နိဒါန်း
အေဒီ ၂၀၂၀ တွင် "ကောမက်" ဗိုင်းရပ်စ်သည် ကမ္ဘာတစ်ဝန်းလုံးသို့ ပျံ့နှံ့သွားခဲ့သည်။ လူသားအများစု ကူးစက်ခံရပြီး နောက်ဆုံးတွင် ဇွန်ဘီးများ ဖြစ်သွားခဲ့ကြသည်။ အရေးပေါ်သုတေသန ဆောင်ရွက်၍ တီထွင်ဖန်တီးခဲ့သော ကာကွယ်ဆေးသည်လည်း ကျန်ရှိနေသော လူဦးရေ ၁၀ ရာခိုင်နှုန်းကိုသာ ကာကွယ်ပေးနိုင်ခဲ့ပြီး ဇွန်ဘီးဖြစ်သွားသူများကို ကုသမပေးနိုင်ခဲ့ပေ။ တစ်ကမ္ဘာလုံးရှိ နိုင်ငံအသီးသီးမှ အစိုးရများ ပူးပေါင်းကာ "ချားလ်စ်" ဟုခေါ်သော အလုံပိတ်မြေအောက်မြို့ကြီးတစ်မြို့ကို အချိန်တိုအတွင်းတွင် တည်ထောင်ခဲ့ကြသည်။ ဤအလုံပိတ်ဂေဟစနစ်အတွင်းတွင် လူသားမျိုးနွယ်စုအတွက် ခေတ်သစ်တစ်ခု အစချီခဲ့သည်။ ဤခေတ်သစ်တွင် သတင်းအချက်အလက် နည်းပညာ၊ ဦးနှောက်သိပ္ပံ နှင့် ပိုးမွှားဗေဒ ဆိုသည့် အဓိကနယ်ပယ် ၃ ခု အလျင်အမြန် ဖွံ့ဖြိုးတိုးတက်လာခဲ့သည်။
အပိုင်း ၁ နောက်ဆက်တွဲ
ချားလ်စ် ပြက္ခဒိန် (CC) ခုနှစ် ၁၂၄ ၊ တစ်ခုသော တောအုပ်အတွင်းတွင်
ခေါင်းထဲမှာလည်း တဒုတ်ဒုတ် နားတွေထဲမှာလည်း တအူအူ။
ရှောင်ယန် မျက်မှောင် ကြုံ့မိသွားသည်။ နဖူးပေါ် လက်တင်ကြည့်လိုက်တော့ လက်ဖျားထိပ်မှာ ပူနွေးနွေး စိုစွတ်စွတ် အရာတစ်ခု စီးကျလာသည်ကို ခံစားမိလိုက်ရသည်။ အနီးကပ် မျက်လုံးဖွင့်ကြည့်လိုက်ရာ သွေးများဖြစ်နေသည်။
ရုတ်တရက် သူ့နောက်ကွယ်မှ စူးစူးဝါးဝါး အော်မြည်သံတစ်ခု ထွက်ပေါ်လာသည်။
အသံကြားရာကို လှည့်ကြည့်လိုက်ရာ မြင်လိုက်ရသည်မှာ မျက်လုံးများ ကျွတ်ကျလုမတတ် ပြူးထွက်နေသည့် သူ့သူငယ်ချင်း။ကျန်းတသည် ပါးစပ်အဟောင်းသားနှင့် ဆွံ့အလျက် ရှိနေသည်။
အဲဒီတော့မှ ဘာတွေဖြစ်ခဲ့သလဲဆိုတာကို ရှောင်ယန် ပြန်မှတ်မိတော့သည်။
လူသူမရောက်မပေါက်သေးသည့် တောနက်တစ်ခုကို သူတို့ ပထမအကြိမ် လေ့လာရေးဆင်းချိန်တွင် လေယာဉ်မှူး၏ဦးနှောက်အတွင်းသို့ ကျူးကျော်မှုတစ်ခု ဝင်ရောက်လာခဲ့သည်။ ထို့ကြောင့် လေယာဉ်မှူး၏ စိတ်ဖြင့်ဆောင်ရွက်နိုင်မှုများ ဆုံးရှံးသွားခဲ့ရပြီး လေယာဉ်အား လက်လုပ်အခြေအနေသို့တောင် ပြောင်းလဲမပေးနိုင်ခဲ့ပေ။ သူတို့စီးနင်းလာသောလေယာဉ်သည်လည်း ပျက်ကျသွားခဲ့သည်။
လေယာဉ်နှင့် မြေကြီး ထိတွေ့ချိန် ဖြစ်ပေါ်လာသော အရှိန်ကြောင့် ရှောင်ယန့်ခေါင်းနှင့် ဘေးမှာရှိသော ပြတင်းပေါက် ဝင်စောင့်မိပြီး သူ ခဏတာ သတိလစ်သွားခဲ့ခြင်း ဖြစ်သည်။
ပုံမှန်ဆိုလျှင် မျက်နှာခပ်တည်တည်နှင့် တည်ငြိမ်ကြသည့် သူ၏စီနီယာ ၂ ယောက်ပါမကျန် အားလုံး အကြောက်အလန့်လွန်နေသည်ကို သူနိုးလာသည့်အခါ ကွက်ကွက်ကွင်းကွင်း မြင်လိုက်ရသည်။
ရှောင်ယန်ရှိနေသောဘက်သည် လေယာဉ်နှင့်မြေကြီး ထိတွေ့သည့်ဘက်ဖြစ်သဖြင့် သူ ဘာမှ မမြင်ရသေးပေ။
ခေါင်းကိုလှည့်ပြီး လေယာဉ်၏အခြားတစ်ဖက်ကို ကြည့်လိုက်သည့်အခါ သူ မှင်တက်သွားသည်။
များပြားလှသော ဇွန်ဘီးများက သူတို့၏ လေယာဉ်ပျက်အပေါ်တွင် တက်ရောက်နေပြီး ပြတင်းပေါက်ကို တဒုန်းဒုန်းနှင့် ရိုက်နှက်နေကြသည်။ အထဲကို အချိန်မရွေး ဖြဲဝင်လာတော့မလိုလို။ ရှိသမျှအရာအားလုံးကို ဆွဲဖြဲပြီး သူတို့ဗိုက်ထဲ ထည့်တော့မလိုလို။
"အား... ဇွန်ဘီးတွေပဲ ဇွန်ဘီးတွေ ငါတို့ ဘယ်လိုလုပ်ကြမလဲ"
"လေယာဉ်မှူးတွေ စစ်စတန်ကို ပြန်စကြည့်ကြပါဦး..."
