Little Creampie (LCP Team):
Chapter 4
အချိန်တွေဟာ ကုန်ဆုံးတာ မြန်လွန်းသည်။လဝက်တောင် ရှိသွားပြီဖြစ်သည်။ထိုလဝက်မှာ မုယောင် နေ့စဥ်အလုပ်မှာ ကျောင်းသွားလိုက် အိမ်ပြန်လိုက်ဖြစ်နေသည်။
သူ့သူငယ်ချင်းတွေက သူ့ကို အပြင်ထွက်ကစားဖို့ ခဏခဏ ခေါ်ကြပေမယ့် သူ မသွားခဲ့ပေ။
ဒီနေ့မှာတော့ ချန်ဖန်က သူ့ကို လာခဲ့ဖို့ခေါ်သည်။မုယောင်လည်း သူ့ကိုယ်သူ အပြင်မထွက်တာ ကြာပြီလို့ တွေးမိတာကြောင့် ပြင်ဆင်ပြီး အပြင်ထွက်သွားလိုက်သည်။
ချန်ဖန်နဲ့အခြားလူတွေက သူတို့ မကြာခဏသွားလေ့ရှိတဲ့ ဘားမှာ သောက်နေကြသည်။အဲ့နေရာမှာ ကောင်လေးလှလှလေးတွေနဲ့ အခြားအလှလေးတွေရှိတော့ သူတို့ကို အမဲလိုက်ဖို့အတွက် လွယ်ကူစေပုံပေါက်နေသည်။
မုယောင် ဘားတံခါးကို ဖွင့်လိုက်တာနဲ့ လူတွေရဲ့ အာရုံက သူ့ဆီရောက်လာသည်။သူ့ပုံစံက တောက်ပသောမက်မွန်ပွင့်မျက်လုံးများ၊ နှာတံမြင့်မြင့်နဲ့ ဖွေးဖြူနေတဲ့ အသားအရည်တို့နဲ့အတူ တောက်ပပြီး ချောမောသည်။
မုယောင် အဖြူရောင်တီရှပ်အင်္ကျီကို ပန်းရောင်ဂျာကတ်နဲ့အတူ ဝတ်ဆင်ထားပြီး ဖြောင့်စင်းသွယ်လျတဲ့ခြေတံများနဲ့ မီးခိုးရောင်ဂျင်းဘောင်းဘီကို အဖြူရောင်ဖိနပ်နဲ့အတူ ဝတ်ဆင်ထားသည်။အနီရောင်ကောဇောအထက် လျှောက်လမ်းလာတဲ့ ကြယ်ပွင့်လေးပမာ။
သူ ချန်ဖန် ရှိတဲ့နေရာဆီ သွားလိုက်သည်။ထိုဝိုင်းမှာ ယောင်္ကျားလေး ငါးယောက် / ခြောက်ယောက်နဲ့ မိန်းကလေး နှစ်ယောက်ပါသည်။
ချန်ဖန် သူလာတာမြင်တော့ ပြုံးကာ ထလျှောက်လာပြီး မုယောင်ပခုံးကို ပုတ်လာသည်။မုယောင်ခန္ဓာကိုယ်က အနည်းငယ်တုန်လှုပ်သွားပေမယ့် သူ့ကိုယ်သူ ဖိအားပေးထိန်းချုပ်ကာ ဖုံးကွယ်ထားလိုက်သည်။
"လခွမ်း ဒီနေ့ မင်းဝတ်လာတာ မိုက်လှချည်လား...ဟမ်"
မုယောင်ရဲ့မျက်နှာက နည်းနည်းဖျော့တော့နေသည်။ဒါပေမယ့် မျက်ဝန်းထဲ စနောက်ဟန်ဖြင့်....
