးသည် သူ့ခေါင်းကို လက်ညိုးဖြင့် ထိုးပြီး : “လက်ရှိမှာ မင်းကျူးက မင်းတူမရောဟုတ်တော့ရဲ့လား၊ သူက အိမ်ရှေ့စံရဲ့လူဖြစ်နေပြီကွ! ငါနဲ့ မင်းမပြောနဲ့ သူ့မိဘတွေတောင် သူ့ကို ထိလို့မရတော့ဘူး”
တတိယမင်သခင်ကြီးသည် ကြောက်လန့်သွားမိသော်လည်း တခဏအကြာတွင် တိုးတိုးတိတ်တိတ်ရေရွတ်လာ၏။
“အိမ်ရှေ့စံကဖြင့် သူ့ကို စိတ်ကုန်နေပြီးသားဟာ”
“သူသာ တကယ်ပဲ မင်ကျူးကို စိတ်ကုန်နေတယ်ဆိုရင် မင်အိမ်တော်ကို ခဏခဏ ဝင်နေထွက်နေပါ့အုံးမလား ပြီးတော့ လျှို့ဝှက်သက်တော်စောင့်တွေကိုတောင် နေရာအနှံ့ ချထားပေးမှာတဲ့လား၊ မင်းရဲ့ဝက်ဦးနှောက်ကိုသုံးပြီး စဉ်းစား!”
သူ၏ညီဖြစ်သူအား သင်ခန်းစာပေးပြီးသည်နှင့် အကြီးဆုံးမင်သခင်ကြီးသည် အနောက်ဆောင်သို့ သွားပြီး ငြိမ်ငြိမ်မနေနိုင်ကြသော မိသားစုအတွင်းမှ မိန်းကလေးများကို ပင်မခန်းမသို့ စုဝေးခေါ်လိုက်သည်။
မင်ရူနှင့် မင်ယွမ်လည်း ထိုထဲတွင် အပါအဝင်ပင်။
အကြီးဆုံးမင်သခင်ကြီးသည် စားပွဲကို လက်ဝါးဖြင့် ခပ်ကြမ်းကြမ်း ရိုက်ချလိုက်ရာ အသံကျယ်ကြီးက နုနုနယ်နယ်မိန်းကလေးများကို တုန်ယင်သွားသည်အထိ လန့်ဖြန့်သွားစေ၏။
“ငါ့မှာ အစကတည်းက အိမ်နောက်ဆောင်ကို စီမံကွပ်ကဲဖို့ အချိန်မရှိနေဘူး ပြီးတော့ မင်းတို့အားလုံးလည်း တွေးမိကြလောက်မှာပေါ့၊ နောင်မှာ ဘယ်သူမှ မင်ကျူးကို ခက်ခဲအောင် လုပ်ခွင့်မရှိဘူး”
ထိုစကားများကြားသည်နှင့် မင်ယွမ်သည် ပြောင်တင်းစွာပင် ဖီဆန်လာ၏။
“သူက ဘာမလို့လဲ……”
အကြီးဆုံးမင်သခင်ကြီးသည် သူ(မ)ကို ထိုးဖောက်မတတ် စိုက်ကြည့်လာ၏။ မင်ယွမ်မှာ ကြောက်လန့်လာသဖြင့် ထပ်ပြီးပါးစပ်မဟရဲတော့ချေ။
“မင်းတို့ထဲက တစ်ယောက်ယောက်ဖြစ်ဖြစ် သူ့ကို သွားပြီးပြဿနာရှာပြီး အနိုင်ကျင့်နေအုံးမယ်ဆိုရင် ပြီးမှ ငါ မင်းတို့အမေတွေကို မင်းတို့ကို အပြစ်ပေးခိုင်းမှ ငါ့အဆိုးမဆိုလာကြနဲ့”
မင်သခင်ကြီး ဒေါသထွက်လာပြီဆိုလျှင် အလွန် ကြောက်မက်ဖွယ်ကောင်းသဖြင့် ပုံမှန်ဆို သူ့ကို ကြောက်လေ့မရှိသည့် မိန်းမငယ်လေးများသည် ယခုတွင် အသက်အောင့်ကာ ဆိတ်ဆိတ်နေနေကြတော့သည်။