တစ်ယောက်ယောက် အဲဒီလို ပြောအပြီးတွင် အသစ်စက်စက်ရထားသည့် အသားတွေကို ဆွဲဖြဲစားနေသည့် ဇွန်ဘီးတွေက ပြတင်းပေါက်အပေါ်သို့ ခေါင်းတစ်လုံး ပစ်ပေါက်လိုက်သည်။
မျက်နှာတစ်ပိုင်းမှာ အသားစများ မရှိတော့ဘဲ အရိုးများပေါ်နေကာ မျက်လုံးအိမ်မှာလည်း ဟာလာဟောင်းလောင်း။ ပြတင်းပေါက်နှင့် ထိရိုက်သည့်အခါ အနီရောင်စင်းကြောင်းတစ်ခု ပေါ်သွားသည်။
ထိုခေါင်းကို အနီးမှရှိသည့် ဇွန်ဘီးတစ်ကောင် ကောက်ယူကာ သူ့ပါးစပ်ထဲသို့ ထည့်ချလိုက်သည်။ ဂျွတ် ဂျွတ်။
မျက်နှာကို ဖန်သားပြင်ပေါ် ကပ်ထားနေရင်းနှင့် သူ့"အစာ"ကိုလည်း ဝါးနေသည်။ အဝါရောင် တံတွေးများနှင့် မေးစေ့ကြားကနေ စီးကျလာသည့် သွေးများက ကြည့်ရုံနှင့်တင် အော်ဂလီဆန်ချင်စရာ။
ထို "အစာ" သည် တစ်ချိန်က လေယာဉ်မှူး ဖြစ်ပေသည်။
"အား --" ပြတင်းပေါက်ဘေးမှာရှိနေသည့် ကျောင်းသားငယ်တစ်ယောက် သွေးရူးသွေးတန်း ဖြစ်သွားသည်။
"အော်တာကို ရပ်လိုက်တော့။ အသံက သူတို့ကို ပိုပြီးတက်ကြွအောင် လုပ်ရုံပဲ ရှိမယ်"
ဤလေ့လာရေးကို ကြီးကြပ်သည့် ခေါင်းဆောင်က ကျောင်းသားကို စိုက်ကြည့်လိုက်သည်။ အခုချိန်တွင် သူတစ်ဦးတည်းသာ စိတ်မှန်တော့သည်။
သူ့ခန္ဓာကိုယ်ပေါ်မှ လုံခြုံရေးကိရိယာများကို ဖယ်ထုတ်ရင်း ခေါင်းဆောင်က အသံတိတ်အမူအရာတစ်ခု လုပ်ပြလိုက်သည်။
"အားလုံးလည်း သိကျတဲ့အတိုင်း ငါတို့လေယာဉ်က ပျက်ကျသွားခဲ့တယ်။ ပိုဆိုးတာက လေယာဉ်ခေါင်းပိုင်း ပျက်ဆီးသွားတာပဲ။ အဲဒါကြောင့်မို့လို့ ငါတို့ လေယာဉ်မှူး ၂ ယောက်တင်မဟုတ်ဘူး မြေကြီးကနေ လေယာဉ်ပြန်ထွက်ခွာနိုင်အောင် လုပ်နိုင်မဲ့ ဖြစ်နိုင်ချေကိုလည်း ဆုံးရှုံးလိုက်ရတယ်။ ကံကောင်းတာတစ်ခုက လေယာဉ်ခေါင်းပိုင်းနဲ့ နောက်ခန်းကြားမှာ ဒီတံခါး ခံနေတာပဲ။ အဲဒီဇွန်ဘီးတွေက ကြည့်ရတာသာ ကြောက်စရာကောင်းမယ် ။ တကယ်တမ်းကျတော့ သူတို့က ဒီတံခါးကို ဖြတ်ဝင်လာနိုင်လောက်တဲ့အထိ အားမကောင်းကြဘူး"
သူတို့သည် ကမ္ဘာပေါ်တွင် အတွေ့ရအများဆုံးဖြစ်သည့် လယ်ဗယ် သုည အဆင့်သာရှိသည့် ဇွန်ဘီးများသာ ဖြစ်ကြသည်။ ပုံစံက ကြောက်စရာကောင်းပြီး အသိစိတ်မရှိ သတ်ဖြတ်နေကြသော်လည်း အလျင်အမြန် ပြန်လည်ကောင်းမွန်နိုင်စွမ်းမှလွဲ၍ လှုပ်ရှားနိုင်စွမ်းမှာ လူသားများနှင့် ဆင်တူသည်။
