no

Font
Theme

အပိုင်း ၄  

 

နင်တို့နှစ်ယောက် ပျော်ရွှင်တဲ့ဘဝတစ်ခု ပိုင်ဆိုင်ကြပါစေ  

 

ရှောင်ယန် သူ့ကံကြမ္မာကိုသူ လက်ခံလိုက်သည့်နှယ် မျက်လုံးပိတ်ချလိုက်သောအချိန်တွင် ဟာနယ်သည် သူ့အား မြေကြီးပေါ်သို့ ပစ်ချလိုက်သည်။ ခန္ဓာကိုယ်ဘေးတစ်စောင်းသည် ကြမ်းပြင်နှင့် ရိုက်ခတ်သွား၍ ပခုံးများ ပြင်းထန်စွာ နာကျင်သွားလေသည်။ လည်ပင်းပေါ်တွင် လက်ဝါးအုပ်လိုက်ကာ မျက်လုံးမှ မျက်ရည်ထွက်လောက်သည့်အထိ သူ ချောင်းများဆိုးသွားခဲ့သည်။ ဓားအား အဖုံးမှထုတ်လိုက်သည့်အသံကို သူ့နားထဲတွင် ကြားလိုက်ရ၏။ ဟာနယ်၏ဓားသည် သူ့မျက်နှာတစ်လျှောက်ကို ပွတ်သပ်သွားပြီးသည့်နောက် မြေကြီးထဲသို့ စူးစူးဝင်ဝင် စိုက်နစ်သွားလေသည်။ ထို့နောက်တွင် ရှတတ နာကျင်မှုတစ်ခုကို သူခံစားမိလိုက်သည်....သွေးများ ထွက်နေခြင်းပင်။ "မင်းသာ ဒီယူရေနီယမ်ကုန်ကြမ်းတွေကို အပြင်မထုတ်နိုင်ခဲ့ရင် ငါ မင်းအသားကို ဆွဲဖြဲပြီး အရိုးတွေကို အရှင်လတ်လတ်နဲ့ ဆွဲထုတ်ပစ်မယ်" ဟာနယ်ပြောလိုက်သည့် စကားတစ်လုံးချင်းစီသည် ကျစ်ကျစ်လျစ်လျစ်နှင့် ကြည်လင်ပြတ်သားနေသည်။ ငရဲမှလာသည့် သတင်းစကားအလား။ ရှောင်ယန် ကြောက်လန့်တကြား ရင်ဖိုလှိုက်မောသွားသည်။ သူ့လက်ချောင်းများမှာ တုန်ရင်နေသည်ကို ရပ်တန့်၍ မရပေ။ သူ ရုတ်တရက် သဘောပေါက်မိသွား၏။ ဒီလူ၏တည်ရှိမှုသည် ဇွန်ဘီများထက်ပင် အဆများစွာ ကြောက်စရာကောင်းလှသည်။ "ဟေး မြန်မြန်ထ မင်း အရမ်းကို သေချင်နေတာလား ဟမ်" မာ့ခ်သည် ရှောင်ယန့်ကို မြေကြီးပေါ်မှ ဆွဲထူလိုက်ကာ သံဗူးများရှိရာနေရာသို့ တွန်းခေါ်သွားလေသည်။ သူ အသံတိုးတိုးနှင့် ပြောလာသည်။ "မင်းက တော်တော် အတင့်ရဲတာပဲ။ ငါတို့ဘော့စ်ကိုတောင် မင်းက သွားနမ်းရဲသေးတယ်။ သူက အသန့်အရှင်းအရမ်းကြိုက်တာ" ရှောင်ယန် စကားတစ်လုံးမျှ ပြန်မပြောနိုင်ပေ။ ဒါတွေအားလုံးက ဟာနယ် အသက်ရှူနှာခေါင်းစည်းမဝတ်လို့ ဖြစ်ရတာဟု ရှောင်ယန်တွေးမိလိုက်သည်။ သူသာ နှာခေါင်းစည်းဝတ်ထားခဲ့လျှင် သူနှင့် သူ့နှုတ်ခမ်းနှင့် ပွတ်သပ်သွားစရာ အကြောင်းမရှိပေ.... သူ့ခန္ဓာကိုယ်ထဲရှိ အရိုးများအား ဟာနယ် အရှင်လတ်လတ် ဆွဲထုတ်ခြင်းကို သေချာပေါက် မခံချင်ပါ။ ထို့ကြောင့် ဘာမှမပြောဘဲ ဒီအတိုင်းသာ ငြိမ်နေလိုက်သည်။ ခုနကဖြစ်ရပ်ကြောင့် ရှော့ခ်ရသွားသည်မှ ပြန်၍အသိဝင်လာသော ခေါင်းဆောင်ဝှိုက်သည်လည်း ရှောင်ယန့်နံဘေးသို့ ပြေးလာကာ ကူညီပေးလေသည်။ မိနစ်အနည်းငယ်ကျော် ကြာသောအခါ ပထမဆုံး နေရာမရွေ့စေသည့်စက်ကို