Little Creampie (LCP Team):
Chapter 2
မုယောင်သည် သူ့ဘဝမှာ ဒီလိုမျိုးဆန်းကြယ်လှတဲ့ ပြန်လည်မွေးဖွားလာသည့်ဖြစ်ရပ်မျိုး ဖြစ်လာလိမ့်မည်ဟု ဘယ်တုန်းကမှ မမျှော်လင့်ထားခဲ့ပေ။
တစ်စက္ကန့်မှာ အရိုးထိအေးစိမ့်စေသည့် ရေကန်ထဲမှာ သူ့အသိစိတ်တွေ တဖြည်းဖြည်းချင်း ပျောက်ဆုံးသွားပြီး နောက်တစ်စက္ကန့်မှာပဲ သူ့မျက်လုံးတွေကို ဖွင့်ကြည့်လိုက်တော့ ကျက်သရေရှိလှပသည့် ခရစ္စတယ် မီးပန်းဆိုင်းကြီးကို တွေ့လိုက်ရသည်။
လက်ကိုဖြည်းညှင်းစွာ မြှောက်ကာ စိတ်ထဲရှိ ရှုပ်ထွေးပွေလီနေတဲ့ခံစားချက်များဖြင့် ဖြူဖွေးနူးညံ့နေတဲ့လက်များကို ကြည့်လိုက်သည်။
နူးညံ့အိစက်နေသည့် အိပ်ရာပေါ်ကနေ ထပြီး အဝတ်လဲခန်းထဲက မှန်ဆီသို့ သွားလိုက်သည်။သူ နှင်းဆီတစ်ပွင့်လို နုပျိုနေဆဲဖြစ်တဲ့ မှန်ထဲက သူကိုယ်သူကို ကြည့်လိုက်သည်။သူက ပိုင်ရန်လိုပဲ လှပသည်။အမှန်က ပိုင်ရန်ထက်တောင် ပိုပြီး လှပသေးသည်။
ပိုင်ရန်၏အလှတရားက တက္ကသိုလ်ကျောင်းဝန်းထဲမှာ စက်ဘီးဖြူလေးစီးသွားတဲ့ အသစ်စက်စက်ချောမောခန့်ညားတဲ့ကောင်လေးတစ်ယောက်လိုဖြစ်၏။ မုယောင်ကတော့ အသက်ထွက်လောက်အောင် လှပသည့် အလှတရားမျိုးဖြစ်သည်။ နှင်းဆီခြံထဲမှာ ဂရုတစိုက်ဖြင့် ပျိုးထောင်ခံထားရတဲ့ လူးဝစ်XIV လိုပင်။တန်ဖိုးကြီးပြီး နုနယ်သည်။မုယောင်က မုမိသားစုရဲ့သုံးမကုန်ဖြုန်းမကုန်တဲ့ချမ်းသာကြွယ်ဝမှုတို့ဖြင့် ပြုစုပျိုးထောင်ခံခဲ့ရတဲ့ နှင်းဆီပွင့်လေးပင်။
မုယောင်ရဲ့အလှက အလှပဂေးလေးဖြစ်ပေမယ့် နာမည်မကျော်ကြားတဲ့ မင်းသမီးပေါက်စသူ့အမေဆီကနေ အမွေရထားတာပင်။တစ်စုံတစ်ယောက်က သူမ မုဖုန်းချွမ်ကို ဆေးခတ်ရာမှာကူညီပေးခဲ့တာကလည်း သေချာပေါက် သူမရဲ့ အလှအပကြောင့်ပေါ့။
ဆိုရိုးစကားက သူရဲကောင်းက အလှလေးနဲ့ဆိုရင် ခက်ခဲတဲ့အချိန်တွေရှိတယ်တဲ့။ဒါပေမယ့် စိတ်မကောင်းစွာနဲ့ မုဖုန်းချွမ်က သူရဲ့ငယ်ချစ်မိန်းမကို အလှလေးထက် ပိုပြီး ချစ်မြတ်နိုးသည်။ဒါကြောင့် သူမ၏ အစီအစဥ်ကျရှုံးခဲ့သည်။အခုတော့ သူမသည် မိခင်နိုင်ငံနဲ့ အဝေးကြီးမှာ ရောက်ရှိနေပြီး အိမ်ကို ပြန်သွားလို့မရတော့ပေ။