ခေါင်းဆောင်ဝှိုက်၏ စကားများသည် ဂယောင်ချောက်ခြားဖြစ်နေသော ကျောင်းသားငယ်များကို စိတ်အေးစေသည်။
"ငါတို့မှာ လူ ၁၂ ယောက်ရှိတယ်။ တွက်ကြည့်လိုက်ရင် ဒီနောက်ခန်းထဲက အောက်ဆီဂျင်စက်က နောက်ထပ် ၆ နာရီလောက်တော့ ခံနိုင်သေးတယ်။ အဲဒီ ၆ နာရီအတွင်းမှာ အောက်ဆီဂျင် သုံးစွဲနှုန်း မမြင့်အောင် အားလုံး စကားပြောတာလျှော့ပြီး စိတ်ကို ငြိမ်ငြိမ်ထားကြပါ။ ကံကောင်းရင် ငါတို့လေယာဉ်နဲ့ အဆက်အသွယ်ပြတ်သွားတာကို သုတေသနဌာနက သတိထားမိပြီး အထူးတာဝန်တပ်ဖွဲ့ကို စုံစမ်းဖို့ လွှတ်ချင်လွှတ်ပေးလာလိမ့်မယ်။ အဲဒီလိုဆို ငါတို့မှာ အသက်ရှင်ဖို့ အခွင့်အရေး ရှိဦးမယ်။ အားလုံး နားလည်ကြလား။"
အားလုံးက ခေါင်းညိမ့်ပြကာ စကားပြော ရပ်ခဲ့ကြသည်။
အများစုမှာ ဗဟို သိပ္ပံအကယ်ဒမီမှ ကျောင်းသားများဖြစ်ကြသည်။ ကျောင်းပြီးလျှင် စစ်တပ်တွင် သုတေသနအဖြစ် ဆောင်ရွက်ရန် ရည်ရွယ်ထားကြပြီး ချားလ်စ်မှ ဒီတစ်ခေါက်ထွက်လာရသည့် အကြောင်းမှာလည်း အလုပ်သင်ကိစ္စအတွက်သာ ဖြစ်သည်။
ရှောင်ယန် တိတ်တဆိတ် သက်ပြင်းချမိသည်။ လေယာဉ်နောက်ခန်းပိုင်းနှင့် အောက်ဆီဂျင်စက်စတင်သည့်အချိန်ကို ချိန်ဆကြည့်လိုက်လျှင် အောက်ဆီဂျင်မှာ အလွန်ဆုံး ၃ နာရီလောက်သာ ခံနိုင်တော့သည်။
ခေါင်းဆောင်ဝှိုက် အားလုံးကို လိမ်ပြောခဲ့သည်။ တစ်ချိန်တည်းမှာပဲ မျှော်လင့်ချက်လည်း ပေးခဲ့သည်။
ဟာကွာ -- ဒီနေ့က သူ့အတွက် နောက်ဆုံးရက် ဖြစ်နိုင်မည်။ ဒီလိုမှန်းကြိုသိရင် အတန်းဖော် လီလီကို အဝေးကနေ ကြိတ်ကြိုက်နေတာမျိုး မဟုတ်ဘဲ တစ်ခါတည်း အိပ်ရာပေါ်သာ ခေါ်သွားခဲ့လိုက်သင့်သည်။ ဘဝဆိုတာ တိုတိုလေး။ သိပ်နောက်မကျခင်မှာ ဘဝရဲ့ ပျော်ရွှင်မှုအားလုံးကို အပြည့်အဝ ခံစားခဲ့သင့်သည်။
ပြတင်းပေါက်ဘေးတွင် ထိုင်နေကြရသည့် ကျောင်းသားများ မျက်လုံးပိတ်ထားရုံပဲ တတ်နိုင်ကြသည်။ နောက်ခန်းပိုင်းမှာ အသံလုံမှု ကောင်းသည်။ တံခါးမှာ ဇွန်ဘီးတွေ တဒုန်းဒုန်း ထုနေတဲ့ အသံတွေ၊ သူတို့ရဲ့ အော်မြည်သံတွေကို မကြားရပေ။
သို့သော် ပြတင်းပေါက်ကို တစ်ချက်ကလေး ကြည့်လိုက်ရုံနဲ့တင် တစ်ညလုံး အိပ်မပျော်ဖြစ်သွားလိမ့်မည်။
ဒီညကို သူတို့ကျော်ဖြတ်နိုင်ပါ့မလားဆိုတာကိုလည်း တပ်အပ်မသိနိုင်သေးပေ။
ရှောင်ယန် တိတ်ဆိတ်စွာ ရေတွက်နေမိသည်။
တစ် နှစ် သုံး ... သုံးထောင့်ခြောက်ရာ ...