ဖယ်ရှားနိုင်လိုက်သည်။ မာ့ခ်သည် သံဗူးထဲမှ လေဟာနယ်ဗူးအရွယ်ရှိသည့် ကွန်တိန်နာတစ်ခုကို ထုတ်ယူလိုက်သည်။ ထိုအခါမှ ရှောင်ယန်နှင့် ခေါင်းဆောင်ဝှိုက်တို့လည်း သက်ပြင်းချနိုင်တော့ကာ ကျန်ရှိနေသာ ယူရေနီယမ်ကုန်ကြမ်းများကိုလည်း ထိုနည်းအတိုင်း ထုတ်ယူလိုက်ကြသည်။ မာ့ခ်ကျောပေါ်တွင် ထိုဘူးများ ထမ်းပြီးသည့်နောက် သူတို့ အပြင်သို့ပြန်ထွက်ရန် ပြင်ဆင်ကြလေသည်။ ရှောင်ယန့်နှလုံးသည် တုန်ခါနေသည်။ ထိုကိစ္စရပ်လေး ဖြစ်ပြီးသည့်နောက် အခုချိန်အထိ ဟာနယ်သည် သူ့အား သတ်ဖြတ်ချင်သည့်အထိ အမျက်ချောင်းချောင်း ထွက်နေသည့်ပုံနှင့် စိုက်ကြည့်နေဆဲပင်။ ဓာတ်အားပေးရုံမှ ပြန်ထွက်သည့်အခါတွင် ဟာနယ်က သူ့အား ဇွန်ဘီများကြားတွင် ပစ်ထားခဲ့မှာကို သူ အရမ်း စိုးရိမ်နေမိသည်။ သို့သော် ရှောင်ယန် ဘယ်လောက်ပင် ကူရာမဲ့ ကယ်ရာမဲ့ ခံစားနေရပါသော်လည်း ဒီနေရာမှ ဟာနယ်နှင့်အတူ လိုက်ထွက်ရဦးမည် ဖြစ်သည်။ မျှော်လင့်ထားသည့်အတိုင်းပင် မာ့ခ် သိုလှောင်ခန်းတံခါးကို အားအပြည့်နှင့် ကန်ချလိုက်သည့်အခါ တံခါးတစ်ဖက်တွင် မရေမတွက်နိုင်သည့် ဇွန်ဘီများ ရောက်ရှိနေကြသည်။ ဟာနယ် နှစ်ဖက်ချွန်ဓားကို ဆွဲထုတ်လိုက်သောအခါ မြောက်များစွာသော အလင်းတန်းများ မျက်စိတစ်မှိတ်အတွင်းတွင် လင်းထိန်သွားသည်။ ဇွန်ဘီများ၏ခေါင်းများသည်လည်း တစ်ခေါင်းပြီး တစ်ခေါင်း ပြတ်ကျသွားလေသည်။ တစ်လျှောက်လုံးတွင် ဇွန်ဘီများ၏ ဝန်းရံမှုကို ထိုးဖောက်လာရသဖြင့် ရှောင်ယန့်ခြေထောက်များသည် စေးကပ်ကပ် ဇွန်ဘီခန္ဓာကိုယ်များပေါ်မှ ဖြတ်လျှောက်လာခဲ့ရသည်။ ဇွန်ဘီများမှာ တစ်သုတ်ပြီး တစ်သုတ် ကုန်နိုင်သည်မရှိသဖြင့် ရှောင်ယန် သူ့ခေါင်းကို လက်မောင်းနှင့်ကာ၍ ဘေး ဘယ်/ညာကို ယိမ်းကာ တိမ်းရှောင်ရသေးသည်။ ရှောင်ယန့်ပခုံးအား ဇွန်ဘီများ လှမ်းဆွဲမိသည့် အချိန်မျိုးလည်း ရှိခဲ့သည်။ သို့သော် ဟာနယ်သည် ထိုအရာကို မျက်ကွယ်ပြုလေသည်။ ကံကောင်းထောက်မစွာဖြင့် မာ့ခ်မှ သူ့အား အချိန်မှီ ဆွဲခေါ်သွားနိုင်ခဲ့သည်။ မဟုတ်ပါက သူ ခံစားရမည့် အသေဆိုးမျိုးကို သူ တွေးတောင် မတွေးရဲပါ။ နောက်ဆုံးတွင် သူတို့ လေယာဉ်ပျံနေရာသို့ ရောက်လာခဲ့ကြသည်။ ဟာနယ်သည် သူ့ခါးပတ်မှ စက်တစ်ခုကို နှိပ်လိုက်သည့်အခါ ဝါယာကြိုးတစ်ချောင်း ကောင်းကင်ပေါ်သို့ ပျံတက်သွားပြီး လေယာဉ်ပေါ်တွင် သွားကပ်၏။ သူသည် ထိုဝါယာကြိုးကို ဆွဲကိုင်ကာ လေယာဉ်နောက်ခန်းပိုင်းသို့ အလွယ်တကူ ခုန်တက်သွားလေသည်။ ရှောင်ယန် ကြောင်သွားသည်.... သူကကျတော့ရော။ အစတွင် သူ့ကို အောက်သို့ ခေါ်လာခဲ့သူမှာ ဟာနယ် ဖြစ်သည်။ အခု ထိုတစ်ယောက်သည် သူ့အား စွန့်ပစ်ထားခဲ့သည်တဲ့လား။ မာ့ခ် သက်ပြင်းချလိုက်သည်။ 