အရင်ဘဝတုန်းက အသက်၂၃နှစ်ရှိနေပြီဖြစ်တဲ့ မုယောင်သည် အထွတ်အထိပ်ထိ ဖူးပွင့်ပြီး ညိုးနွမ်းခြောက်သွေ့တော့မည့် နှင်းဆီပွင့်လေးလိုပင်ဖြစ်၏။အသက်ရှူမှားလောက်အောင် လှပပေမယ့်လည်း ကြွေလွှင့်တော့မည့် အငွေ့အသက်ရသည်။အခုလက်ရှိ မုယောင်ကတော့ ၁၉နှစ်ပဲ ရှိသေးကာ သူ့မျက်ခုံးတွေက သွက်လက်ဖြတ်လတ်ခြင်းအပြည့်ဖြစ်နေသည်။ဖူးပွင့်နေတဲ့ နှင်းဆီပွင့်ငယ်လေးလို မရင့်ကျက်ပေမယ့်လည်း ရှင်သန်လိုစိတ်အပြည့်ပင်။
မုယောင် တကယ်တော့ သူ့ပုံစံကိုသူ သိပ်မကြိုက်ပေ။သူအရပ်က မပုဘဲ 176 cm ရှိသည်။ပခုံးတွေကတော့ သိပ်မကျယ်ပေ။ခါးက အလွန်သေးကာ ခြေတံတို့က ရှည်လျားသွယ်လှသည်။တစ်ကိုယ်လုံးကို ခြုံကြည့်လိုက်လျှင် အထိမခံ ကြွေပန်းကန်လို အလှလေးဖြစ်သည်။
သူကိုယ်သူ အားနည်းပြီး ယောင်္ကျားပီသခြင်း မရှိဘူးဟု ခံစားရသည်။ထိုအရာက သူ့ကို ရှက်မိစေသည်။
ဒါပေမယ့် ကံကောင်းစွာနဲ့ မုမိသားစုထဲ မွေးဖွားလာခဲ့သည်။အကယ်၍ သူသာ အခြားသာမန်မိသားစုဆီမှာ မွေးဖွားလာခဲ့ရင် သူ့အလှက မတွေးရဲစရာ ဘေးအန္တရာယ်တွေကို ခေါ်ဆောင်လာလိမ့်မည်။
အလှလေးဖြစ်နေတာက အပြစ်မဟုတ်ပေ။ဒါပေမယ့်လည်း မင်းမှာ မင်းကိုယ်မင်း ကာကွယ်နိုင်စွမ်း မရှိဘူးဆိုရင် ထိုအလှက မင်းအတွက် မကောင်းပေ။
မုယောင် လက်ဆန့်ကာ နူးညံ့ချောမွတ်နေတဲ့ သူ့ပါးတွေကို ထိကြည့်လိုက်သည်။အခုတော့ သူ ဘာလို့ အရင်ဘဝတုန်းက ထိုသို့လုပ်ရပ်မျိုး လုပ်ခဲ့မိလဲဆိုတာ နားမလည်နိုင်ပေ။
ဖြစ်နိုင်တာက မနာလိုဝန်တိုခြင်းနဲ့ ခါးသီးမှုတို့ကြောင့် စုံလုံးကန်းသွားတာဖြစ်မည်။
သူ့မျက်လုံးတွေကို ဖြည်းညှင်းစွာ မှိတ်ပြီး ခံစားချက်တွေကို စုစည်းလိုက်သည်။
သူ ပိုင်ရန်ကို မမုန်းပေ။အမှန်တွင် သူကသာ ပြစ်မှုကျူးလွန်သူဖြစ်သည်။ဒါပေမယ့် မုယွင်ဇီနဲ့လော့ယင်ကို မုန်းသည်။
သူသိသည်။လော့ယင်လုပ်ခဲ့တဲ့အရာတွေက လူတိုင်းဆီကနေ ခွင့်ပြုချက်ရထားပြီးသားဆိုတာကို။