အကြီးဆုံးမင်းသခင်ကြီးကိုယ်တိုင် သတိပေးလာပြီဖြစ်ရာ မနာခံချင်သည့်တိုင် လိလိမ္မာမ္မာပြုမူပေးမှ ရတော့မည်ဖြစ်သည်။
သူ ထွက်သွားသည်နှင့် မင်ယွမ်သည် မကျေနပ်ချက်ကို ဖွင့်ထုတ်လာတော့သည်။
“မမ မင်ကျူး အိမ်ရှေ့စံကို သွားတိုင်လိုက်တာတော့ မဟုတ်လောက်ဘူးမလား”
မင်ရူ၏မျက်နှာသည် စိမ်းဖန့်နေပြီး လှောင်ထေ့စွာ ပြန်မေးလာ၏။
“နင်က ဘယ်လိုထင်လို့လဲ”
မင်ယွမ်မှာ သူ(မ) သေချာပေါက် သွားတိုင်လိုက်သည်ဟုပဲ ခံစားနေရ၏။
ယခုလက်ရှိတွင် မင်ရူသည် ဘာစကားမှ မပြောချင်နေပေ။ သူ(မ) တစ်ယောက်တည်းသာ နေချင်၏။
ဒေါသမထိန်းနိုင်သည့် မင်ယွမ်သည် : “အရှင့်သားအိမ်ရှေ့စံက သူ့အပေါ် ကောင်းလွန်းပေးနေတာပဲ၊ မြေခွေးမမှ တကယ့် မြေခွေးမစင်စစ် ယောက်ျားတွေကို မြှူစွယ်တဲ့နေရာမှာတော့ ထိပ်တန်းအဆင့်ပဲ”
နွေဦး၏အေးစိမ့်မှုနှင့်အတူ မင်ရူသည် ပူတက်လာသော မျက်ခုံးနှစ်ဖက်ကြားကို ဖိပွတ်လိုက်ပြီး : “နင် အရင် ပါးစပ်ပိတ်ထားလို့မရဘူးလား၊ အရမ်းနားငြီးတာပဲ”
တစ်ဖက်တွင်မူ မင်ကျူးသည် ဤရက်များတွင် ပိုပို၍ တည်ငြိမ်လာ၏။ သူ(မ)သည် ထွက်ပြေးရန် အသုံးပြုမည့် အိတ်ကို ထုပ်ပိုးထားပြီး ဗီရိုထဲ ထည့်ဝှက်ထားသည်။ ထို့နောက် အားရုန်ကို ငွေအချို့ထုတ်ပေးပြီး လှည်းနှစ်စီး ငှားရန်နှင့် လှည်းမောင်းသမားများကို တစ်ခါတည်း နှုတ်ပိတ်ထားရန် ခိုင်းစေလိုက်သည်။
အားရုန်သည် ကြားကြားချင်း ခေါင်းရှုပ်သွား၏။
“မမလေး လှည်းက ဘယ်လို့နှစ်စီးလိုတာလဲ”
မင်ကျူးသည် စဉ်းလဲစွာ ပြုံးလိုက်ပြီး : “ဒါမှ ကျောက်ရှီ ငါ ထွက်ပြေးသွားတာကို သိတဲ့အချိန် ငါ ဘယ်လှည်းနဲ့လွတ်သွားလဲဆိုတာ မသိမှာပေါ့”
“ဒါပေမဲ့ မမလေး မြို့ထဲက ထွက်ဖို့ဆိုရင် လမ်းက တစ်လမ်းတည်းရှိတာလေ”
“ငါ မြို့တံခါးကို ဖြတ်ပြီးပြီဆိုတာနဲ့ သွားစရာနေရာက တစ်နေရာထက်မက ရှိတယ်”
အားရုန် စိတ်အပူရဆုံးမှာ သူ(မ)၏မမလေး မြို့တံခါးကို မဖြတ်နိုင်မှာကိုပင်။ ပြီးခဲ့သည့်အခေါက်က သူ(မ)တို့နှစ်ယောက်သားသည် နောက်ဆုံးစစ်ဆေးရေးဂိတ်ကို ရောက်ကာမှ ပိတ်ဆို့ခံလိုက်ရသည်လေ။
မင်ကျူးသည် သူ(မ)ကို ကြည့်ပြီး : “အားရုန် ဒီတစ်ခါတော့ ငါ နင့်ကို မခေါ်သွားတော့ဘူး”