"ဘာလဲ ငါက မင်းရဲ့ ထင်ရှားမှုကို ခိုးယူသွားမှာကြောက်လို့လား"
ချန်ဖန် ရယ်လိုက်သည်။
"ဟုတ်တယ်လေ!...မင်းမျက်နှာကိုကြည့်လိုက်ပါဦး။ ငယ်ငယ်လေးကတည်းက ယောင်္ကျားရောမိန်းမရော မင်းနောက် ဘယ်လောက်တောင် လိုက်ခဲ့လဲဆိုတာ"
ချန်ဖန်က သူ့ကို ကျန်တဲ့သူတွေဆီ မိတ်ဆက်ပေးသည်။အကုန်လုံးက ချမ်းသားတဲ့မိသားစုက playboys တွေချည်းပဲ။
တူရာတူရာ စုဆိုသလိုပဲ...သူနဲ့ချန်ဖန်နှစ်ယောက်လုံးက ဒုတိယမျိုးဆက်ချမ်းသာတဲ့သခင်လေးတွေဖြစ်ပြီး ဘာအမွေဘာညာကိုမှ စိတ်မဝင်စားကြပေ။သူတို့နဲ့ နယ်ပယ်မတူကြတာပင်။
မုယောင် သူငယ်ချင်းတွေအများကြီးကို သိပေမယ့် ချန်ဖန်နဲ့သာ အရင်းနှီးဆုံးဖြစ်သည်။သူတို့နှစ်ယောက်က ကလေးဘဝကတည်းက အတူတူဆော့ကစားလာတာဖြစ်သည်။ချန်ဖန်မှာ သူငယ်ချင်းတွေအများကြီးရှိပေမယ့် ဘယ်တွေ့ဆုံပွဲမဆို သူ့ကို ခေါ်ဖို့ သတိတရရှိသည်။
မုယောင် ထိုင်ကာ သောက်ဖို့အလုပ် သိပ်မကြာလိုက်...ရုတ်တရက် သိပ်မဝေးတဲ့နေရာကနေ ဆူညံသံကြားလိုက်ရသည်။
စစချင်း အသံကသိပ်မကျယ်တော့ ဘယ်သူမှ ဂရုမစိုက်မိကြဘူး။ကလပ်က သီချင်းသံက အရမ်းကျယ်ကာ ထိုဆူညံသံကို လွှမ်းမိုးထားသည်။တခဏကြာတော့ သူတို့ရန်စသတ်ပြီး အသံက ရုတ်ချည်း ပိုကျယ်လောင်လာသည်။
ချန်ဖန်က ပွဲကြည့်ရတာ ကြိုက်သည်။ပွဲကြည့်ရတော့မယ်ဆိုတာ မြင်တော့ မုယောင်ကို အမြန်ဆွဲကာ လူအုပ်ထဲ ဆွဲခေါ်သွားသည်။
မုယောင်လည်း ကူကယ်ရာမဲ့နေသည်။ချန်ဖန် သူ့ကို ဆွဲခေါ်လာတဲ့အချိန် နည်းနည်း မသက်မသာခံစားရပေမယ့် ဘာမှမပြောလိုက်ပေ။
သူ ဒီပြဿနာကို အမြဲတမ်း ရင်ဆိုင်ရမှာဖြစ်သည်။သူ့တစ်ဘဝလုံး ကျန်တဲ့လူတွေနဲ့ မထိမတွေ့ဘဲ နေထိုင်ဖို့ဆိုတာ မဖြစ်နိုင်ပေ။ချန်ဖန်က သူနဲ့ရင်နှီးတဲ့သူဖြစ်တာကြောင့် တအားကြီး မသက်မသာဖြစ်တာမျိုး မခံစားရချေ။ဒီတော့ ဒီတိုင်း ဘာမှမဖြစ်သလို ဟန်ဆောင်ရုံပဲရှိသည်။
သူ ပြဿနာဖြစ်တဲ့နေရာနဲ့ နီးကပ်တာနဲ့အမျှ မုယောင် အကျွမ်းတဝင်ရှိနေတဲ့ ပိန်ပါးပါးပုံရိပ်လေးကို တွေ့လိုက်ရသည်။သူ ခေါင်းလှည့်ကြည့်လိုက်တော့ ဘေးတိုက် မျက်နှာကို ရှင်းရှင်းလင်းလင်းကြီး မြင်လိုက်ရသည်။ထိုသူက ပိုင်ရန်ပင်။