မုယောင် သူကိုယ်တိုင်လုပ်ခဲ့တဲ့အရာတွေက လူသားမဆန်ဘူးဆိုတာ လက်ခံသည်။ဒါပေမယ့်လည်း သူတို့တွေကလည်းပဲ လူကောင်းတွေ မဟုတ်ကြပေ။
သူ သူတို့နဲ့ မတိုက်နိုင်ပေ။အဲ့လူတွေက ကောင်ကင်ဘုံရဲ့မျက်ရှုလေးတွေဖြစ်ပြီး သူကတော့ ဒီတိုင်း အရူးတစ်ယောက်သာသာအဆင့်ပဲ။ဘယ်လိုသတ္တိနဲ့များ သူတို့ကို တိုက်ခိုက်ရဲမှာလဲ။
မလိုလားတဲ့ခံစားချက်တွေ ၊ ခါးသီးတဲ့ခံစားချက်တွေ ၊ နာကျည်းမုန်းတီးမှုနဲ့ နောင်တတွေက သူ့ရင်ထဲ တစ်လိပ်လိပ်တက်လာကာ မျက်ရည်တစ်ကြောင်းက သူ့မျက်လုံးထောင့်ကနေ စီးဆင်းလာသည်။
ထားလိုက်ပါတော့။ထပ်လုပ်မိရင် နောက်ဆုံးအဆုံးသတ်မှာ အကျိုးဆက်တွေ ခံစားရမှာက သူပဲဖြစ်နေလိမ့်မယ်။သေခြင်းတရားက ငြိမ်းသက်သွားတဲ့ မီးခွက်လိုပဲ။သူ ဘဝအသစ်မှာ နေထိုင်ပြီး အရင်ဘဝက ခြေလှမ်းတွေအတိုင်း ဆက်မလျှောက်သင့်တော့ပေ။
ဒီဘဝမှာတော့ သူတို့ရဲ့ အဝေးမှာ နေပြီး သူ့ပိုက်ဆံကိုသာယူကာ သူ့ကိုယ်ပိုင်ဘဝမှာပဲ နေထိုင်တော့မည်။
မုယောင် သူ့အိပ်ခန်းဆီကို ပြန်လျှောက်သွားပြီး အိပ်ရာပေါ် လှဲချလိုက်သည်။သူ အသက်၁၉နှစ်ဖြစ်တဲ့ မနေ့တုန်းက သူနဲ့သူ့သူငယ်ချင်းတွေ ပျော်ပွဲရွှင်ပွဲလုပ်ခဲ့ကြသည်။ငြင်းခုံစကားများကြသည်မှာ မနက်သုံးနာရီမထိုးခင်ထိ ကြာရှည်ခဲ့သည်။
မုယောင်ခေါင်းက အရက်ဒဏ်ကြောင့် နာကျင်နေကာ သူ့စိတ်ဝိဉာဥ်လည်း အခုမှ အေးစက်နေတဲ့ရေကန်ကနေ ဆူညံလှုပ်ရှားနေတဲ့ကမ္ဘာကြီးဆီ ပြန်ရောက်လာခြင်းကြောင့် ပင်ပန်းနေလေသည်။
သူ ပြန်နိုးလာတော့ ညနေငါးနာရီရှိနေပြီဖြစ်သည်။
အခန်းထဲကနေ ထွက်ပြီး လှေကားကနေ ဆင်းသွားလိုက်သည်။အိမ်တော်ထိန်းအန်ကယ်ဝမ်က ပထမအထပ်ရှိ ဧည့်ခန်းထဲက ပန်းအိုးကို တိဖြတ်နေသည်။သူအောက်ဆင်းလာတာမြင်တော့ သူ့ဆီကို အမြန်လျှောက်လာကာ ပြောလာသည်။
"ယောင်ယောင် နိုးလာပြီလား။ဘာစားချင်လဲ။"
သူ အန်ကယ်ဝမ်ရဲ့ချစ်မြတ်နိုးမှုတွေပါတဲ့မျက်နှာကို ကြည့်ကာ လိမ်လိမ်မာမာနဲ့ ပြုံးပြလိုက်သည်။
"အန်ကယ်ဝမ် ကျွန်တော် အမဲသားခေါက်ဆွဲစားချင်တယ်"