အားရုန်သည် ခေါင်းငုံ့ကာ : “မမလေးက ကျွန်တော်မျိုးမကို မလိုချင်တော့ဘူးလားဟင်”
မင်ကျူးသည် ခေါင်းခါကာ : “မဟုတ်ပါဘူး၊ ပြီးခဲ့တဲ့အခေါက်က နင် အများကြီး ခံစားခဲ့ရပြီးပြီလေ ဒီတစ်ကြိမ်မှာသာ ငါတို့ကို ထပ်မိသွားခဲ့ရင် ကျောက်ရှီ သေချာပေါက် နင့်ကို လွယ်လွယ်လွှတ်ပေးတော့မှာမဟုတ်ဘူး”
“ကျွန်တော်မျိုးမ မကြောက်ဘူး”
“ဒါပေမဲ့ ငါကတော့ နင် ခံစားနေရမှာကို မကြည့်ရက်ဘူး”
မင်ကျူးသည် သူ(မ)လက်ကို ဆုပ်ကိုင်ရင်း မျက်မှောင်ကြုတ်ကာ : “ငါပြောသလိုပဲ လုပ် ဟုတ်ပြီလား”
အားရုန်သည် မျက်ရည်ကျလုနီးနီး။ ခေါင်းညိတ်ပြလိုက်ရင်း မျက်ရည်အပြည့်မျက်ဝန်းများဖြင့် မင်းကျူးကို ကြည့်ကာ : “မမလေး ဒီတစ်ခါတော့ သေချာပေါက် အဝေးဆုံးဝေးရာကို ပြေးရမယ်နော်”
အိမ်ရှေ့စံမင်းသားသည် သိပ်မကြာခင် ပဏာမဇနီးသည်ကို လက်ထပ်ထိမ်းမြားတော့မည်ဖြစ်ရာ သူ(မ)သခင်မလေးသည် သေချာပေါက် ဝမ်းနည်းနေပေရော့မည်။ ဤမြို့က ထွက်သွားနိုင်ပြီး နှစ်နှစ်လောက် အေးအေးချမ်းချမ်းနေလိုက်လျှင် သူ(မ)၏သခင်မလေးလည်း အိမ်ရှေ့စံမင်းသားကို မေ့နိုင်သွားပြီး ဤကိစ္စများနှင့်ပတ်သက်ပြီး ဝမ်းမနည်းနေတော့ဖို့ မျှော်လင့်မိပါရဲ့။
မင်ကျူးက ရယ်လေးရင်း : “သေချာပေါက်ကိုပဲပေါ့”
သူ(မ)သည် ယခုတစ်ကြိမ်တွင် လိုအပ်သည့် ပြင်ဆင်မှုများအားလုံးကို ကြိုတင်ပြုလုပ်ထားပြီး ကျောက်ရှီ၏စာကြည့်ခန်းထဲမှ ခရီးသွားလာခွင့်တံဆိပ်ပြားနှင့် သူ(မ)၏ကျွန်အဖြစ် စာရွက်စာတမ်းများကို ခိုးယူထားခဲ့ပြီးဖြစ်သည်။
ထိုကိစ္စနှင့်ပတ်သက်ပြီး မင်ကျူးသည် တော်တော်လေး ဒုက္ခခံခဲ့ရသေးသည်ပေ။
ကျောက်ရှီ အပြင်အိမ်တော်သို့ ရောက်လာသည့်အချိန်တိုင်း ဆယ်ကြိမ်တွင် ကိုးကြိမ်ခန့်က သူ(မ)နှင့်အတူ ခုတင်ပေါ်က ကိစ္စများကို ပြုလုပ်တတ်ပြီး ရာဂစိတ်အလွန်ပြင်းထန်နေသယောင်ရှိသော်လည်း သူသည် စည်းစနစ်ကြီးသူပီပီ ဘယ်သောအခါမှ သူ၏စာကြည့်ခန်းထဲတွင် သူ(မ)အား မကလိတတ်ပေ။
သူ(မ)၏ခရီးသွားလာခွင့်နှင့် ကျွန်ပြုစာရွက်စာတမ်းများကို ခိုးယူရန်အလို့ငှာ သူ(မ)သည် အမှန်တကယ် အရာအားလုံးကို စွန့်စားခဲ့ပြီး သူ၏စာကြည့်ခန်းထဲသို့ ညဉ့်နက်သန်းခေါင်ကျော် အပြုံးမျက်နှာလေးဖြင့် သွားရောက်လည်ပတ်ခဲ့သည်။
ကျောက်ရှီက သူ(မ)ကို မှင်သွေးပေးရန် ဆိုလာခဲ့သည်။
သူ(မ)သည် စိတ်လွတ်နေခဲ့ပြီး စားပွဲပေါ်မှ လက်ဖက်ရည်ခွက်ကိုပင် မှောက်ချလိုက်သေး၏။ မူလကတည်းက ပါးလွှာသည့် သူ(မ)၏အဝတ်အစားများက ရေစိုပြီးနောက်တွင် ပို၍ပင် ဖောက်ထွင်းမြင်လာနိုင်တော့သည်။ ကောက်ကြောင်းလှသော ရင်ဘတ်နှင့် သေးသွယ်သော ခါးသွယ်လေးက လက်တစ်ဖက်တည်းဖြင့် ဆုပ်ကိုင်ထားနိုင်လောက်အောင်ပင်။ သူ(မ)က ရှက်သွေးဖြာရင်းနှင့်ပင် သူ့ကို မြှူစွယ်ရန် လက်ဦးမှုယူလို့ အစပျိုးလိုက်သည်။
ဖယောင်းတိုင်မီးရောင်အောက်မှ အိမ်ရှေ့စံမင်းသားသည် မျက်နှာတည်တည်ဖြင့် လေးနက်စွာ ဆိုလာ၏။
“အဝတ်အစားသွားလဲလိုက်”
ပွင့်လင်းစွာ အရှက်မဲ့ပြနေသည့် မင်ကျူးသည် သူ့လက်ချောင်းများကို ဆွဲခါယမ်းလိုက်သည်။
အမျိုးသားသည် တစ်ခဏ တန့်သွားပြီးနောက် တိတ်တဆိတ်နှင့် သူ့လက်ကို ပြန်ရုတ်လိုက်သည်။
“ဒီမှာ မသောင်းကျန်းရဘူး”
ထိုအချိန်က မင်ကျူးသည် စိတ်ထဲတွင် အလွန်ပူပန်နေခဲ့သည်။ သူ(မ)သည် သူ့ပေါင်ပေါ် ထိုင်ချလိုက်ပြီး မျက်လုံးစုံမှိတ်လို့ သူ့လည်တိုင်ထဲ တိုးဝှေ့ကာ သူ့နှုတ်ခမ်းထောင့်ကို လှမ်းနမ်းလိုက်သည်။
အနှီအမျိုးသား၏ အသက်ရှူသံက ပိုမိုလေးလံလာပြီး သူ(မ)၏သေချာ အကွက်ကျကျစီစဉ်ထားသော ဖြားယောင်းမှုအပေါ် ခံနိုင်ရည်မရှိနိုင်တော့ဘဲ သူ့ဘက်ကနေ အစပြုကာ သူ(မ)၏အောက်နှုတ်ခမ်းကို ကိုက်ချလိုက်သည်။
နှစ်ယောက်သား စာကြည့်ခန်းထဲ လူးလှိမ့်ပြီးသည့်နောက်တွင် မင်ကျူးသည် သူအိပ်ပျော်နေစဉ် အိပ်ယာပေါ်မှ ခိုးထလိုက်သည်။ သူ(မ)သည် သူမ၏ကျွန်ပြုစာရွက်စာတမ်းများကို အံဆွဲထဲတွင် ရှာတွေ့လိုက်ပြီး ခေါက်ချိုးခေါက်ကာ ရင်ဘက်ထဲ ထည့်ဝှက်ခဲ့ပြီး သူ့ဘေးနား ပြန်ဝင်အိပ်နေလိုက်သည်။
ညမှာ အတော်နက်နေပြီးဖြစ်သည့်တိုင် သူ(မ)မှ စိတ်လှုပ်ရှားလွန်းနေသဖြင့် အိပ်မပျော်နိုင်ချေ။ အားပြီး ပျင်းနေသည့်အလျောက် သူ(မ)ဘေးမှ အမျိုးသား၏မျက်နှာကို စူးစမ်းနေမိတော့သည်။
သူ(မ) ပို၍ကြည့်မိလေ သူဟာ ပို၍ ကြည့်ကောင်းနေလေပါပေ။