တစ်နာရီ ကုန်သွားပြီ။ အထူးတာဝန်တပ်ဖွဲ့ ရောက်မလာသေး။
သူတို့လေယာဉ်မှ အချက်ပေးပျောက်သွားတာကို သတိထားမိပြီး တည်နေရာကို လိုက်ခြေရာခံသည်အထိကို တစ်နာရီနှင့် မလုံလောက်ဘူးဆိုရင် ကြည့်ရတာ ဌာနက လူလွှတ်ကယ်ဆယ်ဖို့ စိတ်ကူးမရှိဘူး ထင်သည်။
ရှောင်ယန် မချိပြုံး ပြုုံးမိသည်။ အကယ်ဒမီမှ အဆ့င်သတ်မှတ်သည့် စာမေးပွဲတွင် "ဘီ" သာရသည်ကို သူ ရုတ်တရက် နောင်တရမိသည်။ ဒီလေယာဉ်တွင် "အဆင့် အေ" ရသည့် ကျောင်းသားများနှင့် ပြည့်နှက်နေလျှင် အထူးတာဝန်တပ်ဖွဲ့ ရောက်တာ ကြာတောင် ကြာလှလောက်ပြီ။ အဆုံးသတ်မှာတော့ ပညာတတ်လူများက အရေးပါဆုံး အရင်းအမြစ် မဟုတ်ပေဘူးလား။
နောက်ခန်းပိုင်း အပူချိန်က တိုး,တိုးလာသည်။ ကျောင်းသားများ အင်္ကျီကော်လာကို ဖြေလျှော့လာကြသည်။
ဒါက အောက်ဆီဂျင် ပြတ်လပ်နေပြီလို့ ပြတာပဲ။ ကြည့်ရတာ သူတို့တွေ ၂နာရီတောင် မခံလောက်တော့ဘူးနဲ့ တူသည်။
"ငါတို့တွေ တံခါးကိုဖွင့်ပြီး ... ထွက်ပြေးကြရင်ရော..."
"နောက်နေတာလား ငါတော့ အပြင်မှာ အဖြဲခံရမဲ့အစား ဒီမှာပဲ အသက်ရှူကြပ်ပြီး သေသွားမယ်"
"ဒါပေမဲ့..."
"ဒါပေမဲ့ မလုပ်နဲ့ ကယ်ဆယ်ရေးကို စောင့်တာကပဲ တစ်ခုတည်းသော ရွေးချယ်စရာပဲ တံခါးကို ဟရုံပဲဟလိုက်ရင်တောင် လေရှူချိန် ရှိလိုက်မှာ မဟုတ်ဘူး ဇွန်ဘီးတွေ တိုးဝင်လာလို့ တံခါးက တစ်ခါတည်း ပွင့်ချသွားမှာ"
ခေါင်းဆောင်ဝှိုက်၏စကားကို ကြားပြီးနောက် နောက်ခန်းပိုင်းတစ်ခုလုံး ငြိမ်သက်သွားကြသည်။
လေကလည်း တဖြည်းဖြည်း ပါးလာပြီ။ အားလုံးကလည်း အသက်ရှူဖို့ ခက်သထက် ခက်လာကြပြီ။
သေခြင်းတရားက တစ်လှမ်းပြီး တစ်လှမ်း နီးကပ်လာခဲ့ပြီ။
အချိန် ဘယ်လောက်ရှိသွားသည်မသိ။ ရုတ်တရက် အပေါ်ကနေ လေယာဉ်အင်ဂျင်စက်သံကို သဲ့သဲ့လေး ကြားလိုက်ရသည်။ သတိလစ်ချင်သလိုလိုဖြစ်နေသည့် ကျောင်းသားများ နိုးလာကြပြီး ပြတင်းပေါက်အပြင်ကို အကြောင်သား ကြည့်နေမိကြသည်။
ဓား၏ အဖျားချွန်ချွန်တစ်ခုကို သူတို့တွေ ဖျတ်ခနဲသာ မြင်လိုက်ရသည်။
ဖျတ်ခနဲ လက်သွားသည့် ဓါးဖျားတစ်ခုနှင့်အတူ ဇွန်ဘီးများ အပိုင်းပိုင်း ပြတ်သွားပြီး သူတို့ကိုယ်တွင်းရှိ ဝါညိုညို အချွဲအကျိများ နေရာအနှံ့ ပျံ့စင်သွားသည်။ ဇွန်ဘီးခေါင်းတစ်လုံး ပြတင်းပေါက်မှန်ပေါ်သို့ ပြန်ဝဲလာရာ ပြတင်းပေါက်ဘေး၌ထိုင်နေသော ကျောင်းသား အလန့်တကြား အော်ဟစ်မိသွားသည်။
ခေါင်းဆောင်ဝှိုက် သက်ပြင်း ချနိုင်သွားသည်။
"သူတို့က.... အထူးတာဝန်တပ်ဖွဲ့ပဲ...."