နောက်ထပ် ဇွန်ဘီတစ်သုတ် အနားကပ်လာသည်ကို မြင်ပြီးနောက် သူ ခေါင်းဆောင်ဝှိုက်ကို လက်တစ်ဖက်နှင့် ပွေ့ချလိုက်ပြီး ကြိုးကို နောက်လက်တစ်ဖက်နှင့် ကိုင်လိုက်သည်။ "ဟေး အသစ်လေး ငါ့လက်မောင်းကို လာကိုင်" သူ့အတွက် တစ်ခုတည်းသော ကယ်တင်ရှင်ကို တွေ့သွားသည့်အလား ရှောင်ယန်တစ်ယောက် မာ့ခ်ဆီ အပြေးသွားကာ သူ့လက်မောင်းအား ဆွဲကိုင်လိုက်လေသည်။ ဝှူးရှ့်ခနဲနှင့် သူတို့ လေထဲသို့ မြန်ဆန်စွာ ထောင်တက်သွားကြသည်။ ရှောင်ယန် မာ့ခ်အပေါ်တွင် တင်းကြပ်စွာ ဆွဲကိုင်ထားရလေသည်။ သူသာ တစ်ချက်ကလေး မမြဲသည်နှင့် ကြိတ်ထားသည့်အသားကဲ့သို့ မြေကြီးပေါ်ကိုကျသွားလိမ့်မည်။ နောက်ခန်းပိုင်းသို့ ရောက်သွားချိန်တွင် ရှောင်ယန့်လက်မောင်းများသည် တဒိတ်ဒိတ်နှင့် နာကျင်နေသည်။ မောပန်းလွန်းသဖြင့် နောက်ခန်းပိုင်း ကြမ်းပြင်ပေါ်တွင် ဒူးထောက်ထိုင်ချမိကာ သူ ဟောဟဲလိုက်နေခဲ့သည်။ ရိဗ့်သည် ခေါင်းပိုင်းမှ ထွက်လာကာ သူ့အား တွဲခေါ်ပေးလေသည်။ ပါးစပ်နှင့်နားချိတ်နိုင်လိုက်သည့်အထိ သူမ ပြုံးနေသည်။ "ဟေး ဘယ်သူမှ မလုပ်ရဲတဲ့အရာကို နင် လုပ်လိုက်တယ်ဆို" ကြွက်သားများ နာကျင်မှုကြောင့် ရှောင်ယန့်လက်မောင်းများသည် ထိန်းချုပ်၍မရဘဲ တရစပ် တုန်ခါနေကြသည်။ လက်မှိုင်ကျသွားသည့်နှယ် သူ ထိုင်ခုံပေါ်မှာ မှီချလိုက်ကာ အသက် ပြင်းပြင်းရှူနေရသည်။ မထင်မှတ်ဘဲ ဖြစ်သွားသည့် အနမ်းအကြောင်း ရိဗ့် သိသွားလိမ့်မည်ဟု သူ တစ်ခါမှ မတွေးခဲ့ပေ။ "ငါလဲ လုပ်ရဲလို့ မဟုတ်ဘူး ... ဒီအတိုင်း တိုက်ဆိုင်သွားတာ...." ဖြစ်နိုင်ရင် အဲဒီကိစ္စကို ငါ့ဆီ လာ,လာပြီး အစမဖော်ပါနဲ့။ "ဟင်.... အဲဒီလိုကိုး...." ရိဗ့်မျက်ခုံးများ အပေါ်မြောက်သွားသည်။ "ဘယ်သူသိမလဲ... နောက် ၃ ၄ ရက်လောက်ကြာရင် နင်နဲ့ဘော့စ်နဲ့ အိပ်ရာခင်းတွေကြားမှာ လူးလိမ့်နေတဲ့သတင်းကို ငါ ကြားချင်ကြားနေရမှာ။ စခန်းကကောင်တွေက အတင်းပြောဖို့ပဲ ချောင်းနေကြတာလေ" "ဘာ...