ဤမျှကြည့်ကောင်းလွန်းသည့် လူကား ဘာကြောင့်များ ဒီလောက်အထိ နိုင်လိုမင်းထက် ပြုမူနိုင်ရပါသနည်း။
အားရုန်သည် မင်ကျူးအတွက် ရေနွေးအနည်းငယ် ယူဆောင်လာပေး၏။ သူ(မ)သည် မျက်နှာသစ်ပြီး အိပ်ရာဝင်ရန် ပြင်လိုက်သည်။
မအိပ်ခင် သူ(မ)သည် နေ့ရက်များကို လက်ချိုး ရေတွက်ကြည့်လိုက်သည်။ မီးပုံးပွဲတော်မတိုင်မီ ဆယ့်လေးရက် ကျန်သေး၏။ ထိုနေ့တွင် ကျောက်ရှီသည် ကောင်းချီးပေးရန်အတွက် အမွှေးတိုင်ပူဇော်ပြီး ဝတ်ပြုဆုတောင်းရန် ချန်းထိုက်တောင်ပေါ်သို့ တက်ရမည်ဖြစ်သည်။ ဘေးပတ်လည်တွင် လူများစွာရှိမည်ဖြစ်ပြီး လူစုလူဝေးကြားတွင် ပုန်းအောင်းနေရန် အသင့်တော်ဆုံးအချိန်ဖြစ်သည်။
မင်ကျူးသည် သူ(မ)ထွက်ပြေးလွတ်မြောက်ပြီးသည်နှင့် မည်မျှကောင်းမွန်သောဘဝဖြစ်လိမ့်မည်ကို စတင် စိတ်ကူးယဉ်နှင့်နေပြီဖြစ်သည်။ သူ(မ)သည် ကျန့်နန်သို့သွားပြီး ထိုနေရာတွင် မုန့်ဆိုင်လေးတစ်ဆိုင်ဖွင့်ချင်မိပြီး အပိုဝင်ငွေလေးရရန် အသေးစားလုပ်ငန်းလေးတစ်ချို့ကို လုပ်ကိုင်မည်။ ထို့နောက် ဇနီးသည်တစ်ဦးတည်းအပေါ် သစ္စာရှိရှိ ချစ်ပေးမည့် လူကောင်းတစ်ယောက်ကို သူ(မ) ရှာဖွေမည်။
သားလေးဖြစ်ဖြစ် သမီးလေးဖြစ်ဖြစ် တစ်ယောက်ယောက်ယူပြီး သာမန်ဘဝလေးအတိုင်း နေထိုင်သွားတော့မည်။
မင်ကျူးတစ်ယောက် ဖြည်းညှင်းစွာ အိပ်ပျော်သွားခဲ့ပြီး တစ်ညလုံး အိပ်မက်မမက်ခဲ့သည့်တိုင် မိုးသောက်ခါနီးတွင်မှ ယခင်ကကဲ့သို့ အိပ်မက်များ ပြန်မက်လာတော့သည်။
သူ(မ)မှာ ဤအိပ်မက်ဆိုးအတွင်း ချောင်ပိတ်မိနေသည့်အလား။ သူ(မ) နှစ်ပေါင်းများစွာတိုင် ပိတ်လှောင်ခံခဲ့ရသည့် သူ၏အိမ်တော်သို့ ပြန်ရောက်သွားခဲ့ပြီး အချိန်ကြာလာသည်နှင့်အမျှ ယိုယွင်းပျက်စီးနေသော ခြံဝင်းကြီးအား လေလွင့်တစ္ဆေတစ်ကောင်ကဲ့သို့ လှည့်ပတ်ကြည့်ရှုနေခဲ့သည်။
ပြတင်းပေါက်အရှေ့မှ ပန်းနှင့် အပင်များက သေသွားသယောင်၊ ၎င်းသည် နွေဦးတွင်လည်း ပန်းမပွင့်လာ၊ ဆောင်းဦးတွင်လည်း အရွက်မရှိနှင့် နှစ်တစ်နှစ်၏ လေးရာသီပတ်လုံးတွင် အကိုင်းအခက်ရိုးများသာ ရှိနေတော့သည်။
