Little Creampie (LCP Team):
Chapter 12
စားသောက်ပြီးနောက် မုယောင်နဲ့ချီစစ်စစ်သည် နောက်တစ်ကြိမ်ကစားဖို့ သွားခဲ့ကြပြန်သည်။မှောင်လာတော့ မုယောင်က ချီစစ်စစ်ကို အိမ်ပြန်ပို့ပေးခဲ့၏။
အိမ်တံခါးရှေ့ထိ ရောက်လာတော့ မုယောင်သည် ကစားကွင်းပန်းခြံကနေ ဝယ်လာသည့်အရုပ်လေးနည်းနည်းကို ကားထဲကနေ ယူသွားခဲ့သည်။
ဒီအရုပ်လေးတွေက ကိုင်လို့တအားကောင်းသည်။မုယောင် သူတို့ကို ပွတ်သပ်ပြီးနောက် ထိုခံစားချက်ကို နှစ်သက်သွားတာကြောင့် သူနဲ့ချီစစ်စစ်အတွက် ကြည့်ကောင်းတာလေးဝယ်လာတာဖြစ်သည်။
"သခင်ငယ်လေး ပြန်ရောက်လာပြီလား"အိမ်တော်ထိန်းအန်ကယ်ဝမ်က အရုပ်တွေပိုက်ပြီး ချိုပြုံးပြုံးမျက်နှာဖြင့် ဝင်လာသည့်မုယောင်ကို ကြည့်လိုက်သည်။
မုယောင်ရဲ့ဒေါသက အရင်နှစ်တွေမှာ တဖြည်းဖြည်း ပြင်းထန်လာသည်။နောက်ပြီး မုယွင်ဇီကလွဲပြီး ကျန်တာဘာမှ စိတ်မဝင်စားပေ။အန်ကယ်ဝမ်က ထိုဟာကို မြင်တော့ မုယောင်အတွက် ပူပန်သောကရောက်ရသည်။အခုတော့.သခင်ငယ်လေးက တဖြည်းဖြည်း တက်ကြွကာသွက်လက်လာတာကိုကြည့်ပြီး သူလည်း ဝမ်းသာမိသည်။
"ဟုတ်တယ်။အန်ကယ်ဝမ်...ဒီအရုပ်လေးတွေကို ကျွန်တော့်အခန်းထဲ ထားပေးပါဦး" မုယောင်က အန်ကယ်ဝမ်ကို ချစ်စရာကောင်းစွာကြည့်ပြီး အရုပ်တွေကို ချလိုက်သည်။ထို့နောက် သူ့အပေါ် ခုန်အုပ်နေသည့် ကြောင်ဘိုးဘေးလေးကို ဖမ်းလိုက်သည်။
"တန်တန်... မင်း ဝိတ်တက်လာပြီလား" မုယောင် မသင်္ကာတဲ့အကြည့်ဖြင့် ပိုပြီး လုံးဝန်းလာပုံရှိသည့်ကြောင်လေးကို လက်နဲ့ချီပြီး ဝိတ်ချိန်ကြည့်လိုက်သည်။
"မြောင်!" တန်တန်က ချစ်စရာကောင်းသည့်မျက်နှာဖြင့် သူ့ပေါင်ပေါ်က အမွေးတွေကို လျှာနဲ့သပ်နေတာဖြစ်သည်။မုယောင်က သူဝလာတာကို မကြိုက်ဘူးဆိုတာ ကြားတော့ စိတ်ဆိုးမာန်ဆိုး သွားဖြဲပြလိုက်သည်။
"ကြောင်လေးက အစားများများစားလို့ရပါတယ်"
ဖြတ်လျှောက်လာတဲ့အန်တီလီက ပြုံး၏။
"အန်တီ မီးဖိုချောင်ထဲ သွားလိုက်တိုင်း ဒီကောင်လေးက အန်တီ့ခြေထောက်ကို ပွတ်သပ်ပြီး တမြောင်မြောင်အော်နေတာ။အစားမမေးမချင်း မသွားဘူး"
"မင်း တအားဝလာတာ မထူးဆန်းတော့ပါဘူးလေ" မုယောင် တန်တန်၏ဗိုက်လေးကို ပွတ်သပ်လိုက်သည်။တန်တန်က သူ့လက်မောင်းထဲကနေ ဒေါသတကြီး ခုန်ထွက်ပြီး လျင်ခနဲ ပျောက်သွားသည်။
"သခင်ငယ်လေး...လက်ဆေးပြီး ညစာစားလို့ရပြီနော်" အန်နီလီက ညစာစားရန် တိုက်တွန်းလာ၏။
"ဟုတ်ပါပြီ...အန်တီလီ" မုယောင်တစ်ယောက် သီချင်းလေးညည်းပြီး လှေကားပေါ်တက်သွားသည်။မမျှော်လင့်ပဲ မုယွငဇီနဲ့ တိုးမိ၏။
"......'' မုယောင် ပါးစပ်ဟလိုက်ပေမယ့် သူ့ကို နှုတ်မဆက်ချင်ပေ။ဒါကြောင့် သူ အကြည့်လွှဲလိုက်ပြီး ဘာမှမဖြစ်လိုက်သလို ဟန်ဆောင်ရန် ရည်ရွယ်လိုက်သည်။
"မုယောင်...မင်းအစ်ကိုကိုတွေ့ရင် မနှုတ်ဆက်ရဘူးလို့ ဘယ်သူက သင်ပေးထားတာလဲ"