"ရတာပေါ့ အန်တီလီကို အခု လုပ်ခိုင်းမယ်" ပြီးတော့ အန်ကယ်ဝမ်က လှည့်ကာ မီးဖိုချောင်ထဲ ဝင်သွားခဲ့သည်။
မုယောင် ဆိုဖာပေါ်ထိုင်နေရင်း ဘေးပတ်ပတ်လည်ကို ကြည့်လိုက်သည်။သူ ဒီနေရာမှာ ၁၉နှစ်တိုင်အောင် နေထိုင်ခဲ့သည်။သူ့အရင်ဘဝတုန်းက အိမ်ကနေ လမ်းကြိုလမ်းကြားဆီလည်း သွားခဲ့သည်။
အခုတော့ ဒီနေရာမှာ ထိုင်ရင်း သူ အခြားကမ္ဘာတစ်ခုဆီကို ရောက်နေသလို ခံစားရသည်။
အမဲသားခေါက်ဆွဲကို နှေးတိတိနဲ့စားပြီးနောက် သူ့အခန်းဆီကိုပဲ ပြန်သွားလိုက်သည်။ခဏတွေးတောပြီးနောက် မုယွင်ဇီဆီ ဖုန်းခေါ်လိုက်သည်။
ဖုန်းကို ဟိုဘက်က မဖြေခင်မှာ အကြိမ်ရေများများ ခေါ်ခဲ့ရသည်။ဒီလိုကိစ္စက ပုံမှန်ပင်။မုယွင်ဇီက အရမ်းအလုပ်များပြီး သူ့ကိုလည်း စကားမပြောချင်ပေ။
"ဘာကိစ္စရှိလို့လဲ" မုယွင်ဇီရဲ့အေးစက်စက်အသံက ဖုန်းလိုင်းကနေတစ်ဆင့် ထွက်ပေါ်လာသည်။
"ကျွန်တော် ဘိုးဘွားပိုင်အိမ်တော်ကနေ ပြောင်းနေဖို့ စီစဥ်ထားတယ်။ မနက်ဖြန်ကျ ထွက်သွားတော့မယ်" မုယောင် လက်ကိုတင်းတင်းကြပ်ကြပ်ဆုပ်ကာ တည်တည်ငြိမ်ငြိမ်ဖြင့် ပြောလိုက်သည်။
သူ့ဆီမှာ သူတို့ကို ပြန်လက်စားချေတုံ့ပြန်ဖို့ ရည်ရွယ်ချက်မရှိပေမယ့် မုယွင်ဇီနဲ့တော့ တစ်မိုးအောက်မှာ ဘာမှမဖြစ်သလို ငြိမ်းငြိမ်းချမ်းချမ်းဖြင့် ဆက်မနေထိုင်နိုင်ပေ။
".....'' မုယွင်ဇီ စက္ကန့်အနည်းငယ်လောက် ရပ်တန့်သွားသည်။ဖြစ်နိုင်တာကတော့ နည်းနည်းအံ့ဩသွားတာဖြစ်မည်။
"လုပ်ချင်သလိုသာလုပ်" ဟုပြောကာ ဖုန်းချသွားလေသည်။
ဖုန်း၏ဟိုဘက်က မအားကြောင်းပြနေသည့် အသံထုတ်လွှင့်ချက်ကို နားထောင်ရင်း မုယောင်၏နှုတ်ခမ်းများ လှောင်ပြုံးဖြင့် ကော့တက်သွားသည်။(သူ့ကိုယ်သူ လှောင်တာပါ)
ထို့နောက် ရွေ့ပြောင်းကုမ္ပဏီကို စရှာတော့သည်။
မုအုပ်စုအဆောက်အဦးတွင် မုယွင်ဇီ၏ ချောမောခန့်ညားသည့်မျက်နှာမှာ ဇဝေဇဝါဖြစ်နေပုံ ပေါ်နေသည်။ဘိုးဘွားပိုင်အိမ်တော်ကို စွန့်ခွာရန် အမြဲငြင်းဆိုနေတဲ့ သူ့ရဲ့စျေးပေါတဲ့ညီ လုပ်နေတဲ့အရာတွေကို သူမသိလေပေ။
ဆက်ရန်~~