ကျောက်ရှီသည် ဤနေရာတွင် တလျှောက်လုံး နေထိုင်နေခဲ့ပုံရသည်။ သူသည် ယခင်ကနှင့်မခြားနားလှစွာ အမြဲလိုလို သူ၏အမူအရာများက အေးတိအေးစက်ဖြစ်နေသေးသယောင်၊ သူ့မျက်နှာထက်တွင် အမြဲတမ်း စိတ်ခံစားချက်များ ကင်းမဲ့နေသလို ဝမ်းနည်းမှု၊ ပျော်ရွှင်မှုနှင့် ဒေါသ…အရာအားလုံးကို သူ့စိတ်၏ အနက်ရှိုက်ဆုံးသော အတွင်းနက်နက်ထဲတွင် ဖုံးကွယ်ထားပြီး တင်းတင်းကြပ်ကြပ် ချုပ်တည်းထား၏။
မင်ကျူးသည် ပြတင်းပေါက်ရှေ့တွင် ထိုင်နေသည့် သိသိသာသာ ပိန်ကျသွားပြီး အနည်းငယ် ဝမ်းနည်းနေပုံရသော သူ့ကို ငေးကြည့်လိုက်သည်။ သူသည် အလွန်ပင် ချောင်ကျနေပုံရပြီး အိပ်မက်ထဲတွင် သူ(မ) နောက်ဆုံးတွေ့ခဲ့သည့် အကြိမ်ကထက်ပင် ပို၍ ချောင်ကျလာသည်ဟု သူ(မ) ခံစားမိလိုက်သည်။
ဤဝေဝေဝါးဝါးအိမ်မက်ထဲတွင် မင်ကျူးသည် ကျောက်ရှီ၏ လှုပ်ရှားမှုတိုင်းကို ကြည့်နေခဲ့ပြီး သူ၏ ခပ်ကြိတ်ကြိတ်ချောင်းဆိုးသံကို သူ(မ)ကြားလိုက်ရသည်။
အနှီအမျိုးသားသည် သူ၏အင်္ကျီရှည်ကို ဆွဲယူကာ ပုခုံးထက် လွှားတင်လိုက်ပြီး တစ်စုံတစ်ခုရေးရန် ညသန်းခေါင်ကြီး အိပ်ရာမှ ထလိုက်သည်။ လေအေးက ပြတင်းပေါက်ကနေ ဝင်ရောက်တိုက်ခတ်လာပြီး သူသည် လက်ဖြင့် ပါးစပ်ကိုအုပ်၍ ချောင်းဆိုးလိုက်သည်။
လက်ထဲမှ လက်ကိုင်ပုဝါသည် နီနီရဲရဲသွေးများဖြင့် စွန်းထင်နေ၏။
ဖယောင်းတိုင်မှ မီးတောက်သည် တဖျပ်ဖျပ်ခတ်သွားပြီး ထိုလူသည် ရုတ်တရက် ခေါင်းကို မော့လိုက်ရာ သူ့မျက်လုံးများက သူ(မ)၏ဦးတည်ရာကို ကြည့်နေသယောင်နှင့် ပါးစပ်ထောင့်မှ သွေးများကို လက်ကိုင်ပုဝါဖြင့် သုတ်ပြီး တိုးတိုးလေး မေးမြန်းလာ၏။
“မင်းလား”
မင်ကျူးမှာ ထိတ်လန့်လွန်းအားကြီးပြီး စဉ်းစားချိန်ပင်မရလိုက်ဘဲ တစ်ဖက်သို့ လှည့်ကာ စာကြည့်ခန်းထဲမှ လွင့်မျောထွက်သွားတော့သည်။
သူ(မ)နောက်ကို တစ်စုံတစ်ယောက်က လိုက်လာနေသကဲ့သို့ သူ(မ)သည် မနားတမ်း ပြေးနေမိတော့သည်။
ထို့နောက် မင်ကျူး နိုးလာ၏။
အိပ်ရာမှထသည်နှင့် သူ(မ)၏ခြေလက်များမှာ လေးလံပြီး ခြေကုန်လက်ပန်းကျသလို ခံစားနေရသည်။
သူ(မ) အဲ့ဒီအိမ်မက်တွေကို အမှန်တကယ် ထပ်မမက်လိုတော့ဘူး!။ ထိုအိပ်မက်များထဲတွင် သူ(မ)သည် ပြေးလွှားနေရပြီး အိပ်ရာနိုးလာသည်နှင့် အမြဲတမ်း ပင်ပန်းနွမ်းနယ်နေတတ်သည်။