ဘာ..." ရှောင်ယန် အသက်ရှူရတာတောင် ခက်သွားသလိုပင်။ သူကလည်း ယောကျ်ား၊ ဟာနယ် ဘာတွန်ကလည်း ယောကျ်ား။ ဘာကိစ္စ သူတို့နှစ်ယောက်က အိပ်ရာခင်းကြားမှာ လူးလိမ့်နေရမှာလဲ။ "ဘော့စ်နမ်းတဲ့အခါ အားပြင်းပြင်းနဲ့ နမ်းတာလား မသိဘူး။ ငါကြားဖူးသလောက် ငါတို့အထူးတပ်ဖွဲ့ဝင်စစ်သားတွေ ထန်နေတဲ့အခါမျိုးဆိုရင် သူတို့အနမ်းနဲ့တင် သာမန်လူရဲ့ ဦးခေါင်းခွံကို အမှုန့်ချေလိုက်နိုင်တယ်တဲ့" "အမ်... ငါနဲ့ ကိုလိုနယ် ဘာတွန်နဲ့ကြားမှာ တကယ့်ကို ဘာမှမရှိပါဘူး..." ရှောင်ယန်သည် ရိဗ့်၏ လွန်ကဲနေသော စိတ်ကူးများကို ဖြတ်တောက်ရန် ကြိုးစားပါသော်လည်း အချည်းနှီးပင်။ "ဘော့စ်လိုမျိုး ပြီးပြည့်စုံတဲ့လူတစ်ယောက်က အထူးတပ်ဖွဲ့ထဲကို ဝင်ပြီးကတည်းက တစ်ခါမှ ဘယ်သူနဲ့မှ မအိပ်ဖူးဘူးဆိုတာကို နင် တွေးကြည့်လို့မရဘူးမို့လား" ရိဗ့် အရှေ့သို့ တိုးလာသည် စတွေ့တုန်းက တည်ငြိမ်ရင့်ကျက်သည့် အမူအရာနဲ့ ကွာခြားနေပြီး ရှောင်ယန့်ကို လျှို့ဝှက်ချက်ကြီးကြီးမားမားတစ်ခုခု ပြောပြတော့မည် အတင်းအဖျင်း ဘုရင်မကဲ့သို့ပင်။ ".... အဲဒါက ဘာလို့လဲဆိုတော့ ကိုလိုနယ်က အသန့်အရမ်းကြိုက်လို့လေ...." ဟာနယ် ဘာတွန်သည် သူ့ကိုယ်သူမှလွဲ၍ တခြားဘယ်သူမှကို လက်ခံနိုင်လောက်မည့်ပုံ မပေါ်ပါ။ ရိဗ့်၏စိတ်ကူးများသည် မြင်းရိုင်းတစ်ကောင်ကဲ့သို့ သွေးရူးသွေးတမ်း ပြေးသွားပြန်သည်။ ဒီတစ်ခေါက်တွင် သူမသည် ရှောင်ယန့်အတွေးများကိုပါ ယုတ္တိမရှိသည့် ဦးတည်ရာတစ်ခုသို့ ခေါ်ဆောင်သွားလေသည်။ "ပြီးတော့ သူက ဒီလောက်အကြာကြိး မျိုသိပ်ထားတာဆိုတော့.... နင်လည်းသိပါတယ် X ဗိုင်းရပ်စ်က အထူးတပ်ဖွဲ့က စစ်သားတွေရဲ့ ကာမစိတ်တွေကိုလည်း တိုးမြှင့်ပေးထားတယ်လေ။ အဲဒီတော့... သူသာ နင့်ကို အိပ်ရာထဲမှာ လှဲချလိုက်ရင် သေချာပေါက် နင့်မှာရှိသမျှ အရိုးတွေအကုန်လုံး ကျိုးကြေသွားမှာပဲ။ အထဲကအင်္ဂါတွေလဲ ပေါက်ထွက်သွားလောက်တယ်။ အောက်ပိုင်းကနေလည်း သွေးတွေ တရစပ် စီးလာမှာ။ နင့်ရဲ့ခရေပန်းလေး တစ်ချက်တည်းနဲ့ နွမ်းသွားလောက်တယ်။ အမလေးလေး" ရှောင်ယန့်ပခုံးများ အောက်သို့ လျှောကျသွားပြီး ကျောရိုးတစ်လျှောက်သည်လည်း ရေခဲကပ်ခံရလိုက်သကဲ့သို့ပင်။ "နင်... နင် နောက်နေတာမို့လား...." "ဒါပေမဲ့ ဘာမှ မဖြစ်ဘူး ငါတို့ခန္ဓာကိုယ်ထဲမှာ နင်တို့ခန္ဓာကိုယ်ထဲမှာရှိတဲ့ ပါးစပ်က သွားရည်တို့ အူလမ်းကြောင်းက အရည်တို့ အဲဒါတွေကနေ အလွယ်တကူ စုပ်ယူနိုင်တဲ့ အားပျော့တဲ့ X ဗိုင်းရပ်စ်ချိန်းတွေ ပါတယ်။ အဲဒီတော့ နင် ဘယ်လောက်ပဲ လူရုပ်မပေါ်တဲ့အထိ အနှိပ်စက်ခံရ ခံရ ။ ဘော့စ်က နင့်ကို တစ်ချက်ကလေး ပြင်သစ်လို ခပ်ပြင်းပြင်းနမ်းလိုက်တာနဲ့ နင့်ရဲ့ဒဏ်ရာတွေအကုန်လုံး ၃၀ စက္ကန့်အတွင်း ပျောက်သွားလိမ့်မယ်။ အဲဒါဆို နင်တို့နှစ်ယောက် နောက်တကျော့ ပြန်ဆော်လို့ရပြီ" ရှောင်ယန့်ဘက်ကနေကြည့်လျှင် ရိဗ့်မျက်နှာပေါ်ရှိ ပြင်းပြနေသည့်အကြည့်သည် မကောင်းကြံစိတ် အပြည့်ပါနေသလိုပင်။ အလိုအလျောက်ပင် သူ့ကိုယ်သူ နောက်ဆုံးထွက်သက်အထိ အနှိပ်စက်ခံရပြီး အနမ်းတစ်ချက်နဲ့ ဒဏ်ရာတွေ အကုန်ပြန်ကောင်းလာ ပြီးတော့ နောက်တစ်ကျော့ပြန်စတင် စသည့်မြင်ကွင်းမျိုး မြင်ယောင်မိသွားသည်။ သို့သော် ထိုထင်ယောင်ထင်မှားသည် ဖြစ်နိုင်ချေ ရာခိုင်နှုန်း သုညနီးပါးသာရှိသည်ဆိုသည်ကို သူ တစ်ချက်ကလေး မေ့သွားခဲ့သည်။ 

"နင်တို့နှစ်ယောက် ------ ပျော်ရွှင်တဲ့ဘဝတစ်ခု ပိုင်ဆိုင်ကြပါစေ" ကိုယ့်ဘာသာကိုယ် လျှောက်တွေးပြီး ရှောင်ယန်တစ်ယောက် ကြောက်လန့်နေမိသည်ကို ကြည့်ပြီး ရိဗ့် ဟက်ဟက်ပက်ပက် ရယ်မောမိသွားသည်။ ရှောင်ယန် နောက်ဆုံးတွင် အသိပြန်ဝင်လာသည်။ သူ ငါ့ကို လာစနေတာပဲ။ သို့သော်လည်း ရိဗ့်၏စကားများသည် ရှောင်ယန့်အား ညှင်းပန်းနှိပ်စက်ခံရသည့် ထင်ယောင်ထင်မှားများ အစပျိုးမိစေသည်ကတော့ အသေအချာပင်။ သူနှင့် ဟာနယ်နှင့် အိပ်ရာခင်းပေါ်တွင်လူးလိမ့်နေကြသည့် ထင်ရောင်ထင်မှားမျိုး မဟုတ်ဘဲ ဟာနယ်မှ သူ့အား ညှင်းပန်နှိပ်စက်နေသည့် သောင်းခြောက်ထောင်သော မြင်ကွင်းများပင်ဖြစ်သည်။ လေယာဉ်သည် တစ်ခုသော ပလက်ဖောင်းတွင် ဆင်းသက်ကာ ယူရေနီယမ်ကုန်ကြမ်းများကို လေယာဉ်မှ ချမည်ဖြစ်ပြီး ရှောင်ယန်နှင့် တခြားသူများမှာလည်း ထိုပလက်ဖောင်းမှ တခြားလေယာဉ်သို့ ကူးပြောင်းမည်ဖြစ်သည်။ ရိဗ့်သည် တာဝါနှင့် ဆက်သွယ်လိုက်ပြီး သူတို့သည် သတ်မှတ်ထားသည့်နေရာတွင် ဆင်းသက်ကြတော့မည်။ ပလက်ဖောင်းပေါ်သို့ ဆင်းသက်ရန် ပို၍ ပို၍နီးကပ်လာချိန်တွင် လေယာဉ်သည် ရုတ်တရက် ပြန်လည် ထောင်တက်သွားသည်။ ရှောင်ယန် လုံခြုံရေးလက်ရမ်းကို ဆွဲကိုင်မိသွားသည်။ ပြန်ထောင်တက်သည့်အရှိန်သည် တဟုန်ထိုး မြင့်မားသွားသောကြောင့် ကျောင်းသားအားလုံး အော်ကြီးဟစ်ကျယ် အော်မိသွားကြလေသည်။ ဘာတွေ ဖြစ်နေတာပါလိမ့်။ လေယာဉ်မောင်းနှင်သူများမှာ မာ့ခ် နှင့် ဟာနယ် တို့ဖြစ်ကြသည်ကို ရှောင်ယန် သိထားသည်။ မဟုတ်မှလွဲလို့... သူတို့လေယာဉ်က နောက်တစ်ခေါက် ကြားဖြတ်သမား ကျူးကျော်တာကို ခံလိုက်ရပြန်တာလား။ ကြားဖြတ်သမားဆိုသည်မှာ တာမီနယ်မှတစ်ဆင့် လူတစ်ဦး၏ ဦးနှောက်ကို ကျုးကျော်ဝင်ရောက်သည့် "ဦးနှောက် ဟက်ကာ" ဖြစ်သည်။ သူတို့သည် လူတစ်ယောက်၏ အသိဉာဏ်ကို စွက်ဖက်နှောင့်ယှက်သည့်နေရာတွင် ကျွမ်းကျင်ကြသည်။ ဦးနှောက်၏ အတွင်းပိုင်း သတင်းပို့စနစ်ကို ဖျက်ဆီးကာ "အသိဉာဏ် ဝင်္ကပါ" များ ဖန်တီး၍ ကျူးကျော်ခံရသူကို