ဒါက စိတ်အားတက်ကြွစရာ သတင်းတစ်ခုပါ။ သူတို့မှာ တက်ကြွစရာ အင်အား မရှိတော့ပေမဲ့လည်းလို့ပေါ့။
ရှောင်ယန် အတွေးလွန်နေရာမှ ဆတ်ခနဲ နိုးထလာသည်။
ပြတင်းပေါက်တခြားဘက်တွင် အနက်ရောင် အတိုက်အခိုက်ဝတ်စုံနှင့် ရွှေရောင် တစ်ချက် တစ်ချက်လင်းသွားသော လူရုပ်တစ်ခု ရှောင်ယန် အမြင်အာရုံထဲသို့ ဝင်လာသည်။ မြင်လိုက်ရတာ ဘာလဲလို့ မခွဲခြားနိုင်သေးခင် ဇွန်ဘီးသုံးကောင် ကိုယ်ထက်ဝက်ပြတ်သွားပြီး အမှိုက်စများလို မှန်သားပြင်မှ လျှောကျသွားသည်။ သွေးစင်းကြောင်းများနှင့် အော်ဂလီဆန်စရာများသာ မှန်သားပြင်ပေါ်တွင် ကျန်ရစ်နေခဲ့သည်။
အထူးတာဝန်တပ်ဖွဲ့သည် အထူးလက်နက်ကိုင်တပ်ဖွဲ့ဟူ၍လည်း လူသိများကြသည်။ ထိုတပ်ဖွဲ့များ၏ ဇွန်ဘီးနှိမ်နင်းနိုင်မှုသည် သုတေသနဌာနစခန်းများ တည်ထောင်ရေးတွင် ခရာအကျဆုံးဖြစ်သည်။
အညှာတာမရှိ ရက်စက်စွာ သတ်ဖြတ်တတ်သော စက်ယန္တရားများဟု နာမည်တွင်သော်လည်း တစ်ချိန်တည်းမှာပင် ကပ်ဆိုးကာလတွင် သူတို့သည်သာလျှင် မှီခိုအားထားလောက်ရသည့် "ဒိုင်းကာများ" သာ ဖြစ်ကြသည်။
"ကောမက်" ဗိုင်းရပ်စ် စတင်ပေါက်ပွားချိန်တွင် လူသားတို့သည် အက်တန်ဗုံးများသုံး၍ ကူးစက်ခံနေရာများကို ထိန်းသိမ်းရန် ကြိုးစားကြလိုက်သေးသည်။ သို့သော် ဗိုင်းရပ်စ်သည် အက်တန်ဗုံးမှ အပူနှင့် နျူကလီးယား ရောင်ခြည်ထုတ်လွှင့်မှုများကို စုပ်ယူနိုင်သဖြင့် ပိုမိုပြင်းထန်စွာသာ ပေါက်ပွားသွားခဲ့သည်။
ဇွန်ဘီးများကို ကိုင်တွယ်ရာတွင်လည်း ထိုနည်း၎င်းပင်။ အပူထုတ်လွှင့်သော ကျည်ဆန်၊ ဒုံးကျည်နှင့် တခြားလက်နက်များက သူတို့၏ ပြန်လည်ကုသနိုင်စွမ်းကို မြှင့်တင်ပေးရုံသာ ရှိမည်။ ထို့ကြောင့် လက်နက်အေးခေတ် တစ်ခေတ်ပြန်လည် ရောက်ရှိလာသည်။ အထူးတာဝန်တပ်ဖွဲ့မှ တစ်ဦးချင်းစီသည် လက်နက်အေးများကို ကျွမ်းကျင်ကိုင်ဆောင်နိုင်သူများ ဖြစ်ကြသည်။
ရှောင်ယန် သူ့ကိုယ်သူ မှန်ပေါ်ကပ်ချကာ ပြတင်းပေါက်အပြင်ဘက်သို့ ပြူးပြဲကြည့်မိသည်။
အဲဒီအခါတွင် လက်ချောင်းများကြားတွင် လက်နက်တစ်ခု တပ်ဆင်ထားပြီး လက်သီးများဆုပ်ထားသည့် လူသန်ကြီးတစ်ယောက်ကို သူတွေ့လိုက်ရသည်။ သူ့လက်သီးနှင့် ဇွန်ဘီးတစ်ကောင်၏ခေါင်းကို ရိုက်နှက်လိုက်သည့်အခါ ဇွန်ဘီး၏ဦးခေါင်းခွံ အက်ကွဲသွားပြီ အဝါရောက် အရည်များပါ ထွက်ကျလာသည်။
ထိုလူက သူ့ကြွက်သားများကို တောင့်ချလိုက်ပြီး ခြေထောက်ကိုမြှောက်ကာ ခေါင်းမပါသော ခန္ဓာကိုယ်ကို အဝေးသို့ ကန်လွှတ်လိုက်သည်။
ထိုကဲ့သို့မျိုးဖြင့် ခေါင်းပြတ်ခန္ဓာကိုယ်များ မြေကြီးထဲသို့ ထိုးစိုက်သွားလိုက် သစ်ပင်နှင့်ရိုက်မိလိုက်နှင့် အသံမကြားရသော်လည်း အရိုးများ ကျိုးသွားသံ၊ အချွဲအကျိများ လွင့်စင်သွားသံတို့ကို ရှောင်ယန် ကွင်းကွင်းကွက်ကွက် ပုံဖော်နိုင်သည်။