ပိုင်ရန်ရှေ့ရှိဝိုင်းတွင် မာန်မာနထောင်လွှားနေတဲ့ ယောင်္ကျားလေးအနည်းငယ်ထိုင်နေကြသည်။သူတို့ထဲက တစ်ယောက်က လက်ထဲအရည်နည်းနည်းပဲကျန်တော့တဲ့ ခွက်အလွတ်တစ်ခုကို ကိုင်ထားသည်။
ပိုင်ရန်ရင်ဘတ်ပေါ်ရှိအလုပ်ယူနီဖောင်းတွင် စွန်းထင်းနေတဲ့အကွက်အကြီးကြီးရှိနေသည်။ကြည့်ရတာ သူတို့ ပက်ဖြန်းထားတဲ့ပုံပင်။သူ့လက်ထဲတွင် ထက်ဝက်ကွဲနေတဲ့ ဝိုင်ပုလင်းအလွတ်ကို တင်းတင်းကြပ်ကြပ်ဆုပ်ကိုင်ထားပြီး သူရှေ့ရှိ လူတွေကို စိုက်ကြည့်နေသည်။
"မင်း ဘာလာကြည့်နေတာလဲ။မင်းအတွက် ဘယ်ဟာကောင်းလဲ ဘယ်ဟာဆိုးလဲဆိုတာ မသိဘူးပဲ။မွဲတေနေတာတောင် မင်းကိုယ်မင်း အဆင့်မြင့်သလို ဟန်ဆောင်နေသေးတယ်။ဒီလိုပုံစံနဲ့ ဘယ်လိုလုပ် ငါက မင်းကို ပိုက်ဆံပေးလို့ရမှာလဲ" လက်ထဲခွက်အလွတ်ကိုင်ထားတဲ့လူက ပိုင်ရန်ကို အထင်သေးသည့်အကြည့်ဖြင့် ကြည့်လိုက်သည်။
ပိုင်ရန်မျက်နှာက ဖြူဖျော့နေသည်။သူက ဘာမှမပြောဘဲ ဝိုင်ပုလင်အကွဲကိုသာ တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားသည်။
မုယောင် အနီးနားရှိလူတွေဆီက စကားလုံးအနည်းငယ်ဖြင့် ဖြစ်စဥ်တစ်ခုလုံးကို ခန့်မှန်းမိသည်။
ထိုလူရဲ့မျိုးရိုးနာမည်က လီ ဖြစ်ပြီး ကုမ္ပဏီအသေးလေးရဲ့ ပိုင်ရှင်ဖြစ်သည်။လူတွေက သူ့ကို မစ္စတာလီ လို့ခေါ်ကြသည်။သူ့မိန်းမက သေဆုံးသွားပြီဖြစ်ကာ သူသာ အိပ်ချင်ရင် ယောင်္ကျားလား မိန်းမလားဆိုတာ ဂရုမစိုက်ပေ။
သူသာ တစ်ယောက်ယောက်ကို ကြိုက်ရင် အဲ့လူကို ထောက်ပံ့ပေးဖို့ ပိုက်ဆံတွေပေးလိမ့်မည်။တစ်ဖက်လူက အလိုမရှိဘူးဆိုရင် အဲ့လူက အနိုင်ကျင့်ရလွယ်လားဆိုတာ ရှာလိမ့်မယ်။အနိုင်ကျင််ဖို့လွယ်ရင် သူ့ကို ဖိအားပေးလိမ့်မယ်။အနိုင်ကျင့်ဖို့မလွယ်ဘူးဆိုရင် အကျိုးအမြတ်ယူလိမ့်မယ်။တိုတိုပြောရရင်တော့ တအား ရွံ့စရာကောင်းသည်။
ပိုင်ရန်က မိဘမဲ့တစ်ယောက်ဖြစ်သည်။ကောလိပ်တက်နေချိန်အတွင်း သူ့ကိုယ်သူ ထောက်ပံ့ဖို့ အလုပ်တွေအများကြီးကို လုပ်ရသည်။ဒီဘားမှာရတဲ့ သူ့လုပ်အားခက သူ့ဝင်ငွေရဲ့အများဆုံးဖြစ်သည်။
ဒီမစ္စတာလီက ပိုင်ရန်ကို ရက်အတော်ကြာ မျက်စိကျနေတာဖြစ်သည်။ပိုင်ရန်က ဘယ်လောက်ပဲ သူအကျပ်ကိုင်ကိုင် ဖိအားပေးပေး ငြင်းခဲ့သည်။သူ ပိုင်ရန်ရဲ့အထောက်အထားနောက်ခံကို စစ်ဆေးကြည့်တော့ တိုက်ခိုက်ဖို့လွယ်ကူလိမ့်မယ်လို့တွေးမိသည်။ဒါကြောင့် ပိုင်ရန်ကို ပြင်းပြင်းထန်ထန် တိုက်ခိုက်လိုခြင်းဖြစ်သည်။
ထိုအချိန်တွင် ဘားမန်နေဂျာက အပြေးရောက်လာသည်။မစ္စတာလီကို တောင်းပန်ဖို့ အမြန်လျှောက်လာပြီး ပိုင်ရန်ကိုလည်း အရင်တောင်းပန်ဖို့ လက်ဟန်ပြလိုက်သည်။
မစ္စတာလီက တစ်နှစ်အတွင်း ဒေါ်လာသောင်းရာချီကို ယူဆောင်လာနိုင်ပြီး ပိုင်ရန်ကတော့ ဒီတိုင်းအချိန်ပိုင်းအလုပ်သမားသာသာပင်။သဘာဝအလျောက် မန်နေဂျာက ပိုအရေးကြီးတဲ့ အမြတ်အရှုံးကို တွက်ဆသည်။
ပိုင်ရန်ရင်ထဲ အရှက်ကွဲမှုတွေနဲ့ ပြည့်နှက်နေသည်။မန်နေဂျာကို သူအလုပ်ထွက်မယ်လို့ ပြောလိုက်ချင်ပေမယ့် သူ့လစာကို တွေးမိတော့ ငြိမ်နေလိုက်သည်။
သူ့နှုတ်ခမ်းတွေက စကားလုံးတစ်လုံးမှမထွက်ဘဲ တုန်ယင်နေသည်။မန်နေဂျာက သူ့ကိုထပ်မံတိုက်တွန်းတော့မည့်အချိန် ရုတ်ချည်း လူအုပ်ထဲက ထွက်လာတဲ့အရမ်းတောက်ပတဲ့လူငယ်လေးက ပိုင်ရန်လက်ကို ဆုပ်ကိုင်ပြီး သူ့နောက်ကို ကာကွယ်ရန်ပို့ထားလိုက်သည်ကို မြင်လိုက်ရသည်။
ပိုင်ရန်ကြည့်လိုက်တော့ မုယောင်ဖြစ်နေသည်။သူ တစ်ခုခုပြောမလိုရှိသေး မုယောင်က ပြောလာသည်။
"သွားသေလိုက်!အပုပ်နံ့တောင်ထွက်နေတဲ့ စောက်ရူးကောင်!"
မုယောင် မစ္စတာလီကို စိုက်ကြည့်ပြီး လက်ခလယ်ထောင်ပြလိုက်သည်။
မစ္စတာလီ ရုတ်တရက်အဆဲခံလိုက်ရတာကြောင့် ဒေါသအချောင်းချောင်းထွက်သွားသည်။လက်ထဲကခွက်နဲ့ ပစ်ပေါက်တော့မယ့်အချိန် ယွမ်တစ်သိန်းနီးပါးတန်ဖိုးရှိတဲ့ မုယောင်အဝတ်အစားတွေကို သတိပြုမိလိုက်သည်။ဒါတောင် မုယောင်လက်ကောက်ဝတ်ပေါ်က ၆သိန်းကနေ ၇သိန်းကြားရှိတဲ့ နာရီတောင် မပါသေးဘူး။
"မင်း...မင်းက ဘယ်သူလဲ။မင်းကို ကိုယ့်ကိစ္စကိုယ်လုပ်ဖို့ အကြံပေးချင်တယ်နော်" မစ္စတာလီ ယုံကြည်ချက်မရှိစွာဖြင့် ပြောလိုက်သည်။
သူ့ရှေ့က လူငယ်လေးကို ရန်သွားစလို့မရဘူးဆိုတာသိသည်။သူ့ပုံစံကြည့်ရတာ သူဋ္ဌေးလေးလိုပဲ။ကြည့်ရတာ ထိပ်တန်းချမ်းသာတဲ့မိသားစုတစ်ခုက သခင်းငယ်လေးပဲ။
"ပေါက်ပေါက်ဖောက်နေတာ ရပ်လိုက်, ဒီကမင်းအဖေရဲ့မျိုးရိုးနာမည်က 'မု' ။ မင်း ငါ့ကို လာရှုပ်နိုင်လားဆိုတာ သွားရှာကြည့်လိုက်ဦး"