သူ့မသိစိတ်ထဲတွင် ပိတ်လှောင်ထားနိုင်ပြီး နောက်ဆုံးတွင် ကိုမာ ဖြစ်သွားသည်အထိ တတ်နိုင်ကြသည်။ အထူးတပ်ဖွဲ့စစ်သားအားလုံးနီးပါးသည် "ကြားဖြတ်သမား"ကို ခုခံကာကွယ်နိုင်ရန်အတွက် တင်းကြပ်သည့် လေ့ကျင့်ရေးများကို လုပ်ဆောင်ထားကြရသည်။ ဟာနယ်သည် ထိုသူတို့အထဲတွင် အကျွမ်းကျင်ဆုံးဖြစ်မည်ဟု ရှောင်ယန် အသေအချာသိနေသည်။ သူ၏ခိုင်မာသောစိတ်စွမ်းအားနှင့်ဆိုလျှင် ကြားဖြတ်သမား လွယ်လွယ်နှင့် ဝင်နှောင့်ယှက်၍ရသည့်သူ သေချာပေါက် မဟုတ်ပေ။ လေယာဉ်သည် ကောင်းကင်တွင် ထိုးခွင်းပျံသန်းသွားတော့မည်။ ထိုအချိန်တွင် ရုတ်တရက် သူ့အောက်မှ လေယာဉ် တုန်ခါသွားသည်ကို ရှောင်ယန် ခံစားလိုက်ရမိသည်။ လေယာဉ်သည် အရှိန်ပြင်းပြင်းဖြင့် လေပေါ်တွင် ဝိုင်းချလိုက်သည့်အခါ ဒုံးကျဉ်တစ်ခု ပျံသန်းသွားသည်ကို ရှောင်ယန့် ဘေးပြတင်းပေါက်မှ‌ တွေ့လိုက်ရသည်။ ဒီဒုံးကျည်ကို သူတို့နောက်က ပလက်ဖောင်းကနေ ပစ်လွှတ်လိုက်တာပဲ။ ပစ်မှတ်ကို မှန်သည်အထိ သူ့ဘာသာသူ မောင်းနှင်နိုင်သည့် ပစ်မှတ်သိ ဒုံးကျည်ဖြစ်သည်။ "အား---ဘုရားရေ ဒါက ပစ်မှတ်သိ ဒုံးကျည်ပဲ ငါတို့တော သေပါပြီ" နောက်ခန်းပိုင်းတစ်ခုလုံး အလန့်တကြားဖြစ်သွားသည်။ ရှောင်ယန် ထိုင်ခုံပေါ်သို့ မှီချလိုက်သည်။ သူ့တွင် ခနဲ့ပြုံး ပြုံးရန်ပင် အင်အားမရှိတော့ပေ။ တစ်ရက်ကလေးပဲ ရှိသေးသည်။ ဒီလိုနှိပ်စက်မှုမျိုးကို ဘယ်နှခေါက်လောက် ဖြတ်ကျော်ပေးရမှာလဲ။ ဒါက ဘာလဲ။ သူ့မှာ သေဖို့ကံ ပါကိုပါလာတာလား။ "ငါတို့တွေ သေတော့မှာပဲ ဘုရားရေ သူတို့က ဘာလို့ ငါတို့ကို လေယာဉ်အပြင်ကို ပစ်မချသေးရတာလဲ အဲဒီလိုဆိုရင်တောင် ရှင်နိုင်လောက်သေးတယ် ...." တချို့ကျောင်းသားများ ငိုတောင် ငိုနေကြပြီ။ "အရူး နင်က ငါတို့ကို နင်တို့အားလုံးကို ဇွန်ဘီးစာ အကျွေးခံဖို့ ပစ်ချစေချင်နေတာလား" ရိဗ့် သူတို့ကို စိမ်းစိမ်းဝါးဝါး ကြည့်လိုက်သည်။ " ဒီလေယာဉ်ကို မောင်းနှင်နေတဲ့သူကို သာမန် အားနွဲ့တဲ့သူလို့ ထင်နေတာလား။ ဒါမှမဟုတ် ဒီလေယာဉ်က ငါတို့ အထူးတပ်ဖွဲ့ရဲ့ လေယာဉ်ဆိုတာကို နင်တို့ မေ့သွားတာလား ဒါက သုတေသနလုပ်တဲ့ လေယာဉ်မဟုတ်ဘူး ဒါက တိုက်လေယာဉ်" သူတို့အင်ဂျင်စက်နားမှ ဖြတ်သွားသည့် ဒုံးကျည်များ နှင့် ထိုဒုံးကျည်များမှ သူ့မျက်နှာကို အပူလာဟပ်သည့် အခေါက်ရေကို ရှောင်ယန် ရေတောင် မရေတွက်နိုင်တော့ပေ။ သို့သော် လေယာည်သည် ဒုံးကျည်တိုင်းကို အနားကပ်ခါနီးလေးမှ အမြဲ လွတ်,လွတ်ထွက်သွားလေသည်။ ရှောင်ယန့်နဖူးတွင် ချွေးစေးများ ပြန်လာသည်။ ဘေးမှာရှိနေသည့် အတန်းဖော်များသည် မျက်လုံးများပိတ်ထားကာ နှုတ်ခမ်းများကိုက်နေရင်း နောက်ဆုံးထွက်သက် ရောက်လာဖို့ကို တိတ်တဆိတ် စောင့်ဆိုင်းနေကြလေသည်။ သူတို့ရှိနေရာ နောက်ခန်းပိုင်း တစ်ခေါက်လည်ထွက်သွားပြန်သည်။ လည်သည့်အရှိန်ကြောင့် ရှောင်ယန် သူ့လည်ပင်း ကျိုးတော့မည်ဟုတောင် ခံစားလိုက်မိသည်။ သူ့အရှေ့တွင်ရှိနေသည့် ရိဗ့်သည် အစမှ အခုချိန်ထိ တည်တည်ငြိမ်ငြိမ်နှင့် ရှိနေတုန်းပင်။ သူမသည် ဟာနယ်နှင့် မာ့ခ်အား အပြည့်အဝ ယုံကြည်လေသည်။ "နင်လည်း မျက်စိ ပိတ်ထားလို့ ရတယ်" ရိဗ့် ရှောင်ယန့်ကို လှည့်ကြည့်လိုက်သည်။ "မဟုတ်ရင် လွယ်လွယ်နဲ့ ခေါင်းမူးသွားလိမ့်မယ်" 

"ငါ အခိုက်အတန့်တစ်ခုကို ကြည့်ချင်သေးလို့.... ကိုလိုနယ် ဘာတွန်နဲ့ မာ့ခ်တို့ နောက်ကနေလိုက်နေတဲ့ ဒုံးကျည်ပစ်စက်ကို ရှင်းပစ်နိုင်မဲ့ အခွင့်အရေးကို တွေ့သွားတဲ့ အခိုက်အတန့်" နောက်ထပ် ၇၂၀ ဒီဂရီ အဝိုက်တစ်ခု။ ဒီတစ်ကြိမ်၌ အလုပ်သင်များတွင် အော်ဖို့တောင် အင်အားမရှိကြတော့ပေ။


"ဘာအခွင့်အရေးလဲ" ရိဗ့် သိချင်သဖြင့် သူ့ကို လှမ်းမေးလိုက်သည်။ သူမ၏တည်ငြိမ်မှုသည် တခြားသူများ၏တုန်လှုပ်မှုနှင့် မီးနဲ့ရေ အလားပင်။ "အချိန် ကွာဟမှု" ရှောင်ယန့်မျက်လုံးများ အောက်ပြန်ရုတ်သွားသည်။ သူသည် စဉ်းစားရမှာ ပျင်း၍သာ ဘီအဆင့် ကျောင်းသားဖြစ်နေသည်။ လူတစ်ယောက် စဉ်းစားတွေးခေါ်တဲ့နေရာမှာ ကျွမ်းကျင်လေလေ သူ့ဘဝက ပိုပြီး ပင်ပန်းလေလေ ဆိုသည့်အချက်ကို သူနားလည်သည်။ အဆင့်မကောင်းသော်လည်း စဉ်းစားတွေးခေါ်သည့်နေရာတွင် သူ အားမနည်းပါ။ ထိုအခိုက်အတန့်လေးတွင် သူတို့လေယာဉ်သည် အင်ဂျင်စက်မှ ထိုးထိုးထောင်ထောင် အသံတစ်ခုထွက်လာပြီးသည့်နောက် တောင်ထိပ်တစ်ခုသို့ ဦးတည်သွားလေသည်။ နောက်ခန်းပိုင်းတွင် အော်သံများဖြင့် ဆူညံသွားသည်။ ရှောင်ယန်ကတော့မူ သူ့မျက်လုံးများကို ချဲ့နိုင်သမျှ ချဲ့ထားလိုက်သည်။ တောင်ထိပ်နှင့် သူတို့ မထိတွေ့ခင်လေးတွင် လေယာဉ်သည် ချက်ချင်း ဦးတည်ချက်ပြောင်းသွားပြီး ထောင့်မှန်ကျကျ တောင်နှင့်အပြိုင် ကောင်းကင်ပေါ်သို့ ထောင်တက်သွားလေသည်။ မြန်ဆန်လွန်းသည့်အရှိန်ကြောင့် လေယာဉ်အောက်ခြေမှ လေနှင့် တောင်ပေါ်ရှိသစ်ပင်များ ပွတ်သပ်မှုမှ မီးတောက်တစ်ခုထလာသည်။ သို့သော် ပစ်မှတ်သိ ဒုံးကျည်ကတော့ ကံမကောင်းလှပါ။ ထိုအရာသည် တောင်နှင့် တိုက်ရိုက်ဝင်တိုက်မိပြီး တစ်စဆီ ကျိုးပဲ့သွားလေသည်။ ထိုစက္ကန့်သည် အလွန်တရာ အံ့ဩဖို့ကောင်းသည့် မြင်ကွင်း ဖြစ်လေသည်။ ရှောင်ယန် သူ့လက်ဖဝါးများကို ပြတင်းပေါ်သို့ ကပ်ကာ ပေါက်ကွဲမှု၏ တုန်ခါမှုကို ခံစားကြည့်လိုက်သည်။ အားလုံး အသက်ပြင်းစွာ ရှူနေကြပြီး တချို့ဆိုလျှင် မျက်ရည်များပါ စီးကျနေကြသည်။ "ငါတို့တွေ အသက်ရှင်နေသေးတယ် ဘုရား ကယ်ပေလို့ပဲ" "ငါတို့တွေ တကယ်ပဲ ပစ်မှတ်သိ ဒုံးကျည်လက်ထဲကနေ လွတ်လာခဲ့တာပဲ" နောက်တစ်ကြိမ် သူတို့ သေခြင်းတရားနှင့် လက်မတင်လေး ဆုံခဲ့ရပြန်သည်။ သို့သော် ရိဗ့်သည်မူ သတိလွတ်မသွားပါ။ "ဘော့စ် ခုနက အဲဒီပလက်ဖောင်းက ဒီရေလှိုင်း အဖွဲ့အစည်း သိမ်းပိုက်တာကို ခံလိုက်ရပြီ မဟုတ်လား" ဒီရေလှိုင်း အဖွဲ့အစည်းသည် ကောမက် ဗိုင်းရပ်စ်ကို မရပ်မနားတမ်း သုတေသပြုလုပ်လျက်ရှိသည့် လျှို့ဝှက်ဆန်းကြယ် အဖွဲ့အစည်းတစ်ခု ဖြစ်သည်။ သူတို့အခြေချရာစခန်း၊ လူဦးရေနှင့် အဖွဲ့အစည်းခေါင်းဆောင်ကိုပင်လျှင် မသိထားရသေးပါ။ သေချာသည်မှာ တစ်ခုသာ ရှိသည် ----- ထိုအဖွဲ့အစည်းသည် သူတို့၏ရန်သူဖြစ်သည်။ "အင်း ချားလ်စ်နဲ့ တခြားပြင်ပဌာနစခန်းတွေကို လှမ်းသတိပေးလိုက်" အဆိုပါပလက်ဖောင်းသည် ခရီးရှည်မောင်းနှင်သည့် လေယာဉ်များအတွက် ရိက္ခာပြန်ဖြည့်သည့် နေရာဖြစ်၏။ အထဲတွင် မည်သည့်သုတေသနဌာနမှ တည်ထောင်မထားသော်လည်း ထိုပလက်ဖောင်းသည် ယခုနှစ်တလောပိုင်းတွင် ဒီရေလှိုင်း အဖွဲ့အစည်း၏ပစ်မှတ် ဖြစ်လာခဲ့သည်။ သူတို့သည် ပလက်ဖောင်းကို သိမ်းပိုက်သွားပြီးသည့်နောက် ပြန်လည်ပုန်းကွယ်နေခဲ့ကာ ရိက္ခာဖြည့်ရန် ဆင်းသက်သည့် လေယာဉ်များကိုသာ အခွင့်အရေးယူ တိုက်ခိုက်ခဲ့ကြသည်။ "ကိုလိုနယ် ဘာတွန်က အဲဒီပလက်ဖောင်းက တစ်ခုခု မူမမှန်ဘူးဆိုတာကို ဘယ်လိုလုပ်ပြီး သိတာလဲ" ရှောင်ယန် သိချင်သဖြင့် မေးလိုက်သည်။ ရိဗ့် သူ့ကို မှန်းဆမရသည့် အပြုံးမျိုးဖြင့် ပြုံးပြသည်။ "သေမင်းတရားရဲ့လက်ကြားကနေ အကြိမ်ကြိမ် လွတ်လာခဲ့ရင် ကိုယ့်ရဲ့မသိစိတ်ကလည်း လက်နက်တစ်ခု ဖြစ်လာတာပဲ" ထိုအချိန်တွင် လေယာဉ်သည် တဖြည်းဖြည်း ထိုးဆင်းသွားသည်။ "ဘာတွေ ဖြစ်နေတာလဲ ဒီနားမှာ ဘာမှမရှိဘူးမဟုတ်လား" "ဘာလို့ ငါတို့တွေ ဆင်းနေရတာလဲ" "ဒီမှာ ပလက်ဖောင်းလည်းမရှိဘူး စခန်းလည်း မရှိဘူး... အထူးတပ်ဖွဲ့မှာ လုပ်စရာမစ်ရှင်တွေ ရှိနေသေးလို့များလား" အားလုံးပဲ ရိဗ့်ကို နားမလည်သည့်မျက်နှာများဖြင့် လှည့်ကြည့်ကြသည်။ သို့သော် ရိဗ့်ကတော့မူ ရှောင်ယန့်ကို ပြုံးပြုံးလေး မေးလာသည်။ "မှန်းကြည့်လေ ဘာတွေ ဖြစ်နေတာလဲဆိုတာ"

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment