Little Creampie (LCP Team):
Chapter 17
မုယောင်နဲ့မုယွင်ဇီတို့ ထိုနေ့က စိတ်မချမ်းမြေ့ဖွယ် လမ်းခွဲပြီးနောက် မုယောင်သည် အိမ်ဟောင်းတွင် မုယွင်ဇီကို တမင်တကာ သိသိသာသာကို စရှောင်နေတော့သည်။
ပိုင်ရန်နဲ့ကတော့ တဖြည်းဖြည်းရင်းနှီးလာ၏။
ပိုင်ရန်က အလွန်နူးညံ့သိမ်မွေ့သည့်လူဖြစ်၏။အရသာရှိတဲ့အစားအသောက်တွေလည်း ချက်ပေးပြီး မုယောင်ကိုလည်း ဂရုတစိုက်ရှိ၏။
အတန်းကလည်း တူတူပဲမိုလို့ အတန်းပြီးတာနဲ့ ပိုင်ရန်က မုယောင်ကို လာတွေ့၏။မုယောင်စိတ်ထဲတွင် ပိုင်ရန်တစ်ယောက် အချိန်ပိုင်းအလုပ်တွေ လုပ်စရာမလိုတော့ဘူးလားဆိုတာ သိချင်ပေမယ့် တိုက်ရိုက်ထုတ်မေးဖို့ရာလည်း ရှက်နေမိ၏။
မုယောင်သည် မုယွင်ဇီဆီက ဖုန်းအခေါ်လက်ခံရရှိတဲ့အချိန်တွင် သူတို့နှစ်ယောက် အချင်းချင်းစကားမပြောဖြစ်သည်မှာ လဝက်တောင်ရှိသွားပြီဖြစ်၏။
"ခန်မိသားစုက လူအိုကြီးက မနက်ဖြန် သူ့မွေးနေ့ကို ကျင်းပမှာ။ ညနေ ၇နာရီကျ ကုမ္ပဏီကို လာခဲ့" အခြားတစ်ဖက်ရှိ မုယွင်ဇီက ပြောလာ၏။
"အိုခေ...သိပြီ။ကျွန်တော် လုပ်စရာရှိသေးလို့ အခုဖုန်းချလိုက်တော့မယ်"
မုယွင်ဇီပြန်ပြောတာကို မစောင့်တော့ဘဲ မုယောင်သည် ဖုန်းချလိုက်သည်။
မုယွင်ဇီသည် တစ်ဖက်က ဖုန်းချလိုက်သည့်အသံကိုနားထောင်ပြီး သူ့ရင်ထဲရှိ ခံစားချက်ကို ဖော်မပြတတ်ပေ။
မုယောင် သူ့ကိုကပ်တွယ်ခဲ့တုန်းက သူက စိတ်အနှောင့်အယှက်ဖြစ်စရာကောင်းသည်ဟု တွေးခဲ့ပြီး ဂရုမစိုက်ချင်ခဲ့ပေ။အခု မုယောင်က သူနဲ့ဝေးသွားတော့မှ မုယောင်အကြောင်း မတွေးဘဲမနေနိုင်ဖြစ်နေ၏။
နှစ်ရက်တာက ဖြတ်ခနဲ ကုန်ဆုံးသွားသည်။မုယောင်သည် ကုမ္ပဏီဆီသို့ မောင်းသွားခဲ့၏။
သူ မုယွင်ဇီထံ သူရောက်နေပြီဟု wechatမက်ဆေ့ချ်တစ်စောင် ပို့လိုက်ပြီးနောက် ကားကို မှီရင်း မုယွင်ဇီအလာကို စောင့်နေလိုက်သည်။
သူသည် ကိုယ်နဲ့ကွက်တိကျတဲ့ အဖြူရောင်suitကို ဝတ်ဆင်ထားပြီး ရင်ဘတ်တွင် လှပသည့်ခနီလာရောင်ပန်းဖွားရင်ထိုးကို ထိုးထားသည်မှာ ဂလက်ဆီထဲတွင် ဖြေးဖြေးချင်း စီးဆင်းနေတဲ့ပင်လယ်တစ်ခုနဲ့ပင် တူနေလေ၏။
(ခနီလာရောင်=အပြာရောင်=ပြာလဲ့လဲ့)
မုယွင်ဇီ ထွက်လာတော့ မုယောင်ကို မြင်၏။လူငယ်လေးတွင် လှပသည့်မျက်လုံးများနှင့် သွယ်လျသည့်အသွင်အပြင်ပုံစံရှိ၏။ရင်ဘတ်ပေါ်က ခနီလာရောင်ရင်ထိုးက သူရဲ့တောက်ပမှုကို မှေးမိန်းမသွားစေဘဲ အဲ့အစား သူ့ကို ကမ္ဘာကြီးအကြောင်း မသိနားမလည်သေးတဲ့ မင်းသားငယ်လေးတစ်ပါးနဲ့တူသွားစေ၏။
ဖြတ်သွားတဲ့လူတွေက သူကို ခိုးခိုးကြည့်သွားကြ၏။သို့သော် သူကတော့ ဖုန်းနဲ့ကစားရင်း အလုပ်ရှုပ်နေတာကြောင့် လူအုပ်ထဲက အံအားသင့်တဲ့အကြည့်တွေ လိုချင်တပ်မက် ငမ်းငမ်းတက်နေတဲ့အကြည့်တွေကို သတိမထားမိချေ။
မုယွင်ဇီသည် မျက်မှောင်ကြုတ်ပြီး လျှောက်သွားလိုက်သည်။ထို့နောက် မုယောင်၏ရှေ့တွင် တည်တည်ငြိမ်ငြိမ်ဖြင့် ရပ်ပြီးခိုးကြည့်နေတဲ့အကြည့်တွေကို ပိတ်စို့လိုက်တော့သည်။
"သွားကြမယ်" မုယွင်ဇီက ညင်သာစွာပြောလိုက်၏။
မုယောင်လည်း မုယွင်ဇီနောက်လိုက်ပြီး ကားထဲဝင်လိုက်သည်။မုယောင်ရဲ့ကားက အရမ်းကြီးထင်ပေါ်လွန်းပြီး ခန်မိသားစုဆီ မောင်းသွားဖို့ရာ မသင့်တော်ပေ။
သူတို့ရောက်တော့ အခမ်းအနားပွဲက စတင်ရုံရှိသေး၏။ခန်ချင်းဟန်က မုယွင်ဇီလာတာကိုမြင်တော့ နှုတ်ဆက်ဖို့ သွားလိုက်သည်။
ခန်ချင်းဟန်က ခန်ဘိုးဘိုးကြီးရဲ့မြေးတွေထဲမှာ ဒုတိယမြောက်မြေးဖြစ်၏။ဒုတိယမြောက်မြေးဖြစ်ပေမယ့် ခန်ဘိုးဘိုးကြီးရဲ့ အနှစ်သက်ဆုံးမြေးလည်းဖြစ်သည်။ကုမ္ပဏီကိုတောင် သူ့ရဲ့စိတ်ပျက်စရာသားတွေကိုကျော်ပြီး ခန်ချင်းဟန်ဆီကိုသာ တိုက်ရိုက်လက်လွှဲပေးထား၏။
"မတွေ့တာ ကြာပြီနော် ယွင်ဇီ" ထိုသို့ပြောပြီးနောက် ခန်ချင်းဟန်သည် သူ့အကြည့်တွေကို မုယောင်ဆီပို့လိုက်သည်။
"မုသခင်ငယ်လေးကိုလည်း နောက်ဆုံးတွေ့ခဲ့တာ ကြာပြီပဲ။နျောင်နျောင်ရဲ့ကိစ္စအတွက် မင်းကိုကျေးဇူးတင်ရမှာပဲ"
"မဟုတ်တာ။မလိုပါဘူး။နျောင်နျောင်ကလည်း ချစ်စရာလေးပါ" မုယောင်သည် သူ့ကို ယဥ်ယဥ်ကျေးကျေးနှုတ်ဆက်လိုက်သည်။သူ့စိတ်ထဲတွင်တော့ ဒီလူနှစ်ယောက်နဲ့ ခပ်ဝေးဝေးကို ရှောင်ထွက်ချင်နေသည်။
မုယွင်ဇီသည် မုယောင်က သူတို့နဲ့ မနေချင်တာကို မြင်တော့ လက်ယမ်းပြလိုက်သည်။
"သွားကစားနေလိုက်။အရမ်းကြီးလည်း သောက်မနေနဲ့"
ထိုဟာကိုကြားတော့ မုယောင်သည် လျင်ခနဲထွက်သွား၏။
မုယောင် အချိုပွဲရှိရာဆီ သွားလိုက်သည်။အရသာရှိပုံရတဲ့အချိုပွဲနည်းနည်းကိုယူ၍ ထောင့်စွန်းနားသွားပြီး ဘရန်ဒီတစ်ခွက်ကိုလှုပ်ကာ သောက်နေလိုက်သည်။
စူးရှထက်မြက်သည့်အကြည့်ရှိသူတစ်စုံတစ်ယောက်က မုမိသားစုရဲ့သခင်ငယ်လေးကို သတိထားမိသွားသည်။မုယောင်ကို ခေါ်လိုက်ချင်ပေမယ့် မုယောင်က လက်ကိုဝေ့ယမ်းကာ ခဏလောက် သူတစ်ယောက်တည်းနေချင်ကြောင်း အရိပ်အမြွက်ပြလိုက်၏။
မုယောင်တွင် စီးပွားရေးအတွက် ပါရမီမရှိချေ။ဒါကြောင့် သူ့ရဲ့အသုံးမဝင်မှုကို လူမှုကွန်ယက်မှာ တိုးချဲ့စရာမလိုပေ။သူ ဒီလိုမြင်ကွင်းတွေကို မကြိုက်ပေ။ထိုသူတို့၏အပြုံးများနှင့် ရင်းရင်းနှီးနှီးဆက်ဆံမှုများက တအားကို အတုအယောင်ဆန်သည်ဟု ခံစားရ၏။
အစကတော့ မုယောင်သည် တစ်ယောက်တည်းပျော်ရွှင်နေတာဖြစ်သည်။ဒါပေမယ့် မဖိတ်ခေါ်ထားတဲ့ဧည့်သည်တစ်ယောက်က သူရဲ့အေးအေးဆေးဆေး သက်တောင့်သက်သာနေနေခြင်းကို လာနှောင့်ယှက်လိမ့်မည်ဟု မထင်ထားပေ။
လော့ယင်သည် မုယောင်နဲ့ဆန့်ကျင်ဘက်ဆိုဖာတွင် ြဗုန်းစားကြီး ထိုင်ချပြီး မုယောင်ကို ရီဝေဝေအကြည့်ဖြင့် (သောက်ထားလို့) စိုက်ကြည့်နေသည်။
လော့ယင်ကိုတွေ့တော့ မုယောင်ရဲ့မျက်နှာက အနည်းငယ်ပြောင်းလဲသွားသည်။ ဒေါက်တာချန်ဆီ နှစ်ကြိမ်သွားပြီး သူပြောသလို စိတ်ဒဏ်ရာကို ကုသနိုင်ဖို့ ပိုင်ရန်နဲ့ အဆက်အသွယ်များများလုပ်ခဲ့၏။ဒါ့ကြောင့် လော့ယင်ကိုတွေ့တော့ အရင်ကလောက် ပြင်းပြင်းထန်ထန်ကြီး မတုံ့ပြန်တော့တာဖြစ်၏။
ဒါပေမယ့် ဒါက လော့ယင်ကို သူမုန်းတီးနေခြင်းကို လျော့မသွားစေပေ။
မုယောင် ချက်ချင်း စားချင်စိတ်ပျောက်သွားသည်။လော့ယင်ကို တစ်ချက်ခိုးကြည့်လိုက်ပြီး ထကာ သန့်စင်ခန်းဆီ သွားမလို့လုပ်လိုက်၏။
မထင်မှတ်ဘဲ လော့ယင်ကလည်း သူနဲ့အတူ မတ်တပ်ရပ်လိုက်သည်။လူအချို့က ဒီမြင်ကွင်းကိုမြင်ပြီး အနားကလူတွေဆီ တီးတိုးပြောနေကြသည်။
"ဟေ့...အဲ့နှစ်ယောက် ဘာတွေလုပ်နေကြတာလဲ။ထပ်ပြီး ရန်သတ်ကြတော့မှာလား" အထက်တန်းလွှာတွင် သူနဲ့လော့ယင်က ကျမ်းကျိန်ထားတဲ့ရန်သူတွေဆိုတာ မသိသူမရှိပေ။
(ဒီနေရာမှာ သုံးထားတဲ့ကျမ်းကျိန်တာက တင်စားပြီးပြောထားတာပါ)
အခုက မစ္စတာခန်ရဲ့မွေးနေ့ပါတီဖြစ်တာကြောင့် မုယောင်သည် သူနဲ့ ဘာပြဿနာမှ မဖြစ်ချင်ပေ။လော့ယင် သူနောက် လိုက်လာသည်ကို မုယောင် ဘာမှမပြောဘဲ နေလိုက်၏။
တိတ်တဆိတ်ဖုန်းကိုဖွင့်ပြီး မုယွင်ဇီ၏contactမျက်နှာပြင်ကို ဖွင့်ထားလိုက်သည်။တစ်ခုခုမှားတာနဲ့ အမြန်ဆုံး မုယွင်ဇီဆီ ဖုန်းခေါ်လို့ရအောင်ပင်။ဒီနေရာက ခန်မိသားစုရဲ့နယ်မြေဖြစ်တာကြောင့် မုယွင်ဇီ သူ့ကို လျစ်လျူရှုမှာ မဟုတ်ဘူး။
Chapter 17 end.