မုယောင် ထိုမစ္စတာလီကို ပြောပြီးနောက် မန်နေဂျာဆီလှည့်လိုက်သည်။မန်နေဂျာက သူ့ကိုမြင်တော့ မတ်မတ်ရပ်လိုက်သည်။ဒီသခင်လေးက ပိုင်ရန်ကိုသိနေတယ်ဆိုတာ သိသာနေတာပဲ။ချက်ချင်း လျှောက်လာကာ သူ့ကို အပြုံးတစ်ပွင့်နဲ့အတူ တောင်းပန်လာသည်။
ကုမ္ပဏီအငယ်လေးရဲ့ဘော့စ်သေးသေးလေးက ဘယ်လိုလုပ် မုမိသားစုက ဒုတိယသခင်ငယ်လေးနဲ့ ယှဥ်လို့ရမှာလဲ။
ချက်ချင်းပဲ သူ လုံခြုံရေးကို အချက်ပြကာ မစ္စတာလီလို့ခေါ်တဲ့သူနဲ့သူ့သူငယ်ချင်းတွေကို အပြင်ထွက်ဖို့ ယဥ်ယဥ်ကျေးကျေး ဖိတ်ခေါ်ခိုင်းလိုက်သည်။
သူ ပိုင်ရန်ကိုလည်း ထပ်တောင်းပန်လိုက်သည်။သူမှားသွားကြောင်းနဲ့ ဒီလအတွက် အပိုဘောနပ်စ်ပါ ပေးမယ်လို့ပြောလိုက်သည်။
ပိုင်ရန်ရင်ထဲတွင် ခံစားချက်များ ရှုပ်ထွေးနေသည်။ ဒီတစ်ကြိမ်တွင် မုယောင်က သူ့ကို ကာကွယ်ပေးဖို့ရပ်တည်လာမယ်လို့ ဘယ်တုန်းကမှ မတွေးဖူးပေ။
သူ မုယောင်ရဲ့နူးနူးညံ့ညံ့အသွင်အပြင်ကို သေသေချာချာလေးလေးနက်နက်ကြည့်နေသည်။ဒီအချိန်ရှိ မုယောင်ကို မှတ်တမ်းသွင်းထားချင်သည့်အတိုင်းပင်။
မုယောင်က ပိုင်ရန်ကို အိမ်ခေါ်သွားတဲ့အချိန် လုံးဝကို ဇဝေဇဝါဖြစ်နေပြီ။
မုယောင် ပိုင်ရန်ရဲ့အရှက်ခွဲခံရလို့ဖျော့တော့နေတဲ့ပုံစံကိုမြင်ပြီး သူ့အရင်ဘဝက လမ်းကြားထဲက အဖြစ်အပျက်ကို ပြန်မှတ်မိသွားသည်။ပိုင်ရန်က သူ့ကို တူညီတဲ့ပုံစံမျိုးနဲ့ကြည့်ခဲ့ပေမယ့် သူကတော့ ရက်စက်ယုတ်ညံ့မှုကြောင့် စုံလုံးကန်းပြီး နေရာကနေကို မရွှေ့ခဲ့ပေ။
ဘားမှာထိုအချိန်တုန်းက အပြစ်ရှိစိတ်နဲ့အတူ ရောနှောနေတဲ့ဒေါသတို့က သူ့ရင်ထဲ တိုးဝင်လာပြီး ထိုလူယုတ်မာကို ဆူဆဲကြိမ်မောင်းခဲ့သည်။
ပြဿနာကိုဖြေရှင်းပြီးချိန်မှာ ကျောင်းက ကန့်သတ်ထားတဲ့ဝင်ချိန်ကို ကျော်လွန်သွားပြီဖြစ်သည်။မုယောင် ခေါင်းကိုက်လာပြီး ပြောလိုက်သည်။
"မင်း ငါ့အိမ် လိုက်ခဲ့လိုက်"
ထိုသို့ပြောပြီးတော့ သူချက်ချင်းနောင်တရသွားသည်။ပိုင်ရန်က ငြင်းမှာပေါ့။မမျှော်လင့်စွာဖြင့် ပိုင်ရန်က ချက်ချင်း လက်ခံခဲ့သည်။
ဒါကြောင့် မုယောင်မှာ ဇဝေဇဝါဖြစ်လျက် ယာဥ်မောင်းခေါ်ကာ ပိုင်ရန်ကို အိမ်ခေါ်သွားခဲ့သည်။
ဆက်ရန်~~