မုယွင်ဇီ၏စိတ်အနှောင်အယှက်ဖြစ်စရာ အသံက မုယောင်၏နားထဲ ဝင်လာ၏။မုယောင် နှုတ်ခမ်းကွေးကာ နှုတ်ဆက်လိုက်သည်။"မင်္ဂလာာညနေခင်းပါ အစ်ကိုကြီး"
"မင်း ငါ့ကို အရင် ဘယ်လိုခေါ်လဲ"
".....ကောကော" မုယောင် သူ့ပါးစပ်ကို ခက်ခက်ခဲခဲဟလိုက်၏။
မုယွင်ဇီ ကျေနပ်သွားသည့်ပုံပဲ။ဒီတစ်ခါတော့ ပြဿနာရမရှာတော့ဘဲ လှေကားအောက် ဆင်းသွားသည်။
မုယောင်က အလင်းနဲ့အရိပ်ဆုံရာ လှေကားထောင့်ချိုးတွင် ရပ်နေကာ မရွေ့ချေ။
'ဒါပေမယ့်....ခင်ဗျားက ကျွန်တော့်ကောကောဖြစ်ဖို့ မတန်ဘူး' မုယောင် စိတ်ထဲကနေ အေးစက်စွာတွေးမိ၏။
'ခင်ဗျားကို ကောကောလို့ ကြိုးစားပမ်းစားခေါ်ပြီး အဲ့ရွှံ့နွံထဲကနေ ကျွန်တော့်ကို ဆွဲထုတ်ပေးဖို့ တောင်းဆိုခဲ့တုန်းက ခင်ဗျား ဘာလုပ်ခဲ့လဲ။ မကယ်တင်ပေးရုံသာမက နွံထဲကိုတောင် တွန်းပို့ပေးခဲ့သေးတယ်။ခင်ဗျားက ဘာကိစ္စနဲ့ ကျွန်တော့်အစ်ကိုဖြစ်ဖို့ ထိုက်တန်ရမှာလဲ။'
မုယောင် ထိုနေရာတွင် ငါးမိနစ်လောက်ကြာအောင် ရပ်နေမိသည်။ဒါမှမဟုတ် ထို့ထက်လည်း ပိုကြာနိုင်သည်။အဆုံးမဲ့အမှောင်ထုကနေ ပြန်ရုန်းထွက်ချင်ပေမယ့် သူ ထိုအရာအား လက်မလွတ်နိုင်သေးဘူးဆိုတာ သိလိုက်ရ၏။
"ဒီပိတ်ရက်ကျ စိတ်ရောဂါအထူးကုဆရာဝန်နဲ့ သွားတွေ့ကြတာပေါ့" မုယောင်တစ်ယောက် အစီအစဥ်ချပြီး သူ့အခန်းဆီပြန်သွားလိုက်သည်။သူ၏မိုးပေါ်ထိတက်ကြွနေသောစိတ်အခြေအနေမှာ ငရဲထိပြန်ကျသွားပြီဖြစ်သည်။
>>>>>>>>
"မင်း ဒီနေ့ ဘာတွေလုပ်ခဲ့လဲ" ညစာစားနေတုန်း မုယွင်ဇီက ရုတ်တရက်မေးချလာသည်။
"....သူငယ်ချင်းနဲ့ကစားကွင်းသွားခဲ့တာ" မုယောင် မုယွင်ဇီကို အံ့ဩစွာဖြင့်ကြည့်လိုက်သည်။ဒီလူ ဘာဖြစ်နေလဲဆိုတာ သူမသိဘူး။ဒီလူ တကယ်ကြီး သူ့ညီလေးအကြောင်း ဂရုစိုက်တဲ့ အစ်ကိုကြီးလိုမျိုး သူသွားတဲ့နေရာတွေကိုတောင် မေးနေပြီ။
"မင်းရဲ့ချစ်သူကောင်လေးနဲ့လား" မုယွင်ဇီက ထပ်မေးလာ၏။
"ကျွန်တော့်မှာ ကောင်လေးမရှိပါဘူး။အတူသွားခဲ့တဲ့သူငယ်ချင်းက မိန်းကလေးပါ" ထိုဟာကို ဖြေပြီးနောက် မုယောင်သည် စားပွဲပေါ်က အချိုတည်းဖို့ထားထားတဲ့သစ်သီးကိုယူစားလိုက်သည်။မုယွင်ဇီကို အတန်ရှည်မပေးချင်ဘူး။
မုယွင်ဇီသည် သူလိုချင်တဲ့သတင်းအချက်အလက်ရပြီးတော့ နောက်ထပ်မေးခွန်းတွေ မမေးတော့ပေ။
မုယောင် အခန်းထဲပြန်ရောက်တော့ အတန်းဂရုထဲတွင် က မက်ဆေ့ချ်တစ်စောင် ပို့ထား၏။
ဥပဒေမေဂျာနဲ့ဘဏ္ဍာရေးမေဂျာတို့ကဖွဲ့စည်းထားတဲ့ဘတ်စကတ်ဘောအသင်းက မနက်ဖြန်တွင် ဖိုင်နယ်ရောက်မှာဖြစ်သည်။ အတန်းမရှိတဲ့ကျောင်းသားတွေက သွားရောက်ကာ အားပေးနိုင်သည်။
မုယောင်သည် မနက်ဖြန် လုပ်စရာမရှိဘူးလို့တွေးမိသောကြောင့် သူလည်း သွားရောက်ဆင်နွှဲမည်ဟု ဆုံးဖြတ်လိုက်၏။
သူ မထင်ထားတာက လော့ယင်က ဘဏ္ဍာရေးမေဂျာဘတ်စကတ်ဘောအသင်းတွင်ရှိနေလိမ့်မည်ဟုပင်။
Chapter 12 end.