နောက်ထပ် လျင်မြန်ဖျတ်လတ်သည့် ခန္ဓာကိုယ်တစ်ခုက ဇွန်ဘီးအုပ်အကြားတွင် တိုးဝှေ့၍နေသည်။ အမျိုးသမီးစစ်သားတစ်ဦးပင်။
သူမသည် အရှိန်အဟုန်ပြင်းပြင်း လည်ပတ်နေသည့် လက်နက်တစ်ခုကို သာမန်မျက်လုံးဖြင့် မမြင်ရနိုင်သည့် အရှိန်တစ်ခုဖြင့် လွှတ်ပစ်လိုက်သည်။ ဇွန်ဘီးများ အပိုင်းပိုင်း ပြတ်သွားကြသည်။ ဇွန်ဘီးများတွင် မြန်ဆန်သည့် ဒဏ်ရာကုသနိုင်စွမ်းရှိသော်လည်း ပြတ်သွားသည့် အင်္ဂါရပ်များကို ပြန်လည်ပေါက်ဖွားနိုင်သည့်အဆင့်ထိ မရောက်သေးပေ။
ခြေလက်များ ပြတ်သွား၍ ဇွန်ဘီးများ အားယုတ်သွားသောအခါ အမျိုးသမီးစစ်သားသည် သူမနောက်ကျောမှ နှစ်ဖက်ချွန်ဓားကို ထုတ်လိုက်သည်။ ဝှေ့ယမ်းလိုက်သောအခါ ဇွန်ဘီးများသည် ခေါင်းပြတ်ရင်ပြတ် မဟုတ်ရင် ကိုယ်နှစ်ပိုင်းပြတ်သွားကြသည်။
အချိန်သုံးဆယ်စက္ကန့် မကျော်လွန်သေးခင်တွင်ပင် လေယာဉ်ပျက်ဘေးပတ်လည်တွင် ဇွန်ဘီးများ မရှိတော့ပေ။
ခေါင်းဆောင်ဝှိုက် နောက်ခန်းတံခါးဆီသို့ တဖြည်းဖြည်း ရွေ့သွားကာ ခလုတ်တစ်ခုကို နှိပ်ချလိုက်သည်။
တံခါးပွင့်သွားပြီး သွေးနံ့ အသားပုတ်အနံ့တို့နှင့်အတူ စိုစွတ်သောလေတစ်ခု နောက်ခန်းအတွင်းသို့ တိုးဝှေ့ဝင်လာသည်။
တချို့ကျောင်းသားများ လုံခြုံရေးကိရိယာများကို မဖြုတ်ချရသေးခင်တွင်ပင် အော့အန်မိကြသည်။
"မင်းတို့မှာ အချိန်တစ်မိနစ် ရှိတယ် ပြီးရင် ချက်ချင်း တခြားနေရာကို ပြောင်းကြမယ်"
နှင်းအုပ်ထားသည့်အလား အေးစက်သည့်အသံတစ်ခု အပြင်ဘက်မှ ထွက်ပေါ်လာသည်။ အာရုံကြောများပေါ်သို့ ဓားတစ်ခု ဖြတ်လျှောက်သလိုမျိုး အေးစက်၍ အညှာအတာမဲ့နေသည်။
ထိုအသံသည် ရှောင်ယန့်ဦးနှောက်ကို ထိုးခွဲပြီး ဖွင့်ချလိုက်သလို ကျဉ်းမြောင်းနေသည့် သူ၏စိတ်သည်လည်း ရုတ်တရက် ကျယ်ပြန့်သွားသည်။
"ဟေး ဟေး မြန်မြန် မြန်မြန် မင်းတို့ထဲက တစ်ယောက်ယောက် ခြေကျိုးနေတယ်လို့တော့ လာမပြောနဲ့ မလျှောက်နိုင်တဲ့သူတွေ ဒီမှာကျန်နေပြီး ဇွန်ဘီးစားတာကိုပဲ ခံရစ်ခဲ့ကြ"
လူထွားကြီး နောက်ခန်းပိုင်းသို့ ဝင်ချလာသည်။ စက္ကန့်အနည်းငယ်က ဇွန်ဘီးများကို ဆွဲထိုးးခဲ့သည့် သူ့လက်ချောင်းများကြားတွင် ဆုပ်ကိုင်ထားသည့် လက်နက်သည် ယခုတွင် အေးစက်မှုတစ်မျိုးဖြင့် ရောင်ပြန်ဟပ်နေသည်။
သူ လုံခြုံရေးကိရိယာကို မတင်လိုက်ပြီး ကျောင်းသားတစ်ယောက်ကို ခပ်ကြမ်းကြမ်းဆွဲကာ နောက်ခန်းအပြင်သို့ လွှင့်ချလိုက်သည်။
ထိုကျောင်းသား အော်မြည်မိသွားသည်။
"အေး အော် ဆက်တိုက်သာအော်နေ အဒီဇွန်ဘီးတွေ ကြားအောင်အထိသာအော် မင်းအသံနဲ့ သူတို့ကို ဒီကို ဆွဲခေါ်လိုက် ငါတို့ကတော့ ငါတို့လေယာဉ်ဆီ ပြန်သွားမယ် ဇွန်ဘီးတွေ စားလို့ဝပြီဆိုမှ မင်းတို့အရိုးကို လာသိမ်းပေးမယ် ဘယ်လိုလဲ အဲဒီအချိန်လောက်ဆို မင်းတို့လည်း ငြိမ်သွားလောက်ရောပေါ့ ဟမ်"
သူ ကျောင်းသားတွေကို အပေါ်စီးကနေ လူယုတ်မာအပြုံးဖြင့် စိုက်ကြည့်နေခဲ့သည်။
သူ့ရဲ့ သွေးဆာနေတဲ့မျက်လုံးတွေထဲမှာ ဖြစ်စေချင်သော အရိပ်အယောင်များကို ရှောင်ယန် မြင်လိုက်ရသည်။
ဒီလူက နောက်နေတာ မဟုတ်ပါ။
အော်သံတွေ ရပ်သွားသည်။ ကျောင်းသားများ သူတို့လုံခြုံရေးကိရိယာများကို ဖယ်ရှားကာ နောက်ခန်းမှ ပြေးထွက်သွားကြသည်။
အပြင်လောကကို တစ်ချက်ကလေး ကြည့်လိုက်မိရုံနဲ့တင် သူတို့ မှင်တက်သွားကြသည်။
သူတို့လေယာဉ်ကို ဝန်းရံနေသည်က... ဇွန်ဘီးတောင်ပို့တစ်ခု။
အဲဒီအခါကျမှ သူတို့ကို လာကယ်တာက အထူးတာဝန်တပ်ဖွဲ့ စစ်သား ၃ ယောက်တည်းဆိုတာကို ရှောင်ယန် သတိထားမိသွားသည်။
လေယာဉ် ၂ ခုကြားတွင် သွယ်ပါးသည့် ခန္ဓာကိုယ်တစ်ခု ရပ်နေသည်။ သူ့ရွှေညိုရောင်ဆံပင်တွေက လေထဲမှာ ဝဲပျံနေသည်မှာ နမိတ်မကောင်းသည့် အငွေ့အသက်တစ်ခုအလား။ ရေခဲဆိုင်တစ်ခုကဲ့သို့ ပြာလဲ့နေသည့်သူ့မျက်ဝန်းတွေထဲက ခပ်တန်းတန်းအကြည့်တွေက ရှောင်ယန်ဦးနှောက်အတွင်းပိုင်းအနက်ထဲအထိ စူးဝင်သွားပြီး အမှန်တကယ်မဟုတ်သည့် နာကျင်မှုတစ်ခုကိုတောင် ခံစားသွားမိသည်။
သူ့လက်ထဲတွင် ဓားတစ်ချောင်းကိုင်ထားပြီး ဓားဖျားသည် မြေကြီးအတွင်းသို့ ထိုးစိုက်နေသည်။ စက္ကန့်ပိုင်းအတွင်းမှာ ကောင်းကင်နှင့်မြေကြီးကို ထက်ဝက်ပိုင်းခြားနိုင်သည့်အလား။
ရှောင်ယန် သူ့အကြည့်တွေကို ထိုလူ့ဆီမှ မခွာနိုင်ပေ။ ဒါမျိုးက ပထမဆုံးအကြိမ်ပါ။
အဲဒီအခါတော့မှ အစောက သူ ဖျတ်ခနဲ မြင်လိုက်ရသည့် ရွှေရောင်သည် သူ့ဆီကလာမှန်း သဘောပေါက်သွားခဲ့သည်။
ရှောင်ယန် အတွေးလွန်နေချိန်တွင် နောက်မှလူတစ်ယောက်က သူ့ကို ပခုံးပုတ်ပြီး တိုးတိုးလေး ပြောလာသည်။ "စိုက်ကြည့်မနေနဲ့ သူက "ဟာနယ် ဘာတွန်" ပဲ"
"သူက ... ဟာနယ် ဘာတွန် လား"
ရှောင်ယန် ကြောင်တက်သွားသည်။
အထူးတာဝန်တပ်ဖွဲ့၏ဟီးရိုးသည် တကယ့်လက်တွေ့တွင် သူ့မျက်စိရှေ့ရှိ ယောကျာ်းကဲ့သို့ ကျော့မော့လှပလိမ့်မည်ဟု သူတစ်ခါမှ မတွေးမိခဲ့ပါ။
ဟာနယ်၏ဘေးတစ်စောင်းပုံမှာ မိုးနဲ့လေ ထုဆစ်ထားသည့် နှစ် ၁၀၀၀ ကျောက်ကဲ့ပါးကဲ့သို့ ဘယ်အရာကြောင့်မှ မတုန်လှုပ်နိုင်မည့် သံန္နိဌာန်အလားပင်။
သူ့ကို မွန်းစတားလို့ ရှောင်ယန် အမြဲတွေးခဲ့သည်။ အခုလို သူ့မျက်လုံးကနေ ခွာလို့မရတဲ့ သက်ရှိလူတစ်ယောက်ဟု တစ်ခါမှ မထင်ခဲ့ပေ။
ဇွန်ဘီးတွေရဲ့ လှုပ်ရှားသွားလာမှုကို အပြီးတိုင်ရပ်တန့်ရန် သူတို့၏ခေါင်းများကို ဖြတ်ထုတ်ပစ်ရသည်။ ဇီဝသဘောအရတွင် "ဦးနှောက်အာရုံကြော ဖြတ်တောက်ခြင်း" ဟု အသိများသည်။
ခါးကနေ နှစ်ပိုင်းဖြတ်တောက်ခံရသည့် ဇွန်ဘီးတစ်ကောင်သည် တစ်ချက်အော်မြည်လိုက်ပြီး တခြားလေယာဉ်သို့ လမ်းလျှောက်သွားနေကြသော ကျောင်းသားတွေဆီ အင်္ဂါရပ်များ တွဲလောင်းဖြင့် တရွတ်တိုက် ရွေ့လျားလာသည်။
လူကောင်ကြီးက ကျောင်းသားတွေ ကြောက်ဒူးတုန်နေတာကို ကြည့်လို့အားရပြီးမှ ဇွန်ဘီးမျက်နှာပေါ်ကို ဖြည်းဖြည်းချင်းတက်နင်းချလိုက်သည်။