ပိယင်သည် ပြတင်းကန့်လန့်ကာများကို ဖွင့်ပြီး ရေနွေးဖြင့် ဝင်လာ၏။
မင်ကျူးသည် နုံးခွေနေပြီး သမ်းဝေကာ မေးလိုက်သည်။
“ပိယင် မြို့တော်ထဲမှာ ဝိညာဉ်တွေကို နှိမ်နင်းနိုင်တဲ့ ဘုရားကျောင်းတွေဘာတွေများ ရှိသလား၊ ငါ နတ်ဆိုးဝိညာဉ်ဆိုးတွေကို နှင်ထုတ်ဖို့ အဆောင်တစ်ခုလောက် သွားပြီး တောင်းချင်လို့”
ပိယင်က : “မမလေး အိပ်မက်ဆိုးတွေ ထပ်မက်နေပြန်တာလား”
မင်ကျူး ခေါင်းညိတ်လိုက်သည်။
“အင်း ငါ ပင်ပန်းနေပြီ”
ပိယင်သည် တခဏ တွေးတောကြည့်ပြီး : “မမလေး ဘုရားကျောင်းမှာ အမွှေးတိုင် ပူဇော်ဖို့ဆို ခြောက်ရက်မြောက်နေ့အထိ စောင့်ရလိမ့်မယ်”
ထိုရက်များသည် မင်းမျိုးမင်းနွယ်များအတွက်သာ ဖွင့်လှစ်ထားပြီး ကျန်သည့်လူများကတော့ ဘုရားကျောင်းထဲသို့ ဝင်ခွင့်မရှိချေ။
မင်ကျူးသည် ခပ်တိုးတိုးဖြင့် ‘အို့’ ဟုဆိုပြီးနောက် သာမန်ကာလျှံကာ လက်ခါပြလိုက်သည်။
“ဒါဆိုလည်း ထားလိုက်ပါတော့”
ပိယင်သည် သူ(မ)ကို ကိုယ်လက်သန့်စင်ပေးပြီးနောက် အခြားသူများကို မနက်စာ ယူလာရန် အမိန့်ပေးလိုက်သည်။ မင်ကျူးသည် စားပွဲပေါ်မှ ဟင်းအမယ်များကို တစ်ချက်ကြည့်ပြီး အနည်းငယ် အံ့အားသင့်သွား၏။
“ဒီနေ့ မနက်စာက ဘာလို့ ဒီလောက်ထိတောင် သားနားနေရတာလဲ၊ စားတော်ကဲတွေ နင့်ကို ဒုက္ခပေးလိုက်တာတော့ မဟုတ်ဘူးမလား”
ယခင်က သူ(မ)သည် အိမ်တော်၌ တစ်ခါမှ ဤမျှကောင်းကောင်း မစားဖူးခဲ့ချေ။
ပိယင်က ခေါင်းခါပြသည်။
“သူတို့ မပေးပါဘူး”
“တကယ်ထူးဆန်းလွန်းတာပဲ”
မင်ကျူး မနက်စာစားပြီးချိန် မင်ရူသည် ရှန်းယန်ကျင့်ကျူက ဖိတ်စာပို့လာကြောင်းနှင့် သူ(မ)နှင့်တကွ မင်းမျိုးမင်းနွယ်များမှ အခြားသော တော်ဝင်မိန်းမပျိုများအားလုံးကို လက်ဖက်ရည်သောက်၊ ပန်းရှုစားရန်အတွက် နန်းတော်ထဲသို့ ဝင်ရောက်ရန် ဖိတ်ကြားလာသည်ဟု လူလွှတ်ဆိုခိုင်းလာ၏။
ဖိတ်ကြာသည်ဟု ဆိုသော်ငြား တကယ်တမ်း သူ(မ)တွင် ဆန္ဒရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ သွားရန်မှတစ်ပါး အခြားရွေးချယ်စရာမရှိချေ။