တဇွိဇွိထွက်နေသည့်အသံကြောင့် ကျောင်းသားများ ကြက်သီးဗြိန်းဗြိန်းထပြီး ပခုံများတွန့်သွားကြသည်။
တစ်ချိန်လုံး မတုန်မလှုပ်နှင့်ရှိနေသည့် ဟာနယ်က လူကောင်ကြီးဘက်ကိုလှည့်၍ မျက်မှောင်ကြုတ်လိုက်သည်။ "မာ့ခ် ရွံဖို့ကောင်းတယ်"
မာ့ခ် ပခုံးတွန်းပြလိုက်သည်။ "အင်း အဲဒီကျောင်းသားနုနုထွတ်ထွတ်လေးတွေကို ဒီအကောင်ဝါးတာကို ပေးခံလို့လည်း မဖြစ်ဘူးလေ ဟုတ်တယ်မို့လား"
အဲဒီလိုဆိုပေမဲ့ သူ တစ်ချက်တည်းစောင့်ချပစ်လိုက်သည်။ ဦးခေါင်းခွံမှ ကျယ်လောင်သော ကျိုးပဲ့သံတစ်ခု ထွက်ပေါ်လာသည်။
မြင်ကွင်းသည် ကျောင်းသားတွေအတွက် လွန်လွန်းလှသည်။
အားလုံး နောက်ခန်းပိုင်းထဲသို့ ကြောက်ကြောက်နှင့် ပြေးဝင်သွားကြပြီး တချို့တွေဆို တံခါးဝတွင်ပင် ညပ်မိနေကြသည်။
မာ့ခ် အားရပါးရ ပြုံးလိုက်သည်။ "ဘော့စ် ဒီငကြောက်တွေက ဘွဲ့ရရင် တစ်ခါတည်း ဒု-ဗိုလ် တန်းဖြစ်မှာ ကျွန်တော်တို့ကျတော့ သတ်ရဖြတ်ရတာ ထုံတောင် ထုံနေပြီ။ သေတာတောင် ရာထူးရမှာ မဟုတ်သေးဘူး။ တကယ့်ကို မတရားတာပဲ။"
"မင်းဖိနပ်ကို ပြောင်အောင်သုတ်မထားရင် လေယာဥ်ပေါ် တက်မလာခဲ့နဲ့"
မာ့ခ်ရဲ့စောဒကတွေကို ဂရုမစိုက်ဘဲ ဓါးကို နောက်ကျောက အဖုံးထဲကို ပြန်ထည့်ပြီး သူလှည့်ထွက်သွားသည်။
"ချာတိတ် မင်း ကိုလိုနယ် ဟာနယ်ကို ဆက်ပြီးစိုက်ကြည့်နေဦးမယ်ဆိုရင် ငါ မင်းမျက်လုံးတွကို ဆွဲဖြဲပြီး ဇွန်ဘီးစာ ကျွေးပစ်မယ်"
ဆံပင်တိုတိုသပ်သပ်နဲ့ အမျိုးသမီးစစ်သားက ရှောင်ယန်ကို အမြင်မကြည်ကြောင်း ပေါ်တင်ပြလေသည်။
သူမကိုကြည့်ရတာ အသက်နှစ်ဆယ်ကျော်ရုံလေးသာ ရှိဦးမည်။ အနက်ရောင်ကိုယ်ကြပ်ယူနီဖောင်းက ခန္ဓာကိုယ်ကောက်ကြောင်းကို ပေါ်လွင်စေပြီး တစ်ချိန်တည်းမှာပင် တိုက်ခိုက်နိုင်စွမ်းကိုလည်း ပြသနေသည်။
သူမသာ ရှောင်ယန့်ခေါင်းကို တစ်ချက်ပိတ်ထိုးလိုက်ရင် သူဦးနှောက်အရည်တွေ ပေါက်ကွဲထွက်သွားလိမ့်မည်ဆိုသည်မှာ ယုံမှားစရာအကြောင်းမရှိပါ။
"တောင်းပန်ပါတယ်"
ရှောင်ယန် အမြန်ပဲ ခေါင်းငုံ့ချလိုက်ပြီး တခြားသူတွေနောက်ကနေ လေယာဉ်အတွင်းသို့ လိုက်သွားလိုက်သည်။
နောက်ခန်းပိုင်းကို အမျိုးသမီးစစ်သား အရင်ဆုံး ဝင်လာသည်။ မာ့ခ်က အပြင်မှာရပ်ပြီး သူ့ဖိနပ်တွေကို ပြတ်ကျထားသောလေယာဉ်ထဲရှိ ပိုးသတ်ဆေးနှင့် ရှင်းလင်းနေသည်။ ဟာနယ် ခေါင်းညိတ်ပြတော့မှပဲ မာ့ခ် လေယာဉ်ထဲကို ဝင်လာခဲ့တော့သည်။
လေယာဉ် ချက်ချင်း ပြန်တက်သွားသည်။ အန္တရာယ်ရှိရာနယ်ပယ်ကနေ တဖြည်းဖြည်း ဝေးလာတော့မှပဲ အားလုံး သက်ပြင်းချနိုင်သွားတော့သည်။
မာ့ခ်ပြောခဲ့တဲ့အတိုင်း မရေမတွက်နိုင်တဲ့ ဇွန်ဘီးတွေ လေယာဉ်ပျက်ရှိရာကို တဖြည်းဖြည်းနှင့် အုံခဲလာကြသည်။ လက်တွေကိုဆန့်ကာ ခုန်ဆွ ခုန်ဆွနှင့် အဝေးကလေယာဉ်ပျက်ဆီကို အမောတကော ပြေးလာနေကြသည်မှာ သွေးပွက်ပွက်ဆူစရာ မြင်ကွင်းပင်ဖြစ်သည်။